News @ M-Media
Blog
  • စက်တင်ဘာ၊ ၃၀ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    စက်တင်ဘာ၊ ၃၀ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    စက်တင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    ဒေသခံများတောင်းဆိုလိုက်တဲ့ မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရန်
    ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မြစ်ဆုံစီမံကိန်းကို ၂၀၁၅-ခု ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရအနေနဲ့လည်း ပြန်ဆောက်သင့် မဆောက်သင့်ကို ပြည်သူ့သဘောထား ခံယူဖို့ လိုအပ်ကြောင်း၊ မြစ်ဆုံရေကာတာ စီမံကိန်း အပြီးဖျက်သိမ်းပြီး တရုတ်နိုင်ငံက CPI ကုမ္ပဏီးလည်း အမြန်ဆုံး ထွက်ခွာသွားရန် ဒေသခံတွေက တောင်းဆိုလိုက်တယ်လို့ RFA သတင်းမှာ ဖော်ပြထားပါတယ်။
    _____________________
    လက်ပံတောင်းတောင်မှ လယ်တီဆရာတော်၏ သိမ်နှင့် ဘုရားစေတီ မဖျက်သိမ်းရေး သဘောတူညီမှုရ
    လက်ပံတောင်းတောင်ရှိ လက်တီဆရာတော်၏ သိမ်တော်နှင့် ဘုရားစေတီအား ရွေ့မည်ဆိုသည့်အတွက် မရွေ့ရန် မနေ့ကစ၍ လမ်းလျှောက်သူများချီတက် ဆန္ဒထုတ်ဖော်သူများနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ယနေ့ညနေ ၄-နာရီက ဆွေးနွေးပြီး ပြေလည်မှုရရှိခဲ့တာကြောင့် သိမ်တော်နှင့်ဘုရားစေတီ မဖျက်သိမ်းရေးကို လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ပြီး ထိုကာလအတွင်း မူလနေရာတွင်ထားရန် သဘောတူညီမှု ရရှိပြီး၊ ဆန္ဒပြသူများအား အဖမ်းအဆီးမလုပ်ရန်နှင့် ထိုသူများကို လွတ်လပ်စွာ ဘုရားဖူးခွင့်ပေးရန်တို့ဖြင့် ပြေလည်မှုရရှိသည်ဟု ဧရာဝတီ သတင်းဋ္ဌာနတွင် ဖော်ပြထားပါတယ်။
    _____________________
    အိန္ဒိယနှင့် မြန်မာနိုင်ငံမှာ ၀ိပဿနာတရားစခန်းတွေကို စတင်ခဲ့သူ ဦးဂိုအင်ဂါ ကွယ်လွန်
    ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် ၁၉၆၉-ခုနှစ်ကတည်းက အိန္ဒိယနှင့် မြန်မာနိုင်ငံသာမက အခြားသော ကမ္ဘာ့နိုင်ငံများမှာပါ ၀ိပဿနာတရားစခန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့သူ ဦးဂိုအင်ဂါဟာ မနေ့က ၁၀း၄၀-နာရီက အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ကွယ်လွန်သွားသည့် အတွက် ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟုဆိုကာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်း နှမြောတသ စိတ်မကောင်းမှုများ ဖြစ်ကြကြောင်း ဧရာဝတီသတင်းဌာနကို ကိုးကား၍ သိရှိရပါတယ်။
    _____________________
    မက္ကဆီကိုတွင် ခရစ်ယာန်ဘုရားကျောင်းတစ်ခု ပြိုကျ ၁-ဦးသေဆုံးပြီး ၂၃-ဦးဒဏ်ရာရ
    မက္ကဆီကိုနိုင်ငံတွင် ဆောက်လုပ်ဆဲ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ယမန်နေ့နံနက်ပိုင်းက ပြိုကျခဲ့သည်ဟုသိရသည်။ နိုင်ငံအရှေ့မြောက်ပိုင်း Nuevo Leon ပြည်နယ်တွင်ရှိသည့် ဘုရားကျောင်းဖြစ်ပြီး မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် ဒေသစံတော်ချိန် ၁၀ နာရီတွင် ပြိုကျခဲ့ခြင်းဖြစ်သည်။ လူငယ်တစ်ဦးသေဆုံးခဲ့ကာ ၂၃ ဦးဒဏ်ရာရရှိခဲ့ပြီး လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ကြက်ခြေနီအဖွဲ့ဝင်များက သွားရောက်ကာ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ မက္ကဆီကိုနိုင်ငံတွင် ပြီးခဲ့သည့် သတင်းပတ်များအတွင် ဟာရီကိန်းမုန်တိုင်းတစ်ခုနှင့် အပူပိုင်းမုန်တိုင်းတစ်ခုတို့ ၀င်ရောက်ခဲ့ပြီး လူပေါင်း ၁၄၇-ဦး သေဆုံးခဲ့သည်။
    Ref : xinhua
    _______________________
    သက်ကြီးရွယ်အိုများ စောင့်ရှောက်ခြင်းလုပ်ငန်းများကို မြှင့်တင်ရန် စင်ကာပူကြိုးပမ်းမည်
    စင်ကာပူရှိသက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများတွင် ရုံးချိန်နောက်ပိုင်းဝန်ဆောင်မှုပေးခြင်း မရှိမှုမှာ ပြုပြင်ဖာထေးရန်လိုအပ်နေသော လစ်ဟာမှုတစ်ခုဖြစ်သည်ဟု စင်ကာပူ ကျန်းမာရေးဝန်ကြီး ဂန်ကင်ယန်ကပြောကြားခဲ့သည်။ သက်ကြီးရွယ်အိုများအတွက် စောင့်ရှောက်မှုများ၊ ပြန်လည်ထူထောင်ရေး ၀န်ဆောင်မှုများမှာ များသောအားဖြင့် ရုံးချိန်အတွင်းသာရရှိနိုင်ပြီး၊ အိမ်ပြန်နောက်ကျသောမိသားစုများနှင့် အတူတကွနေထိုင်နိုင်ရန် လုပ်ဆောင်ပေးမှုများ၊ သို့မဟုတ် တစ်ယောက်တည်းနေရသည့် သက်ကြီးရွယ်အိုများ ညဘက်တွင်လိုအပ်သည့်အကူအညီများကို ဆောင်ရွက်ပေးခြင်းများ စသည့် ၀န်ဆောင်မှုများကို ထပ်မံတိုးချဲ့ဆောင်ရွက်ရန် လိုအပ်သည်ဟု စင်ကာပူ Straits Times သတင်းစာသို့ ဂန်ကင်ယန်က ဒီကနေ့တွင် ပြောကြားလိုက်သည်။ ထို့ပြင် သက်ကြီးရွယ်အိုများအတွက် အထွေထွေရောဂါကုဆရာဝန် သို့မဟုတ် ဆေးခန်းကဲ့သို့သော ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref : xinhua
    _______________________
    ကယ်လီဖိုးနီးယားတွင် ခရီးသည်တင်လေယာဉ်တစ်စီးပျက်ကျ
    အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာမိုနီကာမြို့လေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စီးပျက်ကျမှု မနေ့က ဖြစ်ပွားခဲ့သည်ဟုသိရသည်။ ဒေသစံတော်ချိန် ညနေ ၆ နာရီ မိနစ် ၂၀တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အင်ဂျင်နှစ်လုံးတပ် Cessna Citation လေယာဉ်မှာ ဆန်တာမိုနီကာလေဆိပ်သို့ ဆင်းသက်လာစဉ် ပြေးလမ်းချော်ကာ လက်ယာဘက်တွင် ရှိသည့် လေယာဉ် ရပ်နားထားသည့်ရုံများအား ၀င်ရောက်တိုက်မိခဲ့ကာ မီးလောင်ကျွမ်းခဲ့သည်။ လေယာဉ်များ ထားရှိသည့် ရုံမှာလုံးဝပြိုကျသွားခဲ့ကာ အခင်းဖြစ်ပွားပြီး နှစ်နာရီကြာသည် အထိ မီးသတ်သမားများမှာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ အဆိုပါလေယာဉ်တွင် ခရီးသည်မည်မျှလိုက်ပါသွားသည်ကို မဆုံးဖြတ်နိုင်သေးဘဲ၊လေယာဉ်ပေါ်ရှိ လူအားလုံးမှာ အသက်ရှင်နိုင်ဖွယ်မရှိဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
    Ref : cnn
    _______________________
    တိုင်ဖုန်းမုန်တိုင်းကြောင့် တောင်တရုတ်ပင်လယ်တွင် ငါးဖမ်းသင်္ဘောသုံးစီးနစ်မြုပ် လူ ၇၀-ကျော်ပျောက်ဆုံး
    1383394_597140426995098_1161219605_n
    ပြင်းထန်သော တိုင်ဖုန်းမုန်တိုင်းကြောင့် တောင်တရုတ်ပင်လယ်တွင် တရုတ်ငါးဖမ်းသင်္ဘော ၃-စီး နစ်မြုပ်ခဲ့ရာ လူ ၇၀-ကျော် ပျောက်ဆုံးနေသည်ဟု တရုတ်နိုင်ငံပိုင် မီဒီယများက ဒီကနေ့ နံနက်တွင် ထုတ်ပြန်ခဲ့သည်။ ယမန်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၁၇၁-ဦးတင်ဆောင်လာသည့် ငါးဖမ်းသင်္ဘောငါးစီးမှာ အင်အားပြင်းထန်သော ၀ူတစ် တိုင်ဖုန်း မုန်တိုင်ဒဏ် ခံစားခဲ့ရကာ သုံးစီးနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ တိုင်ဖုန်း ၀ူတစ်မှာ ဒီကနေ့ နှောင်းပိုင်းတွင် ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းသို့ဝင်ရောက်မည်ဟု ယူဆရပြီး ဗီယက်နမ် နိုင်ငံကလည်း မုန်တိုင်းဝင်ရောက်နိုင်သည့်နေရာများမှ လူပေါင်း ၇-သောင်းကျော်ကို ဘေးလွတ်ရာ နေရာသို့ ပြောင်းရွှေ့ထားသည်။
    Ref : channelnewsasia
    _______________________
    အမေရိကန် ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ပါကစ္စတန်တွင် လူသုံးဦးသေ
    ပါကစ္စတန် အနောက်မြောက်ပိုင်း ၀ါဇီရစ္စတန်ဒေသတွင် အမေရိကန် ဒရုန်းလေယာဉ်က ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အနည်းဆုံး လူသုံးဦးသေဆုံးခဲ့ပြီး ၄-ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြကြသည်။
    Ref : xinhua
    _______________________
    အမေရိကန်၏ အဓိကရည်ရွယ်ချက်မှာ အာဏာရှင် အာဆတ်အား ဖြုတ်ချရန် ဖြစ်သည်ဟု ဆူဇန်ရွိုက်ဆို
    အိမ်ဖြူတော်မှာ ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်ကိုဖြုတ်ချရန် ကြိုးစားနေသည်ဟု အမေရိကန်အမျိုးသားလုံးခြုံရေးအကြံပေး ဆူဇန် ရွိုက်စ်က ပြောကြားလိုက်သည်။ ဆီးရီးယားနှင့် ညှိနှိုင်းလျက်ရှိသည့် ဓာတုလက်နက်များကိစ္စနှင့်ပက်သက်ပြီး CNN သတင်းဌာနနှင့် အင်တာဗျူးတွင် ရွိုက်က “အမေရိကန်ရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်…..အာဆတ်ပြုသွားရမှာ ပါပဲ။ သူဟာ သူ့နိုင်ငံပေါ်မှာ ကြောက်စရာကောင်းတဲ့ အကြမ်းဖက်မှုတွေဖြစ်စေခဲ့ပါတယ်။ အာဆတ်အစိုးရအုပ်ချုပ်တဲ့ဆီးရီးယားနိုင်ငံဟာ အနာဂတ်မှာ မရှင်သန်နိုင်တော့ဘူးဆိုတာ ကျွန်မတို့ရဲ့ခိုင်မာတဲ့ အမြင်ပါပဲ” ဟု ပြောကြားခဲ့သည်။
    ထို့ပြင် ဆီးရီးယားတွင်ရှိနေသည့် ဓာတုလက်နက်များအား ဖျက်ဆီးရန်နှင့် အာဆတ်အားဖြုတ်ချရန်ကြိုစားနေသည့် အမေရိကန်အနေဖြင့် အာဆတ်နှင့် မည်သို့မျှ မိတ်ဖက်မဟုတ်ကြောင်း ရွိုက်စ်က ထည့်သွင်းပြောကြားခဲ့သည်။
    Ref : presstv
  • အော်ရီဒူးက မြန်မာအမျိုးသမီးများ တိုးတက်ရေးအတွက် ကူညီမည်
    စက်တင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    1186179_597114406997700_939198871_n
    အော်ရီဒူးဖုန်း ကုမ္ပဏီနှင့် Cherie Blair အမျိုးသမီးများဖောင်းဒေးရှင်းတို့ ပူပေါင်းကာ မိုဘိုင်းနည်းပညာ၏ အကျိုးကျေးဇူးများကို အောက်ခြေ လူတန်းစားထံသို့ ရောက်ရှိစေရန်နှင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများ စီးပွားရေးဆောင်ရွက်လိုစိတ်ကို
    ထောက်ခံအားပေးရန် အစီအစဉ်များကို ချဲ့တွင် လုပ်ကိုင်မည်ဟု သိရသည်။ ထိုအစီအစဉ်အား နယူးယောက်မြို့တွင် နှစ်စဉ် ကျင်းပပြုလုပ်နေကြ ဖြစ်သည့် Clinton Global Initiative (CGI) အစည်းအဝေးတွင် ကြေညာခဲ့ခြင်းဖြစ်သည်။
    မြန်မာနိုင်ငံလူဦးရေ၏ ၂၅-ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက် အောက်တွင် အသက်ရှင်နေရပြီး နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရန်အတွက် စွဲဆောင်မှုများ  အလျင်အမြန်လိုအပ်နေသည်။ အမျိုးသမီးများ၏ လူနေမှုဘ၀ကြွယ်ဝလာ စေရန်နှင့် လူသားရင်းမြစ် တိုးတက်လာစေရန် လှုံ့ဆော်ခြင်းများမှာ အော်ရီဒူးမှ လုပ်ဆောင်မည့် အစီအစဉ်များတွင်ပါဝင်ပြီး အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်မှုနှင့် လူ့အဖွဲ့အစည်းအတွင်း၎င်းတို့အတွက် အလားအလာများ မည်ကဲ့သို့ရှိသည်ကို သိရှိနားလည်လာစေရန် အကူအပေးခြင်း တို့ကို ဆောင်ရွက်ပေးမည်ဟု အော်ရီဒူးက ခံယူခဲ့သည်။
    အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ဘ၀များ၊ ၎င်းတို့အားမှီခိုနေသူများ၏ ဘ၀များမြင့်တက်စေရန် မိုဘိုင်းနည်းပညာများကို တန်းတူညီစွာ အသုံးပြုခွင့် ရှိသင့်သည်ဟု ယုံကြည်ကြောင်း အဆိုပါကုမ္ပဏီက ပြောကြားခဲ့သည်။
    မိုဘိုင်းနည်းပညာများကို အဆင့်မြှင်တင်ပေးကာ ဖြစ်ပေါ်လာမည့် ဈေးကွက်များ အတွင်း အမျိုးသမီးများအား ထည့်သွင်းခန့်ထားခြင်းဖြင့် မြန်မာနိုင်ငံအတွက် အရေးပါသောအကျိုးသက်ရောက်မှုတစ်ခုကို လုပ်ဆောင်နိုင်မည်ဟု အော်ရီဒူးကယုံကြည်နေသည်။
    ကမ္ဘာပေါ်တွင်မိုဘိုင်းဖုန်းအသုံးပြုမှုအနည်းဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်လျက်ရှိပြီး စုစုပေါင်းလူဦးရေ၏ ၁၀-ရာခိုင်နှုန်းအောက်သာ မိုဘိုင်းဖုန်းအသုံးပြုနိုင်ကြသည်။
    မြန်မာနိုင်ငံ၏လက်ရှိအနေအထားမှာ နိုင်ငံအတွင်း မိုဘိုင်းကွန်ရက် တည်ဆောက်ရန် လိုင်စင်ရရှိထားသည့် အောရီဒူး အတွက် အခွင့်အရေး ကောင်းဖြစ်နေပြီး မြန်မာနိုင်ငံ၏လူဦးရေ သန်း-၆၀ အတွက် မိုဘိုင်းဖုန်းဝန်ဆောင်မှုများကို ဖြန့်ဝေပေးရမည်ဖြစ်သည်။
    thepeninsulaqatar
  • Rakhine: နေ၀င်ချိန် မီးရှို့ခံရမှာကို စိုးရိမ်ထိတ်လန့်နေရသော သံတွဲမြို့မှ မွတ်စလင်မ် နေအိမ်များ ယနေ့ည ထပ်မံ မီးရှိုခံရ
    စက်တင်ဘာ၊ ၃၀
    M-Media
    ထွန်းထောက်
    TanDwe
    သံတွဲ ။ ။ ဒီနေ့ နေ့လည်ပိုင်းကတည်းက ညဘက်ရောက်ရင် သံတွဲမှာ မီးရှို့မှုတွေ ထပ်မံပြုလုပ်မယ်လို့ သတင်းသိရတာကြောင့် သောကဖြစ်နေတဲ့ သံတွဲမြို့က မွတ်စလင်မ်တွေ အခုအချိန်မှာတော့ သောကတွေ ထပ်ပွားနေကြရပြန်ပါတယ်။
    ဒီနေ့ညပိုင်းမှာ သံတွဲက မွတ်စလင်မ်အိမ်တွေကို မီးရှို့မယ်လို့ သိရှိရပြီး နေ့လည်ဘက်ကတည်းက သံတွဲမြို့ဈေးထဲက ဗုဒ္ဓဘာသာဆိုင်တွေကတော့ ပစ္စည်းတွေကို မြို့ပြင်ဘက် ထုတ်ယူသွားကြတယ်လို့ သံတွဲ မြို့ခံများက ဆိုပါတယ်။
    ဗုဒ္ဓဘာသာဝင်လူငယ်တစ်ယောက်နဲ့ သာမန်စကားများရာကနေ မနေ့က ရဲစခန်းမှ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ဦးကျော်ဇံလှဟာ အာမခံနဲ့ လွတ်မြောက်ခဲ့ပေမယ့် ဒီနေ့တစ်ခါ ရုံးချိန်းပြုလုပ်ပြီး မနေ့က တရားစွဲဆိုထားတဲ့ ပုဒ်မ ၂၉၄/၅၀၆ ကနေ ၂၉၅(က)သို့ ပြောင်းလဲကာ တရားရုံးမှ အမိန့်ချမှတ်ပြီး သံတွဲထောင်သို့ ဒီနေ့ နေ့လည်က ပို့လိုက်တယ်လို့လည်း သံတွဲမြို့ခံများက ပြောပါတယ်။
    ယခုကဲ့သို့ ဦးကျော်ဇံလှအား ထောင်ချလိုက်ခြင်းမှာ ဦးကျော်ဇံလှအား မဖမ်းဆီးပါက အကြမ်းဖက်သမားများမှ အကြမ်းဖက်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်၍ ထောင်ချလိုက်ခြင်းဖြစ်တယ်လို့လည်း ပြောပါတယ်။
    မနေ့က အကြမ်းဖက်သမားများရဲ့ ၀ိုင်းဝန်းရိုက်နှက်မှုကို ခံလိုက်ရတဲ့ မွတ်စလင်မ်လူငယ်တစ်ယောက်အားလည်း ရိုက်ခံရမှုအား အမှုဖွင့်ပါက ပြဿနာများ ပိုမိုကြီးထွားသွားမည်စိုး၍ အမှုမဖွင့်ရန် စခန်းမှူးပြောဆိုခဲ့တာကြောင့် အမှုမဖွင့်ဘဲ နေခဲ့ရတယ်လို့လည်း အဆိုပါ ရိုက်နှက်ခံရသူ၏ မိသားစုဝင်တစ်ဦးမှ ပြောပါတယ်။
    စစ်တပ်ချထားသော်လည်း စစ်တပ်က မည်သို့မှ တားဆီးထိန်းသိမ်းနိုင်ခြင်း မရှိဘဲ နေ့လည်က သတင်းထွက်ပေါ်လာမှုအတိုင်း အခုညမှာတော့ မွတ်စလင်မ်အိမ်တချို့ မီးရှို့ခံနေရပြီဖြစ်တယ်လို့ သံတွဲမြို့ခံများက ပြောပါတယ်။
    သံတွဲမြို့ ဗောဓိကုန်းရပ်ကွက် ဦးမောင်မောင်ရဲ့ ရာဘာခြံမှာရှိတဲ့ တဲကို ည ၈-နာရီလောက်က အကြမ်းဖက်သမားတွေက လာရောက်မီးရှို့လိုက်ပြီး နောက်တစ်ခါ မနေ့က မီးရှို့တာက မကုန်သွားတဲ့ ကိုကြီးမြင့်ရဲ့ ဆီဆိုင်ကိုလည်း ည ၈း၃၀-လောက်မှာ မီးထပ်မံရှို့ခဲ့ပြန်ပါတယ်။
    ည ၁၀း၂၀-နာရီလောက်မှာတော့ ငကျော်တောင်ဘက်မှာ မီးရှို့ခံနေရတယ်ဆိုတာ သိရပြီး တိုက်ခေါင်မိုးပေါ် တက်ကြည့်ရာ မီးတောက်များ၊ မီးခိုးများ ဖုံးလွှမ်းနေတာကို မြင်တွေ့နေရတယ်လို့ သံတွဲမြို့ခံက M-Media ကို ပြောပြလာပါတယ်။
  • Rakhine: သံတွဲမြို့ အကြမ်းဖက်မှု၏ နောက်ဆက်တွဲ ယနေ့ အခြေအနေ
    စက်တင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    3
    သံတွဲ ။ ။ မနေ့ညနေပိုင်းမှစတင်၍ အကြမ်းဖက်မီးရှို့ခံရသော သံတွဲမြို့တွင် ထပ်မံ၍ အကြမ်းဖက်မှုများ ဖြစ်ပွားလာနိုင်သည့် အခြေအနေများ ဖန်တီးနေပြီး အကြမ်းဖက်မှုများအား ညနေပိုင်းတွင် ပြန်လည် စတင်လာနိုင်မည်ဟု သံတွဲ မြို့ခံများမှ စိုးရိမ်နေကြောင်း သိရပါတယ်။
    “ဒီနေ့ မနက်ပိုင်း ၁၀-နာရီလောက်ကတည်းက သံတွဲ မြို့ပြင်ဘက်မှာ လူစုနေကြတယ်။ သံတွဲမြို့ပြင်က ဗောဓိကုန်း ဘုန်းကြီးကျောင်းမှာ လူစုနေကြတာ။ သံတွဲမြို့ ဈေးထဲက ဘာသာခြား ဆိုင်ပိုင်ရှင်တချို့လည်း သူတို့ပစ္စည်းတွေကို မြို့ပြင်ကို သယ်ထုတ်နေကြတယ်။ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ ဗုဒ္ဓဘာသာ မိတ်ဆွေတချို့ကပြောတယ် ကျွန်တော်တို့ ခဏလောက် ရှောင်နေကြပါတဲ့။ ဘယ်လိုလုပ်ပြီး ဘယ်သွားရှောင်နေရမှာလဲဗျာ။
    အခု ညနေ နေ၀င်ချိန်မှာမှာ အကြမ်းဖက်မှုတွေ ပြန်လုပ်မယ်လို့ ပြောနေကြတယ်။ အခုလို ထပ်ဖြစ်လာတာက စစ်တပ်က မထိန်းလို့ဗျ။ မနေ့ကတည်းက သူတို စစ်တပ်ချထားတဲ့ ကင်းရှေ့မှာ ဖြစ်နေကြတာ သူတို့မထိန်းဘူး။ ကျွန်တော်တို့ သံတွဲမြို့ကလူတွေ စိုးရိမ်နေကြသလို အဝေးရောက်မိသားစုတွေလည်း ပူပင်သောကရောက်နေတယ်။ ဒီကြားထဲ ဖုန်းလိုင်းတွေက ဖြတ်လို့ အဆက်သွယ်ပြတ်တာတွေကလည်း ရှိသေးတယ်။ အခုလည်း ဒီနေ့ညနေ နေ၀င်ချိန်ကို လုပ်မယ်တဲ့။ ဘယ်သူတွေက ဘယ်လို ထိန်းပေးကြမှာလဲ။
    အခုလို ဖြစ်နေတာတွေကို ကျွန်တော်တို့ပြောပြစရာလူလည်း မရှိဘူး။ ဒီတော့ မီဒီယာတွေကပဲ အချိန်နဲ့ တပြေးညီတင်ပြပေးပါ။”လို့ M-Media ကို ဆက်သွယ်ပြောကြားလာပါတယ်။
    ဓါတ်ပုံအညွှန်း -၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့တွင် သာမန် စကားများအငြင်းပွားမှုကို ရခိုင်လူမျိုး အကြမ်းဖက်လုပ်ဆောင်လိုသူ အချို့မှ ကြိုတင်ကြံစည် လှုံ့ဆော်မှုများပြုလုပ်ပြီး အကြမ်းဖက်မီးရှို့မှုများ ပြုလုပ်မှုကြောင့် ပျက်စီးသွားသော သံတွဲမြို့ အမှတ်(၃)ရပ်ကွက် မဟာဗန္ဓုလမ်းရှိ အစ္စလာမ်ဘာသာဝင် ဦးလှမြင့် နေထိုင်သည့်အိမ် (ဦးခင်မောင်ပိုင်သောကြောင့် ဦးခင်မောင်အိမ်ဟုလည်း လူသိများပါသည်) ဖြစ်ပါသည်။
  • လူမျိုး ၁၃၅-မျိုးဟု ဆိုခြင်းမှာ ဥပဒေလား၊ နည်းဥပဒေလား၊ ညွှန်ကြားချက်လားဟု UNC ဆွေးနွေးပွဲမှ မေးခွန်းထုတ်
    စက်တင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    လင်းလင်း
    16
    ရန်ကုန် ။ ။ ပြည်ထောင်စုတိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၉-ရက် နေ့လည် ၂း၀၀-နာရီတွင် အမျိုးသားညီညွတ်ရေးကွန်ဂရက် (UNC) ပါတီ ဌာနချုပ် ရုံးခန်း၌ ပြုလုပ်ခဲ့ပါတယ်။
    အဆိုပါ ဆွေးနွေးပွဲတွင် ပါတီ၏ လုပ်ဆောင်ချက်များထဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည်လည်း တစ်ခုအပါအ၀င် ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် တိုင်းရင်းသားအရေးကိစ္စကိုလည်း ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပသီလူမျိုးစု၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဥက္ကဌ ဦးမြင့်ဝေက ပြောကြားခဲ့ပါတယ်။ ပသီလူမျိုးစု သမိုင်းကြောင်းနှင့် ကြေညာချက်ကို ဗဟိုကော်မတီ အဖွဲ့ဝင် ဦးထွန်းဝင်းက ဖတ်ကြားပြီး၊ ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)မှ ဥပဒေရေးရာနှင့် သက်ဆိုင်သော အချက်အလက်များကို ဆွေးနွေးခဲ့ပါတယ်။
    ပါတီဝင် ၀ါရင့် ရှေ့နေကြီးတစ်ဦးမှ ဥပဒေနှင့်ပတ်သက်၍ ပြန်လည် ဆွေးနွေးခဲ့ရာ လူမျိုး ၁၃၅-မျိုး၊ ၁၄၄-မျိုးဆိုတာ ဥပဒေလည်းမဟုတ်သလို နည်းဥပဒေလည်း မဟုတ်ဆိုသည်ကို ထောက်ခံကြောင်း၊ ဥပဒေတွင်ရှိသည့် ပြဋ္ဌာန်းဥပဒေဆိုသည်မှာ လွှတ်တော်နှင့် ပါလီမန်တို့မှ ပြဋ္ဌာန်းရပြီး၊ နည်းဥပဒေဆိုသည်မှာ ၀န်ကြီးဌာနမှ ပြဋ္ဌာန်းထားသည့် ဥပဒေအပေါ် ထုတ်ပြန်ခြင်းဖြစ်သည်။ အမိန့်ကြေညာချက်၊ ညွှန်ကြားချက်ဆိုသည်လည်း ရှိသည့်အတွက် လူမျိုး ၁၃၅-မျိုး၊ ၁၄၄-မျိုး ဆိုသည်မှာ ဥပဒေမဟုတ်သလို၊ နည်းဥပဒေလည်းမဟုတ်ပဲ ညွှန်ကြားချက်သာဖြစ်ကြောင်း၊ ညွှန်ကြားချက်ဆိုသည်မှာ သူ့ဝန်ကြီးဋ္ဌာနအတွင်း မည်သို့လုပ်ဆောင်ရမည် ဆိုသည်ကို ညွှန်ကြားခြင်းသာဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြဋ္ဌာန်းဥပဒေ၊ နိုင်ငံသားဥပဒေပဲဖြစ်ဖြစ် ၁၉၈၂-ဥပဒေတွေနဲ့ ယှဉ်လာရင် ဖွဲ့စည်းပုံ အခြေခံဥပဒေသာ လိုအပ်ကြောင်း၊ ညွှန်ကြားချက်အား ဥပဒေက လွှမ်းမိုးသလို၊ ဥပဒေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေက လွှမ်းမိုးနေသည့်အတွက် လူမျိုး ၁၄၄-မျိုးမှ ၁၃၅-မျိုးသို့လျှော့ချခြင်းသည် ဥပဒေအရလား၊ နည်းဥပဒေအရလားလျှော့ခြင်းလား၊ သို့တည်းမဟုတ် အမိန့်ညွှန်ကြားချက်ကို လွှမ်းမိုးခြင်းဖြစ်ခြင်းလား ဆိုသည်ကို မေးရမည်ဖြစ်ပြီး၊ လူမျိုး ၁၃၅-မျိုးဆိုသည်မှာ အမိန့်ညွှန့်ကြားချက်ကို လွှမ်းမိုးပါက အဆိုပါ ဥပဒေထုတ်ပြန်သူများမှ ပြည်သူများအား နားလည်အောင် တင်ပြရန်လိုကြောင်း၊ ထို့ကြောင့် ပြည်သူများမှ ရဲရဲဝံ့ဝံ့ ပြောဆိုသင့်ကြောင်း ပြောပြခဲ့ပါတယ်။
    ပသီလူမျိုးစုများသည် ဘယ်နေရာဒေသများတွင် နေထိုင်သလဲဆိုသည့် Friday ဂျာနယ် အယ်ဒီတာ၏ မေးခွန်းကိုတော့ ပသီလူမျိုးစုဆိုတာ ယခုမှ ၀င်ရောက်နေထိုင်ခြင်းမဟုတ်ပဲ ရှေးယခင် AD ၇-ရာစုလောက် ကတည်းက ကုန်ကူးသန်းသွားလာရာမှ မြန်မာပြည် ပင်လယ်ကမ်းရိုးတန်းတလျှောက် ၀င်ရောက်နေထိုင်ခဲ့ကြသူ၊ မြန်မာပြည်မြောက်ပိုင်းမှ ၀င်ရောက်လာခဲ့ကြသည့် ပါရှန်း၊ အာရဗ်အနွယ်ဝင်များနှင့် မြန်မာအမျိုးသမီးများ အိမ်ထောင်ကျရာမှ မွေးဖွားလာ သူများကို ခေါ်ဆိုခြင်းဖြစ်တာကြောင့် ပသီတို့သည် မြန်မာပြည် တနံတလျားတွင် ရှိနေကြပြီး ရှေးမြန်မာဘုရင်များလက်က အစုအဝေးလိုက် ရွာကြီးများ၊ ရပ်ကွက်ကြီးများချပေးထားခဲ့သည့်အတွက် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အစုအဝေးလိုက်များ တွေ့နိုင်ကြောင်း၊ သို့အတွက် ပသီလူမျိုးဆိုသည်မှာ ပြန့်ကျဲနေထိုင်သည့် လူမျိုးဖြစ်သည့်အတွက် ပသီတို့အနေနှင့် သီးခြားပြည်နယ် တောင်းခံမည် မဟုတ်ကြောင်းကိုလည်း တပါတည်း ဖြေကြားခဲ့ပါတယ်။
    မိမိတို့အနေနှင့် မည်သည့်လူမျိုးဖြစ်သင့်သည်ကို ဆွေးနွေးအသိပေးပြောပြခြင်းဖြစ်သည့်အတွက် ဆုံးဖြတ်ရမည်မှာ မိမိကိုယ်တိုင်၏ အခွင့်အရေးသာဖြစ်ပြီး မိမိတို့အနေနှင့် ပျောက်ကွယ်နေသော လူမျိုးစုအား ပြန်လည်ဖော်ထုတ်ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    ၎င်းဆွေးနွေးပွဲသို့ တက်ရောက်သည့် မီဒီယာမှ မေးမြန်းချက်များနှင့် တက်ရောက်သူများ၏ ဆွေးနွေးချက်များကို ဆွေးနွေးပြီးနောက် ညနေ ၅း၀၀-နာရီမှာ ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲသို့ လူ ၆၀-ခန့်ပါဝင် တက်ရောက်ခဲ့ကြပါတယ်။
    ဓါတ်ပုံများ FB တွင် ကြည့်ရန် Click Here