News @ M-Media

Blog

  • အလုပ်အကိုင် အခွင့်အလမ်းအတွက် ooredoo Myanmar Job Fair ကျင်းပ

    ဒီဇင်ဘာ ၁၊ ၂၀၁၃
    M-Media
    ဘုန်းမင်းခန့်

    1480559_462228607233718_2071172334_n

    မြန်မာပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်း ဝင်ရောက်လုပ်ကိုင် ဝန်ဆောင်မှုပေးရန် တင်ဒါအောင်မြင်ထားသည့် ooredoo ဆက်သွယ်ရေး ကုမ္ပဏီမှ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝန်ထမ်းရွေးချယ်ခန့်ထားခြင်း၊ ဖုန်းဆင်းမ်ကဒ်နှင့် ကြိုတင်ငွေဖြည့်ကဒ်ရောင်းချခြင်း၊ ဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင် Retails Stores များ တစ်နိုင်ငံလုံး ကျယ်ပြန့်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ooredoo Myanmar Job Fair အခမ်းအနားကို ၃၀-၁၁-၂၀၁၃ ရက်နေ့ နှင့် ၁-၁၂-၂၀၁၃ ရက်နေ့အထိ (၂)ရက်တိုင် ကျင်းပခဲ့ပါသည်။

    အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်နှင့် ဆရာစံလမ်းထောင့်ရှိ၊ ဆရာစံပလာဇာတွင် နံနက်(၉)နာရီမှ ညနေ (၄)နာရီထိကျင်းပခဲ့ပြီး ဆက်သွယ်ရေး နည်းပညာကဏ္ဍ၊ အရောင်းဆိုင်များ ဖွင့်လှစ်ခြင်းနှင့် တာဝန်ခံများ၊ ဆက်သွယ်ရေးပိုင်း ဝန်ဆောင်မှုပေးမည့် အကြောင်းအရာများ၊ ဝန်ထမ်းရွေးချယ်မှုများအတွက် ရှင်းလင်းတင်ပြ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ကြွရောက်လာသူများမှလည်း သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကျပါသည်။

    ooredoo Myanmar အနေဖြင့် ပြည်တွင်း ဆက်သွယ်ရေးကဏ္ဍတွင် ဝန်ဆောင်မှုပေးမည့် Flagship Stores များကို မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးသုံးမြို့ဖြစ်သော  ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ဖွင့်လှစ်မည်ဖြစ်ပြီး၊ ဖုန်းဆင်းမ်ကဒ်၊ ကြိုတင်ငွေဖြည့်ကဒ်၊ ဖုန်းနှင့်အပိုပစ္စည်းများ ရောင်းချပေးမည့် Retail Stores များကိုလည်း မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်အသီးသီးတွင် ကျယ်ပြန့်စွာ ဖွင့်လှစ်ထားရှိ ရောင်းချနိုင်ရန် ရည်ရွယ်ပြင်ဆင်လျှက်ရှိကာ ဝန်ထမ်းခေါ်ယူမှုများအတွက် အခမ်းအနားသို့ကြွရောက်လာသူများထဲမှ စိတ်ဝင်စားသူများအနေဖြင့် အလုပ်လျှောက်လွှာပုံစံများ ဖြည့်စွက်၍ ဝန်ထမ်းရွေးချယ်ခန့်ထားခြင်းအတွက် စိတ်ပါဝင်စားစွာ တင်ပြလျှောက်ထားမှုများ ပြုလုပ်ခဲ့ကျပါသည်။

    ooredoo Myanmar Job Fair အခမ်းအနားသို့ ကြွရာက်လာသော စိတ်ပါဝင်စားသူများအား တစ်ဦးလျှင် ooredoo အမှတ်တံဆိပ်ပါ T -Shirt တစ်ထည် လက်ဆောင်အဖြစ် ချီးမြှင့်ခဲ့ပြီး ကံစမ်းမဲအစီအစဉ်လည်း ပါဝင်ကြောင်း သိရှိရပါသည်။

    ooredoo ဆက်သွယ်ရေးကုမ္ပဏီအနေဖြင့် ကမ္ဘာတစ်ဝှမ်းတွင် နိုင်ငံပေါင်း (၁၃)နိုင်ငံ၌ ဆက်သွယ်ရေး လုပ်ငန်းဝန်ဆောင်မှုကို ဝန်ထမ်းပေါင်း(၁၇၀၀၀)ကျော်ဖြင့် ဆောင်ရွက်လျှက်ရှိပြီး၊ မြန်မာနိုင်ငံအတွင်း၌လည်း ၂၀၁၄ခုနှစ် နှစ်ဆန်းပိုင်းတွင် ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုများ စတင်နိုင်ရန် ဝန်ထမ်း(၁၅၀)ကျော်ဖြင့် စတင် ပြင်ဆင်လျှက်ရှိကာ ထပ်မံလိုအပ်လျှက်ရှိသော ဝန်ထမ်းရာထူးအသီးသီးအတွက် ဝန်ထမ်းများထပ်မံခေါ်ယူလျှက်ရှိကြောင်းလည်း သိရှိရပါသည်။

    စိတ်ပါဝင်စားသူများအနေဖြင့် [email protected] သို့   e-mail နှင့် ဆက်သွယ်နိုင်ပြီး အသေးစိတ်အချက်အလက်များကို www.facebook.com/ooredoomyanmar နှင့် http://www.linkedin.com/company/ooredoomyanmar တို့တွင် ဝင်ရောက်ကြည့်ရှု့ လေ့လာနိုင်ကြောင်းလည်း သိရှိရပါသည်။

    ဓါတ်ပုံ-Ooredoo Myanmar FB မှ

  • ဒီဇင်ဘာ ၁၊ ပြည်တွင်းသတင်းတို စုစည်းမှု

    ဒီဇင်ဘာ ၁၊ ပြည်တွင်းသတင်းတို စုစည်းမှု

    ဒီဇင်ဘာ ၁၊ ၂၀၁၃
    M-Media

    551388_10152121680198128_190391399_n

    – အဆင့်အတန်းခွဲခြားဆက်ဆံခံရတာကို ဆန့်ကျင်တိုက်ဖျက်ရတာဟာ ကြောက်ရွံ့ခြင်းက လွတ်ကင်းအောင် ကျွန်မကိုယ်တိုင် လှုပ်ရှားရုန်းကန်နေရတာမျိုးဖြစ်ပါတယ်၊ ခွဲခြားဆက်ဆံခံရမှုလုံးဝ မရှိစေရေးကို ရင်ထဲအသည်းထဲက စတင်ဖို့လိုပြီး မတူကွဲပြားတာတွေက လူသားပိုမိုပီသဖို့ အခွင့်အလမ်းတစ်ရပ် ဖြစ်သင့်ပါတယ်လို့ ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့မှာ Melbourne မြို့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

    – ဧက ၆၀၀၀ ကျယ်ဝန်းသည့် သီလ၀ါ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းများ စတင်တော့မည်ဖြစ်ပြီး ၂၀၁၅-ခုနှစ်မှာ အပြီးသတ်နိုင်ရန် မျှော်လင့်ကာ သီလ၀ါက စီးပွားရေးလုပ်ငန်းများအား စတင် လုပ်ဆောင်နိုင်တော့မည်ဖြစ်ပြီး ရွေးကောက်ပွဲကာလအတွင်းမှာပင် အလုပ်အကိုင်နေရာပေါင်းများစွာကို ဖန်တီး ပေးနိုင်မည်ဟု အစိုးရတာဝန်ရှိသူများက မျှော်လင့်ထားကြောင်း သိရပါတယ်။

    – ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်မည့် Ooredoo ကုမ္ပဏီမှ ၀န်ထမ်းများ ခေါ်ယူသည့် Job Fair ကို ပြုလုပ်နေပြီး ၀န်ထမ်းအင်အား ၃၀၀ အထိ ခေါ်ယူ သွားမည်ဖြစ်ကြောင်း သိရပါတယ်။

    – ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာများအား နိုင်ငံသားပြုခွင့်ပေးရန် ဆိုသည့် ကုလသမဂ္ဂ၏ အစီရင်ခံစာနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြပွဲကို ရခိုင်များနှင့် နိုင်ငံရေး ပါတီတချို့မှ လူ ၅၀၀ နီးပါးခန့်က ယနေ့မှာ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

    – ရန်ကုန်မြို့ ရွှေဂုံတိုင်ရပ်ကွက်ရှိ လေးလမ်းသွား ခုံးကျော်တံတားအား ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို ယနေ့ ဒီဇင်ဘာ ၁-ရက်နေ့ နေ့လည်ပိုင်းမှ စတင်၍ ခွင့်ပြုလိုက်ပြီဖြစ်ပြီး မကြာခင်မှာ တံတားဖွင့်ပွဲ အခမ်းအနား ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

    – ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို မြန်မာနိုင်ငံ မြို့နယ်အများအပြားတွင် ပြုလုပ်ခဲ့ကြပြီး ပညာပေးအစီအစဉ်များကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

  • ဒီဇင်ဘာ၁-နိုင်ငံတကာသတင်း စုစည်းမှု

    ဒီဇင်ဘာ- ၁ ၂၀၁၃
    M-Media

    25_thai_jpg_1664060f

    – ဘန်ကောက်မြို့တွင်ဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူများက သိမ်းပိုက်ထားသည့် အစိုးရအဆောက်အဦးများကို အကြမ်းမဖက်သောနည်းလမ်းဖြင့် ပြန်လည်သိမ်းယူရန် ထိုင်းရဲတပ်ဖွဲ့က စီစဉ်နေသည်ဟု သိရသည်။ ဆန္ဒပြသူများမှာ ဘန်ကောက်မြို့ ပါယာသိုင်းဒေသရှိ ဘဏ္ဍာရေးဝန်ကြီးဌာနအဆောက်အအုံနှင့် ပြည်သူ့ဆက်ဆံရေးဌာန အဆောက်အအုံ၊ ဘန်ကောက်မြောက်ပိုင်းဆင်ခြေဖုံးရှိ အစိုးရအဆောက်အအုံအချို့တို့ကို သိမ်းယူထားသည်။ ဘန်ကောက်မြို့တစ်ဝှမ်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များစွာ ချထားပြီး အချို့နေရာများတွင် မျက်ရည်ဗုံးများ အသုံးပြုကာ လူစုခွဲခြင်းကို လုပ်ဆောင်လျက်ရှိပြီး၊ လုံခြုံတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် တွေ့ဆုံမှုများ ရှိလာသောကြောင့် ယခုအချိန်အထိ လူ ၄ ဦးသေဆုံးခဲ့ပြီဖြစ်သည်။

    – စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန်အတွက် G20 အဖွဲ့၏ ဥက္ကဌတာဝန်ကို သြစတေးလျနိုင်ငံမှ ယနေ့တွင် တရားဝင်လွှဲပြောင်း ရယူခဲ့သည်ဟုသိရသည်။ ထိုကဲ့သို့ ဥက္ကဌတာဝန်ကို ယူခြင်းမှာ အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးအမြတ်ဖြစ်ထွန်းစေရန်အတွက် စီပွားရေး လုပ်ငန်းဆောင်တာများကို ပုံဖေါ်ပေးရန်ဖြစ်သည်ဟု ၀န်ကြီးချုပ် တိုနီအဘော့က ပြောကြားခဲ့သည်။

    – နယူးယောက်မြို့ရှိ Grand Central ဘူတာရုံမှ နေ့စဉ်ပြေးဆွဲလျက်ရှိသည့် ရထားတစ်စင်းမှာ ယနေ့နံနက်ပိုင်းက လမ်းချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိနေကာ သေဆုံးသူစာရင်းအား မသိရှိရသေးဟု အမေရိကန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

    – မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျူးဘားနိုင်ငံမြောက်ပိုင်းကျွန်းတွင်  ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေပြီး အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ကာ၊ အိမ်ခြေများစွာ ပျက်စီးခဲ့သည်ဟု ဒေသတွင်းမီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။ ထိုကျွန်းတွင် အိမ်ခြေ သုံးသန်းရှိပြီး ၈၅ ရာခိုင်နှုန်းမှာ ဆိုးရွားသော အခြေအနေတွင်ရှိနေသည်ဟု အမျိုးသားစားရင်းအင်းဗျူရိုမှ ပြောကြားခဲ့သည်။

    – စပိန်အစိုးရ အနေဖြင့် ၂၀၁၄ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် အလုပ်သမားပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ပြုလုပ်သွားမည်ဟု စပိန် စီးပွားရေးဝန်ကြီး လူးဝစ် ဒီ ဂူအင်ဒို့စ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။ ပထမအကြိမ် အလုပ်သမား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့ပြီး၊ ယခုအကြိမ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် မတူညီသော လုပ်ငန်းများနှင့် အချိန်ပိုင်းလုပ်ငန်းတို့ကို ပြင်လွယ်ပြောင်းလွယ်ဖြစ်အောင် ပြလုပ်မည်ဟု ဂူအင်ဒို့စ်က ထည့်သွင်းပြောကြားခဲ့သည်။ စပိန်နိုင်ငံတွင် အလုပ်လက်မဲ့ဦးရေမှာ ဆက်လက်တိုးတက်လျက်ပြီး ယခုအချိန်တွင် ၂၅ ရာခိုင်နှုန်းခန့် ရှိလာပြီဖြစ်သည်။

    – ကိုလံဘီယာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ယခုနှစ်ဆောင်းရာသီအတွင်း နိုင်ငံအနောက် အလယ်ပိုင်းဒေသအပါအ၀င် နိုင်ငံ၏ အချို့ဒေသများတွင် မိုးများစွာ ရွာသွန်းခဲ့ပြီး အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ကာ အိမ်ခြေ ၂၀၀ ခန့်ပျက်ဆီးခဲ့ပြီး မိသားစု ၁၃၀၀၀ ကျော် ထိခိုက်ခဲ့ရသည်ဟု သိရသည်။ ထို့ပြင် လေမုန်တိုင်းများ၊ မိုးကြိုးမုန်တိုင်းများကြောင့် နိုင်ငံအတွင်းအရေးပေါ်အခြေအနေသို့ ဦးတည်လျက်ရှိနေသည်။

    – အီရန်နိုင်ငံ Bushehr ဒေသတွင် နျူးကလီးယား ဓာတ်အားပေး စက်ရုံတစ်ခုတည်ဆောက်ရန်နှင့် ထိုအစီအစဉ်အား ၂၀၁၄ ခုနှစ်တွင်စတင်ရန် အီရန်နှင့် ရုရှားနိုင်ငံတို့ ဆွေးနွေးနေကြသည်ဟု အီန်ရန် နျူးကလီးယား အကြီးအကဲ အလီအက္ကဘာ ဆာလေဟီ၏ ပြောကြားမှုအား ကိုးကား၍ မီဒီယာများက ယနေ့တွင် ရေးသားဖော်ပြခဲ့ကြသည်။ အသစ်ဆောက်လုပ်မည့် စက်ရုံမှာ ပမာဏမည်မျှရှိမည်ကို ၎င်းအနေဖြင့် ပြောကြားခြင်းမပြုခဲ့ပေ။ သို့သော်လည်း အီရန်အနေဖြင့် မီဂါဝပ် ၁၀၀၀ ထုတ်လုပ်ပေးနိုင်မည့် နျူဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် ယခင်က စီစဉ်ထားခဲ့သည်။ Bushehr ဒေသတွင်ပင် မီဂါဝပ် ၁၀၀၀ ထုတ်လုပ်ပေးနိုင်သည့် ဓာတ်အားပေး စက်ရုံတစ်ခုရှိနေပြီး နည်းပညာပိုင်းဆိုင်ရာ ပြစ်တင်ပြောဆိုမှုများကြောင့် နှောင့်နှေး ကြန့်ကြာမှုများစွာဖြစ်ခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင်မှ စတင်လည်ပတ်နိုင်ခဲ့သည်။

  • ဒီဇင်ဘာ ၁၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၁၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၁၊ ၂၀၁၃
    M-Media

    345740_heroa

    –  ရီးယဲလ်အသင်းအတွက် ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့ခြင်းမှာ အိပ်မက်များ အကောင်အထည်ပေါ်လာခြင်းဖြစ်သည်ဟု ရီးယဲလ်အသင်း၏ တိုက်စစ်မှူး ဂါရက်ဘေးလ် က ပြောကြားလိုက်သည်။ ဘေးလ်မှာ ယမန်နေ့က ကစားခဲ့သည် ဗယ်လာဒိုလစ်အသင်းနှင့်ပွဲစဉ်တွင် အသင်းအတွက် သူ၏ ပထမဆုံးဟက်ထရစ်ကို သွင်းယူပေးခဲ့ နိုင်သည်။ အသင်းသို့ရောက်ရှိလာပြီးကတည်းက ပွဲထွက်ကစားသမားအဖြစ် ၉ ပွဲကစားပေးခဲ့သည့် ဘေးလ်မှာ အသင်းအတွက် ၇ ဂိုးသွင်းယူပေးထားနိုင်ပြီး ၆ ကြိမ် ဖန်တီးပေးထားနိုင်သည်။

    –  Ballon d’Or ဆုအတွက် ရော်နယ်ဒိုအား ထောက်ခံသည်ဟု တစ်နိုင်ငံတည်းသား ကစားသမား မာမာဒူ ဆာခို၏ ပြောကြားမှုအပေါ် စိတ်ပျက်မိသည်ဟု ဘိုင်ယန် မြူးနစ်အသင်း၏ ပြင်သစ်ကွင်းလည်လူ ဖရန့်ရီဘာရီက ပြောကြားလိုက်သည်။ ပြီးခဲ့သည့်နှစ် ဖလားသုံးလုံးရရှိခဲ့သည့် ဘိုင်ယန်အသင်းတွင် ရီဘာရီမှာ အဓိက ကစားသမားဖြစ်ခဲ့သော်လည်း ယခုနှစ်ရာသီတွင် ရော်နယ်ဒိုမှာ ခြေစွမ်းပြနေသောကြောင့် လီဗာပူးလ်နောက်ခံလူ ဆာခိုက ထိုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

    –  အသင်း၏ ကွင်းလယ်ကစားသမား ယိုဟန် ကာဘာယီအား အသင်းတွင် ဆက်လက်ထိန်းသိမ်းထားရန် လုံလောက်သောစွမ်းရည်များရှိသည်ဟု နယူးကာဆယ် အသင်း၏ နည်းပြ အလန်ပါဂျူးကပြောကြားလိုက်သည်။ ကာဘာယီမှာ ယမန်နေ့က ကစားခဲ့သည့် ၀က်စ်ဘရွန်းအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် နယူးကာဆယ်အသင်းအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး အသင်းမှထွက်ခွာရန် သတင်းထွက်နေသူဖြစ်သည်။

    –  အသင်းရှိ ဝေးလ်တိုက်စစ်မှူးဘေးလ်မှာ ဗယ်လာဒိုလစ်အား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ယမန်နေ့ပွဲတွင် ဟက်ထရစ်သွင်းယူပေးခဲ့သော်လည်း အာဂျင်တိုင်း ကွင်းလယ်လူ ဒီမာရီယာကသာ ထိုပွဲ၏ အရေးပါဆုံး ကစားသမားဖြစ်သည်ဟု ရီးယဲလ်အသင်း၏နည်းပြ ကားလို့စ် အန်ဆယ်လော့တီက ပြောကြားလိုက်သည်။ ထိုပွဲအနိုင်မှာ ရီးယဲလ်အသင်း၏ ၄ ပွဲဆက် နိုင်ပွဲလည်းဖြစ်ခဲ့ပြီး ထိပ်ဆုံးမှ ဘာစီလိုနာအသင်းနှင့် အမှတ်ကွာခြားချက် ကျဉ်းမြောင်းစေခဲ့သည်။

    –  ပေါ်တူဂီ နာမည်ကြီး ကလပ်အသင်းဖြစ်သည့် ပေါ်တိုအသင်းမှာ ယမန်နေ့က ကစားခဲ့သော ပြည်တွင်းလိဂ်ပွဲစဉ်တွင် အကယ်ဒီမီကာအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး လိဂ်ပွဲ ၅၄ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန် ကြိုးပြတ်ခဲ့ရသည်။ ပေါ်တိုအသင်းမှာ နောက်ဆုံးရှုံးပွဲအဖြစ် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလက ကြုံတွေ့ခဲ့ပြီးနောက် ၂၂ လအတွင်း ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ခြင်းလည်းဖြစ်သည်။ ထို့ပြင် နောက်ဆုံး ခြောက်ပွဲတွင်လည်း တစ်ပွဲမှ အနိုင်မရရှိသေးခြင်းကြောင့် နည်းပြ ပေါ်လိုဖွန်စီကာမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

    –  မန်စီးတီးအသင်း၏ နောက်ခံလူမီကာရစ်ချက်က ၎င်းအနေဖြင့် မန်စီးတီးအသင်းတွင် ဆက်လက်ကစားချင်သော်လည်း ယခုအချိန်တွင် အသင်းမှ ထွက်ခွာရန် စဉ်းစားနေပြီး ပွဲထွက်ကစားသမားအဖြစ် ကစားရမည့်အသင်းကို ရှာဖွေမည်ဟု ပြောကြားလိုက်သည်။ ရစ်ချစ်မှာ ယခုနှစ်ရာသီတွင် မန်စီးတီးအသင်းအတွက် ၆ ပွဲသာ ကစားထားရပြီး ယခုနှစ်ရာသီကုန်ထိတိုင်အောင် စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆိုထားသူဖြစ်သည်။

    –  ဘိုင်ယန်မြူနစ်အသင်းမှာ လူသားများနှင့်ဖွဲ့စည်းထားသော အသင်းသာဖြစ်ပြီး စက်ရုပ်မဟုတ်ဟု Eintracht Braunschweig အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သောပွဲအပြီးတွင် အသင်း၏ ဂိုးသမားဖြစ်သူ မန်နျူယဲလ်နူအာက ပြောကြားလိုက်သည်။ ထိုပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းမှာ အကောင်းဆုံး ပုံစံမရှိသောကြောင့် နူအာက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

    –  Ballon d’Or ဆုမှာ ဘောလုံးအားကစား၏ အနှစ်သာရနှင့်ဆန့်ကျင်နေပြီး ထိုဆုမှာ ကစားသမားများအား အသင်းကောင်းမွန်မှုထက် တစ်ဦးချင်းကောင်းမွန်မှုကိုသာ အလေးထားရန် ဖြစ်ပေါ်စေသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။ ဘောလုံးလောကတွင် ဂုဏ်ရှိန်အမြင့်ဆုံးဆုဖြစ်သည့် Ballon d’Or ဆု ယခုနှစ်အတွက် ဇကာတင်စာရင်းတွင် ခရစ္စတီယာနိုရော်နယ်ဒို၊ မက်ဆီနှင့် ရီဘာရီတို့ပါဝင်နေပြီး မည်သူရရှိမည်ဆိုသည့် ထင်ကြေးပေးမှုများ များလာချိန်တွင် အာဆင်ဝင်ဂါးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မည်သူကိုမှ ထိုဆုအား မရေစေချင်ဟု ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။

  • The Fast and The Furious ဇာတ်ကားမှ မင်းသား ပေါလ်ဝေါ်ကာ ကားမှောက်၍သေဆုံး

    ဒီဇင်ဘာ-၁ ၂၀၁၃
    M-Media

    5127482-3x2-700x467

    ၂၀၀၉ ခုနှစ်က နာမည်ကြီးခဲ့သည့် The Fast and The Furious ရုပ်ရှင်ဇာတ်လမ်းဖြင့် နာမည်ကျော်ခဲ့သူ မင်းသား ပေါလ်ဝေါ်ကာမှာ ကယ်လီဖိုးနီးယားပြည်နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် ကားမတော်တဆမှုအတွင်း သေဆုံးခဲ့သည်ဟု သတင်းများကဖော်ပြကြသည်။

    အသက် ၄၀ အရွယ်ရှိ ဝေါ်ကာမှာ သူငယ်ချင်းဖြစ်သူ၏ Porsche ကားဖြင့် လိုက်ပါသွားခဲ့ပြီး၊ ထိုကားမှာ လော့စ်အိန်ဂျလိစ်မြောက်ဘက်ရှိ ဆန်တာကလာရီတာမြို့တွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့သောကြောင့် ဝေါ်ကာနှင့် သူ၏သူငယ်ချင်း နှစ်ဦးစလုံးမှာ သေဆုံးသွားခဲ့သည်ဟု ဝေါ်ကာ၏ ရုပ်ရှင်အဖွဲ့မှ ၎င်းတို့၏ Facebook စာမျက်နှာတွင်ဖော်ပြခဲ့သည်။

    TMZ ၀ဘ်ဆိုဒ်၏ ဖော်ပြချက်ရ အဆိုပါကားမှာ သစ်ပင်အားတိုက်မိခဲ့ပြီးနောက် မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

    “မင်းသားရဲ့ Reach Out Worldwide အဖွဲ့အတွက် လှူဒါန်းရေးပွဲကို တက်ရောက်ဖို့သွားစဉ်မှာ ကားမတော်တဆဖြစ်ပြီး ပေါလ်ဝေါ်ကာ ကွယ်လွန်သွားတာကို ကျွန်တော်တို့ ၀မ်းနည်းစွာနဲ့ အတည်ပြုပါတယ်” ဟု ဝေါ်ကာ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

    ပြီးခဲ့သည့်လက ဖိလစ်ပိုင်နိုင်ငံတွင် တိုက်ခတ်ခဲ့သည့် တိုင်ဖုန်းဟိုင်ယန်ဒဏ်ခံ ဖိလစ်ပိုင်ပြည်သူများအား ကူညီနိုင်ရန်အတွက်ပြုလုပ်သော ကားပြပွဲတစ်ခုသို့ သွားရောက်နေစဉ်အတွင်း ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဝေါ်ကာသေဆုံးမှုအတွက် ရုပ်ရှင်ကုမ္ပဏီအချို့ကလည်း ဆိုရှယ်မီဒီယာများမှတစ်ဆင့် ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။

    PHOTO: Paul Walker is best known for his role in the 2009 film Fast & Furious. (Reuters: Stefan Wermuth)