News @ M-Media

Blog

  • NTU ဘွဲ့ကြိုနည်းပညာ ကျောင်းသားများ တည်ဆောက်ခဲ့သော ဂြိုဟ်တုလွှတ်တင်

    NTU ဘွဲ့ကြိုနည်းပညာ ကျောင်းသားများ တည်ဆောက်ခဲ့သော ဂြိုဟ်တုလွှတ်တင်

    ဒီဇင်ဘာ ၄၊ ၂၀၁၃
    M-Media

    စင်ကာပူနိုင်ငံ၏ နန်ယန်နည်းပညာတက္ကသိုလ်မှ ဘွဲ့ကြိုကျောင်းသားများက တက္ကသိုလ်၏ ဓာတ်ခွဲခန်းအတွင်း တည်ဆောက်ခဲ့သော အလေးချိန်(1.33)ကီလိုဂရမ်ရှိသည့် Velox-P11ဟု အမည် ပေးထားသောဂြိုဟ်တုကို လွန်ခဲ့သောကြာသပတေးနေ့က ရုရှားဒုံးပျံ RS-20B ဖြင့် ညနေ(၃)နာရီ(၁၀)မိနစ် တွင် အာကာသတွင်းသို့ လွှတ်တင်ခဲ့ပါသည်။ ဂြိုဟ်တုကို ရုရှားနိုင်ငံ၊ အော်ရမ်ဘတ်ဒေသရှိ ယက်ဇနီ ဒုံးပျံ လွှတ်စင်မှ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံ၏ ဒုတိယမြောက်ဂြိုဟ်တုဖြစ်ပါသည်။ ပထမဂြိုဟ်တု ဖြစ်သော X-Sat ကို DSO အမျိုးသားဓါတ်ခွဲစမ်းသပ်မှုလုပ်ငန်းနှင့် ဤနည်းပညာကျောင်းတို့က ပူးပေါင်း တည်ဆောက်ခဲ့ကြပြီး ၂၀၁၁-ခုနှစ်၊ ဧပြီလက လွှတ်တင်ခဲ့ပါသည်။

    NTU ဟုခေါ်သည့် နန်ယန်း နည်းပညာတက္ကသိုလ်သည် ဘွဲ့ကြိုကျောင်းသားများအတွက် ဂြိုဟ်တု နည်းပညာကို ၂၀၀၉-ခုနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လာမည့်(၁၀)နှစ်အတွက် စီမံကိန်းချမှတ်ထားပါသည်။ ကျောင်းသားများကို ကျွမ်းကျင် ပညာရှင်များဖြစ်လာအောင် လေ့ကျင့်ပေးပြီး အနာဂတ်အာကာသ နည်းပညာဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်အောင် ရည်ရွယ်ထားပါသည်။ ထို(၁၀)နှစ်ကာလအတွင်း အသေးစားဂြိုဟ်တု(၄)လုံးခန့် ဆောက်လုပ်သွားရန် စီစဉ်ထားပါသည်။

    ယခုလွှတ်တင်လိုက်သော Velox-P11သည် ကမ္ဘာမြေပြင်အထက်ကီလိုမီတာ(၆၀၀)အကွာအဝေးရှိ နေပြီး ပုံသေနေရာယူထားသော ကမ္ဘာပတ်လမ်းကြောင်းပေါ်မှ မြေပြင်နှင့် အဆက်အသွယ်ပြုလုပ်နေပါသည်။ NTUသည် ဂြိုဟ်တုပြုလုပ်နိုင်သော စင်ကာပူနိုင်ငံ၏ ပထမဦးဆုံး တက္ကသိုလ်ဖြစ်ပြီး လက်ရှိအနေဖြင့် အလေး ချိန်(၄.၅)ကီလိုဂရမ်လေးသည့် အသေးစားဂြိုဟ်တုVelox-1 ကို တည်ဆောက်နေရာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး စမ်းသပ်မှုများ ဆောင်ရွက်ပြီးစီးပါက ၂၀၁၄-ခုနှစ်ဆန်းပိုင်းတွင် လွှတ်တင်မည်ဖြစ်ပါသည်။ NTU၏ ဂြိုဟ်တု လေ့လာ စမ်းသပ်ရေးဌာနသည် နိုင်ငံ၏ ပထမဦးဆုံး မိုးလေ၀သ လေ့လာရေးဂြိုဟ်တု တည်ဆောက်ရန် စီစဉ်နေပြီး ပုဂ္ဂလိက အဖွဲ့ဖြစ်သော DSO နှင့် ပူးပေါင်းပြီး အဝေးထိန်းစနစ် အသုံးပြုထား သည့်စီးပွားရေး ဂြိုဟ်တုတစ်လုံးကို တည်ဆောက်နေပါသည်။ ထိုဂြိုဟ်တုကို Teleos-1 ဟု အမည်ပေး ထားပါသည်။

    Ref: စင်ကာပူ Today သတင်းစာ

    မောင်ထွေးဝင်း(ဓနုဖြူ)

  • မြေပုံမြို့တွင် ချင်း ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦး အား ရပ်ကွက် အုပ်ချူပ်ရေးမှူးမှ ဓါတ်မီးဖြင့် ရိုက်မှုဖြစ်ပွား

    ဒီဇင်ဘာ ၄၊ ၂၀၁၃
    M-Media

    ရခိုင်ပြည်နယ် မြေပုံမြို့တွင် ချင်း ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦး အား ရပ်ကွက် အုပ်ချူပ်ရေးမှူးမှ ဓါတ်မီးဖြင့် ရိုက်မှုဖြစ်ပွား

    5712cafa73d3070fd3bcbae20b674ae5_L

    ရခိုင်ပြည်နယ် မြေပုံမြို့တွင် ချင်းလူမျိုး ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးဖြစ်သူ Cing Pian Langh ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှကျော်မှ  ဓာတ်မီးဖြင့် အကြောင်းမဲ့ အရိုက်ခံသည်ဟု သိရသည်။

    သာသနာပြုအဖွဲ့မှ  အသက် ၃၀ အရွယ် ဆရာတော် Langh မှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ ည ၉ နာရီခွဲခန့်က တယ်လီဖုန်းပြောဆိုနေစဉ် အရိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO မှ ဖော်ပြထားသည်။

    ချင်းပြည်နယ် တီးတိန်မြို့ဇာတိ ဆရာတော် Langh က “တလ်လီဖုန်းလိုင်းက မရှင်းတဲ့အတွက် ခြံစည်းရိုးနားထွက်ပြီး ဖုန်းပြောနေတဲ့အခါ၊ ဦးလှကျော်က သူ့လက်မှာကိုင်ထားတဲ့ ဓာတ်မီးကို ကျွန်တော့်မျက်နှာနား ရွယ်ပြီး ဘာတစ်လုံးမှ မပြောဘဲ ရိုက်လိုက်တာပါ။” ဟု CHRO သို့ ပြောကြားခဲ့သည်။

    ထိုအကြောင်းအရာအား မြေပုံမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း အုပ်ချုပ်ရေးမှူးမှာ ခရီးထွက်သွားသည်ဟု ပြောဆိုခဲ့ကြောင်း၊ ထို့နောက် သာသနာရေးဦးစီးဌာနသို့ အကြောင်းကြားခဲ့ကြောင်း၊ သို့သော်လည်း ထိုဌာမှ အကြီးအကဲက “ကျွန်တော့်အလုပ်နှင့် ဘာမှမဆိုင်” ဟု တုံ့ပြန်ပြောဆိုခဲ့ကြောင်း၊ အာဏာပိုင်များအနေဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်အရေးယူမှုမှ ပြုလုပ်ခြင်းမရှိကြောင်း ဆရာတော်က ထည့်သွင်းပြောကြားခဲ့သည်။

    မြန်မာနိုင်ငံဧ၀ံဂေလိအသင်းတော်(Evangelical Free Church of Myanmar) မှ ဆရာတော် CHing Pian Langh မှာ ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ မြေပုံမြို့တွင် ၂၀၁၃ အောက်တိုဘာလမှစ၍ သာသနာပြုလုပ်ငန်းများကို လုပ်ဆောင်နေသူဖြစ်သည်။ မြေပုံမြို့သည် ၂၀၁၀ အောက်တိုဘာလတွင် ဂီရိမုန်တိုင်း ဒဏ်ခံခဲ့ရသော မြို့ဖြစ်ပြီး မြို့နေ လူဦးရေ တစ်ဝက်ခန့်မှာ ချင်းလူမျိုးများဖြစ်ကြကြောင်း သိရှိရသည်။

    Ref: chinlandguardian

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဒီဇင်ဘာ ၄၊၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ဂျယ်လီငါးလိုပျံသန်းသည့် စက်ရုပ်ငယ်ကလေး

    New York University ကလက်ထောက်ပါမောက္ခ  Leif Ristroph ဟာ jellyfish တွေ ရေထဲမှာ သွားလာတဲ့ ပုံစံကို အတုယူပြီး ပျံသန်းတဲ့ စက်ရုပ်ငယ်လေးကို တီထွင်လိုက်ပါတယ်။ သေးငယ် ပေါ့ပါးတဲ့ ဒီလိုပျံသန်းနိုင်တဲ့ ကိရိယာလေး မှာ ရှုပ်ထွေးတဲ့ အီလက်ထရောနစ်ပစ္စည်းတွေလည်း တပ်ဆင်ထားခြင်းမရှိပါဘူး။
    jellyfish robot
    −−−−−−−−−−−−−−−−−−−−−−−−−

    လျှပ်စီးပါတ်လမ်းများကို ပြုလုပ်ရေးဆွဲနိုင်တဲ့ဘောလ်ပန်

    Electroninks Incorporated ကထုပ်လုပ်လိုက်တဲ့ Circuit Scribe ဘောလ်ပန်ဟာ လျှပ်စီးပါတ်လမ်းများကို စာရွက်ပေါ်မှာ ရေးဆွဲလိုက်ရုံနဲ့  စမ်းသပ် အသုံးပြုနိုင်တဲ့ circuit ကိုပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အီလက်ထရေနစ် လျှပ်စစ်ပါတ်လမ်းများကို ဒီဇိုင်းပြုလုပ်သူတွေအတွက်အထူး အကျိုးရှိလာမယ့် တီထွင်မှု ဖြစ်ပါတယ်။
    circuit
    _____________________

    ပေါင်းစည်း နျူကလီယား လျှပ်စစ်ကို အအေးနည်းနဲ့ ထုတ်လုပ်

    အီတလီ နိုင်ငံက သိပ္ပံပညာရှင် Andrea Rossi ဟာ  ပေါင်းစည်း နျူကလီယား လျှပ်စစ်ကို အအေးနည်းနဲ့ ထုတ်လုပ်ရောင်းချနိုင်တော့မယ်လို့ ကြေငြာလိုက်ပါတယ်။ ပေါင်းစည်း နျူကလီယား ဓါတ်ပြုမှု (nuclear fusion reaction) ကို နေရဲ့ မျက်နှာပြင်မှာ ဖြစ်ပေါ်တဲ့ ဓါတ်ပြုမှု မျိုးကို စမ်းသပ်နေဆဲ ဖြစ်ပြီး အလွန်ပြင်းထန်တဲ့ အပူချိန် လိုအပ်ပါတယ်။ အခု Andrea Rossi ရဲ့ နည်းပညာကတော့ cold fusion လို့ ခေါ်တဲ့ အအေးနည်း(အလွန်ပြင်းထန်တဲ့ အပူချိန် မလိုအပ်တဲ့နည်း) ဖြစ်ပါတယ်။ cold fusion ဆိုတာကတော့ သီအိုရီအားဖြင့်တောင် ရှာဖွေဆဲ ဖြစ်ပါတယ်။ Andrea Rossi  ရဲ့ cold fusion reactor ကတော့ အရွယ်အစားလည်း သေးငယ်ပြန်ပါသေးတယ်။ 1 MW ဓါတ်အား ထုတ်နိုင်တဲ့ စက်ကို ဒေါ်လာတစ်သန်းခွဲ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ http://www.ecat.com/ecat-products/ecat-1-mw
    cold fusion
    −−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

    စပါးမျိုးသစ်  ၃၆ ရာခိုင်နှုံးအထွက်တိုး

    ဖိလစ်ပိုင်နိုင်ငံ က IRRI genetic transformation laboratory မှာ “indica” လို့ခေါ်တဲ့ စပါးမျိုးကို SPIKE မျိုးရိုးဗီဇ နဲ့ ပေါင်းစပ်လိုက်ခြင်းဖြင့်  ၃၆ ရာခိုင်နှုံးထိ အထွက်နှုန်းတိုးလာတဲ့ စပါးမျိုးသစ်ကို ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း သုတေသန ခေါင်းဆောင် Inez Slamet-Loedin ကပြောကြားလိုက်ပါတယ်။
    rice

  • OIC ဆန္ဒပြပွဲတွင် အခြားဘာသာကို စော်ကားသော ပိုစတာ ပါဝင်ခဲ့၍ ဗဟန်းရဲစခန်း အမှုဖွင့်

    OIC ဆန္ဒပြပွဲတွင် အခြားဘာသာကို စော်ကားသော ပိုစတာ ပါဝင်ခဲ့၍ ဗဟန်းရဲစခန်း အမှုဖွင့်

    ဒီဇင်ဘာ ၃၊ ၂၀၁၃
    ကမာရွတ်မီဒီယာ

    OIC ကန့်ကွက်ဆန္ဒပြပွဲမှာ အစ္စလာမ်ဘာသာကို တိုက်ရိုက်စော်ကားတဲ့ ကြွေးကြော်သံ ပိုစတာကို ကိုင်ဆောင်ခဲ့မှုနဲ့ ရန်ကုန်မြို့ ဗဟန်းရဲစခန်းက ပုဒ်မ ၂၉၅နဲ့ အမှုဖွင့်ပြီး အရေးယူစုံစမ်းမှုတွေ စတင်နေပြီလို့ ဒီဇင်ဘာ ၃ရက်နေ့မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။ ဆန္ဒပြဖို့ ခွင့်ပြုချက်တင်တဲ့အခါမှာ ပါဝင်မယ့် ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေကို ဖော်ပြရတာဖြစ်ပြီး ခွင့်ပြုချက်တင်တုန်းက မပါဝင်တဲ့ သားဖောက်နှုန်းမြန် အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြဆိုတဲ့ ပိုစတာဟာ ယုံကြည်သက်ဝင်တဲ့ ဘာသာရေးကို စော်ကားတာဖြစ်တာမို့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ မကွေးကျောင်းတိုက်က ဆရာတော် ဦးပါမောက္ခက နစ်နာစေလိုတဲ့ဆန္ဒမရှိတာကြောင့် မီဒီယာတွေကနေ တောင်းပန်ခဲ့ပြီးပြီမို့ အစိုးရအနေနဲ့ တရားစွဲမယ်ဆိုရင် ပြဿနာတွေပိုပြီး ရှုပ်ထွေးလာနိုင်တယ်လို့ မိန့်ကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြားတောရလမ်းမှာ ဆန္ဒပြခဲ့တဲ့အခါမှာ အစ္စလာမ်ဘာသာကို စော်ကားတဲ့ ပိုစတာ ၅ခုရှိခဲ့ပေမယ့် ၄ခုကို ဖျက်စီးနိုင်ခဲ့ပြီး ၁ခုကို မတွေ့ခဲ့တာကြောင့် ဒီလို နောက်ဆက်တွဲပြဿနာတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ http://www.kamayutmedia.com/2013/12/03/activist-buddhist-monks/

  • တရုတ်၏ လေကြောင်း ကာကွယ်ရေးဇုံ သတ်မှတ်ခြင်းကြောင့် တောင်တရုတ် ပင်လယ်တွင် တင်းမာမှု မြင့်တက်လာခြင်း

    ဒီဇင်ဘာ ၃၊ ၂၀၁၃
    M-Media

    Sylvania 300

    အမေရိကန်နိုင်ငံမှ လက်နက်မဲ့ဘီ-၅၂လေယာဉ်ပျံနှစ်စင်းသည် လေကြောင်း ကာကွယ်ရေးဇုံအဖြစ် သတ်မှတ်ထားသော ပြဿနာဖြစ်နေသော တောင်တရုတ် ပင်လယ်တွင် မိမိလုပ်ပိုင်ခွင့် အရ ဆောင်ရွက်သည့် သဘောဖြင့် နေ့လည်(၁)နာရီမှ မွန်းလွဲ(၁)နာရီ(၂၂)မိနစ်အထိ ပျံသန်းပြလိုက်ခြင်းဖြင့် တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်သည် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်နှင့် မကိုက်ညီကြောင်း ပြသလိုက်ပါသည်။ အမေရိကန်နိုင်ငံကလည်း မိမိတို့လေယာဉ်နှစ်စင်းသည် လွန်ခဲ့သော စနေနေ့က တရုတ်နိုင်ငံက လေကြောင်း ကာကွယ်ရေးဇုံ သတ်မှတ်ချက် မတိုင်မီကပင် စီစဉ်ထားသည့် အတိုင်း ပျံသန်းခဲ့ကြောင်း ရှင်းပြသော်လည်း လက်တွေ့ဆောင်ရွက်ချက်သည် ပေးပို့လိုသော သတင်းကို ထင်ရှားအောင် ပြသလိုက်ခြင်း ဖြစ်ပါသည်။

    ပင်တဂွန်အရာရှိများက ပြောကြားရာတွင် ဂူအမ်ကျွန်းအခြေစိုက် စခန်းမှ ပျံသန်းလာသော လေယာဉ် ခရီးစဉ်သည် နှစ်ပေါင်းများစွာ လက်ခံထားသော အပြည်ပြည်ဆိုင်ရာ လွတ်လပ်စွာလေကြောင်း ခရီးသွားလာရေး ဆိုင်ရာ လုပ်ပိုင်ခွင့်များကို ပြသရာရောက်ကြောင်း၊ တရုတ်နိုင်ငံ၏ တစ်ဖက်သတ်ကြေငြာ ချက်သည် ရန်စမှုသာဖြစ်ပြီး ဒေသတွင်း မှားယွင်းစွာ တွက်ချက်မှုကြောင့် စိုးရိမ်မှုကို ဖြစ်စေရန်သာရှိကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောကြားချက်တွင် မိမိတို့နိုင်ငံ အနေဖြင့် ချမှတ်ထားသည့်မူ အတိုင်း လိုက်နာမည်ဖြစ်ပြီး ချိုးဖောက်မှု အတွက် တုံ့ပြန်မှုမှာ ရန်ပြုမှု၏ အကြီးအသေးပေါ်တွင် မူတည်ကြောင်း သတင်းထုတ်ပြန်ပါသည်။ ဆက်လက် ဖော်ပြရာတွင် လေယာဉ်နှစ်စင်းသည် တရုတ်အခေါ် “ဒိုင်အိုယုကျွန်း”(ဂျပန်အခေါ်“ဆန်ကာကူ”)၏ အရှေ့ဖက်(၂၀) ကီလိုမီတာအကွာမှ ပျံသန်းခဲ့ကြောင်း၊ အင်္ဂါနေ့နေ့လည်တွင် ဖြစ်ပါသည်။ အငြင်းပွားနေသော တောင်တရုတ် ပင်လယ်ရှိ အဆိုပါကျွန်းသည် တရုတ် နိုင်ငံက ထုတ်ပြန်ခဲ့သော ကာကွယ်ရေးဇုံအနီးတွင် ရှိပြီး၊ ဂျပန်နိုင်ငံ၏ သတ်မှတ်နေရာနှင့် အပြန်အလှန် ရောထွေးနေပါသည်။ ထိုဇုံ၏ အကျယ်အ၀န်းသည် အင်္ဂလန်နိုင်ငံ အကျယ်အ၀န်း၏ သုံးပုံနှစ်ပုံခန့်ရှိပြီး ဂျပန်နိုင်ငံ၏ သတ်မှတ်နေရာနှင့် အပြန်အလှန် တရုတ်နိုင်ငံက ထိုဇုံအတွင်းဝင်ရောက်ပါက လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာပြီး ခွင့်ပြုချက်ရမှသာ ဖြတ်သန်းရမည်ဟု ဆိုထားပါသည်။ တရုတ်နိုင်ငံအနေ ဖြင့် ထိရောက်သော အုပ်ချုပ်ရေးနှင့်လေကြောင်း ကာကွယ်ရေးကို ဆောင်ရွက်နိုင်စွမ်းရှိသည်ဟု ဆိုပါသည်။

    ထိုအခြေအနေများပေါ်ပေါက်နေစဉ်ကာလအတွင်း တရုတ်နိုင်ငံမှ ဘလော့ဂ်ဂါများက တရုတ် အစိုးရ၏ အမေရိကန် လေယာဉ်များ ပျံသန်းမှုအပေါ် တုံ့ပြန်မှုများကို ဝေဖန်ပြစ်တင်နေကြသည်။ တရုတ်နိုင်ငံ ၏ Twitter ဟုခေါ်ဆိုနိုင်သောSina Weiboပေါ်တွင် ဒေါသတကြီးရေးသားနေကြသည်။ သို့သော် Netizen ဟု ခေါ်သည့် Net အသုံးပြုသူများကမူ တရုတ်နိုင်ငံ၏ ကိုင်တွယ်ပုံပျော့ညံ့မှုကို ထိန်းသိမ်းစွာရေးသားကြပါသည်။ ဥပမာအားဖြင့်တရုတ်နိုင်ငံက အမိန့်ထုတ်ပြန်ပြီးနောက် အမေရိကန်လေယာဉ်နှစ်စင်းက ပျံသန်းပြခဲ့သည်။ Sina Weibo တွင် Mr.Bei Gunကမူ တရုတ်နိုင်ငံအတွက် အတော် မျက်နှာပျက်စရာကောင်းပါသည်၊ ANT9634ကမူ ကျွန်တော်တို့လေယာဉ်နှစ်စင်းလွှတ်ပြီး လှည့်ပတ်စောင့်ကြည့်သင့်တာပေါ့ဟု ဆိုသည်။ တရုတ်အစိုးရ၏ အကြံပေးတစ်ဦးဖြစ်သောMr.Fan Jian Chuanကမူ သူ၏ ဘလော့ဂ်တွင် အမေရိကန်၏ ဒေါသဖြစ်စရာ လုပ်ရပ်သည် ဂျပန်နိုင်ငံ၏ ထောက်ခံမှုဖြစ်စေပြီး အမေရိကန်အတွက်မူ မျက်နှာရစရာဖြစ် စေသည်။ အခြားတစ်ဦးကမူ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် ပြင်းထန်စွာ တုံ့ပြန်၍ မရနိုင် သည့်အနေအထားတွင် မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်းဟု ဆိုပြန်ပါသည်။ Weiboတွင် ဘလော့ဂ် တင်နေသူPan Jiazuကမူ အမေရိကန်၏ ချက်ခြင်းတုံ့ပြန်မှု (စကားလုံးရော လုပ်ဆောင်ချက်ပါ)သည် တရုတ် နိုင်ငံ၏ စွန့်စားမှု တစ်ရပ်အပေါ်တွင် သွယ်ဝိုက်သောနည်းဖြင့် အရှက်ရစေသော နောက်ဆက်တွဲဖြစ်ရပ်များ ဖြစ်ပေါ်စေသည်ဟု ရေးသားခဲ့ပါသည်။

    ဤအချက်သည် အမှန်ကန်ဆုံးအချက်ဟု ပြောဆိုနိုင်ပါသည်။ သယံဇာတပေါကြွယ် ၀သောတောင်တရုတ် ပင်လယ်ဒေသကြီး တစ်ခုလုံးကို ဂျပန်၊ တောင်ကိုးရီးယား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဗီယက်နမ်နှင့် ဘရူနိုင်းနိုင်ငံတို့နှင့် အငြင်းအခုံပြုလုပ်ပြီး တရုတ်နိုင်ငံက တစ်ဦးတည်းပိုင် အဖြစ်ကြေငြာနေ ခြင်းမှာ အရှက်ရစေမည့် နောက်ဆက်တွဲ ကိစ္စရပ်ဖြစ်ပေါ်လာနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့ အင်အား အကြီးဆုံး အမေရိကန်နိုင်ငံသည် တောင်တရုတ်ပင်လယ် အရေးအခင်းတွင် တရုတ်နိုင်ငံနှင့် အပြင်းအထန်ဆုံး အရေးဆိုနေကြသည့် ဂျပန်၊ တောင်ကိုးရီးယား၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် အတူ ကာကွယ်ရေး သဘောတူညီချက်များ ရယူထား၍ ဖြစ်ပါသည်။ အရေးကြီးလျှင် သွေးနီးကြမည်ဆိုသော အချက်ကို ပြသလို၍ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံက ကြေငြာချက် ထုတ်ပြန်ပြီး မကြာမီကာလအတွင်း ယခုကဲ့သို့လေယာဉ် များစေလွှတ် ပျံသန်းစေခြင်းဖြင့် အရေးထားစရာ မလိုကြောင်းပြသပေးလိုက်ခြင်းဖြစ်ပါသည်။ ဤအခြေအနေ မျိုးတွင် ဂျပန်နိုင်ငံကလည်း ကာကွယ်ရေး အသုံးစရိတ်ကို မူလထက် (၀.၈)ရာခိုင်နှုန်း တိုးမြင့်လိုက်ပြီး ကမ္ဘာ ပေါ်တွင် အမေရိကန်နိုင်ငံပြီးနောက် ဒုတိယ အကြီးဆုံးနှင့် အစွမ်းဆောင်နိုင်ဆုံး ရေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ကို ဖွဲ့စည်းပြီး ဆောင်ရွက်နေကြောင်း အငြိမ်းစားရေတပ် ဗိုလ်ချုပ်ကြီးယိုဂျီကိုဒက ပြောကြားလိုက် ပါသည်။ လက်ရှိကာကွယ်ရေး အသုံးစရိတ် စုစုပေါင်းဒေါ်လာ(၄၈) ဘီလျံရှိသော ဂျပန်နိုင်ငံကိုလည်း တရုတ်နိုင်ငံက ရေရှည်အတွက် မျှော်မှန်းတွက်ချက်ရပါမည်။ မစ္စတာကိုဒ အပါအ၀င်စစ်ရေးကျွမ်းကျင်သူ ဂျပန် အရာရှိများ၏ အဆိုအရ တရုတ်နိုင်ငံသည် အရှေ့အာရှဒေသ စစ်ရေးချိန်ခွင်လျှာညီမျှစေရန် အမေရိကန်နှင့် ဂျပန်တို့၏ လက်ရှိ စွမ်းရည်ကို မှီနိုင်ရေးအတွက် (၁၅)နှစ်ခန့်ကာကွယ်ရေး အသုံးစရိတ် ဂဏန်းနှစ်လုံးမျှသုံးစွဲ မှသာ ရရှိနိုင်မည်ဟု ဆိုကြပါသည်။ တရုတ်နိုင်ငံ၏ ယခုနှစ်ကာကွယ်ရေး အသုံးစရိတ်သည် ဘတ်ဂျက်၏ (၁၀.၇)ရာခိုင်နှုန်း ဒေါ်လာ(၁၁၉)ဘီလျံကို ပြောဆိုသော်လည်း ကျွမ်းကျင်သူများ အဆိုအရ ဘီလျံ(၂၀၀) အထိရှိနိုင်သည်ဟု ဆိုကြပါသည်။

    ဂျပန်နိုင်ငံသည် ကမ်းတက်ရေယာဉ်တပ်ဖွဲ့ကို ဖွဲ့စည်းပြီး အမေရိကန် မရိန်းတပ်ဖွဲ့အသွင် မိမိပိုင် ကျွန်းများကို ကာကွယ်ရန် ဆောင်ရွက်မည်ဟု ပြောဆိုနေပါသည်။ ပထမအဆင့်အဖြစ် တပ်သား(၇၀၀)ခန့်မှ စတင် စုဆောင်းပြီး တပ်သား(၃၀၀၀)ခန့်အထိဖြည့်ဆည်း သွားမည်ဖြစ်ကြောင်း၊ ကြည်း တပ်ဖွဲ့မှပင် ရွေးချယ်ဖွဲ့စည်းမည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြောကြားပါသည်။ ဂျပန်နိုင်ငံတွင် ရှိပြီး ဖြစ်သော ကမ်းတက်ရေယာဉ်အုပ်စုနှင့် ဟယ်လီကော်ပတာတင်ရေယာဉ်များက ထိုစစ်ဆင်ရေးများအတွက် အထောက်အကူပြုပေးမည်ဖြစ်ပါသည်။

    လက်ရှိကာလများအတွင်း ဂျပန်နိုင်ငံသည် စစ်သည်(၃၄၀၀၀)ပါဝင်သောစစ်ရေးလေ့ကျင့်မှုကို အိုကီနာဝါကျွန်း၏ တောင်ဖက်ရှိ ကျွန်းငယ်များတွင် ကမ်းတက်လေ့ကျင့်မှုအပါအ၀င်အခြားနည်းစနစ် များကို ပြုလုပ်ခဲ့ပါသည်။ နှစ်ဆန်းပိုင်းက အမေရိကန်မရိမ်းတပ်ဖွဲ့ဝင်များနှင့်အတူ ဂျပန်စစ်သည်(၁၀၀၀)ခန့် က ကမ်းတက်လေ့ကျင့်မှုများကို ကယ်လီဖိုးနီးယားပြည်နယ်တွင် ပြုလုပ်ခဲ့ကြပါသည်။

    ဖိလစ်ပိုင်နိုင်ငံကမူ တောင်တရုတ်ပင်လယ်တွင်းသို့ တရုတ်လေယာဉ်တင်သင်္ဘောကြီး “လောင်နင်း”၊ ဖျက်သင်္ဘောနှစ်စင်းနှင့် တိုက်ခိုက်ရေးသင်္ဘောနှစ်စင်း အင်္ဂါနေ့က ၀င်ရောက်လာမှုအပေါ် တင်းမာမှုတိုးပွားလာမည်ဟု ပြောဆိုခဲ့ပါသည်။ အဆိုပါသင်္ဘောအုပ်စုသည် စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်နေကြောင်း၊ ပုံမှန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း တရုတ် အရာရှိများက ပြောကြားခဲ့ပါသည်။

    ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ရာအူးလ်ဟာနန်ဒက်ဇ်က ပြောကြားရာတွင် သင်္ဘောကြီးရောက်ရှိလာမှုသည် စိုးရိမ်စရာဖြစ်စေနိုင်သလို တောင်တရုတ်ပင်လယ်တွင် ပြဿနာ မဖြစ်ပွားအောင် ဆောင်ရွက်ပါမည်ဆိုသော သဘောတူညီချက်နှင့် ကွဲလွဲမှုရှိနေကြောင်း၊ တင်းမာမှုကို တိုးပွားလာစေပြီး ကျင့်ဝတ်ဆိုင်ရာ ထိန်းသိမ်းရမည့်သဘောတူညီချက်(Code of Conduct)ကို ဖောက်ဖျက် ရာကျကြောင်း ပြောဆိုပါသည်။ အဆိုပါရေယာဉ်ကြီး တည်ရှိနေမှုသည် အပြည်ပြည်ဆိုင်ရာ ပင်လယ် ရေကြောင်းဆိုင်ရာ ဥပဒေ အပါအ၀င် အပြည်ပြည်ဆိုင်ရာ ဥပဒေပြဌာန်းချက်များကို ချိုးဖောက်ရာ မကျစေရန် ဆောင်ရွက်ရပါမည်။

    တူဒေးသတင်းစာတွင် ပါဝင်သောဆောင်းပါးများကို အခြေခံပြီး ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

    မောင်ထွေးဝင်း(ဓနုဖြူ)