News @ M-Media
Blog
  • ဒီဇင်ဘာ- ၁၀ အားကစားသတင်းများ
    ဒီဇင်ဘာ- ၁၀၊ ၂၀၁၃
    M-Media
    အာဆင်နယ် ချန်ပီယံမဖြစ်နိုင်ဟု ကပ္ပတိန်ဟောင်း ဗီယာရာပြော
    – ပရီးမီယားလိဂ်တွင် ထိပ်ဆုံးမှဦးဆောင်နေသော အာဆင်နယ်အသင်းမှာ ကစားပုံဆိုးရွားနေချိန်တွင် အနိုင်ရရှိအောင် မကစားနိုင်သောကြောင့် ယခုနှစ် ပရီးမီးယားလိဂ် ဖလားအားရရှိမည်ဟု မယုံကြည်ကြောင်း အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ဗီယာရာက ပြောကြားခဲ့သည်။ ယခုလက်ရှိတွင် မန်စီးတီး ယူ ၂၁ အသင်းအား ကိုင်တွယ်နေသည့် ဗီယာရာမှာ အာဆင်နယ်အသင်းတွင် ၉ နှစ်ကြာ ကစားခဲ့ဖူးပြီး အသင်းနှင့် ပရီးမီယားလိဂ်ဖလားအား သုံးကြိမ်တိုင် ရရှိဖူးသည်။
    256306_heroa
    ……………………………….
    ဘာစီကို စွန့်ခွာခဲ့ခြင်းကို နောင်တမရဟု သီယာဂို ပြော
    – ဘာစီလိုနာအသင်းအား စွန့်ခွာကာ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းအား နောင်တမရမိဘဲ မိမိဘ၀၏ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်သည်ဟု ဘိုင်ယန်မြူးနစ်အသင်း၏ ကွင်းလယ်လူဖြစ်သူ သီယာဂို အလ်ကန်တာရာက ပြောကြားလိုက်သည်။ သီယာဂိုမှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကမှ ဘိုင်ယန်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ဘာကာနည်းပြဟောင်း ဂွာဒီယိုလာ၏ လက်ထက်တွင် ဘိုင်ယန်အသင်းတွက် အရေးပါသူတစ်ဦးဖြစ်လာခဲ့သည်။
    ……………………………….
    ဘိုင်ယန်ကို လက်စားပြန်ချေမည်ဟု မန်စီးတီးနောက်ခံလူ ကြုံးဝါး
    – အောက်တိုဘာလက အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့မှုကို ယနေ့ညတွင် ပြန်လည် လက်စားချေမည်ဟု မန်စီးတီးအသင်း၏ နောက်ခံလူ မာတင်ဒီမစ်ချယ်လီက ကြုံးဝါးလိုက်သည်။ အောက်တိုဘာလက ကစားခဲ့သည့်ပွဲတွင် ပါဝင်နိုင်ခြင်းမရှိခဲ့သည့် ဒီမစ်ချယ်လီမှာ ဘိုင်ယန်မြူးနစ်အသင်းတွင် ၂၀၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဘိုင်ယန်တွင်ကစားခဲ့ပြီး အသင်းမှ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံ ယှဉ်ပြိုင်ရခြင်းဖြစ်သည်။
    ………………………………
    အဓိက ကစားသမား ပီယယလို မပါနိုင်သော်လည်း ချန်ပီယံလိဂ် နောက်တဆင့်တက်မည်ဟု ဂျူဗီနည်းပြပြောကြား
    – ကွင်းလယ်လူပီယာလိုမှာ အသင်းတွင် ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိသော်လည်း ဂျူဗင်တပ်စ်အသင်းမှာ ယနေ့ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂါလာတာစာရေးအသင်းအား အနိုင်ကစားနိုင်ကာ နောက်တစ်ဆင့်သို့တက်ရောက်နိုင်သည်ဟု နည်းပြဖြစ်သူ အန်တိုနီယို ကွန်တီက ပြောကြားခဲ့သည်။ အသင်း၏ အဓိကကွင်းလယ်ကစားသမားဖြစ်သော ပီယာလိုမှာ ဒူခေါင်းအရွတ်စုတ်ပြဲဒဏ်ရာကြောင့် အသင်းတွင်ပါဝင်နိုင်ကစားနိုင်ခြင်းမရှိပေ။ ဂျူဗင်တပ်စ်အသင်းမှာ ယနေ့ညပွဲစဉ်တွင် အနည်းဆုံးသရေရရှိလျှင်ပင် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
    ……………………………..
    အိုဇေးကို ရီးယဲလ်မှ မိမိရောင်းချလိုက်သော်လည်း ဒီမာရီယာထွက်ခွါမည့်သတင်း အန်ဆယ်လောတီငြင်း
    – အိုဇေးလ်အား အာဆင်နယ်သို့ရောင်းချလိုက်သူမှာ မိမိသာဖြစ်သည်ဟု ရီးယဲလ်အသင်းနည်းပြ အန်ဆယ်လော့တီက ပြောဆိုခဲ့သော်လည်း လာမည့် ဇန်န၀ါရီအပြောင်းအရွှေ့တွင် ကွင်းလယ်လူ ဒီမာရီယာ အသင်းမှ ထွက်ခွာတော့မည်ဆိုသည့် သတင်းကို ငြင်းဆိုခဲ့သည်။ အိုဇေးလ်အား အသင်းမှ ထွက်ခွာခွင့်ပေးခဲ့သောကြောင့် ဥရောပဘောလုံးလောကတွင် အံ့သြမှုများဖြစ်ပေါ်ခဲ့ပြီး ရီးယဲလ် ကစားသမားများကလည်း တုန်လှုပ်ခဲ့ကြသည်။
  • မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော် ဂုဏ်ပြုပွဲနှင့် စာနယ်ဇင်း ရှင်းလင်းပွဲ
    မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော် ဂုဏ်ပြုပွဲနှင့် စာနယ်ဇင်း ရှင်းလင်းပွဲ
    ဒီဇင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    သီရိ
    IMG_20131210_151955
    ရန်ကုန် ။       ။      အနဂ္ဃရောင်စဉ် မြန်မာနိုင်ငံ မသန်စွမ်းသူများအနုပညာပွဲတော်ကို သြဂုတ်လ ၁၄-ရက်နေ့တွင် ကျင်းပခဲ့ပြီး ထိုအခမ်းအနားကြီး အောင်မြင်စွာ ကျင်းပ ပြီးစီးခြင်း အထိမ်းမှတ် ဂုဏ်ပြု အခမ်းအနားနှင့် စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းနားကို ယနေ့ ဒီဇင်ဘာလ ၁၀-ရက်နေ့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်တွင်
    နေ့လည် ၁-နာရီမှ ၃-နာရီထိ ကျင်းပခဲ့သည်။
    အခမ်းနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှုးချုပ် ဦးအောင်ထွန်းခိုင်၊ မသန်စွမ်း သူများ အနုပညာပွဲကျင်းပရေးကော်မတီ အတွင်းရေးမှုး ဦးစိုင်းကြည်ဇင်စိုး၊ သဘင်ပညာရှင် ဦးမိုးမင်း၊ မသန်စွမ်းသူများ သံတမန် ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေ၊ အဆိုတော် မေဆွိနှင့် အနုပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။
    “မသန်စွမ်းသူများဦးဆောင်နိုင်တဲ့ နိုင်ငံတော်အဖွဲ့စည်းတစ်ရပ် မကြာခင်ပေါ်လာတော့မှာပါ သူတို့ခြေထောက်ပေါ်သူတို့ရပ်တည်နိုင်အောင် ကျွန်တော်တို့ ကြိုးစားမှာပါ မြန်မာနိုင်ငံမှာ ၂၀၁၄ ကျရင် အာဆီယံ မသန်စွန်းသူများပွဲတော်ကို ကျင်းပမှာဖြစ်ပါတယ်”ဟု ဒုတိယညွန်ကြားရေးမှုး ဦးအောင်ထွန်းခိုင်မှ ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး ပွဲတော်ကျင်းပရေးကော်မတီမှ အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့ကြသော အလှူရှင်များ၊ အနုပညာရှင်များအား ဂုဏ်ပြုလွှာများကို ပေးအပ်ခဲ့ကြပြီး အခမ်းနားကို ရုပ်သိမ်းခဲ့ကြပါသည်။
  • မိကျောင်းကန် သပိတ်စခန်း ဆက်လက် ဆန္ဒထုတ်ဖော်
    မိကျောင်းကန် သပိတ်စခန်း ဆက်လက် ဆန္ဒထုတ်ဖော်
    ဒီဇင်ဘာ ၁၀-၂၀၁၃
    M-Media
    A.N.Lay
    DSC01964aa
    ရန်ကုန်    ။       ။     မိကျောင်းကန်သပိတ်စခန်းကို ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၆-နာရီ အချိန်တွင် ပိတ်သိမ်းရမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း မိကျောင်းကန်သပိတ်စခန်းမှာ ပိတ်သိမ်းခြင်းမရှိဘဲ ဆက်လက်ဆန္ဒထုတ်ဖော်နေကြပါသည်။။
    မိကျောင်းကန်သပိတ်စခန်း၏ တာဝန်ရှိသူတစ်ဦးမှလည်း ၎င်းတို့၏ ဆွေးနွေးချက်များကို မီဒီယာများသို့ ယခုလိုပြောကြားခဲ့ပါသည်။ “ကျွန်တော်တို့ မိကျောင်းကန် သပိတ်စခန်းဖွင့်တဲ့ ၁၄ ရက်မြောက်နေ့မှာ ရန်ကုန်တိုင်း နယ်လုံဝန်ကြီး ဦးတင်ဝင်းနဲ့ ရန်ကုန်တိုင်းလွတ်တော်ရုံးမှာ ဆွေးနွေးခဲ့ပါတယ်။ ၎င်းတို့အနေနဲ့ မြေယာနဲ့ပက်သက်ပြီးတော့ ကုမ္ပဏီကို ရောင်းစားတာမျိုးမရှိဘူးပါဘူး။ နောက် လူတစ်ဦးတစ်ယောက် ကုမ္ပဏီ တစ်ခုရဲ့အကျိုးစီးပွားတွက် မလုပ်ဘူးဆိုတာကို ကတိပေးခဲ့ပါတယ်။ နောက်တစ်ချက်က ဒီကိစ္စနဲ့ပက်သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရဲ့ လုပ်ပိုင်ခွင့်ထဲမှာမရှိတဲ့အတွက် ပြည်ထောင်စုအစိုးရကပဲ ဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါကြောင်းနှင့် ဥပဒေဘောင် အတွင်းက ဆန္ဒပြမယ်ဆိုရင်တော့ လွတ်လွတ်လပ်လပ် ဆန္ဒပြနိုင်ကြောင်း ပြောကြားခဲ့တယ်”ဟုသိရသည်။
    မိကျောင်းကန် ဆန္ဒပြသူတစ်ဦးမှလည်း “ကျွန်မတို့ မြေယာတွေ မတရားသိမ်းခံထားရတဲ့အတွက် ပြန်လိုချင်တာပါ၊ ဆန္ဒပြတာလည်း ၉ ကြိမ်မြောက်ရှိသွားပြီ။ ကျွန်မတို့ မြေယာတွေကို ပြန်ရမယ်ဆိုရင် ကျွန်မတို့ အတိုင်းမသိ ဝမ်းသာမိမှာပါ။ ဒါပေမဲ့ မြေယာတွေ ပြန်မပေးမချင်းတော့ ကျွန်မတို့ဘက်က ဆက်လက်ပြီး ဆန္ဒပြသွားမှာဖြစ်ပါတယ်လို့” ၎င်း၏ ဆန္ဒကိုပြောကြားခဲ့ပါသည်။
    မိကျောင်းကန် သပိတ်စခန်းကို ဒီဇင်ဘာ ၉-ရက်နေ့ ညနေ ၆-နာရီအချိန်တွင် အပြီးသတ် ပိတ်သိမ်းရမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ည ၁၁-နာရီအချိန်ထိ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ပြီး ဆရာတော် ဥုးပါမောက္ခ အပါအဝင် အများပြည်သူများမှာလည်း မိကျောင်းကန် သပိတ်စခန်း ပိတ်သိမ်းရမည်ကို မလိုလား၍ ညနက်သည့်အချိန်ထိ စောင့်ကြပ်ပေးခဲ့ကြောင်းသိရှိရသည်။
  • Little India ဆူပူမှုနှင့် ပတ်သက်ပြီး အိန္ဒိယ နိုင်ငံသား၂၄ ဦးအား စင်ကာပူ တရားစွဲ
    ဒီဇင်ဘာ- ၁၀ ၂၀၁၃
    M-Media
    little-india-riot-charged
    – တနင်္ဂနွေနေ့ညက စင်ကာပူနိုင်ငံ Little India တစ်ဝိုက်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုနှင့်ပက်သက်၍ အိန္ဒိယနိုင်ငံသား ၂၄ ဦးအား ပဋိပက္ခ ဖန်တီးပြုလုပ်မှုဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။ ထို၂၄ ဦးစလုံးမှာ ယနေ့ နေ့လည်တွင် တရားရုံးတွင် တရားရင်ဆိုင်ခဲ့ရသည်။ ပြစ်မှုထင်ရှားပါက ကြိမ်ဒဏ်နှင့် အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်ကျခံရဖွယ်ရှိနေသည်။
    အိန္ဒိယအမျိုးသား အလုပ်သမားဖြစ်သူ Sakthivel Kumaravelu အား ကားတစ်စီးက တိုက်မိခဲ့ရာမှ အစပြုခဲ့သည့် အဆိုပါဆူပူအကြမ်းဖက်မှုတွင် လူပေါင်း ၄၀၀ ခန့်ပါဝင်ခဲ့ကြပြီး၊ ရဲတပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရခဲ့ကာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။
    အခင်းဖြစ်ပွားပြီးနောက် စင်ကာပူရဲများက လူ ၂၈ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ PR ရရှိထားသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၂ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦးတို့အား အဆိုပါဖြစ်စဉ်တွင် ပါဝင် ပတ်သက်ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရ၍ ပြန်လည် လွှတ်ပေးခဲ့သည်။
    စင်ကာပူနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အဓိကရုဏ်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂလီများ ပါဝင်သည့်ဟု အစောပိုင်း ထွက်ပေါ်လာသည့် သတင်းများကို အခြေပြုပြီး ဆိုရှယ်မီဒီယာ အသုံးပြုသည့် အချို့သော မြန်မာလူမျိုးများကြားတွင် အစ္စလာမ်သာသနာနှင့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များကို  စော်ကားတိုက်ခိုက်သည့် ပိုစ်များ ပျံနှံ့ထွက်ပေါ်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။
  • ၂၀၁၄ သန်းခေါင်စာရင်းမှာ လူမျိုး ၁၃၅-မျိုးကို အခြေခံထားပြီး တခြားရှိလာတဲ့ လူမျိုးစုများကို ထပ်ထည့်မည်ဟု ၀န်ကြီး ဦးခင်ရီ ပြောကြား
    ၂၀၁၄ သန်းခေါင်စာရင်းမှာ လူမျိုး ၁၃၅-မျိုးကို အခြေခံထားပြီး တခြားရှိလာတဲ့ လူမျိုးစုများကို ထပ်ထည့်မည်ဟု ၀န်ကြီး ဦးခင်ရီ ပြောကြား
    ဒီဇင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    အမ်တူးအေ
    DSCN6124
    ရန်ကုန်    ။       ။        နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီမှ တွေ့ဆုံပြီး ၂၀၁၄-ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည့် တွေ့ဆုံပွဲကို ယနေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ဝင်းအတွင်း၌ ပြုလုပ်ခဲ့သည်။
    အဆိုပါ တွေ့ဆုံပွဲ၌ သန်းခေါင်စာရင်းကောက်ယူမည့် အချက်အလက်များကို အဓိကရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။
    “လူမျိုးစုဆိုလည်း ၁၃၅-မျိုးရှိတယ်။ ဒီ ၁၃၅-မျိုးကို အခြေခံပြီး ထည့်ထားတယ်။ တခြားလူမျိုးစုတွေ ရှိလာရင် ထပ်ထည့်မယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
    သန်းခေါင်စာရင်းကို လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃-ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၈၃-ခုနှစ်တွင် ဒုတိယအကြိမ်ကောက်ယူပြီး ယခု နှစ် ၃၀ အကြာတွင်မှ ထပ်မံ ကောက်ယူနိုင်ခြင်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံတော်အနေနဲ့ မည်သည့်နေရာမှာ မည်သို့လုပ်ဆောင်ပေးရမည်ဆိုတာ သိရန်ဖြစ်သည့်အတွက် မှန်မှန်ကန်ကန်ဖြေဆိုရန်ုလိုကြောင်း၊ မိနစ် ၃၀-စာ အချိန်ပေးရုံမျှနှင့် မိမိနိုင်ငံအတွက် ၁၀-နှစ်စာ investment များကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာ၌ ပြည်သူများ အဆင်ပြေအောင် အဘက်ဘက်မှ စီစဉ်ထားကြောင်း၊ မိမိအနေနှင့်လည်း KNU မှ ပုဂ္ဂိုလ်များနှင့် ယခင်ကတည်းမှ ရင်းနှီးနေသည်ဖြစ်၍ သံယောဇဉ်ရှိကြောင်း၊ ယခု သန်းခေါင်စာရင်းကောက်ယူမှုတွင် မည်သူမည်ဝါ ဖြစ်သည်ကို အဓိကမထားပဲ လူဟူ၍သာ သဘောထားကြောင်း၊ ၈၂-ခုနှစ် ဥပဒေနှင့် ကိုက်ညီရင်အဆင်ပြေကြောင်း၊ နိုင်ငံသား မဟုတ်သူများကိုလည်း သန်းခေါင်စာရင်းကောက်ယူပြီးချိန်တွင် အရည်အချင်းမီပါက နိုင်ငံသားအဖြစ် သတ်မှတ်မည်ဖြစ်ပြီး မွေးရာပါ နိုင်ငံသားအနေနှင့်မဟုတ်ပဲ ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ရှိမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုမှာ တိုင်းရင်းသားဖြစ်ရေး မဖြစ်ရေးတို့ကို အဓိကထားခြင်းမဟုတ်ပဲ လူဦးရေစာရင်းကို ကောက်ယူခြင်းသာဖြစ်ပြီး အထင်အမြင် မလွဲမှားစေလိုကြောင်း၊ တခြားမသိနားမလည်သေးသူများအားလည်း ယခု တက်ရောက်လာသူများမှ ရှင်းလင်းပြောပြပေးပါရန်တို့ကို ပြောကြားသွားခဲ့သည်။
    ထို့နောက် တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး ၀န်ကြီးဦးခင်ရီနှင့် ပြည်သူ့အင်အားဦးစီးဌာနအဖွဲ့ဝင်များမှ ပြန်လည် ဖြေကြားပေးခဲ့ကြသည်။