News @ M-Media

Blog

  • မွတ်စလင်မ်တို့၏ အီးဒ်နေ့ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ကြေညာ

    အောက်တိုဘာ ၁၀၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    eid

    ရန်ကုန် ။          ။အောက်တိုဘာ ၁၆-ရက်နေ့သည် အစ္စလာမ်သာသနာဝင်များ၏ အီးဒ်နေ့ အထိမ်းအမှတ်ဖြစ်သည့်အတွက် အများပြည်သူများ အလုပ်ပိတ်ရက်အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်သည်။

    အဆိုပါ ကြေညာချက်တွင် ၂၀၁၃-ခုနှစ်၊ အောက်တိုဘာလ ၁၆-ရက် (၁၃၅၇-ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂-ရက်) ဗုဒ္ဓဟူးနေ့သည် အီဒွလ်အဿွာဟာ (ဘက္ကရီအိဒ်)နေ့ ဖြစ်သည့်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးဇော်သန်းသင်းမှ  အမိန့်ကြော်ငြာစာအမှတ် ၆၆/၂၀၁၃ ဖြင့် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရှိရပါသည်။

    အဆိုပါ အီဒွလ်အဿွာဟာ (ဘက္ကရီးအိဒ်)နေ့သည် အစ္စလာမ်သာသနာဝင်တို့ အလေးအမြတ်ထားရာ နှစ်စဉ် ကြရောက်သော အီးဒ်နေ့ နှစ်ရက်ဖြစ်သည့် အီဒွလ် ဖိသိရ်  (ဥပုတ်ထွက်- မုန့်အီးဒ်) နှင့် အီဒွလ်အဿွာဟာ ၂-ရက်ထဲမှ ၁-ရက်လည်း ဖြစ်ပါသည်။
    နိုင်ငံတော်အခြေခံဥပဒေတွင် နိုင်ငံတော်အတွင်း တည်ရှိသော ဘာသာများအဖြစ် အသိအမှတ်ပြုထားသော လူနည်းစု ဘာသာများဖြစ်သော အစ္စလာမ်ဘာသာ အတွက် အီဒွလ်အဿွာဟာ (ဘက္ကရီအိဒ်)နေ့ ၊ ခရစ်ယာန် ဘာသာ အတွက် ခရစ်စမတ်နေ့၊ ဟိန္ဒူဘာသာသာနာ အတွက် ဒေပါဝါလီနေ့တွင် အစိုးရ၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပါသည်။

  • အစိုးရမှ ဆရာဝန် (၁၀၁၀) ဦးအား Black List မှ ပယ်ဖျက်ပေး

    အစိုးရမှ ဆရာဝန် (၁၀၁၀) ဦးအား Black List မှ ပယ်ဖျက်ပေး

    အောက်တိုဘာ၊ ၁၀
    M-Media

    ကျန်းမာရေးဝန်ကြီးဌာနမှ Black List သတ်မှတ်ထားသူများအနက် ဆရာဝန် (၁၀၁၀) ဦးအား ပြည်ထောင်စုအစိုးရအဖွဲ့ Black List မှ ပယ်ဖျက်ပေးလိုက်ကြောင်း သမ္မတရုံး ဝဘ်ဆိုဒ်မှ သတင်းထုတ်လိုက်ပါတယ်။

    နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း အလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များအား အကြောင်းအမျိုးမျိုးကြောင့် ယခင်က Black List သတ်မှတ်ရေးသွင်းပြီး ကန့်သတ်မှုများ ဆောင်ရွက် ထား ရှိခဲ့သော်လည်း ယခုအခါ ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ဖြေလျော့ဆောင်ရွက်ပေးသည့် အားလျော်စွာ Black List များကို ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်ကြောင်းကို သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

    Black List မှ ပယ်ဖျက်ပေးသည့် ဆရာဝန် (၁၀၁၀) ဦး၏ အမည်စာရင်း အောက်ပါလင်ခ် တွင် ကြည့်နိုင်ပါတယ်။
    Google Doc Link >> http://goo.gl/AdxCvn

    Ref: နိုင်ငံတော် သမ္မတရုံး ဝဘ်ဆိုဒ်

  • လူရယ်လို့ ဖြစ်လာရင် ဆင်းရဲ ချမ်းသာ၊ လူမျိုးဘာသာ မခွဲခြားပဲ အများအကျိုးကို  လုပ်ဆောင်သင့်တယ်ဆိုတဲ့ သစ္စာကွန်ရက်

    လူရယ်လို့ ဖြစ်လာရင် ဆင်းရဲ ချမ်းသာ၊ လူမျိုးဘာသာ မခွဲခြားပဲ အများအကျိုးကို လုပ်ဆောင်သင့်တယ်ဆိုတဲ့ သစ္စာကွန်ရက်

    အောက်တိုဘာ ၁၀၊ ၂၀၁၃
    M-Media
    တွေ့ဆုံမေးမြန်းသူ – ဆူးထက်

    သစ္စာကွန်ရက် ဒါရိုက်တာ ကိုခွန်းကြည်စိုး

    ရန်ကုန် ။         ။ သစ္စာကွန်ရက် လူမှု အကျိုးပြု စီးပွားရေး လုပ်ငန်းစုမှ မြောက်ဥက္ကလာမြို့နယ်ရှိ ဘာသာပေါင်းစုံ အသေးစား စီးပွားရေး လုပ်ကိုင်သူများကို ရင်းနှီး မတည်ငွေ အစုရှယ်ယာများကို စက်တင်ဘာ ၃၀ ရက်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည့်အတွက် မြန်မာ မွတ်စလင်များ စုစည်း၍ ဖွဲ့စည်းကာ လူ့ဘောင် သာယာရေးအတွက် လူမူ့အကျိုးပြု လုပ်ငန်းများကို တစ်ဒေါင့်တစ်နေရာမှ ဆောင်ရွက်နေသော သစ္စာကွန်ရက် လူမှု အကျိုးပြု လုပ်ငန်းမှ ဒါရိုက်တာ ကိုခွန်းကြည်စိုး အား M-Media မှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    M-Media – အကိုတို့ အနေနဲ့ အစုရှယ်ယာကို ဘယ်လို စီးပွားရေး လုပ်ကိုင်နေသူတွေထဲကို ထည့်ဝင်တာပါလဲ။
    သစ္စာ – အသေးစား စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသူတွေ ဖြစ်တဲ့ အသုပ်ဆိုင်၊ အကင်ဆိုင်၊ အိမ်ဆိုင်လေးတွေကို ဖွင့်တဲ့သူကို လုပ်ပေးတာ ဖြစ်ပါတယ်။

    M-Media – အဲဒီလို လုပ်ကိုင်သူတွေထဲက ဘယ်လူမျိုး ဘယ်ဘာသာကို ပေးမယ်။ ဘယ်လို အလုပ်လုပ်သူကိုပေးမယ်လို့ ရွေးချယ်ပြီး ပေးခဲ့တာမျိုး ရှိပါသလား။
    သစ္စာ – ကျွန်တော်တို့ အခုပေးလိုက်တာ ၃၆-ယောက်ပါ။ လူမျိုးဘာသာ ခွဲခြားမှု မရှိပါဘူး။ ဗုဒ္ဓဘာသာက ၃၀-ယောက်၊ မွတ်စလင်မ်က ၄-ဦး၊ ဟိန္ဒူက ၂-ဦး ပါဝင်ပါတယ်။ တစ်ခုတော့ ရှိတယ် ဘယ်လိုအလုပ်လုပ်သူ ရွေးချယ်ပြီး ပေးခဲ့လဲဆိုရင် ဆင်းရဲ နွမ်းပါးပေမယ့် ရိုးရိုးသားသား လုပ်ကိုင် စားသောက်သူတွေကို ပေးခဲ့တာပါ။ အများကြီးလည်း မတတ်နိုင်သေးတော့ အဲဒီထဲက ပိုပြီး လိုအပ်တဲ့သူကို ထပ်ရွေးချယ်ရတာ ဖြစ်ပါတယ်။

    M-Media – အကိုတို့က ပိုက်ဆံကို ချေးတာလား။
    သစ္စာ – ချေးတာ မဟုတ်ဘူး ခင်ဗျ။ သူတို့လုပ်တဲ့ လုပ်ငန်းမှာ ရှယ်ယာ ထည့်တာ ဖြစ်ပါတယ်။

    M-Media – ရှယ်ယာထည့်ပြီး အကိုတို့က ဘယ်လို အကျိုးအမြတ် ပြန်ယူလဲ မသိဘူး။
    သစ္စာ – ကျွန်တော်တို့က တစ်ခါ ရှယ်ယာထည့်ရင် သုံးသောင်း လေးထောင် ထည့်ပေးလိုက်ပြီး သူတို့က တစ်နေ့ ၅၀၀ ပြန်သွင်းရတယ်။ ရက်-၉၀
    ပြည့်သွားရင် လေးသောင်းခွဲ ဖြစ်သွားတယ်။ လေးသောင်းခွဲ ရတဲ့ အချိန်မှာ မူလ ရှယ်ယာ သုံးသောင်း လေးထောင်၊ တစ်သောင်း နှစ်ထောင် အမြတ်မှာ
    သူတို့က ရှစ်ထောင် မြတ်တယ်။ ကျွန်တော်တို့က သုံးထောင်မြတ်တယ်။ အကြွေးပုံစံမျိုး စဉ်းစားမယ် ဆိုရင် အကြွေးလည်း ကြေသွားမယ်၊ အမြတ်လည်း
    ရမယ်။

    M-Media – အကိုတို့ သူတို့ဆီက ယူလိုက်တဲ့ အမြတ်ငွေ ကြတော့ အကိုတို့ ဘယ်လို ပြန်ပြီး သုံးစွဲလဲ မသိဘူး။
    သစ္စာ – အဲဒီ အမြတ်ငွေတွေကို ကျွန်တော်တို့က နောက်တစ်ရင်းအတွက် သုံးတယ်။ ရံဖန်ရံခါ အလှူပွဲတွေ လုပ်တဲ့ အခါမှာလည်း သုံးတယ်။

    M-Media – အကိုတို့ ဒီတစ်ခါနဲ့ဆို ဘယ်နှစ်ကြိမ်မြောက် ဖြစ်ပါသလဲ။
    သစ္စာ – ကျွန်တော်တို့က ၂၀၁၁-ခုနှစ် နှစ်ကုန်ပိုင်းလောက် ကတည်းက စတင် လုပ်ဆောင်ခဲ့တာပါ။ ၃-လတစ်ကြိမ် ပုံမှန် လုပ်ဖြစ်ပါတယ်။ အမှန်ဆို လတိုင်း လုပ်ချင်ခဲ့တာပါ။ အခြေအနေ မပေးသေးလို့ပါ။ အခု မြောက်ဥက္ကလာမှာ လုပ်ခဲ့တာ ဆိုရင် ၅-ကြိမ်မြောက် ဖြစ်ပါတယ်။

    M-Media – အခြား ဘယ်မြို့နယ်တွေမှာ လုပ်ဖြစ်သေးလဲ မသိဘူး။
    သစ္စာ – တောင်ဒဂုံ၊ သာကေတ အဲဒီဘက်တွေမှာလည်း လုပ်ဖြစ်ပါတယ်။

    သစ္စာကွန်ရက် လုပ်ငန်းစဉ် ဆွေးနွေးစဉ်
    သစ္စာကွန်ရက် လုပ်ငန်းစဉ် ဆွေးနွေးစဉ်

    M-Media – အကိုတို့ ဒီလုပ်ဆောင်ချက်ကို ဘာကြောင့် လုပ်ဖြစ်တယ်ဆိုတာလေး ပြောပြပေးပါ။
    သစ္စာ – ဘာကြောင့် လုပ်ဖြစ်ခဲ့လဲဆိုတော့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဒါကို နိုင်ငံတော် အစိုးရ အနေနဲ့လည်း စိတ်ဝင်စားတယ်။ ကျွန်တော်တို့ကလည်း
    ပွင့်လင်း အစိုးရ ဖြစ်လာတဲ့ အပေါ်မှာ ၂၀၁၀ နောက်ပိုင်းမှာ လုပ်ဖြစ်သွားတာပါ။

    M-Media – အကိုတို့ သစ္စာကွန်ရက် လူမှု အကျိုးပြု လုပ်ငန်းကို ဘယ်ချိန်တုန်းက စတင်တည်ထောင်ခဲ့တာ ပါလဲ။
    သစ္စာ – ၂၀၁၁-ခုနှစ်က စတင်ဖွဲ့စည်း ထူထောင်ခဲ့တာပါ။

    M-Media – အကိုတို့ အဓိက လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေအကြောင်း ပြောပြပေးပါ။
    သစ္စာ – မရှိနွမ်းပါးတဲ့သူတွေကို အရင်းအနှီး အဆင်မပြေတဲ့သူတွေကို အရင်းအနှီး ထုတ်ပေးပါတယ်။ ဒုတိယက ပညာရေး ထောက်ပံ့မှုကို ရံဖန်ရံခါ
    လုပ်တယ်။ တတိယက ကျန်မားရေး ထောက်ပံ့မှု လုပ်ပေးတယ်။ ပြီးတော့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အတွက်ကို အခမ်းအနားတွေ လုပ်ပါတယ်။

    M-Media – အကိုတို့ မြန်မာမွတ်စလင်တွေအနေနဲ့ ဘာသာပေါင်းစုံက လူတွေကိုပါ ကူညီနေတာနဲ့ ပတ်သပ်ပြီး သဘောထားကို ပြောပြပေးပါ။ ဘယ်လို 
    စိတ်နဲ့ ကူညီ ဖြစ်ခဲ့လဲ ဆိုတာလေးပေါ့။
    သစ္စာ – ဘာသာ လူမျိုးဆိုတာ ခွဲခြားစရာ မလိုဘူး။ ယုံကြည်မှု ဆိုတာ ကိုယ့်ရင်ထဲမှာပဲ ရှိတယ်။ လူမျိုးဆိုတာ ကိုယ့်မိသားစု ပေါက်ဖွားလာရာ
    အနေအထား။ ဒီနှစ်ခုကို အခြေခံပြီး ဘာမှ ပဋိပက္ခလည်း ဖြစ်စရာ မလိုဘူး။ ခွဲခြားစရာလည်း မလိုဘူး။ ကိုယ့်လူမျိုးကို ကိုယ်ချစ်တာ ပြဿနာ မရှိဘူး။
    ဒါပေမယ့် တခြား လူမျိုးကို အထင်သေးလို့ မရဘူး။ ကိုယ့်ဘာသာကိုယ် ယုံကြည်တာ ပြဿနာ မရှိဘူး။ တခြား ဘာသာကို အထင်သေးလို့ မရဘူး။
    အပြန်အလှန် ယှဉ်တွဲ နေထိုင် သင့်တယ်လို့ ထင်ပါတယ်။ အဲဒီအတွက် ကြိုးစားတာပါ။

    M-Media – ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း ပညာရေးနှင့် ပတ်သပ်ပြီး ကူညီဆောင်ရွက်ခဲ့တယ်လို့ ကြားတယ်။ အဲဒီ အကြောင်းလေး ပြောပြပေးပါဦး။
    သစ္စာ – မြောက်ဥက္ကလာပ မြို့နယ်မှာ ရှိတဲ့ (၁)ရပ်ကွက်၊ အ.မ.က (၂) မူလတန်းကျောင်းကို မီးကြိုးတွေ တပ်ဆင်ပေးခဲ့ပါတယ်။ ကလေးပေါင်း (၄၆၀)ကို
    အာဟာရ ကျွေးမွေးခဲ့တယ်။ ကျောင်းစိမ်း အဖြူ အစိမ်း ၀တ်စုံ ပေးတယ်။ ပြီးတော့ ကလေးတွေကို ဗလာစာအုပ်၊ ခဲတံ ဒါဇင်ဗူးတွေရယ်၊ စတီးချိုင့်တွေကို
    ဗလာမပါ တစ်ယောက်မကျန် မဲနှိုက်ပြီး ပျော်ပွဲ ရွှင်ပွဲ လုပ်ပြီး ပေးခဲ့ပါတယ်။ စက်တင်ဘာ ၉-ရက်နေ့က လုပ်ခဲ့တာပါ။

    M-Media – ရန်ကုန်မှာ ဒီလို မပြည့်စုံတဲ့ ကျောင်းတွေ အများကြီး ရှိတဲ့ အထဲက ဘာလို့ အဲဒီ့ကျောင်းကို ရွေးချယ် ပေးခဲ့တာ ပါလဲ။
    သစ္စာ – ကျောင်းလေးက နွမ်းပါးတယ်။ တကယ့် ဆင်းရဲ နွမ်းပါးတဲ့ မိသားစုက ကလေးတွေ လာတက်တာ များတယ်။ အဲဒီအတွက် အဲဒီကျောင်းကို
    ရွေးချယ်လိုက်တာ ဖြစ်တယ်။

    M-Media – ကျန်းမာရေးနဲ့ ပတ်သပ်ပြီး လုပ်ဆောင်ခဲ့တဲ့ အထဲက တစ်ခုလောက် ပြောပြပေးပါ။
    သစ္စာ – မြောက်ဥက္ကလာမြို့နယ်မှာရှိတဲ့ ဦးဇင်း တစ်ပါး သွေးကင်ဆာကြောင့် ကျန်းမာရေး မကောင်းလို့ အကူအညီတောင်းခံတဲ့ အတွက် လှူဖွယ်
    ပစ္စည်းတွေနဲ့ ငွေငါးသောင်းကို မြောက်ဥက္ကလာပ ဆေးရုံကြီး၊ သီတာဆောင်မှာ သွားရောက် လှူဒါန်းခဲ့ပါတယ်။ အဲဒါက စက်တင်ဘာ ၈-ရက်နေ့ကပါ။

    M-Media – နောက်ဆုံးမေးခွန်းအနေနဲ့ မေးရရင် ပရဟိတကို ဘယ်လို နားလည် လက်ခံပြီး ကျင့်သုံး ဆောင်ရွက်နေတာပါလဲ။
    သစ္စာ – လူရယ်လို့ ဖြစ်လာရင် ဆင်းရဲပဲ ဆင်းရဲ၊ ချမ်းသာပဲ ချမ်းသာ၊ ဘာလူမျိုးပဲ ဖြစ်ပါစေ၊ ဘယ်ဘာသာပဲ ကိုးကွယ်သည် ဖြစ်စေ အများအကျိုးကို
    လုပ်ဆောင် သင့်တယ်လို့ထင်တယ်။ ဒါမှ လူ့ဘောင် သာယာမယ်။ အဲဒီ့ အတွက် လုပ်သင့်တယ်လို့ ခံယူပြီး လုပ်တာပါ ခင်ဗျာ။

    M-Media – အခုလို သိလို သမျှကို ဖြေကြားပေးခဲ့အတွက် M-Media မှ ကျေးဇူးတင်ပါတယ်။
    သစ္စာ – ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • ရန်ကုန်မြို့တွင်း ဂတ်စ် စွမ်းအင်သုံး ယာဉ်များ ခရီးသည်များ လုံခြုံစိတ်ချစွာ စီးနင်းနိုင်ရန် ဆောင်ရွက်ထားသင့်

    ရန်ကုန်မြို့တွင်း ဂတ်စ် စွမ်းအင်သုံး ယာဉ်များ ခရီးသည်များ လုံခြုံစိတ်ချစွာ စီးနင်းနိုင်ရန် ဆောင်ရွက်ထားသင့်

    အောက်တိုဘာ ၉၊ ၂၀၁၃
    M-Media
    လင်းလင်း

    ဓါတ်ပုံအညွှန်း - ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ဘတ်စ်ကားလိုင်း တစ်ခု၏ မြင်ကွင်း
    ဓါတ်ပုံအညွှန်း – ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ဘတ်စ်ကားလိုင်း တစ်ခု၏ မြင်ကွင်းတစ်နေရာ

    ရန်ကုန်  ။       ။         ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ဂတ်စ်စွမ်းအင်သုံး ကားများအနေဖြင့် မကြာခဏ ဂတ်စ်အိုးကွဲမှု၊ ဂတ်စ်ပိုက်ပေါက်မှုများ ဖြစ်ပေါ်တတ်သဖြင့် ပိုမိုဂရုပြုရန် လိုအပ်နေကြောင်း သိရသည်။
    လွန်ခဲ့သော အောက်တိုဘာ ၆-ရက်နေ့ မွန်းလွဲ ၁-နာရီခွဲခန့်တွင် လှည်းတန်းမှတ်တိုင်အနီး၌လည်း အမှတ် ၄၅-မော်တော်ယာဉ်လိုင်းမှ ခရီးသည်တင် ဘတ်စ်ကား တစ်စီးမှာ ဂတ်စ်ပိုက်လိုင်းပေါက်ပြီး ကားမှ မီးခိုးများ အူလာပြီး မီးတောက်များ ထွက်လာသဖြင့် အနီးရှိ သဲ၊ ရေတို့ဖြင့် ငြိမ်းသတ်နိုင်လိုက်သဖြင့် မီးလောင်မှု၊ ထိခိုက် ဒဏ်ရာရမှု မရှိခဲ့ဟု သိရသည်။
    အဆိုပါ ဘတ်စ်ကားပေါ်တွင် လိုက်ပါ စီးနှင်းခဲ့သူ ခရီးသည်တစ်ဦးမှ “လှည်းတန်းမီးပွိုင့်ကိုကျော်ပြီး လှည်းတန်းမှတ်တိုင်ရောက်ခါနီးမှာ ကားကရုတ်တရက်  မီးခိုးတွေ ထွက်လာတယ်၊ မီးလောင်တယ်ဆိုပြီးခရီးသည်တွေ အမြန်ဆင်းပြေးကြတယ်၊ ခရီးသည်တွေလည်း ရုတ်တရက်ထွက်ဖို့မလွယ်တော့ တစ်ကားလုံး ဆူညံသွားတယ်”ဟု ပြောပြခဲ့သည်။
    “ကားဂက်စ်ပိုက်ပေါက်တဲ့နေရာက အိတ်ဇောနဲ့လည်းနီးတော့ ရုတ်တရက်မီးခိုးတွေအူထွက်လာတာပါ၊ မီးတောက်အကြီးကြီးတော့မဟုတ်ပါဘူး။ မီးခိုးတွေကတော့ တစ်စီးလုံးအူနေတာပေါ့၊ လှည်းတန်းဂိတ်နားမှာ ဆိုတော့ သဲနဲ့ ရေကအလွယ်တကူရလို့တော်သေးတယ်။ ကားပေါ်မှာပါတဲ့ မီးသတ်ဆေးဘူးနဲ့
    အမြန်ဖျန်းလို့တော်သေး တာပေါ့၊ မဟုတ်ရင် မလွယ်ဘူးဟု”ဘတ်စ်ကားပေါ်တွင် စီးနင်းလိုက်ပါခဲ့သူ ခရီးသည်များက ပြောသည်။
    ဂက်စ်ကိုအဓိက အားထားအသုံးပြုနေရသော ရန်ကုန်ရှိ ယာဉ်များတွင် ခရီးသည်များလုံခြုံစိတ်ချစွာ စီးနင်းနိုင်ရန် ဆောင်ရွက်ထားသင့်ကြောင်း ခရီးသည်များက ပြောခဲ့သည်။

     

  • သံတွဲ အကြမ်းဖက်မှုတွင် မီးရှို့ဖျက်ဆီးခံရသည့် အစ္စလာမ် ဘာသာဝင်တို့၏ ဗလီ/အိမ်/စာသင်ကျောင်း နှင့် အိုးအိမ်မဲ့ လူဦးရေ စာရင်း

    အောက်တိုဘာ၊ ၉

    M-Media

    ရခိုင်ပြည်နယ်၊ သံတွဲ အကြမ်းဖက်မှုတွင် မီးရှို့ဖျက်ဆီးခံရသည့် အစ္စလာမ် ဘာသာဝင်တို့၏ ဗလီ/အိမ်/စာသင်ကျောင်း နှင့် အိုးအိမ်မဲ့ လူဦးရေ စာရင်း (၂၀၁၃-ခု၊ စက်တင်ဘာ ၂၉ – အောက်တိုဘာ ၂-ရက်နေ့)

    Thandwe Damage (Sep 29 - Oct 2 2012)