News @ M-Media

Blog

  • ဆော်ဒီနှင့် အီရန်တာဝန်ရှိသူများ အီရတ်တွင် တွေ့ဆုံဆွေးနွေး

    ဆော်ဒီနှင့် အီရန်တာဝန်ရှိသူများ အီရတ်တွင် တွေ့ဆုံဆွေးနွေး

    ဧပြီ ၁၈၊ ၂၀၂၁
    M-Media

    -အရှေ့အလယ်ပိုင်းက ရန်ဘက်နှစ်နိုင်ငံဖြစ်တဲ့ အီရန်နဲ့ ဆော်ဒီအာရေဗျတို့က အကြီးတန်း အစိုးရအရာရှိတွေဟာ အီရတ်နိုင်ငံမှာတွေ့ဆုံကာ သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

    နှစ်ဖက်ဆက်ဆံရေး ဆိုးရွားခဲ့ပြီးနောက် အီရန်နဲ့ ဆော်ဒီတို့ဟာ လွန်ခဲ့တဲ့ ၄ နှစ်က သံတမန်အဆက်အသွယ် ဖြတ်ခဲ့ကြတာပါ။

    ဧပြီလ ၉ ရက်နေ့ ဘဂ္ဂဒတ်က ဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးမှုဖြစ်ပြီး ယီမင်က အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီအဖွဲ့ ဆော်ဒီအာရေဗျ စက်ရုံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့တိုက်ခိုက်မှုအကြောင်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဆော်ဒီကိုယ်စားလှယ်အဖွဲ့ကို ထောက်လှမ်းရေးအကြီးအကဲ ခါလစ် ဘင် အလီ အလ်-ဟူမိုင်ဒန်က ဦးဆောင်ပြီး နောက်ထပ်ဆွေးနွေးပွဲတွေ ထပ်လုပ်ဖို့လည်း စီစဉ်ထားတယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖက်အစိုးရက ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    လက်ဘနွန်က ပြည်တွင်းရုပ်သံနှစ်ခုကတော့ ဒီလိုဆွေးနွေးတာ မဟုတ်ဘူးလို့ အီရန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြပါတယ်။

    ယီမင်ပြည်တွင်းစစ်မှာ ဆော်ဒီပါဝင်နေတာကို တုန့်ပြန်တဲ့အနေနဲ့ ဟူသီအဖွဲ့ဟာ​ ဆော်ဒီက စက်ရုံတွေ၊ စစ်တပ်အဆောက်အဦးတွေကို တိုးမြှင့်တိုက်ခိုက်နေတာပါ။ အီရန်ဟာ ဟူသီတွေကို လက်နက်ထောက်ပံ့ပေးထားတယ်လို့ ဆော်ဒီအာရေဗျက စွပ်စွဲထားပါတယ်။

    ယီမင်စစ်ပွဲကို အမေရိကန်က အဆုံးသတ်ချင်နေပြီး အီရတ်ဝန်ကြီးချုပ် မွတ်စ်တာဖာ အလ်-ကဒ်ဟီမီဟာ ပြီးခဲ့တဲ့လက ဆော်ဒီအာရေဗျကို သွားရောက်ကာ ဒီကိစ္စအတွက် ဆော်ဒီတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

    Ref: Financial Times

  • အာဏာသိမ်းစစ်ကောင်စီက သတင်းအမှန်ဖုံး၍ လုပ်ကြံသတင်း လွှင့်နေသည်ဟု ကုလအထူးကိုယ်စားလှယ်ပြော

    ဧပြီ ၁၇၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဥ်အမှန်တွေကို ပြင်ပက မကြားနိုင် မမြင်နိုင်အောင် တိုးမြှင့်ဆောင်ရွက်လာတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ကုလသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

    ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ လူထုအုံကြွမှုတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် ဖြိုခွင်းတာကြောင့် နိုင်ငံတစ်၀ှမ်း လူပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ပြီး လူထောင်ချီဒဏ်ရာရကာ ၃၀၀၀ လောက် ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

    ကုလကိုယ်စားလှယ် တွမ်အန်ဒရူးက ဒီလို အခြေအနေဆိုးရွားနေတာတွေကို ကမ္ဘာက မသိစေဖို့ စစ်ကောင်စီဟာ ကြိုးပမ်းအားထုတ် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

    “စစ်တပ်က သူတို့ကြုံနေရတာတွေကို လုပ်ကြံဖန်တီးပြီး ၀ါဒဖြန့်နေတယ်။ ဆူပူဆန္ဒပြသူတွေကို အဆုံးစွန်ဆုံး ထိန်းချုပ် ကိုင်တွယ်နေတယ်လို့ အစကတည်းက သူတို့ ပြောထားပါတယ်။ ဒါပေမယ့် ဒါဟာ အပြောသာရှိပြီး တကယ်မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ တွေ့ပါတယ်။ စစ်တပ်က အကြမ်းဖက်မှု၊ ရက်စက်ကြမ်းကြုတ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတာကို ကျွန်တော်တို့တွေ့တယ်။ လက်နက်မပါ ဘာမပါနဲ့ တော်တော်လေး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကိုလည်း ကျွန်တော်တို့ မြင်ပါတယ်။ သတင်းတွေမထွက်ဖို့ စစ်တပ်က ကြိုးစားပေမယ့်၊ တုန်လှုပ်ခြောက်ခြားဖွယ် အမှန်တရားတွေက ထွက်လာနေပါတယ်”

    အာဏာသိမ်းစစ်ကောင်စီဟာ သတင်းထောက်တွေကို ဖမ်းဆီးတာ၊ နိုင်ငံတစ်၀ှမ်း ဖုန်းအင်တာနက်လိုင်းတွေ၊ ၀ိုင်ဖိုင်အင်တာနက်လိုင်းတွေကို ပိတ်ထားပြီး ဖိုက်ဘာအင်တာလိုင်းကိုလည်း အချိန်အကန့်အသတ်နဲ့သာ သုံးခွင့်ပြုထားကာ ဒါတွေဟာ သတင်းအမှောင်ချဖို့ ကြိုးစားမှု ဖြစ်တယ်လို့လည်း အန်ဒရူးက ထောက်ပြခဲ့ပါတယ်။

    Ref: UN News

  • ဝါဖြေချိန် အလွန်အကျွံမစားရန်နှင့် ရွေးချယ်စားသောက်ရန် ယူအေအီးဆရာဝန်များ အကြံပြု

    ဝါဖြေချိန် အလွန်အကျွံမစားရန်နှင့် ရွေးချယ်စားသောက်ရန် ယူအေအီးဆရာဝန်များ အကြံပြု

    ဧပြီ ၁၆၊ ၂၀၂၁
    M-Media

    -တစ်နေကုန် အစားရှောင်ကာ ဥပုသ်သီလ ဆောက်တည်ပြီးတဲ့နောက် ညနေ ဝါဖြေတဲ့အချိန်မှာ အလွန်အကျွံမစားဖို့နဲ့ အစားအသောက်ကို ရွေးချယ်စားသောက်ကြဖို့ ယူအေအီး ဆရာဝန်တွေက အကြံပြုထားပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်ဇာန်ဥပုသ်လဟာ ဧပြီလ ၁၃ ရက်နေ့မှာ စတင်ခဲ့တာပါ။ တစ်လတာကြာမြင့်မယ့် ဥပုသ်လမှာ မနက်အရုဏ်တက်ချိန်ကနေ နေဝင်ချိန်အထိ အစားရှောင်ရပြီး ညနေဥပုသ်ထွက်တဲ့အချိန်မှာ အစားအသောက် ရွေးချယ်စားသောက်မှုအားနည်းရင် အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါမျိုးတွေ ဖြစ်တတ်ပါတယ်။

    ရမ်ဇာန်ဥပုသ်လရောက်တဲ့အခါ အစာအိမ်နာတာ၊ ရောင်တာလို ရောဂါမျိုးတွေနဲ့ ဆေးရုံလာရတဲ့လူနာတွေ ပိုများလာတယ်လို့ ယူအေအီးက ဆရာဝန်တွေက ပြောပါတယ်။

    တစ်နေကုန် အစာအမစားတာကြောင့် ခန္ဓာကိုယ်တွင်းက ဇီ၀ကမ္မဖြစ်စဉ်တွေ နှေးကွေးသွားတဲ့အတွက် အစားစားတဲ့အခါမှာ ဖြေးဖြေးချင်းသာ စားသင့်တယ်လို့ Burjeel ဆေးရုံက အစာအဟာရဆိုင်ရာ ဆရာဝန် အာရ်ချာနာ ဘာဂျူက ပြောပါတယ်။

    “ဥပုသ်ထွက်တဲ့အချိန် အလွန်အကျွံစားသုံးတာဟာ အစာချေနိုင်မှုကို အားနည်းစေပြီး၊ အစာမကျေတာ၊ အစာအိမ်ရောင်တာ ဝမ်းလျှောတာတွေ ဖြစ်ကာ တစ်ခါတစ်ရံ ဆရာဝန်သွားပြရတဲ့အထိ ဖြစ်တတ်ပါတယ်။ အစားအသောက်ပမာဏထက် အရည်အသွေးကို အဓိကထားရမှာပါ။ မှန်မှန်ကန်ကန် ရွေးချယ်စားသောက်မှ အားပြန်ပြည့်ပြီး ကျွန်တော်တို့ရဲ့ ဆဲလ်တွေအတွက် လုံ​လောက်တဲ့အဟာရနဲ့ ရေဓာတ် ရရှိစေမှာ ဖြစ်ပါတယ်”

    Bareen International ဆေးရုံက ကိုယ်တွင်းဆေးပညာဆိုင်ရာ စပါယ်ရှယ်လစ် ဒေါက်တာ စော်စံ ဟူမိုင်ဒါက ရမ်ဇာန်ဥပုသ်လဟာ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အမူအကျင့်တွေ မွေးမြူဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်တယ်လို့ ပြောပါတယ်။

    “ပရိုတိန်းကို လုံလောက်အောင် ဖြည့်တင်းတာ၊ ရေကို မကြာခဏ သောက်သုံးပေးတာတွေဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ နည်းနာတွေပါ။ ရမ်ဇာန်ကို ကောင်းမွန်စွာ ဖြတ်သန်းပါ။ အစာမကျေတာကြောင့် နေမကောင်းဖြစ်ပြီး ဆေးရုံဆေးခန်းသွားရတာမျိုး မဖြစ်အောင် ရှောင်ကျဉ်ကြပါ”

    ဝါဖြေတဲ့အချိန်မှာ စွန်ပလွံသီးစားပြီး ရေများများသောက်တာဟာ ခန္ဓာကိုယ်က ဂလူးကို့စ်ဓာတ် ပမာဏကို ထိန်းညှိပေးပြီး၊ အစာခြေစနစ်ကို အထောက်အကူပေးကြောင်း၊ စွန်ပလွံသီးမှာပါတဲ့ သကြားနဲ့ ကာဘိုဟိုက်ဒရိတ်က ဗိုက်အမြန်ပြည့်အောင် ကူညီပေးတာကြောင့် အလွန်အကျွံစားသုံးမှုကို တားဆီးပေးကြောင်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဥပုသ်ထွက် ဝါဖြေတဲ့အချိန်မှာ အဆီများတာတွေရှောင်ပြီး ပရိုတိန်းပါတာတွေ စားသုံးဖို့၊ သ​ကြားဓာတ်များတဲ့အရည်တွေ၊ ကဖင်းဓာတ်ပါတာတွေကို လျှော့ပြီး အသီးဖျော်ရည်၊ ကွေကာအုပ်တွေ သောက်သုံးခြင်းဟာ အစာအိမ်ကို ပိုမိုကောင်းမွန်စေတယ်လို့လည်း ဆရာဝန်တွေက အကြံပြု တိုက်တွန်းထားပါတယ်။

    Ref: Alarabiya

  • ကိုဗစ်တတိယလှိုင်းကြောင့် ထိုင်းတွင် အနီရောင်ဇုန်များ ကြေငြာရပြီ

    ကိုဗစ်တတိယလှိုင်းကြောင့် ထိုင်းတွင် အနီရောင်ဇုန်များ ကြေငြာရပြီ

    ဧပြီ ၁၆၊ ၂၀၂၁
    M-Media

    -ကိုဗစ်ရောဂါ တတိယလှိုင်းကို ကြုံတွေ့နေရတာကြောင့် ဘန်ကောက်အပါအဝင် ပြည်နယ် ၁၇ ခုကို ထိုင်းနိုင်ငံက ဒီနေ့မှာ အနီရောင်ဇုန် ကြေငြာလိုက်ပါတယ်။

    အနီရောင်ဇုန် ကြေငြာထားတဲ့ ဒေသတွေမှာ လှုပ်ရှားသွားလာမှုကန့်သတ်တာ၊ ဆိုင်တွေကို အချိန်အကန့်အသတ်နဲ့ ဖွင့်ခိုင်းတာ၊ ​​ဖျော်ဖြေရေးလုပ်ငန်းတွေ ပိတ်ခိုင်းတာ စတဲ့ ကူးစက်မှုလျှော့ချရေး ဆောင်ရွက်ချက်တွေ လုပ်ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

    စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကိုလည်း ပိတ်ထားမှာ ဖြစ်ပါတယ်။ အနီရောင်ဇုန်ကြေငြာခြင်းခံရတဲ့ ဒေသတွေထဲမှာ ချင်းမိုင်နဲ့ ဖူးကတ်တို့လည်း ပါဝင်ပါတယ်။

    ဒီနေ့ ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်သူ အရေအတွက် ၁၅၈၂ ဦး ရှိခဲ့ပြီး၊ ၁၅၇၇ ဦးက ပြည်တွင်းမှာ ကူးစက်တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အလွန်ကူးစက်မြန်တဲ့ အသွင်ပြောင်းကိုဗစ်ပိုးကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကူးစက်မှု သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။

    Ref: CNA