News @ M-Media
Blog
  • ၾသစေတးလ် နိုင်ငံရေးသမားများက ဆစ်ဒနီမွတ်စ်လင်မ်တို့အား မဲဆွယ်နေ
    သြဂုတ်-၇ ရက်၊ ၂၀၁၃
    M-Media
    Aussie Politicians Woo Sydney’s Muslims
    အတိုက်အခံခေါင်းဆောင် တိုနီ အက်ဘော့သည် ရွေးကောက်ပွဲမဲဆွယ်ရေးအတွက် ရမဿွာန်လ၊ ၀ါဖြေပွဲတစ်ခု၌ ဆစ်ဒနီအနောက်ပိုင်းရှိ မွတ်စ်လင်မ် အသိုင်းအ၀ိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ လာမည့်ရွေးကောက်ပွဲတွင် သူ့အား မဲထည့်စေရန် ကြိုးပမ်း ဆွဲဆောင်မှု တစ်ရပ်ဖြစ်သည်။
    “ ကျွန်တော်တို့ရဲ့ လူမျိုးဘာသာ ယဉ်ကျေးမှုစုံ စံနစ်ဟာ ခွဲခြားတတ်တဲ့လောကတွေအတွက် မီးရှူးတန်ဆောင်တစ်ရပ် ဖြစ်ပါတယ်။ ဒီကမ္ဘာမြေရဲ့လေးဖက်လေးတန်ကလူတွေဟာ ကျွန်တော်တို့နိုင်ငံကို ရောက်ရှိလာကြတယ်။ ကျွန်တော်တို့ကလည်း ကြိုဆိုပြီး သူတို့နဲ့သူတို့မျိုးဆက်တွေအတွက် အကောင်းဆုံးသော လွတ်လပ်မှုဘ၀ကို တည်ဆောက် ခွင့်ပေးထားကြပါတယ် ” ဟု အက်ဘော့က Lidcombe ရှိ Westella Renaissance Hotel အတွင်း ၀ါဖြေ ညစာစားပွဲ၌ ပြောကြားခဲ့ကြောင်း Stawell Times မှ သြဂုတ်လ ၅ ရက်၊ တနင်္လာနေ့က တင်ပြခဲ့သည်။
    ပရိသတ်မှာ လူ ၁၀၀ ကျော်ရှိပြီး သြစတေးလျ၏ ဓမ္မသတ်မှူးချုပ် အီဗ်ရာဟီမ် အဗူ မုဟမ္မဒ် အပါအ၀င် သြစတေးလျ မွတ်စ်လင်မ် ခေါင်းဆောင်အများအပြား ရှိနေကြသလို အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဆီးရီးယား၊ အိန္ဒိယ နှင့် လက်ဘနွန်မှ သံကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။
    သြစတေးလျ လစ်ဘရယ်ပါတီ အတိုက်အခံခေါင်းဆောင် အက်ဘော့က မွတ်စ်လင်မ်အများစုရှိရာ ဆစ်ဒနီအနောက်ပိုင်းကို အထူး အလေးထားပါကြောင်း၊ ရွေးကောက် တင်မြှောက်ခံရပါက ယင်းဒေသ၏ အခြေခံ လိုအပ်ချက်များ၌ အကောင်းဆုံးမြှုပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ အဘယ်ကြောင့်ဆိုသော် ဆစ်ဒနီ အနောက်ပိုင်းသည် မဲဆွယ်မှု၌ မဟာဗျူဟာကျသည့် ဒေသတစ်ခုဖြစ်နေ၍ပင်။ ထိုရပ်ဝန်း၏ အနောက်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် မွတ်စ်လင်မ်များ၊ လုပ်သားများ တအုံတကျင်းရှိနေကြရာ မဲအရေအတွက် အားလုံး၏ ၃ % နီးပါး ရှိနေပေသည်။
    ဓမ္မသတ်မှူးချုပ်အပါအ၀င် သြစတေးလျ မွတ်စ်လင်မ် ပရိသတ်များကလည်း တက်ရောက်လာသူ အက်ဘော့သည် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းကို အလေးထားပြီး လက်ရည် တစ်ပြင်တည်း ညစာအတူ စားသုံးသည့်အပေါ် ချီးမွှမ်းခဲ့ကြသည်။
    သြစတေးလျရှိ မွတ်စ်လင်မ်တို့၏ သက်တမ်းမှာ နှစ်ပေါင်း ၂၀၀ အထက်ရှိနေပြီး နိုင်ငံ့လူဦးရေ သန်း ၂၀ ၌ ၁.၇ % ပါဝင်နေသည်။ ခရစ်ယာန်ဘာသာသည် ပထမ၊ အစ္စလာမ်သည် ဒုတိယ အကြီးမားဆုံး သာသနာ ဖြစ်လျက်ရှိသည်။
  • တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား ( ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ )
    သြဂုတ်-၈၊ ၂၀၁၃
    M-Media
    IMG_4378
    တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား ( ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ )
    တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို  ၁၁.၈.၂၀၁၃ (တနင်္ဂနွေ)မှ ၁၂.၈.၂၀၁၃ (တနင်္လာ)ထိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၊ တောင်ကြီးမြို့တွင် ၂ ရက်တိုင်ကျင်းမည်ဖြစ် ကြောင်းသိရှိရပါသည်။
    ၁။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို အခြေခံ၍ ပိုမိုခိုင်မာသော လူငယ်ကွန်ယက်တစ်ခု ပေါ်ပေါက်လာစေရန်နှင့် လူငယ်စွမ်းရည်ပိုမိုမြင့်တက်လာစေရန်။
    ၂။ လူငယ်များ မိမိတန်ဖိုး၊ အခန်းကဏ္ဍကို ပိုမိုသိရှိလာပြီး နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များ၏ဦးဆောင်မှုစွမ်းရည်၊ ဖန်တီးနိုင်မှုစွမ်းရည်များ ပိုမိုအားကောင်းလာစေရန်။
    ၃။ လူငယ်များအချင်းချင်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးဖလှယ်နိုင်ရန်နှင့် ပူးပေါင်ပါဝင်မှု အားကောင်းလာစေရန်။
    – စသည့် ရည်ရွယ်ချက်များဖြင့် အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။
    အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားတွင် စကားရည်လုပြိုင်ပွဲများ၊ ပျှော်ရွှင်ဖွယ်ဂိမ်းများ၊ တေးဂီတဖျော်ဖြေရေးအစီအစဉ်များ၊ လူငယ်အရေးဆွေးနွေးပွဲများ၊ လူငယ်အမြင်ဖွင့်ပြဇာတ်များ၊ တိုင်းရင်းသားလူငယ်များမှ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်မှုခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာလှုပ်ရှားမှုများ၊ လူငယ်ရေးရာလှုပ်ရှားမှုရုပ်ရှင်ပြပွဲ၊ လူငယ်လှုရှားမှု ပန်းချီ ၊ ဓါတ်ပုံပြပွဲများ စသည့် အစီအစဉ်များဖြင့် ဝေေ၀ဆာဆာ ကျင်းပသွားမည်ဟုသိရှိ ရသည်။
    အချိန်။           ။ နံနက်(၉း၀၀)နာရီမှ ညနေ(၄း၀၀)နာရီထိ။
    နေ့ရက်။        ။ ၁၁.၈.၂၀၁၃ (တနင်္ဂနွေ)မှ ၁၂.၈.၂၀၁၃ (တနင်္လာ)ထိ။
    နေရာ။           ။ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၊ တောင်ကြီးမြို့။
    ( နေ့လည်စာအခမဲ့သုံးဆောင်နိုင်ရန် စီစဉ်ထားပါသည်။ ညစာစားပွဲကို ၁၂.၈.၂၀၁၃ ရက်နေ့ ညနေ ၆နာရီမှ ည ၁၀နာရီထိ ကျင်းပသွားမည်ဖြစ်ပါသည်။ )
  • အစ္စလာမ်ဘာသာရေးဆိုင်ရာ smartphone ထုတ်လုပ်
    သြဂုတ်-၈၊ ၂၀၁၃
    M-Media
    Peace-Mobile
    မွတ်စ်လင်မ်များကြား အစဉ်တစိုက် ဆက်သွယ်မှု မပြတ်တောက်စေရန် ရည်ရွယ်၍ အစ္စလာမ်ဘာသာရေးဆိုင်ရာ smartphone အမျိုးအစားအား ရမဿွာန်နောက်ဆုံးအပတ်အတွင်း ထုတ်လုပ်မည် ဖြစ်ကြောင်း ဆော်ဒီအခြေစိုက် Arab News မှ စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။
    ယင်း Smartphone ကို ယခုလက်ရှိအသုံးပြုနေသော နိုင်ငံကျော်တံဆိပ်များ၏အရည်အသွေးနှင့်အပြိုင် ပစ္စည်း အစုံအလင်ထည့်သွင်းတပ်ဆင်ထားပြီး၊ ၄င်း၌ ၄.၆ လက်မ ဖန်သားပြင် နှင့် 5 megapixel ကင်မရာ အပြင်၊ 4GB memory လည်းပါရှိသည်။
    အခြား စမတ်ဖုန်းများနှင့် မတူညီသည်မှာ Peace Mobile သည် ဒေါက်တာ ဇာကိရ်နိုက်ခ်၏ အစ္စလာမ်နှင့်အခြားဘာသာရေး နှိုင်းယှဉ်ဟောပြေမှုဆိုင်ရာ ဗီဒီယိုများ နှင့် သူ၏ကျမ်းဂန်များကို ဘာသာစကားမျိုးစုံနှင့် ထည့်သွင်းထားခြင်းသာမက အစ္စလာမ်နှင့်ပတ်သက်သော wallpapers, apps နှင့် ringtones များလည်း ပါရှိသည် ဟုသိရသည်။
    ဆော်ဒီအာရေဗျရှိ ထောင်နှင့်ချီသောလူတို့သည် ထိုဖုန်းအား အွန်လိုင်းမှတစ်ဆင့် မှာယူထားပြီးဖြစ်ကြောင်း Arab News က ဆိုသည်။
    တယ်လီဖုန်း၏ကြော်ငြာတွင် ပြောကြားထားသည်မှာ ၄င်းတယ်လီဖုန်းသည် နေ့စဉ်ဘ၀၌ အစ္စလာမ့်စိတ်ဓာတ်နိုးကြားလာစေရန် ကြိုးစားဆောင်ရွက်ပေးမည့်အရာဖြစ်ကြောင်း သိရသည်။
    ဒေါက်တာ ဇာကိရ်နိုက်ခ်သည် အစ္စလာမ်ဘာသာအား ခေတ်သစ်သိပ္ပံ၊ အသိပညာတို့နှင့်အချိုးညီစွာ ကျိုးသင့်ကြောင်းသင့် ရှင်းပြတတ်သောကြောင့်  လူသိများကျော်ကြားလှသူတစ်ဦးဖြစ်သည်။ သူသည် လွန်ခဲ့သောလက ဒူဘိုင်းတွင် သိပ္ပံ နှင့် ကုရ်အာန် အကြောင်း ဟောပြောရာ လူရာချီတက်ရောက်နားထောင်ခဲ့သည် ဟု Gulf News မှ တင်ပြထားသည်။
  • ၇ ၊ ၈ ၊ ၂၀၁၃ အားကစားသတင်းများ
    သြဂုတ် ၇၊ ၂၀၁၃
    M-Media
    စုစည်းတင်ပြသူ- ကိုလေး
    Aguero
    လီဗာပူးလ်အသင်းအနေဖြင့် ကတိတည်ရန်လိုအပ်ကြောင်း ဆွာရက်ဇ်ဆို
    ချန်ပီယံလိဂ်သို့ ၀င်ခွင့်မရရှိပါက မိမိအားထွက်ခွာခွင့်ပေးမည်ဟု လီဗာပူးလ်အသင်းမှ ကတိပေးထားပြီး၊ ထိုကတိအားတည်ကြည်ရန် လိုအပ်သည်ဟု ဆွာရက်ဇ်က ပြောဆိုလိုက်သည်။ ဂါဒီးယန်းသတင်းစာနှင့်အင်တာဗျူးတွင် ဆွာရက်ဇ်က ယမန်နှစ်က ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတစ်သင်းမှ ၎င်းအားခေါ်ယူရန်ကမ်းလှမ်းကြောင်း၊ သို့ရာတွင် နားလည်မှုရှိစွာဖြင့် လီဗာပူးလ်အသင်းတွင်သာ ဆက်လက်ရှိနေခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မရပါကထွက်ခွာခွင့် ပြုမည်ဟု အသင်းနှင် ကတိထားရှိခဲ့ကြောင်း အသင်းအနေဖြင့် ယခုအခါ ထိုကတိက၀တ်အား ဖြည့်ဆည်းရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။
    _______________________________________
    ဒဏ်ရာရရှိနေသည့် အဂူရို ပြန်လာတော့မည်
    ဒူးဒဏ်ရာကြောင့်အနားယူနေရသည့် မန်စီးတီးတိုက်စစ်မှူး ဆာဂျီယို အဂူရိုမှာ မကြာမီ အသင်း၏လေ့ကျင့်ခန်းအစီအစဉ်တွင် ပြန်လည်ပါဝင်နိုင်တော့မည်ဟုသိရသည်။ အဂူရိုမှာ ယမန်နှစ်တစ်နှစ်လုံး ဒူးဒဏ်ရာကိုခံစားခဲ့ရပြီး၊ ယခုအခါ အခြေအနေများတိုးတက်ကောင်းမွန်လာကာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် ပါဝင်လာဖွယ်ရှိသည်။ ၎င်းအပြင် မန်စီးတီးခံစစ်မှူး မာတီဂျာ နက်စတာဆစ်မှာလည်း ခြေချင်းဝတ်ဒဏ်ရာကြောင့် ခြောက်ပတ်ခန့် အနားယူရဖွယ်ရှိနေသည်။
    _______________________________________
    ရီးယဲလ်အသင်းတွင် ဇီဒိန်းရှိနေခြင်းအား အာဘီလိုအာ ကြိုဆို
    ရီးယဲလ်မက်ဒရစ်အသင်း၏ နောက်ခံလူ အလ်ဗာရို အာဘီလိုအာက ဂန္တင်ကစားသမားဇီဒိန်း ရီးယဲလ်အသင်း၏ လက်ထောက်နည်းပြအဖြစ်ရှိနေမှုအား ကြိုဆိုလိုက်သည်။ ဇီဒိန်းကဲ့သို့ ပုဂ္ဂိုလ်မျိုး၏ လက်အောက်တွင်ရှိသည့် ကစားသမားတစ်ဦးဖြစ်ရသည်မှာ ကံကောင်းကြောင်း၊ အသင်းနည်းပြအဖြစ် ဇီဒိန်းရှိနေခြင်းမှာကောင်းမွန်ကြောင်း၊ ကစားသမားအနေဖြင့် ဇီဒိန်းထံမှသင်ယူနိုင်ကြောင်း အာဘီလိုအာက ပြောကြားခဲ့သည်။
    _______________________________________
    ဂျမေကာကစားသမားတစ်ဦး ဆေးကျပြန်
    ဂျမေကာနိုင်ငံမှ ကစားသမား ၅ ဦး ဆေးစစ်ဆေးမှုမအောင်မမြင်ဖြစ်ပြီး သီတင်းပတ်အနည်းငယ်အကြာပြီးနောက် ယခုအခါ ဂျမေကာ ဘောလုံးသမား တစ်ဦးမှာလည်း ဆေးစစ်မှု ကျရှုံးခဲ့သည်ဟုသိရသည်။ အမည် ထုတ်ဖော်ပြောဆိုခြင်း မရှိသည့် အဆိုပါကစားသမားအား ဖီဖာမှ ယခုလောလောဆယ်တွင် ရက်သုံးဆယ် ပွဲပယ်ပြစ်ဒဏ်ချမှတ်ထားသည်။
    _______________________________________
    ဆော်လမွန်ကာလူး လိုင်လီအသင်းတွင်သာ ဆက်ရှိနေမည်
    ပရီးမီးယားလိဂ်ကလပ်အသင်းများစွာက ခေါ်ယူရန်စိတ်ဝင်စားနေသည့် လိုင်လီအသင်းတိုက်စစ်မှူး ဆော်လမွန်ကာလူးမှာ လိုင်လီအသင်းတွင်သာ ဆက်လက်ကစား လိုသည်ဟု ပြောဆိုလိုက်သည်။ ယမန်နှစ်က ချယ်ဆီးအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့သည့် ကာလူးမှာ လိုင်လီအသင်းအတွက် လိဂ်ပွဲ ၂၈ ပွဲကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ကာလူးက လိုင်လီအသင်းသို့ရောက်ရှိလာသည့် နည်းပြသစ်မှာ ၎င်းအားတိုးတက်မှုရှိစေရန် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့အခြေအနေမျိုးတွင် အခြားသောအသင်းများအား ပြောင်းရွှေ့သင့်သည်ဟုမမြင်မိကြောင်း ပြောဆိုခဲ့သည်။
    _______________________________________
    လီဝန်ဒေါ့စကီးအား ဘိုင်ယန်မလိုအပ်ဟု ဟစ်ဖဲလ်ဒ် ဆို
    နည်းပြသစ်ပက်ပ်ဂွာဒီယိုလာလက်ထက် ဘိုင်ယန်မြူးနစ်အသင်းမှာ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးအား မလိုအပ်ဟု ဘိုင်ယန်အသင်း၏နည်းပြဟောင်း အော့တမာ ဟစ်ဖဲလ်ဒ်က ပြောဆိုလိုက်သည်။ ယခုလက်ရှိ ဆွဇ်လန်အသင်းအား ကိုင်တွယ်နေသော ဟစ်ဖဲလ်ဒ်က ဘိုင်ယန်အသင်းမှာ မည်မျှတောင့်တင်းသည်ဆိုသည်ကို ယမန်နှစ်က တွေ့ခဲ့ရကြောင်း၊ လီဝန်ဒေါ့စကီးအား ဘိုင်ယန်အသင်းက လိုအပ်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
    _______________________________________
    ဒေဗစ်လူးဝစ် ဘာကာနှင့်စကားပြောနေ
    ချယ်ဆီးအသင်း၏ ခံစစ်မှူး ဒေးဗစ်လူးဝစ်မှာ အသင်းပြောင်းရွှေ့ရန် ဘာစီလိုနာအသင်းနှင့် ဆွေးနွေးနေသည်ဟု လူးဝစ်နှင့် နီးစပ်သူများကပြောဆိုကြသည်။ ထိုဆွေးနွေးမှုပြီးဆုံးသွားလျှင် အပြောင်းအရွှေ့အတွက် ဘာစီလိုနာအသင်းမှာ ချယ်ဆီးအသင်းနှင့် ဆက်လက်ဆွေးနွေးမည်ဟုသိရသည်။
    _______________________________________
    နောက်ခံလူဆေးလ်ဗား ပီအက်စ်ဂျီနှင့် စာချုပ်သက်တမ်းတိုး
    ပီအက်စ်ဂျီအသင်း၏ နောက်ခံလူတစ်ဦးဖြစ်သူ သီယာဂိုဆေးလ်ဗားမှာ အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်သည်ဟုသိရသည်။ ဘာစီလိုနာအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသူ အဆိုပါကစားသမားမှာ စာချုပ်သစ်ကြောင့် ပီအက်စ်ဂျီအသင်းတွင် ၂၀၁၈ ခုနှစ်အထိ ဆက်ရှိနေမည်ဖြစ်သည်။
    _______________________________________
    ဘေးလ်အား ခေါ်ယူနိုင်မည့်အခွင့်အရေးကို ဘာကာပယ်ချခဲ့
    အပြောင်းအရွှေ့ဈေးကွက်အတွင်း ဟိုးလေးတကျော်ကျော်ဖြစ်နေသည့် တော့တင်ဟမ်တိုက်စစ်မှူး ဂါရက်ဘေးလ်အား ခေါ်ယူရန် အခွင့်အရေးရခဲ့သော်လည်း ဘာစီလိုနာအသင်းမှ လက်လွှတ်ခဲ့သည်ဟု သိရသည်။ ဂါရက်ဘေးလ်အားခေါ်ယူရန် ဘာကာမှ ၂၀၁၁ ခုနှစ်တွင်ကမ်းလှမ်းခဲ့သော်လည်း တော့တင်ဟမ်အသင်းမှ ယူရိုသန်း ၄၀ တောင်းဆိုခဲ့သောကြောင့် ဘာစီလိုနာအသင်းမှ ဆက်လက်ဆွေးနွေးမှု မပြုခဲ့ပေ။
    _______________________________________
    အဂ္ဂါနှင့် စကာတယ်လ်အား လီဗာပူးလ် ရောင်းရန်အစီအစဉ်မရှိ
    လီဗာပူးလ်အသင်း၏ ကစားသမား မာတင်စကာတယ်လ်အား နာပိုလီအသင်းမှ အလိုရှိနေပြီး၊ နောက်ခံလူ ဒန်နီယယ်အဂ္ဂါကိုလည်း ဘာစီလိုနာအသင်းမှ အလိုရှိနေသော်လည်း လီဗာပူးလ်အသင်းမှာ အဆိုပါ ကစားသမားနှစ်ဦးစလုံးအား ရောင်းချရန် အစီအစဉ်မရှိဟုသိရသည်။
    _______________________________________
    Rogers Cup တင်းနစ်ပြိုင်ပွဲမှ ဗီးနပ်စ်ဝီလီယံ ရှုံးနိမ့်ထွက်ခွာ
    ကနေဒါနိုင်ငံ၌ကျင်းပပြုလုပ်နေသည့် Rogers Cup တင်းနစ်ပြိုင်ပွဲ အမျိုးသမီး ပထမအဆင့်ပြိုင်ပွဲတွင် အမေရိကန်တင်းနစ်မယ် ဗီးနပ်စ်ဝီလီယန်သည် ခရစ္စတန် ဖလစ်ပ်ကင်အား ၆-၀၊ ၄-၆၊ ၆-၂ ဖြင့်ရှုံးနိမ့်သွားပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်ဟု သိရသည်။ ၀ီလီယံသည် ဘယ်လ်ဂျီယမ်တင်းနစ်မယ် ခရစ္စတန် ဖလစ်ပ်ကင်အား ပထမပွဲငယ်တွင်အနိုင်ရရှိခဲ့သော်လည်း ဒုတိယနှင့် တတိယပွဲငယ်တို့တွင်ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
    _______________________________________
    ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးကစားသမားစာရင်းတွင် မာရီယာ ရှာရာပိုဗာ ထိပ်ဆုံးမှဦးဆောင်
    အမေရိကန် စီးပွားရေးမဂ္ဂဇင်း Forbes ကရွေးချယ်သည့်ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးအားကစားသမား ၁၀ ဦးတွင် ထိပ်ဆုံး ၇ ဦးမှာ တင်းနစ်ကစားသမားဖြစ်ကြပြီး ရုရှားတင်းနစ်မယ် မာရီယာရှာရာပိုဗာက နံပါတ်တစ်နေရာတွင်ရှိနေသည်။ ရှာရာပိုဗာမှာ ၀င်ငွေ ကန်ဒေါ်လာ ၂၃ သန်းဖြင့်ထိပ်ဆုံးနေရာတွင်ရှိနေကာ၊ အမေရိကန် တင်းနစ်မယ် ဆရီနာဝီလီယံက ၂၀.၅သန်းဖြင့် ဒုတိယ၊ တရုတ်တင်းနစ်မယ် လီနာက ၁၈.၂ သန်းဖြင့် တတိယ၊ ဘီလာရုစ်တင်းနစ်မယ် ဗစ်တိုးရီးယား အဇာရန်ကာက ၁၅.၇ သန်းဖြင့် စတုတ္ထ အသီးသီးရပ်တည်နေကြသည်။
  • ၇-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း
    ၇-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း
    သြဂုတ် ၀၇၊ ၂၀၁၃
    M-Media
    ဂျပန်နိုင်ငံ စစ်အင်အားတည်ဆောက်ပြီလားဟု တရုတ်စိတ်ပူ
    ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးဆုံး စစ်သင်္ဘောသစ် Izumo ကို ထုတ်ဖေါ်ပြသလိုက်ပြီး ၎င်း စစ်သင်္ဘောသည် ဖျက်သင်္ဘော အမျိုးအစားဖြစ်ကာ ရဟတ်ယာဉ် ကိုးစီးခန့် ရပ်နား သယ်ဆောင်နိုင်သည်။
    ____________________________________
    ဘန်ကောက်တွင် ဆန္ဒပြ
    ပါလီမန်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝထြာ အား တရားရုံးမှ အမိန့်ချထားခဲ့သော ထောင်၂ နှစ် ပြစ်ဒါဏ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ခြေရှိသောကြောင့် ကန့်ကွက်သည့် အနေဖြင့် လူနှစ်ထောင်ခန့် စုရုံး ဆန္ဒပြခဲ့ကြသည်။
    ____________________________________
    အာဂျင်းတီးနား ပေါက်ကွဲမှု
    အင်္ဂါနေ့က Rosario မြို့တွင် အထပ်မြင့် အဆောက်အအုံတစ်ခု၌ ဂက်စ် ပိုက်လိုင်းပေါက်ကွဲမှု ကြောင့် ၈ဦးသေဆုံး၍ ၆၀ဦး ဒါဏ်ရာရသည်။
    ____________________________________
    ယီမင် အယ်လ်ကိုင်းဒါးကို နှိမ်နင်းနိုင်ခဲ့
    နိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းတွင် ရေနံပိုက်လိုင်းကို ဖေါက်ခွဲရန် ကြံစည်မှုကို ဖေါ်ထုတ်နိုင်ခဲ့ပြီး လုံခြုံရေး တင်းကြပ်စွာ ချထားသည်။
    ____________________________________
    ယီမင်တွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်
    နိုင်ငံတောင်ပိုင်းတွင် အယ်လ်ခိုင်းဒါး ဟု သံသယရှိသူ များလိုက်ပါလာသော မော်တော်ယာဉ် နှစ်စီးကို မောင်းသူမဲ့လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ခြောက်ဦးသေဆုံးသည်။
    ____________________________________
    ကန်ညာနိုင်ငံ နိုင်ငံတကာလေဆိပ် မီးလောင်
    Nairobi လေဆိပ်တွင် ယနေ့ မနက်ပိုင်းမှစတင်၍ ၇နာရီကြာ လောင်ကျွမ်းခဲ့သော မီးကြောင့် လေဆိပ်ကိုပိတ်ထားလိုက်ရသည်။