News @ M-Media

Blog

  • အိန္ဒိယနှင့် စင်ကာပူအကူညီဖြင့် မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်မည်

    အောက်တိုဘာ၊ ၁၁
    M-Media

    coal_fired_powerplants
    ကျောက်မီးသွေးသုံးပြီး ဓါတ်အားထုတ်လုပ်ပုံ အခြေခံပုံကြမ်း (Photo-http://www.eas.asu.edu)

    လျှပ်စစ်ဓာတ်အားမလုံလောက်သည့် ပြဿနာနှင့်ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတွင် အိန္ဒိယနှင့် စင်ကာပူတို့၏အကူအညီဖြင့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများ တည်ဆောက်တော့မည်ဟု သိရသည်။

    ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တွင် အိန္ဒိယနိုင်ငံမှ  Orange Powergen ကုမ္ပဏီ လိမိတက်၊ စင်ကာပူနိုင်ငံမှ Global Adviser ကုမ္ပဏီ လိမိတက်နှင့် မြန်မာ့လျှပ်စစ် ၀န်ကြီးဌာနတို့ပူးပေါင်းကာ လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးနိုင်မည့် ကျောက်မီးသွေး စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတစ်ရုံကို တည်ဆောက်တော့မည်ဖြစ်သည်။

    ထို့ပြင် အိန္ဒိယနိုင်ငံမှ လျှပ်စစ်ကုမ္ပဏီတစ်ခုဖြစ်သည့် တာတာ ကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်လေ့လာမှုများကိုပြုလုပ်နေပြီး တည်ဆောက် ခွင့်ရခဲ့ပါက မြန်မာနိုင်ငံတွင် တာတာ ကုမ္ပဏီက ပထမဆုံး ၀င်ရောက် လုပ်ကိုင်နိုင်ခြင်းဖြစ်မည်ဟု The Hindu သတင်းစာတွင် တနင်္လာနေ့က ဖော်ပြခဲ့သည်။ တာတာ ကုမ္ပဏီမှာ ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းမြို့နယ်တွင် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် လေ့လာနေသည်။

    မြန်မာနိုင်ငံမှာ ၂၀၁၂-၁၃ ခုနှစ်တွင် လျှင်စစ်ဓာတ်အား ကီလိုဝပ် သန်းထောင်ပေါင်း ၉.၇၃ သန်းသာ ထုတ်လုပ်နိုင်ခဲ့ပြီး တိုင်းပြည်၏ လိုအပ်ချက်ထက် လွန်စွာနည်းသော ပမာဏဖြစ်သည်။ အမေရိကန်နိုင်ငံမှ လေ့လာခဲ့သောမှတ်တမ်းများအရ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ၏၂၂ ရာခိုင်နှုန်းသာ လျှပ်စစ် ဓာတ်အားကို သုံးစွဲနိုင်သည်ဟု သိရသည်။

    မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းမှာ ရေအားမှဖြစ်ပြီး၊ နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်မြင့်မားမှုကြောင့် အစိုးရနေဖြင့် သဘာဝဓာတ်ငွေ့၊ ဒီဆယ်၊ ကျောက်မီးသွေး၊ နေစွမ်းအင်၊ လေစွမ်းအင်၊ ဇီဝဓာတ်ငွေ့နှင့် စွန့်ပစ်ပစ္စည်းများ စသည်တို့ကို အသုံးပြု၍ လျှင်စစ် ဓာတ်အားထုတ်လုပ်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်။

    ပြည်ပလေ့လာသူများ၏ အဆိုအရ မြန်မာနိုင်ငံတွင် ရေနံစည်ပေါင်း သန်း ၅၀ ခန့်နှင့် သဘာဓာတ်ငွေ့ ၁ ထရီလီယံ ကုဗပေရှိသည်ဟု သိရသည်။

    Ref: UPI

  • UNICEF မှ ဦးစီးသည့် Book on Peace Building for Young Children Workshop

    UNICEF မှ ဦးစီးသည့် Book on Peace Building for Young Children Workshop

    အောက်တိုဘာ ၁၁၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်

    International Consultant တစ်ဦးဖြစ်သူ Barbara Kolucki
    International Consultant တစ်ဦးဖြစ်သူ Barbara Kolucki

    ရန်ကုန် ။ ။ UNICEF မှ ဦးစီးပြုလုပ်သည့် book on peace building for young children workshop ကို အောက်တိုဘာ ၇-ရက်နေ့မှ ၁၁-ရက်နေ့အထိ ရန်ကုန်မြို့ Micasa Hotel တွင် ပြုလုပ်ပြီး ယနေ့ညနေပိုင်းတွင် workshop ပြီးဆုံးခဲ့ပါတယ်။

    အဆိုပါ workshop သို့ ဘာသာ ၅-ခုမှ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်တက်ရောက်ကြပြီး ဘုန်းတော်ကြီး ၃-ပါး အပါအ၀င်၊ ကယား – ကယန်း – မွန် – ပအို့စ် – ဓနု- ကချင် – ရခိုင် စသည့် တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ Graphic Designer များ၊ ပန်းချီ သရုပ်ဖော်ဆရာများ၊ ဓါတ်ပုံပညာရှင်များ၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ NGO များ၊ CBO များ စုစုပေါင်း လူ ၈၀-ကျော် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

    ၎င်း ဆွေးနွေးမှုများကို International Consultant တစ်ဦးဖြစ်သူ Barbara Kolucki မှ အဓိက ဆွေးနွေးပေးပြီး ယနေ့ workshop နောက်ဆုံးနေ့ အစီအစဉ်မှာ သင်တန်းအတွင်းမှ အတွေ့အကြုံများကို ပြောကြားခဲ့ပြီး Unicef Myanmar ၏ Acting Chief, Education Section မှ Christian Stoff မှ တက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။

    ကလေးများအနေဖြင့် ကလေးဘ၀ ဖြတ်သန်းရမှုအား စာအုပ်စာပေတွင် မွေ့လျော်ပြီး ဘာသာလူမျိုး မခွဲခြားစေတဲ့ အသိပညာ အမူအကျင့်များကို ကလေးသူငယ်များအနေဖြင့် စာအုပ်များမှတဆင့် ရရှိလာစေရန် စုပေါင်း၍ Workshop တွင် ဆွေးနွေးကြခြင်းဖြစ်ပြီး လာမည့်နှစ်တွင် unicef မှ ထုတ်ဝေမည့် ကလေးသူငယ်နှင့်ပတ်သက်သော စာအုပ်များတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရပါတယ်။

  • ဟဂ်ျအစီစဉ် စံနစ်တကျရှိစေရန် ဆော်ဒီမှ လုံခြုံရေးဝန်ထမ်း ၉၅၀၀၀ ခန့်အပ်

    အောက်တိုဘာ၊ ၁၁
    M-Media

    Hajj

    ယခုနှစ် ဟဂ်ျပြုလုပ်ရာတွင် အစီစဉ်တကျရှိစေရန် ထိန်းသိမ်းရေးအတွက် ဆော်ဒီ မှ လုံခြုံရေးဝန်ထမ်း ၉၅၀၀၀ အား  တာဝန်ပေးအပ်ထားကြောင်း ပြည်တွင်းရေးဝန်ကြီး မင်းသား မုဟမ္မဒ် ဘင်န် နာအိဖ် (Interior Minister Price Mohammad bin Nayef) က ဗုဒ္ဓဟူးနေ့က ဆိုသည်။

    နှစ်စဉ်ပြုလုပ်ရသည့် ဘာသာရေးနှင့်နာမ်ပိုင်းဆိုင်ရာခရီးစဉ်အတွင်း သက်ဆိုင်ရာ နိုင်ငံရေးနှင့်ဘာသာရေးကွဲလွဲမှု ပြဿနာများအားဘေးဖယ်ထားရန် ကမ္ဘာအရပ်ရပ်မှလာရောက်သော ဟာဂျီလောင်းများအား ၀န်ကြီးမှ ပြောကြားခဲ့သည်။

    “ ဟဂ်ျပြုလုပ်တဲ့နေရာက နိုင်ငံရေး ပဋိပက္ခများ နဲ့ ဘာသာရေးကွဲလွဲမှုများကို ဖြေရှင်းရမယ့် နေရာမဟုတ်ပါဘူး ” ဟု မင်းသား ဘင်န် နာအိဖ် က ဆိုသည်။

    “ တစ်ချိန်က ဆော်ဒီမှာ အကြမ်းဖက်သမားတွေရဲ့ ဆိုးဆိုးဝါးဝါးလှုံ့ဆော်မှုကို တွေ့ကြုံခဲ့ရပါတယ်။ မြင့်မြတ်သော နယ်မြေကိုတောင်မှ အလွတ်မပေးခဲ့ပါဘူး။ သို့သော်လည်း ကျွန်တော်တို့ အချိန်မီ ရင်ဆိုင်တားဆီးလိုက်နိုင်ပြီး၊ နိုင်ငံ နဲ့ ပြည်သူများအပေါ် ကျရောက်လာမည့် အန္တရာယ်တွေကို ကာကွယ်နိုင်ခဲ့ပါတယ် ” ဟု သူက ဆိုသည်။

    ဟဂ်ျလုံခြုံရေးသတ်မှတ်ချက်များ၌ ကာကွယ်ရေးဝန်ကြီးဌာန (Ministry of Defense)၊ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ (National Guard) နှင့် လျှို့ဝှက်ထောက်လှမ်းရေးဌာန (General Intelligence) များမှ နောက်ဆုံးပေါ် နည်းပညာ နှင့် စက်ကိရိယာကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ မက္ကဟ်မြို့အ၀င်၌ လျှပ်စစ်တံခါးများကိုတပ်ဆင်ထားပြီး လူပြည့်ကျပ်မှုကို ထိန်းချုပ်ရန် နှင့် ဟဂ်ျ ပါမစ်ရှိသူများကိုသာ ၀င်ခွင့်ပေးရန် စိစစ် သွားမည်ဖြစ်ကြောင်း၊ မြင့်မြတ်သော ဗလီကျောင်းတော်အား တိုးချဲ့မွမ်းမံရန်အတွက် ယခုနှစ်အတွက် ဟာဂျီလောင်း လူဦးရေကို လျော့ချခဲ့ရခြင်းဖြစ်ကြောင်းဝန်ကြီးမှ ထပ်ဆင့် ပြောကြားသည်။

    “ နိုင်ငံတွင်းအခြေချနေထိုင်သူများ နဲ့ နိုင်ငံသားများအားလုံး ဒီနှစ် ကြုံတွေ့ရတဲ့ အခြေအနေကို နားလည်ပေးကြပြီး။ဟဂ်ျပြုလိုသူအနေနဲ့ ပါမစ်ရရှိရေး စည်းမျဉ်းများ အတိုင်းလိုက်နာကြလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ် ” ဟု မင်းသား ဘင်န် အဗ်ဒုလ် အဇီးဇ် ကလည်း ဆိုပါသည်။

    Ref: Al-Arabiya

  • အာဆီယံကို ဦးဆောင်ဖို့ အသင့်အနေအထား ရှိ/မရှိ မြန်မာနိုင်ငံ အနေအထား အပေါ် ဝေဖန်ချက်

    အောက်တိုဘာ၊ ၁၁
    M-Media

    1395179_503413643089062_1294617906_n
    လက်ရှိ အာဆီယံ ဥက္ကဌရာထူးကို ဘရူနိုင်းဘုရင်ထံမှ သမ္မတဦးသိန်းစိန် လွဲပြောင်းယူနေစဉ် (ဓါတ်ပုံ Hmuu Zaw FB)

    ဘန်ဒါဆရီဘဂါဝန် (အေပီ သတင်း) ။    ။ မကြာသေးမီနှစ်အနည်းငယ်အထိ မြန်မာနိုင်ငံဟာ သီးခြားဆန်တဲ့ အာဏာရှင်စံနစ်ကို ကျင့်သုံးခဲ့တယ်။ လူ့အခွင့်အရေးဆိုင်ရာမှတ်တမ်းဆိုးတွေက အာဆီယံနိုင်ငံများအဖွဲ့ကို တော်တော်လေး စိတ်မသက်မသာဖြစ်စေခဲ့တယ်။ အခုအခါ ၁၀ နိုင်ငံပါဝင်တဲ့ အစုအဖွဲ့ကြီးရဲ့ခေါင်းဆောင်နေရာကို ရောက်အံ့ဆဲဆဲအခြေအနေအတွက် ရှေ့ပြေးဝေဖန်ချက်တွေ ထွက်လို့လာပါပြီ။ မိမိပြည်တွင်းမှာ လူတွေ ရာဂဏန်း သေဆုံးပြီး၊ သိန်းဂဏန်းထိ အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တဲ့ ပဋိပက္ခတွေ မချုပ်ငြိမ်းသေးပဲ လက်ခံရယူဖို့ အချိန်မတန်သေးသလိုဖြစ်နေပါတယ်။

    လွန်ခဲ့တဲ့ ၂ နှစ်က စစ်အာဏာရှင်အနေနဲ့ ရွေးချယ်တင်မြှောက်ခံအစိုးရကို အာဏာလက်ပြောင်းပေးခဲ့ပေမယ့်လည်း မြန်မာနိုင်ငံကို အာဆီယံဥက္ကဌအဖြစ်ခန့်အပ်မှုဟာ ယုံကြည်စိတ်ချစရာမရှိသေးတဲ့ အသွင်ပြောင်းလဲမှုအပေါ် ဆုချလိုက်ရာ ရောက်နေတယ်။ မြန်မာနိုင်ငံကို ဒီလိုအရောင် တင်ပေးခြင်းအားဖြင့် ပြန်လည်ပြုပြင် တည်ဆောက်ရေးအတွက် ထပ်လောင်းတွန်းအားပေးနိုင်စေလိမ့်မယ်လို့လည်း အချို့က မျှော်လင့်ထားကြတယ်။

    de78dc570c81b5223f0f6a7067001966
    ၂၀၁၂ ခုနှစ် ကတည်းက အကြမ်းဖက်သမားများကြောင့် နေအိမ်မီးရှို့ခံရပြီး ပေါက်တော ဒုက္ခသည်စခန်းတွင် နေထိုင်နေရသော နာမကျန်းဖြစ်နေသည့် မွတ်စလင်မ် အမျိုးသမီး တဦး (Photo-AP)

    ဒါပေမယ့် မြန်မာနိုင်ငံအဖို့ ခရီးရှည်တစ်ခု ဆက်ရပါဦးမယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ်ထဲမှာ မီးကွင်းပစ် ဗုဒ္ဓဘာသာဝင် လူသွမ်းတွေကြောင့် ပြိုလဲပျက်စီးလောင်ကျွမ်းကုန်တဲ့ မွတ်စ်လင်မ်အိမ်တွေ၊ ဗလီဝတ်ကျောင်းတော်ဆီက မီးတောက်မီးလျှံတွေ၊ မီးခိုးငွေ့တွေ တငွေ့ငွေ့ထွက်ပေါ်လာရပြန်တယ်။ ရခိုင်ပြည်နယ်အနောက်ပိုင်း သံတွဲမှာဖြစ်တဲ့ ဒီတစ်ကြိမ်မှာတော့ လူ ၅ ဦးသေဆုံးခဲ့တယ်။ အသတ်ဖြတ်ခံလိုက်ရတဲ့ထဲမှာ ထွက်ပြေးဖို့မစွမ်းသာတဲ့ အသက် ၉၄ နှစ် အရွယ် အမယ်အိုတစ်ဦးလည်း ပါဝင်သွားပါတယ်။

    “ လူ့အခွင့်အရေးရှုထောင့်ကနေကြည့်ယင် အာဆီယံဥက္ကဌအဖြစ်ခန့်အပ်ခြင်းက မထိုက်တန်တဲ့အစိုးရကို ဂုဏ်ပြုခြင်း ဖြစ်နေတယ် ” လို့ Fortify Rights အုပ်စုကို စီမံညွှန်ကြားနေတဲ့ မြန်မာ့အရေးကျွမ်းကျင်သူ Matthew Smith က ဆိုလိုက်ပါတယ်။

    “ ပြီးခဲ့တဲ့ ၂ နှစ်က လူ ၂ သိန်းခွဲကျော်ဟာ မိမိဇာတိနေအိမ်တွေကနေ အဓမ္မရွှေ့ပြောင်းစေခြင်း ခံရတယ်။ စစ်သွေးကြွစကားတွေလည်း ဆိုနေဆဲဖြစ်တဲ့အပြင် ဒေသတွင်း ဒုက္ခသည်ပြဿနာကို ဖန်တီးပြီး မွတ်စ်လင်မ်လူ့အဖွဲ့အစည်း ဖယ်ရှားရှင်းလင်းရေးလုပ်ဆောင်ချက်က အတောမသတ်သေးဘူး။ ဒါတွေအားလုံးဟာ အာဆီယံဒေသတွင်းခေါင်းဆောင်မှုနဲ့ မကိုက်ညီပါဘူး ” ဆိုပြီး သူက ပြောပြတယ်။

    အာဆီယံနိုင်ငံများအဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံကို တရားဝင်ခန့်အပ်ပါတော့မယ်။ ခန့်အပ်ခြင်းရည်ရွယ်ချက်က ဒေသတွင်း စီးပွားရေးတိုးတက်စေဖို့ နဲ့ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ဖော်ဆောင်ဖို့ ဖြစ်တယ်။ လက်ပြောင်းအပ်နှံခြင်း အခမ်းအနားကို ကြာသပတေးနေ့က ဘရူနိုင်းမှာ ပြုလုပ်ခဲ့ပေမယ့် လာမယ့် ဇန္န၀ါရီလ ၁ ရက်မတိုင်ခင်အထိ တာဝန်ထမ်းဆောင်ရဦးမှာ မဟုတ်ပါဘူး။

    မြန်မာနိုင်ငံရဲ့ အသားကျနေပြီဖြစ်တဲ့ စစ်အုပ်ချုပ်ရေးစံနစ်ဟာ ဒေသတွင်းတိုးတက်မှုအတွက် အတားအဆီးဖြစ်စေတယ်လို့ အာဆီယံက ကနဦးပိုင်းနှစ်တွေမှာ ဝေဖန်ထားခဲ့တယ်။ ဒါပေမယ့် ၁၉၉၇ ခုနှစ်မှာ အနောက်နိုင်ငံများက ပြင်းပြင်းထန်ထန်ကန့်ကွက်ပေမယ့်လည်း ဒေသတွင်းအုပ်စုက အပြုသဘောဆောင်အပြောင်းအလဲဖြစ်ဖို့ တွန်းအားပေးနိုင်အောင် ရည်ရွယ်တယ်ဆိုပြီး မြန်မာနိုင်ငံကို အာဆီယံနိုင်ငံများအဖွဲ့ထဲ ၀င်ရောက်ခွင့်ပြုလိုက်ပါတယ်။

    သို့တစေ မြန်မာပြည်ဟာ မဆိုစလောက်သာ ပြောင်းလဲခဲ့တယ်။ ၂၀၁၁ ခုနှစ်ရောက်တဲ့အခါ နှစ်ပေါင်းများစွာ မင်းမူနေတဲ့ စစ်အုပ်ချုပ်မှုကနေ အငြိမ်းစားစစ်အရာရှိများဦးဆောင်တဲ့ အရပ်သားတစ်ပိုင်းအစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းပေးမှု ဖြစ်ခဲ့တယ်။ သမ္မတဦးသိန်းစိန်အစိုးရကလည်း စီးပွားရေး၊ နိုင်ငံရေး တံခါးဖွင့်လှစ်ပေးတဲ့ ပြန်လည်ပြုပြင်ရေးလှိုင်းလုံးနဲ့အတူ ကမ္ဘာကို အံ့အားသင့်စေခဲ့တယ်။

    နှစ်ပေါင်း ၂၀ လောက် နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ရတဲ့ ရေရှည်အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုယင် လွှတ်တော်အမတ်တစ်ဦး ဖြစ်နေပြီ။ ရာနဲ့ချီပြီး နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွှတ်ပေးခဲ့ပြီ။ မီဒီယာအပေါ် တင်းကြပ်လွန်းလှတဲ့ ဆင်ဆာစံနစ်ကိုလည်း ဖျက်သိမ်းခဲ့ပြီ။ လက်နက်ကိုင်တော်လှန်ရေးအများစုနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးနိုင်ဖို့လည်း လုံးပန်းနေတယ်။

    သို့သော်လည်း လုပ်စရာ အမြောက်အများ ကျန်နေပါသေးတယ်။ ၂၀၁၂ ခုနှစ် ဇွန်လက စတင်ခဲ့တဲ့ မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုက တစ်နိုင်ငံလုံး ပျံ့နှံ့သွားပြီး လူတစ်သိန်းခွဲလောက်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေတာတောင် ရပ်တန့်ဖို့ လမ်းမမြင်သေးဘူး။ လူတစ်သိန်းကျော် နေအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်တပ်နဲ့ ကချင်အကြားတိုက်ပွဲကလည်း ရှေ့ဆက်နေဆဲ။

    အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထား အများစုကတော့ အရင်အတိုင်းပါပဲ။ ပြုပြင်ပြောင်းလဲရေး ပိုမိုဆောင်ရွက်သွားနိုင်အောင် ကြိုးစားနေပါတယ်တဲ့။

    “ ပြဿနာတွေ ရှိနေဆဲဆိုတာ ကျွန်တော်တို့ လက်ခံပါတယ်။ သူတို့စွမ်းရည်နဲ့အညီ အကောင်းဆုံး လုပ်ဆောင်ဖြေရှင်းသွားမယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အဲ့ဒီနိုင်ငံမှာ ထူးထူးခြားခြား ပြောင်းလဲသွားတာတွေ၊ မြန်မာသမ္မတရဲ့ ပြုပြင်ပြောင်းလဲရေးခြေလှမ်းတွေကိုလည်း ကျွန်တော်တို့ အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ သူတို့ကို လက်ရှိ ဦးတည်ချက်အတိုင်း ရှေ့ဆက်အောင် နိုင်ငံတကာအသိုင်းအ၀ိုင်းအဖို့ အကောင်းဆုံး တိုက်တွန်းသွားနိုင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က မြန်မာပြည်ကို ဥက္ကဌနေရာအတွက် ထောက်ခံကြတာပါ ” လို့ ဖိလစ်ပိုင်သမ္မတရဲ့ပြောဆိုခွင့်ရပုဂ္ဂိုလ် Ricky Carandang က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဘရူနိုင်းမှာ ပြောကြားခဲ့ပါတယ်။

    အာဆီယံဟာ နိုင်ငံအချင်းချင်းရဲ့ပြည်တွင်းရေး ကိစ္စထဲ ၀င်ရောက်မစွက်ဖက်ရေး မူဝါဒကို အခြေခံအားဖြင့် လက်ခံ ထိန်းသိမ်းထားပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုတွေကို ပိုပြီး ထိရောက်ပီပြင်စွာ အလေးထားဖြေရှင်းဖို့ မြန်မာနိုင်ငံအပေါ် ခေါင်းဆောင်များက လက်တို့တွန်းအားပေးသွားနိုင်ချေရှိပါတယ် လို့လည်း Carandang က ဆိုပါတယ်။

    အာဆီယံလူငယ်ခေါင်းဆောင်များတွေ့ဆုံပွဲမှာ မြန်မာအမျိုးသမီးငယ် တစ်ဦးကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက “ မြန်မာပြည်ကဖြစ်ပျက်မှုတွေဟာ စိတ်လှုပ်ရှားစရာပါဘဲ။ ဒါပေမယ့် မလုံလောက်သေးပါဘူး။ နိုင်ငံရေးအသွင်ပြောင်းမှု ရှေ့ဆက်တာကို ကျွန်တော်တို့ စောင့်ကြည့်ဖို့လိုပါတယ်။ ဒီမိုကရေစီ ရှေ့ဆက်ဖြစ် တည်လာပါစေလို့ ကျွန်တ်ာတို့ မျှော်လင့်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

    ဒေါ်စုကြည်ရဲ့ NLD အတိုက်အခံပါတီရဲ့ ၀ါရင့်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးတင်ဦးကလည်း မြန်မာပြည်ဟာ တရွေ့ရွေ့နဲ့ ပြောင်းလဲနေပါတယ်လို့ဆိုပြီး ဒီအချက်ကို လက်ခံထားပါတယ်။ “ သူတို့မှာ အခက်အခဲပြဿနာတွေရှိနေလင့် ကစား အာဆီယံ ဥက္ကဌဖြစ်ဖို့တော့ အချိန်ကျပါပြီ ” လို့ သူက အစိုးရကိုရည်ညွှန်းပြောဆိုပါတယ်။

    အာဆီယံရဲ့ခေါင်းဆောင်အဆင့်က မြန်မာနိုင်ငံထဲ ထပ်ဆင့်ပြောင်းလဲတည်ဆောက်မှုကို ဖော်ဆောင်ပေးသွားပါလိမ့်မယ် ဆိုပြီး ဒီမိုကရေစီစံနစ် နှင့် အာဏာရှင်စံနစ်ကို ချောမွေ့အောင် ချိန်ခွင်လျှာထိန်းညှိထားတဲ့ ကမ္ဘောဒီယားက သုတေသီတစ်ဦးမက ယူဆထားကြတယ်။ ကမ္ဘောဒီးယားအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဥက္ကဌ Ou Virak က  “ မြန်မာပြည်ရဲ့အုပ်ချုပ်ရေးစံနစ်ဟာ ဟောင်းနွမ်းဆွေးမြေ့ပြီး လိုအပ်ချက်တွေ များပြားနေတယ်။ ဒီအနေအထားက မြန်မာပြည်ကို ပြန်လည်ပြုပြင်တည်ဆောက်မှု ပိုမိုများပြားလာအောင် အသေအချာ တွန်းအားပေးသွားနိုင်မှာပါ ” လို့ ဆိုပါတယ်။

    ဒါပေမယ့် ရန်ကုန်က နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးရန်မျိုး ပြောဆိုတာကတော့ “ မြန်မာခေါင်းဆောင်တွေဟာ မိမိပြည်တွင်းရေးပြဿနာတွေကိုတောင် မကိုင်တွယ် မဖြေရှင်းနိုင်သေးတာ။ ဒေသတွင်းခေါင်းဆောင်နေရာကို ရယူ ရပ်တည်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာပါပဲ ” တဲ့။

    ဦးသိန်းစိန်အနေနဲ့ နိုင်ငံတကာ အထူးခရီးစဉ်တွေ မသွားရောက်ချိန်ကဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ လိုမျိုး လူ့အခွင့်အရေး ကိစ္စများအပေါ် နိုင်ငံတကာ အသံကို တုန့်ပြန်တဲ့နေရာမှာ လုံးဝနီးပါး လျစ်လျူ ရှုထားခဲ့တယ် လို့ ဘန်ကောက်မြို့ Chulalongkorn University က နိုင်ငံတကာဆက်ဆံရေးသုတေသီ Panitan Wattanayagorn မှ ပြောခဲ့တယ်။

    “ အခုဆိုရင် အာဆီယံခေါင်းဆောင်မှုက သူတို့ရင်ခွင်ထဲ ရောက်လာပြီဖြစ်ပေမယ့် များများစားစား လုပ်ဆောင်စရာ မရှိဘူးလို့ သူတို့က ထင်မြင်ကောင်း ထင်မြင်နေကြပါဦးမယ် ” ဆိုပြီး သူက ထပ်လောင်းပြောကြားလိုက်ပါတယ်။

    ဘန်ကောက်မှ Pitman နှင့် Grant Peck ၊ ရန်ကုန်မှ အေပီသတင်းထောက် အေးအေးဝင်း၊ ဘရူနိုင်း ဘန်ဒါဆရီဘဂါဝန်မှ Eileen Ng တို့၏ ပူးပေါင်းရေးသားတင်ပြချက် Critics question Myanmar’s readiness to head ASEAN သတင်းဆောင်းပါးအား မြင့်မိုရ်မောင်မောင်  ပြန်ဆိုဖော်ပြခြင်းဖြစ်သည်။

  • အောက်တိုဘာ ၁၁၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    အောက်တိုဘာ ၁၁၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    အောက်တိုဘာ ၁၁၊ ၂၀၁၃
    M-Media

    သံတွဲအကြမ်းဖက်မှု ဖမ်းဆီးထားသူများအား ကျောက်ဖြူထောင်သို့ပို့

    ပြီးခဲ့သည့် စက်တင်ဘာ ၂၉-ရက်နေ့က စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် အကြမ်းဖက်မှုဖြစ်စေရန် ဦးဆောင်လှုံ့ဆော်သူများအား ဖမ်းဆီးပြီး သံတွဲထောင်တွင် ထားရှိရာမှ ကျောက်ဖြူထောင်သို့ ပို့ဆောင်လိုက်ပြီး ထိုသို့ ပို့ဆောင်ရခြင်းမှာ အောက်တိုဘာ ၁၇-ရက်နေ့တွင် တရားရုံးထုတ်ရ် သတ်မှတ်ထားသည့်အတွက် ဒေသခံများ ဆူပူမှုဖြစ်လာမည်ကို စိုးရိမ်သည့်အတွက်ဖြစ်ကြောင်း ဧရာဝတီကို ကိုးကား၍ ဖော်ပြလိုက်ပါတယ်။
    _______________________

    လိုင်ဇာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ ဆွေးနွေးကြမည်

    အပစ်အခတ်ရပ်ဆဲရေး လက်မှတ်ထိုးမည့်အစီအစဉ်အတွက် အောက်တိုဘာလ ၂၈-၃၀ အတွင်း ကချင်ပြည်နယ် လိုင်ဇာမြို့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမယ်လို့ RFA သတင်းမှာ ဖော်ပြထားပါတယ်။
    ______________________

    ရခိုင်ဒေသမှကလေးငယ်များ ပဋိပက္ခဖြစ်ကတည်းက ကျန်းမာရေး စောင့်ရှောက်မှုမရဟု ယူနီဆက်မှပြော

    ရခိုင်ပြည်နယ်က အိုးအိမ်မဲ့ ဒုက္ခသည် တစ်သိန်းလေးသောင်းကျော်ထဲမှာ ရှစ်သောင်းဟာ ကလေးသူငယ်တွေဖြစ်နေပြီး ပဋိပက္ခတွေ စတင်တဲ့အချိန်ကစလို့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရခဲ့ဘူးလို့ အောက်တိုဘာ ၁၁ရက်နေ့မှာ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ယူနီဆက်ဖ်ကပြောဆိုလိုက်ကြောင်း ကမာရွတ်ရုပ်သံ သတင်းမှာ ဖော်ပြထားပါတယ်။
    ______________________

    ယခင်ပါကစ္စတန်သမ္မဟောင်း ပြန်လည်အဖမ်းခံရ

    ၂၀၀၇ ခုနှစ်က ဗလီတစ်ခုအတွင်းသို့ ကွန်မန်ဒိုများဝင်ရောက်စီးနင်းခဲ့မှုတွင် တာဝန်ရှိသည်ဟုယူဆရသောကြောင့် ပါကစ္စတန် သမ္မတဟောင်း ပါဗက်ဇ် မူရှာရက်ဖ်အား ပါကစ္စတန်ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    မြို့တော် အစ္စလာမ်မာဘတ်ရှိ အနီရောင်ဗလီဝတ်ကျောင်းတော်သို့ ကွန်မန်ဒိုများစီးနင်းဝင်ရောက်တိုက်ခိုက်မှုတွင် လူတစ်ရာကျော်သေဆုံးခဲ့ပြီး ထိုတိုက်ခိုက်မှုအတွက် မူရှာရက်ဖ်မှာတာဝန်ရှိသည်ဟု စွပ်စွဲခံထားရပြီး လွန်ခဲ့သည့် သီတင်းနှစ်ပတ်ကတည်းက တရားသူကြီးတစ်ဦးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    မူရှာရက်ဖ်မှာ ယခင်ဝန်ကြီးချုပ်ဟောင်း ဘင်ဇနာဘူတိုအား လုပ်ကြံသတ်ဖြတ်ခဲ့သည့်အမှုအပါအ၀င် အခြားအမှုသုံးခုဖြင့်ရင်ဆိုင်နေခဲ့ရပြီး ခံဝန်ဖြင့် ပြန်လည် လွတ်မြောက်လာကာ နေအိမ်အကျယ်ချုပ်ဖြင့် နေနေရပြီးနောက် ယခုကဲ့သို့ ပြန်လည်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

    မူရှာရက်ကမူ ၎င်းအား ထိုကဲ့သို့စွပ်စွဲခြင်းမှာ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။
    Ref : aljazeera

    ________________________
    သားဖြစ်သူအား တွေ့ရန် စနိုးဒင်ဖခင် ရုရှားသို့ရောက်ရှိ

    အမေရိကန် အမျိုးသားထောက်လှမ်းရေအေဂျင်စီ၏ လျို့ဝှက်ချက်များကို ဖော်ထုတ်ခဲ့ပြီး ယခုလက်ရှိ ရုရှားနိုင်ငံတွင် ခိုလှုံနေရသူ အက်ဒ၀ပ် စနိုးဒင်၏ ဖခင် လန်စနိုးဒင် မှာ သားဖြစ်သူအား တွေ့ဆုံရန်အတွက် မော်စကိုလေဆိပ်သို့ ယမန်နေ့က ဆိုက်ရောက်လာသည်ဟု သိရသည်။

ုယမန်နေ့ နံနက်ပိုင်းက မော်စကိုရှိ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထိုလေဆိပ်မှာ အက်ဒ၀ပ် စနိုးဒင်ကိုယ်တိုင် ရုရှားမှ နိုင်ငံရေးခိုလှုံခွင့်မပေးမီ တစ်လခန့် သောင်တင်နေခဲ့သောနေရာလည်းဖြစ်သည်။

    လေဆိပ်သို့ဆိုက်ရောက်လျှင်ရောက်ခြင်း လန်က ၎င်း၏သားမှာ ရုရှားနိုင်ငံတွင် လွတ်လပ်လုံခြုံစွာ နေထိုင်ခွင့်ရသည့်အတွက် စိတ်ချမ်းသာရကြောင်း ပြောကြား ခဲ့သည်။ ထို့ပြင် ရုရှားမ္မတ ဗလာဒီမာ ပူတင်အပါအ၀င် အက်ဒ၀ပ်အား ခိုလှုံခွင့်ခွင့်ရရန်ကူညီပေးခဲ့သူများကိုလည်း အလွန်ကျေးဇူးတင်ရှိပါကြောင်းနှင့် အက်ဒ၀ပ် စနိုးဒင်အနေဖြင့် အမေရိကန်သို့ ပြန်မည်မပြန်မည်ဆိုသည်မှာ မသေချာကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး သားအဖနှစ်ဦးတွေ့ဆုံမည့် နေရာကိုမူ ပြောဆိုသွားခဲ့ခြင်း မရှိပေ။
    Ref : xinhuanet

    ________________________
    ဂျပန်နိုင်ငံရှိ ဆေးရုံတစ်ခုမီးလောင် လူ ၁၀ ဦးသေဆုံး

    ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ဖူကူအိုကာမြို့ရှိ ဆေးရုံတစ်ခုတွင် မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးသေဆုံးခဲ့ကာ ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ထိုဆေးရုံမှာလေးထပ်အဆောက်အဦးဖြစ်ပြီး ယနေ့နံနက် ဒေသစံတော်ချိန် ၂ နာရီ မိနစ် ၂၀ တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လောင်ကျွမ်းချိန် ၂ နာရီခန့် ကြာမြင့် ခဲ့သည်ဟု သိရသည်။

    သေဆုံးသွားခဲ့ကြသူများမှာ အသက် ၇၀ မှ ၈၉ နှစ်အတွင်းရှိ သက်ကြီးရွယ်အိုများဖြစ်ကြပြီး မီးလောင်မှုကြောင့် ဒဏ်ရာရရှိသွားသူများထဲမှ လေးဦးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေတွင်ရှိနေသည်ဟု ဂျပန်မီးသတ်တပ်ဖွဲ့မှပြောကြားခဲ့သည်။

    “၁၀ ဦးသေတာဆိုတာမှန်ပါတယ်။ လူနာရှစ်ယောက်နဲ့ ဆေးရုံဝန်ထမ်း ၂ ယောက်ပါ။ မီးငြိမ်းသတ်ဖို့နဲ့ အသက်တွေကိုကယ်တင်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ ပါတယ်။ ဒါပေမယ့် အခြေအနေဟာ တော်တော်လေး ခက်ခဲ့ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    Ref : presstv

    ________________________
    ဥရောပတွင် လူသန်းနှင့်ချီ၍ အစားအသောက်မလောက်ငှမှုနှင့် ကြုံတွေ့နေရ

    ဥရောပတစ်ဝှမ်းတွင် ရိုက်ခတ်လျက်ရှိသည့် ဘဏ္ဍာရေးအကြပ်အတည်းများကြောင့် ဥရောပနိုင်ငံများ၏ ၄၃ သန်းသော နိုင်ငံသားများမှာ အစားအစာမလောက်ငှမှုနှင့် ကြုံတွေ့နေရပြီး ရာစုနှစ်ဝက် အတွင်းအဆိုးဝါးဆုံးသော လူသားချင်းဆိုင်ရာ ပြဿနာကြီးဖြစ်သည်ဟု နိုင်ငံတကာ ကြက်ခြေနီကော်မတီက ပြောကြားခဲ့သည်။

    နိုင်ငံတကာကြက်ခြေနီနှင့်လခြမ်နီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဘီကီလီဂီလီတာက ဥရောပတွင်ဖြစ်ပွားလျက်ရှိသည့် စီးပွားရေး ပြသနာများ၏ အကျိုး သက်ရောက်မှုများကို ရေးသားထားသည့် အစီရင်ခံစာတစ်စောင်ကို ကုလသမဂ္ဂသို့ ယမန်နေ့က တင်ပြခဲ့သည်။

    ထိုအစီရင်ခံစာတွင် ဥရောပရှိလူသန်းပေါင်း ၁၂၀ခန့်မှာ ဆင်းရဲမွဲတေမှုပြဿနာနှင့် ကြုံတွေ့နေရပြီး ထိုသူများထဲတွင် ဘဏ္ဍာရေးအကျပ်အတည်းများကို ရင်ဆိုင်နေရ သည့် နိုင်ငံများမှ လူအများစုပါဝင်သည်ဟု ရေးသားဖော်ပြထားသည်။
    Ref : presstv

    ________________________
    နိုင်ငံ၏ ငွေကြေးသုံးစွဲမှု ၁ ဘီလီယံကျော် အီတလီဖြတ်တောက်မည်

    ၂၀၁၃ ခုနှစ်တွင် ဂျီဒီပီ ၃ ရာခိုင်နှုန်းအောက်သို့ရောက်နေပြီး တိုင်းပြည်၏ လိုငွေပြမှုကို ထိန်းသိမ်းရန် ကြိုးပမ်းမှုတစ်ခုအဖြစ် နိုင်ငံ၏ သုံးငွေ ယူရို ၁.၁ ဘီလီယံအား ဖြတ်တောက်သွားမည်ဟု အီတလီအစိုးရက အတည်ပြုခဲ့သည်။

    အီတလီဝန်ကြီးချုပ် ဆာကိုမန်နီက ထိုကဲ့သို့ဖြတ်တောက်မှုမှာ စီးပွားရေးကျဆင်းနေသော အီတလီနိုင်ငံရှိ ၀န်ကြီးဌာနအများအပြားကို သက်ရောက်စေလိမ့်မည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သောအစီရင်ခံစာတွင် ရေးသားဖော်ပြခဲ့သည်။

    ဥရောပသမဂ္ဂ၏ ကြေညာချက်အရ ဥရောပနိုင်ငံများ၏ ဘဏ္ဍာရေးလိုငွေပြမှုမှာ သုံးရာခိုင်နှုန်းထက် ကျော်လွန်၍ မရဟု သိရသည်။ အီတလီနိုင်ငံမှာ စီးပွားရေး ကျဆင်းမှု ပြဿနာကို နိုင်ငံစီးပွားရေး ကျုံ့ဝင်သွားသည့်အချိန် ၂၀၁၁ ခုနှစ်ကတည်းက စတင်ကြုံတွေ့ခဲ့ပြီး ၂၀၁၁ ခုနှစ် တတိယသုံးလပတ်တွင် ၀.၂ ရာခိုင်နှုန်းနှင့် စတုတ္ထ သုံးလပတ် တွင် ၀.၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။
    Ref : presstv

    ________________________
    ဖော်မြူလာဝမ်းကာမောင်းသမားတစ်ဦး ဟိုတယ်အတွင်းတွင် သေဆုံးနေကြောင်းတွေ့ရ

    ဖော်မြူလာဝမ်း အရန်အသင်း၏ ပြိုင်ကားမောင်သမားတစ်ဦးဖြစ်သူ မာရီယာ ဒီ ဗီလိုတာအား စပိန်နိုင်ငံ ဆီးဗီလ်းမြို့ရှိ ဟိုတယ်တစ်ခုတွင် သေဆုံးလျက်တွေ့ရှိရသည် ဟု သိရသည်။

    အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သည့် အဆိုပါအမျိုးသမီးမှာ ပြီးခဲ့သည့်ဇူလိုင်လက Marussia ကားမောင်းအသင်းနှင့် စမ်းသပ်မောင်းနှင်နေစဉ် ကားတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ညာဘက်မျက်လုံး ဆုံးရှုံးခဲ့ရသူဖြစ်သည်။ လော်ရီကားတစ်စီးအား တိုက်မိခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းနှင့် မျက်နှာတွင် ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    သူမသေဆုံးမှုအား မည်သည့်အကြောင်းကြောင့် သေဆုံးခဲ့ရသည်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ပြောကြားခဲ့သည်။
    Ref : bbc

    ________________________