News @ M-Media
Blog
  • စပါး၊ ၀ီဂန်၊ ဆွမ်းဆီးတို့ အနိုင်ရရှိခဲ့ကြသည့် ယူရိုပါလိဂ်ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ
    စပါး၊ ၀ီဂန်၊ ဆွမ်းဆီးတို့ အနိုင်ရရှိခဲ့ကြသည့် ယူရိုပါလိဂ်ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ
    စက်တင်ဘာ ၄၊ ၂၀၁၃
    M-Media
    324533hp2
    ယူရိုပါလိဂ်ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ အင်္ဂလန်ကလပ်အသင်းများဖြစ်ကြသည့် စပါး၊ ဆွမ်ဆီးနှင့် ၀ီဂန်အသင်းအတို့ အနိုင်ရရှိခဲ့သည်။
    အန်ဇီ ၀-၂ စပါး
    ပရီးမီးယားလိဂ်တွင် ရလဒ်ကောင်းများရရှိနေပြီး ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့် စပါးအသင်းမှာ ယခု ဒုတိယပွဲစဉ်တွင်လည်း အမှားအယွင်းမရှိခဲ့ဘဲ ရုရှားကလပ် အန်ဇီအသင်းအား ရုရှားမြေတွင် ၂-ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ ပထမပိုင်းသွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ၃၄-မိနစ်တွင် ဂျာမိန်းဒီဖိုးနှင့်၊ ၃၉-မိနစ်တွင် နေဆာ ချဒ်လီတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် အိမ်ရှင်အသင်းက ချေပဂိုးများရရှိရန် တိုက်စစ်ဆင်ကစားခဲ့သော်လည်း စပါးအသင်းက အနိုင်ရလဒ်ကို ထိန်းသွားနိုင်ခဲ့သောကြောင့် အဖိုးတန်အနိုင်သုံးမှတ်ရရှိကာ နှစ်ပွဲကစား ခြောက်မှတ်ဖြင့် အုပ်စု K ၏ ထိပ်ဆုံးတွင် ဦးဆောင်နေသည်။
    …………………………………………
    ဆွမ်ဆီး ၁-၀ ဂယ်လန်
    အုပ်စုအဖွင့်ပွဲစဉ်တွင် ဗလင်စီယာအသင်းအား အနိုင်ယူနိုင်ခဲ့သည့် ဆွမ်ဆီးအသင်းမှာ အိမ်ကွင်းတွင် ဆွဇ်ကလပ်ဂယ်လန်အသင်းကို ၁-ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ သက်တောင့်သက်သာအနိုင်ရရှိခဲ့ခြင်းမျိုးမဟုတ်ခဲ့ဘဲ ပထမပိုင်း ၁၄-မိနစ်တွင်ရရှိခဲ့သည့် ဂယ်လန်အသင်း၏ ပယ်နယ်တီအားဆွမ်ဆီးအသင်း ဂိုးသမားက ကာကွယ်နိုင်ခဲ့သောကြောင့် ကံကောင်းစွာဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ဆွမ်ဆီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၅၂-မိနစ်တွင် ၀ိန်း ရုတ်လက်ဂျက်ကအနီးကပ် ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။
    ……………………………………..
    အခြားအင်္ဂလိပ်ကလပ်အသင်းတစ်ခုဖြစ်သည့် ၀ီဂန်အသင်းမှာအိမ်ကွင်းတွင် စလိုဗေးနးယားကလပ် မာရီဘိုးအသင်းအား ၃-ဂိုး ၁-ဂိုးဖြင့်အနိုင်ယူနိုင်ခဲ့ပြီး ယူရိုပါလိပ် ပထမဦးဆုံးနိုင်ပွဲကိုရယူနိုင်ခဲ့သည်။ ဦးဆောင်ဂိုးကို ၀ီဂန်အသင်းမှ စတင်ရရှိခဲ့ပြီး ပထမပိုင်း ၂၂-မိနစ်တွင် လူငယ်ကစားသမား နစ်က်ပေါင်းဝဲလ်က သွင်းယူပေးခဲ့သည်။ များမကြာမီ ၃၃-မိနစ်တွင် ဘန်ဝက်စတန်က အိမ်ရှင်အသင်းအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့ပြီး မိနစ် ၆၀ တွင် မာရီဘိုးအသင်းမှ တာဗာရက်စ်က အသင်းအတွက် ချေပဂိုးကိုသွင်းယူပေးခဲ့သည်။ ၀ီဂန်အသင်းအတွက် နောက်ဆုံးပိတ်အနိုင်ဂိုးကို ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် ပေါင်းဝဲလ်က သူ၏ ဒုတိယမြောက်ဂိုးအဖြစ် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    အခြားပွဲစဉ်များတွင် ဆွမ်ဆီးအသင်းအား အဖွင့်ပွဲစဉ်တွင်ရှုံနိမ့်ခဲ့သည့် ဗလင်စီယာအသင်းမှာ ယခုပွဲတွင် ကူဘန်အသင်းအား အဝေးကွင်းတွင် ၂-ဂိုး ဂိုးမရှိဖြင့် အမှားအယွင်းမရှိ အနိုင်ရရှိခဲ့ပြီး၊ ဆီးဗီးလားအသင်းမှာလည်း အိမ်ကွင်းတွင် ပီအေအိုကေအသင်းကို နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
    စီးရီးအေအသင်းများတွင် ဖီအိုရင်တီးနားအသင်းက အဝေးကွင်းတွင် အနိုင်ရရှိခဲ့ပြီး လာဇီယိုအသင်းက အဝေးကွင်းတွင် သရေတစ်မှတ်ရယူနိုင်ခဲ့သည်။
    ယူရိုပါလိဂ် အနိုင်အရှုံးရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
    GROUP A
    Kuban Krasnodar 0-2 Valencia CF
    Swansea 1-0 FC St Gallen
    ………………….
    GROUP B
    FC Chornomorets Odesa 0-2 PSV
    Ludogorets Razgrad 3-0 Dinamo Zagreb
    …………………..
    GROUP C
    Elfsborg 1-1 Standard Liège
    Esbjerg fB 1-2 FC Red Bull Salzburg
    ………………….
    GROUP D
    Rubin Kazan 4-0 SV Zulte Waregem
    Wigan 3-1 NK Maribor
    ………………….
    GROUP E
    FC Dnipro 1-2 Fiorentina
    Paços de Ferreira 1-1 Pandurii Targu-Jiu
    ……………………
    GROUP F
    Apoel Nicosia 0-3 Eintracht Frankfurt
    Bordeaux 1-2 Maccabi Tel Aviv
    ……………………
    GROUP G
    KRC Genk 2-1 FC Thun
    SK Rapid Vienna 2-2 Dynamo Kiev
    ……………………
    GROUP H
    Sevilla 2-0 Sport-Club Freiburg
    Slovan Liberec 2-1 Estoril-Praia
    …………………..
    GROUP I
    HNK Rijeka 1-1 Real Betis
    Lyon 1-1 Vitória Guimarães
    …………………….
    GROUP J
    Legia Warsaw 0-1 Apollon Limassol
    Trabzonspor 3-3 Lazio
    …………………….
    GROUP K
    Anzhi Makhachkala 0-2 Tottenham
    Tromsø 1-1 Sheriff Tiraspol
    ……………………..
    GROUP L
    Shakhter Karagandy 2-2 Maccabi Haifa
    AZ Alkmaar 1-1 PAOK Salonika
    ………………….
  • မလေးရှားဘုရင်မှပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ခံရရှိ
    မလေးရှားဘုရင်မှပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ခံရရှိ
    အောက်တိုဘာ ၄၊ ၂၀၁၃
    M-Media
    ပြည့်ပြည်
    1376992_648992558468986_340605865_n
    မလေးရှား   ။            ။     မလေးရှားနိုင်ငံ တပ်မတော်၏ နှစ် ၈၀-မြောက်နှစ်ပတ်လည်နေ့တွင် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ချီးမြှင့်သည်တွင် မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အားလည်း မလေးရှားဘုရင်မှ ချီးမြှင့်ပေးအပ်ခဲ့သည်။
    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် မလေးရှားနှင့် မြန်မာတပ်မတော်တို့ ချစ်ကြည်ရင်းနှီးမှုပိုကောင်းစေရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စွမ်းဆောင်နိုင်မှုကြောင့် ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခံရခြင်းဖြစ်သည်။
    အဆိုပါ ဘွဲ့တံဆိပ်ကို မြန်မာအပါအ၀င် ဖိလစ်ပိုင်နှင့် UAE တပ်မတော်မှ ဦးစီးချုပ်များကိုလည်း ချီးမြှင့်ခဲ့သည်ဟု သိရသည်။
    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် မလေးရှားဘုရင်မှ ချီးမြှင့်သည့် Honourary Malaysian Armed Forces Order For Valour (First Degree)- Gallant Commander of Malaysian Armed Forces ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံရရှိခဲ့ခြင်း ဖြစ်ပါသည်။
  • အင်တာနက်လိုင်းများ ရန်ကုန်တွင် ခေတ္တပြတ်တောက်မည်
    အင်တာနက်လိုင်းများ ရန်ကုန်တွင် ခေတ္တပြတ်တောက်မည်
    အောက်တိုဘာ ၃၊ ၂၀၁၃
    M-Media
    လင်းလင်း
    MPT
    ရန်ကုန် ။ ။ အောက်တိုဘာလ ၅-ရက်နေ့မှ ၉-ရက်နေ့အထိ ရန်ကုန်မြို့တွင် အချိန်ပိုင်း ကန့်သတ်ချက်များဖြင့် အင်တာနက်လိုင်းများ ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ ယနေ့မှာ အသိပေး ကြေညာထားပါတယ်။
    အဆိုပါ ပြတ်တောက်မှုမှာ ရန်ကုန်မြို့ရှိ ISP Network နှင့် ချိတ်ဆက်ထားသော POP (Post Office Protocol)များကို လိုင်းသစ်ချိတ်ဆက်မှုကြောင့် ခေတ္တပြတ်တောက်မည်ဟု ဆိုပါသည်။
    အောက်တိုဘာ ၅-ရက်နေ့တွင် ဟံသာဝတီ POP ၌ မွန်းလွဲ ၂-နာရီမှ ၂း၁၅-နာရီထိ၊ အောက်တိုဘာ ၈-ရက်နေ့တွင် မိုဘိုင်း POP ၌ မွန်းလွဲ ၂-နာရီမှ ၂း၁၅-နာရီထိလည်းကောင်း၊ မရမ်းကုန်း POP ၌ မွန်းလွဲ ၂း၁၅-နာရီမှ ၂း၃၀-နာရီထိ လည်းကောင်း၊ မောင်ထော်လေး POP ၌ မွန်းလွဲ ၂း၃၀-နာရီမှ ၂း၄၅-နာရီအထိ၊ အောက်တိုဘာ ၉-ရက်နေ့တွင် MICT POP ၌ မွန်းလွဲ ၂-နာရီမှ ၂း၁၅-နာရီထိ အင်တာနက်လိုင်းများ ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ အသိပေး ကြေညာထားပါတယ်။
  • မိကျောင်းကန်မြေသိမ်းမှု သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်
    မိကျောင်းကန်မြေသိမ်းမှု သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်
    အောက်တိုဘာ ၃၊ ၂၀၁၃
    M-Media
    အငယ်လေး
    ရန်ကုန်      ။          ။     မိကျောင်းကန် မြေယာ သိမ်းခြင်းနှင့်ပက်သက်၍ အောက်တိုဘာ ၂-ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ပြီး သပိတ်စခန်းဖွင့်လှစ်ထားကြောင်းသတင်းရရှိပါတယ်။
    အာဏပိုင်အဖွဲ့အစည်းမှ ၁၉၉၁-ခုနှစ်တွင် စတင် သိမ်းဆည်းခဲ့ကြောင်း သိမ်းခံရသည့် မြေဧကမှာ စုစုပေါင်း ၃၃.၈၈ ရှိကြောင်း သိမ်းခံရသည့် အိမ်ခြေပေါင်း
    ၂၀၀၀-ကျော်ရှိကြောင်းနှင့် မသိမ်းခံရခင်က ၎င်းနေရာမှာ ပြည်သူများသော နေရပ်ကွက်ဖြစ်ပြီး ယခုလိုဆန္ဒထုတ်ဖော်တာ ၈-ကြိမ်မြောက်ရှိပြီဟုဆိုပါတယ်။ ပထမ အကြိမ်ကို ၂၇.၁.၂၀၁၃၊ ဒုတိယ အကြိမ်ကို ၃.၃.၂၀၁၃၊ တတိယအကြိမ်ကို ၅.၅.၂၀၁၃၊ စတုတ္ထအကြိမ်ကို ၂၆.၅.၂၀၁၃.ပဉ္စမအကြိမ်ကို ၂၅.၇.၂၀၁၃၊ ဆဌမအကြိမ်ကို ၂၈.၈.၂၀၁၃၊သတ္တမအကြိမ်ကို၂၉.၉.၂၀၁၃ခုနှစ် နှင့် ၂.၁၀.၂၀၁၃ ခုနှစ်တို့ဖြစ်ကြောင်းသိရှိရပါတယ်။
    “၁၉၉၁-ခုနှစ်က စပြီးသိမ်းခံရတာပါ။ အဲ့ဒီအချိန်တုန်းက မြေယာတွေပြန်လိုချင်ရင် ၄၈၀၀-ကျပ် တောာင်းပါတယ်။ မပေးနိုင်ရင် အေးမြသာယာ၊ ဒဂုံတောင်၊လှိုင်သာယာ၊ ရွှေပြည်သာတို့ဘက်ကို အကုန်ပို့ပါတယ်။ ဒါပေမယ့် ယခုလိုပွင့်လင်းတဲ့ အချိန်ရောက်လာတော့ ကိုယ့်နေရာကိုယ်ပြန်တောင်းချင်တာပါ။ အခုဆို ဆန္ဒထုတ်ဖော်တာ ၈-ကြိမ်လည်း ရှိပါပြီ။ အခုဆို သပိတ်စခန်းဖွင့်တာ၂-ရက်ရှိသွားပြီ။ ဒါပေမယ့် အထက်ကတော့ အဆောက်အဦးတွေ ဆောက်ပြီးရင် ပြန်ပေးမယ်လို့တော့ ပြောပါတယ်။ အောက်ကတော့ ပေးမယ်လည်းမပြော၊ မပေးဘူးလည်းမပြောပါဘူး။ သူတို့ကတော့ အထောက်အထားရှာခဲ့လို့တော့ ပြောပါတယ်။ အထောက်အထားရှိရင်တော့ ဖြေရှင်းပေးမယ်လို့ ပြောပါတယ်။ အခုဆို အာဏပိုင်တွေနဲ့ ဦးဆောင်သူတွေနဲ့တော့ ဆွေးနွေးနေကြပါတယ်။ အကြောင်းအရင်းတော့ မသိရသေးပါဘူး။ သူတို့ဘက်က ပေးမယ်၊ မပေးဘူးမပြောသေးခင်အထိ ကျွန်မတို့ ဘက်ကတော့ ရက်အကန့် အသတ်မရှိ ဆန္ဒထုတ်ဖော်သွားဖို့ ရှိပါတယ်”လို့ ဆန္ဒထုတ်သူများရဲ့ကိုယ်စား ဒေါ်သင်းသင်းခိုင် ပြောကြားခဲ့ပါတယ်။
    FB တွင် ဓါတ်ပုံများ ကြည့်လိုပါက > https://www.facebook.com/media/set/?set=a.598283830214091.1073742046.468226919886450&type=1
  • အောက်တိုဘာ ၃၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၃၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၃၊ ၂၀၁၃
    M-Media
    လူမျိုးရေးခွဲခြားမှုမုန်တိုင်းနှင့် ရင်ဆိုင်နေရသည့် အာဆင်နယ်
    အာဆင်နယ်အသင်းတွင် ပုံမှန်နေရာမရရှိသေးသော်လည်း လူငယ်ကစားသမား ဂျက် ဂျက်ဘ်မှာ လူမျိုးရေးခွဲခြားသည့်လုပ်ရပ်ကြောင့် ၄ ပွဲပယ်ခံခဲ့ရသည်ဟုသိရသည်။ အသက် ၁၈ နှစ်သာရှိသေးသည့် ကွင်းလယ်လူဂျက်ဘ်မှာ ပြီးခဲ့သည့်နှစ်ကမှ အာဆင်နယ် လူငယ်အကယ်ဒမီနှင့် ဆက်သွယ်ခဲ့ပြီး ပြီးခဲ့သည့် မတ်လကနော်ဝစ်ခ်ျအသင်းနှင့်ကစားခဲ့သည့် ၁၈ နှစ်အောက် လူငယ်ပွဲစဉ်တွင် လူမျိုးရေခွဲခြားခဲ့ခြင်းဖြစ်ကာ ပြစ်မှုထင်ရှားခြင်းကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
    နော်ဝစ်ခ်ျအသင်း၏ ကစားသမားများနှင့် တာဝန်ရှိသူများက တိုင်ကြားခဲ့ခြင်းမဟုတ်ဘဲ ပွဲကြီးကြပ်သူများက တိုင်ကြားခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အက်ဖ်အေမှ ပြီးခဲ့သည့် ဇူလိုင်လက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ၁၈ နှစ်အောက်လူငယ်အသင်းတွင် ကွင်းလယ်အဓိကကစားသမားအဖြစ် ကစားနေရသည့် ဂျက်ဘ်မှာ ပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ငွေ ပေါင် ၁၈၀၀ ကိုလည်း ပေးဆောင်ရမည်ဖြစ်သည်။ အာဆင်နယ်အသင်းမှာ လူမျိုးရေးခွဲခြားဆက်ဆံမှုများနှင့်ပက်သက်၍လုံးဝသည်းမခံသည့် အသင်းဖြစ်သည့်အတွက် ဂျက်ဘ်အနေဖြင့် အသင်းကြီးတွင်ပါဝင်ခွင့်ရရေးမှာ ခက်ခဲဖွယ်ရှိနေသည်။
    ________________________
    ဘိုင်ယန်နှင့်ပွဲတွင် မန်စီးတီးမှာအလွန်ဆိုးရွားခဲ့သည်ဟု ပယ်လီဂရီနီဆို
    မန်ချက်စတာစီးတီးအသင်း၏နည်းပြ ပယ်လီဂရီနီက ဘိုင်ယန်မြူးနစ် အိမ်ကွင်း၌ ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည့်ပွဲတွင်ကစားခဲ့သည့် မန်စီးတီးအသင်း၏ကစားပုံမှာ အလွန်ဆိုးရွားခဲ့သည်ဟု ပြောဆိုလိုက်သည်။ “ကျွန်တော်တို့ကစားပုံ သိပ်ကိုဆိုးရွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ အပတ်စဉ်မြင်တွေ့နေကျဖြစ်တဲ့ ကျွန်တော်တို့အသင်းရဲ့ပုံစံမဟုတ်ပါဘူး။ ပြီးတော့ အဆိုးဆုံးပုံစံလို့ ကျွန်တော်ထင်ပါတယ်” ဟု ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    ဘိုင်ယန်အသင်းရရှိသော ၃ ဂိုးတွင် ၂ ဂိုးမှာ ဂိုးသမားဂျိုးဟတ်နှင့်အနီးကပ်အနေအထားမှ သွင်းယူခဲ့သောကြောင့် ဂျိုးဟတ်အား ပြစ်တင်ပြောဆိုမှုများနှင့်ပက်သက်၍ ပယ်လီဂရီနီက “ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှုအသာမရခဲ့သလို၊ ရအောင်လည်းမလုပ်နိုင်ခဲ့ပါဘူး။ ဘိုင်ယန်ကတော့ ဘောလုံးပိုင်ဆိုင်မှုတော်တော်များများရခဲ့ပြီး ဒီနေ့ဟာ ကျွန်တော်တို့အတွက် မကောင်းတဲ့နေ့ပါပဲ။ ကစားသမားတစ်ယောက်ချင်းစီကို သုံးသပ်ဖို့ဟာ ခင်ဗျားတို့ ဂျာနယ်လစ်တွေရဲ့အလုပ်ပါ။ ကျွန်တော်တို့ဂိုးတွေရဖို့ ပိုကောင်းအောင်လုပ်နိုင်ဖို့လိုပါတယ်။ ဂိုးသမားကိုပဲ အပြစ်တင်လို့မရပါဘူး” ဟု ပြောကြားခဲ့သည်။
    ________________________
    China Open တင်းနစ်ပြိုင်ပွဲကွာတားသို့ ဆရီနာ ၀ီလီယံတက်ရောက်
    ကမ္ဘာ့နံပါတ် ၁ အမေရိကန်တင်းနစ်မယ်ဆရီနာဝီလီယံမှာ ဘေဂျင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည့် China Open တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဟုသိရသည်။
    ရုရှားတင်းနစ်မယ် မာရီယာ ကီရီလန်ကို အကြိတ်အနယ်ကစားပြီး ၇-၅၊ ၇-၅ ဖြင့်အနိုင်ရရှိခဲ့ကာ ကွာတားဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ “ကျွန်မ ကံနည်းနည်းကောင်းသွားတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မ စိတ်သက်သာရနေပြီး အများကြီးမစဉ်းစားပါဘူး။ ဒီပွဲကိုအနိုင်ရရှိခဲ့တာ ကျွန်မ တကယ်ကိုပျော်ပါတယ်” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ________________________
    ရီးယဲလ်၊ ဘိုင်ယန်၊ ပီအက်စ်ဂျီ၊ အိုလံပီယကော့စ်တို့ ဂိုးပြတ်အောင်ပွဲခံခဲ့ပြီး မန်ယူ၊ ဂျူဗင်တပ်စ်တို့ သရေကျခဲ့သည့် ချန်ပီယံလိဂ် အုပ်စုဒုတိယပွဲစဉ်များ
    324142_heroa
    ချန်ပီယံလိဂ် ပထမ ၄ အုပ်စု၏ အုပ်စုဒုတိယပွဲစဉ်များကို ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့ရာ ရီးယဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ အိုလံပီယာကော့စ်တို့ ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့ပြီး မန်ယူ၊ ဂျူဗင်တပ်စ်တို့သရေကျခဲ့ကာ၊ မန်စီးတီးအသင်း ရှုံးပွဲတွေခဲ့ရသည်။
    အုပ်စု A
    ရှက်တာဒိုးနက် ၁-၁ မန်ယူ
    လေဗာကူဆင် ၂-၁ ရီးယဲလ်ဆိုစီဒက်
    အုပ်စုအဖွင့်ပွဲစဉ်တွင် လေဗာကူဆင်အား ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် မန်ယူအသင်းမှာ ယခုပွဲတွင် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ၁ ဂိုး စီသရေကျခဲ့သည့်အဆိုပါပွဲတွင် ဦးဆောင်ဂိုးကို ပထမပိုင်း ၁၈ မိနစ်၌ မန်ယူအသင်းအတွက် တိုက်စစ်မှူး ၀ဲလ်ဘတ်က သွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် အိမ်ရှင်ရှက်တာဒိုးနက်အသင်းမှာ မန်ယူအသင်းဘက်သို့ဖိကစားခဲ့သော်လည်း မန်ယူအလယ်တန်းမှ ကောင်းမွန်စွာဖြတ်တောက်ထားနိုင်သောကြောင့် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေ။ သို့သော်လည်း မန်ယူနောက်ခံလူ ဗီဒစ်၏ မသေချာသော ဖြတ်ထုတ်မှုမှတစ်ဆင့် ဒုတိယပိုင်း ၇၆ မိနစ်တွင် တိုင်ဆန်က အိမ်ရှင်အသင်းအတွက်ချေပဂိုးကို သွင်းယူပေးခဲ့သည်။ ယခုပွဲတွင် မန်ယူအလယ်တန်းကစားသမား ရွိုင်ယန်ဂစ်မှာ ၆၆ မိနစ်တွင် ဖယ်လိုင်နီအစားလူစားဝင်လာခဲ့ပြီး ဥရောပပွဲ ၁၄၅ ပွဲဖြင့် ဥရောပပွဲအများဆုံးကစားသည့် စံချိန်တင်နိုင်ခဲ့သည်။
    ဂျာမနီတွင်ကစားခဲ့သည့် လေဗာကူဆင်နှင့် ဆိုစီဒက်တို့ပွဲတွင် အိမ်ရှင်လေဗာကူဆင်က အမှားအယွင်းမရှိသုံးမှတ်ရယူနိုင်ခဲ့သည်။ သို့သော်လည်း သက်တောင့်သက်တာ အနိုင်ရရှိခြင်းမျိုးမဟုတ်ဘဲ ဂျန်စ်ဟေဂယ်လာ၏ နာကျင်အချိန်ပိုသွင်းဂိုးကြောင့်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ လေဗာကူဆင်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အဆိုပါပွဲတွင် ဦးဆောင်ဂိုးကို လေဗာကူဆင်အသင်းက ရရှိခဲ့သည်။ ဆိုင်မွန် ရိုဖက်စ်က ပထမပိုင်း နာကျင်အချိန်ပိုတွင် သွင်းယူခဲ့ခြင်းဖြစ်သော်လည်း ဒုတိယပိုင်း ၅၁ မိနစ်တွင် ကားလို့ ဗဲလ်လာက ဆိုစီဒက်အတွက် ချေပဂိုးကိုသွင်းယူပေးခဲ့သည်။ နောက်ပိုင်းတွင် မည်သူမျှ ဂိုးသွင်းနိုင်ခြင်းမရှိခဲ့ဘဲ သရေဖြင့်ပွဲပြီးဆုံးမည်ဟု ထင်ခဲ့ရသော်လည်း ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် လေဗာကူဆင်က အနိုင်ဂိုးရရှိခဲ့သည်။ ထိုဂိုးကို ဖရီးကစ်မှတစ်ဆင့် ဂျန်စ်ဟေဂယ်လာက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    …………………………………………………
    အုပ်စု B
    ရီးယဲလ်မက်ဒရစ် ၄-၀ ကိုပင်ဟေဂင်
    ဂျူဗင်တပ်စ် ၂-၂ ဂါလာတာစာရေး
    အုပ်စုအဖွင့်ပွဲစဉ်တွင် ဂါလာတာစာရေးအား အဝေးကွင်းတွင် ၆ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သော ရီးယဲလ်မက်ဒရစ်မှာ ယခုပွဲတွင်လည်း အိမ်ကွင်း၌ ကိုပင်ဟေဂင်ဟား သက်တောင့်သက်သာ ကစားကာ ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဂါလာတာစာရေးနှင့်ပွဲစဉ်တွင် ဟက်ထရစ်သွင်းယူခဲ့သော ရော်နယ်ဒိုမှာ ယခုပွဲတွင်လည်းခြေစွမ်းပြခဲ့ပြီး အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့သည်။ ရီးယဲလ်နည်းပြအန်ဆယ်လော့တီမှာ အက်သလက်တီကိုအား ရှုံးနိမ့်ခဲ့ရသည် ပွဲစဉ်မှ လူစာရင်းအား ၅ နေရာအပြောင်းအလဲလုပ်ခဲ့ပြီး ကိုပင်ဟေဂင်ကိုရင်ဆိုင်ခဲ့သည်။ ရီးယဲလ်အတွက်ဂိုးများကို ၂၁ မိနစ်နှင့် ၆၅ မိနစ်တွင် ရော်နယ်ဒိုကလည်းကောင်း၊ ၇၁ မိနစ်နှင့် ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် ဒီမာရီယာကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။
    အီတလီတွင်ကစားခဲ့သည့် ဂျူဗင်တပ်စ်အသင်းနှင့် ဂါလာတာစာရေးတို့ပွဲစဉ်တွင် မန်စီးတီးနည်းပြဟောင်းကိုင်တွယ်သည့် ဂါလာတာစာရေးက အဖိုးတန်သရေတစ်မှတ်ကို ရယူနိုင်ခဲ့သည်။ ၂ ဂိုးစီ သရေဖြင့်ပြီးဆုံးခဲ့သည့် အဆိုပါပွဲစဉ်တွင် ဦးဆောင်ဂိုးကို ဧည့်သည်အသင်းက စရခဲ့ပြီး ၀ါရင့်တိုက်စစ်မှူး ဒရော့ဘာက လီယိုနာဒိုဘော့ချီ၏ မသေသပ်သော လူပေးမှုကို အခွင့်ကောင်းယူကာ သွင်းယူခဲ့သည်။ နည်းပြသစ်နှင့်ဂါလာတာစာရေးမှာ ဂျူဗင်တပ်စ်အသင်းအား ဒုက္ခပေးနိုင်ခဲ့သည်။ ဂျူဗင်တပ်စ်အသင်းအတွက် ချေပဂိုးနှင့် ဦးဆောင်ဂိုးများကို အာတူရို ဗီဒယ်က ၇၈ မိနစ်တွင် ပင်နယ်တီမှလည်းကောင်း၊ ၈၇ မိနစ်တွင် ဖေဘီယို ကွမ်လီယာရယ်လာက လည်းကောင်း အသီးအသီးသွင်းယူပေးခဲ့သည်။ သို့သော်လည်း ချက်ချင်းဆိုသလိုပင် ဂါလာတာစာရေးအသင်းက ချေပဂိုးရရှိခဲ့ပြီး ၈၈ မိနစ်တွင် အူမွတ် ဘူလွတ်က သွင်းယူပေးခဲ့ကာ ဂါလာတာစာရေးအတွက် အဖိုးတန်တစ်မှတ်ကို ရရှိစေခဲ့သည်။
    …………………………………………..
    အုပ်စု C
    ပီအက်စ်ဂျီ ၃-၀ ဘင်ဖီကာ
    အန်ဒါလက်ခ်ျ ၀-၃ အိုလံပီယာကော့စ်
    အုပ်စုအဖွင့်ပွဲစဉ်တွင် အနိုင်ရခဲ့သည့် ပီအက်စ်ဂျီအသင်းမှာ အိမ်ကွင်းတွင်ကစားခဲ့သည့် ယခုပွဲစဉ်တွင်လည်း ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းအား တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျ ခြေစွမ်းပြမှုနှင့်အတူ ၃ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ပွဲအစငါးမိနစ်မှာပင် အိမ်ရှင်တို့ အဖွင့်ဂိုးရရှိခဲ့ပြီး မတ်တူအီဒီ၏ ဖြတ်တင်ဘောမှတစ်ဆင့် အီဗရာဟီမိုဗစ်က သွင်းယူပေးခဲ့သည်။ ဒုတိယဂိုးကို ၂၅ မိနစ်တွင် မာကွင်ဟိုက သွင်းယူပေးခဲ့ပြီး မိနစ် ၃၀ တွင် အီဗရာဟီမိုဗစ်က နောက်ဆုံးပိတ်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။
    အုပ်စု C တွင် အားအနည်းဆုံးအသင်းဖြစ်သည့် အန်ဒါလက်ခ်ျအသင်းမှာ ယခုပွဲတွင်လည်း ဂရိကလပ် အိုလံပီယာကော့စ်ကို အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့သည်။ ဧည့်သည်အသင်းက ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သော အဆိုပါပွဲတွင် အိုလံပီယာကော့စ်အတွက်ဂိုးများကို ၁၇၊ ၅၆ နှင့် ၇၂ မိနစ်တို့တွင် တိုက်စစ်မှူး ကွန်စတန်တီနို မီထရော့လူတစ်ဦးတည်းက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ………………………………….
    အုပ်စု D
    မန်စီးတီး ၁-၃ ဘိုင်ယန်မြူးနစ်
    စီအက်စ်ကေအေမော်စကို ၃-၂ ဗစ်တိုးရီးယားပါဇန်
    အုပ်စုအဖွင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့် မန်စီးတီးအသင်းမှာ ယခုပွဲတွင် အိမ်ကွင်း၌ လက်ရှိချန်ပီယံကို ဂိုးပြတ်ဖြင့်ရှုံးနိမ်ခဲ့ရသည်။ ဘိုင်ယန်မြူးနစ်အသင်းမှာ ဂွာဒီယိုလာ၏လက်ထက်တွင် တစ်ပွဲထက်တစ်ပွဲ ပိုမိုကောင်းမွန်လာကာ ယခုပွဲတွင်လည်း မန်စီးတီးအသင်းအား အသာစီးဖြင့် ကစားနိုင်ခဲ့သည်။ ပွဲအစ ၇ မိနစ်တွင်ပင် ဘိုင်ယန်အသင်းက ဦးဆောင်ဂိုးစရခဲ့ပြီး ရီဘာရီက သွင်းယူပေးခဲ့သည်။ အဖွင့်ဂိုးရပြီးနောက်ပိုင်း ဘိုင်ယန်အသင်းကပင် ဖိကစားနိုင်ခဲ့ပြီး ၅၆ မိနစ်တွင် သောမတ်စ်မူလာက ဒုတိယဂိုးနှင့် မိနစ် ၆၀ တွင် အာဂျန်ရော်ဘင်က တတိယဂိုးကိုသွင်းယူပေးခဲ့သည်။ ယခုပွဲအနိုင်မှာ ဘိုင်ယန်အသင်းအတွက် ချန်ပီယံလိဂ် ၇ ပွဲဆက်တိုက်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ကလပ်အသင်း၏ စံချိန်တစ်ခုလည်းဖြစ်ခဲ့သည်။
    ရုရှားကလပ် စီအက်စ်ကေအေမော်စကိုအသင်းနှင့် ဗစ်တိုရီးယားပါဇန်တို့ပွဲစဉ်ကို ရုရှားတွင်ကစားခဲ့ကြပြီး အိမ်ရှင်အသင်းက ၃ ဂိုး ၂ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ အဖွင့်ဂိုးကို ပါဇန်အသင်းက ပွဲအစ ၄ မိနစ်တွင်ရရှိခဲ့သော်လည်း ၁၉ မိနစ်တွင် ဇိုရန်တိုစစ်က အိမ်ရှင်အတွက်ချေပဂိုးကို သွင်းယူပေးခဲ့သည်။ ၂၉ မိနစ်တွင် အိမ်ရှင်အသင်းက ဦးဆောင်ဂိုးကိုရရှိခဲ့ပြီး ဂျပန်တိုက်စစ်မှူး ဟွန်ဒါက သွင်းယူပေးခဲ့သည်။ တတိယဂိုးကို ရာဒင်မ် ရန်ဇစ်က်၏ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းမှရရှိခဲ့ပြီး ပါဇန်အသင်းအတွက် ဒုတိယချေပဂိုးကို ဒုတိယပိုင်းနာကျင်အချိန်ပိုတွင်မှ မရက် ဘာကို့စ်က သွင်းယူပေးခဲ့သည်။
    ________________________
    အသင်းတွင်ပါဝင်ကစားခွင့်မရ၍ ဘေးလ်မှာ မပျော်မရွှင်ဖြစ်နေသည်ဟု အန်ဆယ်လော့တီဆို
    ကိုပင်ဟေဂင်အား ၄ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် ပါဝင်ကစားခွင့်မရခဲ့သည့်အတွက် တိုက်စစ်မှူးဂါရက်ဘေးလ်မှာ စိတ်ပျက်နေသည်ဟု ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြ အန်ဆယ်လော့တီကပြောကြားလိုက်သည်။ သို့သော်လည်း မကြာမီကစားရမည့် နိုင်ငံတကာပွဲစဉ်များအပြီးတွင် ကြံ့ခိုင်မှုအပြည့်အ၀ဖြင့် အသင်းတွင်ပြန်လည်ပါဝင်လာမည်ဟုဆိုသည်။
    ရော်နယ်ဒိုနှင့် ဒီမာရီယာတို့၏သွင်းဂိုးဖြင့် ကိုပင်ဟေဂင်အားအနိုင်ရရှိခဲ့သော ချန်ပီယံလိဂ်ပွဲတွင် ပေါက်ခြံဒဏ်ရာမှပြန်လည်သက်သာလာသည့် ဂါရက်ဘေးလ်မှာ ပါဝင်ကစားခွင့်မရခဲ့ဘဲ အရန်ခုံတွင်သာ ထိုင်ခဲ့ရသည်။ လာမည့်သီတင်းပတ်တွင်ကစားမည့် လီဗန်တေးအသင်းနှင့်ပွဲတွင်လည်း ဘေးလ်မှာ လွဲချော်မည်ဟု ပြောဆိုခဲ့သော အန်ဆယ်လော့တီက “သူ့အနေနဲ့ ကစားဖို့ မဖြစ်နိုင်ပါဘူး။ သူဒဏ်ရာရရှိခဲ့ပြီး ကျွန်တော်တို့သူ့ကို ဓာတ်မှန်ရိုက်ခဲ့ပါတယ်။ ဒါပေမယ့် ဘာထူးခြားတာမှမတွေ့ပါဘူး။ သူသက်သာဖို့ ကျွန်တော်တို့စောင့်နေပါတယ်။ သူ ရာနှုန်းပြည့် မကောင်းသေးပါဘူး။ နှစ်ပါတ်လောက်တော့ သူနားနေရမှာပါ။ အသင်းမှာ အရမ်းကစားချင်တဲ့သူ့အတွက် ဒီလိုအခြေအနေမျိုးဟာ သူ့ကိုမပျော်မရွှင်ဖြစ်စေတာ သိပ်တော့ မဆန်းပါဘူး။” ဟု ပြောကြားခဲ့သည်။
    ______________________