News @ M-Media
Blog
  • ၂၀၁၀-ပြည့်နှစ်နောက်ပိုင်း ဗန်ကောက်မြို့မှ အကြီးကျယ်ဆုံး ဆန္ဒပြမှု
    ဒီဇင်ဘာ ၃၊ ၂၀၁၃
    M-Media
    thai-amnesty-protest
    လူပေါင်းတစ်သိန်းခန့်ရှိမည့်အစိုးရဆန့်ကျင်ရေးဆန္ဒသမားများသည် ထိုင်းနိုင်ငံ၏ မြို့တော်တွင် စုရုံးချီတက်ခဲ့ကြပါသည်။ ဗန်ကောက်မြို့၏ လူလတ်တန်းစားများနှင့် ထုတ်ပယ်ခံခဲ့ရသောဝန်ကြီးချုပ် ဟောင်းသက်ဆင်၏ အများစုသောကျေးလက်အခြေခံလူတန်းစားများအကြား တငွေ့ငွေ့ဖြစ်နေသော တင်းမာမှုသည် ပိုမိုတောက်လောင်လာမည့်ကို ခြိမ်းခြောက်ခံနေရသလို ဖြစ်နေပါသည်။
    ဆန္ဒပြပွဲကို အတိုက်အခံဒီမိုကရက်ပါတီက ဦးဆောင်နေပြီး ၂၀၁၀ခုနှစ်၊ဧပြီလက ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုနောက်ပိုင်းအကြီးဆုံးဆန္ဒပြပွဲဖြစ်ပါသည်။ 2010၊ဧပြီလက သက်ဆင်၏ အနီရောင်အင်္ကျီ ၀တ်ဆင်သူများက ဗန်ကောက်မြို့ကို ရပ်တန့်သွားစေပြီး ဒီမိုကရက်တစ်ပါတီအစိုးရကို ရာထူးမှ ဖယ်ရှားရန် ကြိုးစားခဲ့ပါသည်။
    သက်ဆင်၏ ညီမဖြစ်ပြီး 2011-ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရပြီး ၀န်ကြီးချုပ်ဖြစ်လာသူ ယင်းလပ်ခ်သည် အဆိုပါရွေးကောက်ပွဲတွင် ဗန်ကောက်မြို့၏ လူကုံတန် အသိုင်းအ၀ိုင်း၊ ထိပ်တန်း စစ်ဗိုလ်ချုပ်များကြီးများ၊ ဘုရင့်အတိုင်ပင်ခံများ၊ အလယ်အလတ်တန်းစားဗျူရိုကရက်များ၊ စီးပွားရေး ခေါင်းဆောင်များနှင့် ငွေကြေးချမ်းသာသူ မိသားစုများကို ရှုံးနိမ့်စေပြီး သာမန်လက်လုပ်လက်စားများကို အနိုင်ရရှိစေခဲ့ပါသည်။
    လွန်ခဲ့သောနှစ်နှစ်တာကာလအတွင်း ငြင်သာစွာတည်ငြိမ်နေခဲ့ပြီးနောက် ဆန့်ကျင်ဖက်နိုင်ငံရေး အင်အားစုများအကြား အက်ကြောင်းများပေါ်ပေါက်လာခဲ့သည်။
    နိုဝင်ဘာ ၂၄ ရက်နေ့က  အစိုးရထောက်ခံသောအင်္ကျီအနီရောင် ၀တ်ဆင်ထားသူလူပေါင်း လေးသောင်းခန့်သည် ဗန်ကောက်မြို့ အစွန်ရှိ အားကစားကွင်းသို့ စုရုံးရောက်ရှိကြပြီး အစိုးရကို ထောက်ခံကြောင်းပြသခဲ့ ကြပါသည်။ အများစုသည် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းပြည်နယ်များမှ ကျေးလက်နေပြည်သူများ ဖြစ်ပြီး ဘတ်စ်ကားများဖြင့် လာရောက်ကြကြောင်းဖြစ်ပါသည်။
    အစိုးရက ထောက်ခံထားသောလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုသည့်အဆိုမူကြမ်းအရ သက်ဆင်သည် ပြည်တော်ပြန်ရန် ဦးတည်မှုအပေါ်တွင် ဆန့်ကျင်ဖက် ဆန္ဒပြမှုများသည် ရက်သတ္တပတ် များစွာရှိနေခဲ့ ပါသည်။ မစ္စတာဆူသက်သောင်ဆူဘန်သည် ဒီမိုကရက်ပါတီ ဦးဆောင်ခဲ့သော ယခင် အစိုးရလက်ထက်က ဒုတိယ၀န်ကြီးချုပ်ဖြစ်ခဲ့ပြီး ယခုတွင်မူ လက်ရှိအစိုးရကို ဆန့်ကျင်နေသည့် ဆန္ဒပြပွဲကြီးကို ခေါင်းဆောင်နေ သူဖြစ်ပါသည်။ သူက လက်ရှိအစိုးရကို လုံးဝပြောင်းလဲပေးရန် တောင်းဆိုနေပါသည်။ သူ၏ အဖွဲ့ဝင်များ သည် ဗန်ကောက်မြို့၏ လမ်းမကြီး(၁၂)ခုတွင် ချီတက်ဆန္ဒပြရန် ယနေ့တွင် စီစဉ်ထားပြီး အစိုးရ၀န်ထမ်း များလည်း ပါဝင်ဆင်နွှဲရန် တိုက်တွန်းထားပါသည်။
    လေ့လာသူများအဆိုအရ မစ္စတာဆူသက်သည် စစ်တပ်နှင့် တရားရုံး၏ ပါဝင် ပတ်သက်မှုကို ဖော်ဆောင်နိုင်ပါမည်။ ထိုင်းတရားရုံးများက သက်ဆင်ဦးဆောင်ခဲ့သော အစိုးရ အဖွဲ့ဝင်များကို ၂၀၀၈-ခုနှစ်က ဖြုတ်ချနိုင်ခဲ့ပါသည်။
    ယင်းလပ်ခ်၏ ဖြူထိုင်း ပါတီသည် ပြီးခဲ့သော အပတ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ယင်းပါတီက တင်သွင်းခဲ့သည့် အထက်လွှတ်တော်ကို လုံးဝရွေးကောက်ခံထား ရသူများနှင့်သာ ဖွဲ့စည်းရန် အဆိုကို ပယ်ချခြင်းခံခဲ့ရပါသည်။ ယင်း ပယ်ချခံရမှုသည် နိုင်ငံ၏ အရှေ့မြောက်နှင့်
    မြောက်ပိုင်းပြည်နယ် များရှိ သူမကို ထောက်ခံသူ အများစု၏ထောက်ခံမှုဖြင့် သူမ၏  အစိုးရကို ပိုမိုအားကောင်းစေနိုင်ပါသည်။
    Ref: ရိုက်တာ
    မောင်ထွေးဝင်း(ဓနုဖြူ)
  • ဒီဇင်ဘာ ၃၊ ပြည်တွင်းသတင်းတို စုစည်းမှု
    ဒီဇင်ဘာ ၃၊ ပြည်တွင်းသတင်းတို စုစည်းမှု
    ဒီဇင်ဘာ ၃၊ ၂၀၁၃
    M-Media
    – OIC အား ဆန္ဒပြရာတွင် အစ္စလာမ်ဘာသာအား စော်ကားသော ပိုစတာ ကိုင်ဆောင်ခဲ့မှုအား ပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့် အရေးယူစုံစမ်းမှု ပြုလုပ်နေပြီဟု ရန်ကုန်မြို့ ဗဟန်းရဲစခန်းက အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။
    – သံတွဲမြို့ အကြမ်းဖက်မှုအား ဦးဆောင်သူများဟု နာမည်ကြီးသည့် ဖမ်းဆီးထားသော RNDP ဥက္ကဋ္ဌ ဦးစောလှိုင်၊ ရဲအောင်လံ ကျော်ကျော်အပါအ၀င် အဓိက ဦးဆောင်သူများအား ယနေ့မှာ အာမခံနှင့် ပြန်လွှတ်လိုက်သည့်အတွက် သံတွဲမြို့ခံများအနေနှင့် စိုးရိမ်မှုများ ရှိနေကြောင်း ပြောပြလာပါသည်။
    – ပုဒ်မ ၁၈ အပါအ၀င် ဒီမိုကရေစီ နိုင်ငံနှင့် မသင့်လျော်ပဲ ပြည်သူလူထုအား နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများအား ဒီမိုကရေစီနိုင်ငံနှင့်အညီ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်ကိုက်ညီရန်လိုအပ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိလွှတ်ပေးရေး၊ တရားစွဲဆိုမှုများအား ပလပ်ရေး၊ ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်မှုကို ခွင့်ပြုသည့် သီးခြားနေရာသတ်မှတ်ရန်တို့ကို ပူးပေါင်း ဆန္ဒထုတ်ဖော်တင်ပြရန် အစရှိသည်တို့ အဖွဲ့အစည်း ၅၂-ဖွဲ့၏ သတင်းစာရှင်းလင်းပွဲ နောက်ဆက်တွဲအဖြစ် ဆန္ဒထုတ်ဖော်တင်ပြရန် အကြို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
    – မန္တလေးမြို့ရှိ ဒိုင်းမွန်းပလာဇာ ယာဉ်ရပ်နားနေရာတွင် ယမန်နေ့ည ၈-နာရီဝန်းကျင်ခန့်က ဗုံးဟု ယူဆရသောအရာအား တွေ့ရှိခဲ့သော်လည်း ဗုံးမဟုတ်ပဲ ၃လက်မခွဲအရှည် သတ္တုချောင်းအား ဒိုင်ခွက်နာရီဖြင့် တွဲထားပြီး ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း တိုင်းရဲတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။
    – မြန်မာနိုင်ငံတွင် လွတ်လပ်မှုများ ဖြစ်ပေါ်တိုးတက်လာသည်ဟု ဆိုသော်လည်း ဥပဒေပညာရှင် ရှေ့နေများသည် ကန့်သတ်ချုပ်ချယ်မှုများနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် နိုင်ငံရေးနှင့် ဆက်နွယ်သည့် အမှုများကို လိုက်ပါဆောင်ရွက်သည့် ရှေ့နေများအတွက်လည်း အာဏာပိုင်များ၏ ကန့်သတ်ချုပ်ချယ်မှုများ ရှိနေသည့်အတွက် တရားဥပဒေ စိုးမိုးရေးကို များစွာ ထိခိုက်စေကြောင်း ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် (ICJ)က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် တွေ့ရှိရသည်။
    – နည်းပညာတက္ကသိုလ်ကျောင်းများတွင် AGTI, B-Tech များအောင်မြင်ပြီး ပေါင်းကူးတန်းကို တက်ရောက်ခွင့်မရှိသူများအနေဖြင့် ၀င်ခွင့်စာမေးပွဲကိုကျင်းပပေးရန် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်းဖြစ်ကြောင်း ရှင်းလင်းပွဲကို နစ်နာခဲ့သူများမှ ယနေ့ ဒီဇင်ဘာ ၃-ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
    – လူနှစ်ဦး လိုက်ပါစီးနင်းနိုင်သည့် ရဟတ်ယာဉ်အား မြန်မာနိုင်ငံတွင် ရောင်းချရန်နှင့် ရဟတ်ယာဉ်ထုတ် စက်ရုံတည်ဆောက်ရန် အမေရိကန်နိုင်ငံ အခြေစိုက် Robinson Helicopter ကုမ္ပဏီမှ စီစဉ်နေကြောင်း သိရပါသည်။
    – မြန်မာနိုင်ငံတွင် မကြာမီ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇-ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပွဲတော် အထိမ်းအမှတ် အမှတ်တရ ဈေးရောင်းပွဲတော်ကြီးကို ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)တွင် ဒီဇင်ဘာလ ၃-ရက်နေ့မှ ဒီဇင်ဘာလ ၇-ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ပါသည်။
    – မိတ္ထီလာ CAMP အတွင်းရှိ ချမ်းအေးသာယာရပ်ကွက်တွင် နေထိုင်ခဲ့သူ အကြမ်းဖက်ခံရသူများ မြေနေရာပြန်ပေးပြီး အချို့အား တိုက်ခန်းများဆောက်လုပ်ပေးမည်ဟု နိုဝင်ဘာ ၃၀-ရက်နေ့က အစည်းအဝေးတွင် သဘောတူညီချက်အား အကြမ်းဖက်ခံရသူများမှ သဘောတူညီလိုက်ကြောင်း သိရသည်။
    #MMedia_MyanShortNews
  • ဒီဇင်ဘာ ၃၊ အားကစားသတင်းများ စုစည်းမှု
    ဒီဇင်ဘာ ၃၊ အားကစားသတင်းများ စုစည်းမှု
    ဒီဇင်ဘာ ၃ ၊ ၂၀၁၃
    M-Media
    338814_heroa
    –  ချန်ပီယံလိဂ်တွင် အေဂျက်နှင့် လိဂ်ပွဲစဉ်တွင် ဘီဘာလ်အိုအသင်းတို့အား နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ထားသော်လည်း အသင်းတွင် ယုံကြည်မှုမပျက်သုဉ်းဟု ဘာကာအသင်း ကွင်းလယ်လူ အင်နီယေစတာက ပြောဆိုလိုက်သည်။ ထို့ပြင်ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး အာဂျင်တီးနားတွင် ဆေးကုသမှုခံယူနေရသည့် မက်ဆီမှာလည်း လေ့ကျင့်ခန်းပြန်ဆင်းနေပြီဟု သိရသည်။
    –  အဝေးကွင်းတွင် လာဇီယိုအား ၄-ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ပြသခဲ့သော တိုက်စစ်မှူး ဟီဂူအင်၏ခြေစွမ်းအား နာပိုလီနည်းပြ ဘင်နီတက်ဇ်က ချီးကျူး လိုက်ပြီး၊ ဟီဂူဟင်မှာ လာဇီယို နောက်ခံလူများ ကြောက်ရွံ့ရသူတစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထိုပွဲတွင် ၂ ဂိုး သွင်းယူပေးခဲ့သည့် ဟီဂူအင်မှာ နာပိုလီအသင်းသို့ ရောက်ရှိလာပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလက အသင်းအတွက် ပထမဦးဆုံးဂိုးကို သွင်းယူပေးခဲ့ပြီး နောက်ပိုင်းတွင် အသင်းအတွက်အရေးပါသော ဂိုးများကို သွင်းယူပေးနေသူဖြစ်သည်။ ဟီဂူအင်မှာ အသင်းအတွက် ထူးခြားမှုများကို ပြုလုပ်နိုင်သူဖြစ်ကြောင်း ဘင်နီတက်ဇ်က ထပ်လောင်းပြောကြားခဲ့သည်။
    –  အသင်းရှိ တိုစစ်မှူး ကာကာမှာ အေစီမီလန်အသင်း၏ စိဓာတ်ပိုင်းဆိုင်ရာကို ပုံဖော်သူတစ်ဦးဖြစ်ပြီး၊ စိတ်ပျက်စရာကောင်းသည့် ရလဒ်များကို ကျော်လွန်ပြီးနောက် အသင်းအား ဦးဆောင်သူဖြစ်လာသည်ဟု အေစီမီလန်အသင်းနည်းပြ ကာပယ်လိုက ချီးကျူးပြောဆိုလိုက်သည်။ ကာကာမှာ တနင်္ဂနွေနေ့က ကစားခဲ့သည့် ကာတာနီယာ အား ၃-ဂိုး ၁-ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် အသင်းအတွက် ၁ ဂိုး သွင်းယူပေးခဲ့သည်။ ထိုပွဲအနိုင်မှာ စီးရီးအေတွင် ရလဒ်မကောင်းဖြစ်နေသည့် အသင်းနှင့် နည်းပြကာပယ်လိုအတွက် ဖိအားများလျော့ကျစေခဲ့သည့် အနိုင်လည်း ဖြစ်ခဲ့သည်။
    –  အသင်းရှိ ကွင်းလယ်လူ အန်ဒရီယာ ပီယာလိုမှာ အူးဒီးနီးစ်နှင့်ပွဲတွင် ညာဘက် ဒူးခေါင်းအရွတ် စုတ်ပြဲသွားပြီး မည်မျှကြာအောင် ကုသရမည်ကို မသိရှိရသေးဘဲ၊ ပဏာမ စစ်ဆေးမှုများအရ တစ်လခန့်အနားယူရဖွယ်ရှိသည်ဟု ဂျူဗင်တပ်စ်အသင်းက အသင်း၏ ၀ဘ်ဆိုဒ်မှ တစ်ဆင့် ကြေညာခဲ့သည်။ ပွဲအစ ၆ မိနစ်တွင် ပီယာလိုမှာ ဒဏ်ရာရရှိသွားခြင်းဖြစ်ပြီး ၁၅ မိနစ်ခန့်တွင် လူစားလဲခဲ့ရသည်။
    –  မိမိအားစော်ကားသည့် မှတ်ချတ်အပေါ် ဆပ်ဘလတ္တာက ပြန်လည်တောင်းပန်ခဲ့သော်လည်း ထိုတောင်းပန်မှုအား ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပျက်ရယ်ပြုလိုက်ပြီး၊ မိမိမှာ ယခုနှစ်ရာသီတွင် အကောင်းဆုံပုံစံရှိနေသည်ဟု ပြောကြားလိုက်သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဘလတ္တာမှာ ပြီးခဲ့သည့် အောက်တိုဘာလက အောက်စဖို့ဒ်တွင် ရော်နယ်ဒိုမှာ ဆံသဆိုင်တွင်သာ အချိန်ကုန်သော ကစားသမားဖြစ်သည်ဟု မှတ်ချက်ပေးခဲ့ပြီးနောက်ပိုင်းတွင် ထိုစကားအတွက် ပြန်လည်တောင်းပန်ခဲ့သည်။
    –  အရန်ခုံတွင် ထိုင်ရန် သတ်မှတ်ခြင်းခံထားရသည့် အသင်းရှိ ကွင်းလယ်ကစားသမား ဘင်အာဖာနှင့် တိုက်စစ်မှူး ဆစ်ဆိုကိုတို့မှာ အသင်းတွင် ပြန်လည်ပါဝင်ရန် အတွက် အချိန်စောင့်ရန်လိုအပ်သည်ဟု နယူးကာဆယ်အသင်း၏ နည်းပြဖြစ်သူ အလန်ပါဂျူးက ပြောကြားလိုက်သည်။ နယူးကာဆယ်အသင်းမှာ ယခုနောက်ပိုင်းတွင် ခြေစွမ်းကောင်းများကို ပြသနေပြီး ချယ်ဆီးနှင့် တော့တင်ဟမ်အသင်းများအပါအ၀င် လေးပွဲဆက် အနိုင်ကစားနိုင်ခဲ့ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်ခြောက် အထိ တက်လာနိုင်ခဲ့ပြီးနောက် ပါဂျူးအား အသင်း၏ ပုံစံအား ပြောင်းလဲချင်နေသည်။
    –  စပါးနည်းပြ ဗီလာဘိုအားစ်အနေဖြင့် သတင်းသမားများ၏ ဝေဖန်မှုများနှင့် ပက်သက်၍ ရင့်ကျက်မှုကို ပိုမိုပြသသင့်သည်ဟု ၀က်ဟမ်းအသင်း၏ နည်းပြဖြစ်သူ ဆမ်အလာဒွိုက်စ်က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် စနေနေ့က မန်ယူအသင်းနှင့် ၂ ဂိုးစီ သရေကျခဲ့သည့် ပွဲအပြီးတွင် အချို့သော မီဒီယာများက စပါးအသင်းနှင့် ပက်သက်၍ မမျှမတ ပြောဆိုရေးသားကြသည်ဟု ဗီလာဘိုအားစ်က ပြောကြားခဲ့ခြင်းကို ရည်ညွှန်း၍ ဆမ်အလာဒွိုက်စ်က မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
  • AGTI, B-Tech ဖြင့်နစ်နာခဲ့သူများ ၀င်ခွင့် ဖြေဆိုခွင့်ရရှိရန် တောင်းဆိုသွားမည်
    AGTI, B-Tech ဖြင့်နစ်နာခဲ့သူများ ၀င်ခွင့် ဖြေဆိုခွင့်ရရှိရန် တောင်းဆိုသွားမည်
    ဒီဇင်ဘာ ၃၊ ၂၀၁၃
    M-Media
    သူရိန်
    1
    ရန်ကုန် ။    ။     နည်းပညာတက္ကသိုလ်ကျောင်းများတွင် AGTI, B-Tech များအောင်မြင်ပြီး ပေါင်းကူးတန်းကို တက်ရောက်ခွင့်မရှိသူများအနေဖြင့် ၀င်ခွင့်စာမေးပွဲကိုကျင်းပပေးရန် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်းဖြစ်ကြောင်း ရှင်းလင်းပွဲကို နစ်နာခဲ့သူများမှ ယနေ့ ဒီဇင်ဘာ ၃-ရက်နေ့တွင် ပြုလုပ်ခဲ့ကြပါတယ်။
    အဆိုပါ နစ်နာခဲ့သူများ၏ တောင်းဆိုမှုလက်မှတ်များကို စုစည်းကာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ် ရုံးခန်း၌ ယနေ့ပြုလုပ်သော ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှသိရပါတယ်။
    ယခုအခါ ရန်ကုန်ဘက်မှ နစ်နာသူများ၏ လက်မှတ်၃၀၀ကျော်ကို လက်ခံရရှိပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသေးသော နစ်နာသူများ၏ လက်မှတ်တစ်ထောင်ကျော်ကိုစုပေါင်း ကာ ဒီဇင်ဘာလအတွင်း တင်ပြတောင်းဆိုသွားမည်ဖြစ်ဟု ၂၀၁၂ခုနှစ်တွင်B-Tech တန်းဖြင့် အောင်မြင်ခဲ့သော ကိုတင်ကိုကိုကပြောပါတယ်။
    ဆက်လက်၍ ၎င်းက နစ်နာခဲ့မှုများနှင့်ပတ်သက်ပြီး  “အရင်စနစ်က ဂုဏ်ထူးတန်းပါမှဆက်တက်ခွင့်ရမယ်။ ဂုဏ်ထူးတန်းဆိုတာကလည်း နှိုင်းယှဉ်ချက်တွေရှိတယ်လေ။ ၂၀၁၂နှင့် ၂၀၁၃ယှဉ်ပြသလိုပေါ့။ ဒီနှစ်မှာ ဂုဏ်ထူးတန်းကို ဘယ်နှမှတ်နှင့် ဖြတ်ပြီး နောက်နှစ်မှာ ဂုဏ်ထူးတန်းကို ဘယ်နှမှတ်ဖြတ်လဲဆိုတာ ကျွန်တော်တို့က သိမှ မသိတာ” ဟု ရှင်းလင်းပြောပြခဲ့ပါတယ်။
    သတင်းစာရှင်းလင်းပွဲတွင် သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က  “နည်းပညာတက္ကသိုလ်များတွင်Entrance စာမေးပွဲကျင်းပပေးရန်
    သက်ဆိုင်ရာဝန်ကြီးသို့ မေးခွန်းမေးမြန်းခြင်းဆိုတဲ့စာရထားတယ်။ ဒါကြောင့် န၀မအကြိမ်လွှတ်တော်မှာ နစ်နာမှုပေါ့။ ဒီနစ်နာမှုဟာ နိုင်ငံသားတွေရဲ့ နစ်နာမှု ဖြစ်တယ်။ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ကျောင်းသားလူငယ်တွေရဲ့ အခက်အခဲလည်းဖြစ်တဲ့အတွက် လွှတ်တော်မှာဒီကိစ္စကို မေးခွန်းမေးပေးဖို့ ကျွန်တော်တို့ပြင်ဆင်ထား ပါပြီ” လို့ပြောပါတယ်။
    ၂၀၁၂ နှစ်ဆန်းပိုင်းမှစ၍ အင်ဂျင်နီယာ ပညာရေးကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ရာ နစ်နာသူအချို့ရှိကြောင်း ရှိခဲ့ကြောင်း သိရပြီး ကျောင်းများတွင် ဖတ်စာအုပ်မလုံလောက်ခြင်း၊ သင်ကြားသည့်ဆရာနှင့် ကျောင်းသားဦးရေ အချိုးမညီမျှခြင်း၊ အမှတ်ပေးစည်းမျဉ်းပုံစံများ တသမတ်တည်းမရှိခြင်း တို့ကြောင့် ပေါင်းကူးတန်းများတွင် နစ်နာမှုများပိုမိုရှိခဲ့ခြင်းလည်းဖြစ်သည်။ အင်ဂျင်နီယာပညာရေးနှင့် ပတ်သက်၍ ယခင်စနစ်ဟောင်းတွင် AGTI သင်တန်း၂နှစ်
    တက်ရောက်ရပြီး   AGTI ဒုတိယနှစ်တွင် ဂုဏ်ထူးရရှိပါက  B-Tech  တန်းသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။  B-Tech တန်းတွင်လည်း အလားတူပုံစံဖြစ်ပြီး
    ဂုဏ်ထူးရပါမှ  BE တန်းကိုဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ ယမန်နှစ်၂၀၁၂မှစတင်သော စနစ်သစ်ပညာရေးတွင်မူ ၄-နှစ်ဆက်တိုက် ကျောင်းတက်ရမည်ဖြစ်ပြီး  B-Tech ဘွဲ့ကိုတိုက်ရိုက်ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။
    ထူးချွန်သူများအနေဖြင့် M-Tech တန်းကိုတက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ BEဘွဲ့ကိုမူ   Centre of Excellence ကျောင်းများဖြစ်သည့် ရန်ကုန်နည်းပညာ တက္ကသိုလ် (ယခင်RIT )နှင့် မန္တလေးနည်းပညာတက္ကသိုလ် (MTU)ကျောင်းနှစ်ကျောင်းမှသာ သီးသန့်အတန်းများဖွင့်ကာ တိုက်ရိုက်ချီးမြှင့်မည် ဖြစ်ကြောင်းလည်း သိရပါတယ်။
  • ဒီဇင်ဘာ ၃၊ နိုင်ငံတကာ သတင်း စုစည်းမှု
    ဒီဇင်ဘာ ၃၊ နိုင်ငံတကာ သတင်း စုစည်းမှု
    ဒီဇင်ဘာ ၃ ၊ ၂၀၁၃
    M-Media
    အမျိုးသားတစ်ဦးအား ပစ်သတ်မိခဲ့ခြင်းနှင့် ပတ်သက်၍ အိုက်စလန် ရဲများ ပြန်လည်တောင်းပန်
    ရဲတပ်ဖွဲ့က ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ခုအတွင်း အမျိုးသားတစ်ဦးအား ပစ်သတ်မိခဲ့ခြင်းအတွက် နောင်တရမိသည်ဟု အိုက်စလန်ရဲတပ်ဖွဲ့က ၀န်ချတောင်းပန် ခဲ့သည်။
    ထိုဖြစ်ရပ်မှာ ယမန်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲသားနှစ်ဦးမှာ Reykjavik မြို့ ဆင်ခြေဖုံးဒေသရှိ တိုက်ခန်းတစ်ခုအတွင်းသို့ ၀င်ရောက်စဉ် ထိုတိုက်ခန်း အတွင်းမှ အသက် ၅၀ ၀န်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးကသေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ထိုရဲသားနှစ်ဦးမှာ သေနတ်မပါ သွားခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီး ရဲအရာရှိများလာရောက်ကာ ထိုအမျိုးသားအား ပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိသွားပြီး ဆေးရုံ အရောက်တွင် သေဆုံးသွားခဲ့သည်။
    အခင်းဖြစ်ချိန်အတွင်း ရဲတပ်ဖွဲ့ဝင်များက ထိုတိုက်ခန်းအား ၀ိုင်းရံထားခဲ့ပြီး ထိုအမျိုးသားအား လက်နက်ချရန် ပြောကြားခဲ့ကြောင်း၊ သို့သော်လည်း မအောင်မြင်ခဲ့ဘဲ ထိုအမျိုးသားက စတင်ပစ်ခတ်ခတ်ခဲ့သောကြောင့် မိမိတို့အနေဖြင့် အရေးယူဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုအမျိုးသား သေဆုံးသွားခဲ့သည့် အတွက် မိမိတို့ အနေဖြင့် နောင်တရမိပြီး မိသားစုဝင်များအား ၀မ်းနည်းကြောင်း ပြောကြားလိုကြောင်း Reykjavik ဒေသ၏ ရဲတပ်ဖွဲ့ အကြီးအကဲ အတီဖင် အဲရစ်ဆန်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    လူဦးရေ ၃ သိန်း ၄ သောင်းသာရှိသည့် အိုက်စလန်နိုင်ငံတွင် ရာဇ၀တ်မှုများမှာ အဖြစ်နည်းလှပြီး၊ သေနတ်ဖြင့် ပစ်ခတ်မှုများမှာ မရှိသလောက်ရှားပါးသည်။
    Photo-AFP, Ref: aljazeera
    1477713_628455307196943_1204899860_n________________________
    အရှေ့အလယ်ပိုင်းတည်ငြိမ်ရေးနင့် ဆီးရီယား ပြဿနာအတူတကွဖြေရှင်းကြရန် အီရန်ပြော
    အရှေ့အလယ်ပိုင်းဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဆီးရီယားပြဿနာအား ဖြေရှင်းရာတွင် အတူတကွပူပေါင်းဆောင်ရွက်ရန်အတွက် မတူညီမှုများအား ရှောင်ရှားကျော်ဖြတ်ရန် ပင်လယ်ကွေ့နိုင်ငံများအား အီရန်နိုင်ငံခြာရေးဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရစ်ဖ်က မေတ္တာရပ်ခံခဲ့သည်။ ယမန်နေ့က အလ်ဂျာဇီးရား ရုပ်သံမှ ထုတ်လွှင့်သော Talk to Al Jazeera အစီအစဉ်တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ကာတာနိုင်ငံ ဒိုဟာမြို့သို့ရောက်ရှိနေသာ ဇာရစ်ဖ်က အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဖြစ်ပွားနေသာ အကြမ်းဖက်မှုများနှင့် အကြမ်းဖက်ဝါဒအား တွန်းလှန်ရန် လိုအပ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ________________________
    သမ္မတဟာမစ်ကာဇိုင်း သဘောမတူလျှင် နေတိုးတပ်များ ၂၀၁၄ တွင် အာဖဂန်မှ ထွက်ခွါရမည်။
    အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းအနေဖြင့် အမေရိကန်နှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပါက နိုင်ငံအတွင်းရှိ နေတိုးတပ်များမှာ ၂၀၁၄ နှစ်ကုန်ပိုင်းတွင် ထွက်ခွာရမည်ဟု မဟာမိတ် တပ်ဖွဲ့အကြီးအကဲ ဖော့ဂ် ရက်စ်မွတ်စ်ဆန်က ကြေညာခဲ့သည်။
    ထိုကြေညာချက်မှာ ယမန်နေ့က ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ ၂၀၁၄ အလွန် အာဖဂန်တွင် အမေရိကန်တပ်များ ဆက်လက်ရှိနေရန် ရည်ရွယ်ထားသည့် လုံးခြုံဆိုင်ရာ သဘောတူညီချက်နှင့် ပတ်သက်၍ အာဖဂန် မျိုးနွယ်စု ခေါင်းဆောင်များအဖွဲ့ Loya Jirga မှ ဆွေးနွေးပြီးနောက်ပိုင်း သီတင်းပတ်အနည်းငယ်တွင် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
    သမ္မတဟာမစ်ကာဇိုင်းကမူ ထိုသဘောတူညီချက်အား လာမည့်နှစ် ဧပြီလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီအထိ လက်မှတ်ထိုးမည် မဟုတ်ဟု ပြောကြားထား သည်။
    ________________________
    ဆီးရီးယားမှ ရာဇဝတ်မှုများ အာဆတ်နှင့် အစိုးရအရာရှိများ အဓိကတာဝန်ရှိဟု ကုလစစ်ဆေးရေးအဖွဲ့ပြော
    ဆီးရီယားနိုင်ငံတွင် စစ်ရာဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည့် ကုလသမ္မဂ စုံစမ်းစစ်ဆေး ရေးမှုးများမှ စုဆောင်းမိသော အချက်အလက်များအရ ဆီးရီးယားရှိ စစ်ရာဇ၀တ်မှုများတွင် ဆီးရီးယား သမ္မတ ဘာရှာအလ်အာဆတ် အပါအ၀င် အစိုးရအကြီးတန်း တာဝန်ရှိသူများမှာ အရေးပါသော နေရာမှပါဝင်နေသည်ဟု ကုလ လူ့အခွင့်အရေး အကြီးအကဲက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ________________________
    ဆန္ဒပြမှုများအား အရှိန်မြှင့်သွားမည်ဟု ထိုင်းအတိုက်အခံခေါင်းဆောင်ဆို
    အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများဖြစ်ပွားနေသော်လည်း ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာ အနေဖြင့် အာဏာအား စွန့်လွှတ်ရန် ငြင်းဆန်နေသောကြောင့် ဆန္ဒပြမှုများအား ဆက်လက်အရှိန်မြှင့်လုပ်ဆောင် သွားမည်ဟု အတိုက်အခံ ခေါင်းဆောင် ဆွန်သပ် သောင်ဆူဘန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ဆန္ဒပြမှုများအဆုံးသတ်ရန် မိမိအနေဖြင့် မည့်သည်အရာကိုမဆို ပြုလုပ်ရန် ဆန္ဒရှိသည်ဟု ယင်းလပ်က ယမန်နေ့က ပြောကြားခဲ့သော်လည်း၊ ရွေးကောက် တင်မြှောက်ထားခြင်း မရှိသည့် ကြားဖြတ်ကောင်စီအား အာဏာလွှဲပေးရန် အတိုက်အခံဘက်မှ တောင်းဆိုမှုအား လိုက်လျောမည် မဟုတ်ဟု ရှင်းလင်းစွာပြောကြားခဲ့သည်
    ________________________
    WTO ၏ ကိုးကြိမ်မြောက်အစည်းအဝေး ဘာလီတွင်ကျင်းပ
    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO အဖွဲ့၏ ကိုးကြိမ်မြောက် ၀န်ကြီးများအစည်းအဝေးကို ယနေ့နေ့လည်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပမည်ဟုသိရသည်။ လေးရက်တာကြာမြင့်မည့် အဆိုပါအစည်းအဝေးတွင် အဖွဲ့ဝင် ၁၉၅ နိုင်ငံမှ တာဝန်ရှိသူများမှာ ကုန်သွယ်ရေးဆိုင်ရာအခက်အခဲများကိုဖြေရှင်းမည်ဖြစ်ပြီး၊ ကုန်သွယ်ရေး ကိစ္စများ လွယ်ကူမှု၊ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ခြုံငုံပါဝင်မည့် ကမ္ဘာ့လုံးဆိုင်ရာ ကုန်သွယ်ရေး သဘောတူညီချက် တစ်ခုကို လည်း အဆုံးသတ်ဆွေးနွေးမည်ဟု သိရသည်။
    ________________________
     နျူးကလီးယားထိပ်ဖူးတပ်ဆင်နိုင်မည့် ဒုံးကျည်အသစ်အား အိန္ဒိယ အောင်မြင်စွာပစ်လွှတ်
    Prithvi II အမည်ရ နျူးကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သည့် ပြည်တွင်းဖြစ် ဒုံးကျည်တစ်ခုကို အိန္ဒိယနိုင်ငံအရှေ့ပိုင်း Odisha ပြည်နယ်၌ ယနေ့တွင်အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်ဟု သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။ ထိုဒုံးကျည်မှာ ၅၀၀ ကီလိုဂရမ်အလေးချိန်ရှိ ၀န်ပမာဏကို တင်ဆောင်နိုင်မည်ဖြစ်ပြီး ကီလိုမီတာ ၃၅၀ အထိ ရောက်ရှိနိုင်မည်ဖြစ်သည်။
    ________________________
    ဟာဝိုင်ယီတွင် ငါးဖမ်းနေသူတစ်ဦး ငါးမန်းကိုက်ခံရ
    ဟာဝိုင်ယီကျွန်းတွင် ကယက်လှေဖြင့် ငါးဖမ်းနေသူတစ်ဦးမှာ ငါးမန်းကိုက်ခံရမှုကြောင့် သေဆုံးသွားခဲ့သည်ဟု အာဏာပိုင်များက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
    ဟာဝိုင်ယီ Maui ကျွန်းရှိ Makena State အပန်းဖြေ ဧရိယာအတွင်း ယမန်နေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ သေဆုံးသွားသူမှာ ကယက်လှေ၏ အစွန်းတွင် ခြေထောက်တွဲလောင်းချ၍ ငါးမျှားနေစဉ် ငမန်းက ကိုက်ချီသွားခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသွားသူနှင့် အတူငါးမျှားရန် လိုက်ပါသွားသည့် သူငယ်ချင်းဖြစ်သူက ပြောကြားခဲ့သည်။
    အခင်းဖြစ်ပွားချိန်တွင် သူငယ်ချင်းဖြစ်သူမှာ ကိုက် ၅၀၀ ခန့် အကွာတွင် ရှိနေခဲ့ပြီး၊ အနီးအနားရှိ လှေငယ်တစ်စီး အားအကူအညီတောင်းခံခဲ့ပြီးနောက်၊ ငါးမန်းကိုက်ခံ ရသူအား ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း လမ်းတွင်းပင်သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
    ________________________
    ပါကစ္စတန်တွင် နျူဓာတ်အားပေးစက်ရုံအသစ် ၆ ခု တည်ဆောက်မည်
    နိုင်ငံအတွင်း နျူးကလီးယားဓာတ်ပေါင်းဖိုအသစ် ၆ လုံး ထပ်မံတည်ဆောက်မည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ဇ် ရှရစ်ဖ်က ပြီးခဲ့သည့် အင်္ဂါနေ့က ပြောကြားခဲ့သည်။
    ကရာချီတွင် ပြုလုပ်ခဲ့သည့် K-II၊ K-III စွမ်းအင်ပေရာဂျက် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ နျူးကလီယားစွမ်းအင် ကော်မရှင်က အရပ်ဖက်သုံး နျူဓာတ်အားပေးစက်ရုံးများဆောက်လုပ်ရန် နေရာ ၆ နေရာအား သတ်မှတ်ပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု The New International သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
    ထို့ကြောင့် ၂၀၅၀ ပြည့်နှစ်တွင် ပါကစ္စတန်အနေဖြင့် နျူးကလီးယား ဓာတ်အားပေးစက်ရုံများမှ ဓာတ်အား ၄၀၀၀၀ အထိ ထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး အစိုးရအနေဖြင့် လည်း နိုင်ငံအတွင်း စွမ်းအင် ပြတ်တောက်မှုအား ကျော်ဖြတ်နိုင်ရန် ဦးစားပေး၍ ဆောင်ရွက်နေသည်။
    ________________________
    နိုက်ဂျီးရီးယားမြောက်ပိုင်းတွင် ဘီယာများအား အစ္စလာမ်ဘာသာရေး ရဲများက ဖျက်ဆီး
    နိုက်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ မြို့တော် ကာနိုတွင် အစ္စလာမ်ဘာသာရေးရဲများက ဘီယာပုလင်း ၂၄၀၀၀ အား ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖျက်ဆီးခဲ့သည်ဟုသိရသည်။
    အစ္စလာမ့်ရရှီအာဥပဒေတွင် အရက်သေစာသောက်သုံးခြင်း၊ ရောင်းချခြင်းအား တားမြစ်ထားသည်။ ရှရီအာ ဥပဒေအား ထိုဒေသတွင် ၂၀၀၁ ခုကတည်းက ပြဌာန်းထားသော်လည်း ဟိုတယ်များနှင့် ခရစ်ယာန် ရပ်ကွက်များတွင် သောက်သုံးခြင်းအား အာဏာပိုင်များက လစ်လျူရှုထားကြသည်။
    လူမြင်ကွင်းတွင်ပြုလုပ်ခဲ့သည့် အဆိုပါ ဘီယာဖျက်ဆီးပွဲတွင် ဘာသာရေး ရဲတပ်ဖွဲ့အကြီးအကဲက ဒေသအတွင်း ဘီယာများ သောက်သုံးခြင်းများအား အဆုံးသတ်သွားအောင် ရဲတပ်ဖွဲ့ဝင်များက ပြုလုပ်ရမည်ဟု ပြောဆိုခဲ့သည်။
    ________________________