News @ M-Media

Blog

  • မြန်မာဖက်မှ ၀င်ရောက်ခိုလှုံမှုကို တားဆီးရန် အိန္ဒိယက နယ်စပ်ကို တင်းကြပ်

    မြန်မာဖက်မှ ၀င်ရောက်ခိုလှုံမှုကို တားဆီးရန် အိန္ဒိယက နယ်စပ်ကို တင်းကြပ်

    မတ် ၆၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံဖက်က ၀င်ရောက်ခိုလှုံတာတွေကို တားဆီးဖို့အတွက် နယ်စပ်မှာ ရဲနဲ့စစ်သားတွေ လှည့်လည်စောင့်ကြပ်မှုကို တိုးမြှင့်ထားတယ်လို့ အိန္ဒိယက ထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အာဏာသိမ်းစစ်အစိုးရလက်အောက်မှာ တာ၀န်မထမ်းဆောင်လိုတဲ့ ရဲတပ်ဖွဲ့၀င်တွေနဲ့ မိသားစု၀င် စုစုပေါင်း ၃၀ ကျော်လောက် အိန္ဒိယဖက်က မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံခဲ့တာပါ။

    “အခုအချိန်ကစပြီး ကျွန်တော်တို့ ဘယ်သူ့ကိုမှ ၀င်ခွင့်မပေးတော့ပါဘူး” လို့ မီဇိုရမ်ပြည်နယ်အစိုးရ တာ၀န်ရှိသူ မာရီယာ ဇွာလီက ပြောပါတယ်။

    မြန်မာ-အိန္ဒိယနယ်စပ်မှာ အရင်ကတည်းက ကင်းလှည့်စောင့်ကြပ်မှုတွေ ခပ်စိပ်စိပ်လုပ်ပေမယ့် နယ်စပ်ထိစပ်မှုက ရှည်လျားတာကြောင့် လက်လှမ်းမမီတဲ့ လမ်းကြောင်းတွေကနေ ၀င်ရောက်လာကြတယ်လို့ မီဇိုရမ် ရဲတပ်ဖွဲ့ရဲ့ အကြီးတန်းတာ၀န်ရှိသူတစ်ဦးက ဆိုပါတယ်။

    မတ်လ ၄ ရက်နေ့အထိ မြန်မာဖက်က ၀င်ရောက်လာတာတွေ ရှိနေပြီး နောက်ထပ်လည်း ၀င်လာမယ်လို့ မျှော်လင့်ထားတာကြောင့် နယ်စပ်က တစ်ချို့နေရာတွေမှာ လူ ၃၀-၄၀ လောက် နေထိုင်နိုင်ဖို့ စီစဥ်ထားတယ်လို့လည်း ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။

    အိန္ဒိယဟာ မြန်မာစစ်တပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေပြီး ရဲတပ်ဖွဲ့၀င်တွေ ၀င်ရောက်ခိုလှုံလာတာက ဒီဆက်ဆံရေးကို ထိခိုက်စေနိုင်တာကြောင့် နယ်စပ်ကို ပိုမို တင်းတင်းကြပ်ကြပ် စောင့်ကြည့်ဖို့ ကြိုးစားလာတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး ခွဲထွက်ရေးလှုပ်ရှားနေတဲ့ အိန္ဒိယက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အိန္ဒိယအစိုးရရဲ့ ပန်ကြားမှုကြောင့် ပြီးခဲ့တဲ့နှစ်ပိုင်းမှာ မြန်မာစစ်တပ်က ရှင်းလင်းပေးထားတာ ဖြစ်ပါတယ်။
    Ref: Times of India

    မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး ခွဲထွက်ရေးလှုပ်ရှားနေတဲ့ အိန္ဒိယက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အိန္ဒိယအစိုးရရဲ့ ပန်ကြားမှုကြောင့် ပြီးခဲ့တဲ့နှစ်ပိုင်းမှာ မြန်မာစစ်တပ်က ရှင်းလင်းပေးထားတာ ဖြစ်ပါတယ်။

    Ref: Times of India

  • တရုတ်နှင့် ရိုဟင်ဂျာကိစ္စတွင် ဒေါ်စုကိုအပြစ်ဖို့၍ ဝါဒဖြန့်ပေးရန် နာမည်ကြီး အစ္စရေးလော်ဘီကို စစ်ကောင်စီက ငှားထား

    တရုတ်နှင့် ရိုဟင်ဂျာကိစ္စတွင် ဒေါ်စုကိုအပြစ်ဖို့၍ ဝါဒဖြန့်ပေးရန် နာမည်ကြီး အစ္စရေးလော်ဘီကို စစ်ကောင်စီက ငှားထား

    မတ် ၆၊ ၂၀၂၁
    M-Media

    -အနောက်နိုင်ငံတွေက လက်ခံအသိအမှတ်ပြုလာအောင် ဝါဒဖြန့်ပေးဖို့ အစ္စရေး ထောက်လှမ်းရေးဟောင်း နာမည်ကြီးလော်ဘီ အရီ ဘင်-မီနာရှီကို စစ်ကောင်စီက ငှားထားတယ်လို့ နိုင်ငံတကာဆက်ဆံရေး ဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ foreignlobby.com မှာ ဖော်ပြထားပါတယ်။

    စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးဟာ မြန်မာနိုင်ငံက အခြေအနေတွေ ကမ္ဘာကိုရှင်းပြဖို့ အရီ ဘင်-မီနာရှီနဲ့ သူ့ရဲ့ ကနေဒါအခြေစိုက် လော်ဘီလုပ်ငန်း Dickens & Madson ကို ငှားရမ်းထားကြောင်း ကြာသာပတေးနေ့ရက်စွဲနဲ့ ချုပ်ထားတဲ့ သဘောတူညီချက်မှာ ဖော်ပြထားပါတယ်။

    Dickens & Madson လုပ်ငန်းဟာ အမေရိကန်လွှတ်တော်၊ ဂျိုးဘိုင်ဒန်အစိုးရ၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ အစ္စရေး၊ ရုရှား၊ ကုသမဂ္ဂ၊ အာဖရိကသမဂ္ဂ၊ အနိုင်ငံတကာ အသင်းအဖွဲ့တွေ၊ NGO တွေအတွက် လော်ဘီလုပ်ပေးဖူးပါတယ်။

    မြန်မာနိုင်ငံကိုရောက်နေတဲ့ ဘင်-မီနာရှီကို foreignlobby.com က သောကြာနေ့မနက်ပိုင်း ဖုန်းဆက်မေးရာမှာ စစ်ကောင်စီက ငှားရမ်းမှုအတွက် ငွေကြေးမျိုးမျိုးမြတ်မြတ်ရထားတယ်လို့ ဆိုပြီး အတိအကျကို မပြောပါဘူး။

    ဒေါ်အောင်ဆန်းစုကြည်လက်ထက် တရုတ်ရဲ့ လွှမ်းမိုးမှု ပိုမိုကြီးမားလာတဲ့အတွက် စစ်တပ်က အာဏာသိမ်းလိုက်ရတာဖြစ်တဲ့အကြောင်း အနောက်နိုင်ငံတွေက နားလည်အောင် ရှင်းပြဖို့ စီစဉ်နေတယ်လို့ ဘင်-မီနာရှီက ပြောပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဘင်-မီနာရှီ မြန်မာနိုင်ငံကိုလာတာ နှစ်ကြိမ်ရှိပါပြီ။

    “ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှိစဉ်မှာ တရုတ်ဖက်ကို ပိုယိမ်းခဲ့ပြီး၊ ဒီလူတွေ(စစ်ခေါင်းဆောင်တွေ) က ဒါကို မကြိုက်ပါဘူး”

    အာဏာသိမ်းစစ်ကောင်စီအတွက် ဘင်-မီနာရှီ လော်ဘီလုပ်ပေးရမယ့်ကိစ္စတွေထဲမှာ ရိုဟင်ဂျာပြဿနာလည်း ပါဝင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့က ကူညီဖို့ ကမ်းလှမ်းထားတယ်လို့ ဘင်-မီနာရှီက ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်မှာ မွတ်စလင်တွေအ​ပေါ် အမုန်းတရားရှိတဲ့အတွက် အစိုးရအဖွဲ့မှာ သူမကို မထည့်မိစေဖို့ ၁၉၉၀ ပြည့်နှစ်တွေမှာ စစ်ခေါင်းဆောင်တွေကို သတိပေးခဲ့ဖူးတယ်လို့လည်း သူက ဆိုပါတယ်။

    “ရိုဟင်ဂျာပြဿနာကို ဒေါ်အောင်ဆန်းစုကြည်ကလုပ်တာပါ။ စစ်တပ်ကလုပ်တာ မဟုတ်ပါဘူး”

    အာဏာသိမ်းပြီးနောက် စစ်တွေနဲ့ မောင်တောမြို့က ရိုဟင်ဂျာတွေကို စစ်တပ်ကိုယ်စားလှယ်တွေက သွားရောက်တွေ့ဆုံစဉ်မှာလည်း ရိုဟင်ဂျာတွေကို ညှင်းပမ်းမောင်းထုတ်တာကို ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်တာလို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန် နိုင်ငံခြားရေးဆိုင်ရာ တတ်သိပညာရှင်များအဖွဲ့ Council on Foreign Relations ရဲ့ အရှေ့တောင်အာရှဆိုင်ရာပညာရှင် ဂျိုရှူဝါ ​ကာရ်လန်ဇစ်က ရိုဟင်ဂျာပြဿနာမှာ မြန်မာစစ်တပ်ရဲ့ ဂုဏ်သိက္ခာကိုဆယ်ဖို့ ကြိုးပမ်းမှုဟာ ရယ်စရာကောင်းတယ်လို့ ပြောပါတယ်။

    ရိုဟင်ဂျာတွေကို သတ်ဖြတ်မောင်းထုတ်မှုကို စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်လိုစိတ်နဲ့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ တွေ့ရကြောင်း ကုလနဲ့ အမေရိကန်တို့က ပြောကြားထားပါတယ်။

    “အမေရိကန်နဲ့ အခြားနိုင်ငံတွေက ဒီမိုကရေစီတည်ငြိမ်တဲ့ အစိုးရမျိုးနဲ့ပဲ ပူးပေါင်းဆောင်ရွက်လိုတာပါ” လို့ ကာရ်လန်ဇစ်က ပြောပါတယ်။

    ဘိုင်ဒန်အစိုးရက အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့မှုတွေ လုပ်ထားပေမယ့် တစ်ချို့ အမေရိကန် တာဝန်ရှိသူတွေမှာ မတူညီတဲ့အမြင်တွေ ရှိနေတယ်လို့လည်း ဘင်-မီနာရှီက ပြောပါတယ်။

    “ဒီလူတွေ(စစ်ခေါင်းဆောင်တွေ)ကို တရုတ်လက်ထဲ ထိုးထည့်လိုက်ရမှာ သူတို့က စိုးရိမ်နေပါတယ်”

    ဘင်-မီနာရှီဟာ စစ်အာဏာရှင်တွေအမြစ်တွယ်တဲ့ အရှေ့အလယ်ပိုင်းက ခေါင်းဆောင်တော်တော်များများနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိပြီး သူတို့အတွက် ဒေါ်လာသန်းချီယူကာ လော်ဘီလုပ်ပေး ဖူးပါတယ်၊

    Ref: Foreignlobby.com

  • ရုရှားရဲ့ S-300 ဒုံးခွင်းကို အဇာဘိုင်ဂျန်က ဘယ်လို ဖြိုခဲ့သလဲ?

    ရုရှားရဲ့ S-300 ဒုံးခွင်းကို အဇာဘိုင်ဂျန်က ဘယ်လို ဖြိုခဲ့သလဲ?

    မတ် ၄၊ ၂၀၂၁
    M-Media

    -ပြီးခဲ့တဲ့နှစ် နာဂေါ်နို-ကာရာဘက်ခ် စစ်ပွဲမှာ အားမေးနီးယားဖက်ကချထားတဲ့ ရုရှားဒုံးခွင်းစနစ်ကို ကိုယ်ထူကိုယ်ထ နည်းလမ်းသစ်တစ်ခုနဲ့ ဖျက်ဆီးချေမှုန်းနိုင်ခဲ့ပုံကို အာဇာဘိုင်ဂျန်က မနေ့မှာ ထုတ်ပြောလိုက်ပါတယ်။

    ၄၄ ရက်ကြာမြင့်တဲ့ အဲဒီစစ်ပွဲမှာ အရင်ကလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို အဇာဘိုင်ဂျန်က ပြန်ရကာ စစ်နိုင်ခဲ့ပါတယ်။ ​အာဇာဘိုင်ဂျန်ဟာ နောက်ဆုံးပေါ် နည်းပညာတွေကို အခြေခံပြီး တိုက်ခဲ့တာကြောင့် အာမေနီးယားဖက်က လူသူလက်နက် ဆုံးရှုံးမှုတွေ ပိုများခဲ့ပါတယ်။

    အဲဒီဆုံးရှုံးမှုတွေထဲမှာ မဟာမိတ်ရုရှားက ပေးထားတဲ့ S-300 ဒုံးခွင်းစနစ်လည်း ပါဝင်ပါတယ်။

    အဇာဘိုင်ဂျန်အစိုးရ တာဝန်ရှိသူတစ်ဦးက စစ်ပွဲအစပိုင်းမှာ ဒီဒုံးခွင်းစနစ် တည်နေရာကို ရှာဖွေဖို့ ခက်ခဲခဲ့ပေမယ့် အင်ဂျင်နီယာတွေက နည်းလမ်းတစ်ခုဖော်ထုတ်ပြီး ရှာဖွေဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    တစ်လုံးထိုးအင်ဂျင်အသုံးပြုထားပြီး လက်ရှိ စိုက်ပျိုးရေးလုပ်ငန်းမှာ အသုံးပြုနေတဲ့ ဆိုဗီယက်ထုတ် Antonov An-2 လေယာဉ်ကို မောင်းသူမဲ့လေယာဉ်အဖြစ် အသွင်ပြောင်းကာ S-300 ဒုံးခွင်စနစ်ကို အသက်ဝင်လာအောင် အဇာဘိုင်ဂျန်က လုပ်ဆောင်ခဲ့တာပါ။

    “Antonovs လေယာဉ်ဟာ တိုက်ပွဲဝင်အဆင့် ဒရုန်းတစ်ခုအဖြစ် ရေဒါမှာ ပေါ်လာတဲ့အခါ S-300 စနစ်က အသက်ဝင်လာတယ်။ အဲဒီအချိန်မှာ တိတ်တိတ်လေးစောင့်​နေတဲ့ ကာမီကာဇီခေါ် အစ္စရေးလုပ် Harop ဒရုန်းက S-300 ဒုံးခွင်းစနစ်ကို ပစ်ခတ်ဖျက်ဆီးလိုက်တာပါ” လို့ အဇာဘိုင်ဂျန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    တူရကီ တတ်သိပညာရှင်များအဖွဲ့ EDAM ရဲ့ ကာကွယ်ရေးသုတေသနဆိုင်ရာ ဒါရိုက်တာ Can Kasapoglu က အဇာဘိုင်ဂျန်ရဲ့ ဒီနည်းဟာ ရုရှားလက်နက်တွေကို ရင်ဆိုင်ဖို့ နည်းလမ်းသစ်တစ်ခုကို ချပြလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

    “အာမေးနီးယားလိုနိုင်ငံမျိုးမှာရှိတဲ့ ရုရှားစစ်တပ်ဟာ ရေဒါမှာ ခြိမ်းခြောက်မှု မမြင်မချင်း လေကြောင်းရန်ကာကွယ်ရေးစနစ်ကို မဖွင့်ပါဘူး။ အဇာဘိုင်ဂျန်တွေကတော့ Antonovs လေယာဉ်ရဲ့ အရွယ်အစားကို ပြောင်းစရာမလိုဘဲ ရေဒါမှာ တိုက်ပွဲဝင်ဒရုန်းအဖြစ် ပေါ်လာအောင် လုပ်ဆောင်ခဲ့ပါတယ်”

    အာမေးနီးယားကို ရုရှားနဲ့ အီရန်တို့က အဓိက လက်နက်ထောက်ပံ့တာဖြစ်ပြီး၊ အဇာဘိုင်ဂျန်ကတော့ စစ်လက်နက်ပစ္စည်း​တွေကို တူရကီနဲ့ အစ္စရေးတို့က အဓိက ဝယ်ယူဖြည့်တင်းတာ ဖြစ်ပါတယ်။

    Ref: Middle East Eye

  • မြန်မာနိုင်ငံမှ ချက်ခြင်းထွက်ခွာရန် နိုင်ငံသားများကို စင်ကာပူ အကြံပြု

    မြန်မာနိုင်ငံမှ ချက်ခြင်းထွက်ခွာရန် နိုင်ငံသားများကို စင်ကာပူ အကြံပြု

    မတ် ၄၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာရှိနေတဲ့ စင်ကာပူနိုင်ငံသားတွေအနေနဲ့ ဖြစ်နိုင်ရင် အမြန်ဆုံး တိုင်းပြည်ကနေ ထွက်ခွာကြဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေအကြေား တင်းမာမှုတွေ မြင့်တက်လာတာ၊ အရပ်သားတွေ သေဆုံးဒဏ်ရာရမှု မြင့်တက်လာတာကြောင့် ဒီလို ထုတ်ပြန်ရတယ်လို့ ဆိုပါတယ်။ စင်ကာပူနိုင်ငံသားတွေ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတဲ့ ခရီးစဉ်တွေအားလုံးကိုလည်း စင်ကာပူက ရွှေ့ဆိုင်းထားလိုက်ပါတယ်။

    “ရိုးရိုးလမ်းကြောင်းတွေ ဖွင့်နေသေးတဲ့အတွက် လက်ရှိ မြန်မာနိုင်ငံမှာရှိနေတဲ့ စင်ကာပူနိုင်ငံသားတွေ ဖြစ်နိုင်ရင် ချက်ခြင်းထွက်ခွာဖို့ စဉ်းစားသင့်ပါတယ်။ မြန်မာနိုင်ငံမှာ ဆက်ရှိလိုတဲ့သူတွေ အနေနဲ့လည်း တတ်နိုင်သမျှ အိမ်ထဲမှာနေပြီး မလိုအပ်ဘဲ ခရီးမသွားဖို့ အထူးသဖြင့် ဆန္ဒပြမှုတွေ ဖြစ်ပွားနေတဲ့နေရာကို မသွားဖို့ အကြံပြုပါတယ်။ ပြည်တွင်းသတင်းတွေကို အနီးကပ်စောင့်ကြည့်ဖို့ စင်ကာပူနိုင်ငံသားတွေကို သတိပေးလိုပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံမှာရှိနေတဲ့ စင်ကာပူနိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝဘ်ဆိုက်မှာ ဝင်ရောက် မှတ်ပုံတင်ပြီး အဆက်အသွယ်မပြတ်အောင်လုပ်ထားဖို့၊ အကူအညီလိုတယ်ဆိုရင် ရန်ကုန်မြို့ စင်ကာပူသံရုံးကို ဖုန်းဆက်အကူအညီတောင်းဖို့လည်း စင်ကာပူအစိုးရက အကြံပြုထားပါတယ်။

    Ref: CNA

  • ရွေးကောက်ခံအစိုးရကို လုံး၀ အာဏာပြန်မပေးဟု စစ်တပ်က ကုလသမဂ္ဂကို သွယ်၀ိုက်ပြောကြားခဲ့

    ရွေးကောက်ခံအစိုးရကို လုံး၀ အာဏာပြန်မပေးဟု စစ်တပ်က ကုလသမဂ္ဂကို သွယ်၀ိုက်ပြောကြားခဲ့

    မတ် ၄၊ ၂၀၂၁
    M-Media

    -နိုင်ငံတကာရဲ့ ပိတ်ဆို့မှုနဲ့ ဖယ်ကျဥ်မှုကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားပြီး မိမိတို့ကိုထောက်ခံတဲ့ မိတ်ဆွေနိုင်ငံ အနည်းငယ်နဲ့သာ ရှေ့ဆက်သွားတော့မယ်လို့ အာဏာသိမ်းစစ်တပ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာကို ပြောကြားလိုက်ပါတယ်။ ၏

    မနေ့ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပြင်းပြင်းထန်ထန် နှိမ်နှင်းမှုကြောင့် အနည်းဆုံး ၃၈ ဦး သေဆုံးခဲ့တယ်လို့ သူမက ပြောပါတယ်။ ဒါဟာ အာဏာသိမ်းခဲ့တဲ့ ဖေဖော်၀ါရီ ၁ ရက်နေ့နောက်ပိုင်း တစ်ရက်အတွင်း သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။ ဘာဂီနာဟာ မနက်ဖြန် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံအကြောင်း တင်ပြမှာပါ။

    အာဏာသိမ်းစစ်ကောင်စီက ဒုတိယအကြီးအကဲ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုး၀င်းနဲ့ ဆွေးနွေးခဲ့ရမှာ တစ်ချို့နိုင်ငံတွေရဲ့ ပြင်းထန်တဲ့တုန့်ပြန်မှုတွေ ဖယ်ကျဥ်တာတွေကို ကြုံတွေ့ရလိမ့်မယ်လို့ သတိပေးခဲ့ကြောင်း ဘာဂီနာက ပြောပါတယ်။ သူမဟာ ဗိုလ်ချုပ်မှုးကြီးစိုး၀င်းနဲ့ ဖေဖော်၀ါရီ ၁၅ ရက်နေ့က နောက်ဆုံး စကားပြောခဲ့တာပါ။

    “ကျွန်တော်တို့ ပိတ်ဆို့မှုတွေနဲ့ အသားကျနေပြီ။ ဒါပေမယ့် ရှင်သန်နိုင်ခဲ့ပါတယ်- လို့ သူက ပြန်ဖြေတယ်။ ဖယ်ကျဥ်ခံရလိမ့်မယ်လို့ သတိပေးတဲ့အခါမှာလည်း – မိတ်ဆွေအနည်းငယ်နဲ့ ရှေ့ဆက်လျှောက်ဖို့ သင်ယူသွားရမှာပါ – လို့ ပြန်ဖြေပါတယ်”

    မြန်မာနိုင်ငံကိစ္စကို တရုတ်နဲ့ ရုရှားတို့က ပြည်တွင်းရေးအဖြစ် ရှုမြင်တာဟာ မှားယွင်းတယ်လို့လည်း ဘာဂီနာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒါဟာ ပြည်တွင်းရေးကိစ္စသာမဟုတ်ဘဲ ဒေသတွင်းလုံခြုံရေးကို ထိခိုက်နိုင်တဲ့ကိစ္စ ဖြစ်တယ်ဆိုတာ သူတို့ နားလည်လက်ခံဖို့ ကျွန်မ မျှော်လင့်ပါတယ်”

    ဗိုလ်ချုပ်မှုးကြီးစိုး၀င်းက တစ်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပေးမယ်လို့ ပြောခဲ့ကြောင်းလည်း ဘာဂီနာက ဖွင့်ဟခဲ့ပါတယ်။ ဖေဖော်၀ါရီ ၁၅ ရက်နေ့နောက်ပိုင်း စစ်ကောင်စီနဲ့ သူ့မကြားမှာ စာအဆက်အသွယ်သာ ရှိပါတယ်။

    “ကျွန်မအမြင်အရတော့ သူတို့နည်းလမ်းက NLD က လူတွေကို စုံစမ်းစစ်ဆေးပြီး ထောင်ထဲထည့်မယ်။ နောက်ဆုံး NLD ကို ဖျက်ပစ်ပြီး ရွေးကောက်ပွဲသစ် ကျင်းပကာ သူတို့နိုင်အောင်လုပ်မယ်။ ဒီလိုနည်းလမ်းနဲ့ သူတို့ အာဏာ ဆက်ယူထားမှာ ဖြစ်ပါတယ်”


    Ref: The Straits Times