News @ M-Media

Blog

  • အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်မပြုဖို့ အာဆီယံကို ဦးကျော်မိုးထွန်း တိုက်တွန်း

    အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်မပြုဖို့ အာဆီယံကို ဦးကျော်မိုးထွန်း တိုက်တွန်း

    ဧပြီ ၁၄၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီကို ဆက်သွယ်ပြောဆိုမှု လုပ်ဆောင်ပေမယ့် အသိအမှတ်မပြုဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ် ဦကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဟာ ဧပြီလ ၂၀ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံမှာ ​ထိပ်သီးအစည်းအဝေး ကျင်းပဖို့ ရှိနေတာပါ။

    ဒီအစည်းအဝေးကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မလားဆိုတာ မသေချာပါဘူး။

    စစ်ကောင်စီကို သစ္စာမခံဘဲ ပြည်သူ့ဖက် ဘက်ပြောင်းလာတဲ့ သံအမတ် ဦးကျော်မိုးထွန်းကတော့ မြန်မာနိုင်ငံမှာ အပြစ်မဲ့အရပ်သားတွေ အသတ်ခံနေရမှုကို ချက်ခြင်းအဆုံးသတ်ရေး အာဆီယံခေါင်းဆောင်တွေက စစ်တပ်ကို အဓိကထား တိုက်တွန်းမယ်လို့ မျှော်လင့်ကြောင်း South China Morning Post နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    “သံတမန်တစ်ယောက်အနေနဲ့ စေ့စပ်ညှိနှိုင်းမှုအပေါ်မှာ ကျွန်တော် အမြဲတမ်း ယုံကြည်ချက်ထားပါတယ်”

    မြန်မာနိုင်ငံကပြဿနာကို ဖြေရှင်းရာမှာ စစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေးမှုက အရေးပါပေမယ့် သူတို့ကို အသိအမှတ်ပြုတာမျိုး မဖြစ်စေဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။

    စစ်ကောင်စီနဲ့ဆွေးနွေးပြီး မြန်မာနိုင်ငံကပြဿနာ ပြေလည်စေဖို့ ဆောင်ရွက်ရာမှာ တစ်ဖက်သတ်မဖြစ်စေဘဲ အဓိပ္ပါယ်ရှိတဲ့ ပုံစံမျိုးနဲ့​ လုပ်ဆောင်ဖို့၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေး သံတမန်နည်းလမ်းနဲ့ ဆောင်ရွက်ရာမှာ CRPH အဖွဲ့နဲ့ ဆွေးနွေးဖို့လည်း လိုအပ်ကြောင်း ဦးကျော်မိုးထွန်းက ​ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အဲဆီယံမှာ ၂ ဖွဲ့ကွဲနေပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်တို့က မြန်မာပြဿနာကို ကြားဝင်ဖြေရှင်းပေးဖို့ ဆန္ဒသိပ်မရှိဘဲ၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ မလေးရှားတို့ကသာ တက်တက်ကြွကြွ လုပ်ဆောင်လိုစိတ် ရှိကြတယ်လို့ ပြီးခဲ့တဲ့တစ်ပတ် လုံခြုံရေးကောင်စီနဲ့ CRPH အဖွဲ့ဝင်တွေ ဆွေးနွေးမှုအပြီးမှာ နိုင်ငံတကာသံတမန်တွေက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    Ref : South China Morning Post

  • လက်နက်ကိုင်ကြမ်းကြုတ်မှုကို လက်နက်နဲ့မှ ဟန့်တားနိုင်မယ်ဆိုတာ သက်သေပြခဲ့တဲ့ စစ်ကိုင်းတိုင်းက တူမီးတော်လှန်ရေး

    လက်နက်ကိုင်ကြမ်းကြုတ်မှုကို လက်နက်နဲ့မှ ဟန့်တားနိုင်မယ်ဆိုတာ သက်သေပြခဲ့တဲ့ စစ်ကိုင်းတိုင်းက တူမီးတော်လှန်ရေး

    ဧပြီ ၁၃၊ ၂၀၂၁
    M-Media

    (ဓာတ်ပုံ – စစ်ကိုင်းတိုင်းမုံရွာမြို့မှ ဆန္ဒပြမှု မြင်ကွင်း)

    -တစ်ချက်ပစ် တစ်ချက်ယမ်းထိုးတဲ့ ရိုးရာတူမီးသေနတ်တွေ၊ တစ်ခါတစ်လေမှာ ပိုအဆင်မြင့်တဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီးက ပြညသူတွေဟာ ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်တွေရဲ့ ရန်ကို ခုခံကာကွယ်နေကြပါတယ်။

    မတ်လ ၂၇ ရက်နေ့ တပ်မတော်က နိုင်ငံတစ်ဝှမ်း ပြည်သူ ၁၁၄ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ သွေးချောင်းစီးမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကိုင်းတိုင်းဒေသကြီး အနောက်ပိုင်းက​ ကလေးမြို့ဟာ ပြန်လည် ခုခံတိုက်ခိုက်ကြပါတော့တယ်။

    အဲဒီနေ့မှာပဲ ပြည်သူတွေက ‘ကလေး ဒေသခံတပ်ဖွဲ့’ (KCA) ကို ဖွဲ့စည်းခဲ့ပြီး မြို့ရဲ့ တာဟန်းရပ်ကွက်မှာ အခိုင်အမာ ခြေကုပ်ယူလိုက်ကြတယ်။ ဒေသတွင်း အမဲလိုက်ရာမှာ သုံးတဲ့ တူမီးသေနတ်တွေနဲ့ အခြား ခေတ်မီ လက်နက်တွေကိုလည်း သူတို့တွေ ဖြည့်တင်းခဲ့ကြပါတယ်။

    စစ်တပ်က ကလေးမြို့ကို စစ်ကူတွေ ထပ်ခါထပ်ခါပိုပြီး တိုက်ခိုက်တဲ့တိုင်အောင် ပြည်သူတွေဟာ ခံတပ်ကို ၁၀ ရက်ကြာ သိမ်းပိုက်ကာကွယ်ထားနိုင်ခဲ့ပါတယ်။

    ဧပြီလ ၄ ရက်နေ့မှာတော့ ဆန္ဒပြသူတွေဟာ သုံ့ပန်းလဲလှယ်မှု လုပ်ခဲ့ပါတယ်။ သူတို့ဖမ်းဆီးရမိတဲ့ ရဲ ၇ ယောက်နဲ့ စစ်တပ်ကဖမ်းထားတဲ့ အရပ်သား ၉ ယောက်ကို လဲခဲ့တာပါ။ နောက်ထပ် ၂ ရက်အကြာမှာတော့ စစ်တပ်ဟာ ဆန္ဒပြသူတွေနဲ့ ညှိပါတယ်။ ဆန္ဒပြခံတပ်ကို ဖြိုဖျက် ဖယ်ရှားပေးဖို့ ပြောခဲ့ပြီး ဆန္ဒပြခေါင်း​တောင်တွေက ကလေးမြို့မှာ ဆန္ဒပြပွဲလုပ်ခွင့်ပေးရင် သဘောတူမယ်လို့ ပြန်ပြောခဲ့ပါတယ်။ ဒီဆွေးနွေးမှုဟာ အဖြေမထွက်ခဲ့ပါဘူး။

    နောက်တစ်ရက်မှာ စစ်တပ်ဟာ မနက်အစောကြီးကတည်းက ဖြိုခွင်းမှုတွေ လုပ်ခဲ့ပါတယ်။ တာဟန်းရပ်ကွက်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုအတွင်း အရပ်သား ၁၁ ဦးသေဆုံးခဲ့ပြီး အဲဒီနောက် ခံတပ်လည်း ပြိုသွားခဲ့ပါတယ်။ စစ်သားနဲ့ရဲတွေဟာ ကျန်တဲ့ KCA အဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ ရှာဖွေနေပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေက ခုခံကာကွယ်မှု ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

    “ကျွန်မမြို့နဲ့ ကျွန်တော်တို့ပြည်သူတွေကို ကာကွယ်ဖို့အတွက် KCA ကို ဖွဲ့စည်းခဲ့တာပါ။ KCA အဖွဲ့ဝင်တွေဟာ လုံခြုံတဲ့နေရာမှာ ရှိနေပါတယ်။ ပြန်လာပြီး ဆန္ဒပြသူတွေနဲ့ဆွေးနွေးကာ တန်ပြန်ထိုးစစ်ဆင်ဖို့ ဆွေးနွေးနေပါတယ်” လို့ ကလေးမြို့က ဆန္ဒပြခေါင်းဆောင် မအေးသဇင်က ပြောပါတယ်။

    စစ်ကောင်စီတပ်တွေကို ကလေးမြို့က ခုခံကာကွယ်ဖို့ ကြိုးစားမှုအတိုင်း စစ်ကိုင်းတိုင်းဒေသကြီးက အခြားမြို့တွေကလည်း လုပ်ဆောင်လာကြပါတယ်။ စစ်ကိုင်းတိုင်းဟာ စစ်အာဏာရှင်ကိုဆန့်ကျင်ရာ …… အဖြစ် ပေါ်ထွက်လာပါတယ်။

    မတ်လနှောင်းပိုင်းကစလို့ တမူး၊ ပင်လယ်ဘူးနဲ့ တန့်ဆည်မြို့တွေက ဒေသခံတွေဟာ ရဲနဲ့ စစ်သားတွေကို ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်မှုတွေ လုပ်ဆောင်လာပြီး နှစ်ဖက်စလုံး အထိအခိုက်အကျအဆုံးတွေ ​များလာပါတယ်။

    ရန်ကုန်၊ မန္တလေးတို့နဲ့ မတူတာက စစ်ကိုင်းတိုင်းဒေသကြီး အနောက်ပိုင်းနဲ့ မြောက်ပိုင်းက ဝေးလံခေါင်ဖျားဒေသတွေမှာ ဆန္ဒပြသူတွေဟာ ရိုးရာအမဲလိုက်သေနတ်၊ ဓားနဲ့ ဓာတ်ဆီဗုံးတွေအပြင် အခြား​လက်နက်တွေကို ရနိုင်ကြတာပါ။ ကလေး၊ တမူးနဲ့ ပင်လယ်ဘူးမြို့က ဆန္ဒပြသူတွေဟာ ချေမှုန်းရေးရိုင်ဖယ်အချို့၊ လက်ပစ်ဗုံးအချို့အပါအဝင် ပိုပြီး အဆင့်မြင့်တဲ့လက်နက်တွေရရှိအောင် ကြိုးပမ်းထားနိုင်တယ်လို့ သတင်းရင်းမြစ်တော်တော်များများက Frontier သတင်းဌာနကို ပြောပါတယ်။

    ခုခံတိုက်ခိုက်မှု ပေါ်ပေါက်လာရာမှာ ဒီမိုကရေစီရရှိရေး ကြွေးကျော်တောင်းဆိုရာမှာ သမိုင်းအစဉ်အလာကြီးမှု၊ အခြား တောင်တန်းဒေသတွေနဲ့ယှဉ်ရင် တိုင်းရင်းသားလက်နက်ကိုင် သူပုန်ထမှု မရှိတာကြောင့် တပ်မတော်ရဲ့ စစ်အင်အား နည်းပါးမှုတွေ စတာတွေကလည်း နောက်ကွယ်က အကြောင်းအရင်းအနေနဲ့ ပါဝင်ပါတယ်။

    စစ်ကိုင်းတိုင်းမြို့တော် မုံရွာ၊ ကလေးမြို့နဲ့ ဒီပဲယင်းမြို့တွေဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုမှာ ရေခံမြေခံကောင်းတဲ့မြို့တွေ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ် လူထုအုံကြွမှု၊ ရွှေဝါရောင်တော်လှန်ရေးလို့ခေါ်တဲ့ ၂၀၀၇ သံဃာအရေးအခင်းတွေမှာ ဒီမြို့ကပြည်သူတွေဟာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြပါတယ်။

    ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုအပေါ် လုံခြုံးရေးတပ်ဖွဲ့တွေက ရက်ရက်စက်စက် နှိပ်ကွပ်ဖြိုခွဲပေမယ့် တော်လှန်ရေးသမိုင်းကြောင်းကြောင့်ပဲ မုံရွာမြို့ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ဆန္ဒပြမှု ကြီးကြီးမားမားဖြစ်ပွားရာ ဒေသတွေထဲမှာ ပါဝင်ခဲ့တာပါ။ ​စစ်တပ်က အာဏာမစွန့်လွှတ်မချင်း မုံရွာကဆန္ဒပြမှုဟာ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ အမည်မဖော်လိုတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

    “မုံရွာမှာ ဆန္ဒပြမှုကို ကျွန်တော်တို့ ရပ်လိုက်ရင် စစ်တပ်ဟာ စစ်ကိုင်းတိုင်းက လူဦးရေနည်းတဲ့ တစ်ခြားမြို့တွေကို သွားပြီး ဖြိုခွင်းပါလိမ့်မယ်”

    ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ ကြီးကြီးမားမားဆန္ဒပြမှုတွေ လက်တလော နည်းသွားတဲ့အတွက် စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းဖက်ကို တပ်တွေ ပိုလွှတ်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။

    ကလေးမြို့က ဆန္ဒပြခေါင်းဆောင် မသဇင်ကလည်း ဒီအချက်ကို သဘောတူပါတယ်။ မုံရွာမှာ ဆန္ဒပြမှုတွေ ဆက်ဖြစ်နေတာကြောင့် အိန္ဒိယနဲ့ကပ်နေတဲ့ ကလေး၊ တမူးမြို့တွေကို လုံခြုံရေးတပ်ဖွဲ့တွေက အာရုံမစိုက်နိုင်ဘူးလို့ သူက ပြောပါတယ်။

    တမူးမြို့မှာဆိုရင် ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေ ထိခိုက်သေဆုံးအောင် လုပ်နိုင်သည်အထိ လက်စောင်းထက်ခဲ့ပါတယ်။ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းသူက မြို့ခံတွေဟာ ခေတ်ပေါ်သေနတ်၊ ရိုးရာတူမီးသေနတ်၊ လက်ပစ်ဗုံးတွေနဲ့ပါ ခုခံတိုက်ခိုက်နေကြတယ်လို့ ပြောပါတယ်။ ​အခုအချိန်အထိ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးထားပါတယ်။

    “ကျွန်တော်တို့ပြန်မပစ်ရင် ဆန္ဒပြသူတွေ အသတ်ခံရမှာပဲ။ ဆန္ဒပြပွဲလည်း ကျွန်တော်တို့မြို့ကနေ ပျောက်သွားလိမ့်မယ်”

    လက်နက်ကိုင်ခုခံတွန်းလှန်မှုဟာ တောရောမြို့မှာပါ ဖြစ်ပွားနေတယ်လို့လည်းသူက ပြောပါတယ်။

    တမူးမြို့မှာ ပထမဆုံး ခုခံတိုက်ခိုက်မှုဟာ ဧပြီလ ၁ ရက်နေ့မှာ စတင်ပါတယ်။ CDM လုပ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဒေသခံတွေကိုဦးဆောင်ကာ နန်ဖာလုံရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း CDM ရဲတပ်ဖွဲ့ဝင်လည်း သေဆုံးခဲ့တယ်လို့ ကိုမင်းသူက ပြောပါတယ်။

    နောက် ၃ ရက်အကြာမှာတော့ ​တမူးမြို့က စစ်ကားကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နောက်ထပ် စစ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။

    လုံခြုံရေးတပ်ဖွဲ့တွေကို ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် တမူးမှာ ဆန္ဒပြသူတွေ ထိခိုက်သေဆုံးမှု လျော့ကျသွားတယ်လို့ ကိုမင်းသူက ပြောပါတယ်။ တမူးမှာ ဧပြီလ ၁၂ ရက်နေ့အထိ ပြည်သူဖက်က ထိခိုက်သေဆုံးသူ ၆ ဦးသာ ရှိပါသေးတယ်။

    “ဒါ့ကြောင့် တစ်ခြားနေရာက ပြည်သူတွေကလည်း ရဲနဲ့စစ်သားတွေကို ကြောက်မနေဘဲ ပြန်တိုက်ဖို့လိုပါတယ်။ ရဲနဲ့ စစ်သားကသာ ပြည်သူကို ကြောက်ရမှာပါ”

    နယ်စပ်မှာရှိနေတာက တမူးမြို့ဆန္ဒပြသူတွေရဲ့ အားသာချက်ဖြစ်ပြီး အခြားနေရာတွေမှာ ဆန္ဒပြသူတွေဟာ ဒီအားသာချက်မျိုး မရှိပါဘူး။

    တမူးမြို့ခံဖြစ်ပြီး ဆန္ဒပြအဖွဲ့ခေါင်းဆောင် ကိုမင်းသူက ဒဏ်ရာရသူတွေကို နယ်စပ်ကိုဖြတ်ပြီး အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်က မိုးရေးဖက်ကို သွားကုတယ်လို့ ပြောပါတယ်။ တမူးမှာ အခြေအနေတွေ ဆိုးရွားလာရင် ဒေသခံတွေဟာ နယ်စပ်ဖြတ်ပြေးကြတယ်လို့လည်း ဆိုပါတယ်။

    ဆန္ဒပြသူတွေ လက်နက်ဘယ်လိုရလဲဆိုတာ အသေးစိတ်ပြောဖို့ သူက ငြင်းပေမယ့် မြန်မာ-အိန္ဒိယနယ်စပ်မှာ လက်နက်ကိုင်အဖွဲ့တွေ အများအပြားရှိတာကြောင့် အဲဒီလူတွေဆီက ဝယ်ယူတာမျိုး ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

    “ကျွန်တော်တို့မြို့ဟာ နယ်စပ်မြို့ဖြစ်တဲ့အတွက် လက်နက်ရဖို့က ပူစရာမလိုပါဘူး။ ဒါပေမယ့် ရဲနဲ့စစ်သားတွေကို ဘယ်လောက်ကြာကြာ ခုခုံနိုင်မလဲဆိုတာ ကျွန်တော် မသိပါဘူး”

    ဆန္ဒပြသူအချို့ လက်နက်ကိုင်ခုခံမှုတွေကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ကျယ်ကျယ်ပြန့်​ပြန့် ဖြစ်တော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ ကိုစည်သူကတော့ ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရက်စက်ကြမ်းကြုတ်လို့ တုန့်ပြန်တာသာဖြစ်တယ်လို့ ပြောပါတယ်။

    “ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြချင်တယ်။ လက်နက်ကိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပါ။ ​ကျွန်တော်တို့မှာ တစ်ခြားရွေးစရာသာရှိခဲ့ရင် လက်နက်ဘယ်ကိုင်ပါ့မလဲ”

    စစ်ကိုင်းတိုင်းမြောက်ပိုင်း ပင်လယ်ဘူးမြို့မှာ ဧပြီလ ၅ ရက်နေ့က ဒေသခံတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုအတွင်း တူမီးလက်ချက်ကြောင့် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပါတယ်။ ​မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးလည်း မီးရှို့ခံခဲ့ရပြီး ဆန္ဒပြသူတွေဖက်က အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပါတယ်။

    တိုက်ခိုက်မှုဖြစ်ပွားတဲ့အချိန်မှာ မြို့ကဒေသခံတော်တော်များများ ထွက်ပြေးသွားကြပြီး အမာခံဆန္ဒပြသူတွေပဲ ကျန်ရစ်တော့တယ်လို့ ကိုသီဟက ပြောပါတယ်။

    “ခုခံကာကွယ်ဖို့အတွက် ကျွန်တော်တို့မှာ တူမီးသေနတ်တွေပဲ ရှိပါတယ်။ ဒါ့ကြောင့် လက်ရှိတော်လှန်ရေးကို ‘တူမီးတော်လှန်ရေး’ လို့ ကျွန်တော်တို့ ခေါ်ပါတယ်။ ကလေးနဲ့ တမူးမြို့တွေမှာ တူမီးအပါအဝင် လက်နက်တွေနဲ့ ခုခံနေပါတယ်”

    မ​ကွေးတိုင်းဒေသကြီးအတွင်းက ဂန့်ဂေါမြို့ကို ကလေးမြို့ကနေ ၃ နာရီကြာ ကားမောင်းသွားရပါတယ်။ ကလေးမြို့ရှိတဲ့ ​တောင်တန်းနှစ်ခုကြားက ​ချိုင်းဝှင်ဒေသရဲ့ တောင်ဖက်မှာ ရှိတာပါ။ ဂန်ဂေါမြို့က ဒေသခံတွေဟာ မတ်လ ၃၀ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တူမီးသေနတ်တွေနဲ့ ခုခံတိုက်ခိုက်ခဲ့ပါတယ်။

    “တူမီး​သေနတ်ကို ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အသုံးပြုတာပါ။ ​ရဲတွေက သေနတ်ကိုကြောက်တယ်။ ပြည်သူတွေက ပြန်ပစ်မှာကို သူတို့ သိတဲ့အတွေက် တွေ့ရာမြင်ရာ မပစ်ရဲပါဘူး” လို့ မြို့မရပ်ကွက်က ကိုအောင်ထူးက ပြောပါတယ်။

    ဧပြီလ ၂ ရက်နေ့ကစလို့ ရဲနဲ့ စစ်သားတွေက ဂန့်ဂေါမြို့ မြို့မရပ်ကွက်နဲ့ မိုးကောင်းရပ်ကွက်မှာ တစ်အိမ်တက်ဆင်း လက်နက်တွေရှာတာကြောင့် ​ပြည်သူတွေ တစ်ခြားနေရာကို ထွက်ပြးခဲ့ရပါတယ်။ ​လက်နက်မရှိပေမယ့်လည်း ဖမ်းဆီးသွားမှာကို ဒေသခံတွေက ကြောက်နေကြတာပါ။

    မကွေးတိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော်ကျော်ထွန်း (NLD ပါတီ ဂန့်ဂေါ မဲဆန္ဒနယ် ၂) က အဲဒီရပ်ကွက်တွေကို ရဲနဲ့စစ်တပ်တွေ ၀ိုင်းထားတာကြောင့် သူဟာ တစ်ခြားတစ်နေရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ပြောပါတယ်။

    “လုံခြုံရေးတပ်ဖွဲ့တွေ မြို့မနဲ့ မိုးကောင်းရပ်ကွက်တွေမှာ ရှိနေတုန်းပါ။ ဒေသခံတွေကတော့ ချင်းပြည်နယ် ဒါမှမဟုတ် မကွေးတိုင်းက အခြားဒေသတွေကို ​ထွက်ပြေးနေရပါတယ်”

    မတ်လနောက်ဆုံးသီတင်းပတ်က ဂန်ဂေါမြို့မှာ လူ ၄ ဦး အသတ်ခံရတယ်လို့လည်း သူက ပြောပါတယ်။

    ဧပြီလ ၁၀ ရက်နေ့က တမူးမြို့မှာ လုံခြုံးရေးတပ်ဖွဲ့ဝင်တွေ ကျည်အစစ်နဲ့ပစ်တာ၊ လစ်ပစ်ဗုံးနဲ့ထုတာကြောင့် လူ ၃ ဦး သေဆုံးခဲ့သလို လက်တလော ပစ်ခတ်ဖြိုခွင်းမှုတွေ ဆက်ရှိနေပေမယ့် တမူးဒေသခံတွေကတော့ လက်နက်ကိုင် ခုခံရေး ဆက်လက်လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြပြီး ‘တမူးလုံခြုံရေးအဖွဲ့’ ကိုတောင် ဖွဲ့စည်းထားကြပါပြီ။

    လက်လုပ် တူမီးသေနတ်​၊ AK47၊ M16 ရိုင်ဖယ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ တော်လှန်ရေးကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကိုမင်းသူက ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ ကျီးလန့်စာစားရမယ့် ပစ်-ပြေးနည်းလမ်းကို အသုံးပြုမယ်လို့လည်း သူက ဆိုပါတယ်။

    “မကြာခင် ပျောက်ကျားဗျူဟာနဲ့ ကျွန်တော်တို့ တိုက်သွားမယ်။ ​လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ယှဉ်ရင် ကျွန်တော်တို့က လူနည်းတယ်။ ဒါ့ကြောင့် ဗျူဟာပြောင်းဖို့ လိုပ်ပါတယ်”

    (ဆောင်းပါးပါအမည်များသည် အမည်လွှဲများ ဖြစ်ပါသည်)

    Ref: Frontier Myanmar

    (Frontier Myanmar တွင် ဖော်ပြထားသည့် The ‘Tumi Revolution’: Protesters fight back in Sagaing Region ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • နျူစက်ရုံကို အစ္စရေးက တိုက်ခိုက်မှု လက်တုန့်ပြန်မည်ဟု အီရန်ထုတ်ပြန်

    နျူစက်ရုံကို အစ္စရေးက တိုက်ခိုက်မှု လက်တုန့်ပြန်မည်ဟု အီရန်ထုတ်ပြန်

    ဧပြီ ၁၂၊ ၂၀၂၁
    M-Media

    -နိုင်ငံအလယ်ပိုင်း နျူစက်ရုံမှာ ဓာတ်အားပြတ်တောက်သွားခြင်းဟာ အစ္စရေးရဲ့ လက်ချက်ဖြစ်ပြီး ဒီအတွက် တုန့်ပြန် လက်စားချေသွားမယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။

    နာတန့်ဇ်မြို့က အဲဒီမြေအောက်စက်ရုံဟာ အီရန်နျူစီမံကိန်းက အရေးပါတဲ့ နေရာတစ်ခုဖြစ်ပြီး တနင်္ဂနွေနေ့အစောပိုင်းက ဓာတ်အားပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။

    ဒီနေ့မနက် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပွဲမှာ ဇာရစ်ဖ်က ဒီကိစ္စကို အစ္စရေးအာဏာပိုင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ ပြန်ဆွေးနွေးနေတဲ့ နျူသဘောတူညီချက်ကို တားဆီးဟန့်တားဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ​နျူသဘောတူညီချက်မရအောင်လုပ်တဲ့ ထောင်ချောက်ကို အီရန်က အမိခံမှာမဟုတ်ဘဲ အစ္စရေးကို တုန့်ပြန် လက်စားချေသွားမယ်လို့လည်း ဇာရစ်ဖ်က ဆိုပါတယ်။ နာတန့်ဇ်နျူစက်ရုံကို အရင်ကထက် ပိုမိုတောင့်တင်းအောင် ဆောင်ရွက်သွားမယ်လို့ သူက ကတိပြုခဲ့ပါတယ်။

    အစ္စရေး ရေဒီယို Kan က အစ္စရေးထောက်လှမ်းရေး မော့ဆက်အဖွဲ့ဟာ နာတန့်ဇ်စက်ရုံကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ထောက်လှမ်းရေးအရာအရှိတွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ အစ္စရေးအစိုးရကတော့ ဒီကိစ္စအတွက် မှတ်ချက်မပေးခဲ့ပါဘူး။

    ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ဒီစက်ရုံမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အစ္စရေးလက်ချက်လို့ အီရန်က ထုတ်ပြန်ပါတယ်။

    Ref: Aljazeera

  • ရမ်ဇာန်ဥပုသ်လ ဝတ်ပြုဆုတောင်းမှုဆိုင်ရာ လမ်းညွှန်ချက်များ ဆော်ဒီထုတ်ပြန်

    ရမ်ဇာန်ဥပုသ်လ ဝတ်ပြုဆုတောင်းမှုဆိုင်ရာ လမ်းညွှန်ချက်များ ဆော်ဒီထုတ်ပြန်

    ဧပြီ ၁၂၊ ၂၀၂၁
    M-Media

    -ရမ်ဇာန်ဥပုသ်လ မြင့်မြတ်ရာ ဝတ်ကျောင်းတော်တွေမှာ အွမ္မရာဟ် ဘုရားဖူးခရီးစဉ်နဲ့ နေ့စဉ် ဝတ်ပြုဆုတောင်းမှုတွေအတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ လမ်းညွှန်ချက်တွေကို ဆော်ဒီအစိုးရက ထုတ်ပြန်လိုက်ပါတယ်။

    မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေ၊ မြင့်မြတ်ရာနေရာတွေကို ဝင်ရောက်ပြီး အွမ္မရာဟ်ပြုချင်သူတွေ၊ ဝတ်ပြုဆု​တောင်းချင်တဲ့သူတွေဟာ ကိုဗစ်ကာကွယ်ဆေးကို ၂ ကြိမ်ထိုးထားတယ်ဆိုတဲ့ အထောက်အထား ပြနိုင်ရမှာဖြစ်ပါတယ်။

    အွမ္မရာဟ်ခရီးစဉ်အတွက် Tawakkalna နဲ့ Eatmarna အက်ပလီကေးရှင်းတွေကနေသာ လျှောက်ထားနိုင်မှာပါ။ မက္ကာမြို့လယ်တစ်၀ိုက်ကို မှတ်ပုံတင်ထားတဲ့ ကားကလွဲလို့ ဘယ်ကားမှ အဝင်မခံဘဲ မြင့်မြတ်ရာနေရာတွေမှာ ဝတ်ပြုဆုတောင်းလိုတဲ့သူတွေအနေနဲ့ လိုအပ်တဲ့ စစ်ဆေးမှု​တွေကို ခံယူနိုင်ရေး အချိန်မီလာရောက်ရမယ်လို့ ဆော်ဒီအစိုးရက ထုတ်ပြန်ထားပါတယ်။

    ကိုဗစ်အန္တရာယ်ကြောင့် မြင့်မြတ်ရာနေရာတွေထဲကို ကလေးငယ်တွေ လာခွင့်ပြုမှာမဟုတ်ပါဘူး။ တရားဝင် လျှောက်ထားခြင်းမရှိဘဲ အွမ္မရာဟ်ပြုလုပ်သူတွေအနေနဲ့ ဆော်ဒီရီယဲလ် တစ်သောင်း (ကန် ၂၆၆၇၁ ဒေါ်လာ) ဒဏ်တပ်ခံရမှာ ဖြစ်ပါတယ်။

    နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေမှာ သာရာဝီ ဝတ်ပြုဆုတောင်းမှုကို မိနစ် ၃၀ အတွင်း အပြီး ပြုလုပ်ရမှာ ဖြစ်ပါတယ်။

    မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေကို လာရောက်ကြသူတွေအနေနဲ့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ် လိုက်နာဖို့ ဆော်ဒီအစိုးရက တိုက်တွန်းနှိုးဆော်ထားပါတယ်။

    (ဓာတ်ပုံ – မက္ကာမြို့ရှိ မြင့်မြတ်ရာ ကအ်ဘာဝတ်ကျောင်းတော်ရှေ့တွင် အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးများ ကိုဗစ်စည်းကမ်းနှင့်အညီ ဝတ်ပြုဆုတောင်းနေစဉ်)

    Ref: Arab News

  • မြန်မာ့အရေး နိုင်ငံတကာ၏တုန့်ပြန်မှုကို တရုတ်နှင့်ရုရှားက ဖျက်ဆီးနေဟု ဥရောပသမဂ္ဂပြော

    မြန်မာ့အရေး နိုင်ငံတကာ၏တုန့်ပြန်မှုကို တရုတ်နှင့်ရုရှားက ဖျက်ဆီးနေဟု ဥရောပသမဂ္ဂပြော

    ဧ​ပြီ ၁၂၊ ၂၀၁
    M-Media

    -စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ မတည်မငြိမ်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက တုန့်ပြန်ဆောင်ရွက်ရာမှာ တရုတ်နဲ့ ရုရှားတို့က ဟန့်တားနေတယ်လို့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးဆိုင်ရာအကြီးအကဲ ဂျိုးဆပ် ဘော်ရဲလ်က ပြောကြားလိုက်ပါတယ်။

    “ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကြိုးပမ်းမှုတွေ ဥပမာ လက်နက်ရောင်းချမှု ပိတ်ဆို့တာမျိုးကို တရုတ်နဲ့ ရုရှားတို့က တားဆီးဟန့်တားနေတာဟာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုတွေက ဘုံမူဝါဒတစ်ခု ရရှိရေးကို တော်တော်လေး ခက်ခဲအောင် လုပ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ကြိုးစားရမယ့်တာဝန် ရှိနေပါတယ်”

    ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူ ၇၀၀ ကျော် ရှိလာပြီဖြစ်ပါတယ်။ အသတ်ခံရသူတွေထဲမှာ အနည်းဆုံး ကလေးငယ် ၄၆ ဦး ပါဝင်ပါတယ်။

    ဂျိုးဆပ် ဘော်ရဲလ်က စစ်ကောင်စီဟာ အကြမ်းဖက်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ကြောက်မက်ဖွယ်အဖြစ်ဆိုးကို ကမ္ဘာကြီးက မြင်တွေ့နေရတာပါ။ စစ်တပ်ဟာ ကိုယ့်ရဲ့ပြည်သူကို အကြမ်းဖက်နေတာ ဖြစ်ပါတယ်”

    တရုတ်နဲ့ ရုရှားတို့ဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကိုယ်စီ ရှိကြပြီး လက်နက်ထောက်ပံ့ပေးနေတဲ့ အဓိကနိုင်ငံတွေလည်း ဖြစ်ပါတယ်။

    ဥရောပသမဂ္ဂဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အာဏာသိမ်းမှုနဲ့ ဆက်နွယ်နေတဲ့ စစ်ခေါင်းဆောင် ၁၁ ဦးကို မတ်လအတွင်းက ပိတ်ဆို့အရေးယူမှု လုပ်ခဲ့ပြီး စစ်ခေါင်းဆောင်တွေပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အာဏာသိမ်းမှုနဲ့ ဆက်နွယ်နေတဲ့သူတွေကို ထပ်မံ အရေးယူဖို့လည်း စီစဉ်နေပါတယ်။

    ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံ စီးပွားရေးဆက်ဆံမှုပမာဏ နည်းပါးပေမယ့် နိုင်ငံမှာ ဒီမိုကရေစီပြန်ရရင် စီးပွားရေးကဏ္ဍ တိုးမြှင့်လုပ်ဆောင်ပေးမယ်လို့လည်း ဘော်ရဲလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters