News @ M-Media

Blog

  • အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းပိုင် အဆောက်အဦးများ ဖြိုချမှုနှင့် အစ္စရေးအား ကုလ ရှုတ်ချ

    ဒီဇင်ဘာ ၁၂ ၊ ၂၀၁၃
    M-Media

    Mideast Israel Palestinians
    အစ္စရေးက မတရားသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းမိသားစု ၃၀ အား မောင်းထုတ်ကာ ၎င်းတို့၏ နေအိမ်၊ အဆောက်အဦး၊ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းနှင့် ပက်သက်၍ အစ္စရေးအား ကုလသမဂ္ဂမှ ရှုတ်ချပြောဆိုလိုက်သည်။
    ထိုကဲ့သို့ ဖြိုချဖျက်ဆီးခြင်းမှာ နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။

    “(အနောက်ဘက်ကမ်းရှိ) ဂျော်ဒန်တောင်ကြားမှာရှိတဲ့ ပါလက်စတိုင်းတွေရဲ့ အဆောက်အဦးတွေကို ဖျက်ဆီးတာနဲ့ပက်သက်ပြီး ကျွန်တော်စိုးရိမ်မိပါတယ်။ အဲဒီဖျက်ဆီးမှုက ကလေးငယ် ၂၄ ဦးပါအ၀င် လူ ၄၁ ဦးကို အိုးမဲ့အိမ်မဲ့ဖြစ်စေပြီး၊ နောက်ထပ် လူ ၂၀ ကိုလည်း အတိဒုက္ခရောက်စေခဲ့ပါတယ်။ ဒုက္ခသည်တွေရော၊ ဒုက္ခသည် မဟုတ်တဲ့ မိသားစုတွေရော ထိခိုက်တာပါ။ အချို့ မိသားစုတွေဟာ ဒီလထဲမှာပဲ ဒုတိယအကြိမ်မြောက် ပြောင်းရွှေ့ရပြန်ပါတယ်။ အစ္စရေးက ဖြို့ချလိုက်တဲ့အဆောက်အအုံတွေထဲမှာ အလှူရှင်တွေက ပေးလှူတဲ့ အဆောက်အအုံတွေလည်း ပါဝင်ပါတယ်” ဟု ယမန်နေ့က ကုလမှထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြီးအကဲ့ ဂျိမ်းစ် ရော်လေးက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပါတ် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကိစ္စများဆွေးနွေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ လာရောက်လည်ပတ်ချိန် မတိုင်ခင်စောစောပိုင်းကလည်း ပါလက်စတိုင်းများ၏ နေအိမ်အဆောက်အဦးများကို ဖြိုချ၊ ဖျက်ဆီးခြင်း မပြုရန် အန်ဂျီအို အဖွဲ့အစည်း ၃၆ ခုမှ အစ္စရေးအားတိုက်တွန်းခဲ့သေးသည်။

    ၁၈၉၇-ခုနှစ်က ဆွစ်ဇလန်နိုင်ငံ ဘရပ်ဆဲလ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ဇီယွန် ကွန်ဂရက်အစည်းဝေးကတည်းက ပါလက်စတိုင်းအား သိမ်းပိုက်ရန် ဂျူးလူမျိုးများ ကစီစဉ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် အရှေ့ဥရောပရှိ ဂျူးလူမျိုးများမှာ ပါလက်စတိုင်းနယ်မြေသို့ တရားမ၀င်ရောက်နေထိုင်ခဲ့ကြပြီး အမေရိကန်နှင့် အနောက်နိုင်ငံအချို့၏အကူအညီဖြင့် ပါလက်စတိုင်းများကိုသတ်ဖြတ်ကာ၊ နယ်မြေများကို အပိုင်စီးပြီး ၁၉၄၈ ခုနှစ် မေလတွင် အစ္စရေးနိုင်ငံအဖြစ်ထူထောင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ အစ္စရေးမှာ ယခုအချိန်အထိ နည်းမျိုးစုံဖြင့် ပါလက်စတိုင်းပိုင်နယ်မြေများကို သိမ်းပိုက်လျက်ရှိသည်။

  • “ နေပြည်တော် အာဏာပိုင်တွေ အဖျက်အမှောင့် လုပ်ငန်း လုပ်သလား ”

    စည်သူအောင်မြင့်
    ရန်ကုန်တိုင်းမ် သတင်းစာ၊ ၁၁-၁၂-၁၃။ စာ-၆။

    KIA news

    အံ့သြ တုန်လှုပ်ဖို့ကောင်းတဲ့ သတင်းတစ်ခု နေပြည်တော်ကောင်စီ နယ်မြေဘက်က ထွက်ပေါ်လာပါတယ်။ သတင်းမှာ ဖော်ပြထားတာက နေပြည်တော် မြို့မဈေး ဈေးတာဝန်ခံက တကယ့် လူမြင်ကွင်းကြီးမှာ ဗီနိုင်းအနီစ နဲ့ ကပ်ထားတဲ့ အသိပေးကြေငြာချက် ကပ်ထားတဲ့ ကိစ္စပါ။ အဲဒီ ကြေငြာချက်ထဲမှာ ဆီးဂိမ်းကာလ အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ကေအိုင်အေ ဌာနချုပ်ကနေ အကြမ်းဖက်သမား (၃) ယောက် စေလွှတ်လိုက်တယ်၊ သူတို့ရဲ့ ပုံပန်းသဏ္ဍာန် အချက်အလက်ဟာ ဘယ်သူတွေဖြစ်တယ်၊ အဲဒီ လူတွေကို တွေ့ရင် တာဝန်ရှိသူတွေကို အကြောင်းကြားပါ ဆိုတဲ့ အသိပေးစာ ဖြစ်ပါတယ်။ ဒီစာပါ ဖော်ပြချက်၊ နောက်ဆက်တွဲ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကို ဆက်စပ်တွေးကြည့်ရင် အစိုးရ၊ စစ်တပ် အာဏာပိုင်တွေအားလုံး လုံခြုံရေး စီမံခန့်ခွဲရေး တင်းတင်းကြပ်ကြပ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ နေပြည်တော်က အာဏာပိုင် တစ်ချို့ အဖျက်အမှောင့် လုပ်ငန်း လုပ်နေသလား ဆိုတာ သံသယ ဖြစ်ဖွယ် တွေ့လာရပါတယ်။ ဒီကနေ့ ဒီအကြောင်း ဆွေးနွေးတင်ပြပါ့မယ်။

    အသိပေးကြေငြာချက်ပါ ဖော်ပြချက်အရ ဆီးဂိမ်းကို အဖျက်အမှောင့်လုပ်ဖို့ ကေအိုင်အေက လွှတ်လိုက်တဲ့သူတွေဟာ ရန်ကုန်က အစ္စလာမ် ဘာသာရေး အစွန်းရောက်တွေနဲ့ ဆက်သွယ်ဆောင်ရွက်မယ်ဆိုတာ၊ ကေအိုင်အေက ဗိုလ်ကြီးအဆင့် ကရင် လူမျိုးတစ်ယောက်၊ ဒုအရာခံဗိုလ်အဆင့် ကရင်လူမျိုးတစ်ယောက်၊ တပ်ကြပ်အဆင့်ရှိတဲ့ ကချင်လူမျိုးတစ်ယောက် ပေါင်း အကြမ်းဖက်သမား (၃) ယောက်ဆိုပြီးလည်း ပါဝင်ပါတယ်။

    ပထမ တစ်ချက် စဉ်းစားဖို့ကတော့ အဲဒီ အသိပေးကြေငြာချက် ဖြစ်နိုင်မဖြစ်နိုင် ဆိုတာပါ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အချက် အများကြီးတွေ့ရပါတယ်။ ရန်ကုန်က အစ္စလာမ် အစွန်းရောက်တွေနဲ့ ဆက်သွယ် လုပ်မယ် ဆိုတဲ့ ကိစ္စ၊ ဆီးဂိမ်းကို ဖျက်မယ် ဆိုတဲ့ ကိစ္စ၊ ကေအိုင်အေ တပ်ထဲက ဗိုလ်ကြီးအဆင့်နဲ့ ဒုအရာခံဗိုလ်အဆင့် ကရင်လူမျိုးတွေ ကိစ္စ တစ်ခုမှ မဖြစ်နိုင်ပါဘူး။ ဒီလို မဖြစ်နိုင်ဘူး ဆိုတာကိုလည်း ကေအိုင်အို နည်းပညာ အဖွဲ့ တာဝန်ရှိသူ ဦးဒေါင်ခါးက ဆီးဂိမ်းကို ၀ိုင်းလုပ်ပေးဖို့ပဲ ရှိတယ်၊ ဖျက်ဖို့ မရှိဘူးလို့ ပြောဆိုထားပြီးဖြစ်တဲ့ အကြောင်း ရှင်းပါတယ်။ အလားတူ ကေအိုင်အို ပြောခွင့်ရ ဦးလနန်ကလည်း ကရင်၊ ဗမာတွေကို ကေအိုင်အေ မှာ ဗိုလ်ကြီးအဆင့် ပေးထားတာလည်း မရှိဘူး၊ အခု ကိစ္စဟာလည်း မဖြစ်နိုင်ဘူး၊ ဒါ တမင်သက်သက် သိက္ခာကျအောင် လုပ်တဲ့ ကိစ္စ ဆိုပြီး ရှင်းပါတယ်။

    ဒါဆိုရင် ဆက်ပြီးစဉ်းစားရမှာက ဒီ အသိပေးကြေငြာချက်ကို ဘယ်သူက ထုတ်တာလဲ၊ ဘယ်သူရဲ့ ညွှန်ကြားချက်နဲ့ ထုတ်တာလဲ ဆိုတာပါ။ နေပြည်တော်လို အာဏာပိုင်တွေအတွက် တကယ့် အရေးအကြီးဆုံး နေရာမျိုးမှာ တော်ရုံတန်ရုံလူရဲ့ ညွှန်ကြားချက်နဲ့ ဒီလို ညွှန်ကြားချက်မျိုး မထုတ်နိုင်ပါဘူး။ မထုတ်ရဲပါဘူး။ ဒီကိစ္စ သတင်းဌာန တွေက မေးမြန်း စူးစမ်းကြည့်တဲ့အခါ နေပြည်တော်ရဲချုပ်ရုံးက ဒုရဲမှူးချုပ်တစ်ယောက်က သူတို့နေ့စဉ် သတင်းဖလှယ်နေတယ်၊ အဲဒီ သတင်း အစီရင်ခံတာ မရှိဘူး။ သူကိုယ်တိုင် မြို့မဈေးကိုသွားတယ်၊ အဲဒီ ကြေငြာချက်ကို မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သတင်းဌာနတွေက ရိုက်ပြတဲ့ ဓာတ်ပုံမှာတော့ နေပြည်တော် မြို့မဈေးရှေ့မှာ ထင်ထင်ရှားရှား ကပ်ထားတာ တွေ့မြင်ရပါတယ်။ နောက် ဘောဂသီရိ အဝေးပြေးကွင်းနဲ့ တော်ဝင်ကားဂိတ်နားမှာလည်း ကပ်ထားတဲ့အကြောင်း နေပြည်တော် မထသ အဝေးပြေး ဥက္ကဌ ဦးဝင်းဆွေက အတည်ပြုပါတယ်။ သူပြောတာနဲ့ ဒုရဲမှူးချုပ်ပြောတာကတော့ ကွဲလွဲနေပါတယ်။ အလားတူ သမ္မတ ပြောခွင့်ရ ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ သူက အဲဒီ သတင်းမကြားရဘူး၊ အဲဒီသတင်း မဖြစ်နိုင်ဘူးလို့ ထင်မြင်တဲ့အကြောင်း ပြောတယ်လို့ ဆိုပါတယ်။

    တာဝန်ရှိသူ ဘယ်သူတွေမှ အတည်မပြုနိုင်ပေမယ့် ဒီ ကြေငြာချက်ရဲ့ အကျိုးသက်ရောက်မှုကတော့ ကြီးတာ သေခြာပါတယ်။ ကေအိုင်အေ ကချင်ပြည်လွတ်မြောက်ရေး တပ်မတော်ကို အကြမ်းဖက် အဖွဲ့အဖြစ်၊ ဆီးဂိမ်းကို ဖျက်ဆီးမယ့် အဖွဲ့အဖြစ် စွတ်စွဲထားတာမို့ လက်ရှိ တည်ဆောက်နေဆဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အလွန်ထိခိုက်စေပါတယ်။ ကေအိုင်အို ကေအိုင်အေ တင်မက ကချင်လူမျိုးတွေကိုယ်တိုင် ဗမာ အာဏာပိုင်တွေ အနေနဲ့ ဒီလို မဟုတ်မမှန် လုပ်ကြံစွတ်စွဲမှုတွေကို သိက္ခာမဲ့စွာ လုပ်တယ်ဆိုပြီး မုန်းတီးမှုတွေ၊ နာကျည်းမှုတွေ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ (ခုကိုပဲ သတင်းမီဒီယာတွေနဲ့ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့ခဲ့ပါပြီ။)

    ကြေငြာချက်မှာ ကေအိုင်အေ ကို အစ္စလာမ် အစွန်းရောက်တွေနဲ့ ဆက်စပ်ထားတဲ့အတွက် ဘာသာရေး မုန်းတီးမှုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ မခိုင်မာတဲ့ စွတ်စွဲချက်နဲ့ အာဏာပိုင်တွေကိုယ်တိုင် ဘာသာရေး မုန်းတီးမှု ပေါ်ပေါက်အောင် လုပ်တဲ့ အလွန် အန္တရယ်ကြီးတဲ့ ဆိုးရွားတဲ့ လုပ်ရပ်အဖြစ် ရှုမြင်နိုင်ပါတယ်။ ကြေငြာချက်ထဲမှာ ကေအိုင်အေက ဗိုလ်ကြီးအဆင့် ကရင် လူမျိုးဆိုပြီးလည်း ထည့်ထားလိုက်ပါသေးတယ်။ ဒါဟာလည်း ကရင်မုန်းတီးရေး ဖြစ်ပေါ်စေလာနိုင်တဲ့ အချက်ဖြစ်ပါတယ်။ ခြုံငုံပြောရရင် ဒီကြေငြာစာ ဖော်ပြချက်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေတာ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာတစ်ခုနဲ့ တစ်ခု မုန်းတီးမှု ပေါ်ပေါက်စေမယ့် ဖော်ပြချက်မျိုးပဲ ဖြစ်ပါတယ်။

    ဒီလိုကြေငြာချက်တွေ လမ်းဘေးမှာ စက္ကူနဲ့ ဝေတယ်ဆို ဒီလောက် ပြသနာ မရှိပါဘူး။ နေပြည်တော် အထင်ကရ ဈေးမှာ ဈေးတာဝန်ခံက ကြေငြာတာပါ။ ဒီအတွက် ဒီ ကြေငြာစာကပ်ဖို့ ဘယ်သူ ညွှန်ကြားသလဲ ဆိုတာ ဖော်ထုတ်ဖို့ အရေးကြီးပါတယ်။ ဒီ လုပ်ရပ်ထဲမှာ အာဏာပိုင်တွေထဲက ဘယ်အဆင့်လောက်အထိ ပါဝင်ပါတ်သက်နေမလဲ ဆိုတာ စုံစမ်းဖော်ထုတ်ဖို့ လိုပါတယ်။ တကယ်လို့သာ တာဝန်အရှိဆုံးဆိုတဲ့ ရဲချုပ်ရုံးက ပါဝင်ပါတ်သက်နေတယ် ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် အခြေအနေ မကောင်းပါဘူး၊ တိုင်းပြည်အတွက် အခြေအနေ မကောင်းပါဘူး။

    အခြားတစ်ဖက်မှာတော့ အာဏာပိုင်တွေဟာ ဒီကိစ္စကို ဖုံးဖုံးဖိဖိ ဖြေရှင်းမယ် ဆိုရင်လည်း တိုင်းပြည်နဲ့ ပြည်သူတွေအတွက် မကောင်းပါဘူး။ ဗမာအပါအ၀င် တိုင်းရင်းသားတွေအားလုံး၊ ဗုဒ္ဓဘာသာဝင်တွေ အပါအ၀င် အခြားဘာသာဝင်တွေ အားလုံး ထိပ်ပိုင်း အာဏာပိုင်တွေကိုယ်တိုင် အဖျက်အမှောင့်လုပ်ငန်း လုပ်နေကြတယ်လို့ မှတ်ယူသွားကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ကြေငြာစာကပ်ဖို့ ဘယ်အဖွဲ့အစည်းက ဘယ်အဆင့်ရှိသူက ဘာအချက်တွေအရ ညွှန်ကြားတယ် ဆိုတာ ဖော်ထုတ်ပြီး ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ရှင်းပြပါလို့ တောင်းဆိုလိုက်ရပါတယ်။

    စည်သူအောင်မြင့်။

    ဓါတ်ပုံ-7Days

    https://www.facebook.com/sithu.aungmyint/posts/226656444183830

  • SEA Games မီးရှူးတိုင် (ရန်ကုန်) သယ်ဆောင်ရာတွင် တိုင်းပြည် ဂုဏ်ဆောင် မြန်မာမွတ်စလင်မ် အားကစားသမား ၄ ဦး ပါဝင် သယ်ဆောင်ခဲ့

    ဒီဇင်ဘာ-၁၁-၂၀၁၃
    M-Media
    A.N.Lay

    DSC02053a

    ၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မီးရှူးတိုင်သယ်ဆောင်ခြင်းကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) (သုဝဏ္ဏ) မှစတင်၍ တစ်ဦးချင်းစီ ဝေဇယန္တာ လမ်းမပေါ်၌ လက်ဆင့်ကမ်းပြီး  တောင်ဥက္ကလာပ မြို့နယ်အထိ သယ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

    ၎င်းနောက်အဆိုပါ မီးရှုးတိုင်အား တောင်ဥက္ကလာပမြို့နယ်မှတဆင့် ကားဖြင့် လေဆိပ်သို့သယ်ဆောင်ကာ လေယာဉ်ဖြင့် နေပြည်တော်သို့ သယ်ဆောင်မည်ဖြစ်ကြောင်းသိရှိရသည်။

    ထိုသို့ လက်ဆင့်ကမ်းသယ်ဆောင်ရာ တွင် နိုင်ငံအတွက် အာရှနှင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့သော မြန်မာမွတ်စလင်မ် အားကစားသမားများ ဖြစ်ကြသည့်  ဒေါ်ဘေဘီ(ဘော်လီဘော)၊ ဦးအေးလွင်(ဘောလီဘော)၊ ဦးဝင်းမောင်(လက်ဝှေ့)၊ ဦးမောင်လှ(ပြေးခုန်ပစ်) တို့ ပါဝင်သယ်ဆောင်ခွင့်ရခဲ့ကြောင်း သိရှိရသည်

    ဦးဝင်းမောင်  (၁၉၆၉- ၁၉၇၁) အတွင်း တိုင်းပြည်အတွက် ရွှေတံဆိပ်(၅)ဆု ၊ငွေတံဆိပ် ၃ ခု၊ကြေးတံဆိပ် ၂ ခု စုစုပေါင်း ၁၀ ခု ၊ ဦးအေးလွင် (ယခု ဦးဆောင်ဆော်သြရေးမှုး၊ အစ္စလာမ်ဓမ္မဗိမာန်) နှင့် ဒေါ်ဘေဘီ မှာ ဘော်လီဘောပြိုင်ပွဲများတွင် နိုင်ငံကိုယ်စားပြုပြီး ရွှေတံဆိပ်ဆွတ်ခူးပေးခဲ့ကြောင်း သိရှိရပါသည်။

    FaceBook မှ ဓါတ်ပုံများကြည့်ရန် Link1 Link2

  • အိမ်တွင်းဖြစ် ခြင်ဖမ်းကိရိယာလေး လုပ်ကြမယ်။ (M-Media Knowledge ကဏ္ဍ)

    ဒီဇင်ဘာ ၁၁၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ- မိုးကြယ်ဖြူ

    MOSQUITOS!
    အိမ်တွေမှာ ခြင်တွေ ထွက်လာတာသတိထားမိရဲ့လား…။သင်နှင့် ကလေးငယ်တွေ ခြင်ကိုက်မခံရအောင် အိမ်တွင်းဖြစ် ခြင်ဖမ်းကိရိယာလေး အကြောင်း M-Media Knowledge ကဏ္ဍ ကပြောပြချင်သည်။

    အိမ်တွင် အလွယ်တကူပြုလုပ်နိုင်သည့်ခြင်ဖမ်းကိရိယာအတွက် လိုအပ်သောပစ္စည်းများ
    (၁) ရေတဖန်ခွက်
    (၂) သကြားညို ရေဖန်ခွက်ဖြင့်လေးပုံတစ်ပုံ
    (၃) တဆေး တစ်ဂရမ် (တစေး =အချဉ်ဖောက်ရာ၌ သုံးသည့်ပစ္စည်း)
    (၄) ၂ လီတာဝင်ရေဗူးတစ်ဗူး

    ပြုလုပ်ပုံအဆင့်ဆင့်
    (၁) ပလတ်စတစ်ဗူးကို တစ်ဝက်ဖြတ်ပါ။
    (၂) သကြားကို ရေနွေးနှင့်ရောပြီး အအေးခံပါ။
    သကြားရည်အေးလျှင် ရေဗူးပိုင်းထဲကိုတစ်ဝက်ခန့်ထည့်ပါ။
    (၃) တဆေးကို ထဲ့လိုက်ပါ မွှေစရာမလိုပါ။
    ကာဗွန်းဒိုင်အောက်ဆိုဒ်ထွက်လာပြီး ခြင်တွေကို ဆွဲဆောင်ပါလိမ့်မည်။
    (၄) ရေဗူး၏ ထိပ်ကတော့အချွန်ဖက်ကို ပြောင်းပြန်လှန်ပြီး ကျန်ရေဗူးပိုင်းဘက်တွင် ပြောင်းပြန်ထည့်ပါ။ လိုအပ်လျှင် တိပ်နှင့်ကတ်ပါ။
    (၅) ရေဗူးကို အနက်ရောင် တစ်ခုခုနှင့်ပတ်ပြီး အဝကို ဖွင့်ထားပါ။ (အနက်ရောင်က ခြင်တွေကို ပိုဆွဲဆောင်နိုင်သည်) ပြီး အိမ်ပြင် သို့မဟုတ် မိမိတို့ စုဝေးနေထိုင်ရာနှင့် အနည်းငယ်လှမ်းသောနေရာတွင်ထားပါ။

    အမြဲတမ်းခြင်ပြေးစေရန် အရည်ကို နှစ်ပါတ်တစ်ကြိမ်လဲပေးပါ။

    (မိုးကြယ်ဖြူ)

    Ref: Adam Anthony FB

  • Like သင်္ကေတကဲ့သို့ စာနာထောက်ထားသည့် သင်္ကတ facebook ထည့်သွင်းမည်

    ဒီဇင်ဘာ ၁၁၊ ၂၀၁၃
    M-Media

    n-FACEBOOK-SYMPATHIZE-BUTTON-large570
    ပုံမှန် စာရေးသားချက် (Status Update) တစ်ခုမှာပဲ စိတ်မကောင်းဖွယ် ခံစားချက် (negative emotion) တွေထည့်သွင်းတဲ့အခါ သဘောကျကြောင်း ဖော်ပြတဲ့ facebook Like Button ကို စာနာထောက်ထားကြောင်းဖော်ပြတဲ့ Sympathise Button အဖြစ် ပြောင်းလဲသွားအောင်ပြုလုပ်ပေးမှာဖြစ်ပါတယ်။

    နှစ်ခြိုက်သဘောကျတယ် ဆိုတဲ့ ရှိပြီးသား Like Button လိုပဲ စိတ်မကောင်းပါဘူးဆိုတဲ့ Sympathise Button ကို Facebook မှာ တွေ့ရတော့မှာ ဖြစ်ပါတယ်။

    Ref: BBC