News @ M-Media

Blog

  • မည်သူအုပ်ချုပ်သည်ဖြစ်စေ အဆင်ပြေအောင်ဆက်ဆံမည်ဟု တရုတ်ပြော

    မည်သူအုပ်ချုပ်သည်ဖြစ်စေ အဆင်ပြေအောင်ဆက်ဆံမည်ဟု တရုတ်ပြော

    မတ် ၈၊ ၂၀၂၁
    M-Media

    -လက်ရှိ မြန်မာနိုင်ငံအရေးမှာ ဘယ်သူ့ဖက်မှမပါဘဲ သက်ဆိုင်သူတွေအကြား ကြားဝင်ညှိနှိုင်းပေးဖို့ တရုတ်နိုင်ငံက ဆန္ဒရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှုမှာ တရုတ်အစိုးရက နောက်ကွယ်ကနေ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတာပါ။ တရုတ်ကတော့ ဒါကို ငြင်းထားပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေ​တာတွေဟာ တရုတ်နိုင်ငံက မြင်ချင်တာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

    မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဒီစကားကို ထပ်ပြောခဲ့ပြီး အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေဘောင်ထဲက ကြားဝင်ညှိနှိုင်းပေးလိုတယ်လို့ ဆိုပါတယ်။

    “မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူ့ဆန္ဒကို အလေးထားပြီး တင်းမာမှုတွေလျှော့ချရေး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ကာ သက်ဆိုင်သူတွေနဲ့ ဆက်သွယ်ညှိနှိုင်းပေးဖို့ တရုတ်က ဆန္ဒရှိပါတယ်”

    လက်ရှိ အရေးအကြီးဆုံးက သွေးထွက်သံယို ဖြစ်နေမှုကို ချက်ခြင်းရပ်တန်ဖို့ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အဆိုပြုချက် ၃ ခု ချပြခဲ့တာပါ။

    ဒုတိယတစ်ချက်က တစ်ခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဆိုတဲ့ မူဘောင်ထဲကနေ အာဆီယံအဖွဲ့က ဝင်ရောက်အဖြေရှာတာကို တရုတ်က ထောက်ခံအားပေးမယ်လို့ ဝမ်ယီက ပြောပါတယ်။

    နောက်ဆုံးတစ်ချက်ကတော့ တရုတ်-မြန်မာဆက်ဆံမှု ပိုမိုကောင်းမွန်ရေးကို မမှိန်မသုန် ဆက်လက်စွဲကိုင်သွားမှာဖြစ်ပြီး၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မိတ်ဖက်ဖြစ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: The Star

  • တရုတ်ကိုထိန်းမည့် အာရှနေတိုးအဖွဲ့ ပထမဆုံး ထိပ်သီးအစည်းအဝေး ကျင်းပမည်

    တရုတ်ကိုထိန်းမည့် အာရှနေတိုးအဖွဲ့ ပထမဆုံး ထိပ်သီးအစည်းအဝေး ကျင်းပမည်

    မတ် ၈၊ ၂၀၂၁
    M-Media

    -အမေရိကန်၊ ဂျပန်၊ ဩစတေးလျနဲ့ အိန္ဒိယတို့ပါဝင်ပြီး အာရှနေတိုးအဖွဲ့လို့ အမည်​ပေးခံထားရတဲ့ Quad အဖွဲ့ရဲ့ ပထမဆုံး ထိပ်သီးအစည်းအဝေးကို အစောဆုံး သောကြာနေ့မှာ ကျင်းပဖို့ရှိတယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။

    ခေါင်းဆောင်တွေဟာ အဖွဲ့ရဲ့ မူဘောင်သဘောတူညီချက်ကိစ္စကို ဆွေးနွေးကြမှာပါ။ Quad အဖွဲ့ကို အာရှပစိဖိတ်ဒေသ လုံခြုံရေးအတွက် ရည်ရွယ်ဖွဲ့စည်းတာ ဖြစ်ပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်တို့ အခုလနှောင်းပိုင်းကျရင် ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို သွားရောက်ဖို့ ရှိပါတယ်။ ဒါဟာ ဇန်နဝါရီလ ဘိုင်ဒန်အစိုးရ တက်လာပြီးနောက်ပိုင်း အာရှက မဟာမိတ်တွေဆီကို အမေရိကန်ရဲ့ ထိပ်တန်းဝန်ကြီးတွေ ပထမဆုံး လာရောက်မှု ဖြစ်လာပါလိမ့်မယ်။

    အင်ဒို-ပစိဖိတ်ဒေသမှာ ရန်လိုတဲ့ ခြေလှမ်းတွေကို တရုတ်က လှမ်းလာပြီး မြောက်ကိုရီးယားရဲ့ ရန်ကလည်း မြင့်တက်လာတဲ့အချိန် အမေရိကန်ဟာ အာရှက အဓိက မဟာမိတ်တွေနဲ့ ဆက်ဆံရေးအားကောင်းဖို့ ကြိုးစားလာတာဖြစ်ပါတယ်။

    Ref: Reuters

  • မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ဩစတေးလျ ရပ်ဆိုင်း

    မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ဩစတေးလျ ရပ်ဆိုင်း

    မတ် ၈၊ ၂၀၂၁
    M-Media

    -ဆန္ဒပြ ပြည်သူလူထုအပေါ် အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတဲ့အပေါ် စိုးရိမ်မိပြီး၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ ဩစတေးလျနိုင်ငံက ပြောကြားလိုက်ပါတယ်။

    ဩစတေးလျဟာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကန့်သတ်လုပ်ဆောင်နေတာဖြစ်ပြီး စစ်သားတွေကို အင်္ဂလိပ်စာသင်ကြားပေးမှုလို စစ်ရေးမဟုတ်တဲ့ နယ်ပယ်တွေမှာ အကူအညီ ပေးနေတာဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေ အများအပြား သတ်ဖြတ်ခံရပြီး သိန်းနဲ့ချီ ​ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးရတဲ့ကိစ္စ နောက်ပိုင်းမှာလည်း ဒီလိုကူညီမှုတွေ ဆက်လုပ်နေတာပါ။

    ဒါပေမယ့် ဒီပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ နိုင်ငံခြားရေးဝန်ကြီး မာရီစ် ပေနီက ပြောပါတယ်။

    “အရပ်သားတွေအပေါ် အကြမ်းဖက်တာကို ရှောင်ကျဉ်ကြဖို့ မြန်မာလုံခြုံရေးတပ်ဖွဲ့ကို ကျွန်မတို့ အခိုင်အမာ တောင်းဆိုလိုက်ပါတယ်”

    လန်ဒန်အခြေစိုက် ဘာမားကမ်ပိန်းအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ အန်နာရောဘတ်က ဩစတေးလျရဲ့ ဒီပူးပေါင်းဆောင်ရွက်မှုဟာ အစကတည်းက မရှိသင့်ဘူးလို့ ပြောပါတယ်။

    “မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့၊ လေ့ကျင့်ပေးနေတဲ့ နိုင်ငံ ၁၂ နိုင်ငံ ရှိပါသေးတယ်။ မြန်မာစစ်တပ်ကို လေ့ကျင့်သင်ကြားပေးနေတာဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်သတ်နေတဲ့ သူတို့နဲ့ အလိုတူအလိုပါ ဖြစ်​နေတာပါ။ တစ်ဖက်ကို ကူညီပေးနေပြီးတော့မှ ငါ့တို့ ကြားမဝင်ပါဘူးဆိုတာမျိုး ပြောလို့မရပါဘူး။ မြန်မာစစ်တပ်ဟာ ပြည်သူတွေကိုသတ်တဲ့ စစ်တပ်ပါ”

    အဲဒီနိုင်ငံ ၁၂ နိုင်ငံထဲမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ယူကရိန်းတို့လည်း ပါဝင်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှု အပြီးပိတ်ဖို့ တောင်းဆိုနေကြပါတယ်။

    ဩစတေးလျဟာ တိုင်းရင်းသားတွေအပါအဝင် မြန်မာနိုင်ငံက ချို့တဲ့တဲ့သူတွေအပေါ် ကူညီနေမှုကိုလည်း အာဏာသိမ်းစစ်ကောင်စီကတစ်ဆင့် မဟုတ်ဘဲ တိုက်ရိုက်ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောင်တာနယ်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း ပေနီက ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။

    Ref: Reuters

  • အိန္ဒိယဖက်သို့ ခိုလှုံသွားသည့် ရဲများကို စစ်ကောင်စီက ပြန်တောင်း

    အိန္ဒိယဖက်သို့ ခိုလှုံသွားသည့် ရဲများကို စစ်ကောင်စီက ပြန်တောင်း

    မတ် ၆၊ ၂၀၂၁
    M-Media

    CDM တွင် ပါဝင်​ခဲ့သည့် ဖလမ်းမြို့မှ ရဲများ

    -အိန္ဒိယဖက်ကို ထွက်ပြေးခိုလှုံသွားတဲ့ ရပ်တပ်ဖွဲ့ဝင်တွေကို အာဏာသိမ်းစစ်ကောင်စီက ပြန်တောင်းနေတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ချင်းပြည်နယ်က ရဲတပ်ဖွဲ့ဝင်တစ်ချို့နဲ့ သူတို့ရဲ့မိသားစု စုစုပေါင်း ၃၀ လောက် အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံသွားတာပါ။ အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ ဆက်လက် အမှုမထမ်းလိုတော့တဲ့အတွက် ဒီလိုထွက်ပြေးရတာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ။်

    ချင်းပြည်နယ် ဖလမ်းခရိုင်က အုပ်ချုပ်ရေးမှူးက စာပို့ပြီး ရဲတပ်ဖွဲ့ဝင် ၈ ဦးကို နှစ်နိုင်ငံ ချစ်ကျည်ရေးအရ ပြန်ပို့ပေးဖို့ ပြောလာတယ်လို့ မီဇိုရမ်ပြည်နယ် ချမ်ဖိုင်ခရိုင် လက်ထောက်ကော်မရှင်နာမင်းကြီး မာရီယာ စီတီ ဇွာလီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

    လက်ရှိမှာတော့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးရဲ့ ညွှန်ကြားချက်ကို စောင့်နေတယ်လို့ သူက ဆိုပါတယ်။

    မြန်မာဘက်ကပေးတဲ့စာမှာ ရဲတပ်ဖွဲ့ဝင် ၈ ယောက် ခိုလှုံသွားတယ်ဆိုတဲ့ သတင်း သူတို့မှာရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ရဲမေတစ်ဦးအပါအဝင် အသက် ၂၂ နှစ်ကနေ ၂၅ နှစ်အတွင်းရှိနေတဲ့ တပ်ဖွဲ့ဝင် ၄ ဦးရဲ့ ကိုယ်အရေးအချက်အလက် အပြည့်အစုံကို ဖော်ပြထားပါတယ်။

    အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ရိုက်တာသတင်းဌာနဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

    မြန်မာနိုင်ငံဖက်ကနေ ထပ်မံခိုလှုံလာတာမျိုးမရှိအောင် နယ်စပ်ကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေတယ်လို့ အိန္ဒိယက ထုတ်ပြန်ထားပါတယ်။

    အိန္ဒိယဟာ မြန်မာစစ်တပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေပြီး ရဲတပ်ဖွဲ့၀င်တွေ ၀င်ရောက်ခိုလှုံလာတာက ဒီဆက်ဆံရေးကို ထိခိုက်စေနိုင်တာကြောင့် နယ်စပ်ကို ပိုမို တင်းတင်းကြပ်ကြပ် စောင့်ကြည့်ဖို့ ကြိုးစားလာတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး ခွဲထွက်ရေးလှုပ်ရှားနေတဲ့ အိန္ဒိယက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အိန္ဒိယအစိုးရရဲ့ ပန်ကြားမှုကြောင့် ပြီးခဲ့တဲ့နှစ်ပိုင်းမှာ မြန်မာစစ်တပ်က ရှင်းလင်းပေးထားတာ ဖြစ်ပါတယ်။

    Ref: Reuters

  • မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီက ကြေငြာချက်မထွက်လာ၊ ပြည်သူများဖက်မှ ခိုင်ခိုင်မာမာ ရပ်တည်ပေးရန် ကုလကိုယ်စားလှယ်များ တိုက်တွန်း

    မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီက ကြေငြာချက်မထွက်လာ၊ ပြည်သူများဖက်မှ ခိုင်ခိုင်မာမာ ရပ်တည်ပေးရန် ကုလကိုယ်စားလှယ်များ တိုက်တွန်း

    မတ် ၆၊ ၂၀၂၁
    M-Media

    -မြန်မာပြည်သူတွေရဲ့ မေတ္တာရပ်ခံတောင်းဆိုမှုတွေကို အလေးထားပြီး အာဏာသိမ်းစစ်ခေါင်းဆောင်တွေပေါ် ထိထိရောက်ရောက် အရေးယူဖို့ လုံခြုံရေးကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်တွေက တိုက်တွန်းလိုက်ပါတယ်။

    လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး အဖွဲ့၀င် ၁၅ နိုင်ငံပါ၀င်တဲ့ လုံခြုံရေးကောင်စီဟာ မနေ့က တံခါးပိတ်အစည်းအ၀ေး လုပ်ခဲ့ပေမယ် သဘောတူညီချက် တစ်စုံတစ်ရာ မရခဲ့သလို ကြေငြာချက်လည်း မထုတ်နိုင်ခဲ့ပါဘူး။

    ကုလအတွင်းရေးမှူးချုပ် ကိုယ်စားလှယ်

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာက စစ်ကောင်စီက ဆန္ဒပြသူတွေအပေါ် အကြဖမ်းသတ်ဖြတ်နေတွေကို ရပ်တန့်ဖို့နဲ့ ၂၀၂၀ နို၀င်ဘာရွေးကောက်ပွဲ ရလဒ်အတိုင်း ဒီမိုကရေစီ ပြန်လည်ထွန်းကားလာဖို့အတွက် လုံခြုံရေးကောင်စီရဲ့ ညီညီညွတ်ညွတ်နဲ့ ခိုင်မာပြတ်သားတဲ့ ဆောင်ရွက်ချက်မျိုး အရေးတကြီး လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုမိစေဖို့ ဘာဂီနာက နိုင်ငံတကာအသိုင်းအ၀ိုင်းကို ထပ်မံတိုက်တွန်းခဲ့သလို၊ ဆန္ဒပြမှုအတွင်း သေဆုံးသူတွေဟာ ကျည်အစစ်နဲ့ ပစ်ခံရတာဖြစ်ကြောင်း၊ ဂျာနယ်လစ်တွေကိုလည်း စစ်ကောင်စီက ပစ်မှတ်ထားလာကြောင်း လုံခြုံရေးကောင်စီ အစည်းအ၀ေးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဘာဂီနာရဲ့ ပြောကြားမှုကို ကုလက နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။

    မြန်မာပြည်သူတွေရဲ့ အားကိုးကြီး မေတ္တာရပ်ခံ တောင်းဆိုမှုတွေကို နားထောင်ဖို့လည်း ဘာဂီနာက လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

    “မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လာရင် လုံခြုံရေးကောင်စီက အရင်ကထက် ပိုမိုစည်းလုံးဖို့ လိုအပ်လာပါပြီ။ ဖိနှိပ်မှုတွေကို ရပ်ကိုရပ်တန့်ပစ်ရမယ်။ မြန်မာပြည်သူတွေဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုတွေကို ကာကွယ်ပေးနေတဲ့ တကယ့် သူရဲကောင်းတွေ ဖြစ်ပါတယ်။ ကုသမဂ္ဂနဲ့ အဖွဲ့၀င်နိုင်ငံတွေအပေါ် မြန်မာပြည်သူတွေထားတဲ့ မျှော်လင့်ချက်ဟာ မှေးမှိန်လာနေတယ်။ မိခင်တွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ အားကိုးတကြီး မေတ္တာရပ်ခံသံတွေကို ကျွန်မ တိုက်ရိုက် ကြားနေရပါတယ်”

    နိုင်ငံတကာ အသိုင်းအ၀ိုင်းက စုပေါင်းပြီး ချက်ခြင်းအရေးယူဖို့ လိုအပ်နေပြီလို့လည်း ဘာဂီနာက ဆိုပါတယ်။

    “မြန်မာစစ်တပ်ကို အပြစ်မပေးဘဲ ကျွန်မတို့ ဘယ်လောက်အထိ လွှတ်ထားအုံးမှာလဲ”

    မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်

    မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး လွှဲပြောင်းပေးဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

    “တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဖက်က ရပ်တည်ပြီး၊ တရားမ၀င် စစ်အာဏာသိမ်းမှုကနေ တိုင်းပြည်ကိုကာကွယ်နေတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို စစ်အာဏာရှင်တွေက နေ့စဥ်နေ့တိုင်း ပိုလုပ်လာတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မြန်မာပြည်သူတွေက ဆုံးဖြတ်ပေးရမယ့် အချိန်မျိုးမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက သူတို့ကို ပြတ်ပြတ်သားသား ထောက်ခံအားပေးတာမျိုး မြန်မြန်ဆန်ဆန် လုပ်ဆောင်သင့်ပါတယ်”

    နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဖို့ တွမ် အန်ဒရူးက ထည့်သွင်းတိုက်တွန်းခဲ့ပြီး၊ အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လုပ်ကိုင်ကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။

    ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းမှုကိုလည်း သူက ချီးကျူးခဲ့ပါတယ်။

    ဗြိတိန်

    မနေ့က မြန်မာ့အရေး လုံခြုံရေးကောင်စီရဲ့ အစည်းအ၀ေးကို ဗြိတိန်ရဲ့တောင်းဆိုမှုနဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ကြေငြာချက် မထုတ်နိုင်ခဲ့ပေမယ် တင်ပြလာတဲ့အချက်တွေကို နောက်တစ်ပတ်မှာ ဆက်လက်ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။

    “ပိတ်ဆို့အရေးယူမှုတွေ လုပ်ဖို့ ကျွန်မတို့ ကြိုးပမ်းသွားမှာ ဖြစ်ပြီး အခြေအနေတွ ထပ်ပြီးဆိုးရွားလာရင် လုပ်ရမယ့် အရေးယူမှုတွေအတွက်လည်း အဆင်သင့် ပြင်ဆင်သွားမှာပါ။ နောက်ထပ်လုပ်မယ့် ဆောင်ရွက်ချက်တွေမှာ အဖွဲ့၀င်နိုင်ငံအားလုံးက သဘောတူညီဖို့ လိုအပ်ပါတယ်” လို့ ကုလဆိုင်ရာ ဗြိတိန်သံအမတ် ဘာဘရာ ၀ုဒ်၀ါ့ဒ်က ပြေကြားခဲ့ပါတယ်။

    တရုတ်

    လုံခြုံရေးကောင်စီက တရုတ်သံအမတ် ကျန်းကျွင်းက မိမိတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ မိတ်ဖက် အိမ်နီးချင်းနိုင်ငံအဖြစ် ဆက်ရှိသွားမယ်လို့ ပြောကြားခဲ့ပြီး ပါ၀င်ပတ်သက်သူတွေအနေနဲ့ ပြဿနာတွေကို ညှိနှိုင်းဆွေးနွေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံကိစ္စမှာ အာဆီယံအဖွဲ့က ပိုမိုပါ၀င်ဆောင်ရွက်တာ၊ မြန်မာနိုင်ငံက သက်ဆိုင်သူတွေအကြား ကုလအတွင်းရေးမှူးရဲ့ အထူးကိုယ်စားလှယ် ဘာဂီနာ ၀င်ရောက်ဆွေးနွေး အဖြေရှာတာကို ထောက်ခံတယ်လို့လည်း သူမက ဆိုပါတယ်။

    “မြန်မာနိုင်ငံမှာ မတည်ငြိမ်မှု၊ ၀ရုန်းသုန်းကားတွေ ဖြစ်လာတာကို ကျွန်တော်တို့ မမြင်ချင်ပါဘူး။ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ သတင်းစကားတွေ၊ လုပ်ဆောင်ချက်တွေဟာ မြန်မာနိုင်ငံက သက်ဆိုင်သူတွေအတွက် အပြုသဘောဆောင်ပြီး မတူကွဲပြားမှုတွေကို ပေါင်းကူးကာ ပြဿနာကို ဖြေရှင်းပေးတာမျိုး၊ တင်းမာမှုတွေနဲ့ ပိုရှုပ်ထွေးမယ့် အခြေအနေကို ရှောင်ရှားတာမျိုးပဲ ဖြစ်သင့်ပါတယ်”

    Ref: UN, Deccanherald