News @ M-Media

Blog

  • စစ်အာဏာရှင်ကိုမကြိုက်၍ ရဲ ၃ ဦး အိန္ဒိဖက်သို့ ထွက်ပြေးခိုလှုံ

    စစ်အာဏာရှင်ကိုမကြိုက်၍ ရဲ ၃ ဦး အိန္ဒိဖက်သို့ ထွက်ပြေးခိုလှုံ

    မတ် ၄၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီရဲ့အမိန့်ကို မနာခံလိုတဲ့အတွက် ရဲတပ်သား ၃ ဦးဟာ မီဇိုရမ်ပြည်နယ်ကို ဝင်ရောက်ခိုလှုံလာတယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ဗန်လိုင်ဖိုင်ဆိုတဲ့မြို့လေးကို မနေ့က နေ့လည်ပိုင်းက လာရောက်ခိုလှုံခဲ့တာဖြစ်ပြီး
    ဒေသခံအာဏာပိုင်တွေက ကျန်းမာရေးစစ်ဆေးကာ၊ နေဖို့ထိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။

    “စစ်အစိုးရက ပေးတဲ့အမိန့်ကို မနာခံလိုဘဲ စစ်အုပ်ချုပ်ရေးအောက်မှာလည်း မနေချင်တဲ့အတွက် ဝင်ရောက်ခိုလှုံလာတာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်” လို့ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ​တာဝန်ရှိသူ စတီဖင် လာရီနော်မာက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ဖိနှိပ်ချုပ်ချယ်မှုကြောင့် ချင်းလူမျိုးတွေ၊ ရိုဟင်ဂျာတွေအပါအဝင် တိုင်းရင်းသားနည်းစု ထောင်နဲ့ချီ မီဇိုရမ်မှာ သွားရောက်ခိုလှုံနေရပါတယ်။

    Ref: Reuters

  • ပါလက်စတိုင်းတွင် အစ္စရေး၏ ကျူးလွန်မှုများအတွက် ICC က စတင်စုံစမ်းမည်

    ပါလက်စတိုင်းတွင် အစ္စရေး၏ ကျူးလွန်မှုများအတွက် ICC က စတင်စုံစမ်းမည်

    မတ် ၃၊ ၂၀၂၀၁
    M-Media

    ပါလက်စတိုင်းကလေးငယ်တစ်ဦးကို အစ္စရေးစစ်သားများ ဖမ်းဆီးသွားစဉ်

    -အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုက်နက်တွေမှာ စစ်ရာဇဝတ်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်အတွက် စုံစမ်းစစ်ဆေးမှု တရားဝင် စတင်နေပြီလို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အကြီးအကဲ ဖာတူ ဘန်ဆူဒါက ပြောပါတယ်။

    စုံစမ်းမှုကို ဘက်မလိုက်ဘဲ လွတ်လွတ်လပ်လပ်နဲ့ ဓမ္မဓိဌာန်ကျကျ ပြုလုပ်သွားမယ်လို့ ဘန်ဆူဒါနဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဂါဇာကမ်းမြှောင်က အစ္စရေးစစ်တပ်ရဲ့ လုပ်ရပ်တွေ၊ အနောက်ဖက်ကမ်းက တရားမဝင်အခြေချအိမ်ယာ ဆောက်လုပ်ထားမှု​ေတွအပါအဝင် ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက စစ်ရာဇဝတ်မှု ကျူးလွန်မှု ရှိလားဆိုတဲ့ကိစ္စကို စုံစမ်းဖို့ ခိုင်မာတဲ့ အခြေခံအကြောင်းအရင်းတွေ ရှိတယ်လို့ ဘန်ဆူဒါက ၂၀၁၉ ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးတပ်ဖွဲ့နဲ့ ဟားမက်စ်လို ပါလက်စတိုင်းလက်နက်ကိုင် အုပ်စုတွေက ကျူးလွန်မှုတွေ ရှိနိုင်တယ်လို့လည်း သူမက ဆိုပါတယ်။

    “၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ နောက်ပိုင်း ကျူးလွန်တယ်လို့ စွပ်စွဲခံရပြီး တရားရုံးရဲ့ စီရင်ပိုင်ခွင့်ရှိအောက်မှာ ရှိနေတဲ့ ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမှာပါ”

    ၁၉၆၇ ခုနှစ်စစ်ပွဲမှာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ မိမိတို့ တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ ICC က ဖေဖော်ဝါရီလမှာ ဆုံးဖြတ်ခဲ့ပါတယ်။

    ဒီဆုံးဖြတ်ချက်ကို အစ္စရေးနဲ့ အမေရိကန်တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

    Ref: Aljazeera

  • တစ်ခြားနိုင်ငံက ​ကြားဝင်ရသည့်အခြေအနေအထိ မရောက်ခင် ပြဿနာကိုဖြေရှင်းရန် စစ်ကောင်စီကို အာဆီယံ တိုက်တွန်း

    တစ်ခြားနိုင်ငံက ​ကြားဝင်ရသည့်အခြေအနေအထိ မရောက်ခင် ပြဿနာကိုဖြေရှင်းရန် စစ်ကောင်စီကို အာဆီယံ တိုက်တွန်း

    မတ် ၂၊ ၂၀၂၁
    M-Media

    -နိုင်ငံရပ်ခြားက ဝင်ရောက်ဖြေရှင်းပေးရတဲ့အထိ အခြေအနေတွေ မတင်းမာခင်မှာ ပြဿနာကို ညှိနှိုင်းဆွေးနွေးအဖြေရှာကြဖို့ အာဆီယံအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

    စစ်တပ်ရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာရတဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအကြပ်အတည်းအတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒီနေ့နေ့လည်ပိုင်းက အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့တာပါ။

    အဲဒီအစည်းအဝေးမှာ အာဏသိမ်း စစ်ကောင်စီက ခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်လည်း တက်ရောက်ခဲ့ပါတယ်။

    ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး အာဆီယံကအဖွဲ့က ကြေငြာချက် မထုတ်သေးပါဘူး။
    အာဆီယံနိုင်ငံတွေက နိုင်ငံအကြီးအကဲတွေ၊ တက်ရောက်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ထုတ်ပြောတာမျိုးကို ကြည့်ရင် စစ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား စားပွဲဝိုင်းမှာ ဆွေးနွေးကာ ဒီပြဿနာကို ဖြေရှင်းဖို့ အစည်းအဝေးမှာ အဓိကပြောခဲ့တာကို တွေ့ရပါတယ်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဟီရှာမွတ်ဒင် ဟူစိန်က အခြေအနေတွေ တင်းမာလာပြီး နိုင်ငံခြားကဝင်လာတဲ့အခြေအနေမျိုး မရောက်ခင် စစ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ညှိနှိုင်းဆွေးနွေးတာဟာ ဒီပြဿနာကိုဖြေရှင်းဖို့ အကောင်းဆုံးအခွင့်အလမ်း ဖြစ်တယ်လို့ ပြောပါတယ်။

    စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း ဆွေးနွေးပွဲမတိုင်ခင် အင်တာဗျူးမှာ ဒီလို စကားမျိုး ပြောကြားခဲ့ပါတယ်။

    “နိုင်ငံခြားက ဝင်ရောက်ဖြေရှင်းပေးဖို့ လက်ယက်ခေါ်ရတဲ့ လက်ယက်ခေါ်တဲ့ အနေအထားအထိ တင်းမာမှုတွေ မြင့်တက်မလာခင်မှာ နိုင်ငံရေးအကြပ်အတည်းကို စားပွဲဝိုင်းမှာ ဖြေရှင်းတဲ့လမ်းကြောင်း ပြန်သွားရေး စဉ်းစားဖို့ မြန်မာနိုင်ငံကို ကျွန်တော်တို့ တိုက်တွန်းပါတယ်”
    မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ အဆိုပြုချက် ၃ ချက်ကိုလည်း တင်ပြခဲ့ပါတယ်။

    အဲဒါတွေက

    ၁ – စစ်တပ်က အာဏာသိမ်းရာမှာ အကြောင်းပြတဲ့ မဲစာရင်းကိစ္စ စီစစ်နိုင်ရေး ‘သမာသမတ်ကျတဲ့ လူတွေနဲ့ ‘အဖွဲ့တစ်ခုဖွဲ့ဖို့

    ၂- အာဆီယံ အထွေထွေအတွင်းရေးမှူး လင်ဂျော့က်ဟိုနဲ့၊ ဥက္ကဌနိုင်ငံ ဘရူးနိုင်းက ဘုရင် ဆူလ်တန် ဟာဆန်နဲလ် ဘိုလ်ကီးယားတို့ကို မြန်မာနိုင်ငံ လာရောက်ခွင့်ပေးဖို့
    ၃- အာဆီယံ၊ မြန်မာ၊ အခြားအင်အားကြီးနိုင်ငံပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့ ‘Asean Troika’ ဖွဲ့စည်းပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ ဖြစ်ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ဖမ်းဆီးခံထားရသူ​တွေကို ချက်ခြင်းလွှတ်ပေးပြီး ​ဆွေးနွေးအဖြေရှာကြဖို့ အစည်းအဝေးမှာ တိုက်တွန်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ‘မြန်မာနိုင်ငံက အာဆီယံကို တံခါးမဖွင့်ပေးဘူးဆိုရင် အာဆီယံရဲ့ စိတ်စေတနာကောင်းတွေ၊ အဆင်သင့်ဖြစ်နေမှုတွေဟာ အဓိပ္ပါယ်မဲ့သွားမယ်’ လို့လည်း သူမက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး တက်ဒီ ဘွိုင် လော့စင် ဂျနာရ်က အစည်းအဝေးမှာ ဘာတွေပြောခဲ့သလဲဆိုတာ ထုတ်ပြောဖို့ ငြင်းဆန်ခဲ့ပြီး အလွန်အဆင်ပြေခဲ့တယ်လို့သာ ပြောကြားခဲ့ပါတယ်။

    အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နှင်းတာကို၊ အာဆီယံနိုင်ငံတွေက အစည်းအဝေးမှာ ရှုတ်ချခဲ့ပြီး၊ ဖမ်းဆီးထားသူတွေိကို ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

    ပညာချွန်းအုပ်ဖို့ လီရှန်လွန်းတိုက်တွန်း

    အာဆီယံရဲ့ ဆွေးနွေးပွဲမတိုင်ခင် မြန်မာနိုင်ငံ​ရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ BBC သတင်းဌာနနဲ့ မေးမြန်းမှုမှာ စစ်တပ်ကလုပ်တဲ့ ၂၀၁၀ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ရည်ညွှန်းပြီး အကောင်းဖက်ကို မျှော်လင့်ထားတယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောဆိုခဲ့ပါတယ်။

    “စစ်တပ်ဟာ အရင်ကလိုမျိုး ပညာနဲ့ ချွန်းအုပ်ဖြေရှင်းနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ စစ်အာဏာရှင်စနစ်နဲ့သွားရင် ဘာမှဖြစ်မလာနိုင်ဘဲ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားတဲ့ အရပ်သားအစိုးရနဲ့ ညှိနှိုင်းဆွေးနွေး အဖြေရှာရမယ်ဆိုတာမျိုးကို တပ်မတော်က နားလည်သဘောပေါက်မှာပါ”

    Ref: South China Morning Post

  • ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် မလေးရှား တောင်းဆို

    ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် မလေးရှား တောင်းဆို

    မတ် ၂၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်​အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ မလေးရှားက အာဆီယံအစည်းအဝေးမှာ တောင်းဆိုလိုက်ပြီး၊ ခေါင်းဆောင်တွေ ရင်ကြားစေ့ရေးမှာ ပံ့ပိုးကူးညီသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးကို ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့တာပါ။

    မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဟီရှာမွတ်ဒင် ဟူစိန်က မြန်မာပြည်သူတွေရဲ့ဆန္ဒကို အလေးထားဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “မြန်မာပြည်သူတွေရဲ့ ဆန္ဒ၊ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီတဲ့ နည်းလမ်းနဲ့ နိုင်ငံရေးပြဿနာကို ကြိုးစားဖြေရှင်းဖို့ အရေးကြီးပါတယ်။ ပြည်သူတွေ နောက်ဆက်တွဲဆိုးကျိုး မကြုံတွေ့အောင် ရှောင်ရှားနိုင်ငံရေး မြန်မာခေါင်းဆောင်တွေအကြား သဘောထားမတိုက်ဆိုင်မှုတွေကို ရင်ကြားစေ့ပေးတဲ့ ဘယ်လိုကြိုးပမ်းမှုမျိုးကိုမဆို မလေးရှားက ပံ့ပိုးကူညီပေးသွားမှာပါ”

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးခေါင်းဆောင်တွေကို ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဖို့၊ ပါဝင်ပတ်သက်သူတွေအားလုံးအကြားမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်ဖို့လည်း မလေးရှားက တောင်းဆိုခဲ့ပါတယ်။

    Ref: Free Malaysia Today

  • ရဲတပ်ဖွဲ့ကို ကျည်အစစ် အသုံးပြုခွင့်မပေးထားဟု စစ်ခေါင်းဆောင်များက နိုင်ငံတကာကို ပြောထား

    ရဲတပ်ဖွဲ့ကို ကျည်အစစ် အသုံးပြုခွင့်မပေးထားဟု စစ်ခေါင်းဆောင်များက နိုင်ငံတကာကို ပြောထား

    မတ် ၂၊ ၂၀၂၀၁
    M-Media

    -ဆန္ဒပြသူတွေကို နှိမ်နှင်းရာမှာ လုံခြုံရေးတပ်ဖွဲ့တွေကို ကျည်အစစ် အသုံးပြုခွင့်မပေးထားဘူးလို့ အာဏာသိမ်းစစ်တပ်က မနေ့မှာ လူသိရှင်ကြား ထုတ်ပြန်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ၃ ရက်အကြာမှာပဲ နိုင်ငံတစ်ဝှမ်းအာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒ​ပြမှုတွေကို ပြည်သူတွေက ဆက်တိုက်ပြုလုပ်ခဲ့တာပါ။

    ရဲတပ်ဖွဲ့ကလည်း တစ်ရက်ထက်တစ်ရက် အင်အားသုံးနှိမ်နှင်းမှုတွေ ပြုလုပ်လာခဲ့ပြီး မတ်လ ၁ ရက်နေ့အထိ အနည်းဆုံး ၃၀ ကျော် သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့က တစ်ရက်တည်းမှာ အနည်းဆုံး အယောက် ၂၀ ပစ်သတ်ခံခဲ့ရပြီး တစ်ရက်အတွင်း စံချိန်တင် သေဆုံးမှုမှာပါ။

    ဒီလိုပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေအများအပြား ရှိခဲ့ပြီး ဖမ်းဆီးခံရသူအရေအတွက်ဟာလည်း နိုင်ငံတစ်ဝှမ်း ၁၁၀၀ ကျော်လာပြီ ဖြစ်ပါတယ်။

    သေဆုံးဒဏ်ရာရသူတွေဟာ ဦးခေါင်း၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်ပိုင်းမှာ ကျည်အစစ်နဲ့ ပစ်ခတ်ခံခဲ့ရတာကို တွေ့ရပါတယ်။ ရဲတပ်ဖွဲ့နဲ့ စစ်သားတစ်ချို့ပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေ​ဟာ ပြည်သူတွေကို တရားလက်လွတ် ရိုက်နှက်တာ၊ ဖမ်းဆီးတာ၊ နေအိမ်တွေအပေါ်ထိ တက်ရောက်လုယက်ရမ်းကားတာ၊ လူနေအိမ်တွေကို သေနတ်နဲ့ ချိန်ရွယ်ပစ်ခတ်တာတွေ လုပ်တာကို ဗီဒီယိုမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

    အာဏာသိမ်းစစ်တပ်ကတော့ ဆန္ဒပြမှုတွေကို နှိမ်နှင်းရာမှာ ကျည်ဆံအစစ် အသုံးပြုခွင့် မပေးထားဘဲ အသက်အန္တရာယ် ထိခိုက်လာမယ်ဆိုရင် ခါးအောက်ပိုင်းသား ပစ်ခတ်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို ညွှန်ကြားထားကြောင်း မတ်လ ၁ ရက်နေ့ စစ်တပ်ပိုင် မြ၀တီသတင်းဌာနကနေတစ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။

    စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ စစ်သားတွေက ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

    Ref: South China Morning Post