News @ M-Media

Blog

  • အီဂျစ်အား ပေးအပ်နေသည့် စစ်ရေးအထောက်အပံ့များအား အမေရိကန်ရပ်ဆိုင်း

    အီဂျစ်အား ပေးအပ်နေသည့် စစ်ရေးအထောက်အပံ့များအား အမေရိကန်ရပ်ဆိုင်း

    အောက်တိုဘာ ၁၀၊ ၂၀၁၃
    M-Media

    Untitled

    မွတ်စလင်မ်ဘရားသားဟုဒ် အဖွဲ့ကို ထောက်ခံသူများနှင့် အဏာသိမ်းစစ်အစိုးရအား ထောက်ခံသူအများအကြား အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်က အီဂျစ်စစ်တပ်အား ပေးအပ်နေသည့် အဓိကစစ်လက်နက်ပစ္စည်းများနှင့် ငွေကြေးများ ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။

    အီဂျစ်စစ်တပ်အား နှစ်စဉ်ပေးအပ်နေသည့် ထောက်ပံ့ငွေ ကန်ဒေါ်လာသန်း ၂၆၀ အပါအ၀င် အဆင်မြင့်စစ်လက်နက်ပစ္စည်းထောက်ပံ့နေမှုအား ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ပြီး ထိုကဲ့သို့ ရပ်ဆိုင်းမှုမှာ စစ်တပ်ကအာဏာသိမ်း၍ အုပ်ချုပ်နေသည့် အီဂျစ်နိုင်ငံအတွင်း သီတင်းပတ်ပေါင်းများစွာ ဖြစ်ပွားနေသည့် သွေးမြေကျမှုများနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း အချက်ပြ လိုက်ခြင်းဖြစ်သည်ဟု ၀ါရှင်တန်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ထိုရပ်ဆိုင်းမှုမှာ အမြဲတမ်းမဟုတ်သော်လည်း မျှတ၍ လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရ ထွက်ပေါ်လာ၍ ယုံကြည် စိတ်ချရသော တိုးတက်မှုများကို တွေ့မြင်ရသည့်အချိန်အထိ စောင့်ကြည့်နေမည်ဟု အစိုးရ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန် ပီဆာကီက ထုတ်ပြန်သော အစီရင်ခံစာ တွင်ဖော်ပြထားသည်။

    အီဂျစ်နိုင်ငံမှာ အစ္စရေးပြီးလျှင် အမေရိကန်ထံမှ စစ်ရေးအထောက်အပံ့ အများဆုံးရသော နိုင်ငံဖြစ်ပြီး အပါချီ ရဟတ်ယာဉ်များ၊ F 16 တိုက်လေယာဉ်များ၊ M1A1 တင့်ကား အစိတ်အပိုင်းများ၊ ဟာပွန်ဒုံကျည်များ အစရှိသဖြင့် အဆင့်မြင့် စစ်လက်နက်များ ပါဝင်သည်ဟု တာဝန်ရှိသူများက သတင်းထောက်များအား ပြောကြားခဲ့သည်။
    Ref : channelnewsasia

  • အင်ဒိုနီရှားနိုင်ငံသို့ ရေပိုင်နက် ကျူးကျော်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံရသော မြန်မာရေလုပ်သားများ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိ

    အင်ဒိုနီရှားနိုင်ငံသို့ ရေပိုင်နက် ကျူးကျော်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံရသော မြန်မာရေလုပ်သားများ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိ

    စက်တင်ဘာ-၁၀၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    ရန်ကုန်  ။        ။      အင်ဒိုနီရှားနိုင်ငံ၊ ဆာတန်း ဆိပ်ကမ်းမြို့တွင် ရေပိုင်နက် ကျူးကျော်၍ ငါးဖမ်းမှုဖြင့် ထိန်းသိမ်းခံနေရသော မြန်မာရေလုပ်သားများသည် စက်တင်ဘာ ၉-ရက်နေ့၊ မွန်းတည့် ၁၂-နာရီက မင်္ဂလာဒုံ လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။

    “ထိုင်းနိုင်ငံက သင်္ဘောမှာ သူ့နည်းသူ့ဟန်နဲ့ တရားဝင်ရော တရားမ၀င်ရော သွားလုပ်နေကြတယ်။ အဲဒီတော့ အဲဒီ့နိုင်ငံက ငါးဖမ်း သဘောင်္ပိုင်ရှင်က သူကလည်း ငါးရှိတဲ့နေရာကို လိုက်ရှာမယ်။ ရှာတော့ အခြားနိုင်ငံရဲ့ ရေပြင်ကို သွားတော့ အဲဒီနိုင်ငံရဲ့ဥပဒေအရ အရေးယူ ခံရမယ်။ ဒါတွေ ဘာကြောင့် ဖြစ်နေတာလဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းသေးလို့ ၊ အလုပ်အကိုင် ရှားပါးလို့ အခုလို အခြားနိုင်ငံမှာ သွားလုပ်နေကြရတာ ဖြစ်တယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒု-ဥက္ကဌ ဦးကြီးငွေက M-Media သို့ပြောကြားလိုက်သည်။

    မြန်မာပြည်တွင် အလုပ်ကြမ်း လုပ်ကိုင်သူများမှာ တနေ့လျှင် ၀င်ငွေ-၁၅၀၀၊ ၂၀၀၀-ခန့်သာရရှိ၍ မိသားစု စားဝတ်နေရေး မပြေလည်ကြောင်း၊ ၀င်ငွေ ပိုရသော ဆီသို့ နည်းလမ်းပေါင်းစုံနှင့် သွားရောက် လုပ်ကိုင်နေကြကြောင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်များတွင် အမျိုးသားများမှာ တစ်ဖက်ကမ်းမှာ ရှိသော အခြားနိုင်ငံမှာ သွားအလုပ် လုပ်ကိုင် နေကြသည်ကို တွေ့ရှိရကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

    “ထိုင်းနိုင်ငံ ငါးဖမ်းစက်လှေပေါ်ကို လူမှောင်ခို ပွဲစားတွေက ရောင်းစားခဲ့တယ်။ လုပ်ခ ကောင်းကောင်းမရဘူး။ ကမ်းကို ဆင်းခွင့်မပေးဘူး။ သဘောံ ပေါ်မှာ တော်တော်ဒုက္ခရောက်ရတယ်။ ဒုက္ခရောက်လို့ ကိုယ့်နိုင်ငံ ပြန်ချင်တယ် မလုပ်ချင်တော့ဘူး ဆိုရင်လည်း ငြင်းလို့မရဘူး။ နိုင်ငံရပ်ခြားဆိုတာကြီး ကို ကြောက်သွားပါပြီဗျာ။ ဒီမှာပဲ ရရ အလုပ်လုပ်ပြီး မိသားစုနဲ့ မခွဲမခွာနေတော့မယ်” ဟု ကော့သောင်းမြို့က ရေလုပ်သား တစ်ဦး ဖြစ်သော ကိုမိုးသက်က M-Media သို့ပြောသည်။

    မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ” ကိုယ့်နိုင်ငံသားတွေ သူများနိုင်ငံမှာ ဒုက္ခရောက်ရတဲ့ အဖြစ်မျိုး၊ မသိနားမလည်ဘဲ ပြစ်မှု ကျူးလွန်မိတဲ့ အဖြစ်မျိုး မဖြစ်စေချင်ဘူး။ အထူးသဖြင့် ပြည်ပနိုင်ငံတွေမှာ ပြစ်ဒဏ်ချခံရတဲ့အဖြစ်မျိုး၊ နောက် သူများ နှိပ်စက်ခံရတဲ့ အဖြစ်မျိုး မဖြစ် စေချင်ဘူး” ဟု မီဒီယာ များသို့ ပြောသည်။

    “သဘောင်္ပေါ်မှာ အလုပ်လုပ်တာ ၁၁-ရက်လောက်ပဲ ရှိသေးတယ်။ ရေပိုင်နက် ကျူးကျော်လို့ အင်ဒိုနီးရှားနိုင်ငံက ထိန်းသိမ်းခဲ့တယ်။ ကျွန်တော်တို့ ကတော့ ပိုက်ချ ငါးရွေး အလုပ်ကို လုပ်ရတာ ဆိုတော့ သူများ ရေပိုင်နက်ထဲ ရောက်တယ်၊ မရောက်ဘူး ဆိုတာကို မသိပါဘူး။ အဆက်အသွယ် မရလို့ အင်ဒိုနီရှား ကျွန်းမှာ ၈-လလောက် နေခဲ့ရတယ်။ ဒုက္ခရောက်တဲ့အချိန်မှာ နိုင်ငံတော် အစိုးရ ကူညီလို့ ပြန်ရောက်ခဲ့တာပါ။”

    ယင်း ရေလုပ်သားများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တို့မှ သွားရောက်တွေ့ဆုံ ကြိုဆို၍ ၎င်းတို့နေထိုင်ရာ အရပ်ဒေသ အသီးသီးသို့ ပြန်လည် ရောက်ရှိရေး အတွက် ကိုယ်စားလှယ်များထံ အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

    တနလာင်္ရီတိုင်းမှ ရေလုပ်သား ၁၂-ဦး၊ ပဲခူးတိုင်းမှ ၆-ဦး၊ မွန်ပြည်နယ်မှ ၅-ဦး၊ ကရင်ပြည်နယ်မှ ၄-ဦး၊ ဧရာဝတီတိုင်းမှ ၃-ဦး၊ မန္တလေးတိုင်းမှ ၁-ဦး၊ မကွေးတိုင်းမှ ၁-ဦး၊ ရန်ကုန်တိုင်းမှ ၅-ဦး၊ စုစုပေါင်း (၃၇)ဦး ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

    အင်ဒိုနီးရှား အစိုးရ အနေဖြင့် လူဝင်မှု ထိန်းသိမ်းရေး စခန်းတွင် ထိန်းသိမ်းခြင်း ခံနေရသော မြန်မာနိုင်ငံသား ရေလုပ်သားများကို ဖမ်းဆီး အရေးယူ ခြင်း မပြုဘဲသက်ဆိုင်ရာ မြန်မာသံရုံးများသို့ အကြောင်းကြားကာ တွေ့ဆုံညှိုနှိုင်း၍ ၎င်းတို့ကို ပေးအပ်ခဲ့ကြောင်း၊ နိုင်ငံတော် အစိုးရ အနေဖြင့် ကုန်ကျ စရိတ်များကို နိုင်ငံတော်မှ ကျခံ ပေးခဲ့ကြောင်းလည်း သိရသည်။

  • ကုရ်ဘာနီအီးဒ်ပွဲတော်ကို နှစ်စဉ်အစဉ်အလာ မပျက်ပြုလုပ်နိုင်ရန် လုံခြုံရေးတောင်းခံ

    အောက်တိုဘာ ၁၀၊ ၂၀၁၃
    M-Media
    အငယ်လေး

    ရန်ကုန်  ။       ။     အောက်တိုဘာ ၁၆-ရက်နေ့တွင် ကျရောက်မည့် အီဒွလ်အဿွာဟာ (ကုရ်ဘာနီအီးဒ်)ပွဲတော်အား ယခင်ကဲ့သို့ နှစ်စဉ် အစဉ်အလာမပျက် အေးချမ်းအောင်မြင်စွာ ပြုလုပ်နိုင်ရန်အတွက် လုံခြုံရေးတိုးမြှင့်ပေးရန် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တောင်းဆိုလိုက်ကြောင်းသိရသည်။

    ရန်ကုန်မြို့တွင် ကုရ်ဘာနီပြုရန်တွက် (၁) အရှေ့ပိုင်းဇုန် (ဒဂုံမြို့သစ်အရှေ့ပိုင်း-အင်းဝလမ်း ၊ စက်မှုဇုန် ၊ ရွာသာကြီးအနီး)၊ (၂) အနောက်ပိုင်းဇုန် (လှိုင်သာယာမြို့နယ်-အပြင်ပဒန် ပန်းလှိုင်မြစ်ကမ်း၊ ပန်းလှိုင်တံတားဘေး-ယခင်နေရာ)၊ (၃) တောင်ပိုင်းဇုန် (ဒလမြို့နယ်၊ ကမာကဆစ်ဗလီးဝင်းအတွင်း)၊ (၄) မြောက်ပိုင်းဇုန် (ထောက်ကြန့်မြို့နယ်- ဘောလုံးကွင်းရပ်ကွက်၊ (၄) လမ်း၊ မြို့ရှောင်လမ်း- နဆင်းဘိုင် နွားခြံ)ဟု ဇုန်(၄)ဇုန် သတ်မှတ်ပြုလုပ်ရန် သင့်လျော်ကြောင်းနှင့် ယခုဖြစ်ပေါ်လျှက်ရှိသော အခြေအနေများကြောင့် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသော အီဒွလ်အဿွာဟာ (ကုရ်ဘာနိအီးဒ်) ပွဲတော်အား အေးချမ်းအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေး အထူးတိုးမြင့်ဆောင်ရွက်ရန် လိုအပ်နေပါကြောင်း အရေးတကြီး တင်ပြတောင်းဆိုလိုက်ကြောင်းသိရသည်။

    img444 img445

  • မွတ်စ်လင်မ်များ ဟဂ်ျကို ကြိမ်ဖန်များစွာ မပြုလုပ်ရန် မုဖ်သီချုပ်မှ ဆော်သြ

    အောက်တိုဘာ၊ ၁၀
    M-Media

    Sheikh Abdul Aziz Al-Asheikh

    ဘ၀သက်တမ်း၌ ပထမဦးဆုံးအကြိမ် ဟဂ်ျပြုသူများအတွက် လွယ်ကူချောမွေ့စေရေး အခွင့်အလမ်းကို ဖော်ဆောင်ပေးသော အားဖြင့် ဟဂ်ျပြုဖူးပြီးသော မွတ်စ်လင်မ်များ အနေနှင့် ယခုရာသီတွင် ဟဂ်ျခရီးစဉ် လာရောက်မှုကို ရှောင်ရှားကြပါရန် မုဖ်သီ ချုပ်ကြီး ရှိုင်းခ် အဗ်ဒုလ် အဇီးဇ် အလ်အရှ်ရှိုင်းခ်မှ ဆော်သြထားသည်။

    ဟဂ်ျပြုဖူးသူများသည် ဟဂ်ျခရီးစဉ်အတွက် (ထပ်မံ)အသုံးပြုမည့်ငွေကြေးများကို ဒုက္ခရောက်အခက်အခဲဖြစ်နေသူများထံ လှူဒါန်းပေးကမ်းကြရန် လမ်းညွှန်လိုက်ပါသည်။

    မက္ကဟ်မြို့ရှိ ဟဂ်ျရေးရာဝန်ကြီးဌာနမှ စီစဉ်သော ကွန်ဖရင့်၌ “ လူတစ်ဦးအဖို့ တစ်သက်မှာတစ်ကြိမ်သာ ဟဂ်ျပြုခြင်းက မပြုမနေရတာဝန် ဖြစ်တယ်။ တမန်တော်မြတ် မုဟမ္မဒ် ( ငြိမ်းချမ်းမှုနှင့်ကောင်းချီးမင်္ဂလာသက်ရောက်စေသား ) ဟာ ဟဂ်ျကို တစ်ကြိမ်တစ်ခါတည်းသာ ပြုလုပ်ဆောင်ရွက်တော်မူခဲ့ပါတယ်။ လူတိုင်း ဟဂ်ျမှာ ပါဝင်နိုင်အောင်လို့ မွတ်စ်လင်မ်တွေအနေနဲ့ ဒီစည်းမျဉ်းကို လိုက်နာရမှာဖြစ်ပါတယ် ” ဟု သူက မိန့်ခွန်းပေးခဲ့သည်။

    မည်သို့သောလူစားပင်ဖြစ်စေကာမူ သူ့ဘ၀တစ်သက်တာ၌ ဟဂ်ျတစ်ကြိမ်ပြုပြီးပါက တာဝန်ဝတ္တရားမှာ အထမြောက်ပြီးစီး သွားပြီဖြစ်ကြောင်း၊ ထပ်ဖန်တလဲလဲ ပြုလုပ်ရန် မလိုအပ်ကြောင်း၊ အထူးသဖြင့် ကမ္ဘာ့ဒေသအနှံ့အပြားမှ လာရောက်ကြသည့် ဘုရားဖူးဦးရေမှာ ဤနှစ်များအတွင်း အလွန်များပြားလာကြောင်း စသည်တို့ကိုလည်း ထည့်သွင်းပြောကြားသွားသည်။

    Ref: arabnews

  • Pathein: မွတ်စလင်မ်တို့၏ အီးဒ်နေ့၌ ပုသိမ်တွင် ၉၆၉ တရားပွဲ စီစဉ်မှုကြောင့် ဒေသခံများ စိုးရိမ်နေ

    အောက်တိုဘာ ၁၀
    M-Media
    သုတ

    MaHa Na

    ပုသိမ် ။          ။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် ၉၆၉ တရားပွဲပြုလုပ်မည့်ရက်မှာ မွတ်စလင်မ်တို့၏ အီးဒ်နေ့ကျရောက်သော အောက်တိုဘာ ၁၆-ရက်နေ့ကို စီစဉ်နေသည်ဟု သိရသဖြင့် ဒေသခံများမှ စိုးရိမ်မှုများ ရှိနေတယ်လို့ သိရပါတယ်။

    အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ပုသိမ်မြို့သို့ ဆက်သွယ်စုံစမ်းခဲ့ရာ ၉၆၉-တရားပွဲအား အောက်တိုဘာ ၁၆-ရက်နေ့တွင် ကျရောက်သော အီးဒ်နေ့နဲ့ တိုက်ဆိုင်ပြီး ပြုလုပ်ရန် စီစဉ်နေကြောင်းကြားသိရပြီး ၁၆-ရက်နေ့ လုပ်မည်ဟု အတိအကျ မသိရသေးသော်လည်း ၎င်းနေ့တွင် လူစုလူဝေးဖြင့် အကြမ်းဖက်မှုများပြုလုပ်ရန် လှုံ့ဆော်လာမည်ကို စိုးရိမ်နေကြကြောင်း ပြောပါတယ်။

    ထို့ပြင် အီးဒ်နေ့နှင့် ပတ်သက်ပြီး ခရိုင် အုပ်ချုပ်ရေးမှူးမှ စည်းကမ်းချက်များ ထုတ်ပြန်ထားရာတွင်လည်း “ယဇ်ပူဇော်မည့် သားကောင်” ဆိုသည့်စကားလုံးကို ရှေးယခင်နှစ်များက မသုံးဘဲ ယခုနှစ်မှ ထပ်ပြန်တလဲလဲ သုံးနှုန်းထားသည်မှာ မွတ်စလင်မ် မဟုတ်သော အခြားဘာသာဝင်များ ပိုမိုအမြင်စောင်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားသလို ဖြစ်နေကြောင်း၊ မိမိတို့ကိုးကွယ်ရာ ဖန်ဆင်းရှင်ကို ယဇ်ပူဇော်ရန် မလိုအပ်ကြောင်း၊ ကုရ်ဘာနီ ပြုလုပ်ခြင်းမှာ မိမိတို့ ကိုးကွယ်ရာ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံခြင်းဖြစ်ကြောင်း၊ မရှိ ဆင်းရဲသားများကို လှူဒါန်းရန်ဖြစ်ကြောင်း ဒါကြောင့် ယခုကဲ့သို့ အသုံးအနှုန်းမျိုး လုံးဝ မသုံးနှုန်းသင့်ဘူးဟု ပုသိမ်မြို့ခံများက ဆိုပါတယ်။

    ဇူလိုင် ၁၅-ရက်တွင်ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ၄၇-ပါ စုံညီ ဒုတိယအစည်းအဝေးတွင်  ဗုဒ္ဓဘာသာ၏ အမှတ် တံဆိပ်အဖြစ် ၉၆၉ ကို အသုံးပြုလှုပ်ရှားနေခြင်းနှင့် သံဃာ့ကွန် ရက်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေခြင်းသည် သံဃမဟာ နာယကအဖွဲ့မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ ဥပဒေများအရ ဖွဲ့စည်းဆောင်ရွက်ခွင့် မရှိကြောင်း နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က  သြဂုတ် ၁၄-ရက် ညွှန်ကြားချက် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

     

    Image: 7-Day Daily