News @ M-Media

Blog

  • ရွှေကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေးအတွက် အမေရိကန်ပညာရှင်နှင့် တွေ့ဆုံ

    ရွှေကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေးအတွက် အမေရိကန်ပညာရှင်နှင့် တွေ့ဆုံ

    အောက်တိုဘာ ၅၊ ၂၀၁၃
    M-Media
    လင်းလင်း

    ဓါတ်ပုံ - News Collection
    ဓါတ်ပုံ – News Collection

    မန္တလေး ။        ။     မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ သမိုင်းဝင် ရွှေကျောင်းကြီး ပြုပြင်ထိန်းသိမ်းရန် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန (မန္တလေးဌာနခွဲ)နှင့် အမေရိကန် World Monuments Fund မှ Mr. Jeff Allen နှင့် အောက်တိုဘာ ၃-ရက်နေ့က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

    အဆိုပါ သမိုင်းဝင် ရွှေကျောင်းကြီး (ရွှေနန်းတော်ကျောင်း) ပြုပြင်ထိန်းသိမ်းရန်အတွက် Mr. Jeff Allen နှင့် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) ညွှန်ကြားရေးမှူး ဦးဇော်ဦးဟန်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ၎င်းနောက် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးစမ်း၊ မြန်မာဗိသုကာပညာရှင် တမ္ပ၀တီ ဦးဝင်းမောင်၊ မန္တလေး နည်းပညာတက္ကသိုလ်မှ ဒေါက်တာသန်းဋ္ဌေးဦးတို့မှ ရွှေကျောင်းကြီးနှင့် ပတ်သက်သည်များကို ရှင်းလင်း တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

    ကိုးကား – ကြေးမုံသတင်းစာ၊

  • ဗီယက်နမ် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ကွယ်လွန်

    ဗီယက်နမ် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ကွယ်လွန်

    အောက်တိုဘာ ၅၊ ၂၀၁၃
    M-Media

    2009562152550734_3

    ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်နှင့် ပြင်သစ်တပ်များအား ဗီယက်နမ် တော်လှန်ရေးတပ်က ပြောင်မြောက်စွာအနိုင်ရခဲ့သည့် တိုက်ပွဲများ၏ဗိသုကာဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း Vo Nguyen Giap မှာ ယမန်နေ့က ကွယ်လွန်သွားပြီဟု မိသားစုဝင်များနှင့် ဗီယက်နမ်အာဏာပိုင်များက အတည်ပြုပြောကြားလိုက်သည်။

    လေးနှစ်နီးပါး နာတာရှည်ရောဂါကို ခံစားခဲ့ရပြီးနောက် အသက် ၁၀၂-နှစ်အရွယ်ရှိ အဆိုပါ ဗိုလ်ချုပ်ကြီးမှာ မြို့တော်ဟနွိုင်းရှိ စစ်ဆေးရုံတွင် ယမန်နေ့ညနေပိုင်းက ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ တောင်သူလယ်သမား မိသားစုက မွေးဖွားခဲ့သည့် Vo Nguyen Giap မှာ ၁၉၅၄ ခုနှစ် Dien Bien Phu ဒေသတွင် ပြင်သစ်စစ်တပ်အား ချေမှုန်းနိုင်ခဲ့သောတိုက်ပွဲနှင့်၊ နှစ်ပေါင်း ၂၀-အကြာတွင် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် တောင်ဗီယက်နမ်စစ်တပ်အား ကွန်မြူနစ်တို့က အောင်နိုင်ခဲ့သည့်တိုက်ပွဲတို့တွင် အဓိက စီစဉ်ညွှန်ကြားခဲ့သူဖြစ်သည်။

    ၂၀၀၄-ခုနှစ်က အင်တာဗျူးတစ်ခုတွင် Vo Nguyen Giapက ငြိမ်းချမ်းရေးအကြောင်းကို ပြောကြားခဲ့ပြီး ဗီယက်နမ် လွတ်လပ်ရေးအောင်ပွဲမှာ ကမ္ဘာပေါ်ရှိ ကိုလိုနီပြုခံ နိုင်ငံများအားလုံး၏ အောင်ပွဲပင်ဖြစ်ခဲ့သည်ဟု ဖြေကြားခဲ့သည်။

    Vo Nguyen Giap ကို ၁၉၁၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းဒေသတွင် မွေးဖွားခဲ့ပြီး သမ္မတဟောင်း ဟိုချီမင်းနှင့် ရင်းနှီးသောသူငယ်ချင်းဖြစ်ကာ ၀န်ကြီးချုပ်ဟောင်း Pham Van Dong နှင့်အတူ နိုင်ငံ၏ အမြင့်ဆုံးဘွဲ့တံဆိပ်ကိုလည်း အပ်နှင်းခြင်းခံခဲ့ရသည်။

    Ref : aljazeera

  • ရခိုင်ကိုယ်စားလှယ်အဖွဲ့ ဦးရွှေမန်းနှင့်တွေ့စဉ် အကြမ်းဖက်မှုများ တရားဝင်ဆောင်ရွက်နိုင်ဖို့ ပြည်သူ့စစ်ဖွဲ့ပေးရန် တောင်းဆို

    ရခိုင်ကိုယ်စားလှယ်အဖွဲ့ ဦးရွှေမန်းနှင့်တွေ့စဉ် အကြမ်းဖက်မှုများ တရားဝင်ဆောင်ရွက်နိုင်ဖို့ ပြည်သူ့စစ်ဖွဲ့ပေးရန် တောင်းဆို၊ ၉၆၉ အား ဖမ်းမည်ဟုဆိုခဲ့ဖူးသည့် ဦးရွှေမန်းက အကြမ်းဖက်မှုများအဖြစ် သံသယ၀င်စရာ ရခိုင်တို့၏ဆောင်ရွက်ချက်များအား ထောက်ခံပြောကြားခဲ့

    M-Media
    အောက်တိုဘာ ၅၊ ၂၀၁၃
    သတင်း – မြန်မာတိုင်းမ်စ် အင်္ဂလိပ်ပိုင်း

     

    imagesမြန်မာလွှတ်တော်ဥက္ကဌ ဦးရွှေမန်းက ရခိုင်များကို မြန်မာပြည်၏ အနောက်ဘက်စည်းအား အကာအကွယ်ပေး လုံခြုံစေသည်ဟုဆိုကာ ဂုဏ်ပြုချီးကျူးခဲ့ သည်ဟု မြန်မာတိုင်းမ်စ်အင်္ဂလိပ်ပိုင်းက အောက်တိုဘာ ၄ ရက်နေ့၌ သတင်းတင်ပြခဲ့သည်။

    ရခိုင်ကိုယ်စားလှယ်များကလည်း ယာယီနိုင်ငံသားကဒ်ပြားများဖျက်သိမ်းရေးနှင့် အကြမ်းဖက်မှုများအား တရားဝင်စေဖို့ရာ အတွက် ပြည်သူ့ စစ်ဖွဲ့စည်းပေး ဖို့ရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

    ရန်ကုန်တွင် သူရဦးရွှေမန်းနှင့် ရခိုင်ကိုယ်စားလှယ်များ စက်တင်ဘာ ၂၉ က တွေ့ဆုံခဲ့စဉ်ယင်းသို့ နှစ်ဖက်ပါတီ ပလဲနံပသင့် အပြန်အလှန် ပြောဆိုမှု များ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ၉၆၉ အစွန်းရောက်များအား ဖမ်းဆီးပေးပါမည်ဟု အမေရိကန်နိုင်ငံတွင် ကတိပေးပြောဆိုခဲ့သော ဦးရွှေမန်းမှာ ရခိုင်ပြည်နယ်၌ လတ်တလော အကြမ်းဖက်မှုများအား ခေါင်းဆောင်ခဲ့သည်ဟု သံသယ၀င်ဖွယ်ရာ ရခိုင်ကိုယ်စားလှယ်များအား အထက်ပါအတိုင်း မြှောက်ပင့်ခဲ့သည်သာမက ရခိုင်များကို အထောက်အပံ့ပေးရန် မြန်မာပါလီမန်တွင် တာဝန်ရှိသည်ဟုလည်း ပြောဆိုခဲ့သည်။

    “ရခိုင်တွေကို စကားလုံးနဲ့ ချီးမြှင့်ပြောဆိုဖို့တောင် မလုံလောက်ဘူးဗျာ။ ရခိုင်ြပည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ကြပါစို့၊ လူတွေကို လည်း ရုပ်ပိုင်းအရသာမက စိတ်ပိုင်းအရပါ ကူညီကြဖို့ဖြစ်ပါတယ်။” ဟု ဦးရွှေမန်းက ပြောဆိုခဲ့သည်။

    ထို့ပြင် ဦးရွှေမန်းက ရခိုင်များကို အနောက်ဘက်စည်းရှိ ရေပိုင်နက်အား ကာကွယ်ပေးသည့်အတွက် လေးစားကြဖို့ရန်တိုက်တွန်းခဲ့သည်။

    “နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ နယ်နိမိတ်၊ ယဉ်ကျေးမှုအစဉ်အလာနဲ့ ဘာသာသာသနာစတာတွေကို ကာကွယ်တဲ့တာဝန်ဆိုတာ လွယ်တာမဟုတ်ဘူး။ အခက်အခဲတွေရှိပေမယ့်လည်း ရခိုင်တွေရဲ့ မြန်မာပြည်ကို ကာကွယ်ပေးတဲ့အပေါ် ကျွန်တော်တန်ဖိုးထားပါတယ်” ဟု ဦးရွှေမန်းက ဆိုခဲ့သည်။

    ရခိုင်ကိုယ်စားလှယ်များကလည်း ဦးရွှေမန်းအား ၄င်းတို့၏အခက်အခဲများကို တင်ပြခဲ့သည်။ ၄င်းတို့၏ တင်ပြပြောဆိုမှုများထဲ၌ ဘူး သီးတောင်နှင့် မောင်တောဒေသများ၌ တရားမ၀င် ခိုးဝင်လာသူများ အခြေချနေထိုင်နေကြကြောင်း၊ အစိုးရက ၄င်းတို့အား white card ခေါ် ယာယီနေထိုင်ခွင့်ကဒ်များ ထုတ်ပေးထားကြောင်း၊ ထိုကဒ်များမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထုတ်ပေးခဲ့ခြင်းမျိုးမဟုတ်သလို ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရလည်း တရားမ၀င်ကြောင်း ဆိုသည်။

    ရခိုင်ကိုယ်စားလှယ်များ အဓိကပြောဆိုခဲ့သည့်အချက်မှာ ၄င်းတို့ရခိုင်မြေကို ကာကွယ်ရန်အကြောင်းပြကာ ၄င်းတို့ကျူးလွန်နေသည့် အကြမ်းဖက်မှုများအား တရားဝင်ဆောင်ရွက်နိုင်ဖို့ “ပြည်သူ့စစ်” အဖွဲ့အား ဖွဲ့စည်းထားရှိပေးရန်ပင်ဖြစ်သည်။

    ဦးရွှေမန်းကလည်း သမ္မတရုံးထံ တင်ပြပြောဆိုပေးမည့်အကြောင်း ကတိပေးခဲ့သည်။ ရခိုင်ကိုယ်စားလှယ်အဖွဲ့ကို ရှေ့နေ ဦးဘိုမင်းဖြူနှင့် စစ်တွေမြို့မှ ရှေ့နေ ဦးသားပွင့်တို့က ခေါင်းဆောင်ခဲ့သည်။

    ဦးရွှေမန်း၏ ယင်းသို့ပြောဆိုမှုများမှာ ကမန်တိုင်းရင်းသားများအပါအ၀င် ပြည်တွင်းနေ နိုင်ငံသားမွတ်စလင်များအတွက် ရတက်မအေးဖွယ်ရာဖြစ်နေသည် သာမက အပြောကတော့ ရွှေ့မန်း ၊ အဆိုမှာတော့ ချိုမိုင်မိုင် ဇတ်လမ်းမျိုးဖန်တီးနေသည်ဟူသော ဝေဖန်ချက်များမှာလည်း တဖြည်းဖြည်း ပိုမို မှန်ကန် လာနေသည်ဟု သုံးသပ်ရပေသည်။

  • မြန်မာပြည်က လတ်တလောဖြစ်ပျက်ခဲ့တဲ့ လူမျိုးဘာသာရေး အကြမ်းဖက်မှုကြီးအကြောင်း ရိုက်တာမှ သတင်းဆောင်းပါး

    M-Media
    အောက်တိုဘာ ၅ ရက်၊ ၂၀၁၃
    မြန်မာပြန် – M-Media
    မူရင်းလင့် – www.reuters.com

    သံတွဲအကြမ်းဖက်မှုကြောင့် မွတ်စလင်တွေ သေကျေခဲ့သလို တချို့လည်း ပုန်းအောင်းနေကြရဆဲပါ။ ထုံးစံအတိုင်း အသွင်ပြောင်း မြန်မာစစ်အစိုးရ ရဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့ ကုလသမဂ္ဂမှာ သံကောင်းပြပြီး လူမျိုးဘာသာရေးအဓိကရုဏ်းတွေ ကို “ဇီးရိုးတော်လိရန့်”၊ လုံးဝသည်းခံသွား မှာမဟုတ်လို့ ဆိုခဲ့ပါတယ်။ အဲဒီလိုပါပဲ၊ လူပေါင်းများစွာ သတ်ဖြတ်ခဲ့တဲ့ လက်ရက်ဇက်ရဲစိတ်ဓါတ် ကြောင့် လူများစွာသေကျေနေရတာကို မထိခိုက်မခံစားနိုင်ဘဲ အပြုံးမပျက်လက်ဆွဲနုတ်ဆက်ကာ ရခိုင်မြေကို ခြေချခဲ့တဲ့ ဗိုလ်ချုပ်တဖြစ်လဲ သမ္မတဦးသိန်းစိန်ကလည်း သံတွဲအဖြစ်အပျက် ဟာ အချိန်ကိုက်လှုပ်ရှားမှုလို့ သံသယဖြစ်ကြောင်း ဆိုပါတယ်။

    အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ပေါ်လစီကို အားကျခိုးချပြီး အန္တီမွတ်စလင်အရေးကို ကာကွယ်ပြီး မွတ်စလင်အကြမ်းဖက်ကို ဗန်းပြဖို့ အကြီးအကျယ် လှုပ်ရှားနေတဲ့ ဆေးကုဆရာဝန် ဦးသန်းထွတ်အောင်ခေါင်းဆောင်တဲ့ အလဲဗင်းမီဒီယာကလည်း ချိန်သားကိုက် ၀ါဒဖြန့် ပေးခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ၀ါဒဖြန့်ချက်ဟာ အရာမရောက်မအောင်မမြင်ဖြစ်နေဆဲပါပဲ။ ကမ္ဘာ့မီဒီယာကြီးတွေက နှစ်ပေါက်ကြမြင့်နေပြီဖြစ်တဲ့ အကြမ်းဖက်မှုတွေကို သတင်းရယူနိုင်ဖို့အတွက် ကင်မရာကြီးတွေနဲ့ မြန်မာပြည်တွင်း နေရာအနှံ့ကနေ စောင့်ကြည့်နေကြပါပြီ။

    ရိုက်တာသတင်းဌာနက သူတို့မျက်မြင်တွေ့ရှိခဲ့ရတဲ့ အဖြစ်အပျက်အကြောင်းကို ဆောင်းပါးတိုရေးသား တင်ပြထားပါတယ်။ အမ်-မီဒီယာ ပရိသတ်များ မြန်မာပြန် ကို ဖတ်ရှုနိုင်ပါပြီ။

    A man walks out from a destroyed mosque that was burnt down in recent violence at Thapyuchai village
    (Photo is the courtesy of Reuters and Soe Zeya Tun)

    ဒေါသူပုန်ထနေတဲ့ ဗုဒ္ဓဘာသာလူအုပ်ကြီးက ခင်နိုင့်အလောင်းကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်တယ်၊ မီးနဲ့ရှို့တယ်။ ရက်ရက်စက်စက် လုပ်ထားတာကြောင့် သူ့သားဖြစ်သူကိုယ်တိုင် ခင်နိုင့်အလောင်းကို မမှတ်မိတော့ဘူး။ မြန်မာပြည်က ဗုဒ္ဓဘာသာဘုန်းကြီးတွေ ခေါင်းဆောင်တဲ့ လှုပ်ရှားမှုတွေကြောင့် တိုက်ခိုက်မှုဖြစ်စဉ်တွေ ဆက်တိုက်ထွက်ပေါ်လာသလို အဲဒီလှုပ်ရှားမှုက မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးဖြစ်နေတယ်လို့လည်း သမုတ်ခံနေရပါတယ်။

    သဗြုချိုင်ကျေးရွာရဲ့ ဗလီဝတ်ကျောင်းကတော့ ဗြောင်းဆန်အောင် မွှေနှောက်ရှာဖွေခံထားရပါတယ်။ ဗလီရှေ့က သွေးစွန်းနေတဲ့ မြေကြီးထက်မှာ ယင်ကောင်တွေ တလူလူနဲ့ပါ။ ခင်နိုင်ရဲ့ ရုပ်အလောင်းကို ရဲတွေက ဖယ်ရှားလိုက်ပါတယ်။ ခင်နိုင်ကတော့ ရခိုင်ဗုဒ္ဓဘာသာ ၀င်တွေလက်ချက်နဲ့ သေခဲ့ရတာပါ။

    “အဖေက ရခိုင်တွေလက်ကနေလွတ်အောင် မပြေးနိုင်ခဲ့ဘူးဗျာ” လို့ ခင်နိုင်ရဲ့သား အသက် ၁၇ နှစ်အရွယ် ထွန်းထွန်းနိုင်က ဆိုပါတယ်။ ထွန်းထွန်းနိုင်ကတော့ မီးလောင်ခံထားရလို့ မဲသဲနေတဲ့ အ၀တ်အစားတွေနဲ့အတူ သူ့အဖေအလောင်း ဟုတ်မဟုတ်ဆိုတာ ခွဲခြားဖို့ ပုန်းနေတဲ့နေရာကနေထွက်လာခဲ့တာပါ။

    သံတွဲရုန့်ရင်းဆန်ခတ်မှုက ၄ ရက်ကြာမြင့်ခဲ့ပါတယ်။ မွတ်စလင်ငါးဦးသေဆုံးခဲ့တဲ့ထဲမှာ ခင်နိုင်လည်း အပါအ၀င်ဖြစ်သလို ဗုဒ္ဓဘာသာဝင် လေးဦးဒဏ်ရာရခဲ့ပါတယ်။ သံတွဲကတော့ ရခိုင်ပြည်နယ်အနောက်ဘက်မှာရှိပြီး ငပလီကမ်းခြေကြောင့် နိုင်ငံခြားသားတွေအတွက် လည်ပတ်စရာ ပေါ်ပြူလာ နေရာတစ်ခုပါ။

    အဲဒီငပလီအပန်းဖြေစခန်းနဲ့ မဝေးတဲ့တနေရာမှာတော့ ဗုဒ္ဓဘာသာဝင်တွေဟာ တုတ်တွေ၊ လောက်လေးဂွတွေနဲ့ ဓါးရှည်တွေကို ကိုင်ပြီး မွတ်စလင်ကျေးရွာတွေကို ထပ်ကာထပ်ကာ တိုက်ခိုက်ခဲ့ကြတာပါ။ တနင်္ဂနွေနေ့ကစပြီး တိုက်ခိုက်ခဲ့တဲ့နေရာမှာ သူတို့တွေဟာ အိမ်ဒါဇင်များစွာကိုလည်း မီးရှို့ခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

    ဇွန်လ ၂၀၁၂ ကတည်းက စလာလိုက်တဲ့ လူမျိုးရေးအဓိကရုဏ်းကြောင့် လူပေါင်း အနည်းဆုံး ၂၄၀ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ မိသားစုပေါင်း တစ်သိန်းလေးသောင်းခန့် အိုးအိမ်မဲ့ခဲ့ရပါတယ်။ သူတို့ထဲက အများစုကတော့ မွတ်စလင်တွေပဲဖြစ်ပါတယ်။

    သံတွဲမှာ လတ်တလောဖြစ်သွားတဲ့ အဖြစ်အပျက်ကြောင့် မြန်မာအသွင်ပြောင်းအစိုးရအနေနဲ့ ၉၆၉ ခေါ် ဗုဒ္ဓဘာသာအခြေခံ အမျိုးသားရေးလှုပ်ရှားမှုတွေနဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတဲ့ ရခိုင်တိုင်းရင်းသားပါတီတွေကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရတာ ပေါ်လွင်လာပါတယ်။

    ၉၆၉ လှုပ်ရှားမှုတွေကိုတော့ ပြဿနာရှာတတ်တဲ့ ဘုန်းကြီးတွေက ဦးဆောင်တာပါ။ သူတို့က မွတ်စလင်တွေနဲ့ ထိမ်းမြားတာတွေ မလုပ်ဖို့၊ မွတ်စလင်ပိုင်စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့ စတာတွေ (တရား) ဟောပြောတင်ပြကြပါတယ်။

    ၉၆၉ ဂဏန်းကတော့ ဗုဒ္ဓ၊ ဓမ္မနဲ့ သံဃာကို ရည်ညွှန်းတာပါ။ ၉၆၉ တရားဟောတဲ့နေရာအများစုမှာ အစ္စလာမ်ဆန့်ကျင်ရေး (အကြမ်းဖက်) တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လျက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အခုသံတွဲအဖြစ်အပျက်မတိုင်မီ ရက်သတ္တပတ်တွေမှာတော့ အကြမ်းဖက်မှုတွေ ငြိမ်သက်နေခဲ့ ပါသေးတယ်။

    သံတွဲက ရဲတွေကတော့ လူ ၆ ယောက်ဖမ်းထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့တွေထဲမှာတော့ ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (အာရ်အန်ဒီပီ) ရဲ့ ဒေသခံ ဥက္ကဌပါဝင်သလို ၉၆၉ လှုပ်ရှားသူတွေလည်း ပါဝင်ပါတယ်။ ပြီးခဲ့နှစ် အောက်တိုဘာလတုန်းကလည်း အဲဒီ အာရ်အန်ဒီပီပါတီဝင်တွေရဲ့ လှုပ်ရှားပါဝင်မှုကြောင့် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ရသလို လူပေါင်း ၈၉ ဦး အသတ်ခံခဲ့ ရပြီးပါပြီ။ ဒါကို ရိုက်တာသတင်းဌာနက စုံစမ်းတွေ့ရှိထားတာပါ။

    သံတွဲအကြမ်းဖက်မှုကတော့ ရခိုင်ကို သမ္မတဦးသိန်းစိန်အလည်အပတ်ရောက်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြီးကို ဖြစ်သွားခဲ့တာပါ။ ဗုဒ္ဓဟူး နေ့မှာ ရခိုင်ကို ဦးသိန်းစိန်ရောက်တော့ တင်းမာမှုရေချိန် တော်တော်လေးမြင့်တက်နေပါပြီ။ ရဲတွေကလည်း လူစုခွဲဖို့ လေထဲကို သံနတ် တွေ ပစ်ဖောက်နေကြရပါပြီ။

    ရန်သူတွေရဲ့ ခြေကုပ်စခန်းများ

    ၉၆၉ လှုပ်ရှားမှုကိုတော့ (ဒီအကြမ်းဖက်မှုတွေထဲမှာ ပါဝင်ပတ်သတ်နေမနေ သိရှိဖို့အတွက်တော့) မေ့ကျန်မနေစေ ရလောက်အောင် ထင်သာမြင်သာရှိ လွန်းလှပါတယ်။ ငပလီကမ်းခြေလမ်းမကြီးတွေတလျှောက် ၉၆၉ အလံတွေကိုင်ပြီး ချီတက်နေကြတယ်။ ၉၆၉ ထောက်ခံသူတွေက (အဲဒီလိုမချီတက်မီမှာ) သံတွဲမြို့တော်ခန်းမမှာ ဗုဒ္ဓဘာသာအမျိုးသားရေးသီချင်းတွေကို လော်စပီကာတွေသုံးပြီး အသံကုန်ဟစ်အော်ခဲ့ကြပါသေးတယ်လို့ မွတ်စလင်တွေက ပြောပြပါတယ်။

    အဲလိုအသံကုန်ဟစ်အော်ပြီးတဲ့နောက်မှာတော့ ရွှေလှေးရွာမှာ ၉၆၉ ဘုန်းကြီး ၀ီရသူက တရားဟောခဲ့ပါသေးတယ်။ သူကပဲ ဗလီဝတ်ကျောင်းတွေကို ရန်သူတွေရဲ့ ခြေကုပ်စခန်းတွေလို့ သမုတ်ခဲ့တာပါ။

    “အဲဒီနောက်တော့ဗျာ၊ ကျနော်တို့ ရွာထဲမှာ အတော်ကလေး ကရုစိုက်ပြီးနေကြရတာပေါ့၊ ဗုဒ္ဓဘာသာဝင်တွေကို မတိုက်မိအောင်၊ စိတ်ဆိုး မသွားရအောင် ကရုစိုက်နေကြရပါတယ်။” လို့ သဗြုချိုင်ကျေးရွာ ဒေသခံမွတ်စလင်တွေထဲကတစ်ဦးဖြစ်တဲ့ မြင့်အောင်က ဆိုပါတယ်။ သဗြုချိုင်မှာတော့ အိမ်အနည်းငယ်သာ (မီးဘေးမသင့်ဘဲ) ကျန်ရစ်နေခဲ့ပါတယ်။

    ၀ီရသူကို အထင်ကြီးသူတွေထဲမှာ သာသနာရေးဝန်ကြီး (ဦး) ဆန်းဆင့်လည်း ပါဝင်ပါတယ်။ သူက ဇွန်လတုန်းက ရိုက်တာကို ၀ီရသူရဲ့ တရားတွေက သာသနာတွေအကြား ချစ်ခင်ရေးနဲ့ နားလည်မှုကို မြင့်မားစေပါတယ်လို့ ဆိုခဲ့ပါတယ်။

    သမ္မတဦးသိန်းစိန်ကလည်း ၀ီရသူကို ဗုဒ္ဓသားတော်လို့ ခေါ်ခဲ့ဖူးသလို ၉၆၉ တံဆိပ်ကိုလည်း ငြိမ်းချမ်းရေးသင်္ကေတရယ်လို့ ကင်ပွန်းတပ်ခဲ့ ပါတယ်။

    အစိုးရရဲ့ ခန့်မှန်းချက်အရ လူပေါင်း သန်း၆၀ရှိတဲ့ မြန်မာပြည်မှာ ၅ ရာခိုင်နှုန်းလောက်က မွတ်စလင်တွေပါ။ အဲဒီထဲက ၁ မီလီယံထက်ပို တဲ့ လူအရေအတွက် က ရိုဟင်ဂျာမွတ်စလင်တွေ ဖြစ်ပါတယ်။ သူတို့တွေထဲက အများစုက နိုင်ငံမဲ့နေပြီး ရခိုင်မြောက်ပိုင်းမှာ နေပါတယ်။

    သဗြုချိုင်ရွာသား ဗုဒ္ဓဘာသာဝင် မြင့်ဌေးကတော့ အင်္ဂါနေ့ အကြမ်းဖက်ပွဲကြီးမှာ သူမပါဝင်ခဲ့ဘူးလို့ဆိုပေမယ့် အကြမ်းသမားတွေုကို ရှုတ်ချဖို့ တော့ ငြင်း ဆိုခဲ့ပါတယ်။

    “ဒါမမှားဘူးလေ” လို့ သူက ဆိုပါတယ်။ ဒြါ့ပင်သူက ရခိုင်တွေအနေနဲ့ သူတို့ရဲ့ အမိမြေကို မွတ်စလင်တွေလက်ကနေ ကာကွယ်ဖို့ တာဝန်ရှိတယ်လို့ လည်း ဆိုပါတယ်။

    အမျိုးဘာသာသာသနာကာကွယ်ရေးအဖွဲ့ဝင် မြင့်မိုးဆိုသူကတော့ သူကိုယ်တိုင် ၉၆၉ တံဆိပ်ကပ် စတစ်ကာတွေကို ဖြန့်ဖြူးခဲ့သလို ဗုဒ္ဓဘာသာ ဘုန်းကြီး ရာပေါင်းများစွာကို အထောက်အပံ့ပေးခဲ့တယ်လို့ ပြောပြပါတယ်။

    မြင့်မိုးက ရိုဟင်ဂျာအသုံးအနှုံးကို ငြင်းဆိုခဲ့ပြီး ရိုဟင်ဂျာဆိုသူတွေဟာ ဘင်္ဂလီတွေပါလို့ ပြောပါတယ်။ ဘင်္ဂလီကတော့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လာသူတွေကို ခေါ်တာပါ။

    သံတွဲအခြေဆိုက် အာရ်အာန်ဒီပီပါတီရဲ့ ခေါင်းဆောင်တွေကတော့ သူတို့ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးတာဟာ အကျိုးဆက်အနေနဲ့ မတည်ငြိမ်မှုကို တိုးပွားစေမှာပဲလို့ ဆိုပါတယ်။

    “ပါတီခေါင်းဆောင်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီးတဲ့အတွက် အစိုးရမှာတာဝန်ရှိတယ်၊ လူတွေက ဒေါသူပုန်ထနေကြတယ်” လို့ မောင်မောင်ဖြူက ဆိုပါတယ်။

    (ရိုက်တာသတင်းဌာန – ဂျာရက်ဖာရီ သံတွဲမှာ တိုက်ရိုက်သတင်းရေးသားသည်။ ရန်ကုန်မှ မင်းဇေယျာဦးက ထပ်တိုးသတင်းပေးပို့ပြီးMartin Petty, Andrew R.C. Marshall နှင့် Robert Birsel တို့က တည်းဖြတ်သည်။)

  • မဟုတ်မမှန် လုပ်ကြံတဲ့ eleven နဲ့ the voice တို့ သွေးထိုးလှုံ့ဆော်မှုများ ရပ်စေလို

    မဟုတ်မမှန် လုပ်ကြံတဲ့ eleven နဲ့ the voice တို့ သွေးထိုးလှုံ့ဆော်မှုများ ရပ်စေလို

    အောက်တိုဘာ ၄၊ ၂၀၁၃
    M-Media
    သတင်းဆောင်းပါး – ချမ်းငြိမ်းအေး

    Daily Eleven News
    Daily Eleven News

    တနေ့ကထုတ်တဲ့ daily eleven news နဲ့ မနေ့ထုတ် the voice daily မှာ သံတွဲက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးရေးသား ထားတဲ့ သတင်းတွေ ဖတ်ရပါတယ်။ အဲဒီသတင်းတွေမှာ ဖြစ်ရပ်မှန်ကို ပြောင်းပြန်လုပ်ပြီး ရေးသားထားတာတွေ တွေ့ရပါတယ်။ အကြမ်းဖက်ခံခဲ့ရတဲ့ ကမန်တိုင်းရင်းသားများရော၊ အမှန်တရားကို မြတ်နိုးသူများတွေကပါ အဲဒီလို အရေးအသားတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်းပြောကြပါတယ်။

    အကြမ်းဖက်ခံရသူတွေဟာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြတဲ့ ကမန်တိုင်းရင်းသား အများစုပါ။

    “မွတ်စလင်မ် အကြမ်းဖက်လို့ Daily Eleven က သုံးထားတဲ့ အသုံးအနှုန်းက ပဋိပက္ခကို ပိုပြီး ကြီးထွားစေတယ်။ အဲဒါကို ကျွန်တော်တို့ လုံးဝ ကန့်ကွက်ကြရမှာပါ။ အဲဒီ သတင်းတွေက ပြောင်းပြန်ဖြစ်နေတယ်။ ဖြစ်စဉ် တလျှောက်လုံးမှာ ကျွန်တော်တို့ (အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား) တွေက ခံနေရတဲ့ အနေအထားပဲရှိတယ်။ ကျွန်တော်တို့ ၅-ရွာပေါင်းမှ ရခိုင်တွေ ၂-ရွာလောက်တောင်မရှိဘူး။ သူတို့တွေ ရွာ ၅၀-နီးပါးလောက်က ကျွန်တော်တို့ကို ၀ိုင်းထားတာ။ ကျွန်တော်တို့မှာ ထွက်ပေါက်လည်း မရှိဘူး။ ကျွန်တော်တို့က တိုက်ခိုက်နိုင်တဲ့ အရည်အချင်းလည်းမရှိဘူး။ အင်အားလည်း မရှိဘူး။” လို့ သံတွဲ ဒေသခံတစ်ဦးက ပြောပါတယ်

    ကမန်တိုင်းရင်းသား လူမှုကွန်ရက်မှလည်း “မြန်မာပြည်က ဂျာနယ်တွေ၊ စာစောင်တွေအများစုက တဘတ်သက်ဆန်ဆန်၊ တဘက်စောင်းနင်းနဲ့ သတင်းအမှောင်ချတဲ့ပုံစံ ရေးနေတယ်။ တကယ်ဒေသခံမဟုတ်တဲ့ လူတစ်ယောက် ဂျာနယ်တွေ စာစောင်တွေ ဖတ်တဲ့အခါ ဗုဒ္ဓဘာသာဝင် ရခိုင်တွေပဲ သေဆုံးသွားပြီဆိုပြီးတော့ မုန်းတီးရေး ဘက်ကို ရောက်လာပြီး မွတ်စလင်မ်တွေက အကြမ်းဖက်တဲ့ပုံစံမျိုး ထင်ယောင် ထင်မှားဖြစ်အောင်လုပ်ဆောင်တာပဲလို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်”လို့ ပြောခဲ့ပြန်ပါတယ်။

    မြန်မာနိုင်ငံမှာ ၂၀၁၂-ခု ဇွန်လကနေစပြီး အခု ၂၀၁၃-ခု အောက်တိုဘာလအထိ အကြမ်းဖက်ခံနေရတာ တွေဟာ ဘာသာရေးကို အကြောင်းခံတဲ့ နိုင်ငံရေးလှည့်ကွက်တစ်ခုဆိုတာ လက်ခံပါတယ်။

    အများစုက သုံးနှုန်းကြတာကတော့ ဘာသာရေးပဋိပက္ခပေါ့။ ဒါဟာ တကယ်တော့ ဘာသာရေးပဋိပက္ခမဟုတ်ပါဘူး။ ပဋိပက္ခဆိုတဲ့ စကားလုံးက နှစ်ဦးနှစ်ဘက် အပြန်အလှန်ဖြစ်ပွားမှသာ ပဋိပက္ခလို့ ခေါ်ပါတယ်။ တဘက်စောင်းနင်း အကြမ်းဖက်ခံရတာကိုတော့ ပဋိပက္ခလို့ ခေါ်ဆိုလို့ မရနိုင်ပါဘူး။
    ၂၀၁၂-ခု ဇွန်လမှာ ရခိုင်အရေးကိစ္စ စဖြစ်တယ်။ ခိုးဝင်ဘင်္ဂါလီဆိုတဲ့အသုံးအနှုန်းနဲ့ အကြမ်းဖက်မှုစလုပ်ခံရတယ်။ ဘယ်သူတွေကို ပစ်မှတ်ထားခဲ့သလဲ။ အဓိက မွတ်စလင်မ်တွေကိုပါ။ နောက် တကျော့ပြန်ရခိုင်အရေးကိစ္စ၊ အဲဒီကနေ မိတ္ထီလာ၊ ပဲခူးတိုင်းအနောက်ခြမ်း ဒေသ၊ လားရှိုး၊ ဥက္ကံ၊ ကန့်ဘလူ၊ နောက်အခု သံတွဲ(ရခိုင်)၊ ဒီနေရာတွေ ဖြစ်သမျှကို ကြည့် လိုက်ပါ အကြမ်းဖက်ခံရတဲ့ သေဆုံးသူ၊ အိုးအိမ်စည်းစိမ် လက်မဲ့ဖြစ်ရသူ၊ ဒုက္ခသည်တွေအဖြစ်နဲ့ CAMP တွေမှာ ရောက်ကုန်သူတွေက အစ္စလာမ်ဘာသာသက်ဝင်ယုံကြည်သူ မွတ်စလင်မ်တွေ အများစုပဲဖြစ်နေပါတယ်။ သူတို့တွေဟာ မြန်မာ့မြေမှာမွေး၊ မြန်မာ့မြေမှာ ကြီးပြင်းခဲ့ပြီး၊ မြန်မာနိုင်ငံကို အဆက်ဆက် ချစ်မြတ်နိုးခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေပါ။

    မွတ်စလင်မ်တွေပဲ ဒုက္ခသည်အဖြစ်ရောက်ကုန်ကြသလားဆိုတော့ ရခိုင်၊ ဗမာ ဗုဒ္ဓဘာသာတွေလည်း သေကြေ ထိခိုက်ဒဏ်ရာရသူ တချို့လည်းရှိပါတယ်။ ဒါကတော့ အကြမ်းဖက်ခံရသူတွေက ပြန်လည်ခုခံတဲ့အခါမှာ ပြန်ပြီး ထိခိုက်ကုန်ကြတာပါ။ မြန်မာနိုင်ငံသားတွေရဲ့ နှလုံးသားဟာ ပင်ကိုယ် အများအားဖြင့် နူးညံ့ပါတယ်။ အဲလို နူးညံ့တဲ့ နှလုံးသားတွေမှာ အရိုင်းစိတ်တွေ ၀င်လာစေတာက တခြားဘာသာတရားတခုကို မုန်းတီးစိတ်ဝင်လာအောင် မှိုင်းတိုက်ပေးမှုကြောင့်ပါပဲ

    ဗုဒ္ဓဘာသာအအများစုနေထိုင်တဲ့ တိုင်းပြည်၊ ဘုန်းကြီးတစ်ပါးရဲ့ ဟောပြောမှုမှာ ကြည်ညိုတတ်လွန်းလှတဲ့ တိုင်းပြည်မှာ ဒီလို မှိုင်းတိုက်ခံရတာတွေ များလာတော့ ဘာမှန်းမသိတဲ့ အကြောက်တရားက လွှမ်းမိုးလာတယ်။ ဒါနဲ့ပဲ အကြောက်တရားဖြစ်လာတဲ့ ဘာသာအပေါ် သက်ဝင်ယုံကြည်သူတွေကိုပါ မုန်းတီးစိတ်တွေ ဖြစ်လာတယ်။ ဒါကတော့ ဘာသာရေးအရ မှိုင်းတိုက်မှုပါ။

    တဘက်က နိုင်ငံရေးအရ မှိုင်းတိုက်မှုတွေကတော့ အကြမ်းဖက်မှုတွေ ဖြစ်လာတိုင်း ဒေါသဖြစ်နေတဲ့ လူအုပ်ကြီးဆိုတာကို မထိန်းသိမ်းနိုင်တဲ့ အာဏာပိုင်အဆင့်အဆင့်ကရော ဒီအကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သတ်မှု ရှိနေမလားလို့ တွေးလာမိကြတော့မှာပါပဲ။

    ဒါ့အပြင် နိုင်ငံတစ်ခုရဲ့ စတုတ္ထမဏ္ဍိုင်လို့ပြောကြတဲ့ မီဒီယာတွေကနေ တဖက်စောင်းနင်း ရေးသားချက်တွေ ဟာလည်း ဘာသာရေး လူမျိုးရေးအရ အမုန်းတရားတွေ ပွားများလာဖို့ တမင် အကွက်ချ လုပ်ဆောင်နေတာတွေ ဖြစ်နေတာတွေကို ကွက်ကွက်ကွင်းကွင်း မြင်နေရပါတယ်။ အခု ဖော်ပြထားတဲ့ အလဲဗင်းလို သဗွိုက်လို ဂျာနယ်တွေ၊ မီဒီယာတွေကတော့ Hate speech လုပ်ဆောင်ရာမှာ မီဒီယာကျင့်ဝတ် ချိုးဖောက်ရာမှာ ထိပ်ဆုံးအဆင့်က ရှိနေပြီး ဒီလိုမီဒီယာတွေကို မတားဆီးနိုင်တဲ့ နိုင်ငံတော်ကိုလည်း ဘယ်သူက ယုံကြည်နိုင်ပါတော့မလဲ။

    ဒီလို အကြမ်းဖက်မှုတွေဖြစ်နေရတာဟာ တရားဥပဒေ စိုးမိုးမှု မရှိလို့ပါ။ နိုင်ငံတော်ကို အမှန်တကယ် ချစ်မြတ်နိုးတဲ့ သူတိုင်းက တရားဥပဒေ စိုးမိုးရေးအတွက် ၀ိုင်းဝန်းဆောင်ရွက် အကောင်အထည် ဖော်သင့်ပါတယ်။

    ဒီနေ့ တွေ့လိုက်တဲ့ Eleven Daily မှာတော့ တောင်းပန်အပ်ပါသည်ဆိုတဲ့ ခေါင်းစဉ်နဲ့ မွတ်စလင်မ်အကြမ်းဖက်သမားများ ဟူသော စကားလုံး သုံးနှုန်းမှုအတွက် တောင်းပန်အပ်ပါသည်၊ သက်ဆိုင်ရာ အယ်ဒီတာများကို အရေးယူပြီးဖြစ်ပါကြောင်း အသိပေးအပ်ပါသည်ဆိုတာကို ဖတ်လိုက်ရပါတယ်။ ဒါပေမယ့် အလဲဗင်းက ဒီလိုကိစ္စရပ်တွေမှာ မတော်တဆမှားယွင်းတာမျိုးမဟုတ်ပဲ တမင် အဓိကရုန်း ပြဿနာဖြစ်စေအောင် ဖန်တီးလှုံ့ဆော်ကို အမြဲလိုလို ဖန်တီးတတ်တာအောင် နောက်ပိုင်း သတင်းတွေမှာ သတိထားပေးစေလိုပါတယ်။ နိုင်ငံတော် တာဝန်ရှိသူတွေ အနေနှင့်လည်း မီဒီယာကျင့်ဝတ် ဖောက်ဖျက်နေမှုတွေကို တားဆီးဟန့်တား အရေးယူမှုတွေ ပြုလုပ်သင့်ပါတယ်။

    နိုင်ငံကို ချစ်မြတ်နိုးသူမှန်ရင် ဘာသာရေး လူမျိုးရေးအရ မလိုမုန်းထား၊ အကြမ်းဖက်မှုတွေ၊ မှိုင်းတိုက်မှုတွေ၊ စစ်ဆင်နွှဲနေတာတွေကို ရပ်တန့်ပြီး နိုင်ငံရဲ့ အဓိက ပြဿနာကို လက်တွေ့ ဓမ္မဓိဋ္ဌာန်ကျကျ တွေးတောသုံးသပ်ရင်း ၀ိုင်းဝန်းလက်တွဲမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ဆီကို လှမ်းတက်နိုင်မှာဖြစ်ကြောင်း သုံးသပ်လိုက်ပါတယ်။