News @ M-Media

Blog

  • မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

    ဆောင်းပါးရှင်-အောင်ဒင်
    ပြည်သူ့ခေတ်ဂျာနယ်

    1234966_459304604178143_219941149_n

    ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင်ပြဌာန်းထားတဲ့ နိုင်ငံသား တိုင်းရဲ့လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်တွေကိုအာမခံချက်ပေးမည့် ဘာသာရေးပဋိပက္ခများ မဖြစ်အောင် ထိထိရောက်ရောက် တားဆီးနိုင်မည့် ဘာသာပေါင်းစုံငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို အားပေးတဲ့ဥပဒေ တစ်ရပ်ကို အမြန်ဆုံးပြဌာန်းသင့်ပါပြီ။

    ၂၀၀၈ ဖွဲ့စည်းပုံပါ လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုင်ရာ ပြဌာန်းချက်များ

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅၄) မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်း ထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင် (ဃ) တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကိုသော်လည်းကောင်း၊ အခြားဘာသာ သာသနာကို သော်လည်းကောင်း၊ ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင် မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိသည် လို့ပြဌာန်းထားပါတယ်။

    ပုဒ်မ ၃၆၁ မှာ နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။ ပုဒ်မ ၃၆၂ မှာ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာ နှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံ ဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိကြေသောကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည် ဟုလည်း ပြဌာန်းထားပါတယ်။ ပုဒ်မ ၃၆၄ မှာ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစားမပြုရ ထို့ပြင် လူမျိုးရေးကြောင့် လည်းကောင်း တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း၊ မုန်းတီးခြင်း၊ ရန်မှုခြင်း ၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမှုသည် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမှုမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည် ဟု ပြဌာန်းထားသည်။

    အထက်ဖော်ပြပါ ပြဌာန်းချက်များအရ နိုင်ငံသားများရဲ့လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဌာန်းထားပါတယ်။ ဘာသာရေး ပဋိပက္ခ ဖြစ်အောင် ဖန်တီးလှုံ့ဆော်မှုများကိုလည်း အပြစ်ပေးနိုင်ကြောင်း ဆိုထားပါတယ်။ ဒါပေမဲ့ အဲဒီ ပြဌာန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော် ရမည့် ဥပဒေတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်မှာ ဥပဒေကြမ်းရေးဆွဲတင်သွင်းခြင်း၊ စဉ်းစားခြင်း လုံးစ မရှိသေးပါ။ ပြည်ထောင်စု အစိုးရဲ့သာသနာရေးဝန်ကြီးဌာနကလည်း ဥပဒေကြမ်းရေးဆွဲပြီးလွှတ်တော်ကို တင်သွင်းခြင်းမရှိသေးပါ။

    လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄ မှာ ငြိမ်ဝပ်ပိပြားရေးနှင့်သော် လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော် လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် သော် လည်းကောင်း၊ ဤ ဖွဲ့စည်းပုံအခြခံဥပဒေပါ အခြားပြဌာန်းချက်တို့နှင့် သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ် ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည် လို့ပြဌာန်းထားပါတယ်။ တက်ယ်တော့ ဘာသာရေး ကိုးကွယ်မှုဟာ လူတစ်ယောက်ရဲ့မွေးရာပါ လူ့အခွင့်အရေးပါ။ လူတစ်ယောက်ဟာ သူကြိုက်နှစ်သက်ရာ ဘာသာတရားကို သူ ယုံကြည်သလို ကိုးကွယ်ခွင့်ရှိပါတယ်။ လက်ရှိ ဘာသာကို စွန့်ပြီး အခြားဘာသာကို ကူးပြောင်းကိုးကွယ်ွင့်ရှိပါတယ်။ ဘယ် ဘာသာ ကိုမှ မကိုးကွယ်ဘဲ နေထိုင်ခွင့်လည်း ရှိပါတယ်။ ဘာသာရေး ကိုးကွယ်ယုံကြည်မှုနဲ့ ပက်သက်ပြီး သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းထံ ကိုယ့်ကိုယ်ကိုယ် အပ်နှံနိုင်သလို ဘယ်ဘာသာရေး အဖွဲ့အစည်းနဲ့မှ မပက်သက်ဘဲ ကိုယ့်ဘာသာကိုယ် တစ်ဦးတည်း တိတ်တိတ် ဆိတ်ဆိတ် ကိုးကွယ်ခွင့်လည်းရှိပါတယ်။ လူတစ်ယောက်ရဲ့ကိုးကွယ် ယုံကြည်မှုမှာ အစိုးရရဲ့ အမိန့်အာဏာ မပါရ၊ လူ့အသိုင်းအဝိုင်းရဲ့ ဖိအားပေးမှု၊ သွေးဆောင်ဖြားယောင်းမှု၊ ခြိမ်းခြောက်မှုတွေမပါရပါ။

    နိုင်ငံသားတိုင်းဟာ ကိုယ်ယုံကြည်ရာ ကိုးကွယ်ခွင့်ရှိသလို အခြားသူတွေမှာလည်း သူတို့ ယုံကြည်ရာ ကိုးကွယ်ခွင့်၇ှိတယ် ဆိုတာကိုလည်း အသိအမှတ်ပြုရမှာပါ၊ ကိုယ်ယုံကြည်ရာ ဘာသာတရားကို ကိုယ့်ဘာသာ အကောင်းဆုံး၊ အမြင့်မြတ်ဆုံးလို့ ထင်မြင်ယူဆခွင့်ရှိပေမယ့် ကိုယ်နဲ့မတူတဲ့ အခြားဘာသာတရားကို ၊ နှိမ့်ချစော်ကားခွင့်မရှိပါ။ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်တန်ဖိုးထားသလို အခြားသူတစ်ယောက်ရဲ့အခွင့်အေ၇းကိုလည်းလေးစား သင့်ပါတယ်။ အခြားသူများကိုးကွယ်တဲ့ဘာသာတရားကို နှိမ့်ချ စော်ကားခြင်းအားဖြင့် ဘာသာရေး ပဋိပက္ခများကို လှုံဆော်ရာ ရောက်ပါတယ်။ အာဏာရှင် စနစ်အောက်ကနေ ဒီမိုကရေစီနိုင်ငံဖြစ်လာရေးမျှော်လင့်ချက်တွေနဲ့နှစ်ပေါင်း များစွာ တည်ရှိခဲ့တဲ့ထိန်းချုပ်မှုတွေကို အစိုးရက စတင်ဖြေလျှော့ပေးစ အချိန်မှာ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခ များက မြန်မာနိုင်ငံကို အမှောင်ခေတ်ထဲ ပြည်လည်တွန်းပို့လိုက်နိုင်ပါတယ်။

    ဒါကြောင့်လူတိုင်းရဲ့လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို နိုင်ငံတော်က အခိုင်အမာ အာမခံရပါမယ်။ ဘာသာ သာသနာတိုင်းကို နိုင်ငံတော် စောင့်ရှောက် ကူညီဖို့လိုပါတယ်။ ဘာသာဝင်တစ်ဦါ်က အခြားဘာသာ ယုံကြည်မှုကို မစော်ကား၊ မနှောင့်ယှက်အောင် နိုင်ငံတော်က ထိထိရောက်ရောက် တားဆီးဖို့လိုအပ်ပါတယ်။ ဘာသာရေး ပဋိပက္ခ များကိုရည်ရွှယ်ချက်ရှိရှိနဲ့ လှုံ့ဆော် ဖန်တီးနေသူများကို နိုင်ငံတော်က ပြတ်ပြတ်သားသား အရေးယူဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အဲဒီလို အရေးယူဖို့ လက်ရှိတည်ဆဲဥပဒေများက အင်မတန်အားနည်းနေပါတယ်။

    ဒါကြောင့်မို့ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရာဝင် ပြဌာန်းထားတဲ့ နိုင်ငံသားတိုင်းရဲ့လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်တွေကို အာမခံချက်ပေးမည့် ဘာသာရေး ပဋိပက္ခ များမဖြစ်အောင်ထိထိရောက်ရောက် တားဆီးနိုင်မည့် ဘာသာပေါင်းစုံငြိမ်းချမ်းစါာ အတူ ယှဉ်တွဲနေထိုင်ရေးကို အားပေးတဲ့ ဥပဒေတစ်ရပ်ကို အမြန်ဆုံး ပြဌာန်းသင့်ပါပြီ။

    ရာဇသတ်ကြီး အက်ဥပဒေမှ ဘာသာ သာသနာဆိုင်ရာ ပြစ်မှုများ

    မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်မှာ ကျင့်သုံးနေတဲ့ ရာဇသတ်ကြီး အက်ဥပဒေရဲ့အခန်း ၁၅ မှာ ဘာသာ သာသနာ ဆိုင်ရာ ပြစ်မှုများဆိုပြီး ပုဒ်မ (၅)  ခု ပြဌာန်းထားပါတယ်။ ပုဒ်မ ၂၉၅၊ ၂၉၅-က ၊၂၉၆၊၂၉၇၊၂၉၈ တို့ဖြစ်ကြပါတယ်။ ဒီပုဒ်မတွေ အားလုံးဟာ လူ့အသိုင်းအဝိုင်းတစ်ခု ကိုးကွယ်သည့်ဘာသာ သာသနာကို စော်ကားရန် အကြံဖြင့် ကိုးကွယ် ဝတ်ပြုသော နေရာကို ဖျက်ဆီးခြင်း ၊ သို့တည်းမဟုတ် ယုတ်ညံ့စေခြင်း၊ ဘာသာ သာသနာ ကိုစော်ကား ခြင်း၊ ဘာသာရေးစိတ်ဓာတ်ကို နာကြည်းစေရန်ကြံရွယ်၍ မသမာစိတ်ဖြင့် တမင် ကျူးလွန်သော ပြုလုပ်မှုများ၊ ဘာသာ သာသနာရေးဆိုင်ရာ အစုအဝေးကို နှောင့်ယှက် ခြင်း၊ သင်္ချိုင်း စသောနေရာအရပ်များကို ကျူးကျော် စော်ကားခြင်း၊ ဘာသာရေးစိတ်ကို နာစေရန် တမင်ကြံရွယ်၍ စကား စည်များကို ပြောဆိုခြင်း စတာတွေအားလုံးနဲ့ ပတ်သက်တဲ့ပြစ်မှုနဲ့ပြစ်ဒဏ်များကို ပြဌာန်းထားပါတယ်။ ဒီဥပဒေ ပုဒ်မများအရာ ဘာသာရေး အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ အခြား ဘာသာ သာသနာများကို စာဖြင့်လည်းကောင်း ၊စကားဖြင့် လည်းကောင်း စော်ကားခြင်း၊ အခြား ဘာသာ သာသနာ တစ်ရပ်ကိုစော်ကား တဲ့တရားတွေ ဟောတာ၊ ဗီဒီယိုအခွေတွေ ဖြန့်ချိတာ၊ စာရွက်စာတမ်းတွေ ဖြန့်ဝေတာ၊ လူ့အသိုင်းအဝိုင်းအကြား အမုန်းတရားတွေကြီးမားအောင် သံသယနဲ့ အာဃာတတွေ ပွားများအောင် နည်းမျိုးစုံနဲ့ လှုံ့ဆော်တာ တွေအားလုံးဟာ ရာဇဝတ်မှုမြောက်ပါတယ်။ ဒါပေမဲ့လည်း ချမှတ်နိုင့်တဲ့ ပြစ်ဒဏ်ကတော့ နည်းလှပါတယ်။ အများဆုံးထောင်ဒဏ် တစ်နှစ်မှ နှစ်နှစ်အထိသာ ပြစ်ဒဏ်ချနိုင်ပြီး ဒဏ်ငွေလည်း ချမှတ်နိုင်ပါတယ်။

    ပုဒ်မ ၂၉၅-က မှာ ဒီလိုပြဌာန်းထားပါတယ်။ ပြည်ထောင်စု နိုင်ငံတော်တွင် နေထိုင်သော လူတစ်စား၏ ဘာသာရေးစိတ်ကို နာကြည်းစေရန် တမင် မသမာသော အကြံဖြင့် မည်သူမဆို စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှိားသော ပုံသဏ္ဍာန်ဖြင့် ဖြစ်စေ၊ ထိုလူတစ်စားကိုးကွယ်သည့် ဘာသာသာသနာကိုသော်လည်းကောင်း၊ ဘာသာ သာသနာရေး ယုံကြည်မှုကိုသော်လည်းကောင်း၊ စော်ကားလျှင် သို့မဟုတ်စော်ကားရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။

    လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အကာအကွယ်ပေးပါ

    အိုအိုင်စီ (OIC) လို့ခေါ်တဲ့ အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Countries) ကိုယ်စားလှယ် များဟာ မြန်မာအစိုးရရဲ့ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၄ ရက် ကနေ ၁၆ ရက်နေ့အထိ လာရောက်ပြီး ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများကို လေ့လာကြပါတယ်။ အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ် မစခင်မှာရော၊ ခရီးစဉ်ကာလ အတွင်းမှာပါ မြန်မာနိုင်ငံ တစ်ဝန်းက မြီု့ကြီးတွေမှာ အိုအိုင်စီ ကိုယ်စာလှယ်အဖွဲ့ကို ပြည်သူလူထထု ဆန္ဒပြခဲ့ကြပါတယ်။ အိုအိုင်စီ က မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှာကို ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြကြတယ်လို့ဆိုပါတယ်။ ကျွန်တော်က လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ယုံကြည်ထောက်ခံသူမို့ ဒီဆန္ဒပြပွဲတွေကို ဝေဖန်စရာ မရှိပေမယ့် အစ္စလာမ် ဘာသာကို နင့်နင့် သီးသီး စော်ကား ရေးသားထားတဲ့ ဗီနိုင်း ပိုစတာ တွေကို ကိုင်ဆောင်ပြီး ဆန္ဒပြကြတဲ့ သံဃာ တော်များရဲ့ ဓာတ်ပုံတွေကို ဆန္ဒပြပွဲတိုင်းလိုလိုမှာ တွေ့ရတော့ အင်မတန်မှ တုန်လှုပ် ချောက်ချားမိပါတယ်။

    sittwe 2013

    လူသားတိုင်းအတွက် မွေးရာပါ အခြေခံ အခွင့်အရေးတစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဟာ မြန်မာနိုင်ငံမှာ အကြီးအကျယ် ခြိမ်းခြောက်ခံနေ ရပြီးလားဟု တွေးမိပါတယ်။ ပြီးတော့ မေတ္တာ တရား၊ အကြင်နာတရား၊ ကရုဏာတရား၊ သည်းခံ ခွင့်လွှတ်ခြင်းနဲ့ ကိုယ်ချင်းစာနာမှုတွေ ရှိရမည့် ဗုဒ္ဓဘာသာ သံဃာများ ကိုယ်တိုင်က အခြားကိုးကွယ်ရာ ဘာသာတစ်ခုကို ရိုင်းရိုင်းစိုင်းစိုင်း စော်ကားနေပါပြီ။ ဒီလို အစွန်းရောက်မှုတွေ၊ စော်ကားမှုတွေကို မတားဆီးနိုင်ရင် မြန်မာနိုင်ငံမှာ ဘာသာရေး ပဋိပက္ခ တွေ လူများစု က လူနည်းစုကို အနိုင်ကျင့် အကြမ်းဖက်မှုတွေ ဆက်လက်ပေါ်ပေါက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပါဝင် ပတ်သက်မှုတွေကို ရှောင်လွဲမရအောင် ဖြစ်လာပါလိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပက်သက်ရင် နယ်နိမိတ် မရှိပါ။ ကျွန်တော်တို့ကိုယ်တိုင်က မြန်မာနိုင်ငံ နဝတ၊ နအဖ စစ်အာဏာရှင်တွေအောက်မှာ ရှိနေခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် ကာလအတွင်းမှာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက ပါဝင်တာဆီးပေးကြဖို့ တောင်ဆိုခဲ့ကြတာကိုလည်း မမေ့သင့်ပါ။ အစိုးရက နိုင်ငံသားတိုင်းရဲ့ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ကို အပြည့်အဝ အာမခံပြီး၊ ပြည်ထောင်စု လွတ်တော်က လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အကာအကွယ်ပေးတဲ့ ဥပဒေတစ်ရပ်အမြန်ဆုံး ထုတ်ပြန်သင့်ပါပြီ။

    ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၄ အမှတ် ၁၇၂ မှ ဆောင်းပါးရှင် အောင်ဒင် ရေးသားသော ဆောင်းပါးဖြစ်ပါသည်။

    Image via- Haji Zaw Tun FB

  • အစ္စလာမ်ကိုစော်ကားမှု အရေးယူဖို့ နိုင်ငံတော် သမ္မတထံ မော်လ၀ီအဖွဲ့ချုပ် တိုင်ကြားစာပို့

    နိုဝင်ဘာ- ၂၂ ၂၀၁၃
    M-Media
    မောင်ပုည

    မြန်မာအစိုးရ၏ ဖိတ်ကြားချက်ဖြင့် တရားဝင်လာရောက်ခဲ့သော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ေ၇းအဖွဲ့( အိုအိုင်စိ) အား ကန့်ကွက် ဆန္ဒပြသူ အချို့မှ ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ကာ စော်ကားရေးသား ပြောဆို ထုတ်ဖော်မှုများပြုခဲ့ကြသည့် အပေါ် အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတော် အစိုးရအသိအမှတ်ပြု မော်လဝီအဖွဲ့ချူပ်မှ နိုဝင်ဘာ(၁၉) ရက်နေ့ ရက်စွဲ ဖြင့် နိုင်ငံတော် သမ္မတဦးသိန်းစိန်သို့ လိပ်မူ၍ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

    အလားတူ အစိုရအသိအမှတ်ပြု အစ္စလာမ်ဘာသာရေးအဖွဲ့ကြိး(၄) ဖွဲ့ ပါဝင်လက်မှတ်ထိုးထားသော တိုင်ကြားစာကို သမ္မတထံ ပေးပို့ပြီးဖြစ်သော်လည်း ယခုအချိန်ထိ တစုံတရာ အရေးယူဆောင်ရွက်မှု မပြုသေးသည့်အပြင် အဆိုပါ အစ္စလာမ်ကို စော်ကားသည့် ပိုစတာကိစ္စကို ဥပေဒေဖြင့် ညီ/မညီ ၄င်းအနေဖြင့် မသိကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ပြောကြားမှုကို လူထုပုံရိပ် ဂျာနယ် အတွဲ ၂ အမှတ် ၈ စာမျက်နှာ(၂) တွင် ဖော်ပြပါရှိတာကို တွေ့ရှိရပါသည်။

    ကြေညာချက် အပြည့်အစုံကို Facebook တွင် ကြည့်လျှင် Click Here

    molavi 1

    molavi 2

    molavi 3

    molavi 4

  • နိုဝင်ဘာ ၂၃-ပြည်တွင်းနှင့် နိုင်ငံတကာသတင်း

    နိုဝင်ဘာ- ၂၃ ၂၀၁၃
    M-Media

    သမ္မတဦးသိန်းစိန်နှင့် ထိုင်းဒုတိယ၀န်ကြီးချုပ်တို့ နေပြည်တော်တွင်တွေ့ဆုံ

    မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေကြသည့် ထိုင်းဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီးတို့အား သမ္မတဦးသိန်းစိန်က နေပြည်တော်၌ ယမန်နေ့တွင် တွေ့ဆုံခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။

    နှစ်နိုင်ငံ ကိုယ်စားလှယ်များ ပုံမှန်အစည်းအဝေးကျင်းပခဲ့ပြီး နှစ်နိုင်ငံအကြား ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ၊ ချင်းမိုင်-ကျိုင်းတုံ မြို့နှစ်မြို့အား ညီ၊ အမမြို့ဖြစ် သတ်မှတ်ခြင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းတိုးတက်ရေးအပါအ၀င် နှစ်နိုင်ငံ နယ်စပ်ဒေသများ ဖွံ့ဖြို့တိုးတက်ရေးနှင့် မဲဆောက်-မြ၀တီ-ကော့ကရိတ်တို့ကို ဆက်သွယ်ထားသည့် ကားလမ်းတည်ဆောက်မှုအား ဆက်လက်အကောင်အထည်ဖော်ရေး ကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။

    ထို့ပြင် ထားဝယ်လေဆိပ်အား အဆင့်မြှင့်၍ နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် စက်မှုဇုံများတည်ဆောက်ရေးကိစ္စရပ်များကိုလည်းကောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့်၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကိုလည်း အလေးထားဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
    Ref: ဆင်ဟွာ

    ——————————————-

    3d-print-heart-williams-.si

    – လာမည့် ၁၀ နှစ်တာကာလအတွင်း လူးသား၏ နှလုံးအား 3 D နည်းပြညာဖြင့် ဖော်ပြ Print ထုတ်နိုင်မည့် နည်းပညာသစ်တခု ထွက်ပေါ်လာမည်ဟု ကန်တာကီပြည်နယ်ရှိ သိပ္ပံညာရှင် ဒေါက်တာ စတူးဝပ် ၀ီလီယံက ယမန်နေ့တွင်ပြောကြားခဲ့သည်။ နှလုံးရောဂါမှာ အမေရိကန်တွင် လူအများကိုသေစေသည့် နံပါတ် ၁ ရောဂါဖြစ်နေပြီး ထိုနည်းပညာအား အကောင်အထည်ဖော်နိုင်ခဲ့ပါက နှလုံးရောဂါကုသမှုလုပ်ငန်းများအတွက် များစွာအထောက်အကူဖြစ်မည်ဟု သိရသည်။

    – နိုင်ငံအတွင်းရှိ မသန်စွမ်းကျောင်းသားများအတွက် ထောက်ပံမှုများပိုမိုပြုလုန်ရန် သြစတေးလျအစိုးရက စီစဉ်နေသည်ဟုသိရသည်။ ထိုကဲ့သို့ထောက်ပံ့မှုများတွင် သင်ကြားမှု ဆိုင်ရာအရင်းအမြစ်များတိုးချဲ့ခြင်း၊ မသန်းစွမ်းကျောင်းသားများအား ပိုမိုကူညီနိုင်ရန် ကျောင်းဆရာများအား လေ့ကျင့်သင်ကြားပေးခြင်းတို့ပါဝင်မည်ဖြစ်ပြီး အဆိုပါ ကဏ္ဍအတွက် သြစတေးလျ ဒေါ်လာ ၃၅ သန်းကျော်သုံးစွဲမည်ဟု သြစတေးလျ ပညာရေးဝန်ကြီး ခရစ္စတိုဖာ ပိုင်နီက ယနေ့တွင်ပြောကြားလိုက်သည်။

    – တရုတ်နိုင်ငံ၏ ပထမဦးဆုံး လူလိုက်ပါခြင်းမရှိသည့် စစ်ဘက်ဆိုင်ရာသုံး ဒရုန်းလေယာဉ် မောင်းနှင်ပျံသန်းမှုကို ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည်ဟုသိရသည်။ စတီးဖြင့်ပြုလုပ်ထားသည့် အဆိုပါဒရုန်းအား Lijian ဟု အမည်ပေးထားပြီး တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၏ လေတပ်နှင့် ရေတပ်တို့အတွက် ကင်းထောက်ခြင်း၊ တိုက်ပွဲဝင်ခြင်း စသည်တို့အတွက် အသုံးပြုသွာမည်ဟု တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

    – နိုင်ငံ၏လျှို့ဝှက်ချက်များကို ဖော်ထုတ်သူ အစိုးရ၀န်ထမ်းမျာအား ထောင် ၁၀ နှစ်အထိ ချမှတ်နိုင်မည့် ဥပဒေမူကြမ်းကို လက်မခံသော ဂျပန်ပြည်သူထောင်ပေါင်းများစွာတို့က တိုကျိုမြို့လယ်ကောင်၌ ယမန်နေ့တွင် ဆန္ဒပြခဲ့ကြသည်ဟုသိရသည်။ ထိုဥပဒေမူကြမ်းမှာ အစိုးရ၏ မကောင်းသတင်းများကို ဖုံးအုပ်ရန်ဖြစ်ပြီး နိုင်ငံ၏ အခြေခံဥပဒေနှင့် ဒီမိုကရေစီကို ပျက်စီးစေသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောဆိုခဲ့သည်။

    – ဗြိတိန်အမျိုးသားကျန်းမာရေးဌာန (NHS) လက်အောက်၌ ရှိသည့် ဆေးရုံများမှာ လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးတွင် လွန်ခဲ့သည့် ၃ နှစ်မှစ၍ တိုးတက်အောင်ဆောင်ရွက်နိုင်ခြင်းမရှိဟု ဗြိတိန်ကျန်းမာရေးစောင့်ကြည့်လေ့လာသူများက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သော နှစ်ပတ်လည်အစီရင်ခံစာတွင် ရေးသေားဖော်ပြထားသည်။ ဆေးရုံနှင့် အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ၃၅၀၀၀ ကျော်ကို စုံစမ်းစစ်ဆေးမှုအား အခြေခံထားသည့် အဆိုပါ အစီရင်ခံစာတွင် ဆေးရုံများမှာ လူနာ၏ လုံခြုံရေးနှင့် ကျန်းမာရေးအပေါ် လေးစားမှုမှာလည်း အားနည်သည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

    – တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒုန်ပြည်နယ် Qingdao မြို့တွင် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှု ယမန်နေ့ကဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ သေဆုံးသူ ၄၄ ဦးအထိရှိလာခဲ့ကာ ဒဏ်ရာရရှိသူမှာ ၁၃၆ ဦးရှိသည်ဟု ဒေသဆိုင်ရာအာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။ ထိုဓာတ်ငွေ့ပိုက်လိုင်းမှာ ယမန်နေ့အစောပိုင်းကတည်းက ယို့စိမ့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုပ်သားများက ပြုပြင်နေစဉ်အတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

    – အိန္ဒိယနိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ်တွင် ယမန်နေ့က Helen ဟု အမည်ရသည့် တိုင်ဖုန်းမုန်းတိုင်းတစ်ခုတိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်းတို့ဖြစ်ပေါ်ခဲ့ပြီ၊ အိမ်များ၊ ကောက်ပဲသီးနှံများ ပျက်စီးခဲ့ကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနှင့်လည်း ကြုံတွေ့ခဲ့ရသည်ဟု အစိုးရအကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    – အမေရိကန်ဘက်မှ နောက်ဆုံးပြုလုပ်ခဲ့သော ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုအတွက် ပါကစ္စတန် လုံခြုံရေးနှင့် နိုင်ငံခြားရေး တာဝန်ရှိသူများက အမေရိကန်သို့ ပြင်းထန်သော သတိပေးသည့် စာတစောင်ပေးပို့ခဲ့သည်။ ပြီးခဲ့သည့် ကြာသာပတေးနေ့က ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွင် အမေရိကန်တို့၏ ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ဘာသာရေးကျောင်းမှ ကျောင်းသား ၆ ဦးနှင့် ၁ ဆရာတစ်ဦးတို့ သေဆုံးခဲ့သည်။

    – Google နှင့် Facebook တို့၏ လုံခြုံရေးဆောက်ရွက်ချက်များကို အတုယူကာ ကမ္ဘာပေါ်တွင် လူသန်းပေါင်းများစွာသုံးစွဲနေသည့် ဆိုရှယ်ပေ့ခ်ျ တစ်ခုဖြစ်သည့် Twitter ကလည်း သုံးစွဲသူများ၏ အချက်အလက်များကို လျှို့ဝှက်ထောက်လှမ်းခြင်းများ မပြုလုပ်နိုင်ရန် လုံခြုံရေး အစီအမံများကို ထည့်သွင်းခဲ့သည်ဟု Twiter Inc က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    – အမေရိကန်နိုင်ငံ၏ အတော်ဆုံး သမ္မတထဲမှ တစ်ဦးဖြစ်သည့် ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံခဲ့ရသည့် နှစ် ၅၀ ပြည့်အထိမ်းအမှတ်ကို ယမန်နေ့က အမေရိကန်ပြည်ထောင်စု တစ်ဝှမ်းတွင် ကျင်းပခဲ့ကြသည်ဟုသိရသည်။ ထိုအခမ်းအနားများတွင် ကနေဒီအား လေးစားသမှုဖြင့် ငြိမ်သက်ခြင်း၊ ကနေဒီပြောကြားခဲ့သော မိန့်ခွန်းများအား ပြန်လည်ပြောပြ နားထောင်ကြခြင်းတို့ ပါဝင်သည်။ ကနေဒီမှာ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့တွင် သေနတ်ဖြင့် လုပ်ကြံ ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

    – ကိုရီးယားစစ်ပွဲတွင် အမှုထမ်းခဲ့သည့် အသက် ၈၅ နှစ်အရွယ်ရှိ အမေရိကန် စစ်သားဟောင်း ပါလို အလ်တိုအား ဖမ်းဆီးထိန်းသိမ်းထားခြင်းမှာ ဟုတ်မှန်ကြောင်း ဆွီဒင် သံရုံးမှတစ်ဆင့် မြောက်ကိုရီးယားက အတည်ပြုပြောကြားခဲ့သည်ဟု အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျန် ပစာကီက ယမန်နေ့တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်ခဲ့သည့် အလ်တိုအား ပြီးခဲ့သည့် လကတည်းက မြောက်ကိုရီးယားမှ ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

  • ရုရှားနိုင်ငံ Chelyabinsk Oblast ပြည်နယ်တွင် အစ္စလာမ့်မစ်ဆိုင်ရာ ပြပွဲ ပထမဆုံးအကြိမ် ကျင်းပ

    နိုဝင်ဘာ- ၂၃ ၂၀၁၃
    M-Media

    muslim_world_halal

    ရုရှားနိုင်ငံ  Chelyabinsk Oblast ပြည်နယ်၏မြို့တော် Chelyabinsk ရှိ Gagarin Park Complex တွင် အစ္စလာမ့်မစ်ဆိုင်ရာ ပြပွဲတစ်ခုပထမဆုံးအကြိမ်အဖြစ် ယမန်နေ့က စတင်ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ထိုပြပွဲတွင် အစ္စလာမ့်ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်များနှင့် အစ္စလာမ်သာသနာ၏ သွန်သင်ချက် စံနှုန်းများကို ရှင်းလင်းပြသခြင်းများ ပါဝင်ပြီး ပြပွဲမှာ မနက်ဖြန်တွင်ပြီးဆုံးမည်ဖြစ်သည်။ ထိုပွဲသို့ လာရောက်ကြည့်ရှုသူများမှာ အစ္စလာမ့် ယဉ်ကျေးမှုဆိုင်ရာ ထူးခြားသောအရာများနှင့် Holy Kiswa ဟု ခေါ်သည့် ပိုးသားပေါ်တွင် ရွေရောင်စားလုံးဖြင့် ထိုးထားသော ကုန်အာန်ကျမ်းစာ အစိတ်အပိုင်းများကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်သည်။

    ပြပွဲကိုကျင်းပရာတွင် ပါဝင်ခဲ့သူတစ်ဦးက ၎င်းမှာ ပြပွဲတစ်ခုအဖြစ်မဟုတ်ဘဲ ရင်းနှီးမှုဖြစ်လာစေရန် ရည်ရွယ်၍ ခင်းကျင်းပြသခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုပြပွဲတွင် Tatarstan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်မှ Enterprises of South Urals ကုမ္ပဏီက ၎င်းတို့၏ထုတ်ကုန်များအား ပြသခဲ့သည်။ ထို့ပြင် ဟာလာထုတ်ကုန်များ၊ မွတ်စလင်မ် အသုံးအဆောင်ပစ္စည်းများ၊ အနုပညာလက်ရာများ၊ ရွှေငွေ လက်ဝတ်ရတနာပစ္စည်းများ၊ ဘာသာရေးဆိုင်ရာ စာပေများ၊ အ၀တ်အထည်များ၊ လက်ဆောက်ပစ္စည်း စသည်များကို ဟဂ်ျဘုရားဖူးကိစ္စရပ်များအား ဆောင်ရွက်ပေးနေသည့် ကုမ္ပဏီများအပါအ၀င် အခြားသော ကုမ္ပဏီများက လာရောက်ခင်းကျင်းပြသခဲ့ကြသည်။

    အစ္စလာမ်သာသနာမှာ ခရစ်ယာန်သာသနာပြီးနောက် ဒုတိယလူအများဆုံး ကိုးကွယ်သည့် သာသနာဖြစ်ပြီး ရုရှားလူဦးရေ၏ ၁၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။ ထို့ပြင် ရုရှားနိုင်ငံတွင် အစ္စလာမ်ဘာသာရေးနှင့် သက်ဆိုင်သည့် သမိုင်းဝင် အဆောက်အအုံမြောက် များစွာတည်ရှိသည်။

  • နိုဝင်ဘာ ၂၃-အားကစားသတင်း

    နိုဝင်ဘာ- ၂၃ ၂၀၁၃
    M-Media

    Ronaldo 11

    – မန်ယူအသင်းတွင် ၆ နှစ်ကြာကစားသွားခဲ့သည် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုနှင့် တစ်နေ့နေ့တွင် တွဲ၍ အလုပ်လုပ်ချင်သည်ဟု မန်ယူနည်းပြ ဒေးဗစ် မိုယက်စ်က ပြောဆိုလိုက်သည်။ ယခုနှစ် Ballon d’Or ဆုအတွက် ဇကာတင်စာရင်းတွင် ပါဝင်နေသည့် ရော်နယ်ဒိုမှာ မန်ယူတွင် အောင်မြင်သော ကစားသမားဘ၀ ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်က စံချိန်တွင်ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သူဖြစ်သည်။

    – မန်စီးတီးအသင်းမှ အဲဗာတန်အသင်းသို့ အငှားဖြင့် သွားရောက်စားနေသည့် အင်္ဂလန်ကွင်းလယ်လူ ဂါရက်ဘယ်ရီက ၎င်းအနေဖြင့် အက်စတွန်ဗီလာတွင်ကစားနေစဉ် ၂၀၀၉ ခုနှစ်က လီဗာပူးလ်အသင်းသို့ ပြောင်းရွှေရန် နီးစပ်ခဲ့သော်လည်း လီဗာပူးလ် ပရိတ်သတ်များက ၎င်းအား မလိုချင်သောကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့ဟုပြောဆိုခဲ့သည်။

    – နယူးကာဆယ်အသင်း၏ အာဂျင်တီးနားနောက်ခံလူ ကိုလိုစီနီက ၎င်းအနေဖြင့် နယူးကာဆယ်သင်းက အမြန်ဆုံးထွက်ခွာလိုပြီး အသင်းဟောင်း အာဂျင်တီးနားကလပ် San Lorenzo အသင်းသို့ ပြောင်းရွှေ့ချင်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော်လည်း ယခုလက်ရှိ အလုပ်အား လေးစားမှုရှိသည်ဟု သူကဆိုသည်။

    – အသင်းဖော် ခီဒီရာ၏ ဒဏ်ရာမှာ အသင်းရှိကျန်ကစားသမားအားလုံးအား တုန်လှုပ်ခြောက်ခြားစေသည်ဟု ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ အလွန်ဆိုက ဖွင့်ဟခဲ့သည်။ ဂျာမန်လက်ရွေးစင် ခီဒီရာမှာ ပြီးခဲ့သည့်တစ်ပါတ် မီလန်တွင်ကစားခဲ့သည့် အီတလီအသင်းနှင့် ခြေစမ်းပွဲတွင် ဆိုးရွားသော ဒူးဒဏ်ရာရရှိခဲ့ပြီး ကျန်ရှိသည့် ဘောလုံးရာသီတစ်ခုလုံအား လွဲချော်တော့မည်ဖြစ်သည်။ ထို့ပြင် လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်ဖွယ်ရှိနေသည်။

    – အသင်းရှိ အားထားရသည့် ကစားသမားများဖြစ်ကြသည့် မက်ဆီနှင့် ဗားလ်ဒက်စ်တို့ မပါဝင်နိုင်သော်လည်း Granada နှင့်ပွဲတွင် ဘာကာမှာ အကောင်းဆုံးပုံစံကို ပြသနိုင်မည်ဟု ယုံကြည်ကြောင်း ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ အန်ဆယ်လော့တီက ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ မက်ဆီမှာ တံကောက်ကြောဒဏ်ရာကြောင့် လာမည့် ဇန်န၀ါရီလအထိ အသင်းတွင်ပါဝင်ကစားနိုင်မည်မဟုတ်ဘဲ၊ ဘာကာ၏ ဦးစားပေးဂိုးသမား ဗားလ်ဒက်စ်မှာလည်း ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အနည်းဆုံး လေးပတ်ခန့် အနားယူရမည်ဟု သိရသည်။

    – ရီးယဲလ်မက်ဒရစ်မှ ပြောင်းရွှေ့ကြေးကြီးမြင့်စွာဖြင့် နာပိုလီအသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူင်အင်က နာပိုလီအသင်းတွင် သမိုင်းသစ်ရေးထိုးရန် ရည်ရွယ်ထားသည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ ဟီဂူအင်မှာ နာပိုလီသို့ရောက်ရှိခဲ့ပြီးကတည်းက ခြေစွမ်းပြနေပြီး နာပိုလီအသင်းမှာလည်း စီးရီးအေတွင် ပုံစံကောင်းများရရှိနေသည်။