News @ M-Media
Blog
  • နိုဝင်ဘာ-၂၂ အားကစားသတင်းများ
    နိုဝင်ဘာ- ၂၂ ၂၀၁၃
    M-Media
    Carrick
    – အသက် ၃၂ နှစ် အရွယ်ရှိပြီဖြစ်သည့် မန်ယူအသင်း ကွင်းလယ်လူ မိုက်ကယ်ကာရစ်မှာ ယမန်နေ့က အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုလိုက်ပြီး၊ ထိုစာချုပ်သစ်အရ ကာရစ်မှာ မန်ယူတွင် ၂၀၁၅ ခုနှစ်အထိ ရှိနေမည်ဖြစ်သည်။
    – အာဆင်နယ်အသင်း၏ တိုက်စစ်မှူး ကာဇိုလာက အသင်းအနေဖြင့် ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့တွင် လီဗာပူးလ် တိုက်စစ်မှူး လူးဝစ်ဆွာရက်အား ခေါ်ယူနိုင်မှုမရှိခဲ့ခြင်းမှာ ၀မ်းနည်းဖွယ်ရာဖြစ်သည်ဟု ပြောကြားလိုက်သည်။ ယခုအချိန်တွင် တိုက်စစ်မှူး စစ်စစ်အဖြစ် ဂျရူးတစ်ဦးတည်းသာ ရှိနေသည့် အာဆင်နယ်အသင်းမှာ ဆွာရက်ဇ်အား နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း လီဗာပူးလ်အသင်းက ပယ်ချခဲ့သည်။
    – အသင်း၏ ဂိုးသမားဖြစ်သူ ဂျိုးဟတ်မှာ မကြာခင် အကောင်းဆုံးပုံစံပြန်ရလာမည်ဟု မန်စီးတီးအသင်းနည်းပြဖြစ်သူ ပယ်လီဂရီနီက ပြောကြားခဲ့သော်လည်း လာမည့် တနင်္ဂနွေနေ့ စပါးအသင်းနှင့် ကစားမည့်ပွဲတွင် ပထမကစားသမားအဖြစ် အခွင့်အရေးပေးခြင်းရှိမရှိကိုမူ ပြောဆိုခြင်းမရှိခဲ့ပေ။ ဂျိုးဟတ်မှာ သူ၏ ညံ့ဖျင်းသောစွမ်းဆောင်ရည်များကြောင့် အရန်ခုံတွင် ထိုင်နေရသည်။
    – ဘာစီလိုနာအသင်းတွင် ၁၂ နှစ် ကြာကစားခဲ့သည့် ၀ါရင့်ဂိုးသမား ဗစ်တာဗားလ်ဒက်စ်မှာ ယခုနှစ်ရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဟု သတင်းများထွက်နေသောကြောင့် ၎င်းနေရာအား အစားထိုးရန် အီတလီကလပ် နာပိုလီအသင်း၏ လီဗာပူးလ် ဂိုးသမားဟောင်း ရီနာအား ခေါ်ယူရန် ဘာစီလိုနာအသင်းက စီစဉ်နေသည်ဟု သိရသည်။
    – အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ပေါ်တူဂီအသင်းတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ၎င်းအနေဖြင့် ရီးယဲလ်အသင်းမှ ထွက်ခွာရန် ဆန္ဒမရှိဘဲ ရီးယဲလ်တွင်သာ ကစားသမားဘ၀အား အဆုံးသတ်ရန် စဉ်းစားထားသည်ဟု ပြောကြားခဲ့သည်။
    –  ပြင်သစ် ဂန္တ၀င်ကစားသမား ဇီဒိန်း အကောင်းဆုံးပုံစံရှိစဉ်အချိန်က စွမ်းဆောင်ရည်မှာ ယခုလက်ရှိ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီထက် ပိုမို၍ကောင်းမွန်သည်ဟု ဘရာဇီး ဂန္တ၀င်ကစားသမား ပီလီက ပြောကြားခဲ့သည်။ သို့ရာတွင် ယခုနှစ် Ballon d’Or ဆုအား မက်ဆီက ရော်နယ်ဒိုကိုကျော်ကာ ရရှိနိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    – ဒဏ်ရာပြဿနာများကြောင့် ရာသီအစကာလအား ခက်ခဲစွာဖြတ်သန်းခဲ့ရသည့် ဂျူဗင်တပ်စ်အသင်း၏ အီတလီကွင်းလယ်လူ ကလော်ဒီယို မာချီစီယိုက ၎င်းမှာ တစ်ဖြည်းဖြည်းခြင်း အကောင်းဆုံးပုံစံကို ရရှိလာသည်ဟု ၀န်ခံပြောကြားခဲ့သည်။
    – ရိုးမားအသင်း၏ နည်းပြဖြစ်သူ ရူဒီဂါစီယာက အသင်းမှာ ထိပ်ဆုံး ၅ သင်းစာရင်းဝင်ရန်သာ ပစ်မှတ်ထားသည်ဟု ပြောကြားခဲ့သည်။ ရိုးမားအသင်းမှာ ယခုနှစ်ရာသီတွင် ရလဒ်ကောင်းများ ရရှိထားပြီး ကစားပြီးသည့် စီးရီးအေ ၁၂ ပွဲတွင် ၁၀ ပွဲနိုင် ၂ ပွဲသရေဖြင့် ဇယားထိပ်ဆုံးတွင် ရပ်တည်နေသည်။
    – အသင်းတိုက်စစ်မှူး ဂျီစီပီ ရော့စီမှာ စီးရီးအေတွင် အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်သည်ဟု ဖိအိုရင်တီးနားနည်းပြဖြစ်သူ ဗင်ဆန်ဇို မွန်တဲလားက ပြောကြားလိုက်သည်။ အသင်းဟောင်း ဗီလာရီးယဲလ်တွင် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည့် ရော့စီမှာ ယခုအခါ စီးရီးအေတွင် ၁၁ ဂိုးသွင်းထားပြီး စီးရီးအေ၏ ဂိုးသွင်းဇယားတွင် ထိပ်ဆုံး၌ ရပ်တည်နေသည်။
  • နိုဝင်ဘာ-၂၂ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို
    နိုဝင်ဘာ-၂၂ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို
    နိုဝင်ဘာ- ၂၂ ၂၀၁၃
    M-Media
    ၂၀၁၃ ဆီးဂိမ်းစ် အမျိုးသမီး ဘောလုံးပွဲစဉ်များမှ အရှေ့တီမောအသင်းနှုတ်ထွက်
    လာမည့် ဒီဇင်ဘာလတွင် နေပြည်တော်မှ ကျင်းပမည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲမှ အမျိုးသမီးဘောလုံးပွဲစဉ်များတွင် အရှေ့တီမော အမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်ခြင်းမပြုတော့ကြောင်း သိရသည်။ ပွဲစဉ် ဇယားများပြန်လည်ရေးဆွဲရန် အာရှဘောလုံး အဖွဲ့ချူပ်သို့ ဆက်သွယ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချူပ်မှ သတင်းထုတ်ပြန်ပါသည်။
    အမျိုးသားဘောလုံး ပွဲစဉ်တွင်လည်း ဖိလစ်ပိုင် အသင်းမှ နှုတ်ထွက်သွားသောကြောင့် ပွဲစဉ် ဇယားများပြန်လည်ရေးဆွဲခဲ့ရသည်။
    နိုင်ငံတကာသတင်း
    – အမေရိကန်နှင့်ပြုလုပ်ထားသည့် လုံခြုံးဆိုင်ရာ သဘာတူညီချက်မှာ လာမည့်နှစ် ရွေးကောက်ပွဲပြီးဆုံးချိန်အထိ အကျိုးသက်ရောက်မှုရှိမည်မဟုတ်ဟု သမ္မတ ဟာမစ်ကာဇိုင်းက ပြည်သူများအား ပြောကြားလိုက်ပြီး၊ မိမိတို့နှင့် အမေရိကန်အကြား ယုံကြည်မှုအနည်းငယ်သာရှိသည်ဟု ၀န်ခံခဲ့သည်။
    – နှစ်ပေါင်း ၃၀ ကြာ ကျွန်ပြုခံခဲ့ရသည့် မလေးရှား အိုင်ယာလန်နှင့် ဗြိတိန်မှ အမျိုးသမီးသုံးဦးအား လန်ဒန်မြို့ရှိ အိမ်တစ်အိမ်မှ ယမန်နေ့တွင် ကယ်ထုတ်နိုင်ခဲ့ပြီး သံသယရှိသူ ၂ ဦးကိုလည်း ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
    – မြောက်ကိုရီးယားနိုင်ငံသို့ တရားမ၀င်သွားရောက် လည်ပတ်ခဲ့သည့် ဂျပန်ပါလီမန်မှ အမတ်တစ်ဦးဖြစ်သူ အန်တိုနီယို အီနိုကီ အား ရက်ပေါင်း ၃၀ ပါလီမန် တက်ရောက်ခွင့် ပိတ်ပင်လိုက်သည်ဟု ဂျပန် မီဒီယာများက ယနေ့တွင် ဖော်ပြလိုက်သည်။
    – မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူးကလီးယားလက်နက် အစီအစဉ်ကို စွန့်လွှန့် ခြင်းမရှိပါက အမေရိကန်ပါဝင်သည့် ၆ နိုင်ငံ ဆွေးနွေးပွဲအား ဆက်လက်ပြုလုပ်မည်မဟုတ်ဟု မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဂန် ဒါးဗီစ်းက တောင်ကိုရီးယား ကိုယ်စားလှယ် ချိုတေးယန်နှင့် ယနေ့ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    – ဖိလစ်ပိုင်သမိုင်းတွင် ဆိုးဝါးဆုံးသော ကုန်းတွင်းမုန်တိုင်း တစ်ခုဖြစ်သည့် တိုင်ဖုန်း ဟိုင်ယန်ကြောင့် သေဆုံးသူဦးရေမှာ ယခုအချိန်အထိ ၅၂၀၉ ဦးရှိလာပြီး၊ ၁၆၀၂ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု အမျိုးသား သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးကောင်စီက ယနေ့တွင် ပြောကြားခဲ့သည်။
    – နိုင်ငံအတွင်းသို့ ပြီးခဲ့သည့်လက လှေများဖြင့် တရားမ၀င် ၀င်ရောက်လာသည့် သီရီလင်္ကာနိုင်ငံသား ၇၉ ဦးအား နေရပ်သို့ပြန်လည်ပို့ဆောင်ပေးလိုက်ပြီဟု သြစတေးလျသံရုံးမှ ထုန်ပြန်သော ကြေညာချက်တွင်ရေးသားဖော်ပြထားသည်။
    – အစိုးရအား ဆန့်ကျင်ဆန္ဒပြမှုများကြောင့် ဘန်ကောက်မြို့တော်တွင် ထုတ်ပြန်ခဲ့သည့် အထူးလုံခြုံရေးအမိန့်အား နောက်ထပ် ၁ လ ထပ်မံတိုးမြှင့်လိုက်သည်ဟု အကြီးတန်း လုံခြုံရေးအရာရှိတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။
    – ဥရောပနိုင်ငံတစ်ခုဖြစ်သည့် လတ်ဗီယားနိုင်ငံ မြို့တော် ရီဂါမှ Maxima XX အမည်ရ ရှော့ပင်းမောလ် တစ်ခု ယမန်နေ့က ပြိုကြခဲ့သောကြောင့် လူ ၃၂ ဦးသေဆုံးကာ တစ်ဒါဇင်ခန့် ဒဏ်ရာရရှိခဲ့ပြီး လူအများအပြားပိတ်မိနေကြသည်ဟု မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
  • သြစတေးလျမှ ထွန်းတောက်လာသည့် မွတ်စ်လင်မ်ခေါင်းဆောင်အား ဂုဏ်ပြု
    နိုဝင်ဘာ- ၂၂ ၂၀၁၃
    M-Media
    Australia-Honors-Emerging-Muslim-Leader
    ကိုင်ရို(CAIRO)။    ။ ကရှ်မီးယား(Kashmiri) နွယ်ဖွား သြစတေးလျမွတ်စ်လင်မ်တစ်ဦးသည် ဆစ်ဒနီစီးပွားရေး တက္ကသိုလ်(University of Sydney Business School) တွင် တက်ရောက်ရန်အတွက် ၂၀၁၄ ခုနှစ် MBA Scholarship ပညာသင်ဆုရရှိပြီးနောက်တွင် သြစတေးလျ၏ ထွန်းတောက်လာသော ထိပ်တန်းခေါင်းဆောင် အဖြစ် အသိမှတ်ပြုခံခဲ့ရသည်။
    “ ဒီအချိန်ဟာ ကျွန်တော့်အတွက် အလွန်ကို ဂုဏ်ယူစရာ အချိန်သမယပါ။ ဒီဆုဟာ ကျွန်တော့်နှလုံးသားနဲ့ အသွေးအသားထဲ ရှိနေတဲ့ ဇာတိမြေ ကရှ်မီးယားအတွက် ဂုဏ်ဆောင်ပေးနိုင်မယ် ထင်ပါတယ်။ ကျွန်တော် သြစတေးလျမှာ နေထိုင်လာတာ ဆယ်စုနှစ်နှစ်ခုပင် ရှိလာသော်ငြား ကျွန်တော့်ဇာတိ အမိမြေ ကရှ်မီးယားကို တစ်ချက်မှမမေ့ပါဘူး ” ဟု Kashmir Reader သို့ နိုဝင်ဘာလ ၁၉ ရက် အင်္ဂါနေ့တွင် အသက် ၃၄ နှစ်အရွယ်ရှိ အိုမာခန်း(Omar Khan) က ပြောကြားခဲ့သည်။
    ခန်းသည် သြစတေးလျ၏ အဆင့်တန်းအမြင့်ဆုံး ပုဂ္ဂိုလ်အချို့နှင့်အတူ ခေါင်းဆောင်များ ဧည့်ခံပွဲ(Leadership Lunch)သို့ ပါဝင်ရန်လည်း ဖိတ်ကြားခံရသည်။
    ခန်းသည် အစ္စလာမ့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်း Crescent Wealth တွင် နည်းဗျူဟာနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဦးဆောင် ဒါရိုက်တာ တစ်ဦးဖြစ်သည့်အပြင်၊ မိုဘိုင်းလ်ဖုန်းနည်းပညာ ထူထောင်မှုလုပ်ငန်း YoYo Button တွင်လည်း အလုပ်အမှုဆောင် ဒါရိုက်တာ နေရာကိုလည်း ရယူထားသည်။
    သြစတေးလျသို့ အသက် ၁၂ နှစ်အရွယ်က ထွက်ခွာလာခဲ့သော ခန်းသည် ယခုအခါ သြစတေးလျ၌နေထိုင်လာသည်မှာ နှစ်ပေါင်း ၂၀ ကျော် ရှိပြီဖြစ်၏။
    “ ကျွန်တော် အသက် ၁၂ အရွယ်ကစပြီး အထက်တန်းကျောင်းပြီးတဲ့ အထိ ကျွန်တော့်အဖေနဲ့ တစ်ခါမှ မဆုံတွေ့နိုင်ခဲ့ဘူး။ ခက်ခဲကြပ်တည်းမှုနဲ့ ရင်ဆိုင်ရတဲ့အခါတိုင်း သြစတေးလျကို လာရောက်ပြီး စာသင်ယူနိုင်ခဲ့တဲ့ အံ့သြ၀မ်းမြောက်ဖွယ် အခွင့်အလမ်း ရရှိခဲ့ပါလားဆိုပြီး ပြန်ပြောင်းတွေးမြင်ခဲ့လေ့ရှိပါတယ် ”ဟု ခန်းက ဆိုကြောင်း The Australian Financial Review မှ တင်ပြခဲ့သည်။
    သြစတေးလျနိုင်ငံတွင် ခန်းသည် ဒစ်ကင်းတက္ကသိုလ်(Deakin University) နှင့် မဲလ်ဘုန်းတက္ကသိုလ် (University of Melbourne) များတွင် ကုန်သွယ်စီးပွား နှင့် ဥပဒေ ပညာများကို သင်ကြားရယူခဲ့သည်။ ၄င်းနောက် ခန်းသည် သြစတေးလျ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဌာနတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။
    အရည်အသွေးပြည့်မှီသူ လက်တစ်ဆုပ်စာထဲ ပါဝင်ပြီးနောက် ၂၀၁၁ ခုနှစ်တွင် လူငယ်စွန့်ဦးစီးပွားရေး လုပ်ငန်းရှင် ခန်းသည် အစ္စလာမ့်စီးပွားရေး နည်းလမ်းများနှင့် အညီဆောင်ရွက်သော သြစတေးလျ၏ ပထမဆုံးရင်းနှီးမြှုပ်နှံမှုအဖွဲ့ Crescent Wealth သို့ ၀င်ရောက်ပူးပေါင်းခဲ့သည်။
    ခေါင်းဆောင်မှု၌ ကျွမ်းကျင်ခြင်း
    ——————————
    အလွန်တင်းကြပ်သည့် စည်းမျဉ်များအသုံးပြုထားသည့် ရွေးချယ်ရေးအဖွဲ့သည် နောက်ဆုံးဆန်ကာတင် လူ ၁၁ ဦးအနက် ထူးထူးခြားခြားခေါင်းဆောင်မှု ကျွမ်းကျင်သည့်အတွက် ခန်းအား ရွေးချယ်၍ ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
    “ ဒီသုတေသနပြုစိစစ်ခြင်းက သာမန်ထက်ပညာရည်မြင့်မားတဲ့သူကို ဦးတည်ပြီး ရှာဖွေတာမဟုတ်ဘူး။ ဦးဆောင်မှုအရည်အချင်းစစ်ကို ကိုယ်စားပြုနိုင်တဲ့သူကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။ ဒီလူဟာ ဦးဆောင်မှုလုပ်ငန်းစဉ်မှာ မြင့်မြင့်မားမားရည်မှန်းဆုံးဖြတ်ထားသူလို့ ကျွန်တော်တို့ ယုံကြည်တယ်။ ထို့အတူ သူဟာ တိုးတက်မှုဖော်ဆောင်ရေးအတွက် ခံစားချက်အစစ်အမှန်ကို ပြသနိုင်ရပါမယ်။ ဒီအရည်အချင်းတွေက ဒီလိုလူစားတွေကို ခေါင်းဆောင်ကောင်း အဖြစ် ရောက်ရှိစေခဲ့တာပါပဲ ” ဟု စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာရေးဌာန တွဲဖက် ဦးဆောင်သူ (Associate Dean Management Education at the Business School) မှ ပါမောက္ခ ရစ်ချက်ဟောလ် (Richard Hall) က ဆိုသည်။
    စိစစ်ရွေးချယ်မှုအဖွဲ့တွင် ငွေကြေးစီမံခန့်ခွဲရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဒါရိုက်တာများ နှင့် ဆစ်ဒနီစီးပွားရေး တက္ကသိုလ်မှပါမောက္ခများ အပြင်၊ မွတ်စ်လင်မ်လူငယ်ခေါင်းဆောင်အတွက် အလားလာကောင်းသည့် သက်မွေးဝမ်းမှု လုပ်ငန်းတစ်ခုရရှိရန်မျှော်လင့်ထားသော Australian Financial Review’s BOSS လည်း ပါဝင်ကြောင်း သိရသည်။
    “ မစ္စတာ ခန်းမှာ အခုဆိုယင် နောက်ခံအနေအထားအသီးသီးက အခြားခေါင်းဆောင်လောင်းလျာများနဲ့အတူ ရင်ဘောင်တန်းလျှောက်လှမ်းဖို့ ဘ၀တစ်ဆစ်ချိုးပြောင်းလဲစေမယ့် အခွင့်ရေးတစ်ခုကို ပိုင်ဆိုင်ထားပြီဖြစ်တယ် ” ဟု စီးပွားရေးတက္ကသိုလ်မှ တွဲဖက်ဌာနမှူး ပါမောက္ခ တိုင်ရွန်း ကာလင်း(Tyrone Carlin) က ဆိုသည်။
    “ Emerging Leaders Scholarship ဟာ မျိုးဆက်သစ်ခေါင်းဆောင်များ အတွက် သူတို့ရဲ့ဦးဆောင်မှုအရည်အချင်းကို အထွဋ်အထိပ်ရောက်အောင်မြင့်တင်ပေးမယ့် ရှားပါးအခွင့်အရေးတစ်ခု ဖြစ်ပါတယ် ” ဟု စီးပွားရေးတက္ကသိုလ်မှ တွဲဖက်ဌာနမှူးနောက်တစ်ဦး ပါမောက္ခ ဒေးဗစ် ဂရန့်(David Grant) က ပြောပြခဲ့သည်။
    သြစတေးလျနိုင်ငံအတွင်း မွတ်စ်လင်မ်များ နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ ကျော်ရိနေပြီး၊ နိုင်ငံ့လူဦးရေသန်း ၂၀ အနက် ၁.၇ ရာခိုင်နှုန်း ပါဝင်သည်။
    ခရစ်ယာန်ဘာသာပြီးလျှင် အစ္စလာမ်သည် နိုင်ငံအတွင်း ဒုတိယအကြီးမားဆုံးဘာသာအဖြစ် ရပ်တည်လျက်ရှိသည်။
    Ref: OnIslam
  • အရှိန်မြင့်တက်လာတဲ့ မြန်မာ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ
    နိုဝင်ဘာ- ၂၂ ၂၀၁၃
    M-Media
    ဆောင်းပါးရှင်-Nang Lao Liang Won
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်
    11ဓါတ်ပုံအညွှန်း-နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာတဲ့ လားရှိုးမြို့တွင် အမုန်းတရားမျိုးစေ့များကြောင့် ၂၀၁၃ ခုနှစ် မေလ ၂၈ နေ့က  ဖြစ်ပွားခဲ့သော မွတ်စလင်မ်များကို အကြမ်းဖက်တိုက်ခိုက်မှုမြင်ကွင်းတခု
    မြန်မာပြည်က ရှမ်းတိုင်းရင်းသူ တစ်ဦးဖြစ်တဲ့ ကျွန်မဟာ အမိမြေအတွင်း လူ့အခွင့်အရေးနဲ့ဒီမိုကရေစီ အတွက် နှစ်ပေါင်းများစွာ လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ မြန်မာနိုင်ငံဒီမိုကရေစီ အကူးအပြောင်းကာလ အတွင်း အမျိုးသမီးများကဏ္ဍ သုတေသနဖက်ကနေ National Endowment for Democracy အစီအစဉ်မှာ ဧည့်သည်တော်အဖြစ် တက်ရောက်ဖို့ အခွင့်အလမ်းရခဲ့ပါတယ်။ ၀ါရှင်တန်မှာ ရှိစဉ် ကာလအတွင်း မြန်မာပြည်က လုပ်ဖော်ကိုင်ဖက်တွေ၊ နယ်စပ်ဒေသ တစ်လျှောက် ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲ လမ်းကြောင်းတွေနဲ့ ထိတွေ့မှု မပြတ်ခဲ့ပါဘူး။ သို့ပင်သို့ငြား ဒီမိုကရေစီ လွတ်လပ်ပွင့်လင်းမှုနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှား စဖွယ်ကြားသိရတဲ့အခါ ကျွန်မရဲ့စိုးရိမ်မှု ပိုမိုကြီးထွားလာပါတော့တယ်။
    လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကထက်စာယင် မြန်မာပြည်မှာ အပြောင်းအလဲတော်တော် များများ ဖြစ်ထွန်းလာခြင်းနဲ့အတူ ကျွန်မကြားသိလာရတဲ့ အလွန်အကျူး ချီးမွှမ်းမှု တစ်ခုဟာ တကယ့်လက်တွေ့အဖြစ်မှန်နဲ့ တခြားစီဖြစ်နေပါတယ်။ ကျွန်မ လာခဲ့တဲ့ ရှမ်းပြည်နယ်နဲ့အခြား တိုင်းရင်းသားဒေသများဟာ နိုင်ငံရေးဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခတွေ ဆိုးဆိုးဝါးဝါးကို ရှေ့ဆက်ကြုံတွေ့နေဆဲပါ။ တိုင်းပြည်အနှံ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အရှိန်အဟုန်မြင့်တက်နေပြီး ကျူးလွန် ချိုးဖောက်သူများကတော့ လွတ်မြောက်ဆဲဖြစ်နေပါတယ်။ သတ္ထုတွင်း၊ သဘာဝဓာတ်ငွေ့သွယ်တန်းပိုက်လိုင်း နဲ့ ရေကာတာ/ဆည် စတဲ့ အကြီးစားစီမံကိန်းရဲ့ဆိုးကျိုးတွေအပေါ် အကြမ်းမဖက် ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ အဲ့ဒီလှုပ်ရှားမှုများထဲ ပါဝင်ခဲ့ကြတဲ့ လှုပ်ရှားတက်ကြွသူတွေတင်မက သာမန် လယ်သမားနဲ့ကျေးလက်ပြည်သူတွေဟာ ဖမ်းဆီးထိန်းသိမ်းခြင်း၊ ရိုက်နှက်ညှင်းဆဲခြင်း၊ ထောင်းသွင်းအကျဉ်းချခြင်းကို ခံစားနေကြရတယ်။ ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်သူတွေကို အလွန်အကျွံ အင်အားသုံး ဖြိုခွဲနှိမ်နှင်းနေတာက ရဲတပ်ဖွဲ့အတွက် လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါပြီ။
    ဒါပေမယ့် ဒီအာဏာပိုင်တွေကပဲ မြန်မာ့အနာဂတ်ကို အမှန်တကယ်ခြိမ်းခြောက်လျက်ရှိတဲ့ အကြမ်းဖက်မှုကို အဆုံးသတ်လိုက်ဖို့ကျတော့ လိုလားမှုရှိမနေတာ တွေ့ရပြန်တယ်။ မြောက်ပိုင်းရှမ်းပြည်ရဲ့လှပမြို့တော် လားရှိုးအပါအ၀င် နိုင်ငံတစ်ဝှန်းက မွတ်စ်လင်မ်လူနည်းစုတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် ၀င်ရောက်မတားမြစ်ခဲ့တာကတော့ အထူးကိုတုန်လှုပ်သွားစေခဲ့ပါတယ်။ ဇာတိမြေမှာ ဆိုးဝါးလှတဲ့အကြမ်းဖက် လုပ်ရပ်တွေကို မြင်ဖူးထားခဲ့ပေမယ့်လည်း မေလအတွင်း မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုမျိုး အထိ တွေ့ရလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပါဘူး။ မိတ်ဆွေ သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဆိုယင် စိုးရိမ်ကြီးစွာနဲ့ ပြောမဆုံးနိုင်အောင်ဖြစ်နေကြရတယ်။ လူရမ်းကားအုပ်စုအကြားမှာ မျက်နှာစိမ်းတွေ၊ ဒေသခံ မဟုတ်သူတွေကို မြင်တွေ့ခဲ့ရကြောင်း၊ အကြမ်းဖက်မှုပြီးဆုံးတာနဲ့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြောင်း သူတို့မြင်ခဲ့ရတယ်လို့ ပြောပြကြတယ်။ အဲ့လိုပရမ်းပတာ မင်းမဲ့စရိုက် ဆန်ဆန်ပြုမူချက်များက အချိန်မရွေး နေရာမရွေး ဖြစ်ပေါ်နိုင်ချေရှိတတ်တဲ့ အပေါ်မှာ သူတို့ စိုးတထိတ်ထိတ်ဖြစ်နေကြရပြီး၊ဘာနဲ့မျှ မတူအောင် အစွန်းရောက်လွန်းတဲ့ အဲ့ဒီခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမှ မိမိတို့ မကြုံဖူးဘူးလို့လည်း ဆိုကြပါတယ်။
    ကျွန်မဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးပါ။ အမုန်းတရား အာဃာတဆိုတာ ပျက်စီးစေတဲ့ မကောင်းတဲ့စိတ် ဖြစ်ပါတယ်၊ အဲ့ဒီ စိတ်မိုက်စိတ်ရိုင်းကို မေတ္တာတရားဖြန့်ကျက်မှု၊ တစ်ပါးသူအပေါ် မုဒိတာပွားမှုနဲ့ ရှင်းလင်းချေမှုန်းအားထုတ်ရမယ့်အကြောင်း လူမှန်းသိတတ်စ ကလေးငယ်ဘ၀ကတည်းက ကျွန်မ သင်ယူသိမှတ်ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း ခွဲခြားရေးနဲ့ မုန်းတီးရေးကို တွန်းတိုက်အားပေး လုပ်ဆောင်နေကြတဲ့ ၉၆၉ လှုပ်ရှားမှုအဖွဲ့က ဘယ်လိုလုပ်ပြီး ဗုဒ္ဓ၀ါဒခေါင်းစဉ်အောက်ကနေ ထွက်ပေါ်လာသလဲ – သူတို့ကို ဘယ်လို ကာကွယ်နိုင်မလဲဆိုတာ ကျွန်မ နားမလည်နိုင်ပါဘူး။ အငြိုးကြီးလှတဲ့ ၉၆၉ အဖွဲ့ခေါင်းဆောင် ဦးဝီရသူလို ရဟန်းသံဃာတွေရဲ့အမြင်များကို ပယ်လှန်ကြမယ့်အစား မြန်မာအစိုးရနဲ့ နိုင်ငံရေး အထင်ကရပုဂ္ဂိုလ်တွေက သူ့ကို ထောက်ခံအားပေးလျက် ရှိနေကြတယ်။
    လတ်တစ်လောဖြစ်ပွားတဲ့ နိုင်ငံအနှံ့ အကြမ်းဖက်မှုတွေထဲ ကျွန်မ စေ့စေ့စပ်စပ်လေ့လာကြည့်တဲ့အခါ ပုံဟန် တစ်ရပ်ကို သတိထားမိလာခဲ့ပါတယ်။ ပထမဆုံး အမျိုးသမီးတစ်ဦး သို့မဟုတ် မိန်းကလေး တစ်ဦးကို ဘာသာခြားတစ်ဦးတစ်ယောက်က တိုက်ခိုက်တယ် သို့မဟုတ် မုဒိန်းကျင့်ကြံတယ်။ ဒီလိုဖြစ်ရပ်ကို အရင်းတည်ပြီး စံနစ်တကျဖွဲ့စည်းထားတဲ့ ဗုဒ္ဓဘာသာဝင် လူရမ်းကားအုပ်စုတွေက အကြမ်းဖက်မှု ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ကြတယ်။ သူတို့ရဲ့ နေအိမ်၊ လုပ်ငန်း/ဆိုင်ခန်း၊ ကျောင်း၊ သာသနိက အဆောက်အဦးတွေကို မီးရှို့တယ်။ ရိုက်နှက်ကြတယ်။ အရှင်လတ်လတ်မီးရှို့ခြင်း အပါအ၀င် သတ်ဖြတ်ကြတယ်။ ဒီလိုနဲ့ လူ့အဖွဲ့အစည်းများ အကြားက လူမှုနှောင်ကြိုးကို ဖျက်ဆီးပစ်ကြတယ်။ အကြမ်းဖက်ဖြစ်စဉ်များမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရပ်ကြည့်နေခဲ့ကြတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို စုံစမ်းဖြေရှင်းဖို့ ကြိုးပမ်းတဲ့အခါ အကြမ်းဖက်လူစုတွေ မီးမွှေးပေးသူတွေ ပိုမို များပြားကြီးထွားလာပြီး လူသတ်မှုတွေကျူးလွန်အောင် တွန်းပို့လိုက်ကြတယ်။
    အန္တရာယ်ရှိတာကိုသိနေပါလျက်နဲ့ တက်ကြွလှုပ်ရှားသူ ဗမာအမျိုးသမီးအချို့က အကြမ်းဖက်သမားတွေရဲ့ရှေ့မှောက်မှာ မားမားမတ်မတ် ရပ်တည်ရင်ဆိုင်နေကြတယ်။ အကြီးမားဆုံးသာဓကကတော့ အခြား ဘာသာဝင်များနဲ့ လက်ထပ်ထိမ်းမြားမှု မပြုရေးအဆို တင်သွင်းချက်ကို တုန့်ပြန် ဆန့်ကျင်တဲ့ ကိစ္စပါပဲ။ ဒီလို ခွဲခြားချိုးနှိမ်တဲ့၊ အန္တရာယ်ကြီးမားလှတဲ့ လှုံ့ဆော်မှုကို နိုင်ငံရေးခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချဖို့ ပျက်ကွက်နေချိန်မှာ အမျိုးသမီးတွေကတော့ အဲ့ဒါကို ဦးဆောင် တားဆီးနိုင်ဖို့ ကြိုးပမ်းနေခဲ့ကြပါတယ်။
    ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေအပေါ် မျက်နှာလွှဲခဲ ပစ်လေ့ရှိတဲ့ မြန်မာခေါင်းဆောင်များက နိုင်ငံ့ပုံရိပ်ကို ပြန်လည် အရောင်တင်ဖို့ ပြင်ပကမ္ဘာနဲ့ ဆက်ဆံရေးကို မီဒီယာ၊ သံတမန်၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကဏ္ဍများက တဆင့် အသည်းအသန် တိုးမြှင့်လာကြတယ်။ မြင်ရတာတော့ ဟုတ်သလိုလိုပါပဲ။ စစ်အရာရှိဟောင်းတွေက အနောက်တိုင်း ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုခဲ့ပြီး၊ သူတို့ရဲ့သွေးစွန်းနေတဲ့လက်တွေနဲ့ ဂုဏ်ကြီးရှင် ဧည့်သည်များကို ဧည့်ခံလိုက်ကြတယ်။ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် Tomás Ojea Quintana ကို တာဝန်ဆက်လက် မထမ်းဆောင်နိုင်အောင် သြဂုတ်လ ၁၉ ရက်မှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးနဲ့လွှတ်ပေးပြီး ကြိုဆိုလိုက်ပုံဟာဖြင့် မြန်မာအာဏာပိုင်တွေရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေအပေါ် စာနာနေ နှုတ်ဆိတ်နေခဲ့တဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက် ပြစ်တင် ရှုတ်ချစရာကိစ္စ ဖြစ်သွားပါတော့တယ်။
    မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်သူများဟာ ပြစ်မှုတွေရင်ဝယ်ပိုက်ပြီး လွတ်မြောက်နေခဲ့တာ ဆယ်စုနှစ်များစွာ ကြာညောင်းခဲ့ပါပြီ။ မြန်မာလူထုအနေနဲ့ တရားမျှတမှုကို မျှော်လင့်စောင့်စားခဲ့ကြသလို သူတို့ရဲ့ စော်ကားချက်တွေ အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တရားဝင်ရှုံ့ချခဲ့ပြီးသားပါ။ နှစ်စဉ်ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာ ကျွန်မနိုင်ငံထဲက အရှိတရားတွေအပေါ် ထိရောက်တဲ့ သတိပေးချက်တွေကို ပြင်းပြင်းထန်ထန် ထုတ်ပြန်မှရတော့မှာပါ။ အကယ်၍များ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ ကျွန်မတို့ရဲ့ ကျားကုတ်ကျားခဲ ကြိုးပမ်းချက်တွေပေါ် ရေရှည်ထောက်ခံခဲ့ကြသောနိုင်ငံများက “ ဒီလောက်ဆို လုံလောက်ပါပြီ ” ဆိုပြီး မတင်မကျ ဆုံးဖြတ်လို့၊ မရပ်မနား လူ့အခွင့်အရေး ချိုးဖောက် သောင်းကျန်းနေတာကို မျက်ကွယ်ပြုမယ်ဆိုခဲ့ရင် မြန်မာ့အနာဂတ်ထဲမှာ တရားမျှတမှုဆိုသော ကျွန်မတို့ရဲ့အိပ်မက်က ပါဝင်လာနိုင်စရာ အကြောင်းမရှိတော့ပါဘူးလေ။
    မူရင်းဆောင်းပါးရှင် Nang Lao Liang Won သည် National Endowment for Democracy ၏ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီအရေးဖိုရမ်မှ 2013 Reagan Fascell democracy fellow တစ်ဦးဖြစ်ခဲ့သည်။ လက်ရှိတွင် ရှမ်းပြည်အမျိုးသမီးရေးရာ ကွန်ယက်၏အကြံပေးအဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ၀ါရှင်တန်ပို့စ်၊ အတွေးအမြင်ကဏ္ဍမှ သူမ၏ Human rights abuses are rampant in Burma ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင်ပြန်ဆိုပါသည်။
  • မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှုအားဖြေရှင်းခြင်း
    နိုဝင်ဘာ- ၂၂ ၂၀၁၃
    M-Media
    ဆောင်းပါးရှင် – Nehginpao Kipgen
    ဘာသာပြန် – O’Laie Manzu
    11 from 11
    ဓါတ်ပုံအညွှန်း- ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ရှမ်းပြည်နယ် လားရှိုးမြို့မှ မွတ်စလင်မ် နေအိမ်များ၊ ဆိုင်ခန်းများကို အကြမ်းဖက် မီးရှို့ဖျက်ဆီးနေသည့် မြင်ကွင်း (Photo-AP)
    ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ် မှာဖြစ်ပွားခဲ့တဲ့ ဘာသာရေးပဋိပက္ခဟာ ၂၀၁၃ ခုနှစ်မှာတော့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ပိုမိုကြီးဆိုးရွားတဲ့ ပဋိပက္ခကြီး အသွင်ကူးပြောင်းသွားခဲ့ပါတယ်။
    ဒီအကြမ်းဖက်မှုကြီးကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရပြီး ၁၄၀၀၀၀ ကျော်အိုမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအသွင် ကူးပြောင်းလာနေပြီဆိုပေမယ့် ဒီလူ့အသိုင်းအဝိုင်းကြီး နှစ်ခုအကြားမှာ ရှိနေတဲ့ တင်းမာမှုကြီးကတော့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း အကြား စိုးရိမ်စရာတွေဖြစ်နေပါတော့တယ်။
    နောက်ဆုံးထင်ပေါ်စေတဲ့ အပြည်ပြည်ဆိုင်ရာ စိုးရိမ်မှုကတော့ မြန်မာနိုင်ငံကို မမျှော်လင့်ဘဲ လာရောက်လည်ပတ်ခဲ့တဲ့ ၄၂ ဦးမြောက် အမေရိကန် သမ္မတဟောင်း ဘေကလင်တန် (Bill Clinton) ရဲ့ ရန်ကုန်မြို့ Myanmar Peace Center မှာပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ်မှာ ထင်ဟပ်နေတာကိုတွေ့ရပါတယ်။
    ကလင်တန်ဟာ နိုင်ငံရေး အပြောင်းအလဲအတွက် ဦးသိန်းစိန်အစိုးရရဲ့လုပ်ဆောင်ချက်တွေက “မှတ်ကျောက်တင်ရလောက်အောင်” ပါဘဲလို့ ချီးမွန်းခဲ့ပေမယ့် နိုင်ငံအတွင်းမှာ ဘာသာရေးပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့အတွက် တိုက်တွန်းနိုးဆော် သွားခဲ့ပါတယ်။
    “သတင်းကောင်းတိုင်းကို တကမ္ဘာလုံးက ချီးကျူးကြသလို ဘာသာရေးပဋိပက္ခတွေ အကြောင်း လူတွေ ဖတ်ရှုကြရတဲ့ အချိန်တိုင်းမှာလည်း အော့နှလုံးဆန်ကြပါတယ်။ … ဘာကြောင့်လဲဆိုတော့ မတူညီမှုတွေအပေါ်မှာ လူတွေက အချင်းချင်း သတ်ကြဖြတ်ကြတယ်၊ တိုက်ခိုက်နေကြတယ်။ ဒါကို တကမ္ဘာလုံးမှာရှိတဲ့ လူတွေက တော်တော်လေးကို စိတ်ပျက်နေလို့ပါဘဲ” လို့ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး ခေါင်းဆောင်တွေ ရောပွန်းနေတဲ့ ပရိသတ်ကြီးကို ကလင်တန်ကပြောခဲ့ပါတယ်။
    ကလင်တန်ဟာ သူ့ရဲ့ လူမှုအဖွဲ့အစည်းဖြစ်တဲ့ ကလင်တန်ဖောင်ဒေးရှင်းနှင့် အတူ မြန်မာနိုင်ငံကိုလာရောက် လည်ပတ်ခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၊ လွတ်တော်ဥက္ကဌ ဦးရွှေမန်း နဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
    ကလင်တန် မြန်မာနိုင်ငံကိုရောက်တဲ့အချိန်နဲ့ သူပြောတဲ့ကိစ္စတွေမှာ အရေးကြီးတဲ့အချက် သုံးချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ ကလင်တန် ဟာ သူရဲ့ သမ္မတဖြစ်စဉ်သက်တမ်း နှစ်ကြိမ်ဖြစ်တဲ့ ၁၉၉၃ ကနေ ၂၀၀၁ ကြားကာလမှာ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်အပေါ်မှာ အမေရိကန်စီးပွားရေး ပိတ်ဆို့မှုကို ကြီးမှူးခဲ့သူဖြစ်ပြီး အခုအခါမှာတော့ ပထမဆုံး မြန်မာနိုင်ငံကို လာရောက်လည်ပတ်တာဖြစ်ပါတယ်။
    ဒုတိယအချက်ကတော့ ကလင်တန် လည်ပတ်တဲ့အချိန်ဟာ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားဆက်ဆံရေးပေါ်လစီဦးစီချုပ် ကက်သရင်း အရှ်တန် (Catherine Ashton) ဦးဆောင်တဲ့ အီးယူ ကိုယ်စားလှယ်တွေ၊ ဥရောပ ကော်မရှင်နာတွေ၊ ပါလီမန် အမတ်တွေ၊ စီးပွားရေးသမားတွေနဲ့ လူမှုအခြေပြု အဖွဲ့အစည်းဝင်တွေ (နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်နေ့အတွင်း) လာရောက်လည်ပတ်တဲ့ သုံးရက် ခရီးစဉ်နဲ့ တိုက်ဆိုင်နေပါတယ်။
    ကလင်တန်ခရီးစဉ်နဲ့ အရေးအကြီးဆုံးသော တိုက်ဆိုင်မှုလိုဆိုနိုင်တဲ့ တတိယတိုက်ဆိုင်မှုကတော့ အစ္စလာမ်မစ် ပူးပေါင်းရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စားလှယ်တွေ လာရောက်လည်ပတ်တဲ့ အချိန်နဲ့လည်း အချိန်ကိုက်နေပါတယ်။ အိုင်အိုင်စီ ခရီးစဉ်မှာတော့ အိုအိုင်စီ အထွေထွေအတွင်းရေးမှူး အက်ခ်မယ်လက်ဒင်န် အီဆာနိုဂ်လူ (Ekmeledin Ihsanoglu) ဦးဆောင်ပြီး အချို့သော မွတ်စလင်လူများစုနေထိုင်တဲ့ နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ တူရကီ၊ ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ ဂျဘူတီ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။
    အိုအိုင်စီလာရောက်လည်ပတ်တဲ့ ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေ အကြား ဆက်လက် ကျန်ရစ်နေသေးတဲ့ တင်းမာမှုတွေရဲ့ အခြေအနေတွေကို စမ်းစစ်လေ့လာဖို့ဖြစ်ပေမယ့် ဘုန်းကြီးတွေဦးဆောင်တဲ့ ဗုဒ္ဓဘာသာဝင် ဆန္ဒပြသူတွေကတော့ အိုအိုင်စီဟာ ရိုဟင်ဂျာမွတ်စလင်တွေအတွက် တစ်ဖက်သတ် ရပ်တည်တယ်လို့ စွပ်စွဲကြပြီး အိုအိုင်စီလာရောက် လည်ပတ်ခဲ့စဉ်မှာ ဆန္ဒပြခဲ့ကြပါတယ်။
    အိုအိုင်စီဟာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တယ်၊ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်မှ ဖုံးဖိထားတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြင်ဆင်ဖို့အတွက် သြဇာ လွှမ်းဖို့ကြိုးစားနေတယ်လို့ ဗုဒ္ဓဘာသာဝင် ဆန္ဒပြသူတွေက စွပ်စွဲခဲ့ကြပါတယ်။
    ၂၀၁၂ ခုနှစ်အောက်တိုဘာလမှာတော့ မြန်မာအစိုးရဟာ အိုအိုင်စီအဖွဲ့ မြန်မာနိုင်ငံမှာ အမြဲတမ်းရုံးဖွင့်လှစ်ပြီး ဘာသာရေး ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ကြရသူတွေကို လူသားချင်းစာနာထောက်ထားတဲ့  အကူအညီတွေပေးဖို့ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက်မှာ [အိုအိုင်စီ ရုံးဖွင့်ခွင့် သဘောတူညီချက်ကို] ပြန်လည်ငြင်းဆိုခဲ့ပြန်ပါတယ်။
    ဒီပြဿနာကြီးဟာ အလွယ်တကူနဲ့ ချက်ချင်းဆိုသလို ဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့် မြန်မာအစိုးရအနေနဲ့ကတော့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြား ခင်မင်ရင်းနီးစွာနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်မယ့် နည်းလမ်းတိုင်းကို ဆက်လက်ရှာဖွေနေရမှာဖြစ်ပါတယ်။
    တမူထားခြားတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ပြဿနာကို ရေရှည်ဖြေရှင်းချက်တွေပြုလုပ်တိုင်း ဒီပြဿနာရဲ့ အရင်းအမြစ်ကို ကိုင်တွယ်ရမှာဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ တခြားလူနည်းစု တွေကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ ဖယ်ဒရယ်မူတွေကို ပြောဆိုနေချိန်မှာ ရိုဟင်ဂျာတွေကတော့ (Identity Crisis) နဲ့ရင်ဆိုင်နေကြရပါတယ်။
    မြန်မာအစိုးရဟာ ရိုဟင်ဂျာပြဿနာကို အနှေးနဲ့အမြန် ဆိုသလို တချိန်ချိန်မှာတော့ ဖြေရှင်းပေးရပါလိမ့်မယ်။ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေဟာ လူတွေလက်တလော ကြုံတွေ့နေရတဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်မယ့် ရေတိုဖြေရှင်းချက် သာဖြစ်ပြီး ပြဿနာတွေပြေလည်သွားဖို့အတွက်ကိုတော့ နိုင်ငံရေးအရအဖြေရှာဖို့လိုအပ်ပါတယ်။
    နိုင်ငံရေးအရ အဖြေရှာတယ်ဆိုပေမယ့် အုပ်စုတစ်ခု ကို တခြားအုပ်စုတစ်ခုထက်ပိုပြီး ဦးစားပေးတာမျိုးကိုတော့ မဆိုလိုပါဘူး။ (Consociational Democracy) စနစ်ဟာ အဖြေရှာပေးနိုင်မယ့် နည်းစနစ်တစ်ခုဖြစ်ပါလိမ့်မယ်။ ဒီနည်းစနစ်ဟာ လူမှုအုပ်စု အသီသီးက သြဇာ အရှိန်အဝါရှိသူတွေ (elites) ကို အကျိုးတူ (common interest) အတွက် အတူတကွ လုပ်ကိုင်ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ဖွင့်ပေးတဲ့ နိုင်ငံရေးလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။
    လူတွေဟာ တစ်ဖက်နဲ့တစ်ဖက် သွင်ပြင်လက္ခဏာသက်မှတ်မှုတွေ၊ ယဉ်ကျေးမှုတွေကို တန်ဖိုးမထား မလေးစား သမျှကာလပတ်လုံး တင်းမာမှုတွေကတော့ ဆက်လည်းတည်ရှိနေမှာပါဘဲ။ ဒီကိစ္စမှာ ရခိုင်ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရ နှစ်ရပ်လုံးဟာ နှစ်ဖက်လုံးမှာ ရှိနေတဲ့ ခေါင်းဆောင်တွေကို ခေါ်ဆောင်ပြီး ပြန်လည် သင့်မြတ်ရေး အစီအစဉ်တွေကို ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။
    အကယ်လို့မြန်မာအစိုးရဟာ အခြားနေရာတွေကနေ အကူအညီတွေ လိုအပ်တယ်ဆိုရင်လည်း အချိန်ဆွဲမနေသင့်ပါဘူး။ ပြဿနာ သဘောသဘာဝ [ဆိုးရွားတာက] တစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အောင်မြင်စွာနဲ့ ကူးပြောင်းတာကို မြင်ချင်တဲ့ စိတ်ဝင်စားမှုတွေရှိနေတာက တစ်ကြောင်း ဖြစ်တဲ့အတွက် အခြားနေရာက ဒီအခက်အခဲကြီးကို ဝိုင်းဝန်း ကူညီဖြေရှင်းပေးလိုစိတ်ရှိကြပါလိမ့်မယ်။
    တချိန်တည်းမှာလည်း ဒီအသိုင်းအဝိုင်း နှစ်ခုအကြား မလိုမုန်းတီးမူတွေ ပိုမိုတောက်လောင်မှုတွေဖြစ်စေမယ့် လုပ်ရပ်တွေ သို့မဟုတ် လုပ်ငန်းဆောင်တာတွေကို မလုပ်မိဖို့ အိုအိုင်စီနဲ့ မွတ်စလင်လူများစုနေထိုင်တဲ့ နိုင်ငံတွေက သတိမူကြရမှာဖြစ်ပါတယ်။ မြန်မာအစိုးရက အကြမ်းဖက်မှုဖြစ်ပွားတဲ့ နေရာတွေကိုသွားရောက် လည်ပတ်ဖို့ခွင့်ပြုသလို အိုင်အိုင်စီကလည်း လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲ အကြမ်းဖက်ခံရသူတွေအားလုံးကို တန်းတူညီမျှကူညီပေးနိုင်မယ့် မူဝါဒတွေနဲ့ အညီလုပ်ဆောင်ရမှာဖြစ်ပါတယ်။
    ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြား ယုံကြည်မှုနဲ့ နားလည်မှုတွေ တည်ဆောက်ဖို့အတွက် ဒီလို ဘက်မလိုက်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေက အရေးကြီးပါတယ်။ အပြန်အလှန် နားလည်မှုတွေ တည်ဆောက်နိုင်ပြီးဆိုမှ နှစ်ဖက်လုံးက လက်ခံနိုင်လောက်တဲ့ ဖြေရှင်းနည်းတွေကို မြန်မာအစိုးရက စီမံဆောင်ရွက်နိုင်ဖို့ အတွက် ဝိုင်းဝန်း ကူညီပေးရမှာဖြစ်ပါတယ်။ အိုအိုင်စီအနေနဲ့လည်း ဗုဒ္ဓဘာသာ လူများစုနဲ့ ဆက်ဆံရေး ကောင်းနေဖို့အတွက် အပြန်အလှန်ယုံကြည်မှုကိုလည်း တည်ဆောက်ဖို့ အရေးကြီးပါတယ်။
    ဒီအချိန်အတွင်းမှာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကလည်း ဘာသာရေး ပဋိပက္ခတွေနဲ့ နိုင်ငံရေးပြဿနာတွေပြေလည်ဖို့ အတွက်၊ တည်ငြိမ်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားဖို့ အတွက် ဆက်လက်ပြီး တက်နိုင်သမျှ ကူညီလုပ်ဆောင်ပေးနေရမှာဖြစ်ပါတယ်။
    Nehginpao Kipgen ဟာ အမေရိကန်အခြေစိုက် Kuki International Forum ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံရေးကိုဦးစားပေးပြီး တောင်အာရှနဲ့ အရှေ့တောင်အာရှရဲ နိုင်ငံရေးကို အဓိကထား သုတေသနပြုနေသူ တစ်ဦးဖြစ်ပါတယ်။
    Nehginpao Kipgen ရေးသားပြီး The China Post မှာဖော်ပြထားတဲ့ “Resolving Myanmar’s sectarian violence issue” ကို O’Laie Manzu မှ ဆီလျှော်အောင်ဘာသာပြန်ထားပါတယ်။