News @ M-Media

Blog

  • ဒီဇင်ဘာ ၂၀၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၀၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media

    –  ဗြိတိန်နာမည်ကျော် တင်းနစ်သမား အန်ဒီမာရေးမှာ BBC မှ ချီးမြှင့်သော ၂၀၁၃ခုနှစ်အတွက် BBC Sports Personality ဆုကို ရရှိသွားသည်ဟု သိရသည်။ မာရေးမှာ ၂၀၁၃ ခုနှစ်All England Club တင်းနစ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီး ၇၇ နှစ်အတွင်း ပထမဆုံး ပြန်လည်ဗိုလ်စွဲနိုင်ခဲ့သည့် ပထမဆုံး ဗြိတိန်ကစားသမားလည်းဖြစ်လာခဲ့သည်။ မဲပေးသူ ထက်ဝက်ကျော်က မာရေးအား ရွေးချယ်ခဲ့ပြီး၊ ရက်ဘီကစားသမား လေး ဟက်ဖ်ပဲနီက ဒုတိယနှင့် မြင်းစီးအားကစားသမား တိုနီ မက်ကွိုင်းက တတိယ အသီးသီးရရှိခဲ့သည်။

    ယခုနှစ် ၀င်ဘလ်ဒန် ချန်ပီယံလည်းဖြစ်သည့် မာရေးမှာ ကာလကြာရှည်စွာခံစားနေရသော နောက်ကြောဒဏ်ရာအား ပြီးခဲ့သည့် စက်တင်ဘာလက ခွဲစိတ်ကုသခဲ့ပြီးနောက် တင်းနစ်ကစားခြင်းမှ အနားယူနေခဲ့သူဖြစ်ပြီး လာမည့်သီတင်းပတ်အတွင်း ယူအေအီးနိုင်ငံ အဘူဒါဘီတွင် ကျင်းပပြုလုပ်မည့် Mubadala World Tennis Championship တင်းနစ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

    ……………………………….

    –  မန်စီးတီးအား ၆-ဂိုး ၃-ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် မန်စီတီးပရိတ်သတ်အား ရိုင်းစိုင်းသော အပြုအမူ လုပ်ပြခဲ့သည့်အတွက် အာဆယ်နယ်ကွင်း လယ်လူ ဂျက်ဝီလ်ရှိုင်းယားအား FA က ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်ဟုသိရသည်။ ထိုပွဲတွင် ၀ီလ်ရှိုင်းယားမှာ မန်စီးတီးပရိတ်သတ်များ ဘက်သို့ လှည့်ကာ လက်ခလယ်ထောင်ပြခဲ့ခြင်းဖြစ်ပြီး၊ ပွဲစဉ်အတွင်း ကွင်းလယ်ဒိုင်မှ မမြင်ခဲ့သော်လည်း FA ၏ စည်းမျဉ်းသစ်အရ ပွဲဗီဒီယိုအား ပြန်လည် စစ်ဆေးပြီး ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၀ီလ်ရှိုင်းယားမှာ အသင်း၏ အရေးကြီး ပွဲစဉ်များဖြစ်သည့် ယခုတစ်ပါတ် ချယ်ဆီးပွဲနှင့် လာမည့်တစ်ပါတ်တွင်ကစားရမည့် ၀က်စ်ဟမ်းအသင်နှင့် ပွဲစဉ်တို့အား လွဲချော်တော့မည်ဖြစ်သည်။
    …………………………

    – ရီးယဲလ်အသင်းက ခေါ်ယူရန်စိတ်ဝင်စားနေသည့် ၀ါရင့်ကွင်းလယ်လူ အင်နီယေစတာမှာ ဘာစီလိုနာအသင်းနှင့် လာမည့်သီတင်းပတ်တွင် စာချုပ် သက်တမ်းတိုးတော့မည်ဟု သိရသည်။ ၂၀၁၈ ခုနှစ်အထိ အသင်းတွင်ရှိနေမည့် သက်တမ်းတိုးစာချုပ်အား လက်မှတ်ထိုးရန် အင်နီယေစတာ နှင့် နှုတ်ဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟု ဘာစီလိနာအသင်း၏ ဥက္ကဌဖြစ်သူ ဆန်ဒရိုရော့ဆဲလ်က ပြောကြားလိုက်သည်။ ထိုစာချုပ် ချုပ်ဆိုပြီးပါက အင်နီယေစတာမှာ တနှစ်လုပ်ခ ယူရို ၁၄ သန်းရရှိမည်ဖြစ်ပြီး ယခုရရှိနေသည့်လစာထက် ၂ ဆပိုသွားခဲ့ကာ မက်ဆီပြီးနောက် ဘာစီလိုနာတွင် လခအများဆုံး ကစားသမားဖြစ်လာမည်ဖြစ်သည်။
    …………………………..

    – ဖရီးကစ်ကန်ရာ၌ လူတံတိုင်းကာသည့် ကစားသမားများ ရှေ့သို့တိုးမလာစေရန်တွက် စပေရေးဘူးဖြင့် မျဉ်းသားခြင်းအား လာမည့်နှစ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပွဲတွင် အသုံးပြုမည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ဥက္ကဌ ဆပ်ဘလတ္တာက ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထိုစနစ်အား ယခုလက်ရှိတွင် တောင်အမေရိကရှိ ဘောလုံးပွဲများ၌ အသုံးပြုလျက်ရှိပြီး၊ မော်ရိုကိုတွင် ကျင်းပနေသည့် ကမ္ဘာ့ကလပ်ချန်ပီယံပြိုင်ပွဲတွင်လည်း အသုံးပြုနေကာ အဆင်ပြေလွယ်ကူကြောင်း အပြုသဘောဆောင်သည့် မှတ်ချက်များ ရရှိခဲ့သောကြောင့် လာမည့်ကမ္ဘာ့ဖလားတွင် အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    ဖရီးကစ် ကန်ရာတွင် လူတံတိုင်းမှာ ဖရီးကစ်ကန်မည့်နေရာနှင့် ၁၀ ကိုက်အကွာတွင် ရှိနေရမည်ဖြစ်ပြီး လူတံတိုင်းရှိရမည့်နေရာအား အဆိုပါ စပရေးဘူး အသုံးပြု၍ ဒိုင်လူကြီးက မျဉ်းသားထားမည်ဖြစ်ကာ ၁ မိနစ်ခန့်အကြာတွင် ထိုစည်းမှာ အလိုအလျောက် ပျောက်ကွယ်သွားမည်ဖြစ်သည်။

    ……………………………..

    – လာမည့်နှစ်တွင် ဘရာဇီး၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်း ဗိုလ်စွဲလိမ့်မည်ဖြစ်ပြီး၊ စပိန်နှင့် အီတလီအသင်းတို့၏ ခြိမ်းခြောက်မှုကိုလည်း လစ်လျူရှုထား၍ မရကြောင်း အာဂျင်တိုင်း ဂန္တ၀င်ကစားသမားကြီး မာရာဒိုနာက ပြောကြားလိုက်သည်။

    ၁၉၈၆ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်စွဲထားသည့် အာဂျင်တီးနားအသင်းမှာ အုပ်စု F တွင် ဘော့စနီးယား၊ အီရန်၊ နိုက်ဂျီးရီးယားတို့နှင့် အတူ ကျရောက်နေပြီး အုပ်စုမှတက်ရန် အလားကောင်းနေကာ၊ မာရာဒိုနာကလည်း ယခုလက်ရှိ အာဂျင်တီးနားအသင်းမှာ ဗိုလ်စွဲနိုင်ရန် စွမ်းဆောင် နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ အာဂျင်တီးနားအသင်းမှာ ကမ္ဘာ့ဖလားအား ၁၉၇၈ နှင့် ၁၉၈၆ ခုနှစ်များတွင် နှစ်ကြိမ်ရရှိခဲ့သည်။

  • အစ္စရေး၏ တက္ကသိုလ်များအား သပိတ်မှောက်မည် အစီအစဉ်တွင် တိုင်းရင်း အမေရိကန်လေ့လာမှု အသင်း NAISA ပူးပေါင်း

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media

    ASA-logo
    – သောင်းချီပါဝင်သော အမေရိကန် အဆင့်မြင့် ပညာရှင်များ အဖွဲ့ တစ်ခုဖြစ်သည့် အမေရိကန်လေ့လာမှုအသင်း ASA က အစ္စရေး၏ တက္ကသိုလ်နှင့်ကောလိပ်များအား သပိတ်မှောက်မည့် အစီအစဉ်ကို  ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကြေညာခဲ့ရာ  အခြားသော အမေရိကန် ပညာရှင် အဖွဲ့တစ်ခုလည်း ပူးပေါင်းပါဝင်လာခဲ့သည်ဟု သိရသည်။

    ထိုအဖွဲ့မှာ တိုင်းရင်း အမေရိကန်လေ့လာမှု အသင်း NAISA ဖြစ်ပြီး အစ္စရေး၏ နိုင်ငံတကာ ဥပဒေနှင့် ကုလ၏ ဆုံးဖြတ်ချက်များအား ချိုးဖောက်မှုအတွက် အစ္စရေးပညာရေး အသိုင်းအ၀ိုင်းအား သပိတ်မှောက်ရန် အသင်း၏ ၀ဘ်ဆိုဒ်တွင် ဥက္ကဌဖြစ်သူ အိုဟိုင်းယိုးပြည်နယ် အင်္ဂလိပ်စာ ပါမောက္ခ ချက်ဒ်ဝစ် အလန်က အသင်းဝင်များအား တိုက်တွန်းထားသည်။

    NAISA အမှုဆောင်ကောင်စီမှ ထုတ်ပြန်သော အစီရင်ခံစာတွင် အစရေးက မတရားသိမ်းပိုက်ထားသော ပါလက်စတိုင်းဒေသများရှိ တိုင်းရင်းသားများ၏ ပညာရေး ကဏ္ဍနှင့် ဥာဏ စွမ်းအားများ လွတ်မြောက်မှုအတွက် အသင်းအနေဖြင့် အစ္စရေး၏ ချိုးဖောက်မှုများကို ဆန့်ကျင်ကြောင်း၊ ကျွန်ုပ်တို့ အသိအမှတ်ပြုထားသည့် လွတ်လပ်စွာလုပ်ရှားမှု၊ ဖော်ပြမှုနှင့် စုဝေးမှုများကို အစ္စရေးက ငြင်းဆန်ကြောင်း စသဖြင့် အစ္စရေး၏ လူ့အခွင်အရေး ချိုးဖောက်မှုများအား ထည့်သွင်းဖော်ပြထားသည်။

    Ref: Press TV

  • နိုင်ငံရေးပြိုင်ဘက်ဟောင်း ကိုဒိုကော့ဗ်စကီး ကို ပူတင် ထောင်ဒဏ်မှ လွတ်ငြိမ်း ခွင့်ပေးမည်။

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media

    20131219134234891734_20
    – လိမ်လည်မှု၊ အလွဲသုံစားပြုမှု အခွန်ရှောင်တိမ်းမှုများဖြင့် ၁၀ နှစ်ကျော် အကျဉ်းကျခံနေရသည့် ထင်ရှားသော ရုရှားသူဌေး မီခေးလ် ကိုဒိုကော့ဗ်စကီးအား သမ္မတ ဗလာဒီမာပူတင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးတော့မည်ဟု သိရသည်။ မိခင်မှာ မကျန်းမာသောကြောင့် ကိုဒိုကော့ဗ်စကီး က လွတ်ငြိမ်းချမ်းသာ ခွင့်ပြုရန် တောင်းခံခဲ့သောကြောင့်၊ ထိုတောင်းဆိုချက်အား သဘောတူလက်ခံပြီး လွတ်ငြိမ်းချမ်းသာ ခွင့်ပြုရန် မကြာမီတွင် လက်မှတ်ထိုးပေး သွားမည်ဖြစ်ကြောင်း ပူတင်က ယမန်နေ့ကပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

    Yukos ရေနံကုမ္ပဏီ၏ အကြီးအကဲဟောင်းဖြစ်သူ ကိုဒိုကော့ဗ်စကီးမှာ ပူတင်၏ နိုင်ငံရေးပြိုင်ဘက်တစ်ဦးလည်ဖြစ်ပြီး ကရင်မလင်၏ လုပ်ရပ်များအား ဝေဖန်ခဲ့သူတစ်ဦးလည်းဖြစ်ပြီး ထိုကဲ့သို့ လွှတ်ပေးခြင်းမှာ လာမည့်နှစ်တွင် ပြုလုပ်မည့် ဆောင်းရာသီအိုလံပစ် မတိုင်ခင် ရုရှားနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ပုံရိပ်ကို ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း လေ့လာ သူများက ပြောဆိုကြသည်။
    Ref: aljazeera

  • ဘိုလစ်ဗီးယားတွင် MacDonald အရှုံးပေါ်၍ ဆိုင်ခွဲအားလုံး ပိတ်ပစ်နေရ

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media

    mcdonalds2-625x347
    – ဘိုလစ်ဗီးယား ပြည်သူများ၏ ထောက်ခံအားပေးမှုကို မရရှိသောကြောင့် ကမ္ဘာကျော် အသင့်စား စားသောက်ဆိုင်တစ်ခုဖြစ်သည့် MacDonald ၏ ဘိုလစ်ဗီယားရှိ ဆိုင်ခွဲများအားလုံးကို ပိတ်ပစ်နေသည်ဟု သိရသည်။

    အမေရိကန်ကဲ့သို့နိုင်ငံများတွင် လွယ်ကူစွာ လွှမ်းမိုးသော အသင့်စားအစားအစာ အမြန်ချက်ပြုတ်ခြင်းနည်းလမ်းနှင့် ကြောငြာများမှာ ဘိုလစ်ဗီးယားနိုင်ငံတွင် အလုပ်မဖြစ်ဘဲ၊ ဘိုလစ်ဗီးယားပြည်သူများကလည်း ထိုကဲ့သို့ အချိန်အနည်းငယ်သာကြာသော ချက်ပြုတ်မှုကို ယုံကြည်ခြင်းမရှိချေ။ ထို့ပြင် ပြည်သူများမှာ ဒေသခံများ၏ ချက်ပြုရောင်းချမှုများကိုသာ ယုံကြည်စွာ စားသုံးကြသည်။

    McDonald မှာ ဘိုလစ်ဗီးယားနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုကြာ အရှုံးခံရောင်းချနေရပြီး ၂၀၀၂ ခုနှစ်မှစ၍ ၎င်း၏ ဆိုင်ခွဲများကို တဖြည်းဖြည်း ပိတ်ပစ်လာခဲ့ရခြင်းဖြစ်သည်။

  • အာရဗီစာ လက်ရေးလှ ရေးသားခြင်း ပြပွဲ ရုရှားနိုင်ငံတွင် ပြုလုပ်

    အာရဗီစာ လက်ရေးလှ ရေးသားခြင်း ပြပွဲ ရုရှားနိုင်ငံတွင် ပြုလုပ်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media

    နိုင်ငံတကာ အာရဗီဘာသာစကားနေ့အထိမ်းအမှတ် အာရဗီစာ လက်ရေးလှ ရေးသားခြင်း ပြပွဲ ရုရှားနိုင်ငံတွင် ပြုလုပ်

    hasmuhammad-hadji

    ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်ခဲ့သည့် နိုင်ငံတကာ အာရဗီဘာသာစကားနေ့အား ဂုဏ်ပြုသောအားဖြင့် ရုရှားနိုင်ငံ အနောက်တောင်ပိုင်း Dagestan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Makhachkala မြို့တွင် အာရဗီလက်ရေးလှ ရေးသားခြင်း ပြပွဲတစ်ခု ပြုလုပ်ခဲ့သည်ဟုသိရသည်။

    သတင်းအချက်အလက်နှင့် သတင်းစာ ၀န်ကြီးဌာန၊ ယဉ်ကျေးမှုဖွဲ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတို့၏ ကူညီထောက်ပံ့မှုဖြင့် ကျင်းပခဲ့သည့် အဆိုပါပြပွဲတွင် အာရဗီလက်ရေးအလှ ရေးသားမှုပြိုင်ပွဲမှ ရွေးချယ်ထားသည့် လက်ရာပေါင်း ၈၀ နီးပါးကို ထည့်သွင်းပြသခဲ့သည်။  ၁၀-နှစ်ကျော်ကြာ နှစ်စဉ် ကျင်းပခဲ့ သည့် အာရဗီလက်လက်ရေးအလှ ရေးသားခြင်းပြိုင်ပွဲအား နိုင်ငံတစ်ဝှမ်းရှိ လက်ရေးအလှ ပညာရှင်များ၏ လက်ရာပေါင်း ၁၃၀ ကျော်ပါဝင် ယှဉ်ပြိုင် ခဲ့ကြပြီး၊ ထိုလက်ရာများ၏ သက်တမ်းမှာ ၆-နှစ်မှ နှစ်-၆၀ အထိ ရှိကြသည်။

    “အစ္စလာမ့်ယဉ်ကျေးမှုမှာ လက်ရေးလှပညာကို အရေးပါတဲ့နေရာတစ်ခုသတ်မှတ်ထားပါတယ်။ လက်ရေးလှ ပညာရပ်ဟာ စိတ်ဝေဒနာ ကုသတဲ့ပုံစံ တစ်ခု အဖြစ် ပြောနိုင်ပါတယ်။ ပြီးတော့ အဲဒါဟာ အကျိုးသက်ရောက်တဲ့ စွမ်အားလည်းရှိပါတယ်” ဟု Dagestan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ထင်ရှားသော အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဟက်စ်မိုဟာမက် ဟာဂျီ အဘူဘာကရော့ဗ်က ပြောကြားခဲ့သည်။

    Ref : Islam RU