News @ M-Media

Blog

  • တရုတ်အထည်ချုပ်စက်ရုံ မီးရှို့ခံရဟု တရုတ်နိုင်ငံပိုင် သတင်းဌာန ဖော်ပြ

    တရုတ်အထည်ချုပ်စက်ရုံ မီးရှို့ခံရဟု တရုတ်နိုင်ငံပိုင် သတင်းဌာန ဖော်ပြ

    ဧပြီ ၇၊ ၂၀၂၁
    M-Media

    မတ်လအတွင်းက လှိုင်သာယာတွင် မီးလောင်မှု

    -ရန်ကုန်မြို့က တရုတ်အထည်ချုပ်စက်ရုံတစ်ခု ဒီနေ့မနက်ပိုင်းမှာ မီးလောင်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် CGTN က ဖော်ပြပါတယ်။

    စက်ရုံတာဝန်ရှိသူက မီးဟာ ဝင်ပေါက်ကနေ စလောင်ခဲ့တာဖြစ်ပြီး ဓာတ်ဆီအနံ့တွေလည်း ရတဲ့အတွက် ရှို့မီးဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်းလည်း CGTN က ထည့်သွင်း ဖော်ပြထားပါတယ်။

    မီးဟာ ဒီနေ့မနက် ၅ နာရီ ၃၅ မိနစ်ကနေ ၆ နာရီ ၅၅ မိနစ်အထိ လောင်ခဲ့တာဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ယွမ် ၈ သန်းခန့် ရှိတယ်လို့လည်း ဆိုပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့လက်ချက်ကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူ အရပ်သားအရေအတွက်ဟာ ၆၀၀ နား ကပ်နေပြီဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လတုန်းကလည်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က တရုတ်စက်ရုံတစ်ချို့ မီးလောင်ခဲ့ပြီး အဲဒီအချိန်တုန်းက ဆန္ဒပြ ပြည်သူတွေက ရှို့တာဖြစ်ကြောင်း၊ ကျူးလွန်သူတွေကို အရေးယူဖို့နဲ့ ဆုံးရှုံးမှုကို ပြန်လည်ပေးလျော်ဖို့ စစ်ကောင်စီကို တိုက်တွန်းကြောင်း တရုတ်အစိုးရက ကြေငြာချက် ထုတ်ခဲ့ပါတယ်။

    စစ်ကောင်စီက လူတစ်ချို့ကို ဒီမီးရှို့မှုမှာ ပါဝင်တယ်လို့စွပ်စွဲကာ ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ပါတယ်။

    စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် ပြည်သူလူထု သေဆုံးမှုကိုတော့ တရုတ်အစိုးရရဲ့ ကြေငြာချက်မှာ ထည့်သွင်းဖော်ပြခြင်း မရှိပါဘူး။

    Ref: CGTN

  • မီဒီယာလွတ်လပ်ခွင့် ပိတ်ပင်ထားမှုကို တန်ဇန်းနီးယားသမ္မတသစ် ပယ်ဖျက်

    မီဒီယာလွတ်လပ်ခွင့် ပိတ်ပင်ထားမှုကို တန်ဇန်းနီးယားသမ္မတသစ် ပယ်ဖျက်

    ဧပြီ ၆၊ ၂၀၂၁
    M-Media

    တန်ဇန်းနီးယား သမ္မတသစ် ဆာမီယာ ဆူလူဟူ ဟာဆန်

    -သမ္မတဟောင်းလက်ထက်က မီဒီယာလွတ်လပ်ခွင့် ပိတ်ပင်ထားတာကို တန်ဇန်းနီးယားသမ္မတသစ် ဆာမီယာ ဆူလူဟူ ဟာဆန်က ဒီကနေ့မှာ ဖယ်ရှားပေးလိုက်ပါတယ်။

    သမ္မတဟောင်း ဂျွန် မာဂူဖူလီ လက်ထက်မှာ တန်ဇန်းနီးယားရဲ့ မီဒီယာလွတ်လပ်ခွင့်ဟာ အောက်ဆုံးအထိ ထိုးကျခဲ့ပြီး သတင်းစာတွေ၊ သတင်းဝဘ်ဆိုက်တွေကို ပိတ်ပင်တာ၊ ဂျာနယ်လစ်တွေကို ဖမ်းဆီးထောင်ချတာတွေ လုပ်ဆောင်ခဲ့တာပါ။

    အသက် ၆၁ နှစ်အရွယ် မာဂူဖူလီဟာ မတ်လအတွင်း နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီးတဲ့နောက် ဒုတိယသမ္မတ ဖြစ်တဲ့ ဆာမီယာက သမ္မတသစ် ဖြစ်လာတာ ဖြစ်ပါတယ်။

    “မီဒီယာတွေကို ပိတ်ပင်ထားတယ်ဆိုတာ ကျွန်မကြားတယ်။ သူတို့ကို ပြန်ဖွင့်ပေးလိုက်ပါတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့် ပိတ်ပင်ထားတယ်လို့ အပြောခံရမှာကို ကျွန်မတို့ မလိုလားပါဘူး။ မီဒီယာတွေကို အင်အားသုံးပြီး အဓမ္မ ပိတ်ပစ်တာမျိုး ကျွန်မတို့ လုပ်ဆောင်မှာမဟုတ်ဘူး။ ဥဒေကို လေးစားလိုက်နာဖို့ကိုတော့ ကျွန်မတို့ ဆောင်ရွက်သွားမှာပါ” လို့ သမ္မတ ဆာမီယာက မြို့တော် ဒါရ် အက် စလာမ်မှာလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက သမ္မတသစ်ရဲ့ ဒီဆောင်ရွက်မှုကို ကြိုဆိုခဲ့ပြီး၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်ပိတ်ပင်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref: Reuters

  • ၂၀၁၅ နျူသဘောတူညီချက် ပြန်အသက်သွင်းရန် အီရန်နှင့် အမေရိကန် တစ်ဆင့်ခံ ဆွေးနွေး

    ၂၀၁၅ နျူသဘောတူညီချက် ပြန်အသက်သွင်းရန် အီရန်နှင့် အမေရိကန် တစ်ဆင့်ခံ ဆွေးနွေး

    ဧပြီ ၆၊ ၂၀၂၁
    M-Media

    -၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကို ပြန်လည်အသက်သွင်းရေးအတွက် အီရန်နဲ့ အမေရိကန်တို့ ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ ဒီကနေ့ စတင် ဆွေးနွေးနေပါတယ်။

    ဒီဆွေးနွေးပွဲကို ဥရောပနိုင်ငံတွေက ကြားဝင် ဆောင်ရွက်ပေးတာပါ။

    အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက်အရ အီရန်ဟာ နျူစီမံကိန်းကို ကန့်သတ်လုပ်ဆောင်ရမှာ ဖြစ်ပြီး အပြန်အလှန်အားဖြင့် အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေ ဖြေလျော့ပေးရမှာ ဖြစ်ပါတယ်။

    သဘောတူညီချက်ကို အီရန်က မလိုက်နာဘူးလို့ဆိုတာ သမ္မတထရမ့်လက်ထက် ၂၀၁၈ ခုနှစ်က အမေရိကန်ဟာ စာချုပ်ကနေ နှုတ်ထွက်ခဲ့ပြီး ပိတ်ဆို့မှုတွေလည်း ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံတကာ နျူစွမ်းအင်အေဂျင်စီ IAEA က အီရန်ဟာ စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်နေဆဲဖြစ်တယ်လို့ အဲဒီတုန်းက ထုတ်ပြန်ပါတယ်။

    နောက်ပိုင်းမှာ အီရန်ကလည်း အမေရိကန်ရဲ့လုပ်ရပ်ကြောင့် စာချုပ်ပါ ကန့်သတ်ချက်တစ်ချို့ကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    အီရန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ အလီ ရာဘီအီက လက်ရှိမှာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ မိမိတို့ ယုံကြည်ကြောင်း၊ အမေရိကန်အနေနဲ့ ရိုးသားမှု၊ စိတ်အားထက်သန်မှုနဲ့ စိတ်စေတနာမှန်ကန်မှုရှိတယ်ဆိုတာ သက်သေပြနိုင်ရင် စာချုပ်ရဲ့ အနာဂတ်အတွက် ကောင်းမွန်တဲ့လက္ခဏာ ဖြစ်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စာချုပ်မှာ ပြန်လည်ပါဝင်လိုတယ်လို့ ပြောကြားထားပေမယ့် ဆွေးနွေးညှိနှိုင်းမှုတွေ အရင်လုပ်မယ်လို့ ဆိုပါတယ်။ အီရန်က တိုက်ရိုက်ဆွေးနွေးမှုကို ငြင်းဆိုပြီး ဥရောပနိုင်ငံတွေကြားခံကာ ဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။

    Ref: Reuters

  • ကိုဗစ်ကာကွယ်ဆေးထိုးထားမှ ဥပုသ်လ အွမ္မရာ ဘုရားဖူးခရီး လာခွင့်ပြုမည်ဟု ဆော်ဒီထုတ်ပြန်

    ကိုဗစ်ကာကွယ်ဆေးထိုးထားမှ ဥပုသ်လ အွမ္မရာ ဘုရားဖူးခရီး လာခွင့်ပြုမည်ဟု ဆော်ဒီထုတ်ပြန်

    ဧပြီ ၆၊ ၂၀၂၁
    M-Media

    ပြီးခဲ့သည့်နှစ် ဟဂျ်မြင်ကွင်း

    -ကိုဗစ်ကာကွယ်ဆေး ထိုးထားတဲ့ သူတွေကိုသာ အခုနှစ် ရမ်ဇာန်ဥပုသ်လ အွမ္မရာဟ် ဘုရားဖူးခရီးစဉ် လာခွင့်ပြုမယ်လို့ ဆော်ဒီအာရဗျ ဟဂျ်နှင့် အွမ္မရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    အွမ္မရာဟ် ပြုလုပ်လိုသူတွေအနေနဲ့ Tawakkalna အက်ပလီကေးရှင်းကနေ စာရင်းတင်နိုင်မှာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားကြောင်း ဒါမှမဟုတ် ကိုဗစ်ဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ကိုယ်ခံအားရှိထားကြောင်း အထောက်အထားတွေ တင်ပြရမှာ ဖြစ်ပါတယ်။

    ၁၄ ရက်ခြားပြီး နှစ်ကြိမ်ထိုးရတဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးထားသူတွေ၊ ကိုဗစ်ကူးစက်ပြီး ပြန်ကောင်းသွားကာ ပိုးမရှိတော့တဲ့သူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

    လာမယ့်တစ်ပတ်မှာ စတင်ကျရောက်မယ့် ရမ်ဇာန်ဥပုသ်လအတွင်း မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေမှာ ဝတ်ပြုဆုတောင်းခွင့်ပြုမယ့် လူအရေအတွက်ကို တိုးမြှင့်သွားမှာဖြစ်ပြီး ကိုဗစ် စည်းမျဉ်းစည်းကမ်းကိုတော့ တင်းတင်းကြပ်ကြပ် လိုက်နာရမယ်လို့ ဟဂျ်နှင့်အွမ္မရာဟ်ရေးရာ ဝန်ကြီးဌာနရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    လာမယ့် ၃ လအတွင်း ကျရောက်တော့မယ့် ဟဂျ်ဘုရားဖူး ကာလနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်မှာ ဘာမှ မဖော်ပြထားပါဘူး။ ဆော်ဒီဟာ ပြီးခဲ့တဲ့ဟဂျ်ကာလမှာ ကမ္ဘာတစ်ဝှမ်းက လူအနည်းငယ်သာ ကိုဗစ်စည်းကမ်းနဲ့အညီ ဟဂျ်ပြုခွင့်ပေးခဲ့ပြီး ခေတ်သစ်သမိုင်းမှာ လူဦးရေအနည်းဆုံးဟဂျ် ဖြစ်ခဲ့ပါတယ်။

    Ref: Aljazeera

  • စစ်ကောင်စီကို ပိတ်ဆို့လျှင် ပြည်တွင်းစစ်ဖြစ်နိုင်သည်ဟု ရုရှားက ခြိမ်းခြောက်

    စစ်ကောင်စီကို ပိတ်ဆို့လျှင် ပြည်တွင်းစစ်ဖြစ်နိုင်သည်ဟု ရုရှားက ခြိမ်းခြောက်

    ဧပြီ ၆၊ ၂၀၂၁
    M-Media

    တပ်မတော်နေ့တွင် တွေ့ရသည့် ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး

    -အာဏာသိမ်းစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူတာကို မိမိတို့ လက်မခံဘဲ ဒီလိုလုပ်နေရင် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အကြီးအကျယ် ဖြစ်နိုင်တယ်လို့ ရုရှားက ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

    ရုရှားဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုးစားနေပြီး မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနားကိုလည်း ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး တက်ရောက်ခဲ့ကာ ရုရှားတင့်ကား၊ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တစ်ချို့ စစ်ရေးပြပွဲမှာ ပါဝင်ခဲ့ပါတယ်။

    အဲဒီနေ့က စစ်ကောင်စီ တပ်ဖွဲ့တွေ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း အနည်းဆုံး လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    “လက်ရှိ မြန်မာအာဏာပိုင်တွေအပေါ် ပိတ်ဆို့အရေးယူမှုအပါအဝင် ခြိမ်းခြောက် ဖိအားပေးတဲ့ လမ်းကြောင်းကို သွားနေတာဟာ အလားအလာမကောင်းဘဲ အရမ်းကို အန္တရာယ်ရှိပါတယ်။ ဒီလိုမူဝါဒမျိုးက မြန်မာနိုင်ငံကို အကြီးစား ပြည်တွင်း ပဋိပက္ခဆီ တွန်းပို့သလိုပါပဲ” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက Interfax သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    Ref: AFP

    (ဓာတ်ပုံ – အာဏာသိမ်းစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နှင့် ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံစဉ်)