News @ M-Media

Blog

  • တိုင်းရင်းသားဒေသများကို ရုရှားလေယာဥ်များဖြင့် စစ်ကောင်စီက တိုက်ခိုက်နေ

    တိုင်းရင်းသားဒေသများကို ရုရှားလေယာဥ်များဖြင့် စစ်ကောင်စီက တိုက်ခိုက်နေ

    ဧပြီ ၁၆၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီက တိုင်းရင်းသားဒေသတွေမှာ လေကြောင်းကနေတိုက်ခိုက်မှု ပြုလုပ်ရာမှာ ရုရှားထံကရထားတဲ့ လေယာဥ်တွေကို အသုံးပြုနေတယ်လို့ မျက်မြင်တွေ့မြင်သူတွေ၊ ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့ ၃ ပတ်လောက်ကစပြီး စစ်ကောင်စီတပ်တွေဟာ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ တိုက်လေယာဥ်တွေ၊ ရဟတ်ယာဥ်တွေနဲ့ တိုးမြှင့်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ နိုင်ငံတစ်၀ှမ်းက ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်သတ်ဖြတ်နေမှုကို တုန့်ပြန်တဲ့အနေနဲ့ KIA နဲ့ KNU တို့ဟာ သူတို့ထိန်းချုပ်ရာ ဒေသအနီးက စစ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီက အခုလို ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

    KNU ဒေသတွေကို စစ်တပ်က နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်း လေကြောင်းကနေ အကြီးအကျယ် တိုက်ခိုက်တာပါ။ မတ်လ ၂၇ ရက်နေ့က တိုက်လေယာဥ်တွေ၊ ရဟတ်ယာဥ်တွေနဲ့ ပထမဆုံး တိုက်ခိုက်ခဲ့တာလို့ KNU ထိပ်ပိုင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြည်သူတွေနေထိုင်တဲ့ ရွာတွေပေါ်ကို တိုက်ခိုက်တာကြောင့် အရပ်သားသေဆုံးမှု အများအပြား ရှိခဲ့ပါတယ်။

    ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်က အဲဒီတိုက်ခိုက်မှုအတွင်း ဗုံး ၉ လုံးချခဲ့ကာ ရဟတ်ယာဥ်တွေမှာ တပ်ဆင်ထားတဲ့ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
    ရုရှားဆီကရတဲ့ တိုက်လေယာဥ်တွေကို စစ်တပ်က နောက်ဆုံးအသုံးပြုတာဟာ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တိုက်ခိုက်တုန်းက ဖြစ်ပါတယ်။

    ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ရုရှားနဲ့ စစ်ရေးဆက်ဆံမှု ပိုမိုနီးကပ်အောင် လုပ်ဆောင်ခဲ့ပြီး စစ်တပ်က တရုတ်အပေါ် မှီခိုနေရမှု လျော့ချဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ စစ်တပ်ဟာ ရုရှားထံက MiG-29 တိုက်လေယာဥ် အစီး ၃၀၊ Mi-24 တိုက်လေယာဥ် ၁၀ စီး၊ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဥ် ၅ စီး ၀ယ်ယူထားခဲ့ပြီး၊ Sukhoi-30 တိုက်လေယာဥ် ၆ စီးကိုလည်း လက်ခံဖို့ စောင့်ဆိုင်းနေတယ်လို့ ဆွီဒင် တတ်သိပညာရှင်များအဖွဲ့ Stockholm International Peace Research Institute က ပြောပါတယ်။

    ရုရှားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကိုင်ထားတဲ့ နိုင်ငံဖြစ်ပြီး ဆက်ဆံရေးနီးစပ်တာကြောင့် စစ်ကောင်စီဟာ ရုရှားထံကနေ သံတမန်ရေးနဲ့ စစ်ရေးအကူအညီ ပိုရလိမ့်မယ်လို့ နိုင်ငံတကာသံတမန်တွေက သုံးသပ်ပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA ကလွဲပြီး တစ်ခြားတိုင်းရင်းသားတွေမှာ လေကြောင်းရန် ကာကွယ်ရေးစနစ် မရှိသေးဘဲ စစ်တပ်က လေကြောင်းကနေ အသာစီး ရယူထားတာကြောင့် တိုင်းရင်းသားတွေစုပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်ဖို့ နှောင့်နှေးနိုင်တယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာသူတွေ သံတမန်တွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: Nikkei Asia

  • မြန်မာစစ်တပ်ပိုင်လုပ်ငန်းနှင့် ပူးပေါင်းမှုကို အဆုံးသတ်မည်ဟု တောင်ကိုရီးယားကုမ္ပဏီ POSCO က ထုတ်ပြန်

    မြန်မာစစ်တပ်ပိုင်လုပ်ငန်းနှင့် ပူးပေါင်းမှုကို အဆုံးသတ်မည်ဟု တောင်ကိုရီးယားကုမ္ပဏီ POSCO က ထုတ်ပြန်

    ဧပြီ ၁၆၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ခေါင်းဆောင်တွေ ချုပ်ကိုင်ထားတဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပူးပေါင်း​ဆောင်ရွက်နေမှုကိုကို ရပ်ဆိုင်းတော့မယ်လို့ တောင်ကိုရီးယား စတီးလ်ထုတ်လုပ်ရေးလုပ်ငန်း POSCO က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    POSCO Coated & Color Steel အမည်နဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို POSCO က ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး စစ်​တပ်ပိုင် စီးပွားရေးဦးပိုင်လိမိတက် MEHL က ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်တာပါ။

    စစ်တပ်ကုမ္ပဏီက ရယူထားတဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ဝယ်ယူဖို့ ကမ်းလှမ်းထားပြီး မြန်မာနိုင်ငံကလုပ်ငန်းကို မိမိတို့ကသာ အပြည့်အ၀လည်ပတ်ဖို့ စီစဉ်နေတယ်လို့ POSCO C&C ကုမ္ပဏီရဲ့ တာဝန်ရှိသူ မင်ဂျီဟွန်က ပြောပါတယ်။

    စစ်တပ်ဖက်ကတော့ ဒီကမ်းလှမ်းမှုအတွက် အကြောင်းမပြန်သေးဘူးလို့ သူက ဆိုပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ လုပ်ဆောင်နေတဲ့ စစ်တပ်ရဲ့ ငွေကြေးရရှိနေတဲ့ လုပ်ငန်းတွေကို နိုင်ငံတကာကုမ္ပဏီတွေက အဆက်အသွယ်ဖြတ်တောက်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းဆော်ဩနေကြတာပါ။

    POSCO ကုမ္ပဏီလည်း ဒီလို တိုက်တွန်းမှုမျိုးကို ရရှိခဲ့ပါတယ်။

    MEHL က သူတို့ရဲ့ကမ်းလှမ်းမှုးကို ငြင်းဆန်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လုပ်နိုင်ရေး တစ်ခြားနည်းလမ်းတွေ ရှာဖွေသွားမယ်လို့ မင်ဂျီဟွန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: AP

  • အိန္ဒိယနှင့်ပါကစ္စတန် သင့်မြတ်ရေး ကြားဝင်ဆောင်ရွက်ပေးနေကြောင်း ယူအေအီး ဖွင့်ဟ

    အိန္ဒိယနှင့်ပါကစ္စတန် သင့်မြတ်ရေး ကြားဝင်ဆောင်ရွက်ပေးနေကြောင်း ယူအေအီး ဖွင့်ဟ

    ဧပြီ ၁၅၊ ၂၀၂၁
    M-Media

    -ရန်ဘက်နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ ပြန်လည်သင့်မြတ်ပြီး ခိုင်မာတဲ့
    ဆက်ဆံရေး တည်ဆောက်နိုင်ဖို့အတွက် မိမိတို့က ကြားဝင်ဆောင်ရွက်ပေးနေတယ်လို့ အမေရိကန်ဆိုင်ရာ ယူအေအီးသံအမတ် ယူဆက်ဖ် အလ် အိုတိုင်ဘာက ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ပြန်လည်သင့်မြတ်ရေး လျှို့ဝှက် ဆောင်ရွက်နေကြပြီး ဇန်နဝါရီလက ဒူဘိုင်းမှာ နှစ်ဖက် ထောက်လှမ်းရေးအကြီးအကဲတွေဟာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။

    သံအမတ် အလ် အိုတိုင်ဘာက ကက်ရှ်မီးယားအရေး တင်းမာမှု လျော့ကျသွားပြီး ​အပစ်ရပ်ရေးသဘောတူညီချက်ရဖို့၊ အဲဒီကနေတစ်ဆင့် နှစ်နိုင်ငံ ကောင်းမွန်ပြေလည်တဲ့ ဆက်ဆံရေး ထူထောင်နိုင်ဖို့ ယူအေအီးက ကြားဝင်ဆောင်ရွက်ပေးနေတယ်လို့ စတန်းဖို့ဒ်တက္ကသိုလ်နဲ့ မနေ့က အွန်လိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

    “အကောင်းဆုံးမိတ်ဆွေ​တွေ ဖြစ်လာအောင် သူတို့ ဆောင်ရွက်နေတာမျိုး မဟုတ်ပေမယ့် အနည်းဆုံးတော့ အလုပ်ဖြစ်တဲ့၊ တစ်ယောက်နဲ့တစ်ယောက် ပြောလို့ဆိုလို့ရတဲ့ အဆင့်မျိုးကို ကျွန်တော်တို့ လိုချင်ပါတယ်”

    အိန္ဒိယနဲ့ ပါကစ္စတန် စစ်တပ်တို့ဟာ ကက်ရှ်မီးယားက LoC နယ်ခြားစည်းမျဉ်းတစ်ယောက် အပစ်ရပ်ရေး ၂၀၀၃ ခုနှစ် သဘောတူညီချက်ကို ဆက်လက်လိုက်နာသွားမယ်လို့ ဖေဖော်ဝါရီလက အံ့အားသင့်ဖွယ် ပူးတွဲကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီနောက် ရက်အနည်းငယ်အကြာမှာပဲ ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ကမား ဂျာဝိဒ် ဘဂျ်ဝါးက အတိတ်ကကိစ္စတွေကို မေ့ပစ်ပြီး ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

    နှစ်နိုင်ငံဝန်ကြီးချုပ်တွေကလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ အပြန်အလှန် စာတွေပေးပို့ခဲ့ပြီး ဖော်ရွေပျူငှာတဲ့ဆက်ဆံရေးမျိုး လိုချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဆန္ဒပြသူများကို နှိမ်နှင်းရန် နိုင်ငံခြားသူပုန်များကိုပါ စစ်ကောင်စီက အသုံးပြုနေဟု Nikkei Asia ဖော်ပြ

    ဆန္ဒပြသူများကို နှိမ်နှင်းရန် နိုင်ငံခြားသူပုန်များကိုပါ စစ်ကောင်စီက အသုံးပြုနေဟု Nikkei Asia ဖော်ပြ

    ဧပြီ ၁၅၊ ၂၀၂၁
    M-Media

    -စစ်ကိုင်းတိုင်းဒေသကြီးက အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဖြိုခွဲရာမှာ အိန္ဒိယက ခွဲထွက်ရေးသူပုန်တွေကို စစ်ကောင်စီက အသုံးချခဲ့တယ်လို့ Nikkei Asia သတင်းဌာနက ဖော်ပြထားပါတယ်။

    Myanmar junta taps Russian air power to bomb ethnic rebels ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးမှာ အာရှစစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေး ရင်းမြစ်တွေကို ကိုးကားပြီး ဒီလိုဖော်ပြခဲ့တာပါ။

    အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို နှိမ်နှင်းဖို့အတွက် လက်နက်ကိုင်အဖွဲ့တွေကို ခေါ်ယူအသုံးချမှုအပါအဝင် နည်းလမ်းအားလုံးကို စစ်ကောင်စီက သုံးနေတယ်လို့ ဆောင်းပါးမှာ ရေးထားပါတယ်။

    အိန္ဒိယမှာနိုင်ငံ မဏိပူရပြည်နယ်မှာ လှုပ်ရှားနေတဲ့ ခွဲထွက်ရေးသူပုန်အဖွဲ့ Meitei က လူတွေကို စစ်ကောင်စီက နယ်စယ်ဖြတ်ကျော် ခေါ်သွင်းလာကာ မြန်မာစစ်၀တ်စုံဝတ်ဆင်ပေး၊ အော်မက်တစ်လက်နက်တွေ တပ်ဆင်ပေးပြီး စစ်ကိုင်းတိုင်းအနောက်ခြမ်း အိန္ဒိယနယ်စပ်နားမှာရှိတဲ့ မြို့တစ်ခုက ဆန္ဒပြသူတွေကို နှိမ်နှင်းခိုင်းခဲ့တယ်လို့ အာရှစစ်ရေးဆိုင်ရာ ထောက်လှမ်းရေးရင်းမြစ်တွေက ပြောကြားခဲ့ကြောင်း ဆောင်းပါးမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    အဲဒီနှိမ်နှင်းမှုမှာ အရပ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    “တပ်မတော်ရဲ့ ဒေသခံတပ်မှူးက သဘောတူညီချက်ယူပြီး လုပ်ဆောင်တာမျိုးပါ။ အာဏာသိမ်းမှုဆန့်ကျင်ရေး သဘောထားတွေ ပြန့်နှံ့နေတာကို တုန့်ပြန်ရာမှာ ဒီလိုပုံစံလုပ်ဆောင်ဖို့အတွက် အခြားတိုင်းရင်းသားဒေသတွေမှာလည်း ဒေသခံတပ်မှူးတွေက လက်နက်ကိုင်အဖွဲ့တွေကို ချဉ်းကပ်ဆွေးနွေးဖို့ ကြိုးစားနေပါတယ်” လို့ ထောက်လှမ်းရေးရင်းမြစ်တစ်ခုက Nikkei Asia သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဧပြီလ ၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တာဟန်းသပိတ်ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဖြိုခွင်းလို့ အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ပြီး Nikkei Asia က ရည်ညွှန်းတဲ့ ဖြိုခွင်းမှုဟာ ဒီကိစ္စဖြစ်ဖွယ် ရှိနေပါတယ်။

    Ref: Nikkei Asia