News @ M-Media

Blog

  • ကုရ်ဘာနီအီးဒ်ပွဲတော်ကို နှစ်စဉ်အစဉ်အလာ မပျက်ပြုလုပ်နိုင်ရန် လုံခြုံရေးတောင်းခံ

    အောက်တိုဘာ ၁၀၊ ၂၀၁၃
    M-Media
    အငယ်လေး

    ရန်ကုန်  ။       ။     အောက်တိုဘာ ၁၆-ရက်နေ့တွင် ကျရောက်မည့် အီဒွလ်အဿွာဟာ (ကုရ်ဘာနီအီးဒ်)ပွဲတော်အား ယခင်ကဲ့သို့ နှစ်စဉ် အစဉ်အလာမပျက် အေးချမ်းအောင်မြင်စွာ ပြုလုပ်နိုင်ရန်အတွက် လုံခြုံရေးတိုးမြှင့်ပေးရန် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တောင်းဆိုလိုက်ကြောင်းသိရသည်။

    ရန်ကုန်မြို့တွင် ကုရ်ဘာနီပြုရန်တွက် (၁) အရှေ့ပိုင်းဇုန် (ဒဂုံမြို့သစ်အရှေ့ပိုင်း-အင်းဝလမ်း ၊ စက်မှုဇုန် ၊ ရွာသာကြီးအနီး)၊ (၂) အနောက်ပိုင်းဇုန် (လှိုင်သာယာမြို့နယ်-အပြင်ပဒန် ပန်းလှိုင်မြစ်ကမ်း၊ ပန်းလှိုင်တံတားဘေး-ယခင်နေရာ)၊ (၃) တောင်ပိုင်းဇုန် (ဒလမြို့နယ်၊ ကမာကဆစ်ဗလီးဝင်းအတွင်း)၊ (၄) မြောက်ပိုင်းဇုန် (ထောက်ကြန့်မြို့နယ်- ဘောလုံးကွင်းရပ်ကွက်၊ (၄) လမ်း၊ မြို့ရှောင်လမ်း- နဆင်းဘိုင် နွားခြံ)ဟု ဇုန်(၄)ဇုန် သတ်မှတ်ပြုလုပ်ရန် သင့်လျော်ကြောင်းနှင့် ယခုဖြစ်ပေါ်လျှက်ရှိသော အခြေအနေများကြောင့် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသော အီဒွလ်အဿွာဟာ (ကုရ်ဘာနိအီးဒ်) ပွဲတော်အား အေးချမ်းအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေး အထူးတိုးမြင့်ဆောင်ရွက်ရန် လိုအပ်နေပါကြောင်း အရေးတကြီး တင်ပြတောင်းဆိုလိုက်ကြောင်းသိရသည်။

    img444 img445

  • မွတ်စ်လင်မ်များ ဟဂ်ျကို ကြိမ်ဖန်များစွာ မပြုလုပ်ရန် မုဖ်သီချုပ်မှ ဆော်သြ

    အောက်တိုဘာ၊ ၁၀
    M-Media

    Sheikh Abdul Aziz Al-Asheikh

    ဘ၀သက်တမ်း၌ ပထမဦးဆုံးအကြိမ် ဟဂ်ျပြုသူများအတွက် လွယ်ကူချောမွေ့စေရေး အခွင့်အလမ်းကို ဖော်ဆောင်ပေးသော အားဖြင့် ဟဂ်ျပြုဖူးပြီးသော မွတ်စ်လင်မ်များ အနေနှင့် ယခုရာသီတွင် ဟဂ်ျခရီးစဉ် လာရောက်မှုကို ရှောင်ရှားကြပါရန် မုဖ်သီ ချုပ်ကြီး ရှိုင်းခ် အဗ်ဒုလ် အဇီးဇ် အလ်အရှ်ရှိုင်းခ်မှ ဆော်သြထားသည်။

    ဟဂ်ျပြုဖူးသူများသည် ဟဂ်ျခရီးစဉ်အတွက် (ထပ်မံ)အသုံးပြုမည့်ငွေကြေးများကို ဒုက္ခရောက်အခက်အခဲဖြစ်နေသူများထံ လှူဒါန်းပေးကမ်းကြရန် လမ်းညွှန်လိုက်ပါသည်။

    မက္ကဟ်မြို့ရှိ ဟဂ်ျရေးရာဝန်ကြီးဌာနမှ စီစဉ်သော ကွန်ဖရင့်၌ “ လူတစ်ဦးအဖို့ တစ်သက်မှာတစ်ကြိမ်သာ ဟဂ်ျပြုခြင်းက မပြုမနေရတာဝန် ဖြစ်တယ်။ တမန်တော်မြတ် မုဟမ္မဒ် ( ငြိမ်းချမ်းမှုနှင့်ကောင်းချီးမင်္ဂလာသက်ရောက်စေသား ) ဟာ ဟဂ်ျကို တစ်ကြိမ်တစ်ခါတည်းသာ ပြုလုပ်ဆောင်ရွက်တော်မူခဲ့ပါတယ်။ လူတိုင်း ဟဂ်ျမှာ ပါဝင်နိုင်အောင်လို့ မွတ်စ်လင်မ်တွေအနေနဲ့ ဒီစည်းမျဉ်းကို လိုက်နာရမှာဖြစ်ပါတယ် ” ဟု သူက မိန့်ခွန်းပေးခဲ့သည်။

    မည်သို့သောလူစားပင်ဖြစ်စေကာမူ သူ့ဘ၀တစ်သက်တာ၌ ဟဂ်ျတစ်ကြိမ်ပြုပြီးပါက တာဝန်ဝတ္တရားမှာ အထမြောက်ပြီးစီး သွားပြီဖြစ်ကြောင်း၊ ထပ်ဖန်တလဲလဲ ပြုလုပ်ရန် မလိုအပ်ကြောင်း၊ အထူးသဖြင့် ကမ္ဘာ့ဒေသအနှံ့အပြားမှ လာရောက်ကြသည့် ဘုရားဖူးဦးရေမှာ ဤနှစ်များအတွင်း အလွန်များပြားလာကြောင်း စသည်တို့ကိုလည်း ထည့်သွင်းပြောကြားသွားသည်။

    Ref: arabnews

  • Pathein: မွတ်စလင်မ်တို့၏ အီးဒ်နေ့၌ ပုသိမ်တွင် ၉၆၉ တရားပွဲ စီစဉ်မှုကြောင့် ဒေသခံများ စိုးရိမ်နေ

    အောက်တိုဘာ ၁၀
    M-Media
    သုတ

    MaHa Na

    ပုသိမ် ။          ။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် ၉၆၉ တရားပွဲပြုလုပ်မည့်ရက်မှာ မွတ်စလင်မ်တို့၏ အီးဒ်နေ့ကျရောက်သော အောက်တိုဘာ ၁၆-ရက်နေ့ကို စီစဉ်နေသည်ဟု သိရသဖြင့် ဒေသခံများမှ စိုးရိမ်မှုများ ရှိနေတယ်လို့ သိရပါတယ်။

    အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ပုသိမ်မြို့သို့ ဆက်သွယ်စုံစမ်းခဲ့ရာ ၉၆၉-တရားပွဲအား အောက်တိုဘာ ၁၆-ရက်နေ့တွင် ကျရောက်သော အီးဒ်နေ့နဲ့ တိုက်ဆိုင်ပြီး ပြုလုပ်ရန် စီစဉ်နေကြောင်းကြားသိရပြီး ၁၆-ရက်နေ့ လုပ်မည်ဟု အတိအကျ မသိရသေးသော်လည်း ၎င်းနေ့တွင် လူစုလူဝေးဖြင့် အကြမ်းဖက်မှုများပြုလုပ်ရန် လှုံ့ဆော်လာမည်ကို စိုးရိမ်နေကြကြောင်း ပြောပါတယ်။

    ထို့ပြင် အီးဒ်နေ့နှင့် ပတ်သက်ပြီး ခရိုင် အုပ်ချုပ်ရေးမှူးမှ စည်းကမ်းချက်များ ထုတ်ပြန်ထားရာတွင်လည်း “ယဇ်ပူဇော်မည့် သားကောင်” ဆိုသည့်စကားလုံးကို ရှေးယခင်နှစ်များက မသုံးဘဲ ယခုနှစ်မှ ထပ်ပြန်တလဲလဲ သုံးနှုန်းထားသည်မှာ မွတ်စလင်မ် မဟုတ်သော အခြားဘာသာဝင်များ ပိုမိုအမြင်စောင်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားသလို ဖြစ်နေကြောင်း၊ မိမိတို့ကိုးကွယ်ရာ ဖန်ဆင်းရှင်ကို ယဇ်ပူဇော်ရန် မလိုအပ်ကြောင်း၊ ကုရ်ဘာနီ ပြုလုပ်ခြင်းမှာ မိမိတို့ ကိုးကွယ်ရာ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံခြင်းဖြစ်ကြောင်း၊ မရှိ ဆင်းရဲသားများကို လှူဒါန်းရန်ဖြစ်ကြောင်း ဒါကြောင့် ယခုကဲ့သို့ အသုံးအနှုန်းမျိုး လုံးဝ မသုံးနှုန်းသင့်ဘူးဟု ပုသိမ်မြို့ခံများက ဆိုပါတယ်။

    ဇူလိုင် ၁၅-ရက်တွင်ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ၄၇-ပါ စုံညီ ဒုတိယအစည်းအဝေးတွင်  ဗုဒ္ဓဘာသာ၏ အမှတ် တံဆိပ်အဖြစ် ၉၆၉ ကို အသုံးပြုလှုပ်ရှားနေခြင်းနှင့် သံဃာ့ကွန် ရက်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေခြင်းသည် သံဃမဟာ နာယကအဖွဲ့မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ ဥပဒေများအရ ဖွဲ့စည်းဆောင်ရွက်ခွင့် မရှိကြောင်း နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က  သြဂုတ် ၁၄-ရက် ညွှန်ကြားချက် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

     

    Image: 7-Day Daily

  • မွတ်စလင်မ်တို့၏ အီးဒ်နေ့ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ကြေညာ

    အောက်တိုဘာ ၁၀၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    eid

    ရန်ကုန် ။          ။အောက်တိုဘာ ၁၆-ရက်နေ့သည် အစ္စလာမ်သာသနာဝင်များ၏ အီးဒ်နေ့ အထိမ်းအမှတ်ဖြစ်သည့်အတွက် အများပြည်သူများ အလုပ်ပိတ်ရက်အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်သည်။

    အဆိုပါ ကြေညာချက်တွင် ၂၀၁၃-ခုနှစ်၊ အောက်တိုဘာလ ၁၆-ရက် (၁၃၅၇-ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂-ရက်) ဗုဒ္ဓဟူးနေ့သည် အီဒွလ်အဿွာဟာ (ဘက္ကရီအိဒ်)နေ့ ဖြစ်သည့်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးဇော်သန်းသင်းမှ  အမိန့်ကြော်ငြာစာအမှတ် ၆၆/၂၀၁၃ ဖြင့် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရှိရပါသည်။

    အဆိုပါ အီဒွလ်အဿွာဟာ (ဘက္ကရီးအိဒ်)နေ့သည် အစ္စလာမ်သာသနာဝင်တို့ အလေးအမြတ်ထားရာ နှစ်စဉ် ကြရောက်သော အီးဒ်နေ့ နှစ်ရက်ဖြစ်သည့် အီဒွလ် ဖိသိရ်  (ဥပုတ်ထွက်- မုန့်အီးဒ်) နှင့် အီဒွလ်အဿွာဟာ ၂-ရက်ထဲမှ ၁-ရက်လည်း ဖြစ်ပါသည်။
    နိုင်ငံတော်အခြေခံဥပဒေတွင် နိုင်ငံတော်အတွင်း တည်ရှိသော ဘာသာများအဖြစ် အသိအမှတ်ပြုထားသော လူနည်းစု ဘာသာများဖြစ်သော အစ္စလာမ်ဘာသာ အတွက် အီဒွလ်အဿွာဟာ (ဘက္ကရီအိဒ်)နေ့ ၊ ခရစ်ယာန် ဘာသာ အတွက် ခရစ်စမတ်နေ့၊ ဟိန္ဒူဘာသာသာနာ အတွက် ဒေပါဝါလီနေ့တွင် အစိုးရ၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပါသည်။

  • အစိုးရမှ ဆရာဝန် (၁၀၁၀) ဦးအား Black List မှ ပယ်ဖျက်ပေး

    အစိုးရမှ ဆရာဝန် (၁၀၁၀) ဦးအား Black List မှ ပယ်ဖျက်ပေး

    အောက်တိုဘာ၊ ၁၀
    M-Media

    ကျန်းမာရေးဝန်ကြီးဌာနမှ Black List သတ်မှတ်ထားသူများအနက် ဆရာဝန် (၁၀၁၀) ဦးအား ပြည်ထောင်စုအစိုးရအဖွဲ့ Black List မှ ပယ်ဖျက်ပေးလိုက်ကြောင်း သမ္မတရုံး ဝဘ်ဆိုဒ်မှ သတင်းထုတ်လိုက်ပါတယ်။

    နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း အလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များအား အကြောင်းအမျိုးမျိုးကြောင့် ယခင်က Black List သတ်မှတ်ရေးသွင်းပြီး ကန့်သတ်မှုများ ဆောင်ရွက် ထား ရှိခဲ့သော်လည်း ယခုအခါ ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ဖြေလျော့ဆောင်ရွက်ပေးသည့် အားလျော်စွာ Black List များကို ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်ကြောင်းကို သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

    Black List မှ ပယ်ဖျက်ပေးသည့် ဆရာဝန် (၁၀၁၀) ဦး၏ အမည်စာရင်း အောက်ပါလင်ခ် တွင် ကြည့်နိုင်ပါတယ်။
    Google Doc Link >> http://goo.gl/AdxCvn

    Ref: နိုင်ငံတော် သမ္မတရုံး ဝဘ်ဆိုဒ်