News @ M-Media
Blog
  • အမျိုးသမီးများ ရှေ့နေ အဖြစ် ဆောင်ရွက်ခြင်းကို ဆော်ဒီ ခွင့်ပြု
    အောက်တိုဘာ၊ ၉
    M-Media
    Saudi Licenses Female Lawyers
    ဆော်ဒီအမျိုးသမီးများအနေနှင့် တရားရုံးတွင် အမှုလိုက်ခွင့် နှင့် အမျိုးသမီးဆိုင်ရာ ဥပဒေအဖွဲ့ တည်ထောင်ခွင့် ရတော့မည်ဖြစ်၏။
    ဘုရင့်နယ်မြေအတွင်း တရားရေးဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ချပေးပြီးနောက် ဆော်ဒီတရားရုံးများတွင် အမှုလိုက်ဆောင်ရွက်ခွင့်ကို  ဆော်ဒီအမျိုးသမီးလေးဦးမှ ပထမဆုံးသမိုင်းဝင် ရရှိသွားပြီဖြစ်သည်။
    “ ဆော်ဒီအမျိုးသမီးလိုင်စင်ရရှေ့နေတွေကို ၀န်ကြီးဌာနက ကိုယ်ပိုင်ဥပဒေအကျိုးဆောင်ရုံးဖွင့်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ အမျိုးသမီးရှေ့နေများအဖို့ အခက်အခဲမရှိ လုပ်ကိုင်ဆောင်ရွက်သွားနိုင်စေမှာဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးသမီးရှေ့နေများနဲ့သာဆက်ဆံလိုတဲ့ မိန်းမသားများကို ကူညီရာရောက် သွားပါတယ် ” ဟု အောက်တိုဘာ ၇ ရက်၊ တနင်္လာနေ့တွင် အမျိုးသမီးရှေ့နေတစ်ဦးဖြစ်သူ Feriyal Al-Kinj က Arab News သို့ ပြောကြားခဲ့သည်။
    ဆော်ဒီအမျိုးသမီးများအနေနှင့် တရားရုံးတွင် အမှုလိုက်ခွင့် နှင့် အမျိုးသမီးဆိုင်ရာဥပဒေအဖွဲ့တည်ထောင်ခွင့် ရတော့မည်ဖြစ်ကြောင်း တရားရေးဝန်ကြီးဌာန၏အဆိုအရ သိရသည်။
    ဥပဒေပညာကိုသင်ကြားဆည်းပူးခဲ့သော်လည်း ဥပဒေရေးရာလုပ်ငန်းဆောင်ရွက်ခွင့် နှင့် အမှုလိုက်ခွင့် မရရှိခဲ့သော ဆော်ဒီအမျိုးသမီးများစွာက ဤဆုံးဖြတ်ချက်အားမျှော်လင့်စောင့်စားနေသည်မှာ ကြာမြင့်ပြီဖြစ်သည်။
    လက်ရှိကာလစိန်ခေါ်ချက်များကြောင့် ဥပဒေဘောင်အတွင်းမှ အမျိုးသမီး အခွင့်အရေးအား ကာကွယ်နိုင်ရန်အတွက်  ‘I am a female lawyer’ ခေါင်းစဉ်တပ် ဆိုရှယ်မီဒီယာ ကမ်ပိန်းတစ်ခုကို ဆော်ဒီအမျိုးသမီးများမှ ၂၀၁၂ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြသည်။
    “ ဒီလိုင်စင်က အမျိုးသမီးရှေ့နေတွေ ဒီသက်မွေးလမ်းကြောင်းအတွင်း အလုပ်လုပ်ကိုင်သွားနိုင်စေပါမယ်။ နိုင်ငံ့တရားရုံးတွေမှာအမှုလိုက်ဖို့ အရည်အသွေးပြည့်မီအောင်ဖြည့်ဆည်းပြီးတဲ့ အမျိုးသမီးရှေ့နေတွေကို ဒီလိုင်စင် ထုတ်ပေးမှာဖြစ်တယ်။ ဒါဟာ ထူးမြတ်ကြီးကျယ်တဲ့ ၀တ်ကျောင်းတော်နှစ်ခုကို ထိန်းသိမ်းစောင့်ရှောက်သူ ဘုရင် အဗ်ဒုလ္လာဟ်က ဆော်ဒီအမျိုးသမီးတွေ အပေါ် အပြည့်အ၀ ကူညီပေးမယ့်ခြေလှမ်းတစ်ရပ်ပါပဲ ” ဟု Arab News ကိုကိုးကား၍ ဆော်ဒီ အမျိုးသမီးရှေ့နေ Bayan Zahran မှ ဆိုပါသည်။
    ဂျီဒဟ်ရှိ King Abdulaziz တက္ကသိုလ်ဘွဲ့ရ Arwa Al-Hujaili အား တရားဝင်ကွင်းဆင်းလေ့ကျင့်သူအဖြစ် ပြီးခဲ့သည့် ဧပြီလက လိုင်စင်ထုတ်ပေးခဲ့ပြီးနောက် သူမသည် သုံးလအတွင်း လိုင်စင်ရအမှုလိုက်ရှေ့နေတစ်ဦး ဖြစ်လာပေတော့မည်။
    “ အမျိုးသမီးရှေ့နေတွေကို လိုင်စင်ထုတ်ပေးခြင်းအားဖြင့် အမျိုးသမီးသက်မွေးလုပ်ငန်းကြီးတစ်ခုကို ဆော်ဒီအာရေဗျက ဖွင့်လှစ်ပေးလိုက်တာပါပဲ ” ဟု အရှေ့အလယ်ပိုင်းဒေသ ဆိုင်ရာ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်မှု အဖွဲ့ လက်ထောက် ဒါရိုက်တာ Eric Goldstein က Sydney Morning Herald သို့ ဧပြီလတွင် ပြောကြားခဲ့သည်။
    ဤဆောင်ရွက်ချက်မှာ ဆော်ဒီအမျိုးသမီးများအတွက် ပထမဆုံး သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ရပ် မဟုတ်ပါ။ ဤနှစ် ဇန္န၀ါရီလက အမျိုးသားများသာပါဝင်သော အစိုးရအတိုင်ပင်ခံဥပဒေပြုအဖွဲ့ – ယှူရာ ကောင်စီအတွင်း ဆော်ဒီဘုရင် အဗ်ဒုလ္လာဟ်မှ အမျိုးသမီးအမတ် လေးနေရာခန့်အပ်လိုက်ခြင်းဖြင့် ပင်လယ်ကွေ့နိုင်ငံ၌ အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်၍ မှတ်တိုင်တစ်ခု စိုက်ထူခဲ့သည်။ ၂၀၁၁ ခုနှစ်ကလည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် အမျိုးသမီးများ မဲပေးခွင့် နှင့် ပါဝင်ယှဉ်ပြိုင်ခွင့်ကို ပေးခဲ့သည်။
    “ ဆော်ဒီလူ့ဘောင်နယ်ပယ်တိုင်းမှာ အမျိုးသမီးရဲ့အခန်းကဏ္ဍအပေါ် ခွဲခြားတာကို ကျွန်တော်တို့ လက်မခံပါဘူး ” ဟု ဘုရင်အဗ်ဒုလ္လာဟ်က ယှူရာကောင်စီသို့ ပြောကြားခဲ့ကြောင်း သိရ၏။
    ဆော်ဒီအမျိုးသမီးတို့အား ဥပဒေရေးရာတွင် ပါဝင်ဆောင်ရွက်ခွင့်ပေးလိုက်ခြင်းသည် ဘုရင့်နယ်မြေအတွင်းရှိ တရားရုံးစံနစ်အပေါ် အမျိုးသားနှင့်အမျိုးသမီး အာဏာအားပြိုင်မှုအကျိုးသက်ရောက်တော့မည်လောဟု စိုးရိမ်သောက ဖြစ်လာစေသည်။
    ဆော်ဒီတရားစီရင်ရေးစံနစ်မှာ ကွာရှင်းပြတ်စဲခြင်းကိစ္စများ၌ အမျိုးသမီးများကို အခွင့်အရေးမပေးဘဲ ဖခင်များ၊ ခင်ပွန်းများဖက်သို့ တစ်ဖက်သတ်မျက်နှာလိုက်မှုများ ရှိနေသည်ဟု ကျယ်ကျယ်လောင်လောင် ရှုံ့ချစွပ်စွဲခံခဲ့ရသည်။
    “ အမျိုးသမီးရှေ့နေများက အမျိုးသားရှေ့နေများနဲ့ မပတ်သက်ဘဲ လွတ်လပ်စွာ လုပ်ကိုင်သွားနိုင်မှာပါ ” ဟု Zahran က ပြောကြားကြောင်း Arab News မှ ဖော်ပြသည်။
    သို့သော် လိုင်စင်ရအမျိုးသမီးရှေ့နေတို့သည် တရားရုံတော်များအတွင်း ခွဲခြားနှိမ့်ချဆက်ဆံမှု၊ တရားရုံးတက်ရန် တစ်ဦးတည်းလွတ်လပ်စွာသွားလာခွင့် စသော စိန်ခေါ်ချက်အချို့ကို ရင်ဆိုင်ကြရဦးမည်ဖြစ်သည်။
    ဆော်ဒီတရားရေးဝန်ကြီးဌာနမှ တရားရုံးများတွင် အမျိုးသမီးများအတွက် သီးသန့်ခန်းမဆောင်များ တည်ဆောက်ရန် စီမံထားကြောင်း၊ ဘုရင့်နယ်မြေအတွင်း တရားဝင်ဥပဒေအကျိုးဆောင်အမျိုးသမီး ၂၀၀၀ ကျော်ကို လျာထားကြောင်း Al-Kinj က ပြောကြားသည်။ “ ကျွန်တော့်ရဲ့အမှုသည် ၅၀ ရာခိုင်နှုန်းလောက်က အမျိုးသားတွေ ဖြစ်တယ် ” ဟု ၄င်းမှ ပြောပြခဲ့သည်။
    အမျိုးသမီးရှေ့နေဖြစ်ကြောင်း အသိအမှတ်ပြုရေး၌ ၄င်းတို့၏ နိကာ့ဗ် (ခေါင်းမြီးခြုံရိုးရာဝတ်စုံ)ကို မဖယ်ရှားပဲ လက်ဗွေနှိပ်စံနစ်တစ်ရပ်ဖြင့် ၀န်ကြီးဌာနမှ အစားထိုးစီမံထားသည်ဟု တနင်္လာနေ့က ရိုက်တာသတင်းဌာနမှ ဖော်ပြခဲ့သည်။
    ဘုရင် အဗ်ဒုလ္လာဟ် နန်းတက်သည့် ၂၀၀၅ ခုနှစ်မှစ၍ ဆော်ဒီအာရေဗျ၌ အပြောင်းအလဲများစွာကို တွေ့ရှိရသည်။
    ၂၀၀၉ ခုနှစ်တွင် အမျိုးသမီးပညာရေးအတွက် Norah al-Fayez ကို ပညာရေးဒုဝန်ကြီးအဖြစ် ခန့်အပ်ရာ၊ အမျိုးသမီးတစ်ဦးအနေဖြင့် ၀န်ကြီးအဆင့်သို့ ပထမဆုံးရောက်ရှိသူ ဖြစ်လာခဲ့သည်။
    များမကြာသေးမီကလည်း ဆော်ဒီအမျိုးသမီး နှစ်ဦးမှာ လန်ဒန်အိုလံပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် အခြေခံပုံဟန် အပြောင်းအလဲဖြစ်သွားသည်။
    သြဂုတ်လ ၈ ရက်နေ့က လန်ဒန်ပြေးခုန်ပစ်ပြိုင်ပွဲတွင် တာလတ်အပြေးသမား Sarah Attar ၀င်ရောက်ယှဉ်ပြိုင်သည်၌ ဆော်ဒီအာရေဗျကိုယ်စားပြု ပထမဆုံးအမျိုးသမီးအားကစားသမားအဖြစ် သမိုင်းဝင်ခဲ့ပြီး၊ ရက်အနည်းငယ်အကြာ ဂျူဒိုပြိုင်ပွဲတွင် ဆော်ဒီအမျိုးသမီး Wojdan Shaherkani ကိုလည်း ထပ်မံ တွေ့မြင်ခဲ့ရ၏။
    Ref: OnIslam
  • အောက်တိုဘာ ၉၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၉၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၉၊ ၂၀၁၃
    M-Media
    ရီးယဲလ်ကို ဂျူဗစ်တပ်စ်က အနည်းဆုံးတစ်ကြိမ်တော့ အနိုင်ကစားနိုင်မှာဟု ပေါ့ဂ်ဘာပြော
    ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ပေါ့ဂ်ဘာက ချန်ပီယံလိဂ်တွင် ရီးယဲလ်မက်ဒရစ်နှင့်ရင်ဆိုင်ရမည်ကို အနည်းငယ်မျှပင် ကြောက်ရွံ့နေမည်ဟုတ်ဘဲ ဂျူဗင်တပ်စ် အသင်းမှာ အနည်းဆုံးတစ်ကြိမ်တော့ အနိုင်ရရှိမည်ဟု ပြောဆိုလိုက်သည်။
    ဂျူဗင်တပ်စ်အသင်းမှာ ချန်ပီယံလိဂ်တွင် ကိုပင်ဟေဂင်၊ ဂါလာတာစာရေး၊ ရီးယဲလ်မက်ဒရစ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ကိုပင်ဟေဂင်၊ ဂါလာတာစာရေးတို့နှင့်ကစားပြီးချိန်တွင် ၂-မှတ်သာ ရရှိထားသောကြောင့် ရှုံးထွက်အဆင့်သို့တက်ရောက်ရန်အတွက် ကျန်ရှိသည့် လေးပွဲတွင် အမှားခံ၍ မရတော့ပေ။
    လာမည့် ၂၃-ရက်နေ့တွင် ရီးယဲလ်အသင်းနှင့် ဘာနေဗျူးတွင် သွားရောက်ကစားရမည်ကို ကြောက်ရွံ့နေခြင်းမရှိဘဲ ရလဒ်ကောင်းများ ရလိမ့်မည်ဟု မျှော်လင့်နေသည့် ပေါ့ဂ်ဘာက “ကြောက်စရာကိုမလိုပါဘူး။ ရီးယဲလ်နဲ့ကစားရမယ့်နှစ်ပွဲမှာ အနည်းဆုံး တစ်ပွဲတော့နိုင်မှာပါ။ ပြီးတော့ ကျွန်တော်တို့ရှေ့ဆက်တက်လှမ်းမှာပါ။ ကျွန်တော်တို့ဟာ ဂျူဗင်တပ်စ်အသင်းဖြစ်တယ်ဆိုတာကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ သမိုင်းကြောင်းအရ၊ ဂုဏ်သိက္ခာအရ အရည်အသွေးအရ ကျွန်တော်တို့ဟာ အဆင့်အတန်းနိမ့်တဲ့ အသင်းမဟုတ်ပါဘူး” ဟု အီတလီ အားကစားသတင်းစာ Gazzetta dello Sport သို့ ပြောကြားခဲ့သည်။
    goal
    ______________________
    အာဆင်နယ်၏ နည်းပြရာထူးအား ဘားကမ့်စိတ်ဝင်စား
    ၂၀၀၆-ခုနှစ် အာဆင်နယ်အသင်းက အနားယူခဲ့စဉ်က ဘောလုံးကင်းထောက်အဖြစ် တာဝန်ပေးခဲ့သော်လည်း ငြင်းပယ်ခဲ့ပြီး ယခု အေဂျက်စ်အသင်း၏ လက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်နေသည့် ဘားကမ့်က လန်ဒန်သို့ ပြန်လာရန် စိတ်ဝင်စားနေပြီး အာဆင်နယ်အသင်းတွင် နည်းပြလုပ်ချင်သည်ဟု ထုတ်ဖော်ပြောဆို လိုက်သည်။
    ဟော်လန်အသင်း၏တိုက်စစ်မှူးဟောင်းဖြစ်သူ ဘားကမ့်မှာ အာဆင်နယ်အသင်းတွင် ၁၁-နှစ်တိုင်တိုင် ကစားခဲ့သူဖြစ်ပြီး အောင်မြင်သော ကစားသမားဘ၀ကို ပိုင်ဆိုင်ခဲ့ကာ ၂၀၀၆-ခုနှစ်တွင် ကစားသမားဘ၀မှ အနားယူခဲ့သည်။ ထိုစဉ်က အသင်း၏ဘောလုံးကင်းထောက်လုပ်ရန် အာဆင်နယ်အသင်းမှ ကမ်းလှမ်းခဲ့ သော်လည်း ဘားကမ့်က ငြင်းပယ်ခဲ့သည်။ ဟော်လန်ကလပ်အေဂျက်စ်အသင်းနည်းပြ ဖရန့်ဒီဘိုအာ၏ လက်ထောက်အဖြစ် ၂-နှစ်ထမ်းဆောင်ပြီးနောက် ယခုကဲ့သို့ အာဆင်နယ်အသင်းသို့ပြန်လာရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
    “ဘာစီလိုနာအတွက် ဂျိုဟန်ခရိုက်ဖ်ခံစားရတဲ့ ဖီလင်မျိုးကို ကျွန်တော်လည်း အာဆင်နယ်အတွက် ခံစားနေရပါပြီ။ အာဆင်နယ်မှာကစားတုန်းကဆိုရင် ကျွန်တော်သိပ်ပျော်ပါတယ်။ အဲဒီမှာတုန်းက ဆိုးဝါးတဲ့နေ့ရက်ဆိုတာ မရှိခဲ့ပါဘူး။ အဲဒီခံစားမှုတွေဟာ ကျွန်တော့်ရင်ထဲမှာ အမြဲရှိနေပါတယ်။ အဆင့်တစ်ခုမှာ အာဆင်နယ်ကို ပြန်လာဖို့ဆိုတာ ကျွန်တော့်ရဲ့ရည်မှန်းချက်ပါ” ဟု အသက် ၄၄ နှစ်အရွယ်ရှိ ဘားကမ့်က အင်္ဂလန်သတင်းစာ The Telegraph သို့ပြောကြားခဲ့သည်။
    goal
    ______________________
    ပွဲများများကစားခွင့်ရရန် မန်ယူမှ ထွက်ခွာတော့မည်ဟု ဖာနန်ဒက်ဇ် အရိပ်အမြွက်ပြော
    မန်ချက်စတာယူနိုက်တက် နည်းပြသစ် မိုယက်စ်လက်ထက်တွင် နှစ်ပွဲသာပါဝင်ကစားခွင့်ရထားပြီး ၁ ဂိုးသွင်းယူပေးထားသည့် တိုက်စစ်မှူး ဂျာဗီယာဟာနန်ဒက်ဇ်က ၎င်းအနေဖြင့် မည်မျှစွမ်းဆောင်နိုင်သည်ကို ပြသရန် အခွင့်အလမ်းအား ရှာဖွေတော့မည်ဟု ပြောကြားလိုက်သည်။
    ဟာနက်ဒက်ဇ်က ၎င်းကစားချင်သည့်အတိုင်း ပုံမှန်ပွဲထွက်ခွင့်ရန်အတွက် မန်ယူအသင်းအား စွန့်ခွာတော့မည်ဖြစ်ကြောင်း ၀န်ခံပြောဆိုလိုက်သည်။ နည်းပြသစ်မိုယက်စ်ကိုင်တွယ်ပြီးနောက်ပိုင်း ကစားခဲ့သည့် ၁၁-ပွဲတွင် ဟာနန်ဒက်ဇ်မှာ ၂-ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး ဖာဂူဆန်လက်အောက်တွင် ကစားခဲ့သည့် ၃-နှစ်တာကာလတွင်လည်း အဓိကကစားသမားများ၏ နေရာတွင် အဖြည့်ခံအဖြစ်သာ ၀င်ရောက်ကစားရခြင်းဖြစ်သည်။
    မက္ကဆီကိုလက်ရွေးစင်ဖြစ်သူ ဟာနန်ဒက်ဇ်မှာ မန်ယူတွင်ကစားရခြင်းကို ပျော်ရွှင်သည်ဟု ပြောဆိုခဲ့သော်လည်း အခြားအသင်းသို့ပြောင်းရွှေ့ပါက ပုံမှန်ပွဲထွက်ကစားခွင့်ရချင်သည့် ၎င်း၏ရည်ရွယ်ချက်မှာ အောင်မြင်နိုင်ဖွယ်ရှိသည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။
    ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလက လာလီဂါကလပ် အက်သလက်တီကိုအသင်းမှ ခေါ်ယူရန် စိတ်ဝင်စားခြင်းခံခဲ့ရသည့် ဟာနန်ဒက်ဇ်မှာ ပုံမှန်ကစားခွင့်မရခြင်းကြောင့် သူ၏အနာဂတ်တန်ဖိုး လျော့ကျသွားမည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။
    mirror
    ______________________
    မိသားစုက မိမိအား ရင့်ကျက်စေခဲ့သည်ဟု ဆွာရက်ဇ်ဆို
    ဆိုးရွားသည့်အပြုအမူများကြောင့် ဝေဖန်မှုများခံနေရသည့် လီဗာပူးလ်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ၎င်း၏ မိသားစုမှာ ၎င်းအားတည်ငြိမ်ရင့်ကျက်စေခဲ့သည်ဟု ပြောကြားလိုက်သည်။ ပြိုင်ဘက်ကစားသမားတစ်ဦးအား ကိုက်ခဲ့သောကြောင့် ၁၀-ပွဲပယ် ပြစ်ဒဏ် ခံခဲ့ရပြီး ပြစ်ဒဏ်မှစေ့ပြီးနောက် ဆွာရက်ဇ်က ၎င်း၏အပြုအမူအား ပြောင်းလဲတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    အထူးသဖြင့် သူ၏ကလေးနှစ်ယောက်က သူ၏အပြုအမူအား ပြောင်းလဲစေခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ပြီး ပြီးခဲ့သည့် စနေနေ့ ခရစ္စတယ်ပဲလေ့စ်အသင်းအား အနိုင်ရရှိခဲ့သောပွဲတွင် သူ၏ ကလေးနှစ်ဦးဖြစ်သော မွေးကင်းစ သားငယ်လေး ဘင်ဂျမင်နှင့် အသက် ၃ နှစ်အရွယ် သမီးငယ် ဒယ်လ်ဖီနာတို့အား ပွဲမစမီ လက်ဆွဲနှုတ်ဆက်စဉ် အတွင်း ကွင်းအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
    ကလေးငယ်နှစ်ဦးကွင်းအတွင်းသို့ ခေါ်လာခဲ့ခြင်းနှင့်ပက်သက်ပြီး ဆွာရက်ဇ်က “အင်္ဂလန်မှာ ဒါဟာ ပုံမှန်တော့ မဟုတ်ပါဘူး။ ကလပ်ကလူတွေက ခေါ်သွားလို့ မရဘူးလို့ပြောပါတယ်။ ဒါပေမယ့် ‘ကျွန်တော့်ကလေးတွေက ကျွန်တော်နဲ့သွားမှာ ရမလား မရဘူးလားလို့ပြော’ ဆိုပြီးသူတို့ကို ပြောခဲ့ပါတယ်။ အဆုံးမှာတော့ သူတို့နားလည် သွားကြပါတယ်။ ကျွန်တော့်အတွက်တော့ ကြည်နူးစရာ အချိန်လေးပါပဲ။ ကျွန်တော့်မိသားစုဟာ ကျွန်တော့်အတွက် သိပ်ကို အရေးပါပါတယ်” ဟု ပြောကြားခဲ့သည်။
    mirror
    ______________________
    Shanghai Masters တင်းနစ်ပြိုင်ပွဲတွင် ရစ်ချတ် ဂတ်စ်ကက်မှာ ပထမအဆင့်မှ ထွက်ခဲ့ရ
    တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပပြုလုပ်နေသည့် Shanghai Masters တင်းနစ်ပြိုင်ပွဲပထမအဆင့်တွင် ပြင်သစ်တင်းနစ်သမား ရစ်ချတ် ဂတ်စ်ကက်မှာ ပထမအဆင့်ကပင် ထွက်ခဲ့ရပြီး လန်ဒန်တွင် ကျင်းပပြုလုပ်မည့် ရာသီပိတ် ATP World Tour Finals တင်းနစ်ပြိုင်ပွဲအား လွဲချော်ခဲ့ပြီဖြစ်သည်။
    နိုင်ခြေအဆင့် ၉ ရ ဂတ်စ်ကက်မှာ ကနေဒါတွင်ကျင်းပပြုလုပ်ခဲ့သည့် Montreal Masters တင်းနစ်ပြိုင်ပွဲတွင် ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့် ကနေဒါ တင်းနစ်သမား ဗာဆက် ပို့စ်ပီစီလ်အား ၆-၃၊ ၆-၄ ဖြင့် ၂-ပွဲပြတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
    ယခုပွဲအရှုံးကြောင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီး ကမ္ဘာအဆင့် ၉ တွင်ရှိနေသောကြာင့် ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်း ၀င်သည့် ကစားသမားများသာ ယှဉ်ပြိုင်ရသည့် တင်းနစ်ရာသီပိတ် ATP World Tour Finals တင်းနစ်ပြိုင်ပွဲအား လွဲချော်ရတော့မည်ဖြစ်သည်။
    ကမ္ဘာ့အဆင့် ၁ မှ ၁၀ အတွင်းဝင်သည့် ကစားသမားများအား ဒုတိယအကြိမ်မြောက်အနိုင်ရရှိခဲ့သည့် ပို့စ်ပီစီလ်က “ကျွန်တော့်အတွက် ကြီးမားတဲ့အောင်ပွဲတစ်ခုပါ။ နိုင်ရတဲ့အကြောင်းအရင်းကတော့ ပြိုင်ပွဲတစ်ခုလုံး စိတ်ဓာတ်ပြင်းပြင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်” ဟု atpworldtour.com သို့ပြောကြားခဲ့သည်။
    skysports
    ______________________
  • ချာ့ခ်ျကျောင်း တိုက်ခိုက်ခံရမှု ပါကစ္စတန် မွတ်စ်လင်မ်နှင့် ခရစ်ယာန်များ ပူးပေါင်း ဆန္ဒပြကာ သွေးစည်း ညီညွတ်မှုပြသ
    အောက်တိုဘာ၊ ၉
    M-Media
    3
    ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင် လူ ၃၀၀ ခန့်သည် စိန့်အန်ထော်နီဘုရားကျောင်းဘေး မှ Empress လမ်းမရှိ ခရိုင်ရဲဝန်ထမ်းများအိမ်ရာသို့ လက်ချင်းချိတ်၍ စီတန်း လမ်းလျှောက်ခဲ့ကြသည်။ လွန်ခဲ့သည့်နှစ်ပတ်က Peshawar ချာ့ခ်ျကျောင်း တိုက်ခိုက်ခံရမှု အပြီး ပါကစ္စတန် မွတ်စလင်မ်များမှ လူနည်းစု ခရစ်ယာန်များနှင့် တသားထဲ ရှိနေကြောင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
    စိန့်အန်ထော်နီချာ့ခ်ျကျောင်းမြေကွက်လပ်ငယ်၌ရပ်လျက် မုဖ်သီ မုဟမ္မဒ် ဖာရူးက်မှ သင့်မြတ်စွာနေထိုင်ရေး နှင့် အခြားဘာသာတရားများအပေါ် ဂါရ၀ထားရှိရေးဆိုင်ရာ ကျမ်းမြတ်ကုရ်အာန်မုက္ခပါဌ်တော်အချို့ကို ထုတ်နှုတ်ကိုးကား၍ တရားဓမ္မဟောကြားခဲ့သည်။ ဖာသာ နစီးရ် ဂုလ်ဖန်သည်လည်း ချာ့ခ်ျအတွင်း နှစ်နာရီကြာဝတ်တက်မှု အစီအစဉ်အပြီး သူ့အနီးသို့ လာရောက်၍ အတူရပ်နေခဲ့သည်။ ၄င်းနောက် သူတို့နှစ်ဦးသည် လက်ချင်းချိတ် ပခုံးချင်းယှဉ်၍ လူစုစီတန်းမှု၌ ပါဝင်ခဲ့သည်။  “ တစ်နိုင်ငံတည်းသား သွေး တစ်မျိုးတည်းဖြစ်သည် ” ဟု ဆိုလျက် သွေးစည်းညီညွတ်မှုကို ပုံဖော်ခဲ့ကြသည်။
    ယင်းဆောင်ရွက်ချက်က လူထု၏အထူးအာရုံစိုက်မှု ရရှိခဲ့သည်။ အလားတူစုရုံးမှုမျိုးကိုလည်း ယခင်အပတ်က ကရာချိမြို့၊ စိန့်ကက်သလစ်ကျောင်းတော်ပြင်ပ၌ ပြုလုပ်ခဲ့ကြောင်း၊ ယင်းမှာ လူနည်းစုဝင်များအား တိုက်ခိုက်မှုကြီးထွားလာခြင်းအပေါ် စိုးရိမ်ကြောင့်ကြလျက် ရှိသည့် နိုင်ငံသားတစ်စု၏ အဖွဲ့အစည်းဖြစ်သော Pakistan For All မှစီစဉ်ခဲ့ကြောင်း သိရသည်။
    “ အကြမ်းဖက်သမားတွေက တနင်္ဂနွေနေ့တွေမှာ သူတို့ ဘာလုပ်ခဲ့ကြောင်း ကျွန်တော်တို့ကို ပြသတယ်။ ကျွန်တော်တို့က တနင်္ဂနွေနေ့တွေမှာ ဘာလုပ်ကြတယ်ဆိုတာ အခု သူတို့ကို ပြန်လည်ပြသနေတာပါပဲ။ ကျွန်တော်တို့ သွေးစည်းညီညွတ်တယ်ဆိုတာကိုပေါ့ ” ဟု စီစဉ်သူ မုဟမ္မဒ် ဂျိဗ်ရာန် နာစိးရ်က ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။
    နာစိးရ်နှင့်အုပ်စုမှစတင်လိုက်သည့် ကရာချိမှ ထွက်ပေါ်လာသော လူစီတန်းစုရုံးမှုသည် ဘာသာပေါင်းစုံလူ့အဖွဲ့အစည်းဝင်တို့ သမမျှတစွာပေါင်းစည်းနေထိုင်ရေးမူ တစ်ရပ် လိုအပ်နေကြောင်း တွန်းအားပေးနေပါသည်။
    “ ကျွန်တော်တို့ရဲ့ နိုင်ငံရေးသမားတွေ၊ ကျွန်တော်တို့ရဲ့(ဘာသာရေး)ခေါင်းဆောင်တွေဟာ သူတို့ရဲ့လုံခြုံဇိမ်ကျတဲ့ နေအိမ်ကနေထွက်လာပြီး သာမန်ပြည်သူတွေနဲ့အတူ ဘာလို့ စည်းစည်းလုံးလုံး ရပ်တည်မှုမပြုကြသလဲဆိုတာ ကျွန်တော် နားမလည်ဘူး ” ဟု သူမှ ဆိုခဲ့သည်။
    ချာ့ခ်ျအတွင်းမှ ၀တ်တက်စဉ်ပြီးဆုံးသောအခါ ဘုရားကျောင်းကွက်လပ်သည် ကြွေးကြော်သံများဖြင့် ဖုံးလွှမ်းသွားခဲ့၏။ လူမှုလှုပ်ရှားသူ နှင့် Laal ဂီတ၀ိုင်းတော်သားအဖွဲ့ဝင်တစ်ဦးဖြစ်သူ Taimur Rahman ဦးဆောင်သောလူစုသည် မြေကွက်လပ်၌တရားဓမ္မနာကြပြီး ကြွေးကြော်နေသည်တွင် ပါဝင်သူဦးရေ များပြားကြီးထွားလာခဲ့သည်။
    သမီးငယ်များနှင့်အတူ ၀တ်တက်နေခဲ့သော Mariam Tariq သည်လည်း ချိတ်ဆက်စီတန်းမှု၌ ပါဝင်ခဲ့ပြီး “ (ဒါဟာ) လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ပျောက်ဆုံးသွားခဲ့တဲ့  ကျွန်မတို့ရဲ့ မြတ်နိုးတန်ဖိုးထားမှုတွေထဲက တစ်ခုပါဘဲရှင် ” ဟု မျက်ရည်ကျလျက် ပြောပြခဲ့ပါသည်။
    Ref:http://tribune.com.pk
    PHOTOS Credit : MALIK SHAFIQ
  • အောက်တိုဘာ ၉၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းအတို
    အောက်တိုဘာ ၉၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းအတို
    အောက်တိုဘာ ၉၊ ၂၀၁၃
    M-Media
    ကျောင်းသင်ခန်းစာတွင် ထည့်သွင်းမည့် ဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထက်ခြင်း ဥပဒေ လွှတ်တော်တွင် ကန့်ကွက်ခံရ
    ၁၉၅၄-ခုနှစ် ဗုဒ္ဓဘာသာအမျိုးသမီးများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို မြန်မာအမျိုးသမီးများ သိရှိနိုင်စေရန်အတွက် အထက်တန်းကျောင်း သင်ခန်းစာများတွင် ထည့်သွင်းသင်ကြားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက တင်သွင်းရာ ကန့်ကွက်သူများရှိသည့်အတွက် မှတ်တမ်းအဖြစ်သာထားရှိရန် လွှတ်တော်က ဆုံးဖ်ြခဲ့ကြောင်း ဧရာဝတီသတင်းဌာနတွင် ဖော်ပြထားပါတယ်။
    _______________________
    လုပ်ငန်းဆောင်ရွက်မှုမရှိတဲ့ စက်ရုံအား သီပေါဒေသခံများ သံသယ၀င်
    ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် ၂၀၁၂-ခု နှစ်ဆန်းပိုင်းမှစတင်၍ ဘော်ချေးများသန့်စင်မည့် သတ္ထုသန့်စင်စက်ရုံတည်ထားပြီး ယခုအချိန်ထိ လုပ်ငန်းလည်ပတ်မှု မရှိသည့်အတွက် ဒေသခံများအနေဖြင့် သံသယ၀င်နေကြပါတယ်။ အဆိုပါစက်ရုံမှာ မြန်မာနိုင်ငံအား ဂျပန်သိမ်းပိုက်စဉ်က ဘော်တွင်းဒေသ၌ ၃-နှစ်တိုင်အောင် ရွှေနှင့်သတ္ထုများ ထုတ်ယူခဲ့ပြီး ဂျပန်သိုက်ရှိသည်ဟု နာမည်ကြီးသည့်နေရာဖြစ်နေတာကြောင့် ဒေသခံများအနေနဲ့ သံသယဖြစ်နေကြကြောင်း မြန်မာ့ခေတ်သတင်းမှာ ဖော်ပြထားပါတယ်။
    ______________________
    ကေအိုင်အို ဦးဆောင်မည့် တစ်နိုင်ငံလုံး အပစ်ရပ်အကြို ဆွေးနွေးပွဲပြုလုပ်မည်
    အပစ်အခတ်ရပ်စဲရေးမတိုင်မီ တိုင်းရင်းသားပေါင်းစုံပါဝင်သော အကြိုဆွေးနွေးပွဲ တစ်ရပ်ကို ကေအိုင်အို (ကချင်လွတ်လပ်ရေးအဖွဲ့)မှ ကေအိုင်အို ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင်ဦးဆောင် ပြုလုပ်မည်ကို အစိုးရက သဘောတူညီလိုက်ကြောင်း၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးကော်မတီအကြား ဆွေးနွေးမှုများ အားရကျေနပ်မှုရှိပြီး နိုဝင်ဘာလတွင် ပြုလုပ်မည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကို မျှော်လင့်ကြောင်း၊ လိုင်ဇာတွင် ပြုလုပ်မည့် အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ ဖိတ်ကြားလျှင်လည်း တက်ရောက်မည်ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနမှ သိရှိရပါတယ်။
    ______________________
    လက်နက်ကိုင်ခေါင်းဆောင်များနဲ့ ဆွေးနွေးခဲ့တဲ့ မစ္စတာ နမ်ဘီးယား
    ကေအိုင်ကို ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် ၁၀-ဖွဲ့မှလည်း လေ့လာသူအဖြစ် တက်ရောက်နေသလို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စမာ ဗီဂျေးနမ်ဘီးယားလည်း တက်ရောက်နေသည့် အစည်းအဝေးမှာ မစ္စတာနမ်ဘီးယားနှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၀-ဖွဲ့မှ ခေါင်းဆောင်များ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကုလသမဂ္ဂအနေနဲ့ လေ့လာပြီး အကြံပြုနိုင်တဲ့အဆင့်သာရှိကြောင်း၊ မိမိတို့ တိုင်းပြည်ကိစ္စတွေကို တိုင်းရင်းသားအဖွဲ့များမှသာ ဖြေရှင်းသွားရမှာဖြစ်တယ်လို့ မစ္စတာနမ်ဘီးယားက ပြောခဲ့ကြောင်း RFA သတင်းမှာ ဖော်ပြထားပါတယ်။
    ______________________
    အစိုးရလုပ်ငန်းများပိတ်ထားရခြင်းအပေါ် ကွန်ဂရက်အား အိုဘားမား ဖိအားပေး
    အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ၎င်းအနေဖြင့် နိုင်ငံ၏ဘဏ္ဍာရေး အစီအစဉ်၊ ၎င်းကိုယ်တိုင်တင်သွင်းသော ကျန်းမာရေးဥပဒေများနှင့် ပက်သက်ပြီး ရီပက်ဘလစ်ကန်အမတ်များနှင့် ညှိနှိုင်းဆွေးနွေးရန် ဆန္ဒရှိနေသော်လည်း ဒီမိုကရေစီစနစ်အရ ခြိမ်းခြောအကြပ်ကိုင်မှုမျိုးကို လုပ်၍မရဟု သတိပေးပြောကြား လိုက်သည်။
    ယမန်နေ့က အိမ်ဖြူတော်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အောက်လွှတ်တော်ဥက္ကဌ ဂျွန် ဘိုဟ်နာအား အစိုးရလုပ်ငန်းအချို့ ရပ်ဆိုင်းထားရခြင်းနှင့် ကြွေးမြီများ မြင့်တက်လာခြင်းကို အဆုံးသတ်ရန်အတွက် အသုံးစရိတ်မူကြမ်းကို မဲပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
    အမေရိကန်အစိုးရမှာ ဘဏ္ဍာရေးပြဿနာနှင့်ရင်ဆိုင်နေရပြီး ထိုပြဿနာအားဖြေရှင်းရန်အတွက် အသုံးစရိတ်မူကြမ်အားလွှတ်တော်တွင် သဘောတူညီမှုမရရှိသေးခြင်းကြောင့် အစိုးရ၏ လုပ်ငန်းအချို့ကို ယခုလ ၁-ရက်နေ့ကတည်းက ပိတ်ထားရပြီးယခုအခါ တစ်ပါတ်ကျော်လာခဲ့ပြီဖြစ်သည်။
    လွှတ်တော်အတွင်းရှိ ရီပက်ဘလစ်ကန်အမတ်များက အစိုးရ၏ အသုံးစရိတ်မူကြမ်းအား လွှတ်တော်သို့တင်သွင်းသည့်အခါ အိုဘားမား အဆိုပြုထားပြီး ယခုလမှစ၍ သက်ရောက်သည့် ကျန်းမာရေးဥပေဒအကောင်အထည်ဖေါ်မှုအား ရပ်ဆိုင်းထားရန် ပြဌာန်းချက် ပါဝင်ရမည်ဟု တောင်းဆိုထားသည်။
    Ref : aljazeera
    ______________________
    အီရန်-ဗြိတိန် သံတမန်ဆက်သွယ်ရေး ပြန်လည်စတင်တော့မည်
    ဗြိတိန်နှင့် အီရန်နှစ်နိုင်ငံစလုံး သံတမန်ဆက်သွယ်မှုပြန်လည်စတင်ရန် သဘောတူခဲ့ပြီး အခြားသေားဆက်ဆံရေးများ တိုးတက်ရန်ကိုလည်း ဆွေးနွေးခဲ့သည်ဟု နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ယမန်နေ့က ပြောဆိုခဲ့သည်။
    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလီယန်ဟော့က ၎င်းနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်တို့မှာ အတည်တကျ အခြေစိုက်ခြင်းမရှိသည့် ယာယီသံမှူးများ ခန့်အပ်ရန်သဘောတူခဲ့ကြပြီး ထိုမှတစ်ဆင့် တီဟီရန်နှင့် လန်ဒန်တို့တွင် အမြဲတမ်းသံရုံးများဖွင့်လှစ်ရန် ဆွေးနွေးသွားကြမည်ဟု ပြောဆိုခဲ့သည်။
    အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း ထိုပြောဆိုမှုအားအတည်ပြုခဲ့ပြီး အီရန်ပါလီမန်၏ ဆုံဖြတ်ချက်အရ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ISNA သတင်းဌာနသို့ပြောကြားခဲ့သည်။
    ၂၀၁၁ ခုနှစ်တွင် အီရန်နျူကလီးယားစက်ရုံများအား တိုက်ခိုက်မည်ဟုသတင်းထွက်ပေါ်လာပြီးနောက် အီရန်ပြည်သူများက ဗြိတိန်သံရုံးအားစီနင်းပြီးနောက်ပိုင်း တီဟီရန်ရှိ ဗြိတိန်သံရုံးအား ပိတ်ပစ်ခဲ့ရပြီး အီရန်ကလည်း လန်ဒန်ရှိ သံရုံးအား ပိတ်ပစ်ခဲ့သောကြောင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့ရသည်။
    Ref : aljazeera
    ______________________
    လေယာဉ်များမှထွက်ပေါ်သည့် ဆူညံသံများက နှလုံးရောဂါကို ပိုမိုဖြစ်ပွားစေနိုင်
    လေယာဉ်မှ ထွက်လာသည့်ဆူညံသံများရှိရာ အရပ်တွင် နေထိုင်သူများမှာ လေဖြတ်ခြင်း၊ နှလုံးရောဂါအ၀င် သွေးလှည့်ပတ်မှုနှင့် သက်ဆိုင်သည့်ရောဂါများ ပိုမိုဖြစ်ပွားနိုင်သည်ဟု သုသေတီများက ပြောကြားလိုက်သည်။
    ဒေါက်တာ အန်နာ ဟန်ဆဲလ်ဦးဆောင်သည့် လန်ဒန် Imperial ကောလိပ်မှ သုသေသနအဖွဲ့က ဟီသရိုးလေဆိပ်ဝန်းကျင်တွင်နေထိုင်ကြသည့် လူ ၃.၆ သန်းကို ဆန်းစစ်လေ့လာမှုများပြုလုပ်ခဲ့ပြီးနောက် လေယာဉ်ဆူညံသံများအား အမြင့်ဆုံးခံစားရသည့် ဒေသများတွင်နေထိုင်သူများမှာ ထိုကဲ့သို့ရောဂါများ ၁၀-ရာခိုင်နှုန်းမှ ၂၀-ရာခိုင်နှုန်းအထိ ပိုမိုဖြစ်ပွားနိုင်သည်ဟု ဗြိတိန်ဆေးဘက်ဆိုင်ရာဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
    Ref : bbc
    ______________________
    အိန္ဒိယတွင် လေးထပ်တိုက်တစ်လုံးပြိုကျပြန်၍ လူ ၁-ဦးသေ
    အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ယမန်နေ့က လေးထပ်တိုက်တစ်လုံးပြိုကျခဲ့သောကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံးခဲ့သည်ဟုသိရသည်။
    နယူးဒေလီမြောက်ပိုင်းရှိ သက်တမ်း နှစ် ၅၀-ရှိသည့် အဆောက်အဦးတစ်ခုဖြစ်ပြီး၊ ထိုအဆောက်အဦးဘေးတွင် နောက်ထပ်အဆောက်အဦးဆောက်လုပ်ရန် မြေကြီးများတူးနေပြီး ထိုအဆောက်အဦး၏ဖောင်ဒေးရှင်းအား အားနည်စေခဲ့သောကြောင့် ပြိုကျခဲ့ခြင်းဖြစ်သည်ဟု နယူးဒေလီ မီးသတ်အကြီးအကဲ အေ ကေ ရှရမာက
    ပြောကြားခဲ့သည်။
    ထိုပြိုကျမှုအတွင်း ဒဏ်ရာရသူနှစ်ဦးရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။ ပြိုကျရသည့်အကြောင်းအရင်းကိုဆန်းစစ်ရန် သက်ဆိုင်ရာမှအမိန့်ပေးထားပြီး ဖြစ်သည်ဟုသိရသည်။
    အိန္ဒိယနိုင်ငံတွင် တိုက်တာအဆောက်အဦးပြိုကျမှုများမှာ အဖြစ်များလာပြီး ပြီးခဲ့သည့် ဧပြီလတွင် မွန်ဘိုင်းမြို့ သိမ်းဒေသရှိ အဆောက်အဦးတစ်ခု ပြိုကျမှုကြောင့် လူပေါင်းများစွာ သေကျေခဲ့ပြီး၊ စက်တင်ဘာလ ၂၇-ရက်နေ့ကလည်း မွန်ဘိုင်းတွင်ပင် လူနေတိုက်တာတစ်ခုပြိုကျမှုကြောင့် လူပေါင်း ၆၁ ဦးသေဆုံးခဲ့သည့်
    ဖြစ်ရပ်များလည်း ဖြစ်ပွားခဲ့သည်။
    Ref : cnn
    Photo : outlookindia
    * ဓါတ်ပုံအညွန်း > ၃-ထပ်တိုက် တစ်ခု ပြိုကျမှု မြင်ကွင်းဓါတ်ပုံ
    ______________________
    အစ္စရေးက ပိတ်ဆို့ထားမှုကြောင့် ၀င်ငွေသန်းထောင်ပေါင်းများစွာ ပါလက်စတိုင်းနစ်နာနေရ
    အစ္စရေးက မတရားသိမ်းပိုက်ထားသော နောက်ဖက်ကမ်းခြေရှိ ပိတ်ဆို့မှုများအား ဖယ်ရှားလိုက်ပါက ပါလက်စတိုင်း၏ စီးပွားရေးကို သုံးဆခန့်ချဲ့ထွင်နိုင်လိမ့်မည်ဟု ကမ္ဘာ့ဘဏ်ကပြောကြားလိုက်သည်။
    “စိုက်ပျိုးမြေကြွယ်ဝတဲ့ အနောက်ဘက်ကမ်းခြေဒေသရဲ့ထက်ဝက်ကျော်ကို ပါလက်စတိုင်းတွေ ဆက်သွယ်လို့မရပါဘူး။ (အစ္စရေးက သိမ်းပိုက်ထားသော) ဒီသိမ်းပိုက်ခံထားရတဲ့မြေတွေရဲ့ အလားအလာရှိတဲ့ အကျိုးသက်ရောက်မှုတွေကို သေသေချာချာ လေ့လာ ဆန်းစစ်လိုက်တဲ့အခါ ပါလက်စတိုင်းရဲ့ စီးပွားရေးကို အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံလောက်အထိ ဆုံးရှုံးနေစေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်” ဟု ကမ္ဘာ့ဘဏ်က ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
    အကယ်၍ အစ္စရေးကမတရားသိမ်းပိုက်ထားသော ထိုဒေသများတွင် စိုက်ပျိုးရေးနှင့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခဲ့ပါက ပါလက်စတိုင်း၏ ဂျီဒီပီကို ၃၅-ရာခိုင်နှုန်းအထိ တိုးမြင့်စေနိုင်မည်ဟု ထိုအစီရင်ခံစာတွင် ထည့်သွင်းရေးသားထားသည်။
    Ref : aljazeera
    ______________________
    ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ဗြိတိန်နှင့် ဘယ်လ်ဂျီယံနိုင်ငံသားတို့ ပူးတွဲရရှိ
    ယခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ပေးအပ်ချီးမြှင့်ခဲ့ရာ ဗြိတိန်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့မှ သိပ္ပံပညာရှင်နှစ်ဦက ဆွတ်ခူးရရှိသွားခဲ့သည်ဟုသိရသည်။
    ဆုရရှိသွားသူများမှာ ဗြိတိန်နိုင်ငံသား ပီတာ ဟစ်ဂ်နှင့် ဘယ်လ်ဂျီယံနိုင်ငံသား ဖရန်ကွိုက်စ် အန်ဂ်လာ့တ်တို့ဖြစ်ကြပြီး စကြာဝဠာစတင်ဖြစ်ပွားခဲ့သည့် အခြေခံအကျဆုံး အမှုန်နှင့်ပက်သက်ပြီး ရှာဖွေတွေ့ရှိခဲ့ခြင်းအတွက် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့က စေတာ့ဟုမ်းတွင်ကျင်းပပြုလုပ်သည့်
    ဆုရွေးချယ်ပွဲ အခမ်းအနားတွင် ဆုရွေးချယ်ရေးကော်မတီက ပြောကြားခဲ့သည်။
    Ref : aljazeera
    ______________________
    ရုရှားရှိ မူလတန်းကလေးငယ် ၁၁-ရာခိုင်နှုန်းမှာ အစ္စလာမ်အား သင်ကြားရန် ဆန္ဒရှိ
    ရုရှားနိုင်ငံရှိ မူလတန်းကျောင်းများမှ ကျောင်းသား ၁၁ ရာခိုင်နှုန်းမှာ အစ္စလာမ်အား ကျောင်းသင်ခန်းစားအဖြစ်သင်ယူရန် နှစ်သက်ကြသည်ဟု ရုရားနိုင်ငံ၏ လက်ထောက်ပညာရေးဝန်ကြီး Veniamin Kaganov က Edinaya Rossiya ပါတီမှ တက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
    ၎င်း၏ပြောကြားချက်အရ ကျောင်းသားများ၏ ၄၁ ရာခိုင်နှုန်းမှာ လူမှုကျင့်ဝတ်၊ ၄၆ ရာခိုင်နှုန်းမှာ အော်သိုဒေါ့စ် (ခရစ်ယာန်)၊ ၁ ရာခိုင်နှုန်းမှာ ဂျူးဝါဒ၊ ၀.၅ ရာခိုင်နှုန်းမှာ ဗုဒ္ဓ၀ါဒ စသဖြင့် သင်ယူလေ့လာရန် ကြိုက်နှစ်သက်ကြသည်ဟု သိရသည်။ ကျောင်းသားတိုင်းမှာ ဘာသာရေးနှင့် ပက်သက်ပြီး သင်ကြားရန်
    ရွေးချယ်သောကြောင့် ၎င်းမှာစိတ်ဝင်စားမိကြောင်း၊ နိုင်ငံအတွင်းရှိ ဆရာ၊ ဆရာမ ၄၀ ရာခိုင်နှုန်းကျော်ကို ဘာသာတရားများ၏ အခြေခံအချက်များနှင့် လူမှုကျင့်ဝတ်များအကြောင်းကို လေ့ကျင့်သင်ကြားပေးထားကြောင်း Veniamin က ထပ်လောင်းပြောကြားခဲ့သည်။
    အစ္စလာမ်သာသနာမှာ ရုရှားနိုင်ငံတွင် ဒုတိယ လူအများဆုံး ယုံကြည်ကိုးကွယ်သော သာသနာဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၁၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။ ထို့ပြင် ရုရှားနိုငံ၏ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများတွင်လည်း အစ္စလာမ်ဘာသာရေးအဆောက်အအုံများစွာပါဝင်သည်။
    ရုရှားနိုင်ငံသားများမှာ အစ္စလာမ်အတွင်းသို့ ၀င်ရောက်လာမှု များပြားသောကြောင့် အစ္စလာမ်သာသနာမှာ ရုရှားတွင် လျင်မြန်စွာ ပြန့်ပွားသော သာသနာဖြစ်သည်ဟု သတ်မှတ်ထားကြသည်။
    Ref : wiki
    ______________________
    နှစ်ပေါင်းများစွာပိတ်ပင်ထားသည့် ဘာသာရေးတာဝန်တစ်ခုအား တူရကီပယ်ဖျက်
    တိုင်းပြည်အတွင်း ဒီမိုကရေစီတိုးတက်စေရန်ရည်ရွယ်၍ ဆယ်စုနှစ်များစွာ ပိတ်ပင်ထားသည့် အစိုးရဌာနများတွင် အမျိုးသမီးများ ပုဝါ၀တ်ဆင်ခြင်းမပြု ရဟူသော တားမြစ်ချက်အား တူရကီအစိုးရက ယမန်နေ့က ပယ်ဖျက်ပေးလိုက်ပြီဖြစ်သည်။
    တူရကီဝန်ကြီးချုပ် ရီစက်ပ်တိုင်ရစ်ပ် အာရ်ဒိုဂန်က ထိုပယ်ဖျက်မှုအား ပုံမှန်ဘ၀သို့သွားသည့် ခြေလှမ်းတစ်ရပ်အဖြစ် ချီးကျူးပြောဆိုလိုက်ပြီး၊ သတင်းစာတွင် တရာဝင်ကြေညာပြီနောက်ပိုင်း နိုင်ငံတစ်ဝှမ်းတွင် ချက်ချင်းသက်ရောက်သည်ဟု ပြောဆိုလိုက်သည်။ ၀န်ကြီးချုပ်ကတော်ကိုယ်တိုင်မှာလည်း ပုဝါ၀တ်ဆင်သော
    အမျိုးသမီးတစ်ဦး ဖြစ်သည်။
    “ကျွန်တော်တို့တိုင်းပြည်ရဲ့ ဆန္ဒနဲ့ဆန့်ကျင်တဲ့ ရှေးဆန်တဲ့ ပြဌာန်းချက်ကြီးကို ကျွန်တော်တို့ ပယ်ဖျက်လိုက်ပါပြီ။ ဒါဟာ ပုံမှန်ဘ၀ဆီကိုသွားတဲ့ ခြေလှမ်းတစ်ခုပါပဲ။ အမှောင်ခေတ်ကြီးဟာ တဖြည်းဖြည်းနဲ့ အဆုံးသတ်လာပါပြီ။
    ဦခေါင်းမှာ ပုဝါရုံကြတဲ့အမျိုးသမီးတွေဟာလည်း ကျွန်တော်တို့နိုင်ငံသားတွေပါပဲ” ဟု သူ၏ပါတီဝင်များဖြစ်သည့် ဥပဒေပြုအမတ်များအား ပြောကြားခဲ့သော ပါလီမန်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
    ထိုတားမြစ်ချက်မှာ တူရကီပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်ခဲ့သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၉၀ အရင်က သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ထိုသတ်မှတ်ချက်က အစိုးရလုပ်ငန်းများတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်ခြင်းအား အဟန့်အတားဖြစ်စေခဲ့သည်။
    တူရကီနိုင်ငံလူဦးရေ၏ လူများစုမှာ အစ္စလာမ်သာသနာအား သက်ဝင်ယုံကြည်ကြသူများ ဖြစ်သော်လည်း တူရကီ၏နိုင်ငံရေးစနစ်မှာ ဘာသာရေးကို အခြေခံခြင်းမရှိသော secular နိုင်ငံရေးစနစ်ဖြစ်သည်။
    Ref : aljazeera
    ______________________
    Day of Open Mosques အခမ်းအနားအား ဂျာမနီတွင် ကျင်းပ
    ဂျာမနီနိုင်ငံ Hesse ပြည်နယ်ရှိ ဗလီဝတ်ကျောင်းတော်များနှင့် အစ္စလာမ့် ယဉ်ကျေးမှု စင်တာများအား လွတ်လပ်စွာ လေ့လာ ခွင့်ပေးသည့် Day of Open Mosques အမည်ရ လှုပ်ရှားမှုတစ်ခုကို အောက်တိုဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဂျာမနီရှိ အစ္စလာမ့် ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းများကို လေ့လာရန် ဂျာမနီနိုင်ငံသို့ လာရောက်ကြသည့် ကမ္ဘာ့ တစ်ဝှမ်းမှ ကမ္ဘာလှည့်ခရီးသွားများ တက်ရောက်ခဲ့ကြသည်။
    Day of Open Mosques လှုပ်ရှားမှုအား ဂျာမနီရှိ မတူညီသော အယူဝါဒများအတွင်း သည်းခံနိုင်စွမ်း ပိုမိုတိုးတက်လာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး Marburg နှင့် Biedenkop ခရိုင်ရှိ အစ္စလာမ် ဘာသာရေး တက္ကသိုလ် ၇-ခုမှလည်း ထိုအစီအစဉ်တွင် ပါဝင်ခဲ့ကြကာ ဗလီဝတ်ကျောင်းတော်များသို့ လည်ပတ်ခြင်း၊
    ဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ပြပွဲပြသခြင်းများကို ပြုလုပ်ခဲ့ကြသည်။
    Day of Open Mosques လှုပ်ရှားမှုအား ၁၉၉၇-ခုနှစ် အောက်တိုဘာ ၃-ရက်နေ့တွင် ဂျာမနီ မွတ်စလင်မ်ကောင်စီမှ ကြီးမှူး၍ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၃ ရက်နေ့မှာ ဂျာမနီပေါင်းစည်း ညီညွတ်ရေးနေ့ဖြစ်ပြီး ထိုနေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားမှာ ဂျာမနီရှိ မွတ်စလင်များက နိုင်ငံ၏
    အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ကို ဖော်ပြခြင်းလည်းဖြစ်သည်။
    Ref: islam.ru
    ______________________
  • Day of Open Mosques အခမ်းအနားအား ဂျာမနီတွင် ကျင်းပ
    အောက်တိုဘာ၊ ၉
    M-Media
    mosque_duisburgဂျာမနီနိုင်ငံ Hesse ပြည်နယ်ရှိ ဗလီဝတ်ကျောင်းတော်များနှင့် အစ္စလာမ့် ယဉ်ကျေးမှု စင်တာများအား လွတ်လပ်စွာ လေ့လာ ခွင့်ပေးသည့် Day of Open Mosques အမည်ရ လှုပ်ရှားမှုတစ်ခုကို အောက်တိုဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဂျာမနီရှိ အစ္စလာမ့် ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းများကို လေ့လာရန် ဂျာမနီနိုင်ငံသို့ လာရောက်ကြသည့် ကမ္ဘာ့ တစ်ဝှမ်းမှ ကမ္ဘာလှည့်ခရီးသွားများ တက်ရောက်ခဲ့ကြသည်။
    Day of Open Mosques လှုပ်ရှားမှုအား ဂျာမနီရှိ မတူညီသော အယူဝါဒများအတွင်း သည်းခံနိုင်စွမ်း ပိုမိုတိုးတက်လာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး Marburg နှင့် Biedenkop ခရိုင်ရှိ အစ္စလာမ် ဘာသာရေး တက္ကသိုလ် ၇-ခုမှလည်း ထိုအစီအစဉ်တွင် ပါဝင်ခဲ့ကြကာ ဗလီဝတ်ကျောင်းတော်များသို့ လည်ပတ်ခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ပြပွဲပြသခြင်းများကို ပြုလုပ်ခဲ့ကြသည်။
    Day of Open Mosques လှုပ်ရှားမှုအား ၁၉၉၇-ခုနှစ် အောက်တိုဘာ ၃-ရက်နေ့တွင် ဂျာမနီ မွတ်စလင်မ်ကောင်စီမှ ကြီးမှူး၍ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၃ ရက်နေ့မှာ ဂျာမနီပေါင်းစည်း ညီညွတ်ရေးနေ့ဖြစ်ပြီး ထိုနေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားမှာ ဂျာမနီရှိ မွတ်စလင်များက နိုင်ငံ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ကို ဖော်ပြခြင်းလည်းဖြစ်သည်။
    Ref: islam.ru