News @ M-Media

Blog

  • အောက်တိုဘာ ၉၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းအတို

    အောက်တိုဘာ ၉၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းအတို

    အောက်တိုဘာ ၉၊ ၂၀၁၃
    M-Media

    ကျောင်းသင်ခန်းစာတွင် ထည့်သွင်းမည့် ဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထက်ခြင်း ဥပဒေ လွှတ်တော်တွင် ကန့်ကွက်ခံရ

    ၁၉၅၄-ခုနှစ် ဗုဒ္ဓဘာသာအမျိုးသမီးများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို မြန်မာအမျိုးသမီးများ သိရှိနိုင်စေရန်အတွက် အထက်တန်းကျောင်း သင်ခန်းစာများတွင် ထည့်သွင်းသင်ကြားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက တင်သွင်းရာ ကန့်ကွက်သူများရှိသည့်အတွက် မှတ်တမ်းအဖြစ်သာထားရှိရန် လွှတ်တော်က ဆုံးဖ်ြခဲ့ကြောင်း ဧရာဝတီသတင်းဌာနတွင် ဖော်ပြထားပါတယ်။
    _______________________

    လုပ်ငန်းဆောင်ရွက်မှုမရှိတဲ့ စက်ရုံအား သီပေါဒေသခံများ သံသယ၀င်

    ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် ၂၀၁၂-ခု နှစ်ဆန်းပိုင်းမှစတင်၍ ဘော်ချေးများသန့်စင်မည့် သတ္ထုသန့်စင်စက်ရုံတည်ထားပြီး ယခုအချိန်ထိ လုပ်ငန်းလည်ပတ်မှု မရှိသည့်အတွက် ဒေသခံများအနေဖြင့် သံသယ၀င်နေကြပါတယ်။ အဆိုပါစက်ရုံမှာ မြန်မာနိုင်ငံအား ဂျပန်သိမ်းပိုက်စဉ်က ဘော်တွင်းဒေသ၌ ၃-နှစ်တိုင်အောင် ရွှေနှင့်သတ္ထုများ ထုတ်ယူခဲ့ပြီး ဂျပန်သိုက်ရှိသည်ဟု နာမည်ကြီးသည့်နေရာဖြစ်နေတာကြောင့် ဒေသခံများအနေနဲ့ သံသယဖြစ်နေကြကြောင်း မြန်မာ့ခေတ်သတင်းမှာ ဖော်ပြထားပါတယ်။
    ______________________

    ကေအိုင်အို ဦးဆောင်မည့် တစ်နိုင်ငံလုံး အပစ်ရပ်အကြို ဆွေးနွေးပွဲပြုလုပ်မည်

    အပစ်အခတ်ရပ်စဲရေးမတိုင်မီ တိုင်းရင်းသားပေါင်းစုံပါဝင်သော အကြိုဆွေးနွေးပွဲ တစ်ရပ်ကို ကေအိုင်အို (ကချင်လွတ်လပ်ရေးအဖွဲ့)မှ ကေအိုင်အို ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင်ဦးဆောင် ပြုလုပ်မည်ကို အစိုးရက သဘောတူညီလိုက်ကြောင်း၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးကော်မတီအကြား ဆွေးနွေးမှုများ အားရကျေနပ်မှုရှိပြီး နိုဝင်ဘာလတွင် ပြုလုပ်မည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကို မျှော်လင့်ကြောင်း၊ လိုင်ဇာတွင် ပြုလုပ်မည့် အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ ဖိတ်ကြားလျှင်လည်း တက်ရောက်မည်ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနမှ သိရှိရပါတယ်။
    ______________________

    လက်နက်ကိုင်ခေါင်းဆောင်များနဲ့ ဆွေးနွေးခဲ့တဲ့ မစ္စတာ နမ်ဘီးယား

    ကေအိုင်ကို ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် ၁၀-ဖွဲ့မှလည်း လေ့လာသူအဖြစ် တက်ရောက်နေသလို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စမာ ဗီဂျေးနမ်ဘီးယားလည်း တက်ရောက်နေသည့် အစည်းအဝေးမှာ မစ္စတာနမ်ဘီးယားနှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၀-ဖွဲ့မှ ခေါင်းဆောင်များ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကုလသမဂ္ဂအနေနဲ့ လေ့လာပြီး အကြံပြုနိုင်တဲ့အဆင့်သာရှိကြောင်း၊ မိမိတို့ တိုင်းပြည်ကိစ္စတွေကို တိုင်းရင်းသားအဖွဲ့များမှသာ ဖြေရှင်းသွားရမှာဖြစ်တယ်လို့ မစ္စတာနမ်ဘီးယားက ပြောခဲ့ကြောင်း RFA သတင်းမှာ ဖော်ပြထားပါတယ်။

    ______________________

    အစိုးရလုပ်ငန်းများပိတ်ထားရခြင်းအပေါ် ကွန်ဂရက်အား အိုဘားမား ဖိအားပေး

    အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ၎င်းအနေဖြင့် နိုင်ငံ၏ဘဏ္ဍာရေး အစီအစဉ်၊ ၎င်းကိုယ်တိုင်တင်သွင်းသော ကျန်းမာရေးဥပဒေများနှင့် ပက်သက်ပြီး ရီပက်ဘလစ်ကန်အမတ်များနှင့် ညှိနှိုင်းဆွေးနွေးရန် ဆန္ဒရှိနေသော်လည်း ဒီမိုကရေစီစနစ်အရ ခြိမ်းခြောအကြပ်ကိုင်မှုမျိုးကို လုပ်၍မရဟု သတိပေးပြောကြား လိုက်သည်။

    ယမန်နေ့က အိမ်ဖြူတော်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အောက်လွှတ်တော်ဥက္ကဌ ဂျွန် ဘိုဟ်နာအား အစိုးရလုပ်ငန်းအချို့ ရပ်ဆိုင်းထားရခြင်းနှင့် ကြွေးမြီများ မြင့်တက်လာခြင်းကို အဆုံးသတ်ရန်အတွက် အသုံးစရိတ်မူကြမ်းကို မဲပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

    အမေရိကန်အစိုးရမှာ ဘဏ္ဍာရေးပြဿနာနှင့်ရင်ဆိုင်နေရပြီး ထိုပြဿနာအားဖြေရှင်းရန်အတွက် အသုံးစရိတ်မူကြမ်အားလွှတ်တော်တွင် သဘောတူညီမှုမရရှိသေးခြင်းကြောင့် အစိုးရ၏ လုပ်ငန်းအချို့ကို ယခုလ ၁-ရက်နေ့ကတည်းက ပိတ်ထားရပြီးယခုအခါ တစ်ပါတ်ကျော်လာခဲ့ပြီဖြစ်သည်။

    လွှတ်တော်အတွင်းရှိ ရီပက်ဘလစ်ကန်အမတ်များက အစိုးရ၏ အသုံးစရိတ်မူကြမ်းအား လွှတ်တော်သို့တင်သွင်းသည့်အခါ အိုဘားမား အဆိုပြုထားပြီး ယခုလမှစ၍ သက်ရောက်သည့် ကျန်းမာရေးဥပေဒအကောင်အထည်ဖေါ်မှုအား ရပ်ဆိုင်းထားရန် ပြဌာန်းချက် ပါဝင်ရမည်ဟု တောင်းဆိုထားသည်။
    Ref : aljazeera
    ______________________

    အီရန်-ဗြိတိန် သံတမန်ဆက်သွယ်ရေး ပြန်လည်စတင်တော့မည်

    ဗြိတိန်နှင့် အီရန်နှစ်နိုင်ငံစလုံး သံတမန်ဆက်သွယ်မှုပြန်လည်စတင်ရန် သဘောတူခဲ့ပြီး အခြားသေားဆက်ဆံရေးများ တိုးတက်ရန်ကိုလည်း ဆွေးနွေးခဲ့သည်ဟု နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ယမန်နေ့က ပြောဆိုခဲ့သည်။

    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလီယန်ဟော့က ၎င်းနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်တို့မှာ အတည်တကျ အခြေစိုက်ခြင်းမရှိသည့် ယာယီသံမှူးများ ခန့်အပ်ရန်သဘောတူခဲ့ကြပြီး ထိုမှတစ်ဆင့် တီဟီရန်နှင့် လန်ဒန်တို့တွင် အမြဲတမ်းသံရုံးများဖွင့်လှစ်ရန် ဆွေးနွေးသွားကြမည်ဟု ပြောဆိုခဲ့သည်။

    အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း ထိုပြောဆိုမှုအားအတည်ပြုခဲ့ပြီး အီရန်ပါလီမန်၏ ဆုံဖြတ်ချက်အရ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ISNA သတင်းဌာနသို့ပြောကြားခဲ့သည်။

    ၂၀၁၁ ခုနှစ်တွင် အီရန်နျူကလီးယားစက်ရုံများအား တိုက်ခိုက်မည်ဟုသတင်းထွက်ပေါ်လာပြီးနောက် အီရန်ပြည်သူများက ဗြိတိန်သံရုံးအားစီနင်းပြီးနောက်ပိုင်း တီဟီရန်ရှိ ဗြိတိန်သံရုံးအား ပိတ်ပစ်ခဲ့ရပြီး အီရန်ကလည်း လန်ဒန်ရှိ သံရုံးအား ပိတ်ပစ်ခဲ့သောကြောင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့ရသည်။
    Ref : aljazeera
    ______________________
    လေယာဉ်များမှထွက်ပေါ်သည့် ဆူညံသံများက နှလုံးရောဂါကို ပိုမိုဖြစ်ပွားစေနိုင်

    လေယာဉ်မှ ထွက်လာသည့်ဆူညံသံများရှိရာ အရပ်တွင် နေထိုင်သူများမှာ လေဖြတ်ခြင်း၊ နှလုံးရောဂါအ၀င် သွေးလှည့်ပတ်မှုနှင့် သက်ဆိုင်သည့်ရောဂါများ ပိုမိုဖြစ်ပွားနိုင်သည်ဟု သုသေတီများက ပြောကြားလိုက်သည်။

    ဒေါက်တာ အန်နာ ဟန်ဆဲလ်ဦးဆောင်သည့် လန်ဒန် Imperial ကောလိပ်မှ သုသေသနအဖွဲ့က ဟီသရိုးလေဆိပ်ဝန်းကျင်တွင်နေထိုင်ကြသည့် လူ ၃.၆ သန်းကို ဆန်းစစ်လေ့လာမှုများပြုလုပ်ခဲ့ပြီးနောက် လေယာဉ်ဆူညံသံများအား အမြင့်ဆုံးခံစားရသည့် ဒေသများတွင်နေထိုင်သူများမှာ ထိုကဲ့သို့ရောဂါများ ၁၀-ရာခိုင်နှုန်းမှ ၂၀-ရာခိုင်နှုန်းအထိ ပိုမိုဖြစ်ပွားနိုင်သည်ဟု ဗြိတိန်ဆေးဘက်ဆိုင်ရာဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
    Ref : bbc
    ______________________
    အိန္ဒိယတွင် လေးထပ်တိုက်တစ်လုံးပြိုကျပြန်၍ လူ ၁-ဦးသေ

    အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ယမန်နေ့က လေးထပ်တိုက်တစ်လုံးပြိုကျခဲ့သောကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံးခဲ့သည်ဟုသိရသည်။

    နယူးဒေလီမြောက်ပိုင်းရှိ သက်တမ်း နှစ် ၅၀-ရှိသည့် အဆောက်အဦးတစ်ခုဖြစ်ပြီး၊ ထိုအဆောက်အဦးဘေးတွင် နောက်ထပ်အဆောက်အဦးဆောက်လုပ်ရန် မြေကြီးများတူးနေပြီး ထိုအဆောက်အဦး၏ဖောင်ဒေးရှင်းအား အားနည်စေခဲ့သောကြောင့် ပြိုကျခဲ့ခြင်းဖြစ်သည်ဟု နယူးဒေလီ မီးသတ်အကြီးအကဲ အေ ကေ ရှရမာက
    ပြောကြားခဲ့သည်။

    ထိုပြိုကျမှုအတွင်း ဒဏ်ရာရသူနှစ်ဦးရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။ ပြိုကျရသည့်အကြောင်းအရင်းကိုဆန်းစစ်ရန် သက်ဆိုင်ရာမှအမိန့်ပေးထားပြီး ဖြစ်သည်ဟုသိရသည်။

    အိန္ဒိယနိုင်ငံတွင် တိုက်တာအဆောက်အဦးပြိုကျမှုများမှာ အဖြစ်များလာပြီး ပြီးခဲ့သည့် ဧပြီလတွင် မွန်ဘိုင်းမြို့ သိမ်းဒေသရှိ အဆောက်အဦးတစ်ခု ပြိုကျမှုကြောင့် လူပေါင်းများစွာ သေကျေခဲ့ပြီး၊ စက်တင်ဘာလ ၂၇-ရက်နေ့ကလည်း မွန်ဘိုင်းတွင်ပင် လူနေတိုက်တာတစ်ခုပြိုကျမှုကြောင့် လူပေါင်း ၆၁ ဦးသေဆုံးခဲ့သည့်
    ဖြစ်ရပ်များလည်း ဖြစ်ပွားခဲ့သည်။
    Ref : cnn
    Photo : outlookindia
    * ဓါတ်ပုံအညွန်း > ၃-ထပ်တိုက် တစ်ခု ပြိုကျမှု မြင်ကွင်းဓါတ်ပုံ
    ______________________

    အစ္စရေးက ပိတ်ဆို့ထားမှုကြောင့် ၀င်ငွေသန်းထောင်ပေါင်းများစွာ ပါလက်စတိုင်းနစ်နာနေရ
    အစ္စရေးက မတရားသိမ်းပိုက်ထားသော နောက်ဖက်ကမ်းခြေရှိ ပိတ်ဆို့မှုများအား ဖယ်ရှားလိုက်ပါက ပါလက်စတိုင်း၏ စီးပွားရေးကို သုံးဆခန့်ချဲ့ထွင်နိုင်လိမ့်မည်ဟု ကမ္ဘာ့ဘဏ်ကပြောကြားလိုက်သည်။

    “စိုက်ပျိုးမြေကြွယ်ဝတဲ့ အနောက်ဘက်ကမ်းခြေဒေသရဲ့ထက်ဝက်ကျော်ကို ပါလက်စတိုင်းတွေ ဆက်သွယ်လို့မရပါဘူး။ (အစ္စရေးက သိမ်းပိုက်ထားသော) ဒီသိမ်းပိုက်ခံထားရတဲ့မြေတွေရဲ့ အလားအလာရှိတဲ့ အကျိုးသက်ရောက်မှုတွေကို သေသေချာချာ လေ့လာ ဆန်းစစ်လိုက်တဲ့အခါ ပါလက်စတိုင်းရဲ့ စီးပွားရေးကို အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံလောက်အထိ ဆုံးရှုံးနေစေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်” ဟု ကမ္ဘာ့ဘဏ်က ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

    အကယ်၍ အစ္စရေးကမတရားသိမ်းပိုက်ထားသော ထိုဒေသများတွင် စိုက်ပျိုးရေးနှင့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခဲ့ပါက ပါလက်စတိုင်း၏ ဂျီဒီပီကို ၃၅-ရာခိုင်နှုန်းအထိ တိုးမြင့်စေနိုင်မည်ဟု ထိုအစီရင်ခံစာတွင် ထည့်သွင်းရေးသားထားသည်။
    Ref : aljazeera

     

    ______________________

    ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ဗြိတိန်နှင့် ဘယ်လ်ဂျီယံနိုင်ငံသားတို့ ပူးတွဲရရှိ

    ယခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ပေးအပ်ချီးမြှင့်ခဲ့ရာ ဗြိတိန်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့မှ သိပ္ပံပညာရှင်နှစ်ဦက ဆွတ်ခူးရရှိသွားခဲ့သည်ဟုသိရသည်။

    ဆုရရှိသွားသူများမှာ ဗြိတိန်နိုင်ငံသား ပီတာ ဟစ်ဂ်နှင့် ဘယ်လ်ဂျီယံနိုင်ငံသား ဖရန်ကွိုက်စ် အန်ဂ်လာ့တ်တို့ဖြစ်ကြပြီး စကြာဝဠာစတင်ဖြစ်ပွားခဲ့သည့် အခြေခံအကျဆုံး အမှုန်နှင့်ပက်သက်ပြီး ရှာဖွေတွေ့ရှိခဲ့ခြင်းအတွက် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့က စေတာ့ဟုမ်းတွင်ကျင်းပပြုလုပ်သည့်
    ဆုရွေးချယ်ပွဲ အခမ်းအနားတွင် ဆုရွေးချယ်ရေးကော်မတီက ပြောကြားခဲ့သည်။
    Ref : aljazeera

    ______________________

    ရုရှားရှိ မူလတန်းကလေးငယ် ၁၁-ရာခိုင်နှုန်းမှာ အစ္စလာမ်အား သင်ကြားရန် ဆန္ဒရှိ

    ရုရှားနိုင်ငံရှိ မူလတန်းကျောင်းများမှ ကျောင်းသား ၁၁ ရာခိုင်နှုန်းမှာ အစ္စလာမ်အား ကျောင်းသင်ခန်းစားအဖြစ်သင်ယူရန် နှစ်သက်ကြသည်ဟု ရုရားနိုင်ငံ၏ လက်ထောက်ပညာရေးဝန်ကြီး Veniamin Kaganov က Edinaya Rossiya ပါတီမှ တက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

    ၎င်း၏ပြောကြားချက်အရ ကျောင်းသားများ၏ ၄၁ ရာခိုင်နှုန်းမှာ လူမှုကျင့်ဝတ်၊ ၄၆ ရာခိုင်နှုန်းမှာ အော်သိုဒေါ့စ် (ခရစ်ယာန်)၊ ၁ ရာခိုင်နှုန်းမှာ ဂျူးဝါဒ၊ ၀.၅ ရာခိုင်နှုန်းမှာ ဗုဒ္ဓ၀ါဒ စသဖြင့် သင်ယူလေ့လာရန် ကြိုက်နှစ်သက်ကြသည်ဟု သိရသည်။ ကျောင်းသားတိုင်းမှာ ဘာသာရေးနှင့် ပက်သက်ပြီး သင်ကြားရန်
    ရွေးချယ်သောကြောင့် ၎င်းမှာစိတ်ဝင်စားမိကြောင်း၊ နိုင်ငံအတွင်းရှိ ဆရာ၊ ဆရာမ ၄၀ ရာခိုင်နှုန်းကျော်ကို ဘာသာတရားများ၏ အခြေခံအချက်များနှင့် လူမှုကျင့်ဝတ်များအကြောင်းကို လေ့ကျင့်သင်ကြားပေးထားကြောင်း Veniamin က ထပ်လောင်းပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ ရုရှားနိုင်ငံတွင် ဒုတိယ လူအများဆုံး ယုံကြည်ကိုးကွယ်သော သာသနာဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၁၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။ ထို့ပြင် ရုရှားနိုငံ၏ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများတွင်လည်း အစ္စလာမ်ဘာသာရေးအဆောက်အအုံများစွာပါဝင်သည်။
    ရုရှားနိုင်ငံသားများမှာ အစ္စလာမ်အတွင်းသို့ ၀င်ရောက်လာမှု များပြားသောကြောင့် အစ္စလာမ်သာသနာမှာ ရုရှားတွင် လျင်မြန်စွာ ပြန့်ပွားသော သာသနာဖြစ်သည်ဟု သတ်မှတ်ထားကြသည်။
    Ref : wiki
    ______________________
    နှစ်ပေါင်းများစွာပိတ်ပင်ထားသည့် ဘာသာရေးတာဝန်တစ်ခုအား တူရကီပယ်ဖျက်

    တိုင်းပြည်အတွင်း ဒီမိုကရေစီတိုးတက်စေရန်ရည်ရွယ်၍ ဆယ်စုနှစ်များစွာ ပိတ်ပင်ထားသည့် အစိုးရဌာနများတွင် အမျိုးသမီးများ ပုဝါ၀တ်ဆင်ခြင်းမပြု ရဟူသော တားမြစ်ချက်အား တူရကီအစိုးရက ယမန်နေ့က ပယ်ဖျက်ပေးလိုက်ပြီဖြစ်သည်။

    တူရကီဝန်ကြီးချုပ် ရီစက်ပ်တိုင်ရစ်ပ် အာရ်ဒိုဂန်က ထိုပယ်ဖျက်မှုအား ပုံမှန်ဘ၀သို့သွားသည့် ခြေလှမ်းတစ်ရပ်အဖြစ် ချီးကျူးပြောဆိုလိုက်ပြီး၊ သတင်းစာတွင် တရာဝင်ကြေညာပြီနောက်ပိုင်း နိုင်ငံတစ်ဝှမ်းတွင် ချက်ချင်းသက်ရောက်သည်ဟု ပြောဆိုလိုက်သည်။ ၀န်ကြီးချုပ်ကတော်ကိုယ်တိုင်မှာလည်း ပုဝါ၀တ်ဆင်သော
    အမျိုးသမီးတစ်ဦး ဖြစ်သည်။

    “ကျွန်တော်တို့တိုင်းပြည်ရဲ့ ဆန္ဒနဲ့ဆန့်ကျင်တဲ့ ရှေးဆန်တဲ့ ပြဌာန်းချက်ကြီးကို ကျွန်တော်တို့ ပယ်ဖျက်လိုက်ပါပြီ။ ဒါဟာ ပုံမှန်ဘ၀ဆီကိုသွားတဲ့ ခြေလှမ်းတစ်ခုပါပဲ။ အမှောင်ခေတ်ကြီးဟာ တဖြည်းဖြည်းနဲ့ အဆုံးသတ်လာပါပြီ။
    ဦခေါင်းမှာ ပုဝါရုံကြတဲ့အမျိုးသမီးတွေဟာလည်း ကျွန်တော်တို့နိုင်ငံသားတွေပါပဲ” ဟု သူ၏ပါတီဝင်များဖြစ်သည့် ဥပဒေပြုအမတ်များအား ပြောကြားခဲ့သော ပါလီမန်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

    ထိုတားမြစ်ချက်မှာ တူရကီပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်ခဲ့သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၉၀ အရင်က သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ထိုသတ်မှတ်ချက်က အစိုးရလုပ်ငန်းများတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်ခြင်းအား အဟန့်အတားဖြစ်စေခဲ့သည်။

    တူရကီနိုင်ငံလူဦးရေ၏ လူများစုမှာ အစ္စလာမ်သာသနာအား သက်ဝင်ယုံကြည်ကြသူများ ဖြစ်သော်လည်း တူရကီ၏နိုင်ငံရေးစနစ်မှာ ဘာသာရေးကို အခြေခံခြင်းမရှိသော secular နိုင်ငံရေးစနစ်ဖြစ်သည်။
    Ref : aljazeera
    ______________________

    Day of Open Mosques အခမ်းအနားအား ဂျာမနီတွင် ကျင်းပ

    ဂျာမနီနိုင်ငံ Hesse ပြည်နယ်ရှိ ဗလီဝတ်ကျောင်းတော်များနှင့် အစ္စလာမ့် ယဉ်ကျေးမှု စင်တာများအား လွတ်လပ်စွာ လေ့လာ ခွင့်ပေးသည့် Day of Open Mosques အမည်ရ လှုပ်ရှားမှုတစ်ခုကို အောက်တိုဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဂျာမနီရှိ အစ္စလာမ့် ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းများကို လေ့လာရန် ဂျာမနီနိုင်ငံသို့ လာရောက်ကြသည့် ကမ္ဘာ့ တစ်ဝှမ်းမှ ကမ္ဘာလှည့်ခရီးသွားများ တက်ရောက်ခဲ့ကြသည်။

    Day of Open Mosques လှုပ်ရှားမှုအား ဂျာမနီရှိ မတူညီသော အယူဝါဒများအတွင်း သည်းခံနိုင်စွမ်း ပိုမိုတိုးတက်လာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး Marburg နှင့် Biedenkop ခရိုင်ရှိ အစ္စလာမ် ဘာသာရေး တက္ကသိုလ် ၇-ခုမှလည်း ထိုအစီအစဉ်တွင် ပါဝင်ခဲ့ကြကာ ဗလီဝတ်ကျောင်းတော်များသို့ လည်ပတ်ခြင်း၊
    ဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ပြပွဲပြသခြင်းများကို ပြုလုပ်ခဲ့ကြသည်။

    Day of Open Mosques လှုပ်ရှားမှုအား ၁၉၉၇-ခုနှစ် အောက်တိုဘာ ၃-ရက်နေ့တွင် ဂျာမနီ မွတ်စလင်မ်ကောင်စီမှ ကြီးမှူး၍ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၃ ရက်နေ့မှာ ဂျာမနီပေါင်းစည်း ညီညွတ်ရေးနေ့ဖြစ်ပြီး ထိုနေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားမှာ ဂျာမနီရှိ မွတ်စလင်များက နိုင်ငံ၏
    အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ကို ဖော်ပြခြင်းလည်းဖြစ်သည်။
    Ref: islam.ru
    ______________________

  • Day of Open Mosques အခမ်းအနားအား ဂျာမနီတွင် ကျင်းပ

    အောက်တိုဘာ၊ ၉
    M-Media

    mosque_duisburgဂျာမနီနိုင်ငံ Hesse ပြည်နယ်ရှိ ဗလီဝတ်ကျောင်းတော်များနှင့် အစ္စလာမ့် ယဉ်ကျေးမှု စင်တာများအား လွတ်လပ်စွာ လေ့လာ ခွင့်ပေးသည့် Day of Open Mosques အမည်ရ လှုပ်ရှားမှုတစ်ခုကို အောက်တိုဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဂျာမနီရှိ အစ္စလာမ့် ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းများကို လေ့လာရန် ဂျာမနီနိုင်ငံသို့ လာရောက်ကြသည့် ကမ္ဘာ့ တစ်ဝှမ်းမှ ကမ္ဘာလှည့်ခရီးသွားများ တက်ရောက်ခဲ့ကြသည်။

    Day of Open Mosques လှုပ်ရှားမှုအား ဂျာမနီရှိ မတူညီသော အယူဝါဒများအတွင်း သည်းခံနိုင်စွမ်း ပိုမိုတိုးတက်လာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး Marburg နှင့် Biedenkop ခရိုင်ရှိ အစ္စလာမ် ဘာသာရေး တက္ကသိုလ် ၇-ခုမှလည်း ထိုအစီအစဉ်တွင် ပါဝင်ခဲ့ကြကာ ဗလီဝတ်ကျောင်းတော်များသို့ လည်ပတ်ခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ပြပွဲပြသခြင်းများကို ပြုလုပ်ခဲ့ကြသည်။

    Day of Open Mosques လှုပ်ရှားမှုအား ၁၉၉၇-ခုနှစ် အောက်တိုဘာ ၃-ရက်နေ့တွင် ဂျာမနီ မွတ်စလင်မ်ကောင်စီမှ ကြီးမှူး၍ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၃ ရက်နေ့မှာ ဂျာမနီပေါင်းစည်း ညီညွတ်ရေးနေ့ဖြစ်ပြီး ထိုနေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားမှာ ဂျာမနီရှိ မွတ်စလင်များက နိုင်ငံ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ကို ဖော်ပြခြင်းလည်းဖြစ်သည်။

    Ref: islam.ru

  • အစ္စလာမ်အကြောင်းကို ကျောင်းသင်ခန်းစာတွင် သင်ကြားရန် ရုရှား မူလတန်း ကျောင်းကလေးငယ် ၁၁-ရာခိုင်နှုန်းဆန္ဒရှိ

    အောက်တိုဘာ ၉၊ ၂၀၁၃
    M-Media

    school001

    ရုရှားနိုင်ငံရှိ မူလတန်းကျောင်းများမှ ကျောင်းသား ၁၁-ရာခိုင်နှုန်းမှာ  အစ္စလာမ်အား ကျောင်း သင်ခန်းစာအဖြစ် သင်ယူရန် နှစ်သက်ကြသည်ဟု  ရုရားနိုင်ငံ၏ လက်ထောက် ပညာရေးဝန်ကြီး Veniamin Kaganov က Edinaya Rossiya ပါတီမှ တက်ကြွ လှုပ်ရှားသူများနှင့် တွေ့ဆုံပွဲတွင်  ပြောကြားခဲ့သည်။

    ၎င်း၏ ပြောကြားချက်အရ ကျောင်းသားများ၏ ၄၁-ရာခိုင်နှုန်းမှာ  လူမှုကျင့်ဝတ်၊ ၄၆-ရာခိုင်နှုန်းမှာ အော်သိုဒေါ့စ်(ခရစ်ယာန်)၊ ၁-ရာခိုင်နှုန်းမှာ ဂျူးဝါဒ၊ ၀.၅ ရာခိုင်နှုန်းမှာ ဗုဒ္ဓ၀ါဒ စသဖြင့် သင်ယူလေ့လာရန်  ကြိုက်နှစ်သက်ကြသည်ဟု သိရသည်။ ကျောင်းသားတိုင်းမှာ ဘာသာရေးနှင့်  ပက်သက်ပြီး သင်ကြားရန် ရွေးချယ်သောကြောင့် ၎င်းမှာစိတ်ဝင်စားမိကြောင်း၊ နိုင်ငံအတွင်းရှိ ဆရာ၊ ဆရာမ ၄၀-ရာခိုင်နှုန်းကျော်ကို ဘာသာရေးနှင့် ပတ်သက်သည့် ဘာသာတရားများ၏  အခြေခံအချက်များနှင့် လူမှု ကျင့်ဝတ်များ အကြောင်းကို  လေ့ကျင့်သင်ကြားပေးထားကြောင်း Veniamin က  ထပ်လောင်းပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ ရုရှားနိုင်ငံတွင် ဒုတိယ လူအများဆုံး  ယုံကြည်ကိုးကွယ်သော သာသနာဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၁၄ ရာခိုင်နှုန်းမှာ  အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။ ထို့ပြင် ရုရှားနိုင်ငံ၏  ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများတွင်လည်း အစ္စလာမ် ဘာသာရေး အဆောက်အအုံ များစွာပါဝင်သည်။  ရုရှားနိုင်ငံသားများမှာ အစ္စလာမ်အတွင်းသို့ ၀င်ရောက်လာမှု  များပြားသောကြောင့် အစ္စလာမ် သာသနာမှာ ရုရှားတွင် လျင်မြန်စွာ  ပြန့်ပွားသော သာသနာ ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။

    Ref: islam.ru

  • မိသားစု ဆွေမျိုးသားချင်း အချင်းချင်း ဘာသာရေးစာသင်ကြားမှု ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ပိတ်ပင်

    အောက်တိုဘာ ၉၊၂၀၁၃
    M-Media
    အငယ်လေး

    freedom of religion

    ရန်ကုန်  ။     ။    ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၅၄-ရပ်ကွက်တွင် အစ္စလာမ့် အခြေခံဘာသာရေးစာသင်ကြားမှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ပိတ်ပင်ခဲ့သည်ဟု သတင်းရရှိပါသည်။

    ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၅၄-ရပ်ကွက်တွင် ၁၈.၉.၂၀၁၃ နေ့မှ စ၍ အစ္စလာမ့်ယဉ်ကျေးမှု အခြေခံ ဘာသာရေး သင်ခန်းစာများကို ကျောင်းသား ၇-ယောက်အား အေးအေးချမ်းချမ်းနှင့်စာသင်ပေးခဲ့ပါသည်။ စာသင်သည့်ကျောင်းသားများမှာ ယောက်ျားလေး ၆-ယောက် နှင့် မိန်းကလေး ၁-ယောက်တို့ဖြစ်ကြပြီး ၎င်းတို့၏ အသက်မှာ (၉ နှစ်မှ ၁၃) နှစ်ကြားရှိ ကလေးငယ်များဖြစ်ပါသည်။

    ယခုကဲ့သို့ အေးအေးချမ်းချမ်းနှင့် စာသင်ကြားမှုကို ၂၄.၉.၂၀၁၃ ရက်နေ့ ည ၇း၀၀ နာရီ အချိန်တွင် ၅၄-ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် ရောက်လာပြီး စာမသင်ကြားရဟု ပိတ်ပင်ခဲ့ပါသည်။ ၎င်းနောက် အိမ်ရှင်ကို ခေါ်သွားခဲ့ပြီး ရပ်ကွက်ရုံး အတွင်း တံခါးပိတ်၍ လက်မှတ်နှင့် လက်ဗွေကို အတင်းအဓမ္မ နှိပ်ခိုင်းခဲ့ပြီး သင်ကြားမှုကို ရပ်ဆိုင်းခိုင်းခဲ့ပါသည်။ ထို့နောက် ယခုလို စာသင်ကြားလျှင် မြို့နယ်၏ ထောက်ခံချက်ယူရမည်။ ထောက်ခံချက် မရပါက ၁-ယောက်ပင်သင်၍ မရဟုပြောပါသည်။ စာသင်သည့် ကလေးများမှာလည်း တစ်ခြား သူစိမ်းတစ်ယောက်မှ မပါဘဲ အိမ်ရှင်၏ ဆွေမျိုး များဖြစ်ကြောင်း စာသင်သည့် ဆရာမှာလည်း အိမ်ရှင်၏ တူဖြစ်ကြောင်း စာသင်သည့် အချိန်မှာလည်း  တရက်ကို ၂ နာရီခန့်သာဖြစ်ကြောင်းသိရှိသည်။

    အလားတူ ဒလမြို့နယ်တွင်လည်း အစ္စလာမ် ဘာသာနှင့် ခရစ်ယာန်ဘာသာဝင်မိသားစုများမှ ကလေးသူငယ်များအား ၄င်းတို့ကိုးကွယ်ရာ အခြေခံ ဘာသာရေး သင်ကြားမှုတို့အား ပိတ်ပင်တားမြစ်ထားကြောင်း သိရှိရပါသည်။

    မြန်မာနိုင်ငံတွင် ဘာသာရေးအရ ဖိနှိပ်မှုများပြုလုပ်နေသည်မှာ နှစ်ပေါင်းများစွာ ရှိလာခဲ့ပြီး၊ ရပ်ကွက်အတွင်း အခြေခံဘာသာရေး သင်ကြားမှုများပြုလုပ်သည့် ကျောင်းများကိုလည်း ပိတ်ပင်ခံရသည်။ ယခုအခါ အိမ်တွင်ပင် မိမိ၏ဆွေမျိုးသားချင်း ကလေးငယ်များကို တစုတစည်းတည်း သင်ကြားသည်ကိုပင် ပိတ်ပင်လာခဲ့ခြင်းကြောင့် မိမိယုံကြည်ရာ ဘာသာတရားကိုပင် သင်ကြားခွင့် မရနိုင်တာကြောင့် ဘာသာရေးလွတ်လပ်ခွင့်ဆိုသည်နှင့် ဆန့်ကျင်နေသည်ဟု သုံးသပ်လိုက်ရပါသည်။

    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားအားလုံးသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သည့်ဘာသာတို့ကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိကြောင်း ဖော်ပြထားသည်။

  • နိုဘယ်လ်ဆု အမည်စာရင်း တင်သွင်းခြင်းခံရလို့ ကြည်နှုးနေသူ မြန်မာသမ္မတကြီး သို့ (သူ့အတွေး သူ့အမြင်)

    အောက်တိုဘာ၊ ၉
    ရောဘတ် အယ်လ်ဟို့စ်

    541904_163519360513671_1816103269_n

    ဒီပုံထဲက ပုဂ္ဂိုလ်ကြီး နှစ်ယောက်လုံး ကို တစ်ချိန်သော အခါများက နိုဘယ်လ် ငြိမ်း ချမ်း ရေး ဆုအတွက် (nominee ) အဖြစ် အမည်စာရင်း တင်သွင်းခြင်းခံခဲ့ ရဘူးပါ တယ်။ တစ်ဖက်မှာ ဒီပုဂ္ဂိုလ်ကြီး နှစ်ယောက်ပေါင်း ပြီး ကမ္ဘာ့လူသားပေါင်း သန်းပေါင်း လေးဆယ် ခန့် ကို သတ်ဖြတ်ပစ် ခဲ့ဘူးပါတယ်။ လူ သန်းလေးဆယ်ပါ။

    ဒီပုံထဲက နှစ်ယောက်ကို လူတိုင်းသိကြမှာပါ။ တစ်ဦးက နာဇီဂျာမနီပြည် ရဲ့ အဓိပတိ ကြီး ဖြစ်ခဲ့ဘူးပြီး ဒုတိယ ကမ္ဘာစစ်မီးကြီးကို မွှေးခဲ့သူ အဒေါ့ဖ် ဟစ်တလာပါ။ အပြစ်မဲ့ အရပ် သားပေါင်း သန်း ပေါင်း များစွာကို နည်းမျိုးစုံ နဲ့ ညှဉ်းပမ်း သတ်ဖြတ် ခဲ့သူ။ လူသားမျိုးနွယ်ကြီး တစ်ရပ်လုံးအပေါ်မှာ အကောက်ကျစ်တကာ့ အကောက်ကျစ်ဆုံး၊ အယုတ်မာတကာ့ အယုတ်မာဆုံး နည်းလမ်းတွေနဲ့ ရာဇ၀တ်မှု များ ပြုကျင့်ခဲ့သူ တစ်ဦးပါ။

    နောက်တစ်ဦး ကတော့ တစ် ချိန်က ဆိုဗီယက်ယူနီယံ ဆိုတဲ့နာမည်နဲ့ ကမ္ဘာ့ မြေပုံပေါ် မှာ နှစ် ပေါင်း ၇၀ ကျော်ကြာ နေရာယူခဲ့ ဘူးတဲ့ အာဏာရှင် ကွန်မြူနစ် ရုရှ အင်ပါယာ ကြီး ရဲ့ ကာလ အကြာရှည်ဆုံး အာဏာရှင်ကြီး ဂျိုးဆက်စတာလင် ပါပဲ။ သူ့လက် ထက်မှာလည်း လူပေါင်း သန်းပေါင်း များစွာကို နည်းမျိုးစုံ နဲ့ သေကြေစေခဲ့ သူ၊ သတ် မိန့်ပေးခဲ့သူ၊ ညှမ်းပမ်းခဲ့သူ၊ ရုရှဘာသာစကား နဲ့ (Gulag ) လို့ခေါ်တဲ့ ကမ္ဘာကျော် ညှမ်းပမ်း နှိပ်စက် သတ်ဖြတ်ရေး အကျဉ်းစခန်းတွေမှာ သေကြေစေခဲ့သူ။

    သူတို့ နှစ်ဦးလုံးဟာ သူတို့နဲ့ အတွေးအခေါ် အယူအဆ မတူသူများ၊ အယူဝါဒ ကွဲ ပြားသူများ၊ လူမျိုးနွယ် ကွဲပြားသူများကို သဲကြီးမဲကြီး ပစ်မှတ်ထား နှိပ်ကွပ် ခဲ့ကြတဲ့ ၊ ကမ္ဘာ့သမိုင်း မှာ အဆိုးဝါး ဆုံးသော လူသတ်ကောင်ကြီး များပါပဲ။ ဆိုလိုတာက ယနေ့ထိ တွင်ရစ် ခဲ့သမျှ ကမ္ဘာ့သမိုင်း မှာ ထိပ်ဆုံးက အဆိုးဝါးဆုံး လူသတ်သမား၊ သူယုတ် မာ များဟာ သူတို့ပါပဲ။

    သူတို့ပြုကျင့်ခဲ့သမျှသော အဓမ္မ၊ ယုတ်မာပက်စက် ခဲ့မှုများကို ကမ္ဘာ့ သမိုင်းမှာ မည်သည့်အခါမျှ၊ မည်သည့်ပုံစံနဲ့မျှ ပြန်လည် ပြုပြင်ခြင်းငှာ မစွမ်းသာတော့ပါ။ သမိုင်းကပဲ သမိုင်းကို ရေးပါတယ်။ သမိုင်းကို လူ တွေ က ကြိုက်သလို ပုံသွင်း ပြင်ဆင်ခြင်းငှာ မစွမ်းသာပါ။

    ဟစ်တလာ လို လူဆို တစ်သက်လုံး ဘယ်တော့မှ အရက်သေစာ သောက်စားခဲ့ဘူး တဲ့ မှတ်တမ်း မရှိသလို၊ သက်သတ်လွတ် သမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီ့အပြင် မြန်မာပြည် က ဗိုလ်ချူပ်မှုး ကြီး သန်းရွှေတို့ မိသားစုလို နက္ခတ္တဗေဒင်၊ ယတြာ များကိုတောင် ယုံကြည် တဲ့ မျက်ကန်းမိစ္စာဝါဒီ တစ်ယောက်လည်း ဖြစ်ပါတယ်။

    စတာ လင်လို လူစားမျိုးဆို ခရစ်ယာန်ဘုန်းတော်ကြီး၊ ငယ်ဖြူ အဖြစ် တစ်သက်လုံး အရိုး ထုတ်တော့ မယ်လို့ဆိုပြီး ဘုန်းကြီးဖြစ် သင်တန်းကျောင်း ကိုတောင် နှစ်ရှည်ကြာ တက် ခဲ့ဘူးသူ တစ်ယောက်ဖြစ်ပါတယ်။

    ဒီလိုလူတွေ က ဒီလိုကောက်ကျစ် ယုတ်မာမှု တွေကို ပြုကျင့်ခဲ့ပြီး ဒီလို နိုဘယ်လ် ငြိမ်းချမ်းရေး ဆု အထိ အမည်စာရင်း တင်သွင်း ခြင်းတောင် ခံခဲ့ရဘူးတယ် ဆိုတာ ကမ္ဘာ့သမိုင်းမှာ အံ့ ဘွယ်သရဲ စဉ်းစားတွေးခေါ်ရန် နဲ့ ဆင်ခြင် နိုင်စရာ တစ်ခုလို့ ထင်မြင်မိပါတယ်။ တ ရား ရထိုက်သူများ ရကြပါစေ။

    ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဒါမျိုးလေးတွေ အခုနောက်ပိုင်း မြင်လာနေရလို့ပါ။သမ္မတကြီး အပါအ၀င် တစ်ချို့သော သူများ လက်တွေ့နဲ့ ကင်းကွာပြီး အကြည်နှုး မ လွန်မိစေရန်ပါ။