News @ M-Media

Blog

  • နိုဝင်ဘာ ၂၁ နိုင်ငံတကာနှင့် ပြည်တွင်းသတင်း

    နိုဝင်ဘာ ၂၁ နိုင်ငံတကာနှင့် ပြည်တွင်းသတင်း

    နိုဝင်ဘာ- ၂၁ ၂၀၁၃
    M-Media

    ဥက္ကံမြို့တွင် လွန်ခဲ့သော ခုနစ်လခန့်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပါဝင်သည်ဟုဆိုကာ တိုက်ကြီးမြို့နယ် သစ်ထုတ်လုပ်ရေး လုပ်ငန်းမှ အသက် ၃၃ နှစ်အရွယ် ဝန်ထမ်း ကိုဆန်းလင်းထွန်းကို နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က တိုက်ကြီးမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့ကြောင်း ၎င်း၏ မိသားစုဝင် တစ်ဦးကြောင်း The Voice Weekly တွင် ဖော်ပြထားပါသည်။

    ချင်းအမျိုးသား ပါတီနှင့် ချင်းတိုးတက်ရေး ပါတီတို့သည် ချင်းအမျိုးသား တိုးတက်ရေးပါတီ (Chin National Progressive Party – CNPP) အဖြစ် အမည်ပြောင်း မှတ်ပုံတင်ရန် နိုဝင်ဘာလ ၁၅ ရက်နေ့က ဟားခါးမြို့တွင် ကျင်းပသော ပူးပေါင်းရေး ဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ရန်ကုန်မြို့ တရုတ်သံရုံးရှေ့ကို လက်ပံတောင်းတောင် သပိတ်စခန်းက ဆန္ဒပြသံဃာတော်တွေကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုနဲ့ ပတ်သက်ပြီး လမ်းလျှောက်ချီတက် ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ၆ ဦးဖြစ်တဲ့ ကိုဒီငြိမ်းလင်း၊ ကိုမိုးသွေး၊ ကိုအောင်မျိုးဦး၊ ကိုစိုးမိုးထွန်း၊ ကိုမြင့်ကျော်နဲ့ မသန္တာ တို့ ကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁ လ အမိန့်ချမှတ်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ် မှာ ကလေး(၂) အသတ်ခံရမှုနှင့် ပတ်သက်ပြီး ပေါက်တော ဖြစ်စဉ်တွင် မသင်္ကာသူ ခမီအမျိုးသား ရေလုပ်သား ၆ ဦးကို ခေါ်ယူ စစ်ဆေးလျက် ရှိကြောင်း၊ ကျောက်တော် ဖြစ်စဉ်တွင် ရခိုင် တိုင်းရင်းသား ၅ ဦး၊ မွတ်စလင် နှစ်ဦးတို့အား ခေါ်ယူစစ်ဆေးခဲ့ပြီး မွတ်စလင် နှစ်ဦးမှာ အပြစ်မရှိကြောင်း သက်သေ ပြနိုင်သောကြောင့် ပြန်လွှတ်ပေး လိုက်ကြောင်း ဧရာဝတီရဲ့ သတင်းမှာ ဖော်ပြထားတာကိုတွေ့ရှိရပါသည်။

    ———————————————————————————–

    အမေရိကန်-အာဖဂန် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် မျိုးနွယ်စုခေါင်းဆောင်များ ဆွေးနွေးမည်

    လာမည့်နှစ်တွင် နိုင်ငံအတွင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များအားလုံးထွက်ခွာသွားပြီးနောက် အမေရိကန်စစ်တပ်၏ အခန်းကဏ္ဍနှင့်ပက်သက်၍ ဆုံးဖြတ်ရန် အာဖဂန်နိုင်ငံရှိ ထောင်ချီသော မျိုးနွယ်စုခေါင်းဆောင်များက ကဘူးလ်မြို့တွင် ဆွေးနွေးပွဲတစ်ခု ကျင်းပတော့မည်ဟု သိရသည်။

    ၃ ရက်တာကြာမြင့်မည့် ထိုဆွေးနွေးပွဲသို့ ကိုယ်စားလှယ်ပေါင်း ၂၅၀၀ ကျော်တက်ရောက်ကြမည်ဖြစ်ပြီး၊ အမေရိကန်တပ်ဖွဲ့များ တိုင်းပြည်မှ ထွက်သွားပြီးနောက် အမေရိကန်စစ်သား မည်မျှချန်ထားမည်ဆိုသည်နှင့် နိုင်ငံခြားတပ်များမှ ဆောင်ရွက်သွားခဲ့သော စစ်ဆင်ရေးများ၏ တရားစီရင်ပိုင်ခွင့်နှင့် ကင်းလွတ်ခွင့် မေးခွန်းများအပေါ် အများသဘောတူညီမှုရရန် ဆွေးနွေးသွားမည်ဖြစ်သည်။

    နိုင်ငံ၏ လုံခြုံရေးဆိုင်ရာကိစ္စအတွက် အာဖဂန်စိုးရနှင့် အမေရိကန်တို့ သဘောတူညီခဲ့သည်ဟု ကြေညာချက်ထွက်ပေါ်လာပြီးနောက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံတွင် ရာစုနှစ်များစွာ ရှိနေခဲ့သည့် ဓလေ့ထုံးတမ်းဆိုင်ရာ အဖွဲ့တစ်ခုဖြစ်သည့် Loya Jirga အဖွဲ့မှ ထိုအစည်းအဝေးအား စီစဉ်ကျင်းပခြင်းဖြစ်သည်။

    အဆိုပါ လုံခြုံရေးဆိုင်ရာနှစ်နိုင်ငံသဘောတူညီချက်(BSA) ကို Loya Jirga အဖွဲ့၏ ကိုယ်စားလှယ်များနှင့် အာဖဂန်ပါလီမန်တို့က သဘောတူ လက်မှတ်ရေးထိုးပြီးမှသာ အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက လက်မှတ်ရေးထိုးနိုင်မည်ဖြစ်သည်။

    လုံခြုံရေးဆိုင်ရာ သဘောတူညီချက် မူကြမ်းအား အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုမူကြမ်းအရ အမေရိကန် စစ်သားများမှာ အာဖဂန်နိုင်ငံအတွင်း ပြစ်မှုဆိုင်ရာ စွပ်စွဲချက်များ အတွက် အထူး အခွင့်အရေးရှိမည်ဖြစ်ပြီး၊ နိုင်ငံအတွင်း အခြေစိုက် စခန်းများကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
    Tribal elders discuss US-Afghan security pact
    ………………………………………..
    ဟူစတန်မြို့တွင် သေနတ် ပစ်မှုဖြစ်ပွား ၃ ဦးသေဆုံး

    အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့အနောက်မြောက်ပိုင်းရှိ အိမ်ယာ တစ်ခုတွင် ယမန်နေ့က သေနစ်ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံးခဲ့ကာ ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ယမန်နေ့ ညနေ ၄ နာရီခွဲက Sunbury Downs Apartment အိမ်ရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရားခံမှာ လွတ်မြောက်နေဆဲဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။  သေဆုံးသူများမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြပြီး ဒဏ်ရာရသူများမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ဖြစ်ကြသည်။

    တရားခံမှာ တိုက်ခန်းအတွင်းသို့ ၀င်ရောက်ခဲ့ပြီးနောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။ လွန်ခဲ့သည့် ၁၁ ရက်ခန့်ကလည်း ထိုအနီးအနားတစ်ဝိုက်တွင် ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးခဲ့ကာ ၂၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။

    ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ကွန်နက်တီကတ်ပြည်နယ် နယူးတောင်းမြို့ မူလတန်းကျောင်းတွင်ဖြစ်ပွားခဲ့သည့် မူလတန်းကျောင်းသား ၂၀ ကျော်သေဆုံးခဲ့သော သေနတ် ပစ်ခတ်မှုနောက်ပိုင်း အမေရိကန်နိုင်ငံ တစ်ဝှမ်းတွင် ယခုအချိန်အထိ သေနတ် ပစ်ခတ်မှုများကြောင့် သေဆုံးသူဦးရေ ၃ သောင်းကျော်ရှိပြီဖြစ်သည်။

    ……………………………………
    Presidential Medal of Freedom ဆု အိုဘာမားချီးမြှင့်

    အမေရိကန်အစိုးရက အရပ်သားများအား ချီးမြှင့်သည့် ဆုတွင် အမြင့်ဆုံး ဆုတံဆိပ်တစ်ခုဖြစ်သည့် Presidential Medal of Freedom ဆုကို ယမန်နေ့က အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ အိုဘားမားက ချီးမြှင့်ခဲ့သည်ဟု သိရသည်။

    သမ္မတဟောင်း ဂျွန် အက်ဖ်ကနေဒီ လုပ်ကြံခံရသည့် နှစ် ၅၀ ပြည့်မြောက်သည့်နေ့တွင် ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းလည်းဖြစ်သည်။ ထိုဆုရရှိသူများတွင် ကန်းထရီး ဂီတအကျော်အမော် လိုရက်တာ လင်း၊ ရုပ်သံလုပ်ငန်းဖြင့်အောင်မြင်ခဲ့သူ အော်ပရာ ၀င်ဖရေးနှင့် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်တို့ ပါဝင်ခဲ့ပြီး နိုင်ငံရေး၊ ဖျော်ဖြေရေး၊ အားကစား၊ ဂျာနယ်လစ်၊ ဥပဒေ နယ်ပယ်၊ လူ့အခွင့်အရေးနှင့် အမျိုးသမီး တန်းတူ ညီမျှရေးဆောင်ရွက်သူများနှင့် အာကာသဆိုင်ရာ စူးစမ်းရှာဖွေသူ စသဖြင့် စုစုပေါင်း ၁၆ ဦးအား ပေးအပ်ချီးမြှင့်ခဲ့သည်။

    Presidential Medal of Freedom ဆုအား ၁၉၆၃ ခုနှစ်တွင် အမေရိကန် သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီက စတင်ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ စတင်ပေးအပ်ခဲ့သည့် အချိန်မှစ၍  ယခုအချိန်အထိ အမေရိကန်နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားနှင့် လုံခြုံရေးကို ကူညီဆောင်ရွက်ပေးသူများ၊ ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး၊ ယဉ်ကျေးမှုနှင့် အများအကျိုးကို ကြိုးပမ်းဆောင်ရွက်ခဲ့သူ ၅၀၀ ကျော်ကို ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။

    …………………………………..
    ဟောင်ကောင်ရှိ အိမ်အကူလုပ်သားများမှာ ကျွန်များကဲ့သို့ ဆက်ဆံခြင်းခံနေရဟု လူ့အခွင့်အရေးအဖွဲ့ဆို

    ကမ္ဘာ့လုံးဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်သည့် အဖွဲ့တစ်ခုဖြစ်သည့် Amnesty International အဖွဲ့က ဟောင်ကောင်တွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်လျက်ရှိသည့် အင်ဒိုနီးရှား အမျိုးသမီးများ၏ ကျွန်များကဲ့သို့ နေထိုင်လုပ်ကိုင်နေရသည့်အခြေအနေကို ရှုတ်ချလိုက်ပြီး၊ အာဏာပိုင်များ၏ အရေးမယူ လစ်လျူရှုမှုမှာ ဆင်ခြေပေး၍ပင်မရဟု ယနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ထိုအစီအရင်ခံစာအား Exploited for Profit Failed by Governments ဟု မည်ပေးထားပြီး အင်ဒိုနီးရှားအိမ်အကူတစ်ဦးအား မီးပူဖြင့်ကပ်ခြင်း၊ ဆိုင်ကယ်ချိန်းကြိုးဖြင့် ရိုက်ခြင်းများအပါအ၀င် လူမဆန်သော နှိပ်စက်မှုများကြောင့် ဟောင်ကောင်ဇနီးမောင်နှံနှစ်ဦးအား ထောင်ချခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

    အင်ဒိုနီးရှားအိမ်အကူ လုပ်သားများမှာ လိုအပ်သောစာရွက်စာတမ်းများအား ဈေတင်ခြင်း၊ မြင့်မားသောလစာနှင့် ကောင်းမွန်သော အလုပ်အကိုင်အခြေအနေများ ရမည်ဟူသည့် မှားယွင်းသော ကတိများပေးခြင်း စသဖြင့် အလုပ်ရှာဖွေရေးအေဂျင်စီများ၏ ခေါင်းပုံဖြတ်မှုကို ခံနေရကြောင်း Amnesty အဖွဲ့၏ လေ့လာချက်များအရတွေ့ ရှိရသည်ဟု ထိုအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ထိုပြင် ထိုကဲ့သို့သောအခြေအနေများအား ကိုင်တွယ်ခြင်းမရှိသည့် ဟောင်ကောင်နှင့် အင်ဒိုနီးရှားအစိုးရတို့၏ လစ်လျူရှုမှုမှာ ဆင်ခြေပေး၍ပင် မရနိုင်ဟု ဖော်ပြထားသည်။ ဟောင်ကောင်နိုင်ငံတွင် အရှေ့တောင် အာရှနိုင်ငံများ၊ အထူးသဖြင့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများမှ အိမ်အကူလုပ်သား ၃ သိန်းနီးပါး သွားရောက်အလုပ်လုပ်ကိုင်နေကြပြီး ထိုအလုပ်သမားများပေါ် ဆက်ဆံမှုများနှင့် ပက်သက်ပြီး လူအခွင့်အရေး အဖွဲ့အစည်းများ၏ ဝေဖန်မှုများမှာ တစ်ထက်တစ်စ တိုးပွားလာနေသည်။

    ………………………..
    ဒရုန်းလေယာဉ်ဖြင့်တိုက်ခိုက်မှုကြောင့် ပါကစ္စတန်တွင် ၆ ဦးသေဆုံး

    ပါကစ္စတန်အနောက်မြောက်ပိုင်းဒေသရှိ မျိုးနွယ်စုများနေထိုင်သည့် ဒေသအား ပစ်မှတ်ထားသော အမေရိကန် ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် လူ ၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ထိုတိုက်ခိုက်မှုအား Khyber Pakhtunkhwa ပြည်နယ်၊ Hangu  ခရိုင်တွင် ယနေ့နံနက် အစောပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်မှာ ပါကစ္စတန်အပါအ၀င်၊ အာဖဂန်၊ ယီမင်နှင့် ဆိုမာလီယာတို့တွင် ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုမြောက်များစွာကို ပြုလုပ်ခဲ့သည်။

    အဆိုပါတိုက်ခိုက်မှုများမှာ စစ်သွေးကြွများအား ရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ၀ါရှင်တန်က ပြောဆိုသော်လည်း၊ သေဆုံးသူအများစုမှာ အရပ်သားများ သာဖြစ်ကြသည်။ ဂျာနယ်လစ်ဆိုင်ရာ စုံစမ်း စစ်ဆေးမှုဗျူရို၏ အဆိုအရ ပါကစ္စတန်တွင် ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်ခံရ၍ သေဆုံးခဲ့သူ အရပ်သားအရေအတွက်မှာ ၂၀၀၈ ခုနှစ်မှ ယခုအချိန်အထိ ၃၀၈ ဦးမှ ၇၈၉ ဦးအကြားတွင်ရှိသည်ဟု သိရသည်။

    …………………………………
    လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အိန္ဒိယ နာမည်ကြီး မဂ္ဂဇင်း အယ်ဒီတာ တစ်ဦးနှုတ်ထွက်

    နိုင်ငံအနောက်ပိုင်း ဂိုအာပြည်နယ်တွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် နှစ်ပတ်လည် မီဒီယာအစည်းအဝေးတစ်ခုတွင် ကောလိပ်ကျောင်းသူတစ်ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် အိန္ဒိယနိုင်ငံ၏ နာမည်ကြီး ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး ထိပ်တန်းနိုင်ငံရေး သတင်း မဂ္ဂဇင်း၏ အယ်ဒီတာလည်းဖြစ်သူ Tarun Tejpal မှာ ရာထူးမှ ယာယီနှုတ်ထွက်သွားသည်ဟု သိရသည်။

    လုပ်ဖော်ကိုင်ဖက်များအား ပေးပို့ခဲ့သော အီးမေးတွင် Tehelka အပတ်စဉ်မဂ္ဂဇင်း၏ အယ်ဒီတာဖြစ်သူ Tejpal က ထိုကဲ့သို့သော အဖြစ်အပျက်များအတွက် ပြေရာပြေကြောင်းဆောင်ရွက်ရန် တာဝန်မှ ၆ လ အနားယူမည်ဟု ရေးသားထားသည်။

    ထိုမဂ္ဂဇင်း အယ်ဒီတာချုပ်ဖြစ်သူ Shoma Choudhary က ထိုကိစ္စရပ်မှာ အတွင်းရေးကိစ္စသာဖြစ်ကြောင်း၊ Tejpal ၏ တာဝန်ယူမှုမှာ ကျေနပ်ဖွယ်ကောင်းကြောင်းပြောကြားခဲ့သည်။

    လိင်ပိုင်းဆိုင်ရာအစော်ကားခံရသည့် ကောလိပ်ကျောင်းသူက ထိုကိစ္စရပ်မှာ စိုးရိမ်ဖွယ်ဖြစ်သော လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြစ်ပြီး၊ အလွန်စိတ်လှုပ်ရှား ကြောက်ရွံ့ မိသည်ဟု ဖွင့်ဟခဲ့ကြောင်း ထိုအမျိုးသမီး၏  လူယုံတော်ဖြစ်က ပြောကြားခဲ့သည်။

    ထိုကဲ့သို့ စွပ်စွဲချက်များထွက်ပေါ်လာပြီးနောက် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများနှင့် ဂျာနယ်လစ်မြောက်များစွာတို့က ဆိုရှယ်မီဒီယာများမှ တစ်ဆင့် ထိုအမှုအား ချက်ချင်း အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

  • နိုဝင်ဘာ ၂၁ အားကစားသတင်းများ

    နိုဝင်ဘာ ၂၁ အားကစားသတင်းများ

    နိုဝင်ဘာ ၂၁ ၂၀၁၃
    M-Media

    အေစီမီလန်အတွင်ပျော်ရွှင်သည်ဟု ဘာလော့တယ်လီဆို

    အေစီမီလန်အသင်းတိုက်စစ်မှူးဖြစ်သူ မာရီယိုဘာလော့တယ်လီက အသင်းတွင် မတည်မငြိမ်ဖြစ်နေသည့်ဆိုသည့် သတင်းများအား ငြင်းဆိုလိုက်ပြီး ဆန်စီရိုမှထွက်ခွာရန် မစဉ်းစားကြောင်း ပြောကြားခဲ့သည်။

    ဘာလော့တယ်လီမှာ အေစီမီလန်အသင်းတွင် စတင်ကစားရကတည်းက ဝေဖန်မှုများကို ရင်ဆိုင်နေရပြီး၊ အီတလီအသင်းတွင်လည်း ယခုနောက်ပိုင်းတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိပေ။
    ကလပ်အသင်းနှင့် နိုင်ငံအသင်းများတွင် ၇ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခြင်းမရှိသော်လည်း လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် အေစီမီလန်အသင်းမှ ပြောင်းရွှေ့တော့မည် ဆိုသည့် ကောလဟာလများအား ဘာလော့တယ်လီက ငြင်းဆန်ခဲ့သည်။

    “လာတော့မယ့် အနာဂတ်ကိုပဲ ကျွန်တော်စဉ်စားပါတယ်။ အဝေးကြီးကို ကျွန်တော်မတွေးပါဘူး။ နောက်တစ်ပွဲမှာ ကျွန်တော်ကောင်းကောင်းကစားဖို့ပဲ ကျွန်တော်စဉ်းစားထားတာပါ။ အခုအချိန် အေစီမီလန်မှာ ကျွန်တော်ပျော်ပါတယ်။ ဇန်န၀ါရီ ဒါမှမဟုတ် မေလ(အပြောင်းအရွှေ့ကာလ)အကြောင်းကို ကျွန်တော် မစဉ်စားချင်ပါဘူး” ဟု ဘာလော့တယ်လီက Sky Sport Italia သို့ပြောကြားခဲ့သည်။

    ထို့ပြင် အီတလီမီဒီယာများက ၎င်းအပေါ်အလွန်အမင်းဝေဖန်ရေးသားသည့်အတွက် စိတ်ပျက်မိသည်ဟု ဘာလော့တယ်လီက ၀န်ခံခဲ့သည်။

    …………………………………
    ပိုမိုကောင်းမွန်သည့် ပုံစံဖြင့်ပြန်လာမည်ဟု မက်ဆီဆို

    ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီက ၂၀၁၂-၂၀၁၃ ဘောလုံးရာသီအတွက် ရွှေဖိနပ်ဆုကို ယမန်နေ့က ရယူခဲ့ပြီးနောက်၊ ၎င်းခံစားနေရသည့် ဒဏ်ရာမှ ပိုမိုကောင်းမွန်သော အနေအထားဖြင့် ပြန်လာမည်ဟု ပြောဆိုလိုက်သည်။

    ယမန်နေ့က ဘာစီလိုနာမြို့တွင် ရယူခဲ့သည့် အဆိုပါရွှေဖိနပ်ဆုမှာ မက်ဆီ၏ တတိယမြောက် ရွှေဖိနပ်ဆုလည်းဖြစ်သည်။ ၂၀၁၂-၂၀၁၃ ခုနှစ် ဥရောပ ဘောလုံးလောကတွင် ဂိုးအများဆုံးသွင်းယူနိုင်ခဲ့သောကြောင့် ရရှိခဲ့ခြင်းဖြစ်ပြီး၊ မက်ဆီက ယခုအချိန် သူ၏ အဓိကဆောင်ရွက်ရမည့်ကိစ္စမှာ ဒဏ်ရာမှ အမြန်ဆုံးသက်သာပျောက်ကင်းရန်နှင့် စွမ်းဆောင်ရည်အကောင်းဆုံးပုံစံဖြင့် ဘောလုံးပြန်ကစားနိုင်ရန်ဖြစ်သည်ဟု ၀န်ခံပြောကြားခဲ့သည်။

    “ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ ကြံ့ခိုင်မှုရှိရှိနဲ့ ပြန်ကစားဖို့ပါ။ ကျွန်တော့်ခန္ဓာကိုယ် ကြံ့ခိုင်ဖို့ ကျွန်တော်လုပ်ဆောင်နေပြီး ကျွန်တော်ပြန်ကစားရတဲ့အခါ ဒဏ်ရာတွေထပ်မရတော့ဘူးလို့ မျှော်လင့်ပါတယ်” ဟု ရွှေဖိနပ်ဆုအား လက်ခံရယူပြီးနောက် ပရိတ်သတ်များအား ပြောကြားခဲ့သည်။

    အသက် ၂၆ နှစ်အရွယ်ရှိ မက်ဆီမှာ ဘောလုံးရာသီအစက ကြွက်သားဒဏ်ရာရရှိခဲ့ပြီး၊ ယခုလောလောဆယ်တွင် တံကောက်ကြောဒဏ်ရာကြောင့် လာမည့်နှစ်အထိ အနားယူရဖွယ်ရှိနေသည်။
    Messi
    ……………………………………….
    ဂါလာတာစာရေးမှာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ဟု မန်စီနီဆို

    ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်အသင်းတို့နှင့် ခက်ခဲ့သည့် စမ်းသပ်မှုများကို ရင်ဆိုင်ခဲ့ရသော်လည်း ကစားသမားများမှာ အသင်းအား တိုးတက်စေရန်ဆောင်ရွက်နိုင်ပြီး၊ အသင်းမှာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်သည်ဟု တူရကီကလပ် ဂါလာတာစာရေး၏ နည်းပြဖြစ်သူ မန်စီနီက ပြောကြားလိုက်သည်။

    ဂါလာတာစာရေးမှာ ချန်ပီယံလိဂ် အုပ်စု B တွင် ဒုတိယနေရာ၌ရှိနေသော်လည်း တတိယနေရာမှ ကိုပင်ဟေဂင်အသင်းနှင့် အမှတ်တူနေကာ စတုတ္ထနေရာမှ ဂျူဗင်တပ်စ်အသင်းနှင့် တစ်မှတ်သာ ကွာဟနေသည်။

    လက်ကျန်နှစ်ပွဲတွင် ရီးယဲလ်အသင်းအား အဝေးကွင်းတွင်လည်းကောင်း၊ ဂျူဗင်တပ်စ်အသင်းအား အိမ်ကွင်းတွင်လည်းကောင်း ကစားရမည်ဖြစ်သောကြောင့် မန်စီနီအနေဖြင့် နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်ရေးမျှော်လင့်ချက်အတွက် စိတ်လှုပ်ရှားနေသည်။

    “ဂါလာတာစာရေးအသင်းဟာ ဒီနှစ်မှာ စွမ်းဆောင်မှုကောင်းတွေလုပ်ဖို့ အလားအလာရှိတဲ့အသင်းပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာ လွယ်ကူတဲ့ပြိုင်ပွဲတော့မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့အုပ်စုကလည်း တော်တော့်ကို ကြပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ (နောက်တစ်ဆင့်ကို) တက်ရောက်နိုင်ပါတယ်” ဟု မန်စီနီက Uefa.com သို့ ပြောကြားခဲ့သည်။

    ဂါလာတာစာရေးအသင်း နည်းပြဟောင်း ဖာတီ တာရင်ထွက်သွား ပြီးနောက် မန်စီနီမှာ ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းမှစ၍ အသင်းအား ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။

    ……………………………………
    ကာတာ၏ ဆောက်လုပ်ရေးလုပ်ငန်းအခြေအနေများမှာ လက်ခံနိုင်ဖွယ်မရှိဟု ဘလတ္တာဆို

    ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဆောင်ရွက်နေသည့် ကာတာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင် များတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည့် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသော အဖွဲ့ဖြစ်သည့်  Amnesty International မှ ပြောကြားခဲ့ပြီးနောက်၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဆပ်ဘလတ္တာကလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင့်အချို့မှာ လက်ခံနိုင်ဖွယ်မရှိဟု ပြောကြားခဲ့သည်။

    Amnesty International အဖွဲ့က ကာတာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား အသေးစိတ်ဖော်ပြထားသည့် အစီရင်ခံစာတစ်စောင်ကို ပြီးခဲ့သည့်တစ်ပါတ်က ထုတ်ဝေခဲ့ပြီး၊ ထိုအစီရင်ခံစာတွင် ဆောက်လုပ်ရေးလုပ်သားများမှာ ကျွဲ၊ နွားများကဲ့သို့ ခိုင်းစေခံနေရသည်ဟု ဖော်ပြထားသည်။

    ကာတာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိစ္စနှင်ပက်သက်ပြီး ဖြေရှင်းရန်အတွက်နိုင်ငံတကာ ကုန်သွယ်မှုအဖွဲ့(ITUC)နှင့် ဂျာမနီကုန်သွယ်မှုအဖွဲ့(DFB) တို့ ပူးပေါင်းပြုလုပ်မည့် အစည်းအဝေးသို့ တက်ရောက်ရန်ရှိနေသည့် ဘလတ္တာက

    “စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာခေါင်းဆောင်တွေက ကာတာနိုင်ငံရဲ့ လက်မခံနိုင်ဖွယ် အခြေအနေတွေကနေ တိုးတက်ကောင်းမွန်လာဖို့အတွက် ကူညီဆောင်ရွက်ပေးရပါမယ်။ ဒါကြောင့်မို့လို့ DFB နဲ့ ITUC တို့ပြုလုပ်မယ့် ဆွေးနွေးပွဲကို ကြိုဆိုတာပါ။ အပြောင်းအလဲတွေကို ကျွန်တော်တို့ အောင်မြင်အောင်ဆောင်ရွက်နိုင်ပါတယ်” ဟု ဖီဖာမှ ထုတ်ပြန်သည့်ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

  • ကျောက်တော်မှ ရခိုင် ကလေး သေဆုံးမှု ခေါ်စစ်ခဲ့သည့် မွတ်စလင်မ်(၂) ဦး အပြစ်မရှိသဖြင့် ပြန်လွှတ်

    နိုဝင်ဘာ- ၂၁ ၂၀၁၃
    M-Media

    ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ရွာမှ အသက် ၅ နှစ်အရွယ် မငယ်ငယ်(ခ)မနော် နှင့် ပေါက်တော မြို့နယ် စောမဲကျီရွာမှ အသက် ၅ နှစ်အရွယ် မဇလပ်ဝါတို့ ၂ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ မသင်္ကာသူများကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

    ဧရာဝတီ၏ စုံစမ်းမေးမြန်းချက်အရ နေပြည်တော် မှုခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးမင်းအောင်က ပေါက်တောဖြစ်စဉ်တွင် မသင်္ကာသူ ရခိုင်တိုင်းရင်းသား ခမီအမျိုးသား ရေလုပ်သား ၆ ဦးကို ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း၊ ကျောက်တော်ဖြစ်စဉ်တွင် ရခိုင်တိုင်းရင်းသား ၅ ဦး၊ မွတ်စလင် နှစ်ဦးတို့အား ခေါ်ယူစစ်ဆေးခဲ့ပြီး မွတ်စလင်နှစ်ဦးမှာ အပြစ်မရှိကြောင်း သက်သေပြနိုင်သောကြောင့် ပြန်လွှတ်ပေးလိုက်သည်ဟု ပြောဆိုသည်။

    ” မသကာင်္တဲ့ မွတ်စလင်တွေက ဘာအပြစ်မှ မရှိတော့ ပြန်လွတ်ပေးလိုက်ပြီ။ ခမီတချို့ကတော့ သေချာစစ်နေတယ်လို့ သိရတယ်”ဟု ဒုရဲမှူးကြီးမင်းအောင်က ပြောသည်။

    **အခင်းဖြစ်ပွားပြီး နောက်နေ့မှ စတင်ကာ မွတ်စလင်များက အဆိုပါ မိန်းကလေး ငယ် ၂ ဦးကို မုဒိန်းကျင့်၍ သတ်ဖြတ်သည်ဟူသည့် စွပ်စွဲရေးသားမှုများဖြင့် လူမျိုးရေး၊ ဘာသာရေး မုန်းတီးစေရန် လှုံ့ဆော်မှုများ ဆက်တိုက်လုပ်လာသည်ကို အင်တာနက်လူမှု ကွန်ရက်များတွင် တွေ့လာရသည်။

    ဧရာဝတီ မှ ကောက်နှုတ်ဖော်ပြသည်။

    အပြည့်အစုံ ဖတ်ရန် =>http://burma.irrawaddy.org/news/2013/11/21/51248.html
    ============================

    Sitwe Poutaw case
    ဓါတ်ပုံ အညွှန်း- ပေါက်တောမြို့မှ မငယ်ငယ် အသတ်ခံရသည့် သတင်းကို ဆိုရှယ်မီဒီယာတွေ ဓါတ်ပုံနှင့်တကွ စတင်ဖြန့်ဝေခဲ့သည့်ဟု ယူဆရသူ ဦးဥာဏ စစ်တွေ ဆိုသူ၏ FB စာမျက်နာမှ သတင်း

    ဘာသာရေးမုန်းတီးမှုဖြစ်စေရန် လှုံဆော်ရေးသားသည့် အဆိုပါ သတင်းကို ထပ်ဆင့်ဖြန့်ဝေသူပေါင်း ၄၀၀ ကျော်ရှိနေပြီဖြစ်သည်။

    (မူလက ဓါတ်ပုံနှင့်တကွ တင်ခဲ့သည့် သတင်းမှာ FB ၏ စည်းကမ်းချက်နှင့် ညှိစွန်းနေသဖြင့် Facebook မှ ဖယ်ဖျက်လိုက်သည်ဟု ယူဆရပါသည်။ )

    Link =>https://www.facebook.com/unyar.na.9/posts/268551873304932

  • ဒေါ်လာ ၁ သန်း ချီးမြှင့်သည့် လူသားအကျိုးပြု Opus Prize (2013) ဆု အာဖဂန် အမျိုးသမီးရရှိ

    နိုဝင်ဘာ- ၂၁ ၂၀၁၃

    M-Media

    o-SAKENA-facebook_0
    ၂၀၁၃ ခုနှစ်အတွက် ချီးမြှင့်သော Opus Prize ဆုကို အာဖဂန်နိုင်ငံ၌ ပညာရေးဆိုင်ရာလှုပ်ရှားမှုများကို ဆောက်ရွက်လုပ်ကိုင်နေသည့် စကီနာ ယာကူဘီက ဆွတ်ခူးရရှိခဲ့သည်ဟုသိရသည်။

    ယာကူဘီမှာ ၁၉၉၅ ခုနှစ်က Afghan Institute of Learning အဖွဲ့ကို စတင်တည်ထောင်ခဲ့ပြီး ယခုအအချိန်အထိ ထိုအဖွဲ့၏ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူဖြစ်သည်။ Afghan Institute of Learning အဖွဲ့မှာ အာဖဂန် အမျိုးသမီးများ ဦးဆောင်သည့် NGO အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကျောင်းဆရာများအား လေ့ကျင့်သင်ကြားပေးခြင်း၊ အာဖဂန် ကလေးငယ်များ၏ ပညာရေးအားထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို လိုက်လံကူညီပေးခြင်းနှင့် အမျိုးသမီးများနှင့် ကလေးငယ်များအား ပညာသင်ကြားပေးခြင်း စသည့် ကိစ္စရပ်များကို အခမဲ့ ဆောင်ရွက်ပေးနေသော အဖွဲ့လည်းဖြစ်သည်။

    ယာကူဘီက ၎င်းအနေဖြင့် Opus Prize ဆု ချီးမြှင့်သည့် ရည်ရွယ်ချက်ကို သဘောကြနှစ်ခြိုက်ပြီး၊ ထိုဆုအား ရရှိခဲ့ခြင်းအတွက် ပျော်ရွင်မိကာ၊ ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

    “အမျိုးသား၊ အမျိုးသမီး အားလုံးအတွက် ပညာရေးကို မသင်မနေရလို့ အစ္စလာမ်က ပြောထားတာကို ကျွန်မယုံကြည်ပါတယ်။ ကုရ်အာန်ကျမ်းမြတ်က ကျွန်မတို့ကို ကောင်းမွန်စွာနေထိုင်ဖို့ သွန်သင်ပါတယ်။ ပညာရေးဟာ လူ့ကျင့်ဝတ်နဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ ကျွန်မတို့ကို အရေးကြီးတဲ့ တွေးခေါ်မှုတွေ ပေးပါတယ်” ဟု ယာကူဘီက အမေရိကန် အွန်လိုင်း သတင်းဌာနတစ်ခုဖြစ်သည့် The Huffington Post သတင်းစာသို့ပြောကြားခဲ့သည်။

    ထို့ပြင် အာဖဂန်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးရေးအတွက် ပညာရေးမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်သူမှာ တရားမျှတမှုရှိပြီး၊ ပညာတတ်ကာ လူသားဆန်သည့် ပုဂ္ဂိုလ်ဖြစ်ရမည်ဖြစ်ကြောင်း၊ အာဖဂန်နိုင်ငံ ပညာရေးအတွက် အဓိက အတားအဆီးမှာ လုံခြုံရေးပင်ဖြစ်ကြောင်း ယာကူဘီက ထပ်လောင်းပြောကြားခဲ့သည်။

    Opus Prize ဆု မှာကမ္ဘာ့တစ်ဝှမ်း ဘာသာရေးကို အခြေပြု၍ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါထူပြောမှု၊ တရားမမျှတမှု စသည့် ဒုက္ခသုက္ခပေါင်းစုံ ခံစားနေရသော သူများ အတွက် လူထု အကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နေသော သူများအား ဂုဏ်ပြုသောအနေဖြင့် ၁၉၉၄ ခုနှစ်မှစတင်ကာ နှစ်စဉ် ချီးမြှင့်သည့် ဆုတံဆိပ် တစ်ခုဖြစ်ပြီး ဆုကြေးငွေမှာ ကန်ဒေါ်လာ ၁ သန်းဖြစ်သည်။

    ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ၀ါရှင်တန်မြို့ Georgetown တက္ကသိုလ်ရှိ Berkley ဘာသာရေးနှင့် ငြိမ်းချမ်းရေး စင်တာတွင်ပြုလုပ်ခဲ့ပြီး Georgetown တက္ကသိုလ် ဥက္ကဌ ဂျွန် ဂျေ ဒီဂျီယိုအီယာက ချီးမြှင့်ခဲ့သည်။

  • သတင်းထုတ်ပြန်ခြင်း မရှိတဲ့ သမ္မတဦးသိန်းစိန်နှင့် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပွဲ (ဓါတ်ပုံသတင်း)

    နိုဝင်ဘာ-၂၁ ၂၀၁၃
    M-Media
    ဓါတ်ပုံ- NY Kogyi (FB)
    meet U Thein Sein
    အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ OIC ရဲ့ အတွင်းရေးမှူးချုပ် ပါမောက္ခ အက်ခ်မယ်လက်ဒင်န် အီဆာနိုဂလူ (Ekmeleddin Ihsanoglu) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

    မြန်မာနိုင်ငံ အစိုးရဲ့ ဖိတ်ကြားချက်နဲ့ ၃ ရက်တာ ခရီးစဉ် မတိုင်ခင် နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်မှ အိုအိုင်စီ အဖွဲ့နှင့် သမ္မတ တွေ့ဆုံမှာ မဟုတ်ဘူးလို့ သတင်းမီဒီယာများကို ၄င်းရဲ့ ကိုယ်ပိုင် FB စာမျက်နှာ တဆင့် တရားဝင်ဖြေကြားခဲ့ပါတယ်။

    ယခုအချိန်ထိ အိုအိုင်စီနှင် သမ္မတဦးသိန်းစိန်တွေ့ဆုံသည့် သတင်းကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါ။