News @ M-Media

Blog

  • ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာသတင်း စုစည်းမှု

    ဒီဇင်ဘာ- ၁၀ ၂၀၁၃
    M-Media

    နိုင်ငံပိုင် Ria Novosti  သတင်းဌာန ပူတင်ဖျက်သိမ်း၊ Rossiya Segodnya (ရုရှားနေ့စဉ်) ဖြင့် အစားထိုး

    – ရုရှားသမ္မတ ဗလာဒီမာပူတင်မှ နိုင်ငံပိုင် သတင်းဌာနတစ်ခုဖြစ်သည့် Ria Novosti အေဂျင်စီအား ဖျက်သိမ်းကာ Rossiya Segodnya (ရုရှားနေ့စဉ်) အမည်ရသည့် သတင်းအေဂျင်စီ အသစ်ဖြင့် ယမန်နေ့က အစားထိုးလိုက်သည်ဟု သိရသည်။

    အေဂျင်စီအသစ်မှာ မီဒီယာရင်းမြစ်များ၏ အရည်အသွေးများကို မြှင့်ကာ ရုရှားနိုင်ငံ၏ပေါ်လစီနှင့် နိုင်ငံတစ်ဝှမ်းရှိ လူမှုဘ၀နေထိုင်မှုတို့အား ဘာသာစကားမျိုးစုံဖြင့် တင်ပြသွားမည်ဟု ကရင်မလင် ၀ဘ်ဆိုဒ်တွင် ရေးသားဖော်ပြခဲ့သည်။
    Ref: aljazeera

    201312919132681734_20

    —————————————————————-

    ဆန္ဒပြသူများနှင့် ဆွေးနွေးမှုပြုလုပ်ရန် ယူကရိန်း သမ္မတ ကမ်းလှမ်း

    – မြို့တော်ကိဗ်၏ လမ်းများပေါ်တွင် ထောင်ပေါင်းများစွာသောပြည်သူတို့မှာ သီတင်းပတ်အတော်ကြာ ဆန္ဒပြပွဲများပြုလုပ်ခဲ့ပြီးနောက် ရုရှားနှင့် ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် စိတ်အားထက်သန်သည့် ယူကရိန်းသမ္မတ ဗစ်တာယန်ကိုဗစ်ခ်ျက အတိုက်အခံများအား တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်ဟုသိရသည်။

    ဆိုဗီယက်ပြည်ထောင်စုမှခွဲထွက်ပြီးနောက်ပိုင်း ပထမဦးဆုံး သမ္မတဖြစ်ခဲ့သည့် လီယွန်နစ် ကရာဗ်ချော့၏ အကြံဥာဏ်ပေးမှုကြောင့် ထိုကဲ့သို့ ဆွေးနွေးရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ဖြစ်ပြီး သမ္မတရုံး ၀ဘ်ဆိုဒ်မှနေ၍ ကြေညာခဲ့သည်။

    ရုရှားနှင့် ဆက်ဆံရေး ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဥရောပ ကုန်သွယ်ရေးသဘောတူညီချက်အား လက်မှတ်ထိုးရန် ယူကရိန်းအစိုးရက ငြင်းဆန်ခဲ့ပြီးနောက်ပိုင်း မြို့တော်ကိဗ်တွင် ထောင်ပေါင်းများစွာသော ပြည်သူတို့က ဆန္ဒပြပွဲများကို ပြုလုပ်ခဲ့ကြပြီး ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်ခဲ့သည့် လီနင်၏ ရုပ်ထုကိုပါ ဖြိုချခဲ့သည်အထိ ဖြစ်ခဲ့သည်။

    #MMedia_IntShortNews

    —————————————————

    ပါလီမန် ဖျက်သိမ်းခဲ့သော်လည်း ထိုင်းအတိုက်အခံများ မကျေနပ်သေး

    – အတိုက်အခံများက အိမ်စောင့်အစိုးရ အကြီးအကဲ ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုထားသော်လည်း လာမည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်မီ နှုတ်ထွက်ပေးမည် မဟုတ်ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ်ထရာက ယနေ့တွင် ပြောဆိုလိုက်သည်။

    ယင်းလပ်မှာ ယမန်နေ့က ပါလီမန်အား ဖျက်သိမ်းပေးခဲ့ပြီး၊ ရွေးကောက်ပွဲပြုလုပ်မည့် ရက်ကို ကြေညာခဲ့သော်လည်း အတိုက်အခံများက ကြားဖြတ် အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းကာ တိုင်းပြည်အား အုပ်ချုပ်စေရန် အလိုရှိနေကြသည်။
    Ref: aljazeera

    ————————————————-

    လျှို့ဝှက်ထောက်လှမ်းရေး လုပ်ငန်းစဉ်များကို ရပ်တန့်ရန် နည်းပညာ ကုမ္ပဏီများက အိုဘားမားအား ဖိအားပေး

    – နိုင်ငံအတွင်းရှိ နည်းပညာလုပ်ငန်းများ၏ ဘဏ္ဍာရေးအခြေအနေကို ခြိမ်းခြောက်နေသော အမေရိကန်ထောင်လှမ်းရေးအေဂျင်စီမှ ပြုလုပ်နေသည့် အင်တာနက်မှ သတင်းအချက်အလက်များကို ကြားဖြတ်ခိုးယူနေမှုများအား အမေရိကန်အစိုးရအနေဖြင့် ထိန်းချုပ်ရန် ဆီလီကွန်တောင်ကြားရှိ နည်းပညာကုမ္ပဏီများဖြစ်သည့် Google၊ Apple၊ Yahoo၊ Facebook နှင့် Microsoft တို့မှ စုပေါင်းကာ သမ္မတ ဘာရက်အိုဘားမားအား ဖိအားပေးမှုကို တိုးမြှင့်ပြုလုပ်နေကြသည်။

    ထိုကုမ္ပဏီများမှ စုပေါင်းကာ သမ္မတအား လိပ်မူသော အိတ်ဖွင့်ပေးစာတစ်စောင်ကို ရေးသားခဲ့ပြီး ယမန်နေ့ထုတ် သတင်းစာများနှင့် http://reformgovernmentsurveillance.com တွင် ဖော်ပြခဲ့ကြသည်။

    ———————————————————————————-

    နိုင်ငံရှိ နိုင်ငံရေးသမားများ၏ ကံကြမ္မာနှင့်ပက်သက်၍ မှတ်ချက်ပေးရန် အမေရိကန်တွင် အခွင့်မရှိဟု တရုတ်ဆို

    တိုင်းပြည်အတွင်းရှိ နိုင်ငံရေးသမားများ၏ ကံကြမ္မာနှင့်ပက်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏ မှတ်ချက်ပေးမှုအား တရုတ်နိုင်ငံက ကန့်ကွက်ပြောဆိုလိုက်သည်ဟု Reuters သတင်းဌာနက ဖော်ပြထားသည်။ တရုတ်အစိုးရမှ ဖမ်းဆီးထားသည့် နိုဘယ်ဆိုရှင် လီရှောင်ဘိုအား ထိန်းသိမ်းမှု ငါးနှစ်ပြည့်မြောက်သည့်အချိန်တွင် ဂျွန်ကယ်ရီက ရှောင်ဘိုအား လွှတ်ပေးရန် တိုက်တွန်းခဲ့ပြီး ရှောင်ဘို၏ ဇနီးဖြစ်သူအတွက် စိးရိမ်မိသည်ဟု ပြောကြားခဲ့သည်။ သိုသော်လည်း နိုင်ငံအတွင်းရှိ ၁.၃ ဘီလီယံရှိသည့် ပြည်သူများကသာ နိုင်ငံအတွင်းရှိ လူ့အခွင့်အရေးနှင့်ပက်သက်၍ ပြောဆိုရန် အကောင်းဆုံးအခွင့်အရေးရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    Ref: RT

    ——————————————————-

    ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုများမှာ အကျိုးမရှိသော သက်ရောက်မှုများကို ဖြစ်စေနိုင်သည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ဆို

    နိုင်ငံအနောက်မြောက်ပိုင်း လူမျိုးစုဒေသများတွင် အမေရိကန်မှပြုလုပ်နေသည့် ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုများမှာ အကြမ်းဖက်ဝါဒအား စစ်ဆင်မှုနှင့် ပက်သက်ပြီး အကျိုးမရှိသော သက်ရောက်မှုများကို ဖြစ်စေနိုင်သည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် နာဝက်ဇ်ရှရစ်ဖ်က အစ္စလမ်မာဘတ်သို့ရောက်ရှိနေသော ဥရောပကိုယ်စားလှယ်အဖွဲ့နှင့်  ယနေ့တွေ့ဆုံမှုအတွင် ပြောကြားခဲ့သည်။

    ရှရစ်ဖ်မှာ ယမန်နေ့က အမေရိကန်ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်နှင့်တွေ့ဆုံခဲ့စဉ်က အဆိုပါ ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုများအကြောင်း ဦစားပေးဆွေးနွေးခဲ့ကာ ယနေ့ပြုလုပ်ခဲ့သည့် ပါလီမန်အစည်းအဝေးတွင်လည်း အမေရိကန်၏ ဒရုန်းဖြင့်တိုက်ခိုက်မှုများအား ရပ်တန့်ရန်တောင်းဆိုချက်ကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။
    Ref: ဆင်ဟွာ

     

  • အီရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အာဖဂန်သဘောတူ

    ဒီဇင်ဘာ- ၁၀ ၂၀၁၃
    M-Media

    Afghanistan, Iran plan cooperation pact amid tensions with U.S.

    ၂၀၁၄ ခုနှစ်နောက်ပိုင်း နိုင်ငံအတွင်း အမေရိကန်တပ်များ ဆက်လက်ရှိနေမည့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ထိုးရန်ဆိုင်းငံ့ထားသည့် အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းမှာ အီရန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် တနင်္ဂနွေနေ့က သဘောတူညီခဲ့သည်ဟု သိရသည်။

    တဟီရန်သို့ရောက်ရှိနေသည့် ကာဇိုင်းမှာ အီရန်သမ္မတ ဟာဆန်ရူဟာနီနှင့် တွေ့ဆုံခဲ့ပြီးနောက် ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်ပြီး အသေးစိတ်ကိစ္စရပ်များအား မကြာမီ လက်မှတ်ထိုးသွားမည်ဟု ကာဇိုင်း၏ ပြောရေးဆိုခွင့်ရှိသူ အိုင်မယ် ဖိုင်ဇီက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် သြဂုတ်လကလည်း အာဖဂန်နိုင်ငံမှာ အီရန်နှင့် လုံခြုံရေးကိစ္စရပ်များကို အသားပေးထားသည့် မဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှုစာချုပ်ကိုလည်း လက်မှတ်ရေးထိုးထားသည်။

    Ref: Reuters

  • ဒီဇင်ဘာ- ၁၀ အားကစားသတင်းများ

    ဒီဇင်ဘာ- ၁၀၊ ၂၀၁၃
    M-Media

    အာဆင်နယ် ချန်ပီယံမဖြစ်နိုင်ဟု ကပ္ပတိန်ဟောင်း ဗီယာရာပြော

    – ပရီးမီယားလိဂ်တွင် ထိပ်ဆုံးမှဦးဆောင်နေသော အာဆင်နယ်အသင်းမှာ ကစားပုံဆိုးရွားနေချိန်တွင် အနိုင်ရရှိအောင် မကစားနိုင်သောကြောင့် ယခုနှစ် ပရီးမီးယားလိဂ် ဖလားအားရရှိမည်ဟု မယုံကြည်ကြောင်း အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ဗီယာရာက ပြောကြားခဲ့သည်။ ယခုလက်ရှိတွင် မန်စီးတီး ယူ ၂၁ အသင်းအား ကိုင်တွယ်နေသည့် ဗီယာရာမှာ အာဆင်နယ်အသင်းတွင် ၉ နှစ်ကြာ ကစားခဲ့ဖူးပြီး အသင်းနှင့် ပရီးမီယားလိဂ်ဖလားအား သုံးကြိမ်တိုင် ရရှိဖူးသည်။
    256306_heroa
    ……………………………….
    ဘာစီကို စွန့်ခွာခဲ့ခြင်းကို နောင်တမရဟု သီယာဂို ပြော

    – ဘာစီလိုနာအသင်းအား စွန့်ခွာကာ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းအား နောင်တမရမိဘဲ မိမိဘ၀၏ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်သည်ဟု ဘိုင်ယန်မြူးနစ်အသင်း၏ ကွင်းလယ်လူဖြစ်သူ သီယာဂို အလ်ကန်တာရာက ပြောကြားလိုက်သည်။ သီယာဂိုမှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကမှ ဘိုင်ယန်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ဘာကာနည်းပြဟောင်း ဂွာဒီယိုလာ၏ လက်ထက်တွင် ဘိုင်ယန်အသင်းတွက် အရေးပါသူတစ်ဦးဖြစ်လာခဲ့သည်။
    ……………………………….
    ဘိုင်ယန်ကို လက်စားပြန်ချေမည်ဟု မန်စီးတီးနောက်ခံလူ ကြုံးဝါး

    – အောက်တိုဘာလက အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့မှုကို ယနေ့ညတွင် ပြန်လည် လက်စားချေမည်ဟု မန်စီးတီးအသင်း၏ နောက်ခံလူ မာတင်ဒီမစ်ချယ်လီက ကြုံးဝါးလိုက်သည်။ အောက်တိုဘာလက ကစားခဲ့သည့်ပွဲတွင် ပါဝင်နိုင်ခြင်းမရှိခဲ့သည့် ဒီမစ်ချယ်လီမှာ ဘိုင်ယန်မြူးနစ်အသင်းတွင် ၂၀၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဘိုင်ယန်တွင်ကစားခဲ့ပြီး အသင်းမှ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံ ယှဉ်ပြိုင်ရခြင်းဖြစ်သည်။
    ………………………………
    အဓိက ကစားသမား ပီယယလို မပါနိုင်သော်လည်း ချန်ပီယံလိဂ် နောက်တဆင့်တက်မည်ဟု ဂျူဗီနည်းပြပြောကြား

    – ကွင်းလယ်လူပီယာလိုမှာ အသင်းတွင် ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိသော်လည်း ဂျူဗင်တပ်စ်အသင်းမှာ ယနေ့ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂါလာတာစာရေးအသင်းအား အနိုင်ကစားနိုင်ကာ နောက်တစ်ဆင့်သို့တက်ရောက်နိုင်သည်ဟု နည်းပြဖြစ်သူ အန်တိုနီယို ကွန်တီက ပြောကြားခဲ့သည်။ အသင်း၏ အဓိကကွင်းလယ်ကစားသမားဖြစ်သော ပီယာလိုမှာ ဒူခေါင်းအရွတ်စုတ်ပြဲဒဏ်ရာကြောင့် အသင်းတွင်ပါဝင်နိုင်ကစားနိုင်ခြင်းမရှိပေ။ ဂျူဗင်တပ်စ်အသင်းမှာ ယနေ့ညပွဲစဉ်တွင် အနည်းဆုံးသရေရရှိလျှင်ပင် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
    ……………………………..
    အိုဇေးကို ရီးယဲလ်မှ မိမိရောင်းချလိုက်သော်လည်း ဒီမာရီယာထွက်ခွါမည့်သတင်း အန်ဆယ်လောတီငြင်း

    – အိုဇေးလ်အား အာဆင်နယ်သို့ရောင်းချလိုက်သူမှာ မိမိသာဖြစ်သည်ဟု ရီးယဲလ်အသင်းနည်းပြ အန်ဆယ်လော့တီက ပြောဆိုခဲ့သော်လည်း လာမည့် ဇန်န၀ါရီအပြောင်းအရွှေ့တွင် ကွင်းလယ်လူ ဒီမာရီယာ အသင်းမှ ထွက်ခွာတော့မည်ဆိုသည့် သတင်းကို ငြင်းဆိုခဲ့သည်။ အိုဇေးလ်အား အသင်းမှ ထွက်ခွာခွင့်ပေးခဲ့သောကြောင့် ဥရောပဘောလုံးလောကတွင် အံ့သြမှုများဖြစ်ပေါ်ခဲ့ပြီး ရီးယဲလ် ကစားသမားများကလည်း တုန်လှုပ်ခဲ့ကြသည်။

  • မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော် ဂုဏ်ပြုပွဲနှင့် စာနယ်ဇင်း ရှင်းလင်းပွဲ

    မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော် ဂုဏ်ပြုပွဲနှင့် စာနယ်ဇင်း ရှင်းလင်းပွဲ

    ဒီဇင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    သီရိ

    IMG_20131210_151955

    ရန်ကုန် ။       ။      အနဂ္ဃရောင်စဉ် မြန်မာနိုင်ငံ မသန်စွမ်းသူများအနုပညာပွဲတော်ကို သြဂုတ်လ ၁၄-ရက်နေ့တွင် ကျင်းပခဲ့ပြီး ထိုအခမ်းအနားကြီး အောင်မြင်စွာ ကျင်းပ ပြီးစီးခြင်း အထိမ်းမှတ် ဂုဏ်ပြု အခမ်းအနားနှင့် စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းနားကို ယနေ့ ဒီဇင်ဘာလ ၁၀-ရက်နေ့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်တွင်
    နေ့လည် ၁-နာရီမှ ၃-နာရီထိ ကျင်းပခဲ့သည်။

    အခမ်းနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှုးချုပ် ဦးအောင်ထွန်းခိုင်၊ မသန်စွမ်း သူများ အနုပညာပွဲကျင်းပရေးကော်မတီ အတွင်းရေးမှုး ဦးစိုင်းကြည်ဇင်စိုး၊ သဘင်ပညာရှင် ဦးမိုးမင်း၊ မသန်စွမ်းသူများ သံတမန် ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေ၊ အဆိုတော် မေဆွိနှင့် အနုပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

    “မသန်စွမ်းသူများဦးဆောင်နိုင်တဲ့ နိုင်ငံတော်အဖွဲ့စည်းတစ်ရပ် မကြာခင်ပေါ်လာတော့မှာပါ သူတို့ခြေထောက်ပေါ်သူတို့ရပ်တည်နိုင်အောင် ကျွန်တော်တို့ ကြိုးစားမှာပါ မြန်မာနိုင်ငံမှာ ၂၀၁၄ ကျရင် အာဆီယံ မသန်စွန်းသူများပွဲတော်ကို ကျင်းပမှာဖြစ်ပါတယ်”ဟု ဒုတိယညွန်ကြားရေးမှုး ဦးအောင်ထွန်းခိုင်မှ ပြောကြားခဲ့ပါသည်။

    ဆက်လက်ပြီး ပွဲတော်ကျင်းပရေးကော်မတီမှ အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့ကြသော အလှူရှင်များ၊ အနုပညာရှင်များအား ဂုဏ်ပြုလွှာများကို ပေးအပ်ခဲ့ကြပြီး အခမ်းနားကို ရုပ်သိမ်းခဲ့ကြပါသည်။

  • မိကျောင်းကန် သပိတ်စခန်း ဆက်လက် ဆန္ဒထုတ်ဖော်

    မိကျောင်းကန် သပိတ်စခန်း ဆက်လက် ဆန္ဒထုတ်ဖော်

    ဒီဇင်ဘာ ၁၀-၂၀၁၃
    M-Media
    A.N.Lay

    DSC01964aa
    ရန်ကုန်    ။       ။     မိကျောင်းကန်သပိတ်စခန်းကို ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၆-နာရီ အချိန်တွင် ပိတ်သိမ်းရမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း မိကျောင်းကန်သပိတ်စခန်းမှာ ပိတ်သိမ်းခြင်းမရှိဘဲ ဆက်လက်ဆန္ဒထုတ်ဖော်နေကြပါသည်။။

    မိကျောင်းကန်သပိတ်စခန်း၏ တာဝန်ရှိသူတစ်ဦးမှလည်း ၎င်းတို့၏ ဆွေးနွေးချက်များကို မီဒီယာများသို့ ယခုလိုပြောကြားခဲ့ပါသည်။ “ကျွန်တော်တို့ မိကျောင်းကန် သပိတ်စခန်းဖွင့်တဲ့ ၁၄ ရက်မြောက်နေ့မှာ ရန်ကုန်တိုင်း နယ်လုံဝန်ကြီး ဦးတင်ဝင်းနဲ့ ရန်ကုန်တိုင်းလွတ်တော်ရုံးမှာ ဆွေးနွေးခဲ့ပါတယ်။ ၎င်းတို့အနေနဲ့ မြေယာနဲ့ပက်သက်ပြီးတော့ ကုမ္ပဏီကို ရောင်းစားတာမျိုးမရှိဘူးပါဘူး။ နောက် လူတစ်ဦးတစ်ယောက် ကုမ္ပဏီ တစ်ခုရဲ့အကျိုးစီးပွားတွက် မလုပ်ဘူးဆိုတာကို ကတိပေးခဲ့ပါတယ်။ နောက်တစ်ချက်က ဒီကိစ္စနဲ့ပက်သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရဲ့ လုပ်ပိုင်ခွင့်ထဲမှာမရှိတဲ့အတွက် ပြည်ထောင်စုအစိုးရကပဲ ဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါကြောင်းနှင့် ဥပဒေဘောင် အတွင်းက ဆန္ဒပြမယ်ဆိုရင်တော့ လွတ်လွတ်လပ်လပ် ဆန္ဒပြနိုင်ကြောင်း ပြောကြားခဲ့တယ်”ဟုသိရသည်။

    မိကျောင်းကန် ဆန္ဒပြသူတစ်ဦးမှလည်း “ကျွန်မတို့ မြေယာတွေ မတရားသိမ်းခံထားရတဲ့အတွက် ပြန်လိုချင်တာပါ၊ ဆန္ဒပြတာလည်း ၉ ကြိမ်မြောက်ရှိသွားပြီ။ ကျွန်မတို့ မြေယာတွေကို ပြန်ရမယ်ဆိုရင် ကျွန်မတို့ အတိုင်းမသိ ဝမ်းသာမိမှာပါ။ ဒါပေမဲ့ မြေယာတွေ ပြန်မပေးမချင်းတော့ ကျွန်မတို့ဘက်က ဆက်လက်ပြီး ဆန္ဒပြသွားမှာဖြစ်ပါတယ်လို့” ၎င်း၏ ဆန္ဒကိုပြောကြားခဲ့ပါသည်။

    မိကျောင်းကန် သပိတ်စခန်းကို ဒီဇင်ဘာ ၉-ရက်နေ့ ညနေ ၆-နာရီအချိန်တွင် အပြီးသတ် ပိတ်သိမ်းရမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ည ၁၁-နာရီအချိန်ထိ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ပြီး ဆရာတော် ဥုးပါမောက္ခ အပါအဝင် အများပြည်သူများမှာလည်း မိကျောင်းကန် သပိတ်စခန်း ပိတ်သိမ်းရမည်ကို မလိုလား၍ ညနက်သည့်အချိန်ထိ စောင့်ကြပ်ပေးခဲ့ကြောင်းသိရှိရသည်။