News @ M-Media

Blog

  • အောက်တိုဘာ ၁၁၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၁၁၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၁၁၊ ၂၀၁၃
    M-Media
    ဖီဖာ၏ Goal Line နည်းပညာတပ်ဆင်ခွင့်အား ဂျာမနီကုမ္ပဏီရရှိ


    ဖီဖာက ကျင်းပပြုလုပ်မည့် အကြီးဆုံးဘောလုံးပြိုင်ပွဲနှစ်ခုအတွက် ဘောလုံးဂိုးစည်း ကျော်၊ မကျော် ဆုံးဖြတ်ပေးနိုင်သည့် Goal Line နည်းပညာ တပ်ဆင်ဆင်မှုကို ဂျာမနီရှိ ကုမ္ပဏီတစ်ခုမှ လုပ်ကိုင်ခွင့် ရရှိသွားပြီဟု သိရသည်။ ဂျာမနီအခြေစိုက် GoalControl ကုမ္ပဏီအား မော်ရိုကိုတွင်ကျင်းပမည့် ၂၀၁၃ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ဘရာဇီးတွင်ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် Goal Line နည်းပညာ တပ်ဆင်ပေးရန် အတွက်ရွေးချယ်ခဲ့ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာက ယမန်နေ့တွင် ကြေညာခဲ့သည်။

    ထိုနည်းပညာအား ပြီးခဲ့သည့် နွေရာသီတွင်ကျင်းပခဲ့သည့် ကွန်ဖက်ဒရေးဖလားဘောလုံးပြိုင်ပွဲတွင် စမ်းသပ်အသုံးပြုခဲ့ပြီး GoalControl မှပင် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

    “(ဂိုး ၀င် မ၀င်ဆုံးဖြတ်ပေးသည့်) Goal Line technology(GLT) ကို ဘရားဇီးမှာကျင်းပတဲ့ ၂၀၁၃ ကွန်ဖက်ဒရေးရှင်းဖလားပွဲမှာ အောင်မြင်စွာ စမ်းသပ် အသုံးပြုနိုင်ပြီးခဲ့တဲ့နောက် ဖီဖာက GoalControl GmbH ကုမ္ပဏီကို ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားပွဲမှာ တပ်ဆင်ဖို့ အတည်ပြုရွေး ချယ်ခဲ့တာပါ။ ပြီးတော့ ဒီနှစ် ဒီဇင်ဘာမှာ မော်ရိုကိုမှာပြုလုပ်မယ့် ကလပ်အသင်းများ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာလည်း GoalControl GmbH ကသာ GLT နည်းပညာကို တပ်ဆင် ပေးသွားမှာပါ” ဟု အဆိုပါကုမ္ပဏီ၏ ၀ဘ်စာမျက်နှာတွင်ရေးသားဖော်ပြခဲ့သည်။

    ဘောလုံး ဂိုးစည်း ကျော် မကျော်ကို တိကျစွာ တိုင်းတာနိုင်ရန်အတွက် GoalControl ကုမ္ပဏီမှ မြန်နှုန်းမြင့် ကင်မရာများဖြင့် လေးဘက်မြင် 4D စနစ်ကို အသုံးပြု သွားမည်ဟု သိရသည်။
    goal
    ________________________

    ရီဘာရီမှာ ကမ္ဘာကောင်းဆုံး ဘောလုံးသမားဆုနှင့် ထိုက်တန်သည်ဟု ဇီဒိန်းပြော


    ရီယဲလ်မက်ဒရစ်အသင်း၏ ဂန္တ၀င်ကစားသမားဇီဒိန်းက မကြာမီ ချီးမြှင့်တော့မည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or နှင့် ရီဘာရီမှာ ထိုက်တန်သည် ဟု ပြောဆိုလိုက်သည်။ ရီဘာရီမှာ ထိုဆုအတွက် ဘာကာ တိုက်စစ်မှူးမက်ဆီ၊ ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုတို့နှင့် ယှဉ်ပြိုင်နေရပြီး ၁၉၉၈ ခုနှစ်တွင် ထိုဆုအား ရရှိခဲ့ဖူးသည့် ဇီဒိန်းက တစ်နိုင်ငံတည်းသား ရီဘာရီအား ထောက်ခံခြင်းဖြစ်သည်။

    ရီဘာရီမှာ ပြီးခဲ့သည့်ရာသီ ဘွန်ဒစ်လီဂါဖလား၊ ဂျာမနီရှုံးထွက်ဖလားနှင့် ချန်ပီယံလိဂ် ဖလားသုံးလုံးအား ဆွတ်ခူးရရှိခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းတွင် အရေးပါသော ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အသင်းအတွက် ၁၁ ဂိုးသွင်းယူပေးခဲ့ကာ ဂိုး ရရှိရန် ၁၉ ကြိမ် ဖန်တီးပေးခဲ့သည်။

    “(ရီဘာရီနှင့် ရော်နယ်ဒို) နှစ်ဦးစလုံးဟာ ဒီဆုနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ကျွန်တော်ရွေးရမယ်ဆိုရင် ပြီးခဲ့တဲ့နှစ်က ဖလားသုံးလုံးရခဲ့ပြီး အခုနှစ်မှာလည်း ခြေစွမ်းပြ နေတဲ့ ရီဘာရီကိုရွေးမှာပါ” ဟု ပြင်သစ် ရေဒီယို RMC သို့ ပြောကြားခဲ့သည်။

    Ballon d’Or ဆုမှာ ဖီဖာမှချီးမြှင့်သည့် အကောင်းဆုံးဘောသမားဆုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ဘောလုံးသမားများ၊ နည်းပြများနှင့် ဂျာလစ်များက မဲပေးရွေးချယ်ရခြင်းဖြစ်သည်။
    goal
    ________________________
    လော်ရန်တေးအား ဇန်န၀ါရီတွင် ခေါ်ယူရန် ၀င်းဂါးစိတ်ဝင်စား


    အာဆင်နယ်အသင်း၏ နည်းပြ အာဆင်ဝင်းဂါးအနေဖြင့် လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူရန် ရှိနေပြီး ဂျူဗင်တပ်စ် အသင်း၏ တိုက်စစ်မှူး လော်ရန်တေးအား ခေါ်ယူရန် ပစ်မှတ်ထားနေသည်ဟု သိရသည်။

    တိုက်စစ်မှူး စစ်စစ်အဖြစ် ဂျီရော့ တစ်ဦးတည်းသာ ကြံ့ခိုင်မှုပြည့်ဝစွာရှိနေသည့် အာဆင်နယ် အရှေ့တန်းအား ပိုမိုတောင့်တင်းအောင်ပြုလုပ်ရန် ၀င်းဂါးက ဆန္ဒ ရှိနေသည်။

    အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်သည့် လော်ရန်တေးမှာ စပိန်ကလပ်ဘီလ်ဘာအိုအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့က ရောက်ရှိ လာသူဖြစ်ပြီး၊ စရောက်စဉ်ကတည်းက ပွဲထွက်ကစားခွင့်မရခဲ့ဘဲ၊ အရန်ခုံတွင်သာ အချိန်ကုန်ခဲ့ရသည်။ တီဗက်ဇ်၏ နောက် အရန်အဖြစ်သားကစားနေရသောကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းတွင် ပါဝင်ခွင့်ရရန် အခွင့်အလမ်းနည်းနေသည့် လော်ရန်တေးအား အာဆင်နယ်အသင်းက စောင့်ကြည့်လျက်ရှိသည်။
    mirror
    ________________________

     

    Shanghai Masters တင်းနစ်ပြိုင်ပွဲမှ ဖက်ဒါရား ထွက်ခွာရပြီ


    တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် Shanghai Masters တင်းနစ်ပြိုင်ပွဲ တတိယအဆင့်တွင် ဆွီဒင်တင်းနစ်အကျော်အမော် ရော်ဂျာ ဖက်ဒါရားမှာ ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်ဟု သိရသည်။

    ဖက်ဒါရာမှာ ပြင်သစ်တင်းနစ်သမား မွန်ဖီလ်စ်အား ၆-၄၊ ၆-၇(၅-၇)၊ ၆-၃ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဖက်ဒါရာမှာ မွန်ဖီလ်စ်နှင့် ယခုပွဲအပါဝင် ၇ ကြိမ်တွေ့ဆုံခဲ့ပြီး ခြောက်ကြိမ်တိတိအနိုင်ရခဲ့ကာ ယခုပွဲတွင်မှ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

    မွန်ဖီလ်စ်မှာ ယခုပွဲအနိုင်ကြောင့် ကွာတားဖိုင်နယ်သို့တက်ရောက်သွားခဲ့ပြီး အီတလီတင်းနစ်အကျော်အမော် ဖော့ဂ်နီနီအား အနိုင်ရရှိခဲ့သည့် လက်ရှိချန်ပီယံ နိုဗက်ဂျိုကိုဗစ်နှင့် ကွာတားတွင် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    skysports
    ________________________

    အိန်ဂျလီက် ကာရ်ဘာရ်နှင့် ဆိုလိန်းစတီဖင်တို့ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည့် Linz Open တင်းနစ်ပြိုင်ပွဲ


    သြစတြီးယားနိုင်ငံ၌ ကျင်းပပြုလုပ်နေသည့် WTA Linz Open တင်နစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ နာမည်ကြီး တင်းနစ်မယ်များဖြစ်ကြသည့် အိန်ဂျလီက် ကာရ်ဘာရ်နှင့် ဆိုလိန်းစတီဖင်တို့ တက်ရောက်သွားကြသည်ဟုသိရသည်။

    နိုင်ခြေအဆင့် ၁ ရ ကာရ်ဘာရ်မှာ ရိုမေးနီးယားတင်းနစ်မယ် အလက်ဇန်ဒရာ ကာဒန်တူအား အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မိနစ် ၅၀ သာ ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ကာရ်ဘာရ်က သက်တောင့်သက်သာကစားကာ ၆-၁၊ ၆-၀ ဖြင့် နှစ်ပွဲပြတ်အနိုင်ရခဲ့သည်။

    နိုင်ခြေအဆင့် ၂ ရ အမေရိကန်တင်းနစ်မယ် ဆိုလိန်းစတီဖင်မှာလည်း ဂျာမန် တင်းနစ်မယ် အန်ဒရီယာ ပတ်ကိုဗစ်အား အနိုင်ရရှိခဲ့သည်။ ဆိုလိန်းမှာ ပတ်ကိုဗစ်အား အနိုင်ရရှိရန် အကြိတ်အနယ်ကြိုးစားခဲ့ရပြီး ၂ နာရီ ၃၁ မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ဆိုလိန်းက ၇-၆(၇-၁)၊ ၄-၆၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ကာရ်ဘာရ်မှာ ကွာတားဖိုင်နယ်တွင် အိမ်ရှင်တင်းနစ်မယ် ပက်ထရစ်ရှာ မေအာခ်ျလစ်တနာနှင့် တွေ့ဆုံရမည်ဖြစ်ပြီး ဆိုလိန်းစတီဖင်မှာ ဆွစ်ဇလန်တင်းနစ်မယ် စတီဖာနီ ဗိုဂီလီနှင့် အသီးသီးတွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    skysports
    ________________________

  • ပြဿနာရှောင်ရှားနိုင်ရန် ကျောင်းကုန်းမြို့မှ မွတ်စလင်မ်များ ကုရ်ဗာနီ အီးဒ်နေ့အား ၁ ရက်နောက်ရွှေ့ကာ ပြုလုပ်ကြမည်။

    အောက်တိုဘာ ၁၁၊ ၂၀၁၃
    M-Media
    KK

    7.-Pic-Kyaung-Gone
    ကျောင်းကုန်းမြို့မှ ဗလီဝတ်ကျောင်း (ဓါတ်ပုံ ဧရာဝတီ)

    ကျောင်းကုန်း ။              ။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆူပူအကြမ်းဖက်မှု ဖြစ်စေမည့် ကိစ္စရပ်တစ်ခုပေါ်ပေါက်ခဲ့ပြီး ထပ်မံဖြစ်ပွားမရှိအောင် ထိန်းသိမ်းနိုင်ခဲ့သည့် ကျောင်းကုန်းမြို့တွင် အစ္စလာမ်ဘာသာဝင်များအနေဖြင့် အောက်တိုဘာ ၁၆-ရက်နေ့တွင် ကျရောက်မည့် အီးဒ်နေ့အစား အောက်တိုဘာ ၁၇-ရက်နေ့မှ အီးဒ်နေ့အထိမ်းအမှတ်ပြုလုပ်မည်ဟု သိရှိရပါတယ်။

    အခုလာမယ့် အောက်တိုဘာ ၁၆-ရက်နေ့သည် မွတ်စလင်မ်များ၏ ကုရ်ဗာနီအိဒ်နေ့ဖြစ်ပြီး ကျောင်းကုန်းမှာ သံဃာတော်တွေရဲ့ တရားပွဲနဲ့တိုက်နေတဲ့ အတွက် အောက်တိုဘာ ၁၇-ရက်နေ့သို့  ပြောင်းရန် တိုင်းဝန်ကြီးချုပ်မှ ပြောကြားသည်ဆိုသည့် သတင်းများလည်း ပေါ်ထွက်လာသောကြောင့် ကျောင်းကုန်းမြို့သို့ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

    “ရက်ရွှေ့လိုက်တာတော့ ဟုတ်ပါတယ်။ အာဏာပိုင်ကတော့ ရွှေ့ခိုင်းတာမဟုတ်ပါဘူး။ အခုလို ရက်က ထိတ်တိုက်ဆုံနေတယ်။ မနေ့က ၀န်ကြီးချုပ်လာတော့ ဘာသာပေါင်းစုံနဲ့စုံတယ်။  အစည်းအဝေးလုပ်တယ်။ အခုတရားပွဲက အိဒ်နေ့နဲ့တိုက်နေတယ်။ အဲဒါကို သူတို့ ရွှေ့ဖို့လည်း ကြိုးစားတယ်။ တရားပွဲဖိတ်စာတွေဝေတာ၊ ပြင်ဆင်တာ အားလုံးကလည်း လုပ်ပြီးသားဖြစ်နေတယ်။  ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ မြို့ပေါ်က ဗုဒ္ဓဘာသာဝင်တွေကလည်း တချို့ကပြောတယ် ကုန်ကျစရိတ်ကို သူတို့ပြန်ပေးမယ် တရားပွဲကို ရက်ရွှေ့ဖို့ပြောတယ်။ တချို့က လက်ခံမှုမရှိလို့ သူတို့ Time table အရ လုပ်ရမှာဖြစ်လို့ ဒီရက်ကိုပဲ လုပ်ရမယ်လို့ပြောတယ်။ အုပ်ချုပ်ရေးမှူးကလည်း ကျွန်တော်တို့ကို မေတ္တာရပ်ခံတယ်။”လို့ ကျောင်းကုန်းဒေသခံက ပြောပါတယ်။

    “သူတို့ကတော့ ရွှေ့တာမျိုးမလုပ်ဘူး ကျွန်တော်တို့တွေ ရွှေ့တာ မရွှေ့တာက ကျွန်တော်တို့အပိုင်းလို့ ပြောပါတယ်။ သူတို့ရဲ့ Time Table အရ တခြားမြို့နယ်တွေလည်း ရှိတဲ့အတွက် အခုက ရွှေ့လို့မရဘူး။ ပထမတစ်ကြိမ်တုန်းက သူတို့က ၆-ရက်နေ့ကနေ ၁၆-ရက်နေ့ကို ရွှေ့ထားတာလည်းရှိတယ်။ အီးဒ်နေ့ကိုလည်း သူတို့ သတိမထားဘူးပြောတယ်။

    ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း ဒီလိုပါပဲ ကျောင်းက စာမေးပွဲရက်က အိဒ်နေ့နဲ့တိုက်တယ်။ ဒါပေမယ့် အခုတော့ အီးဒ်နေ့က အားလုံးပိတ်ရက်ဖြစ်နေတော့ ရက်ပြန်ရွှေ့လိုက်တယ်။

    အိဒ်နေ့ကိုတော့ ၀တ်ပြုမယ်ဆိုရင်တော့ လုံခြုံရေးတော့ပေးမှာပါ။ ဒါပေမယ့် အောက်တိုဘာ ၅-ရက်နေ့က ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့က ပြဿနာအကျယ်အကျယ် ပြန်လုပ်ပြန်ဖြစ်လာမှာလည်း မလိုလားဘူး။ ဒါကြောင့် ၀န်ကြီးချုပ်နဲ့ဆုံတဲ့ အစည်းအဝေးခန်းမထဲမှာပဲ မွတ်စလင်မ်ဘက်က တချို့ တိုင်ပင်ဆုံးဖြတ်ပြီး ကျွန်တော်တို့တွေကပဲ အောက်တိုဘာ ၁၇-ရက်နေ့ကို ရွှေ့လိုက်တာပါ”လို့ ကျောင်းကုန်းဒေသခံ တစ်ဦးမှ ထပ်မံ ပြောဆိုပြန်ပါတယ်။

    အစ္စလာမ်သာသနာဝင်များ၏ အထွတ်အမြတ်ထားရာ အီးဒ်အထိမ်းအမှတ်နေ့ထူး ၂-ရက်တည်းသာရှိပြီး ယခု အိဒွလ်အဿွာဟာတစ်ရက်သာ ဘာသာရေးအထိမ်းအမှတ်နေ့အဖြစ် နိုင်ငံတော် အစိုးရမှ အသိအမှတ်ပြု၍ အများပြည်သူ ရုံးပိတ်ရက် သတ်မှတ်ပေးထားခြင်းဖြစ်ရာ ယခုကဲ့သို့ ရက်ရွှေ့ပြောင်းရခြင်းအတွက် စိတ်မကောင်းဖြစ်မိသော်လည်း ကျောင်းကုန်းမှ မွတ်စလင်မ်များအနေနှင့် အကောင်းဆုံးအခြေအနေတစ်ခုကို ဖန်တီးပြုမူလိုက်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

  • ဓာတုလက်နက်ဖျက်သိမ်းရေး (OPCW )အဖွဲ့ ၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ဆွတ်ခူး

    အောက်တိုဘာ၊ ၁၁
    M-Media

    OPCW
    ငြိမ်ချမ်းရေးဆိုင်ရာ နိုဘယ်ဆုကို ယနေ့တွင် ချီးမြှင့်ခဲ့ရာ  ဆီရီးယားနိုင်ငံအတွင်း ဓာတုလက်နက်ဖျက်သိမ်းရေးကို လုပ်ဆောင်နေသည့်  ဓာတုလက်နက်ဖျက်သိမ်းရေးအဖွဲ့(OPCW)က  ဆွတ်ခူးရရှိသွားသည်ဟုသိရသည်။

    နိုဘယ်ဆုချီးမြှင့်ရေးကော်မတီက ဓာတုလက်နက်ဖျက်သိမ်းရေး  ကိစ္စရပ်များအတွက် OPCW အဖွဲ့၏ စွမ်းစွမ်းတမံလုပ်ဆောင်ချက်များအား  ဂုဏ်ပြုသောအနေဖြင့် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    OPCW အဖွဲ့မှာ ဟော်လန်နိုင်ငံ Hague မြို့တွင်အခြေစိုက်သည့်အဖွဲ့ဖြစ်ပြီး  ၁၉၉၇ ခုနှစ် ဓာတုလက်နက်ဖျက်သိမ်းရေးညီလာခံမှတစ်ဆင့်  ပေါက်ဖွားလာခြင်းဖြစ်သည်။ ထိုအဖွဲ့မှ စုံစမ်းစစ်ဆေးရေးမှူးများမှာ  ဆီးရီးယားတွင်ရှိနေသည့် ဓာတ်တုလက်နက်များသိုလှောင်ထားသည့်  ဂိုထောင်များသို့ သွားရောက်စစ်ဆေးကာ ဓာတုလက်နက်ဖျက်သိမ်းရေး  လုပ်ငန်းများကို လုပ်ဆောင်နေသည်။

    Ref: BBC

  • DV 2015 အမေရိကန် ဗီဇာကံစမ်းမဲ အကြောင်းတစေ့တစောင်း

    အောက်တိုဘာ၊ ၁၁
    M-Media
    စုစည်း တင်ဆက်သူ-ကျော်မင်းထွန်း

    Electronic Diversity Visa Lottery Program ( DV 2015 အမေရိကန် ဗီဇာကံစမ်းမဲ )

    Electronic Diversity Visa Lottery - 2013-10-11_12.29.21

    အမေရိကန်နိုင်ငံမှ နှစ်စဉ်ခေါ်ယူနေကျဖြစ်သော DV Program မှ DV 2015 ဗီဇာကံစမ်းမဲ ရွေးချယ်ပေးမှု အစီအစဉ်လေးကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ လျှောက်လွှာတင်ဖို့ စတင်ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့အထိ လျှောက်လွှာများကို နောက်ဆုံးလျှောက်ထားနိုင်ကြောင်းကိုလည်း https://www.dvlottery.state.gov/  တွင်ဖော်ပြပါရှိပါတယ်။

    DV Program အကြောင်းတစေ့တစောင်း

    အမေရိကန်နိုင်ငံမှ Electronic Diversity Visa Lottery Program သည် နှစ်စဉ် ကမ္ဘာတစ်ဝှမ်း လျှောက်ထားသူ များထဲမှ စည်းမျဉ်းနှင့် ကိုက်ညီသောသူ ကံထူးရှင် ၅၀၀၀ – ၅၅၀၀ ကြားကို ကွန်ပျူတာနည်းစနစ်ဖြင့် ရွေးချယ်၍ အမေရိကနိုင်ငံသို့ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးလျှက်ရှိပြီး DV 2015 Visa Program ကိုလည်း ၂၀၁၄ခုနှစ် အောက်တိုဘာလတွင် ရွေးချယ်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ သို့သော် နိုင်ငံအချို့မှ နိုင်ငံသားများကိုမူ ၀င်ရောက်ရွေးချယ်ခွင့်မပြုပဲ ကန့်သတ်ခြင်းခံထားရသော နိုင်ငံများလည်း ရှိနေပါသေးတယ်။

    ယခင်နှစ်များတွင် ရွေးချယ်ခံခဲ့ရသူများ အရေအတွက်ကို လေ့လာကြည့်ရာ မြန်မာနိုင်ငံမှ ရွေးချယ်ခံရသူ အနည်းဆုံးနှစ်တွင် လူပေါင်း(၁၂၀)ကျော်ရှိခဲ့ပြီး အများဆုံး( ၅၀၀ )ကျော် ရွေးချယ်ခံခဲ့ရသည့် နှစ်လည်းရှိကြောင်း သိရှိရပါတယ်။

    မြန်မာနိုင်ငံသားများအနေဖြင့်မူ ကံကောင်းလှစွာ လျှောက်လွှာဖြည့်စွက်၍ ၀င်ရောက်ရွေးချယ်ခံပိုင်ခွင့် ပြုထားတဲ့ နိုင်ငံများစာရင်းတွင် ပါဝင်နေပေရာ ကျနော်တို့လည်း ၀င်ရောက်လျှောက်ထားခွင့်ရှိနေပါတယ်။ အချို့နှစ်များတွင် ရွေးချယ်ခံရသူများကို နေရာထိုင်ခင်း၊ အလုပ်အကိုင် နှင့် ပညာသင်ယူခွင့်များပါ အမေရိကန်အစိုးရမှ စီစဉ်ပေးမှုများ ရှိခဲ့ပေမယ့် ၊ များသောအားဖြင့် မြန်မာနိုင်ငံမှ  ရွေးချယ်ခံခဲ့ရသူ အများစုကတော့ ပြည်ဝင်ခွင့် ဗီဇာရရှိပြီးနောက်ပိုင်းမှာ မိမိတို့ ကိုယ်ပိုင် အစီအစဉ်ဖြင့် သွားရောက် နေထိုင် လုပ်ကိုင် ပညာသင်ယူကျရ ပါတယ်။ ရွေးချယ်ရေးနှင့် ပြည်ဝင်ခွင့်ဗီဇာပေးခြင်း မူဝါဒများမှာ အစဉ်အမြဲမတူညီနိုင်ပဲ အခါအားလျော်စွာ စည်းမျဉ်း သတ်မှတ်ချက်များ ပြောင်းလှဲမူများလည်း တစ်နှစ်နှင့်တစ်နှစ် ကွာခြားမူအဖြစ်ရှိနေတတ်ကြောင်းလည်း သတိပြုမိပါတယ်။

    လျှောက်ထားလိုသူများသည်  သတ်မှတ်ရက်အတွင်း  အင်တာနက်အသုံးပြု၍ အင်တာနက်ဆိုင်များမှဖြစ်စေ မိမိကိုယ်တိုင်ဖြစ်စေ လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ အနိမ့်ဆုံးပညာအရည်အချင်း မူလတန်းအောင် (သို့) ဆယ်တန်း (သို့) တက္ကသိုလ်ဝင်တန်းအောင် (သို့) ဘွဲ့ရများ မည်သူမဆို – အသက် (၁၈)နှစ်ကျော်မှစ၍ မည်သည့် အသက်ရွယ်ထိမဆို လျှောက်ထားနိုင်မည်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ အသက်(၇၀)ကျော် အဘွားအိုမှာ အသက်အကြီးဆုံး ရွေးချယ်ခံခဲ့ရသူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ကြားသိရဖူးပါတယ်။

    * သို့ပေမယ့် အသက်ရွယ်များစွာကြီးနေသူများ ရွေးချယ်ခံရမှုမှာ အလွန်နည်းပါးပြီး အမှန်တကယ်ရွေးချယ်ခံရသူ အများစုကို လေ့လာကြည့်ရာမှာ အသက် (၂၀)ကျော်မှ အသက်(၄၅)၀န်းကျင်အထိ အများဆုံး ဖြစ်ကြောင်း သိရှိရပြီး ပညာအရည်အချင်းတွင်လည်း ဆယ်တန်းအောင် (သို့) ဘွဲ့ရများသာ အများဆုံး ရွေးချယ်ခံရသူ ဖြစ်နေကြောင်း၊ ရွေးချယ်ခံရချိန်တွင် မွေးစာရင်းမူရင်း၊ ဆယ်တန်းအောင် လက်မှတ်မူရင်း၊ နိုင်ငံသား စိစစ်ရေးကဒ်မူရင်း ၊ မိသားစုဝင်များစာရင်း ရေးသားထားသော သန်းခေါင်စာရင်းမူရင်းနှင့် အိမ်ထောင်ရှင်များ အနေဖြင့် လက်ထပ်စာချုပ်မူရင်းတို့က အဓိကကျ မဖြစ်မနေ လိုအပ်ကြောင်းလည်း လေ့လာသိရှိ မှတ်သားမိ ပါတယ်။ *

    မည်သို့ပင်ဖြစ်စေကာမူ အမေရိကန်နိုင်ငံကဲ့သို့ ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးတခုသို့ သွားရောက်ခွင့်၊ နေထိုင်ခွင့် ၊ ပညာသင်ယူခွင့် ၊ အလုပ်လုပ်ကိုင်ခွင့် … နောက်ဆုံး နိုင်ငံသားခံယူနိုင်ခွင့် ဆိုသည့် အိမ်မက်စိတ်ကူးများ လက်တွေ့ကျကျ အကောင်ထည်ပေါ်လာဖို့အတွက်က သာမန်အခြေအနေမျှနှင့် ကျနော်တို့အတွက် မည်သို့မျှမဖြစ်နိုင် မလွယ်ကူနိုင်သော်လည်း နောက်ဆုံးမျှော်လင့်နိုင်စရာ DV 2015 Visa Program လေးက ကျနော်တို့ကို မျက်နှာသာပေး ရွေးချယ်ခဲ့လျှင် အမေရိကန်နိုင်ငံကို အရောက် သွားလို့ ဖြစ်ချင်တဲ့မျှော်လင့်ချက် ပြည့်နိုင်ခွင့်ရနိုင်သေးတဲ့ နည်းလမ်းလေးရှိနေသေးတဲ့အတွက်…

    လျှောက်ထားဖို့ လျှောက်လွှာဖြည့်စွက်တင်ဖို့အတွက်သာ မိသားစုဝင်များကို ဦးစားပေး စဉ်းစားစေလိုပါတယ်။ ရွေးချယ်ခံခဲ့ရရင် ဟိုမှာ အသိမိတ်ဆွေမှ မရှိတာ – ဘယ်လိုလုပ်မလဲ ? ဘယ်လိုနေထိုင်ရမလဲလို့ ? ………… စတာတွေ မလိုအပ်သေးတာတွေ မဖြစ်လာသေးတာတွေ တွေးပြီး လျှောက်လွှာမတင်မိတော့တာမျိုးကိုတော့ လုံးဝ မဖြစ်စေလိုပါဘူး။

    ရွေးချယ်ခံခဲ့ရပြီဆိုလျှင် ဟိုမှာကူညီမယ့် မြန်မာနိုင်ငံသားတွေ … ကျနော်တို့ မိသားစုဝင်တွေ များစွာရှိနေတယ် သူတို့ကူညီပေးလိမ့်မယ်ဆိုတာလေး သတိရပေးလိုက်ပါ။ စိတ်ပိုင်းဖြတ်ပြီးရင် လျှောက်လွှာတင်ဖို့ဆုံးဖြတ်လို့… လျှောက်လွှာတင်ဖို့ စတင်ပြင်ဆင်လိုက်ပါ။

    ကျနော်တို့မိသားစုဝင်တွေထဲက ဘယ်သူပဲဖြစ်ပါစေ … အခု မလေး ၊ စင်ကာပူ၊ ဘရူနိုင်း၊ ကာတာ၊ ကူဝိတ်၊ ယူအေအီး စတဲ့ ဘယ်နိုင်ငံမှာပဲရောက်နေပါစေ… ဘယ်နိုင်ငံမှာပဲ အလုပ်လုပ်နေပါစေ…. DV Program ကို ပါဝင် လျှောက်လွှာတင်လို့ရတဲ့အတွက်… ကြီးမားတဲ့ အခွင့်အရေးတစ်ရပ်ကို ကျနော့်တို့ မိသားစုဝင်တွေအားလုံး လက်လွတ် မခံရစေရန် ကျနော် သိရှိထားသမျှ DV Program အကြောင်းလေး ကို ပြန်လည် မျှဝေပေးလိုခြင်းသာဖြစ်ပါတယ်။

    DV 2015 လျှောက်လွှာတင်ဖို့ လေ့လာ ပြင်ဆင်မယ်

    လျှောက်ထားလိုသူများသည် https://www.dvlottery.state.gov/ တွင် ၀င်ရောက်၍ ပထမဦးစွာ Entry Instructions ကို သေချာစွာ ဖတ်ရှု လေ့လာရန်လမ်းညွှန်ထားပါသည်။ လမ်းညွှန်ချက်များ စည်းမျဉ်းများကို ပိုမိုသိရှိနိုင်ရန် DV-2015 Instructions ကို နှိပ်၍ လေ့လာနိုင်ပါတယ်။

    လျှောက်ထားလိုသူသည် မကြာသေးခင် (၆)လအတွင်း ဒစ်ဂျယ်တယ်စက်ဖြင့် ရိုက်ကူးထားသော ( 600 x 600 pixels ) ရှိ ဓါတ်ပုံတစ်ပုံ လိုအပ်ပါတယ်။ ဓါတ်ပုံရိုက်ပြီးနောက် Photoshop ကဲ့သို့ ဓါတ်ပုံပြင်နိုင်သည့် Software များ အသုံးပြု၍ မည်သည့်ပြုပြင်ခြင်းမျိုးမှ လုံးဝမပြုလုပ်ရပါ။ ဓါတ်ပုံအရွယ်အစား အနေအထားနှင့် လိုအပ်သော သတ်မှတ်ချက် နမူနာပုံမှာ အောက်ဖော်ပြပါ ပုံလေးအတိုင်းကဲ့သို့ ဖြစ်ရပါမယ်။

    DV1
    လျှောက်လွှာဖြည့်သွင်းလိုသူသည် မိမိဓါတ်ပုံကို Scanner ဖြင့် Scan ဖတ်၍ လျှောက်လွှာဖြည့်စွက်ရာတွင် ပူးတွဲရန် မိမိတို့ အသုံးပြုမည့် အင်တာနက်ချိတ်ဆက်ထားသော ကွန်ပျူတာပေါ်သို့ ကြိုတင်ရောက်အောင် စီမံထားရပါမယ်။ အခြား ပိုမိုကောင်းမွန်သောနည်းလမ်းကတော့ ဒစ်ဂျစ်တယ်နည်းစနစ်ဖြင့် ဓါတ်ပုံဆိုင်များတွင် (သို့) မိမိကိုယ်တိုင် ရိုက်ကူးထားသော မိမိဓါတ်ပုံကို Memory Stick ( USB Stick )ဖြင့် ယူဆောင်လာပြီး ကွန်ပျူတာတွင် ထည့်သွင်းအသုံးပြုခြင်းက Scanner ဖြင့် Scan ဖတ်ခြင်းထက် ပိုမိုတိကျကောင်းမွန်ကြောင်း တွေ့ရှိရသဖြင့် အဲဒီနည်းလေး အသုံးပြုဖို့ အကြံပြုလိုပါတယ်။

    လျှောက်ထားလိုသူ၏ ဓါတ်ပုံနှင့်ပတ်သက်၍ အရေးကြီးသော စည်းမျဉ်းနှင့် လမ်းညွှန်ချက်များကို သိရှိရန် Photo Validator ကို ၀င်ရောက်လေ့လာပြီး Photo Validation Instructions ခေါင်းစဉ်အောက်ရှိ လိုအပ်သောညွှန်ကြား ချက်များကို မှတ်သား၍ လျှောက်လွှာတွင် အသုံးပြုမည့် မိမိဓါတ်ပုံနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေး ကြည့်ခြင်း (သို့) ထိုလမ်းညွှန်ချက်များနှင့်အညီ လျှောက်လွှာတွင်အသုံးပြုမည့် ဓါတ်ပုံရိုက်ခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။

    ဓါတ်ပုံကို စစ်ဆေးကြည့်ရန် မဖြစ်မနေလိုအပ်ပါတယ်။ လျှောက်လွှာကို လက်ခံခြင်း ငြင်းပယ်ခြင်းအချက်ဟာ ဓါတ်ပုံ စည်းကမ်းသတ်မှတ်ချက် ကိုက်ညီမှု ရှိ – မရှိဆိုတဲ့ အပေါ်မှာ များစွာမူတည်နေပါတယ်။ အင်တာနက်ဆိုင်များမှ တဆင့်လျှောက်ထားလိုသူများကလည်း မိမိတို့လျှောက်လွှာကို ဖြည့်ပေးမယ့်သူကို မိမိတို့ဓါတ်ပုံကို သတ်မှတ်ချက်နဲ့ကိုက်ညီမှု ရှိ- မရှိ ပထမဦးစွာ စစ်ဆေးဖို့လိုအပ်ကြောင်း အသိပေး သတိပေးပါ။ မိမိကိုယ်တိုင် ဓါတ်ပုံကို စစ်ဆေးမယ်ဆိုရင်တော့ https://www.dvlottery.state.gov/ မှာ Photo Validator ကိုဝင်ရောက်ပြီး  Photograph File Name ဘေးရှိ Browse ကို နှိပ်၍ မိမိအသုံးပြုမည့် ဓါတ်ပုံကို ရွေးချယ်ပါ။ ထို့နောက် အောက်ဖက်ရှိ Check Photo ကို နှိပ်၍ ဓါတ်ပုံကို စစ်ဆေးကြည့်ပါ။

    DV9

    Photo Check Response ဟူသော နောက်စာမျက်နှာတွင် Your Photo Is Valid ဟု စစ်ဆေး အောင်မြင် ကြောင်း အထက်ဖော်ပြပါအတိုင်း ပုံလေးပေါ်လာပါက ထိုဓါတ်ပုံကို လျှောက်လွှာဖြည့်ရာတွင် စိတ်ချစွာ အသုံးပြုနိုင်မည် ဖြစ်ပါတယ်။ သတ်မှတ်ချက်နှင့် မပြည့်စုံသော ဓါတ်ပုံဖြစ်နေပါက Your Picture Must Be 600×600 pixels ဟူ၍ အနီရောင်ဖြင့် အသုံးပြု၍ မရသော ဓါတ်ပုံဖြစ်ကြောင်း သတိပေးပါလိမ့်မယ်။ ဓါတ်ပုံနှင့် ပတ်သက်သော သတ်မှတ်ချက် စည်းမျဉ်းများသည် လျှောက်လွှာဖြည့်သွင်းရာတွင် အရေးကြီးဆုံးသော အစိတ်အပိုင်း ဖြစ်နေပါ သောကြောင့် သတ်မှတ်ချက်နှင့် မပြည့်မှီသော ဓါတ်ပုံများကို လုံးဝအသုံးမပြုမိစေရန် အထူးဂရုပြုစေလိုပါတယ်။

    လျှောက်လွှာတွင် ပူးတွဲရန် ဓါတ်ပုံတစ်ပုံရရှိပြီးလျှင် အောက်ပါအချက်အလက်များ ဖြည့်သွင်းရန် လိုအပ်သဖြင့် ပထမဦးစွာ စာရွက်အလွတ်တရွက်တွင် ကြိုတင်ချရေးထားပါက ပိုမိုကောင်းမွန်၍ အမှားနည်းနိုင်ပါတယ်။

    အမည်  –
    မွေးနေ့သက္ကရာဇ် – ရက် – လ – ခုနှစ် (မွေးစာရင်းစာရွက်တွင်ဖော်ပြထားသော )
    ကျား / မ – ရွေးချယ်ရန် –
    မွေးဖွားရာအရပ်ဒေသ မြို့ / ရွာ –  ( မွေးစာရင်းစာရွက်တွင်ဖော်ပြထားသော မြို့ – ရွာ အမည် )
    မွေးဖွားရာနိုင်ငံ –
    ဆက်သွယ်ရန်လိပ်စာ –
    မြို့အမည် –
    ပြည်နယ် / တိုင်း အမည် –
    မြန်မာနိုင်ငံတကာ ဆက်သွယ်ရေးသင်္ကေတ –
    နိုင်ငံအမည် –
    လက်ရှိနေထိုင်သောနိုင်ငံ –
    ဆက်သွယ်ရန်ဖုန်းနံပါတ် –
    ဆက်သွယ်ရန်အီးမေးလ်လိပ်စာ –
    ပညာအရည်အချင်း –
    အိမ်ထောင်ရေး –
    လျှောက်ထားမှု

    ယခုဖြည့်မယ့် လျှောက်လွှာကို ( First Form ) ပထမဆုံးလျှောက်လွှာလို့ခေါ်ပါတယ်။ ပထမဆုံးလျှောက်လွှာမှာ ( Single – Unmarried) များ တစ်ဦးတစ်ယောက်ခြင်းသီးခြားလျှောက်လွှာတင်နိုင်မယ့်သူများ အပိုင်းကတော့ ရိုးရှင်းပါတယ်။ သို့ပေမယ့် …

    အိမ်ထောင်ရှိသူများအတွက်ကတော့ …

    * မိမိတို့ အိမ်ထောင်ဖက်၏ ဓါတ်ပုံ – အမည် – မွေးနေ့ – မွေးဖွားရာနေရာ – နိုင်ငံများကို ပူးတွဲဖော်ပြ ဖြည့်သွင်းရန် မဖြစ်မနေလိုအပ်ပါတယ်။ သို့မှသာ မိမိရွေးချယ်ခံရလျှင် မိမိနှင့် အတူ အိမ်ထောင်ဖက်ကို တစ်ပါတည်း ခေါ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။

    သားသမီးရှိသူ မိဘများအတွက်ဆိုလျှင်…

    *သားသမီးများအားလုံး၏ ဓါတ်ပုံ – အမည် – မွေးနေ့ – မွေးဖွားရာနေရာ – နိုင်ငံများကို ပူးတွဲဖော်ပြ ဖြည့်သွင်းရန် မဖြစ်မနေလိုအပ်ပါတယ်။ သို့မှသာ မိမိရွေးချယ်ခံရလျှင် အသက်(  ၂၁ )နှစ်အောက် သားသမီးများအနက်မှ အိမ်ထောင်မရှိသော သားသမီးများကို မိမိနှင့်အတူ တစ်ပါတည်းခေါ်သွားနိုင်မှာဖြစ်ပါတယ်။ အကယ်၍ မိမိသားသမီးများသည် အိမ်ထောင်မရှိသေးသော်လည်း အသက်(၂၁)နှစ် ကျော်လွန်နေပါက မိမိတို့ပထမဦးစွာ သွားရောက် နေထိုင်ပြီး နောက်ပိုင်း ၁နှစ်ခန့်အတွင်းတွင် ခေါ်ယူသွားနိုင်မှာလည်းဖြစ်ပါတယ်။ * တကြိမ်တွင် ရွေးချယ်ခံရသော ဖခင်တစ်ဦး၏ သားသမီးများထဲတွင် အသက်(၂၁)နှစ်ကျော်နေသော သား(၁)ဦး ပါဝင်နေခဲ့သော်လည်း တစ်ပါတည်း အတူတူ ခေါ်သွားခွင့်ပြုခဲ့ကြောင်း ကြားသိရဖူးပါတယ်။ * အမေရိကန်သံရုံးမှ ထုတ်ပြန်သော စည်းကမ်းချက်များသည် တစ်နှစ်နှင့်တစ်နှစ် မတူပဲ အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲမှု ရှိတတ်ကြောင်းလဲ သတိပြုမိပါတယ် ။*

    မိဘများအနေဖြင့် မိမိတို့သားသမီးများ၏ အမည်ကို ပူးတွဲဖော်ပြရာတွင် သားသမီးအရင်းများအပြင် အကယ်၍ မွေးစားထားသောသားသမီးများရှိခဲ့လျှင် (သို့) နောက်အိမ်ထောင်ပြုခဲ့၍ နောက်အိမ်ထောင်ဖက်မှ ခင်ပွန်းပါ – ဇနီးမယားပါ သားသမီးများရှိလျှင် (သို့) အဖေတူအမေကွဲ (သို့) အမေတူအဖေကွဲ သားသမီးများရှိလျှင်လည်း အားလုံးပါဝင် ဖြည့်သွင်းနိုင်ပါတယ်။ ဖြည့်သွင်းမှု မပြုလုပ်ထားသော လျှောက်လွှာရှင် မိဘများထဲမှ ရွေးချယ်ခံရလျှင် ဖြည့်သွင်းမှုတွင် မပါဝင်သော သားသမီးများအား တပါတည်း (သို့) နောက်တချိန်ခေါ်ယူရာတွင် များစွာခက်ခဲမှုကြုံတွေ့ရနိုင်ပါသဖြင့် စာရင်းမကျန်အောင် တပါတည်းပူးတွဲဖြည့်သွင်းရန် သတိပြုမိစေလိုပါတယ်။

    အရေးကြီးဆုံးအချက်မှာ လျှောက်ထားလိုသူတစ်ဦးသည် လျှောက်လွှာတစ်စောင်ကို တစ်ကြိမ်သာဖြည့်သွင်း လျှောက်ထားခွင့်ရှိပါတယ်။ တစ်ကြိမ်ထက်လုံးဝမပိုရပါ။ ပိုခဲ့လျှင် လျှောက်လွှာများအားလုံး ပယ်ဖျက်ခံရမှာလည်း ဖြစ်ပါတယ်။

    အိမ်ထောင်ရှိသူများ ရရှိမယ့် အခွင့်အရေးအနေဖြင့် ခင်ပွန်းမှ အိမ်ထောင်ဦးစီးအဖြစ် လျှောက်ထားရာတွင် ဇနီးနှင့် သားသမီးများအားလုံးမှာ မှီခိုသူများအဖြစ် ပူးတွဲလျှောက်ထားနိုင်ပြီး — ဇနီးမှ အိမ်ထောင်ဦးစီးအဖြစ် လျှောက်ထားရာတွင် ခင်ပွန်းနှင့် သားသမီးများအားလုံးမှာ မှီခိုသူများအဖြစ် ပူးတွဲလျှောက်ထားနိုင်ပါတယ်။

    ခင်ပွန်း (သို့) ဇနီး တစ်ဦးဦးမှ မည်သူဖြစ်စေ လျှောက်လွှာ တစ်ယောက် တစ်စောင်စီ မိမိအမည်ဖြင့် မိသားစု တခုလုံးကို ပူးတွဲ၍ လျှောက်ထားဖြည့်သွင်းနိုင်သည့်  အိမ်ထောင်ရှိသူများ သားသမီးရှိသော မိသားစု တစ်စု အတွက် နှစ်ကြိမ် ရွေးချယ်ခံခွင့်(မဲ ၂ မဲ)ရနိုင်မည့် အခွင့်အရေးမျိုး ဖြစ်ပါတယ်။

    ထို့အပြင် အသက်(၁၈)နှစ်ကျော် သားသမီးများအနေဖြင့် မိမိတို့ ကိုယ်တိုင် လျှောက်လွှာတစ်စောင် မိမိအမည်ဖြင့် လျှောက်ထားခွင့် ရှိနေသလို မိမိတို့ရဲ့ မိဘ ၂ပါးမှ လျှောက်ထားခဲ့လျှင်လည်း မိမိတို့ပူးတွဲပါဝင်နေမှာဖြစ်တဲ့အတွက် သုံးကြိမ်ရွေးချယ်ခံခွင့် (မဲ ၃ မဲစာ) အခွင့်အရေး ရရှိမှာလည်း ဖြစ်ပါတယ်။

    အိမ်ထောင်မပြုရသေးသူ ညီလေး – ညီမလေးများ Relationship အခြေအနေကောင်းနေမယ်…  မိမိ နှစ်သက်သူ (သို့) လက်တွဲဖော် (သို့) ရည်မှန်းထားသူ ရှိနေခဲ့မယ်ဆိုလျှင်လဲ …. ဘယ်လို လုပ်ရမလဲလို့??? လုံးဝ လုံးဝ  စိတ်မပူပါနှင့်။ ရွေးချယ်ခံရလို့ အမေရိကန်နိုင်ငံကို ရောက်ရှိသွားပြီး နောက်ပိုင်း ၄ နှစ်ခန့် အကြာတွင် မိမိတို့၏ ရည်မှန်းထားသူ မိမိတို့ဘ၀လက်တွဲဖော်ကို မိမိတို့၏ သတို့သမီး – သတို့သားလောင်း (သို့) စေ့စပ်မှုပြုလုပ် ထားသူ ( Fiancée ) အဖြစ် လွယ်ကူစွာ ခေါ်ယူနိုင် ပါသေးတယ်။  ဟိုရောက်မှ သက်ဆိုင်ရာတရားရုံးတစ်ခုမှာ လက်မှတ်ရေးထိုးလို့ ထိမ်းမြားနိုင်ပြီး မိမိလက်တွဲဖော်ဖြစ်သူအတွက်ကိုလည်း တရားဝင် နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် ရရှိမှာလည်းဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိမှာ တရားဝင် အိမ်ထောင်ပြုခြင်းမရှိသေးပဲ Unmarried အနေအထားမှာ  မိမိလျှောက်လွှာမှာ မိမိလက်တွဲဖော် အမည်ကို ရောဖြည့်လိုက်လို့ Married လို့ဖော်ပြခဲ့မယ်ဆိုရင် တကယ် ရွေးချယ်ခံရတဲ့အချိန်မှာ ထိမ်းမြားစာချုပ်ပူးတွဲ မတင်ပြနိုင်ရင်တော့ နှစ်ဦးစလုံး ထီပေါက်ပေမယ့် ထီလက်မှတ်ပျောက်ကိန်းဆိုက်သွားနိုင်ပါ လိမ့်မယ်။ Single ညီလေး ညီမလေးများ စိတ်ကူးနည်းနည်းလျော့ယဉ်ပြီး တစ်ဦးတည်း ရိုးရှင်းစွာ Unmarried လို့ဖြည့်သွင်းတာက အကောင်းဆုံး ဖြစ်မယ်လို့ထင်ပါကြောင်း မျှဝေပါရစေ…။

     ရွေးချယ်ခံခဲ့ရလျှင် … လိုအပ်တဲ့ဆောင်ရွက်မှုနှင့် ခန့်မှန်းကုန်ကျစရိတ်

    ပြည်တွင်းနေများ လျှောက်လွှာတင်ရာတွင် လူတစ်ဦးလျှင် ဓါတ်ပုံဖိုးနှင့် အင်တာနက်အသုံးပြုခ ကျပ်(၅၀၀၀)ခန့်မှလွဲ၍ အခြားမည်သည့် ကုန်ကျစရိတ်မျှ မရှိပါ။ အခြားတယောက်မှ ကူညီ၍ လျှောက်လွှာတင်ပေးပြီး ကုန်ကျစရိတ် များစွာ ပြန်လည်တောင်း ခံခြင်းမျိုး ဖြစ်တတ်သည် ကြုံနေရသည်ကို ကြားသိနေရသဖြင့်ကို အထူးသတိပြုမိစေလိုပါတယ်။

    ပထမဆုံး ပုံစံဖြည့်လို့ လျှောက်လွှာတင်ပြီး ရွေးချယ်ခံခဲ့ရပြီဆိုရင်တော့ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးမှ ရွေးချယ်ခံရသူ ကံထူးရှင်ရဲ့ လိပ်စာကို စာတိုက်မှတဆင့် (Second Form ) ဒုတိယလျှောက်လွှာ ပို့ပေးလာမှာဖြစ်ပါတယ်။ အဲဒီအချိန်ကျမှ ဒုတိယလျှောက်လွှာပုံစံ စာရွက်တစ်ထပ်မှာ မိမိရဲ့ ကိုယ်ရေးအချက်အလက် – မိသားစု – ပညာအရည်အချင်း စတဲ့ လိုအပ်တာတွေ အားလုံးကို စနစ်တကျ သေသေသပ်သပ် လက်နှိပ်စက်နဲ့နှိပ်ပြီး ရေးဖြည့်ရပါမယ်။ လက်ရေးနဲ့ လုံးဝမရေးရပါ။ ဒုတိယပုံစံဖြည့်ပြီးရင် အဲဒီပုံစံမှာ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ပူးတွဲတင်ပေးရတာလည်းရှိပါမယ်။ မွေးစာရင်း ၊ ဆယ်တန်းအောင် လက်မှတ် ၊ ဘွဲ့လက်မှတ် ၊ မှတ်ပုံတင် ၊ သန်းခေါင်စာရင်း ၊ အိမ်ထောင်ရှိလျှင် လက်ထပ်စာချုပ် စသည့်များကို အင်္ဂလိပ်လိုဘာသာပြန် (Notary)ပြုလုပ်ကာ မိတ္တူများကို ပူးတြွဲပီးရင်တော့ အဲဒီ (Second Form )ကို ပြန်ပို့ဖို့ ညွှန်ကြားစေခိုင်းထားတဲ့ အမေရိကန်နိုင်ငံမှာရှိတဲ့ ရုံးလိပ်စာကို DHL စာပို့လုပ်ငန်းနဲ့ ပြန်ပို့ပေးလိုက်ရပါမယ်။

    * ဒီနေရာလေးမှာ သတိပေးလိုတာ အထူးသတိပြုမိစေလိုတဲ့ အရေးကြီးတဲ့အချက်ကတော့ အချို့သောသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ – အမည် – မွေးနေ့ သက္ကရာဇ် – ရက်စွဲ – လ – ခုနှစ်တွေဟာ မွေးစာရင်း ၊ ဆယ်တန်းအောင် လက်မှတ် ၊ ဘွဲ့လက်မှတ် ၊ မှတ်ပုံတင် ၊ သန်းခေါင်စာရင်း စတဲ့ အရေးပါ စာရွက်စာတမ်းတွေမှာ ပါဝင်နေတဲ့ မွေးနေ့ သက္ကရာဇ် မတူညီတာမျိုး ၊ အကြောင်းအမျိုးမျိုးကြောင့် ရေးသွင်းထားတဲ့ ကိန်းဂဏာန်း လွှဲမှားနေတာမျိုး ဖြစ်နေခဲ့လျှင်လည်း စိတ်မပူပါနဲ့။ မိမိတို့အနေဖြင့် တမင်ရည်ရွယ် ဆောင်ရွက် ထားတာမဟုတ် ပဲ မှတ်တမ်းရေးသွင်းသူများရဲ့ အားနည်းချက်များကြောင့် ဖြစ်ခဲ့ရတဲ့အတွက် အမှန်အတိုင်း အရှိအတိုင်း တင်ပြဖို့ လိုပါတယ်။ အရေးကြီးဆုံးကတော့ အဲဒီမှာ စာရွက်စာတမ်းတွေမှာ အထူးသဖြင့် မွေးနေ့ ရက် – လ – ခုနှစ် မတူတာကို တူအောင် မိမိကိုယ်တိုင် လုံးဝ လုံးဝ သွားမပြင်လိုက်ပါနဲ့။ တရားဝင် ရုံးတွေမှာ ပြင်လို့မရရင်လည်း လုံးဝ မပြင်ပါနဲ့။ နောက်ဆုံး မွေးနေ့ရက်စွဲတွေ ထပ်တူမကျပဲ လွှဲမှားနေခဲ့တယ်ဆိုရင် တရားရုံးတစ်ခုမှာ မိမိမွေးနေ့ရက်စွဲအမှန်မှာ —————- ဖြစ်သည်ဆိုပြီး ကျမ်းကျိန်ပြီး ကျမ်းကျိန်လွှာကို ပူးတွဲတင်ပြနိုင်ပါတယ်။ အထူးသဖြင့် မိမိဆီမှာ လုံးဝမရှိတဲ့ လိုအပ်တဲ့ စာရွက် စာတမ်းတွေကို မရှိခဲ့ရင် မရှိကြောင်း ရိုးရှင်းစွာ ဖော်ပြတင်ပြစေလိုပါတယ်။ အစစ်မဟုတ်တဲ့ အရာများကို ငွေကုန်ခံပြီး ပြုလုပ်လို့ တင်ပြခြင်း ဖော်ပြခြင်းများ လုံးဝ မပြုလုပ်စေလိုပါ။ အတုများကို လုံးဝ မပြုလုပ်ဖို့ ပူးတွဲမတင်ပြဖို့ တိုက်တွန်းရင်း  အရှိကိုအရှိအတိုင်း အစစ်အမှန်များကိုသာ ရိုးသားစွာတင်ပြဖို့ အကြံပြုလိုပါတယ်။ စာရွက်စာတမ်း အချက်အလက်ပြုပြင်မှုများ အစစ်အမှန်မဟုတ်တဲ့ စာရွက်စာတမ်းများ တင်ပြထားခြင်းများကို စစ်ဆေးတွေ့ရှိခဲ့လျှင် နောက်နောင် မိမိတို့အနေဖြင့် အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာကို မည်သည့်နည်းလမ်းနှင့်မျှ ရယူနိုင်တော့မည် မဟုတ်ပဲ Reject လုပ်ခံရပြီး  Visa Black List စာရင်း ၀င်သွားမည်ဖြစ်သောကြောင့်  အထူးသတိပေးရခြင်းဖြစ်ပါသည် *

    ဒုတိယပုံစံ ဖြည့်သွင်းရာမှာတော့ လက်နှိပ်စက်ခ ကုန်မှာဖြစ်သလို DHL နဲ့ ပြန်ပို့ရမှာဖြစ်တဲ့ အတွက် ပို့ခ ကုန်ကျစရိတ် (US$) အနည်းငယ်ရှိပါမယ်။ မွေးစာရင်း ၊ ဆယ်တန်းအောင် လက်မှတ် ၊ ဘွဲ့လက်မှတ် ၊ မှတ်ပုံတင် ၊ သန်းခေါင်စာရင်း ၊ အိမ်ထောင်ရှိလျှင် လက်ထပ်စာချုပ် စသည့်များကို အင်္ဂလိပ်လိုဘာသာပြန် (Notary)ပြုလုပ်ခလည်း ကုန်ကျနိုင်သလို Notary  ပြုလုပ်ရာတွင်လည်း သံရုံးမှအသိအမှတ်ပြု ရှေ့နေကြီးများဆီမှာပဲ ပြုလုပ်သင့်ပါတယ်။ တခြား အပိုကုန်ကျမှု သိပ်မရှိနိုင်ပေမယ့် မဖြည့်တတ်သူများ အကျိုးဆောင်များရဲ့ အကူအညီရယူလိုမယ်ဆိုရင်တော့ ၀န်ဆောင်ခ နည်းနည်းထပ်ကုန်နိုင်ပါတယ်။ ဒုတိယပုံစံဖြည့်ရာတွင် ကူညီပေးသူများ ငွေကျပ်သိန်းများစွာ ၀န်ဆောင်ခယူသူများ လုံးဝမတရားကြောင်းလည်း သတိပြုမိစေလိုပါတယ်။ နယ်မှ မသိနားမလည် လျှောက်လွှာ မဖြည့်တတ်သော ကံထူးရှင်များထံမှ အကျိုးဆောင်ပေးသူအချို့က လျှောက်လွှာဖြည့်ခ သိန်းဆယ်နဲ့ချီယူခြင်းမျိုး ရှိခဲ့ကြောင်းလည်း ကြားသိရဖူးတဲ့အတွက် အထူးသတိထားစေ လိုပါတယ်။ ဒုတိယပုံစုံ (Second Form )ကို သတ်မှတ်ထားတဲ့ ရက်အတွင်း သတ်မှတ်ထားတဲ့ အမေရိကန်နိုင်ငံရှိ ရုံးလိပ်စာကို ပြန်ပို့ပြီးပြီဆိုလျှင် ကံထူးရှင်အနေဖြင့် နိုင်ငံကူးလက်မှတ်( Passport ) မရှိသေးသူဖြစ်ပါက နိုင်ငံကူးလက်မှတ်ကို ( Passport ) ကို ကုန်ကျစရိတ်အချို့ဖြင့် လျှောက်ထားပြီး နောက်ဆုံးလျှောက်လွှာ ( Third Form (or) Final Form ) ပြန်ရောက်လာတဲ့အထိ စောင့်နေရမှာဖြစ်ပါတယ်။

    Final Form နောက်ဆုံးလျှောက်လွှာ ရောက်ရှိလာပြီဆိုရင် ရန်ကုန်ရှိ အမေရိကန်သံရုံးကို ဆက်သွယ်ရမှာဖြစ်ပြီး Final Form ကိုဖြည့်စွက်လို့ နိုင်ငံကူးလက်မှတ်နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းများ မူရင်း + မိတ္တူကို ပူးတွဲပြီး သံရုံးကို တင်ပြရမှာ ဖြစ်ပါတယ်။ သံရုံးမှ လိုအပ်သောအချက်များကို ထပ်မံညွှန်ကြားမှာဖြစ်သလို ကျန်းမာရေးအတွက် စစ်ဆေးခိုင်းခြင်း၊ ဗီဇာအင်တာဗျူးခြင်းအတွက် ရက်သတ်မှတ်ပေးခြင်း၊ အခြားလမ်းညွှန်ချက်များအတိုင်း လိုအပ်မှုများကို မိမိတို့ကိုယ်တိုင် ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

    Final Form နဲ့အတူ ပူးတွဲတင်ပြဖို့ လိုအပ်တဲ့  စာရွက်စာတမ်းများ ၊ ကျန်းမာရေးစစ်ဆေးခြင်းနဲ့ ဗီဇာအင်တာဗျုး ၊ ဗီဇာကြေးများ အတွက်တော့ ငွေကုန်ကြေးကျ ပိုများမှာဖြစ်သလို ခန့်မှန်းကုန်ကျစရိတ် ( US$ 1000 ) ပတ်ဝန်းကျင်ခန့်ဖြစ်နိုင်ပါမယ်။

    ဗီဇာအင်တာဗျုးအောင်မြင်လို့ ဗီဇာရခဲ့ပြီဆိုရင်တော့ အမေရီကန်နိုင်ငံကိုသွားဖို့ လက်မှတ်ဝယ်ဖို့သာ ပြင်ဆင်ရတော့မှာဖြစ်သလို လက်မှတ်ဖိုးကလည်း အသွား – အပြန်ဆိုရင် ခန့်မှန်း ( US$ 1500) ၀န်းကျင်တော့ ရှိနိုင်ပါတယ်။ လက်မှတ်မှာလည်း အသွားခရီးလမ်းတစ်ကြောင်းစာပဲ ၀ယ်ဖို့လိုပေမယ့် အပြန် အတွက်လည်း ဆောင်ထားချင်သေးတယ် ဆိုရင်တော့ နှစ်ကြောင်းစာဝယ်ဖို့သလို ဟိုကိုရောက်လို့ အလုပ်ချက်ချင်းမရသေးခင် ၀င်ငွေမရှိသေးခင် မိမိတို့နေထိုင် သွားလာ စားသောက်ရေး အဆင်ပြေဖို့လည်းလိုအပ်တော့ မိမိလိုအပ်သလောက် ခန့်မှန်းပြီး ကြိုတင် ယူဆောင်သွားသင့်တာလေးတွေလည်း ရှိနေမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းတွင် လက်ရှိနေထိုင်နေသော ရွေးချယ်ခံရသူ ကံထူးရှင်လူတစ်ဦးတစ်ယောက်အတွက်  ကုန်ကျနိုင်သည့် ခန့်မှန်းကုန်ကျစရိတ်ကို ဖော်ပြပေးခြင်းသာဖြစ်ပြီး မိသားစုဝင် လူဦးရေ များနေခဲ့လျှင် လူဦးရေအလိုက် ကုန်ကျစရိတ်ပိုမိုသွားနိုင်မည် ဖြစ်ပါကြောင်း သိရှိထားသမျှလေးကို မျှဝေပါရစေ…။

    အရေးကြီးဆုံး သတိပြုရန်အချက်မှာ လျှောက်ထားလိုသူတစ်ဦးသည် လျှောက်လွှာတစ်စောင်ကို တစ်ကြိမ်သာ ဖြည့်သွင်း လျှောက်ထားခွင့်ရှိပါတယ်။ တစ်ကြိမ်ထက်လုံးဝမပိုရပါ။ ပိုခဲ့လျှင် လျှောက်လွှာများအားလုံး ပယ်ဖျက်ခံရမှာ ဖြစ်ပါတယ်။

    ကျနော် သိရှိ မှတ်သား လေ့လာမိသမျှလေးကို ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။ လိုအပ်ချက်များ – အားနည်းချက်များလည်း မလွဲမသွေရှိနေမှာဖြစ်တဲ့အတွက် ရှိခဲ့ရင်လည်း  ကျနော့်ရဲ့ အပြစ်များသာဖြစ်လို့ ကျေးဇူးပြု၍ ခွင့်လွှတ်နားလည်ပေးစေလိုပါတယ်။ DV – 2015 လျှောက်လွှာကို မိမိကိုယ်တိုင် ဖြည့်သွင်း လျှောက်ထားလိုသူများ အတွက်လည်း အသေးစိပ် လျှောက်လွှာဖြည့်သွင်းပုံလေးအား မကြာမှီ ဆက်လက်ဖော်ပြပေးနိုင်ရန် ကြိုးစားလျှက် ရှိပါကြောင်း…

    ခင်မင်စွာဖြင့်…

     

  • အီးဒ်နေ့အတွက် လုံခြုံရေးစိုးရိမ်၊ ကုရ်ဗာနီ အလှူငွေများကို အကြမ်းဖက်ခံ ဒုက္ခသည်များကို လှူဒါန်းမည်ဟုသိရ

    အီးဒ်နေ့အတွက် လုံခြုံရေးစိုးရိမ်၊ ကုရ်ဗာနီ အလှူငွေများကို အကြမ်းဖက်ခံ ဒုက္ခသည်များကို လှူဒါန်းမည်ဟုသိရ

    အောက်တိုဘာ ၁၁၊ ၂၀၁၃
    M-Media
    သူရိန်

    img444
    ရန်ကုန်   ။      ။        အောက်တိုဘာ ၉ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ အီဒွလ်အသွာဟာ နေ့မြတ်တွင် လုံခြုံရေး အပြည့်အ၀ပေးရန် တင်ပြထားခဲ့ရာ ယခုတိုင် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တစုံတရာ ပြန်ကြားခြင်းမရှိသေးကြောင်း အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှလည်း ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပေ။

    ကုရ်ဗာနီ အလှူရှင်များအနေဖြင့် ယခုနှစ်တွင် လုံခြုံရေးကို အထူးစိုးရိမ်နေကြကြောင်း၊ ကောလဟာလများ လွှင့်ထားခြင်းများရှိကြောင်း၊ အစိုးရပိုင်းအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဆိုပါနေ့တွင် လုံခြုံရေးစီမံထားသင့်ကြောင်း အစ္စလာမ်ဘာသာဝင်များ အကြား ပြောဆိုလျက်ရှိကြသည်။ အစ္စလာမ်ဘာသာသာရေး အဖွဲ့ကြီးအနေဖြင့် အစိုးရက လုံခြုံရေးအပြည့်အ၀ပေးမည်ဟု ယုံကြည်ထားသော်လည်း ကုရ်ဗာနီ အလှူရှင်များအနေဖြင့် စိုးရိမ်သောကများ ရှိနေဆဲပင်ဖြစ်သည်။

    အောက်တိုဘာ ၁၆-ရက်နေ့တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ အီဒွလ်အဿွာဟာ နေ့မြတ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဇုန် ၄ဇုန်ခွဲကာ ကုရ်ဗာနီစွန့်လှူမှု အလှူဒါနကို ပြုလုပ်ခွင့်ပြုကြောင်း အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ သိရသည်။ အဆိုပါ ဇုန် ၄ ဇုန်မှာ (၁) အရှေ့ပိုင်းဇုန် (ဒဂုံမြို့သစ်အရှေ့ပိုင်း-အင်းဝလမ်း ၊ စက်မှုဇုန်၊ ရွာသာကြီးအနီး)၊ (၂) အနောက်ပိုင်းဇုန် (လှိုင်သာယာမြို့နယ်-အပြင်ပဒန် ပန်းလှိုင်မြစ်ကမ်း၊ ပန်းလှိုင်တံတားဘေး-ယခင်နေရာ)၊ (၃) တောင်ပိုင်းဇုန် (ဒလမြို့နယ်၊ ကမာကဆစ်ဗလီးဝင်းအတွင်း)၊ (၄) မြောက်ပိုင်းဇုန် (ထောက်ကြန့်မြို့နယ်- ဘောလုံးကွင်းရပ်ကွက်၊ (၄) လမ်း၊ မြို့ရှောင်လမ်း- နဆင်းဘိုင် နွားခြံ) ဟု အစ္စလာမ် အဖွဲ့ချုပ်ကြီး၏ ကြေညာချက် တစ်ရပ်တွင် ဖော်ပြထားသည်။

    ယခုနှစ် ကုရ်ဗာနီရေးရာ ဗဟိုကော်မတီကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၅ဖွဲ့မှ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇုန် ၄ဇုန် အတွက် ဇုန်ကော်မတီများကိုမူ သက်ဆိုင်ရာ ဗလီအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌများဖြင့် ဖွဲ့စည်းထားကြောင်း ဗဟိုကော်မတီမှထုတ်ပြန်သော ပြန်တမ်းများအရ သိရသည်။ ထို့ပြင် တာမွေမြို့နယ်တွင်လည်း မြို့နယ်အဆင့် အီဒွလ်အသွာဟာနေ့ ကျင်းပရေးကော်မတီကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဌအဖြစ် ပါဝင်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး၊ မြို့နယ်အတွင်းရှိ ဗလီအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ ပါဝင်ဖွဲ့စည်းကာ လုံခြုံရေးအစီအမံများညှိနှိုင်း ပြုလုပ်နေကြောင်း သိရသည်။

    ကုရ်ဗာနီ အလှူပြုလုပ်မည့် အလှူရှင်များမှ ပေးအပ်သော သရေချပ်ဖိုးငွေများကို မိတ္ထီလာနှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အဓိကထား လှူဒါန်းသွားမည်ဟု ဆိုသည်။ ထိုပြင် အဆိုပါ သရေချပ်ဖိုးငွေများကို စာသင်ကျောင်းများ၊ အခြားသော အခြေခံ အဆောက်အဦများ ပြန်လည် တည်ထောင်ရေးအတွက် လျာထားသည် ဟုလည်း သိရသည်။ ကုရ်ဗာနီပြုလုပ်ရန် ဖောင်(လျှောက်လွှာ)များကို အောက်တိုဘာလ ၁၁-ရက်နေ့မှ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း တောင်ပိုင်းခရိုင်ဇုန် ဒလ ကမာကဆစ်ဗလီကော်မတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    အစိုးရ၏ အီဒွလ်အဿွာဟာနေ့ အများပြည်သူ အလုပ်ပိတ်ရက် ကြေညာချက်နှင့် စပ်လျဉ်းပြီး သုံးသပ်သူတစ်ဦးက “အစိုးရက ဖော်ပြတဲ့နေရာမှာ ကျွန်တော်တို့ အီးဒ်နေ့ကို ဘက္ကရီးအီးဒ်ဆိုပြီး သုံးတယ်။ ဘက္ကရီးဆိုတာမျိုးက အခြားဘာသာစကားပါ။ ဒါအင်္ဂလိပ်အစိုးရလက်ထက်မှာ သုံးခဲ့တာပေါ့။ အင်္ဂလိပ် အစိုးရရဲ့ စနက်ပါ။ ဥပမာအားဖြင့် အင်္ဂလိပ်က ကျွန်တော်တို့ကို မဟာမေဒင်လို့သုံးတယ်။ တရားရုံးဥပဒေတချို့မှာ ဒီလိုပဲရှိနေတယ်။ ဒါမှားပါတယ်။ ကျွန်တော်တို့က အစ္စလာမ်ဘာသာပါ။ ဒီလိုပဲပေါ့။ ကျွန်တော်တို့ အစ္စလာမ်က နွားအီးဒ် (ဘက္ကရီး အီးဒ်) လုပ်နေတာ မဟုတ်ဘူး။ အီဒွလ်အဿွာဟာနေ့လို့ ကြေညာရင် လုံလောက်ပါတယ်။ အီးဒ်ဆိုတာ အာရဗီဝေါဟာရအရ အစ္စလာမ့်တရားတော်က ခွင့်ပြုထားတဲ့နေ့ပါ။ မှားယွင်းတဲ့ အသုံးများ သုံးနှုန်းနေခြင်းဟာ ပြည်သူတွေကို ၀ိဝါဒကွဲပြားစေပါတယ်” ဟု ထောက်ပြပြောဆိုခဲ့ပါတယ်။

    အီဒွလ်အဿွာဟာနေ့မြတ်သည် အစ္စလာမ်ဘာသာဝင်များ၏ အထိမ်းအမှတ်နေ့များတွင် တစ်ရက်အပါအ၀င်ဖြစ်ပြီး ကုရ်ဗာနီပြုခြင်းဆိုသည်မှာ တမန်တော်ကြီး အီဗရာဟင်(အ.စ)၏ ထာဝရဘုရားရှင် အလ္လာဟ်အရှင်မြတ်၏ အမိန့်ဖြင့် ပြုလုပ်သော မြတ်သော အလှူဒါနကျင့်စဉ် တစ်ရပ်ဖြစ်သည်။ ယခုအခါ အစ္စလာမ် ဆန့်ကျင်ရေး ပုတ်ခတ်လှုံ့ဆော်မှုများတွင် အီဒွလ်အဿွာဟာနေ့မြတ်နှင့် ကုရ်ဗာနီ အစီအစဉ်များကို တလွဲပုံဖော်လျက်ရှိကြပြီး ဘာသာဝင်ပြည်သူများအကြား ထင်ယောင်ထင်မှား ဖြစ်စေရန် ပြုလုပ်လျက်ရှိကြသည်။ အဆိုပါကိစ္စကို နိုင်ငံတော်အစိုးရအနေဖြင့် ထိန်းမတ်ဆောင်ရွက်သင့်ကြောင်း သက်ဆိုင်ရာ ပြည်သူများက လိုလားလျက်ရှိကြသည်။

    အစ္စလာမ့်အဖွဲ့ကြီးမှ ထုတ်ပြန်ကြေညာထားသော လိုက်နာရန် စည်းကမ်းချက်များ

    1

    2