News @ M-Media

Blog

  • ၂၀၁၄ သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာ

    ၂၀၁၄ သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာ

    နိုဝင်ဘာ ၉၊ ၂၀၁၃
    M-Media
    ရေးသားသူ – သီတာလတ်

    ဆွေးနွေးသူ ဆရာ ဦးဝင်းမြင့် (UNFPA)
    ဆွေးနွေးသူ ဆရာ ဦးဝင်းမြင့် (UNFPA)

     

    *  သန်းခေါင်စာရင်းအကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် ဦးဝင်းမြင့် (UNFPA) MMSY တွင် ဆွေးနွေးခဲ့သည့်အကြောင်းအရာများကို  ပြန်လည် မျှဝေရေးသားခြင်းဖြစ်ပါသည်။ ဆရာဦးဝင်းမြင့် အား ၁၉၆၀ ခုနှစ်တွင် မွေးဖွားခဲ့ပြီး M.E (Com) Statistics နှင့် ဘွဲ့ရရှိကာ M.Dev (Master of Development Studies) ဘွဲ့ကိုပါ ထပ်မံရရှိခဲ့ပါသည်။ Nation Planning and Economics Developemnt (အမျိုသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု) ၀န်ကြီး ဌာနတွင် ၁၉ နှစ်ဝန်းကျင်ခန့်၊ IOM (International Organizational Migration ) အဖွဲ့အစည်းတွင် တစ်နှစ်ဝန်းကျင်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး United Nations Food Programme Association ၏ National Program တွင် Monitoring and Evaluation Officer အဖြစ် လက်ရှိတွင် တာဝန်ထမ်းဆောင်နေပါသည်။လက်ရှိတွင် နိုင်ငံသားတိုင်း သိထားသင့်သည့် ၂၀၁၄ သန်းခေါင်စာရင်းတွင် မည်သို့မည်ပုံကောက်ယူမည်၊ နိုင်ငံတော်အနေနှင့် မည်သည့်အစီအစဉ်များထားရှိသည်တို့ကို ဆရာဦးဝင်းမြင့်မှ “၂၀၁၄ သန်းခေါင်စာရင်း အကြောင်းသိကောင်းစရာ”ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။

    အစိုးရနှင့် UNFPA တို့ ပူးပေါင်း၍ ၄-နှစ်ကျော်ကျော် စီမံကိန်းတစ်ခုဟာ “Population & Housing Census Myanmar 2014’’ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆိုတဲ့စီမံကိန်းပါ။ သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်မှာတစ်ကြိမ်၊ ၁၉၈၃ ခုနှစ်မှာတစ်ကြိမ် ကောက်ခံထားဖူးပါတယ်။ သန်းခေါင်စာရင်းကို ရပ်ကွက်အခေါ်က အိမ်ထောင်စုစာရင်းနဲ့ မှားတတ်ကြတယ်။ လူဦးရေနှင့်သန်းခေါင်စာရင်း Logo လေးကလည်း အဓိပ္ပါယ်ရှိပါတယ်။ ကော်မတီဖွဲ့ပြီး သေချာရွေးချယ်ခဲ့ကြပါတယ်။ “ပြည်သူအားလုံး ပါဝင်ဖို့ သန်းခေါင်စာရင်းကောက်ကြစို့” အားလုံးပါဝင်နိုင်စေဖို့ ဖိတ်ခေါ်ထားပါတယ်။

    ယနေ့ပြောမယ့်အကြောင်းအရာတွေက

    (၁) သန်းခေါင်စာရင်း နောက်ခံသမိုင်း

    (၂) သန်းခေါင်စာရင်း လုပ်ငန်းစဉ်

    (၃) သန်းခေါင်စာရင်း နည်းပညာ

    (၄) အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေ

    (၅) မေးခွန်းလွှာ

    (၆) သန်းခေါင်စာရင်းကောက်ခြင်းမှ ရရှိမည့် ရလဒ်များ

    (၇) ပြည်သူများ၏ အခန်းကဏ္ဍ ဆိုပြီး အပိုင်းလိုက်ပြောပြသွားမှာဖြစ်ပါတယ်။

    (၁) သန်းခေါင်စာရင်း နောက်ခံသမိုင်း

    မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို ဗြိတိသျှလက်အောက်ကျရောက်ခဲ့သော (၁၈၇၂ မှ ၁၉၄၁)ခုနှစ်ထိ ၁၀နှစ်တစ်ကြိမ် ကောက်ယူခဲ့တယ်။ မြန်မာ့လွတ်လပ်ရေးရပြီးနောက်ပိုင်း သန်းခေါင်စာရင်း မကောက်ယူဖြစ်တော့ဘဲ ၁၉၇၃ ခုနှစ်မှာတစ်ကြိမ်၊ ၁၉၈၃ ခုနှစ်မှာတစ်ကြိမ် ကောက်ခံထားဖူးပါတယ်။ ကုလသမဂ္ဂမှ နိုင်ငံတိုင်းတွင် သန်းခေါင်စာရင်းကို ၁၀ နှစ်တစ်ကြိမ်ကောက်ခံရမည် ဟု သတ်မှတ် ပြဌာန်းထားတယ်။ သန်းခေါင်စာရင်းတစ်ကြိမ်ကောက်ယူရန် အနည်းဆုံးအချိန် (၄) နှစ်ယူရတယ်။ ငွေကြေးကုန်ကျမှုအလွန်များတယ်။ လူဦးရေပညာအရ (၁၀)နှစ်ကိုတစ်ကြိမ် လူဦးရေးစာရင်းကောက်ထားလျှင် အဲဒီစာရင်းသည် နောင် (၁၀)နှစ်အတွက် စီမံကိန်းများရေးဆွဲရန် ခိုင်မာသော သတင်းအချက်အလက်များဖြစ်လာတယ်။ ၁၉၈၃ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ခဲ့တယ်။ အဲ့ဒီ ၁၉၈၃ နောက်ပိုင်းမှာ သန်းခေါင်စာရင်း မကောက်နိုင်တော့ဘူး။ ခုနှစ်နောက်ပိုင်း အစိုးရမှ သန်းခေါင်စာရင်း မကောက်တော့ဘဲ နမူနာစစ်တမ်းများ၊ သက်ဆိုင်ရာရုံးများမှ မှတ်တမ်း၊ မှတ်ရာများ အချက်အလက်များကို ယူပါတယ်။ ပြီးတော့လူဦးရေကိုခန့်မှန်းတယ် ၁၉၈၃ကစပြီး မြန်မာနိုင်ငံဟာ အုပ်ချုပ်ရေးဆိုင်ရာ မှတ်တမ်းတွေ နောက် suryey လို့ခေါ်တဲ့စစ်တမ်းတွေ administrative record တွေကပဲလူဦးရေကိုခန့်မှန်းခဲ့ရတယ် တွက်ချက်ခဲ့ရတယ်။

    (၂) သန်းခေါင်စာရင်း လုပ်ငန်းစဉ်

    အဲဒါကြောင့်မို့မြန်မာနိုင်ငံမှာ ၂၀၁၄ကျရင် သန်းခေါင်စာရင်းကောက်ကြမယ်ဆိုပြီး လက်ရှိအစိုးရဦးသိန်းစိန်က ရည်ရွယ်တယ်။ အဲ့ဒီတော့ ဖွံ့ဖြိုးဖို့ကူညီပေးတဲ့အခါတော့ လူပေါ်မူတည်ပြီးအထောက်အပံ့ပေးရတယ်။ ဆိုလိုတာက လူဦးရေတိတိကျကျ မသိဘူးဆိုရင် ဖွံဖြိုးရေးလုပ်ငန်းလုပ်တဲ့နေရာမှာ အရမ်းခက်ခဲတယ်။ ဆိုလိုတာက လူ၁၀၀၀အတွက်ပေးရမယ့်ဟာကို လူ၅၀၀၀အတွက်တွက်တယ။် လူ၅၀၀၀အတွက် ပေးရမယ့်ဟာကို လူ၁၀၀၀အတွက်တွက်တယ်။ ပိုတာလိုတာတွေ အများကြီးရှိတဲ့အတွက် လူဦးရေတိကျဖို့လိုတယ် ဆိုတဲ့အနေအထားမျိုး၇ှိတယ်။ ဘယ်လိုဖြစ်နေလည်းဆိုတော့ လ.ဝ.ကဦးစီးဌာနက ၂၀၁၂မှာလူဦးရေသန်း၆၀ရှိမယ်လို့ ခန့်မှန်းတယ်။ ဒါအစိုးရခန့်မှန်းတာ အဲဒါကိုအစိုးရကပဲ လ၀က၀န်ကြီးဋ္ဌာနက ခန့်မှန်းတဲ့သန်း၆၀ဆိုတဲ့ဟာကို UNက သန်း၅၆သန်းပဲ ခန့်မှန်းတယ်။ အဲ့တော့လေးသန်းလောက်ကွာတယ်။ သန်းခေါင်စာရင်းကောက်ဖို့အတွက် ကုန်ကျစရိတ်ကို တွက်ချက်လိုက်တော့ US$ 58.5 သန်းခန့် ကုန်ကျမယ်။ အဲဒီစရိတ်စကတွေကို အစိုးရတစ်ဦးတည်းလည်း ကုန်ကျမခံနိုင်ဘူး။ UN တစ်ခုတည်းကလည်း ကုန်ကျမခံနိုင်ဘူး။ အဲအတွက် ရန်ပုံငွေရှာရတယ်။ အစိုးရက US$ 15 သန်းထည့်ဝင်ပြီး UNကတော့ US$ 5 သန်းထည့်ဝင်တယ်။ အခြားနိုင်ငံက ဖံွံ့ဖြိုးမှုကို ကူညီပေးနေတဲ့ အလှူရှင်တွေက ကျန်တာ ထည့်ဝင်ကြတယ်။ အားလုံး US$ 62 သန်းခန့် ရရှိထားပြီ။

    (၃) သန်းခေါင်စာရင်း နည်းပညာ

    တကမ္ဘာလုံးမှာသတ်မှတ်ထားတဲ့ သန်းခေါင်စာရင်းကောက်တဲ့အခါ နည်းလမ်း ၂ မျိုးနဲ့ကောက်တယ်။ နေမြဲလူဦးရေကို ကောက်ခြင်းနှင့် တွေ့ရှိတဲ့နေရာမှာ တွေ့ရှိတဲ့လူတွေကို ကောက်ခြင်းဖြစ်တယ်။ ၂၀၁၄ သန်းခေါင်စာရင်းကောက်တဲ့အခါ တွေ့ရှိတဲ့နေရာမှာ တွေ့ရှိတဲ့လူတွေကို ကောက်ခြင်း(de-fato)ဖြစ်တယ်။ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းတွင်ရှိနေသော နိုင်ငံသား၊ နိုင်ငံခြားသားအပါအဝင် အားလုံးသော လူတိုင်းကို ကောက်ယူမယ်။ Census Night ကို ၂၀၁၄ခုနှစ်၊ မတ်လ ၂၉ရက် စနေနေ့ည ၁၂း၀၀ နာရီဟုသတ်မှတ်ထားတယ်။ သန်းခေါင်စာရင်ကောက်ယူမည့် ကြာချိန်ကတော့ တနိုင်ငံလုံးကို မတ်လ ၃၀ရက် ၀၀း၀၀နာရီကစပြီး ဧပြီလ ၁၀ ရက်နေ့အထိ (၁၂) ရက်တိုင်တိုင် ကောက်ယူမယ်။ အဲဒီအချိန် မိမိအိမ်တွင်ရှိနေသော လူအားလုံးကို ရည်ညွန်းပြီး ကောက်ယူမယ်။ ကိုယ့်အိမ်မှာ ဘယ်သူရှိနေနေ အဲဒီအိမ်ရဲ့စာရင်းထဲမှာ ပါဝင်မယ်။ တွေ့ရှိသမျှ လူတိုင်းကို သန်းခေါင်စာရင်းကောက်ယူသောနည်းလမ်းပုံစံကို အသုံးပြုပြီးတွက်ချက်မယ်။ အကယ်၍များ အပြင်မှာ တွေ့ရှိပြီး စာရင်းကောက်ယူပြီးဖြစ်နေရင် ကိုယ်တိုင်က ဘယ်နေရာမှာတော့ ကောက်ယူပြီးပါပြီဆိုတာကို မှန်မှန်ကန်ကန်ပြောပြဖို့လိုတယ်။ နိုင်ငံခြားသံရုံးများ မပါဝင်ပါ။ နိုင်ငံခြားသံရုံးကို သက်ဆိုင်ရာနိုင်ငံကသာ ပိုင်သည်။ သန်းခေါင်စာရင်းကောက်ယူပြီးမှ သေဆုံးသွားလျှင် သန်းခေါင်စာရင်းတွင်ပါဝင်ပြီး ကျော်လွန်ပြီးမှ မွေးဖွားလာကြသူများ မပါဝင်ပါ။ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ သတင်းစာမှာ သန်းခေါင်စာရင်း ဥပဒေ ပြဌာန်းခြင်းကို ဖော်ပြထားတယ်။ လေ့လာကြည့်ပါ။

    (၄) အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေ

    အပြည်ပြည်ဆိုင်ရာ စံချိန်စံညွန်းအရဆိုရင် နိုင်ငံတိုင်းမှာ သန်းခေါင်စာရင်းဥပဒေဆိုတာ ပြဌာန်းရတယ်။ မြန်မာနိုင်ငံမှာ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းကောက်တုန်းက ၁၉၇၂ သန်းခေါင်စာရင်းဥပဒေကို အသုံးပြုတယ်။ ၁၉၈၃ခုနှစ်မှာ သန်းခေါင်စာရင်းကောက်တော့လည်း ၁၉၇၂ သန်းခေါင်စာရင်းဥပဒေကို သုံးခဲ့တယ်။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ခောတ်နှင့်လိုက်လျောညီထွေသော သန်းခေါင်စာရင်းဥပဒေကို ပြုပြင်ပြဌာန်းလိုက်သည်။ မြန်မာနိုင်ငံရဲ့သန်းခေါင်စာရင်းရုံးက နေပြည်တော် ပြည်သူအင်အားဦးစီးဌာနတွင် ဖွင့်လှစ်ထားပြီး ဥပဒေအရ သန်းခေါင်စာရင်း ကော်မရှင်မှာ ဥက္ကဌအဖြစ် ဦးခင်ရီ (လ.ဝ.က ဝန်ကြီး)၊ နာယကအဖြစ် ဒု-သမ္မတ စိုင်းမောက်ခမ်းတို့ ပါဝင်ဖွဲ့စည်းသည်။ ကော်မရှင်လက်အောက်တွင် လိုအပ်သောကော်မတီငယ်များ ဆက်လက်ဖွဲ့စည်းတယ်။ ထိုအထဲမှာ ၁၂နိုင်ငံမှ သန်းခေါင်စာရင်း ပညာကျွမ်းကျင်ပညာရှင်(၁၄)ဦး ပါဝင်သော အပြည်ပြည်ဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့လည်းပါဝင်တယ်။ မြန်မာနိုင်ငံမှာ နှစ် ၃၀ ကျော် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့နယ်နိမိတ်ကို တိကျစွာခန့်မှန်းနိုင်ခြင်းမရှိဘူး။ သန်းခေါင်စာရင်းကောက်ယူတဲ့အခါ ပထမဆုံး မြေပုံဆွဲဖို့ မြန်မာ့မြေအနေအထားကို လိုက်ပြီး အပိုင်းငယ်ပေါင်း( )ပိုင်းခြားရတယ်။ သန်းခေါင်စာရင်းအကြောင်း၊ ဘာကြောင့် ကောက်ယူရသလဲဆိုတာကို အများပြည်သူကို အသိပညာပေးရမယ်။ တွက်ချက်နည်းတွေကိုလည်း ဆန်းစစ်ရမယ်။ ဖြည့်စွပ်ထားတဲ့အချက်အလက်တွေအပေါ်မှာ နည်းပညာများနှင့် ပေါင်းစပ်အဖြေရှာမယ်။ သန်းခေါင်စာရင်းကောက်ယူခြင်းကြောင့် နိုင်ငံရေးအရ နည်းပညာအရ ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာကိုပါ ဝေဖန်ဆန်းစစ်နိုင်ရန် ကျွမ်းကျင်ပညာတွေ ခေါ်ယူရခြင်းဖြစ်တယ်။  သတင်းနဲ့ပြန်ကြားရေးဌာနလည်း ဖွဲ့စည်းထားပြီ။ ရှေ့ပြေးသန်းခေါင်စာရင်းကို မြန်မာနိုင်ငံအနှံမှ မြို့နယ်ပေါင်း ၂၀ ကို စမ်းသပ်ကောက်ယူခဲ့တယ်။ တိုင်းရင်းသားအဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များကို အစိုးရမှ ဖိတ်ကြားခဲ့တယ်။ ဒေသဆိုင်ရာဘာသာစကားအလိုက် သတင်းနဲ့ပြန်ကြားရေးဌာနများကို နေရာအနှံမှာ ဖွင့်လှစ်ပေးမည်။ နောင်တစ်ချိန် သန်းခေါင်စာရင်းကောက်ယူချိန်ထိ ထိန်းသိမ်းနိုင်ပြီး မှတ်တမ်းတင်ဖို့အတွက် အချက်အလက်များ အားလုံးကိုသိမ်းဆည်းထားမယ်။ သန်းခေါင်စာရင်းကောက်ယူချိန်မှာ မေးမယ့်မေးခွန်းက အခရာပဲ။ အဲဒီမေးခွန်းလွှာပြုလုပ်ဖို့အတွက် နေပြည်တော်မှာ အစိုးရဌာနများ၊ လူဦးရေနဲ့လူမှုရေးဆိုင်ရာအဖွဲ့အစည်းအသီးသီးကို အစည်းအဝေးခေါ်ယူတိုင်ပင်ခဲ့တယ်။ ဌာနဆိုင်ရာ လိုအပ်သော အခြေခံအချက်အလက်များကို တောင်းခံပြီး နိုင်ငံတိုးတက်ဖို့အတွက် ဘယ်လိုအချက်အလက်တွေ ယူမလဲဆိုတဲ့ ပညာရှင်များထံမှ အကြံဉာဏ် တောင်းခံတယ်။ ကုလသမဂ္ဂမှ ပြုစုထားသော စံမေးခွန်းလွှာကို လေ့လာတယ်။ ယခင်သန်းခေါင်စာရင်းကောက်တုန်းက မေးခဲ့ဖူးတဲ့ မေးခွန်းလွှာကို ပြန်ကြည့်တယ်။ အိမ်နီးချင်နိုင်ငံတွေက သန်းခေါင်စာရင်းမေးခွန်းပုံစံတွေကို ပြန်ကြည့်တယ်။ အဲဒါအချက်တွေကို အခြေခံပြီး ၂၀၁၄ သန်းခေါင်စာရင်းမေးခွန်းလွှာကို ပြုစုရေးဆွဲတယ်။ အကုန်ပြီးစီးသွားတဲ့အခါ အဲဒီမေးခွန်းလွှာကို  အင်္ဂလန်မှာ အရွက်ရေ (၁၆)သန်း ရိုက်နှိပ်ထားတယ်။ နိုဝင်ဘာလကုန်ပိုင်းဆိုရင် မြန်မာပြည်ကို ရောက်မယ်။

    (၅) မေးခွန်းလွှာ

    ၂၀၁၄သန်းခေါင်စာရင်း မေးခွန်းလွှာမှာ မေးခွန်းပေါင်း (၄၁) ချက်ပါဝင်တယ်။ အိမ်တစ်အိမ်ကို မေးခွန်း ၄၁ချက်ကို ဖြေဆိုဖို့ ပျမ်းမျှအချိန် မိနစ် ၂၀ ကနေ မိနစ် ၃၀ ထိကြာနိုင်တယ်။ မေးခွန်းတွေကို ဖြေတဲ့အခါ ၁ ၂ ၃ ၄ ဆိုပြီး ရေးမှာ မဟုတ်ဘူး။ ခဲတံနဲ့ ခြယ်ရမှာဖြစ်တယ်။ အဲလိုလုပ်နိုင်ဖို့အတွက် သန်းခေါင်စာရင်းကောက်ရမည့်သူတွေကို သင်တန်းပေးထားပြီးသားပဲ။ အခြေခံဖွဲ့စည်းပုံအရ တိုင်းရင်းသား (၁၃၅) မျိုးရှိတယ်လို့ ပြဌာန်းထားတယ်။ ပတ်ဝန်းကျင်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ နယ်နိမိတ်တွေမှာ အချို့လူမျိုးစုတွေရှိတယ်။ အထူးသဖြင့် ရခိုင်ဘက်( ဘင်္ဂါလားဒေ့ရှ်နယ်စပ်)၊ နာဂဘက်မှာ၊ ပြည်တွင်းမှာလည်းရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် လူမျိုးစုတစ်စုသည် စုစုပေါင်းလူဦးရေရဲ့ 0.001 %  အရေအတွက်ရှိမယ်ဆိုရင်  လွှတ်တော်မှာ နေရာတစ်နေရာရမယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်နေရာရမယ်။ အဲဒါကြောင့် ရှမ်း၊ မွန်၊ ချင်းတွေက ရန်ကုန်မှာ သူတို့လူမျိုးစု ဘယ်လောက်ရှိသလဲဆိုတာ စစ်တမ်းကောက်တယ်။ အမှန်တော့ အဲဒါတွေက သန်းခေါင်စာရင်းနဲ့မဆိုင်ဘူး၊ ရွေးကောက်ပွဲ ကော်မရှင်နဲ့ပဲဆိုင်တယ်။ အချို့လူမျိုးစုတွေကလည်း သူတို့လူမျိုးစုကို အသိအမှတ်ပြုရေးအတွက် ကြိုးပမ်းနေတဲ့သူတွေလည်း ရှိတယ်။ လူမျိုးစုတွေကို ထည့်သွင်းရေး၊ မထည့်သွင်းရေးဆိုတာ သန်းခေါင်စာရင်းကိစ္စမဟုတ်ပါ။ အဲဒါက နိုင်ငံရေးရာကိစ္စ ဖြစ်တယ်။ မည်သည့်တိုင်းရင်းသားဖြစ်နေပါစေ၊ မျိုးနွယ်စုကြီးကြီးဖြစ်ဖြစ်၊ သေးသေးဖြစ်ဖြစ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာ ပါကိုပါရမယ်။ ၁၉၈၂ ခုနှစ်မတိုင်မီက လူမျိုးစု (၁၄၄)မျိုးရှိရာမှ ၁၉၈၃ခုနှစ်နောက်ပိုင်းမှာ လူမျိုးစု(၁၃၅)မျိုးသာ ပါဝင်ပြဌာန်း ခဲ့တယ်။ ပျောက်သွားတဲ့ လူမျိုးစု (၈) မျိုးက သူတို့ရဲ့လူမျိုးစုပါဝင်နိုင်ရေးအတွက် လုပ်ကြတယ်။ ဒါက နိုင်ငံရေးအပိုင်းပါ။ (၁၃၅)မျိုးမှာ ပါဝင်တဲ့မျိုးနွယ်တွေအတွက် code no. တွေပါရှိပြီးသား။ အဲထဲမှာ မပါဝင်တဲ့မျိုးနွယ်စုတွေကိုတော့ Other ဆိုတဲ့အကွက်ထဲမှာ ထည့်မယ်။ ကိုယ့်မျိုးနွယ်စု မပါဝင်သူတွေဟာ Other ဆိုတဲ့ code no. က 9 1 4 ။ အဲဒီဘေးက ကွက်လပ်ကလေးမှာ ကိုယ့်ရဲ့မျိုးနွယ်စုကို ဖွင့်ဟပြောပါ။ စာရင်းကောက်သူက ကာယကံရှင်ပြောတဲ့တိုင်း 9 1 4 ရဲ့ဘေးက ……………ကွက်လပ်မှာ ကိုယ်ပြောတဲ့မျိုးနွယ်စုကို ရေးပေးလိမ့်မယ်။ အချို့မှတ်ပုံတင်ကဒ်တွေမှာ ကိုယ့်လူမျိုးအမည်အမှန်ကို  မရေးထားခဲ့လျှင်လည်း သန်းခေါင်စာရင်းကောက်သူအား ကိုယ့်မျိုးနွယ်စုကို မှန်ကန်တိကျစွာပြောပါ။ မှတ်ပုံတင်ကတ်ပြားကို ထုတ်ပြစရာမလိုဘူး။ ကိုယ်ရထားတဲ့ကတ်ရဲ့အရောင် ပန်းရောင်၊ အစိမ်းရောင်၊ အဖြူရောင် စသဖြင့် အရောင်ကိုသာ ပြောပြရမှာပါ။ ဘာကတ်မှ မရှိရင်လည်း မရှိဘူးလို့ ပြောလိုက်ရုံပဲ။ ကိုယ့်မိဘရဲ့လူမျိုးက ဘာဖြစ်ဖြစ် ကိုယ်ထည့်ချင်တဲ့လူမျိုးကို ထည့်ခွင့်ရှိတယ်။ ကိုယ်ဆန္ဒရှိတဲ့လူမျိုးကိုသာ ထည့်တာကို သန်းခေါင်စာရင်းကောက်သူက ရေး၊ မရေး သေချာကြည့်ပါ။ သန်းခေါင်စာရင်းမှာ ဖြည့်စွက်ထားသည့် လူအမည်ကို မကြည့်ပါ။ အဓိက ဘာသာ၊ လူမျိုးစု ကိုသာကြည့်မှာဖြစ်ပါတယ်။ သန်းခေါင်စာရင်းကောက်ပြီးနောက် ပထမဆုံးထုတ်ပြန်ချိန်မှာ Other လို့ပဲ ထုတ်ပြန်မယ်ပြီး မျိုးနွယ်စုအမည်တွေ မပါဘူး။ ဒါပေမယ့် နောက်ပိုင်းထုတ်ပြန်တဲ့အခါ တစ်မျိုးချင်းစီ ထုတ်ပြန်ပေးမယ်။ သေချာသုံးသပ်စီစစ်ပြီးတဲ့အခါမှာ နောက်တစ်ချိန်ရေးဆွဲမယ့် နိုင်ငံသားဥပဒေအတွက် အကျိုးသက်ရောက်မှုရှိလာမယ်။ ဒါကြောင့် သန်းခေါင်စာရင်းမှ ရသော အချက်အလက်သည် ဥပဒေပြုရာတွင်လည်း အသုံးဝင်တယ်။ အဲဒီအတွက် ဖြေဆိုသူသည် မိမိဆန္ဒရှိသော မျိုးနွယ်စုကိုသာ ပွင့်ပွင့်လင်းလင်း၊ မှန်မှန်ကန်ကန်ပြောဆိုပါ။ ကိုယ့်က သေချာပြောရဲ့သားနဲ့ မရေးဘူးဆိုရင် ကြီးကြပ်ရေးမှူးကို တိုင်လို့ရတယ်။ အဲဒါမှ အရေးမယူဘူးဆိုရင် အထက်အဆင့်ဆင့်ကို အချိန်မီတိုင်ကြားလို့ရတယ်။ သူတို့မေးတာကို ကောင်းကောင်းမွန်မွန် ပြန်မဖြေဘူးဆိုရင်လည်း အိမ်ရှင်ကို တရားစွဲလို့ရတယ်။ ကိုယ့်မိသားစုဝင်တစ်ဦးဦးက ပြည်ပမှာရောက်နေသူရှိရင် ဘယ်နိုင်ငံမှာ ရောက်နေပါတယ်လို့ ပြောနိုင်တယ်။ ဘယ်လိုနည်းနဲ့သွားခဲ့သွားခဲ့ အရေးယူခြင်း၊ မယူခြင်းနဲ့ မဆိုင်ဘူး။ ကိုယ့်နိုင်ငံသား/မိသားစုဝင်တစ်ယောက် အခြားဘယ်နိုင်ငံမှာရှိနေတယ်ဆိုတာ ပေါ်လွင်သွားတယ်။ အဲဒါမှ ကိုယ့်သန်းခေါင်စာရင်းမှာ ကိုယ့်မိသားစုဝင်အားလုံးပါဝင်မယ်။ ကိုယ့်မိသားစုဝင်ထဲမှ ပျောက်ဆုံးနေသူရှိရင်လည်း ပြောပြရမယ်။ အခြားဘယ်နယ်ကို ရောက်နေတယ်ဆိုတာကိုလည်း ပြောပြရမယ်။ သန်းခေါင်စာရင်းကောက်ပြီးလို့ စာရင်းထုတ်ပြန်တဲ့အခါ အမည်စာရင်းထုတ်ပြန်မှာမဟုတ်ဘဲ လူဦးရေစာရင်းကို ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့် စသဖြင့် ထုတ်ပြန်မှာဖြစ်တယ်။

     (၆) သန်းခေါင်စာရင်းကောက်ခြင်းမှ ရရှိမည့် ရလဒ်များ

    ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းကောက်ခံပြီးတဲ့အခါ မြန်မာနိုင်ငံမှာ လူဦးရေ ဘယ်လောက်ရှိသလဲဆိုတာ အကြမ်းဖျဉ်း ရလဒ်ရှိလာပြီ။ အမျိုးသားဦးရေ၊ အမျိုးသမီးဦးရေကို ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် အသီးသီးဖော်ပြပေးလိမ့်မယ်။ နောက် ၁၁လကြာတဲ့အခါ အကုန်အပြည့်အစုံ ထုတ်ပြန်ပေးမယ်။ သက်ဆိုင်ရာ ဌာနအလိုက် အစီရင်ခံစာစစ်တမ်းတွေ ထွက်လာမယ်။  နောက် ၁၀နှစ်၊ အနှစ် ၂၀ မှာ ဖြစ်လာမဲ့ လူဦးရေ၊ မွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ သက်ကြီးရွယ်အို၊ လူငယ်အရေအတွက် စသဖြင့် အားလုံးကို ခန့်မှန်းနိုင်မယ်။ လူမျိုးစုအချို့ တိုးလာဖို့ရှိသလို လျှော့သွားနိုင်တဲ့ လူမျိုးစုလည်း ရှိနိုင်တယ်။

    (၇) ပြည်သူများ၏ အခန်းကဏ္ဍ

    သန်းခေါင်စာရင်းဆိုတာ အိမ်ထောင်စုစာရင်းနဲ့မတူဘူး။ မှတ်ပုံတင်ကတ်နဲ့မဆိုင်ဘူး။ ကိုယ်ပတ်ဝန်းကျင်က လူအချင်းချင်း သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီးသိသမျှကို မျှဝေမယ်။ မှန်မှန်ကန်ကန် ဖြေပေးကြဖို့၊ လှည်းနေ လှေအောင်း မြင်းစောင်းမကျန် လူမှန်သမျှ သန်းခေါင်စာရင်းထဲမှာ ပါဝင်ရမယ်ဆိုတာကို ပြည်သူအချင်းချင်းလည်း အသိပေးဖြန့်ဝေကြရမယ်။

  • နိုဝင်ဘာ- ၈ အားကစားသတင်းများ

    နိုဝင်ဘာ- ၈ ၂၀၁၃
    M-Media

    မန်ယူပြန်လာပြီဟု ရူနီဆို

    ဒေးဗစ်မိုယက်စ်လက်အောက်ရှိ မန်ယူအသင်းမှာ နောက်ဆုံးတွင် ပုံမှန်ပြန်ဖြစ်လာပြီး၊ ယခုတစ်ပါတ် အာဆင်နယ်နှင့်ပွဲတွင် သက်သေပြမည်ဟု မန်ယူအသင်းတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    မန်ယူမှာ ရာသီအစတွင် ၂၄ နှစ်အတွင်း အဆိုးဝါးဆုံး ရလဒ်များဖြင့် ရုန်းကန်ခဲ့ရသော်လည်း ယခုအချိန်တွင် ၈ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ရရှိထားပြီး လာမည့်တနင်္ဂနွေနေ့တွင် ဇယားထပ်ဆုံးတွင်ရှိနေသည့် အာဆင်နယ်အသင်းအား အိမ်ကွင်းအိုးထရက်ဖို့ဒ်တွင် ဧည့်ခံကစားရမည်ဖြစ်သည်။

    ယခုကဲ့သို့ မန်ယူအသင်း ကစားပုံပြန်လည်ကောင်းမွန်လာခြင်းက မိုယက်စ်လက်အောက်တွင် အသင်းရှိကစားသမားများ အသားကျသွားသည့် သက်သေဖြစ်ကြောင်း၊ နည်းပြဖြစ်သူ၏ စိတ်ကူးများကိုလည်း နားလည်လာ ကြောင်း ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ အားလုံးအသစ်ဖြစ်လာပြီး နည်းပြရဲ့မတူညီတဲ့ သဘောတရားတွေကိုလည်းနားလည်လာပါပြီ။ ဒီသဘောတရားတွေကို ကျွန်တော်တို့နိုင်သလောက် အကောင်းဆုံး အကောင်အထည်ဖော်ဖို့ဆိုတာကတော့ ကျွန်တော်တို့အပေါ်မှာပဲမူတည်ပါတယ်” ဟု ရူနီက ပြောကြားခဲ့သည်။

    Ref:mirror

    ………………………………….
    ဂျရတ်အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးလျှင် နိုင်ငံတကာကစားသမားဘ၀မှ အနားယူရန် ရော်ဂျာ မျှော်လင့်

    လာမည့်နွေရာသီတွင်ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် အင်္ဂလန်ကွင်းလယ်လူ ဂျရတ်အနေဖြင့် သူ၏နိုင်ငံကစားသမားဘ၀အား အဆုံးသတ်မည်ဟု ထင်ကြောင်း လီဗာပူးလ်အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားခဲ့သည်။

    မကြာမီ ချီလီနှင့် ဂျာမနီအသင်းတို့နှင့် ခြေစမ်းပွဲကစားမည့် အင်္ဂလန်အသင်းတွင် ဂျရတ်မှာရွေးချယ်ခြင်းခံထားရပြီး၊ ပထမကစားသမားအဖြစ်ပါဝင်ရန်လည်း အခွင့်အရေးရှိနေသည်။ ထိုကဲ့သို့ပါဝင်ခွင့်ရခဲ့ပါက ဂျရတ်မှာ လက်ရွေးစဉ်အသင်းအတွက် ပွဲအများဆုံးကစားပေးထားသည့် တတိယမြောက် ကစားသမားဖြစ်လာမည်ဖြစ်သည်။ ဂျာရတ်မှာ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲသုံးခုနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုတို့တွင် အင်္ဂလန်အသင်းအတွက် ၁၀၇ ပွဲကစားပေးထားသူဖြစ်သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်တွင် အသက် ၃၄ နှစ်ဖြစ်လာမည့် ဂျရတ်အနေဖြင့် နိုင်ငံတကာကစားသမားဘ၀ကို အဆုံးသတ်ရန်အချိန်ရောက်ပြီဟု ရော်ဂျာက ရှုမြင်နေသည်။

    Ref:dailymail

    ……………………………………
    ဂျိုးဟတ်မှာ လက်ရွေးစင်အသင်း၏ နံပါတ် ၁ ဖြစ်နေဆဲဟု ဟဒ်ဆန်ဆို

    ကလပ်အသင်းတွင် အမှားမျာစွာပြုလုပ်ခဲ့သောကြောင့် ဝေဖန်မှုများကို ရင်ဆိုင်နေရသော်လည်း ဂျိုးဟတ်မှာ အင်္ဂလန်အသင်း၏ နံပါတ် ၁ ကစားသမားဖြစ်နေဆဲဟု အင်္ဂလန်အသင်းနည်းပြ ဟဒ်ဆန်က ပြောကြားလိုက်သည်။

    အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သည့် မန်စီးတီးအသင်း၏ ဂိုးသမား ဂျိုးဟတ်မှာ ချယ်ဆီး၊ အက်စတွန်ဗီလာ၊ ကာဒစ်ဖ်စီးတီးတို့နှင့် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲများတွင် အမှားများပြုလုပ်ခဲ့သောကြောင့် ကလပ်အသင်း၏ နောက်ဆုံးကစားခဲ့သည့် ၂ ပွဲတွင် အရန်ခုံတွင်သာ ထိုင်နေခဲ့ရသည်။

    သို့သော်လည်း ဂျိုးဟတ်အနေဖြင့် ချီလီနှင့် ဂျာမနီတို့နှင့်ကစားမည့် အင်္ဂလန်အသင်း၏ ခြေစမ်းပွဲများမှ တစ်ပွဲတွင်ပါဝင်ခွင့်ရမည်ဟု ပြောကြားခဲ့ပြီး ကလပ်အသင်းတွင်လည်း မကြာမီ ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ပါဝင်ခွင့်ရလိမ့်မည်ဟု ဟဒ်ဆန်ကယုံကြည်နေသည်။

    “ဂျိုးဟတ်ဟာ မကြာခင် မန်စီးတီးမှာ နေရပြန်ရမယ့် ဂိုးသမားကောင်းတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်။ သူဟာ (အင်္ဂလန်အသင်းခြေစမ်းပွဲနှစ်ပွဲမှ) တစ်ပွဲပါဝင် ကစားရမှာဖြစ်ပြီး နှစ်ပွဲလုံးတော့ ကစားရမှာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ တာဝန်အရ အခြားဂိုသမားနှစ်ဦးကိုလည်း စောင့်ကြည့်ရဦးမှာပါ” ဟု ဟဒ်ဆန်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref:Goal

    ……………………………………

    ATP World Tour Finals တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ဂျိုကိုဗစ်တက်ရောက်

    ကမ္ဘာ့အဆင့် ၁ မှ ၈ တွင်းရှိကစားသမားများသာ ၀င်ရောက်ယှဉ်ပြိုင်ရသည့် လန်ဒန်တွင်ကျင်းပပြုလုပ်နေသော ATP World Tour Finals တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဟု သိရသည်။

    ကမ္ဘာ့အဆင့် ၂ ရှိ ဂျိုကိုဗစ်မှာ အုပ်စု B ၏ အဖွင့်ပွဲစဉ်တွင် ရော်ဂျာဖက်ဒါရာအား အနိုင်ရရှိခဲ့ပြီး ယခုပွဲတွင်လည်း ကမ္ဘာ့အဆင့် ၅ အာဂျင်တိုင်း တင်းနစ်သမား ဒဲလ်ပေါ်ထရိုအား အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ပထမပွဲငယ်တွင် ဂျိုကိုဗစ်ကအနိုင်ရရှိခဲ့သော်လည်း ဒုတိယပွဲငယ်တွင် ပေါ်ထရိုက အနိုင်ရရှိအောင် ကစားနိုင်ခဲ့သည်။ အဆုံးအဖြတ်ဖြစ်သည့် နောက်ဆုံးပွဲငယ်တွင် ဂျိုကိုဗစ်က အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ပွဲအပြီးတွင် ၆-၃၊ ၃-၆၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ဂျိုကိုဗစ်မှာ လက်ရှိချန်ပီယံလည်းဖြစ်ပြီး နှစ်ပွဲကစား ရှုံးပွဲမရှိဖြင့် ဆီးမီးဖိုင်နယ်သို့ တက်ရောက်ရန် သေချာသွားခဲ့ပြီဖြစ်သည်။ ယခုပွဲမတိုင်ခင် စောစောပိုင်းက ကစားခဲ့သည့် ဖက်ဒါရာနှင့် ဂတ်စ်ကတ်တို့ပွဲစဉ်တွင် ဖက်ဒါရာက အနိုင်ရရှိခဲ့သည်။ ဖက်ဒရာနှင့် ဒဲလ်ပေါ်ထရိုတို့မှာ နှစ်ပွဲကစား တစ်ပွဲစီအနိုင်ရရှိထားပြီး နောက်ဆုံးပွဲတွင်လည်း ၎င်းတို့နှစ်ဦး တွေ့ဆုံရမည်ဖြစ်သည်။

    novak-djokovic

  • ကမ္ဘာကျော် Marvel ရုပ်ပြ ကုမ္ပဏီမှ စင်တင်လိုက်သော မွတ်စ်လင်မ်လူစွမ်းကောင်း ဇာတ်ကောင်

    နိုဝင်ဘာ- ၈ ၂၀၁၃
    M-Media

    marvel_now_110613

    ကိုင်ရို (CAIRO)။    ။ အမေရိကန်နိုင်ငံတွင်း မွတ်စ်လင်မ်များ ရင်ဆိုင်နေရသည့် အခက်အခဲများစွာကို နားလည်စေရန်အတွက် အမေရိကန် ထိပ်တန်း ရုပ်ပြကုမ္ပဏီမှ သူတို့၏ ပထမဆုံးသော မွတ်စ်လင်မ် လူစွမ်းကောင်း အမျိုးသမီးအား စတင် တင်ပြလိုက်သည်။ ၄င်းဇာတ်လမ်းတွင် လူဆိုးများကို ရင်ဆိုင် တိုက်ခိုက်ရုံသာမက မိသားစု နှင့် ဘာသာရေးဆိုင်ရာပြဿနာများကို ဖြေရှင်းမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

    “ ဒီလိုအသစ်အဆန်းတစ်ခုကို တင်သွင်းလိုက်တိုင်း တော်တော်ကို စွန့်စားရတာပါပဲ ” ဟု နိုဝင်ဘာလ ၆ ရက်၊ဗုဒ္ဓဟူးနေ့က The New York Times သို့ အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ထားသူ ရုပ်ပြနှင့်စာအုပ်များ ရေးသားသူ စာရေးဆရာ ဂျီ ၀ီလို ၀ီလ်ဆင် (G.Willow Wilson) က ပြောကြားခဲ့သည်။

    “ ပရိသတ်တွေကို ပိုမိုပြီးစိတ်ဝင်စားစေချင်လို့ဖြစ်တယ်၊ သူတို့ဟာ ရုပ်ပြစာမျက်နှာတွေထဲကအရာတွေကိုပဲ မျက်ရည်ဝနေတတ်ကြတယ်လေ ”။

    မာဗဲလ် ရုပ်ပြ (Marvel Comics) မှ နယူးဂျာစီ(Jersey City)တွင်နေထိုင်သော ဆယ်ကျော်သက် မွတ်စ်လင်မ် မိန်းကလေး ကမလာခန်း(Kamala Khan) အား ၄င်း၏ ဇာတ်ကောင်အသစ်အဖြစ် စတင် မိတ်ဆက်တင်ပြမည်ဖြစ်သည်။

    ဂြိုလ်တစ်ခုပေါက်ကွဲသွားခြင်း၊ ဆွေမျိုးတစ်ဦး သေဆုံးသွားခြင်း သို့မဟုတ် ရေဒီယိုသတ္တိကြွပင့်ကူ စသည်များ မပါဝင်ပဲ ကမာလာဇာတ်ကောင်အား အခြားလူစွမ်းကောင်းများနှင့်ကွဲပြားစွာ ဖန်တီးထား၏။

    မာဗဲလ်၏ တည်းဖြတ်သူနှစ်ဦးဖြစ်သော စန်နာ အမာနတ်(Sana Amanat) နှင့် စတိဗ် ၀က်ကာ (Steve Wacker) တို့၏  စကားစမြည်ပြောဆိုချက်များမှ စာရွက်ပေါ်သို့ သူမ ရောက်ရှိပေါ်ထွက်လာခြင်းဖြစ်သည်။

    “ ကျွန်မက ကျွန်မရဲ့ မွတ်စ်လင်မ်-အမေရိကန်တစ်ယောက်အဖြစ်ကြီးပြင်းလာရတဲ့ဘ၀ထဲက ထူးခြားတဲ့အကြောင်းတွေကို ပြောဆိုနေခဲ့တာလေ။ သူက တအံ့တသြနဲ့ ရယ်မောခဲ့တယ် ” ဟု အမာနတ်က ဆိုသည်။

    ယခုကဲ့သို့ ယဉ်ကျေးမှုမတူညီသော အမျိုးသမီးလူစွမ်းကောင်း ပါဝင်သည့် ဇာတ်လမ်းတွဲများဖန်တီးရေးအကြံအား တည်းဖြတ်သူနှစ်ဦးစလုံးက သဘောတူညီခဲ့ကြသည်။

    ကမလာ၏မိသားစုသည် ပါကစ္စတန်နိုင်ငံမှဖြစ်ပြီး၊ သူမသည် ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးပိုင်ရှင် ကာရိုးလ် ဒန်ဗာစ်(Carol Danvers)၏လုပ်ရပ်ကို သစ္စာခံနောက်လိုက်ခဲ့သည်။ ကပ္ပတိန် မာဗဲလ်(Captain Marvel) ဟုခေါ်သော
    ထိုအမျိုးသားလူစွမ်းကောင်း၏အမည်ကို အစွဲပြု၍ သူမ၏နာမည်အား အမွေဆက်ခံရယူခဲ့သည်။
    အသွင်သဏ္ဍာန်ပြောင်းလဲနိုင်စွမ်းအပါအ၀င် သူမ၏စွမ်းအင်များကို ရှာဖွေတွေ့ရှိပြီးနောက် သူမသည် မိမိကိုယ်ကို ၏ Ms.Marvel ဟု ကင်ပွန်းတပ်ကာ လူစွမ်းကောင်းလုပ်ငန်းကို စတင်လျှောက်လှမ်းတော့သည်။

    “ ကပ္ပတိန် မာဗဲလ်ဟာ ကမလာရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးပေါ့။ သူမဟာ သန်စွမ်းတယ်၊ လှပတယ်၊ ထို့အတူ ပါကစ္စတန်လူမျိုးနဲ့ “အများနှင့်မတူကွဲပြားမှု” ဆိုတဲ့ အစွဲအလန်းများ သူမဆီမှာ မရှိဘူး။ ” ဟု ၀ီလ်ဆင်က ဆိုသည်။

    “ ကျွန်မ ကလေးဘ၀တုန်းက အဖြစ်အပျက် တစ်စိပ်တစ်ပိုင်းလဲပါဝင်ပါတယ်။ ကျွန်မက “Saved by the Bell” ဇာတ်လမ်းထဲက တစ်ဖနီ-အန်ဘာ သိုင်စဲန် (Tiffani-Amber Thiessen) လိုမျိုး အရမ်းဖြစ်ချင်ခဲ့တာရှင့် ” ဟု အမာနတ်က ပြောပြခဲ့သည်။

    ကြိုးစားအားထုတ်ခြင်း
    ———————–
    ဇာတ်လမ်းတွဲအသစ်တွင်ပါဝင်မည့် လူစွမ်းကောင်းအသစ်သည် မိသားစုနှင့်ဘာသာရေးဆိုင်ရာပြဿနာများကို ရင်ဆိုင်ရသူအဖြစ် ရုပ်လုံးဖော်ထားမည်ဖြစ်သည်။

    “ သူမရဲ့အစ်ကိုက တကယ့်ကို ရှေးရိုးစွဲဆန်တဲ့သူ။ သူမရဲ့မိခင်က ယောက်ျားပျိုလေးတစ်ဦးကိုထိတွေ့တာနဲ့ ပဋိသန္ဓေရသွားနိုင်တယ်ဆိုပြီး အမြဲတမ်းစိုးထိတ်နေတတ်သူပါ။  သူမရဲ့ဖခင်ကတော့ သူမကို ပညာရေးမှာသာ အာရုံစိုက်စေပြီး၊ ဆရာဝန်တစ်ဦးဖြစ်စေချင်နေသူပေါ့ ” ဟု အမာနတ်က ဆိုသည်။

    ဇာတ်လမ်းဖန်တီးမှုအဖွဲ့သည် ဖြစ်လာနိုင်ချေရှိသော တုံ့ပြန်မှုအားလုံးကို ရင်ဆိုင်ရန် အသင့်ရှိကြောင်း အသိပေးထားသည်။

    “  မွတ်စ်လင်မ် ဆန့်ကျင်ရေးအုပ်စုထဲကနေသာမက မွတ်စ်လင်မ်တွေထဲကရော အဆိုးမြင်မှုတစ်ချို့ရှိလာမှာကို ကျွန်မကြိုသိပါတယ်။ ဘာလို့လဲဆိုတော့ ဇာတ်ကောင်ကို ခေတ်ဆန်တဲ့စရိုက်နဲ့ပုံဖော်ထားလို့ဖြစ်တယ် ” ဟု အမာနတ်က ဆိုသည်။

    သို့ပေမယ့် “ ဒါဟာ သာသနာပြုနေတာမဟုတ်ပါဘူး။ ”  “ကမလာကို သူမရဲ့ ယုံကြည်မှုအတွက် တိုက်ပွဲဝင်နေသူတစ်ယောက်အဖြစ်သာ ကျွန်တော့်အနေနဲ့ အဓိကပုံဖော်တင်ပြထားတာပါ ” ဟု ၀ီလ်ဆင်က ပြောပြသည်။

    ကမလာမှာ သာမန် အမေရိကန် မိန်းကလေးတစ်ဦးမဟုတ်သော်လည်း သူတို့သည် ၄င်းဇာတ်လမ်းတွဲအား အောင်မြင်မှုရရှိဖို့ မျှော်လင့်ထားကြသည်။

    “ ပရိသတ်များက ၀ယ်ယူအားပေးကြပါတယ်။ ပင့်ကူလူသားက သူ့မျက်နှာဖုံးကိုချွတ်လိုက်ချိန်မှာ သူဟာ သူလိုကိုယ်လိုအများနည်းတူပါပဲဆိုတာကို နားလည်သူအတွက် အဲ့ဒီစာအုပ်ကို ၀ယ်ဖို့ ပိုပြီးတော့ စိတ်အားထက်သန်လာတတ်ကြတယ်လေ ” ဟု Marvel Entertainment မှ အယ်ဒီတာချုပ် အက်ဇလ် အလွန်ဆို(Axel Alonso) က ဆိုသည်။

    ကာမလာနှင့်ပတ်သက်၍ ယင်းဇာတ်လမ်းတွဲသည်  အမေရိကန်ဆယ်ကျော်သက်အားလုံး ခံစားနေရသော အထီးကျန်မှု၊ မိမိကိုယ်ပြန်လည်ရှာဖွေမှု၏ အရှိတရားကို တင်ပြချက်များဖြစ်ကြောင်း၊ ဇာတ်ကောင်သည် သဘာဝလွန်စွမ်းအားပိုင်ဆိုင်ထားသည့်  အမေရိကန်မွတ်စ်လင်မ်ဖြစ်ခြင်းသာ ထူးခြားကြောင်း ၀ီလ်ဆင်က ရှင်းပြသည်။

    Ref: OnIslam

  • နိုဝင်ဘာ- ၈ နိုင်ငံတကာသတင်း နှင့် ပြည်တွင်းသတင်း

    နိုဝင်ဘာ- ၈ နိုင်ငံတကာသတင်း နှင့် ပြည်တွင်းသတင်း

    နိုဝင်ဘာ-၈ ၂၀၁၃
    M-Media

    နှစ်နိုင်ငံ စစ်တပ်များ ပိုမိုပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် မလေးရှား စစ်တပ်ခေါင်းဆောင်များ သဘောတူ

    နှစ်နိုင်ငံစစ်တပ်များ အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် မြန်မာနှင့် မလေးရှားနိုင်ငံ စစ်တပ်ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်ဟု မီဒီယာများက ယနေ့နံနက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

    ထိုသဘောတူညီချက်မှာ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက် ရှိနေသည့် မလေးရှား စစ်တပ် အကြီးအကဲ ဗိုလ်ချုပ် ဒါတွတ် ရာဂျာနှင့် မြန်မာနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကာကွယ်ရေးဌာနချုပ်တွင် တွေ့ဆုံစဉ် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

    ထို့ပြင် စစ်ရေးဆိုင်ရာ လေ့ကျင့်ခန်းများနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု New Light of Myanmar သတင်းစာတွင်ဖော်ပြခဲ့သည်။

    မလေးရှား စစ်တပ် အကြီးအကဲမှာ အရှေ့တောင်အာရှနိုင်ငံ စစ်တပ်ခေါင်းဆောင်များ၏ ၁၄ ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ရန် အတွက် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့တော်ဖြစ်သော မန္တလေးမြို့သို့ ကြာသာပတေးနေ့က ရောက်ရှိလာခဲ့သည်။

    ——————————————–

    အစ္စရေးပစ်သတ်မှုကြောင့် ပါလက်စတိုင်းနှစ်ဦး သေဆုံး

    အစ္စရေးက မတရားသိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် အစ္စရေးစစ်တပ်မှာ ပါလက်တိုင်းနိုင်ငံသားနှစ်ဦးအား ယမန်နေ့က ပစ်သတ်ခဲ့သည်ဟု သိရသည်။

    ဘက်သလင်ဟမ်မြို့ မြောက်ဘက်တွင်ရှိသည့် စစ်ဆေးရေးဂိတ်တွင် အသက် ၂၃ နှစ်အရွယ်ရှိ ဖိုအဒ်အလ်-အထရက်ရှ်ဆိုသူအား ယမန်နေ့ညပိုင်းက ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး၊ နာဘလုစ်မြို့တောက်ဘက်ရှိ စစ်ဆေးရေဂိတ်တစ်ခုတွင်လည်း အသက် ၂၉ နှစ်အရွယ် ဂျမားလ်အိုဒေးမှာ အစ္စရေးစစ်တပ်၏ ပစ်သတ်ခြင်းကိုခံခဲ့ရသည်။

    ထို့ပြင် အထရက်ရှ်၏ အလောင်းအား ပါလက်စတိုင်းဆေးအဖွဲ့သို့ ပြန်ပေးရန် အစ္စရေးစစ်တပ်ကငြင်းဆိုခဲ့သည်ဟု ပါလက်စတိုင်းမီဒီယာက ဖော်ပြသည်။ အစ္စရေးစစ်တပ်မှာ ၎င်းတို့မတရားသိမ်းပိုက်ထားသော ဒေသရှိ ခရိုင်များအတွင်းတွင် ယမန်နေ့က အကြမ်းဖက်စီးနင်းမှုမြောက်များစွာ ပြုလုပ်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်းနိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    Ref:.aljazeera

    ——————————————–

    မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံး လူ ၃ ဦးသေဆုံး

    ယခုနှစ်အတွင်း ကမ္ဘာ့အဆိုးဝါးအပြင်းထန်ဆုံး တိုင်ဖုန်မုန်တိုင်းတိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး လူတစ်ဦးပျောက်ဆုံးနေသည်ဟု သိရသည်။

    ဟိုင်ယန်ဟု အမည်ရသည့် အဆိုပါမုန်တိုင်းမှာ ဖိလစ်ပိုင်နိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံးမုန်တိုင်းဟုလည်း ခေါ်ဆိုနိုင်သည်။ သေဆုံးသွားသူများမှာ နှစ်ဦးမှာ ဓာတ်လိုက်၍ သေဆုံးခဲ့ခြင်းစြဖ်ပြီး အခြားတစ်ဦးမှာ မိုးကြိုးထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ဟု အမျိုးသား သဘာဝဘေးအန္တရယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီမှ AFP သတင်းဌာနသို့ ယနေ့နံနက်တွင် ပြောကြားခဲ့သည်။

    ဒဏ်ရာရသူ ၇ ဦးရှိခဲ့ပြီး ၆ ဦးမှာ ပြုတ်ကျသော အရာဝတ္ထုများ ခိုက်မိခဲ့၍ဖြစ်ကာ၊ အခြားတစ်ဦးမှာ မိုးကြိုးရှပ်ထိခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် အဓိကဆိမ်ကမ်းမြို့ဖြစ်သည့် ဆီဘူးတွင် အမျိုးသားတစ်ဦးမှာ ပျောက်ဆုံးနေသည်ဟု သိရသည်။

    သေဆုံးသူများမှာ ပိုမိုများပြားနိုင်ပြီး မုန်တိုင်းဒဏ်အဆိုးဝါးဆုံးခံစားရသောဒေသ များအား အာဏာပိုင်များက ချက်ချင်းဆက်သွယ်၍မရနိုင်သေးချေ။ ထိုမုန်တိုင်းမှာ ယနေ့ညနေတွင် ဖိလစ်ပိုင်မှ ထွက်ခွာဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

    Ref:aljazeera

    Several killed in Philippines super typhoon - Asia-Pacific - Al Jazeera English - 2013-11-08_22.02.23

    ———————————–

    အွန်လိုင်းတွင် ခြိမ်းခြောက်သည့် စာတိုများပေးပို့ခြင်းကြောင့် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ဖလောရီဒါတွင်ဖမ်းဆီး

    သက်တူရွယ်တူ အခြားမိန်းကလေးသုံးဦးအား ခြိမ်းခြောက်သည့် စာတိုများ ရာနှင့်ချီ၍ ပေးပို့သောကြောင့် အသက် ၁၅ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးအား ဖမ်းဆီးခဲ့သည်ဟု အမေရိကန်ပြည်ထောင်စု ဖလောရီဒါပြည်နယ်ရှိ စိန်ပီတာစဘတ်မြို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

    အသက်အရွယ်ကြောင့် အမည်ဖော်ပြခြင်း မရှိသည့် အဆိုပါအမျိုးသမီးငယ်အား ခြိမ်းခြောက်ပြောဆိုမှုအတွက် စွဲချက် ၃ ခုအပါအ၀င် စုစုပေါင်းစွဲချက်လေးခုဖြင့် တရားစွဲဆိုထားသည်ဟု ကြာသာပတေးနေ့က ရဲတပ်ဖွဲ့မှထုတ်ပြန်ခဲ့သော ကြေညာချက်တွင်ဖော်ပြထားသည်။

    ထိုအမျိုးသမီးငယ်ပေးပို့ခဲ့သည့် စာတိုအများစုမှာ အသက်အန္တရာယ်ကို ဆိုးရွားစွာ ခြိမ်းခြောက်ထားသည့်စာများဖြစ်ပြီး၊ အမျိုးသမီးငယ်က ထိုစာတိုများမှ အချို့ကိုသာပေးပို့ခဲ့ခြင်းဖြစ်ပြီး အားလုံးကိုပေးပို့ခဲ့ခြင်းမဟုတ်ဟု ထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: CNN

    ……………………………
    အီတလီရှိ အမျိုးသမီးများမှာ အမျိုးသားများထက် ပိုမိုခက်ခဲစွာ အလုပ်လုပ်ရ

    အီတလီနိုင်ငံရှိ အမျိုးသမီးများမှာ အမျိုးသားများထက် ပိုမိုခက်ခဲစွာနှင့် အလုပ်ချိန်ပိုမိုလုပ်ရသော်လည်း ရရှိသည့်လစာမှာ အမျိုးသားများထက် ပိုမို၍ နည်းပါသည်ဟု မကြာသေးမီက ပြုလုပ်သည့် လေ့လာမှုအရ သိရသည်။

    ထိုလေ့လာမှုအား ပဲရစ်မြို့အခြေစိုက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း(OECD) မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ How’s Life? 2013 ဟု အမည်ရသည့် စာတမ်းတွင် အီတလီနိုင်ငံ၏ လုပ်ငန်းခွင်များတွင် အမျိုးသား၊ အမျိုးသမီးခွဲခြားမှုမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်ဟု ထိုအဖွဲ့က ဖော်ပြထားသည်။

    ထို့ပြင် အီတလီရှိ အမျိုးသမီးများမှာ ပါလီမန်တွင်လည်းရွေးကောက် တင်မြှောက်ခံခွင့်နည်းပါးသည်ဟု ဖော်ပြခဲ့သည်။ ပျမ်မျှအားဖြင့် အမျိုးသမီးများမှာ တစ်ပါတ်တွင် အိမ်မှုကိစ္စများအတွက် ၃၆ နာရီအချိန်ပေးရပြီး၊ အမျိုးသားများမှာ ၁၄နာရီသာ အချိန်ပေးရကြောင်း၊ အမျိုးသမီးများမှာ ညဘက်အပြင်ထွက်သည့်အခါ တိုက်ခိုက်ခံရနိုင်ခြေပိုများကြောင်း၊ ထို့ပြင် ၎င်းတို့ အမျိုးသားများ၏ အနိုင်ကျင့်မှုများကိုလည်း ခံရကြောင်း အဆိုပါစာတမ်းတွင် ရေးသားဖော်ပြခဲ့သည်။

    Ref: Press TV

  • လူမျိုးတုန်းသတ်ဖြတ်မှု မှတ်တမ်းတွေ ပြသထားတဲ့ ဟိုလိုကော့စ် ပြတိုက်တွင် ရိုဟင်ဂျာရုပ်ပုံများ ခင်းကျင်းပြသ

    နိုဝင်ဘာ- ၈ ၂၀၁၃
    M-Media
    Olaie Manzu
    US Myanmar Rohingya Exhibit.JPEG-09511
    အမေရိကန်ပြည်ထောင်စုမြို့တော် ဝါရှင်တန် ဒီစီ မှာရှိတဲ့ ဟိုလိုကော့စ်ပြတိုက်ရဲ့ အပြင်ပိုင်းနံရံတွေမှာ အကြမ်းဖက်ခြင်းခံနေရတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ဓါတ်ပုံတွေကို ခင်းကျင်းပြသနေပါတယ်။ ဟိုလိုကော့စ်ပြတိုက်ဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီ ဂျာမဏီမှ ဂျူး ခြောက်သန်းခန့် စုပြုံသတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းတွေကို ခင်ကျင်းပြသတဲ့ သမိုင်းဝင်ပြတိုက်ဖြစ်ပါတယ်။ ဒီပြတိုက်ဟာ အမေရီကန်ပြည်ထောင်စု အစိုးရက ထောက်ပံ့ပေးနေတဲ့ ပြတိုက်ကြီးလည်းဖြစ်ပါတယ်။

    ဟိုလိုကော့စ်လို့ခေါ်တဲ့ ဂျူးတွေကို စုပြုံသတ်ဖြတ်တဲ့ ဖြစ်ရပ်ကြီးဟာ ကမ္ဘာ့သမိုင်းမှာ အကျဉ်းတန်တဲ့ဖြစ်ရပ် တစ်ခုဖြစ်ပြီး နောက်ထပ် ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မံ မဖြစ်ရအောင် ဟိုလိုကော့စ်ပြတိုက်ကြီးက မီးမှောင်းထိုးပေးလေ့ရှိပါတယ်။ ဥပမာ ဘောစနီးယား၊ ရဝါန်းဒါးနဲ့ ဆူဒါန်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်း သုတ်သင် ရှင်းလင်းမှု ရုပ်ပုံတွေကိုလည်း ကမ္ဘာက သိအောင် ခင်းကျင်းပြသခဲ့ဖူးပါတယ်။ ယခုအခါမှာတော့ မြန်မာနိုင်ငံ အနောက်ဖက် အခြမ်းမှာရှိတဲ့ ရိုဟင်ဂျာလူမျိုးတွေကို အကြမ်းဖက်တိုက်ခိုက်နေတာဟာ လူမျိုးတုန်းသတ်ဖြတ်မှု အသွင်ကူးပြောင်းသွားမှာကို စိုးရိမ်ပြီး ဟန့်တား သတိပေးတဲ့ သဘောနဲ့ အခုလို ပြသနေတာ ဖြစ်တယ်လို့ အေပီ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

    ပြတိုက်မှာ ခင်းကျင်းပြသနေတဲ့ ဓါတ်ပုံတွေကတော့ အင်ဒီယားနားနယ်ဖွား ဓါတ်ပုံဆရာ ဂရေခ့် ကောစတန်တင်း ကိုယ်တိုင် အကြမ်းဖက်ဒေသတွေဆီ သွားရောက် ရိုက်ကူးခဲ့တဲ့ ပုံရိပ်တွေဘဲ ဖြစ်ပါတယ်။ ကောစတန်တင်းဟာ မြန်မာ-ဘင်္ဂလားနယ်စပ်မှာ ခုနှစ် နှစ်ခန့် အချိန်ပေးပြီးဓါတ်ပုံတွေ ရိုက်ကူးလာခဲ့သူဖြစ်ပါတယ်။

    “မြန်မာနိုင်ငံမှာ အံ့မခန်းနိုင်လောက်အောင် ဖွံ့ဖြိုးတိုးတက်မှုတွေလုပ်ဆောင်ဖို့ ပြောဆိုနေကြတဲ့အချိန်ဖြစ်တဲ့အတွက် လူတွေက နိုင်ငံ အနှံ့မှာ ဖြစ်ပွားနေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေကိုဘဲ အာရုံစိုက်နေကြပြီး ဒီလို ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရပ်တွေက အမှောင်ထုထဲမှာ ဖုံးအုပ်နေတာကတော့ တော်တော်စိတ်ပျက်စရာကောင်းပါတယ်” လို့ ကောစတန်တင်းကပြောပါတယ်။

    ကောစတန်တင်းဟာ နိုင်ငံမဲ့ဖြစ်နေရသူတွေကို ကမ္ဘာလည့်မှတ်တမ်းနေခဲ့ပါတယ်။ မလေးရှား၊ နီပေါ၊ သီရီလင်္ကား၊ ကန်နီယား၊ အိုင်ဗရီကောစ်၊ ကူဝိတ်နဲ့ ဒိုမိနီကန် ရီပတ်ပလစ် နိုင်ငံတွေမှာလည်း အလားသဏ္ဍာန်တူတဲ့ အဖြစ်အပျက်တွေကိုမှတ်တမ်းတင်ခဲ့ပေမယ့် ရိုဟင်ဂျာတွေရဲ့ အခြေအနေကတော့ အဆိုးရွားဆုံးပါဘဲလို့ သူကဆိုပါတယ်။

    “အခုဆိုရင် စစ်တွေမြို့မှာ မွတ်စလင်တွေလုံးဝ မရှိတော့သလို ခံစားရတာကတော့ စိတ်မချမ်းမြေ့စရာဘဲ။ မွတ်စလင်တွေရဲ့ ဘုရားဝတ်ပြုဖို့ နိုးဆော်သံ လည်းမကြားရတော့ဘူး။ ဗလီကျောင်းတွေကလည်းပျက်ဆီးကုန်ပြီ။ လုံးဝမပျက်ဆီးတဲ့ဗလီတွေဆိုရင်လည်း မြန်မာစစ်တပ်က ဗလီတွေထဲမှာ ဝင်နေ နေကြတယ်။” လို့ မတ်လ က စစ်တွေကိုသွားလာခဲ့တဲ့အတွေ့အကြုံကို ကောစတန်တင်း ကပြောပြပါတယ်။ ပြောင်းရွေ့နေရာ ချထားပေးတဲ့ စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေကလည်း အားကိုးရာမဲ့ဖြစ်နေတာကိုတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

    “မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်နေပါတယ်လို့ ကျနော်တို့ပြောတာမဟုတ်ပါဘူး။ … ဒါပေမယ့် ဒီလိုဖြစ်ရပ်တွေ နောင်အနာဂါတ်မှာ တစ်ခြားလူတွေမကြုံတွေ့ရအောင် ကျနော်တို့ တက်နိုင်တဲ့ဖက်ကနေ ကြိုးစားကာကွယ်ချင်လို့ဘဲဖြစ်ပါတယ်။” လို့ ဟိုလိုကော့စ်ပြတိုက်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကာကွယ်ရေးဌာန ဒါရိုက်တာ မိုက်ကယ် အဘ္ဘရာမိုဝဇ် ကပြောပါတယ်။

    ရိုဟင်ဂျာတွေအပေါ်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကတော့ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) မဟုတ်ဘူးလို့ အများစုက သုံးသပ်နေကြပေမယ့်၊ ဒီကျူးလွန်မှုတွေဟာ လူသားများအပေါ်ရာဇဝတ်မှုကျူးလွန်ခြင်း (Crime Against Humanity) ဖြစ်ကြောင်းကိုတော့ ကမ္ဘာ့ပညာရှင်အများက လက်ခံထားကြပါတယ်။ ရိုဟင်ဂျာလူမျိုးတွေကို သူတို့ရဲ့မွေးရပ်ဇာတိမြေမှ ထွက်ပြေးပြောင်ရွေ့သွားရအောင် ဦးနေဝင်းခေတ်ကတည်းက နည်းမျိုးစုံနဲ့ နှင်ထုတ်နေတာဖြစ်တဲ့အတွက် ယေဘုယအားဖြင့် လူမျိုးတုန်းသုတ်သင်ရှင်းလင်းမှု (Ethnic Cleansing) လို့လည်း အများစုကလက်ခံထားကြပါတယ်။ ရခိုင်လူမျိုးတွေဟာ ရိုဟင်ဂျာမွတ်စလင်တွေ မနေနိုင်လောက်အောင် ဇွဲကြီးကြီးနဲ့ ကြိုးပမ်းလုပ်ဆောင်နေပေမယ့် ရိုဟင်ဂျာတွေဖို့ကတော့ပြေးစရာမြေမရှိဘူးဖြစ်နေပါတယ်။

    ဒါကြောင့် ပြောင်းရွေ့ထွက်မပြေးနိုင်တော့တဲ့ အဆုံးမှာ ဂျောင်ပိတ်နေမိတဲ့ ရိုဟင်ဂျာတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်ရမှာကတော့ ကမ္ဘာ ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ ဒီကြားထဲ မကြာခဏဆိုသလို ရိုဟင်ဂျာတွေ ထွက်ပြေးကြရင်း လှေမှောက်သေဆုံးကြရတဲ့ သတင်းတွေကြောင့် စိုးရိမ်စရာတွေ ပိုမိုကြီးထွားလာနေပါတယ်။

    Photo-washingtonpost

    M-Media သို့ Olaie Manzu ပေးပို့သော ဘာသာပြန် သတင်းဆောင်းပါးဖြစ်ပါသည်။