News @ M-Media

Blog

  • နိုင်ငံတော်အတိုင်ပင်ခံကို စစ်ကောင်စီက ယနေ့ ရုံးထုတ်ရန် စီစဉ်ထား

    နိုင်ငံတော်အတိုင်ပင်ခံကို စစ်ကောင်စီက ယနေ့ ရုံးထုတ်ရန် စီစဉ်ထား

    မတ် ၁၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့မှာ ရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ၊ သဘာ၀ဘေးအန္တရာယ် ဥပဒေတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က ပထမအကြိမ် အွန်လိုင်းကနေ ရုံးထုတ်ခဲ့ပြီး ဒီနေ့လည်း အွန်လိုင်းကနေသာ ဆောင်ရွက်ဖို့ ရှိပါတယ်။

    နေပြည်တော်မှာ ထိန်းသိမ်းထားတယ်လို့ ယူဆရပေမယ့် ဘယ်နေရာမှာ ရှိလဲဆိုတာ အတိအကျ မသိရပါဘူး။ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ဒီနေ့ ရုံးထုတ်မှုမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မရဘူးလို့ AFP သတင်းဌာနကို ပြောပါတယ်။

    သူ့ကို နိုင်ငံတော်အတိုင်ပင်ခံရဲ့ ရှေ့နေအဖြစ် တရားရုံးက လက်ခံအသိအမှတ်ပြုဖို့ မျှော်လင့်ထားပြီး၊ ဒေါ်​အောင်ဆန်းစုကြည်ကို ချက်ခြင်း ရှေ့နေငှားခွင့်မပေးတာဟာ မတရားမှုဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    Ref: Bangkok Post

  • မြန်မာ့အရေးအတွက် အထူးအစည်းအ၀ေးကို အာဆီယံက အင်္ဂါနေ့တွင် ကျင်းပမည်

    မြန်မာ့အရေးအတွက် အထူးအစည်းအ၀ေးကို အာဆီယံက အင်္ဂါနေ့တွင် ကျင်းပမည်

    ဖေဖော်၀ါရီ ၂၇၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကိစ္စကို ဆွေးနွေးအဖြေရှာဖို့အတွက် အာဆီယံ နိုင်ငံခြားရေး၀န်ကြီးတွေဟာ မတ်လ ၂ ရက်နေ့မှာ အထူးအစည်းအ၀ေးတစ်ရပ် ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။

    အဖွဲ့၀င်နိုင်ငံအများစုက နိုင်ငံခြားရေး၀န်ကြီးတွေက ဒီအစည်းအ၀ေးကို တက်မယ်လို့ ပြောထားပါတယ်။ တစ်ချို့က ဂျကာတာမှာရှိတဲ့ အာဆီယံ အတွင်းရေးမှူးရုံးကနေ တက်ရောက်မှာဖြစ်ပြီး၊ တစ်ချို့က အွန်လိုင်းကနေ ပါ၀င်မှာပါ။ အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဦး၀ဏ္ဏမောင်လွင်ကို တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

    မြန်မာ့အရေး အာဆီယံအဖွဲ့က ဖြေရှင်းပေးနိုင်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရက်တနို မာဆူဒီက အဖွဲ့၀င်နိုင်ငံတွေကို သွားရောက် စည်းရုံးခဲ့တာပါ။ မတ်လ ၂ ရက်နေ့ အစည်းအ၀ေးဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ ဖေဖော်၀ါရီ ၁ ရက်နေ့ နောက်ပိုင်း အာဆီယံအဖွဲ့က ပြုလုပ်တဲ့ ပထမဆုံး အစည်းအ၀ေးလည်း ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီက ဦး၀ဏ္ဏမောင်လွင်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဘန်ကောက်မှာ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေး၀န်ကြီး၊ ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့နဲ့ ဆွေးနွေးခဲ့ပါတယ်။ ၀န်ကြီးချုပ် ချန်အိုချာက ဒီလိုတွေ့ဆုံမှုဟာ စစ်ကောင်စီကို အသိအမှတ်ပြုတာမျိုး မဟုတ်ဘူးလို့ လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။s

    Ref: Bangkok Post

  • ဦ၀ဏ္ဏမောင်လွင်ကို ဝန်ကြီးအဖြစ် အသိအမှတ်ပြုခြင်း မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ပ​ြ​ော

    ဦ၀ဏ္ဏမောင်လွင်ကို ဝန်ကြီးအဖြစ် အသိအမှတ်ပြုခြင်း မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ပ​ြ​ော

    ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီက ခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်နဲ့ တွေ့ဆုံတာဟာ စစ်ကောင်စီကို အသိအမှတ်ပြုတာမျိုး မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဦး၀ဏ္ဏမောင်လွင်ဟာ မနေ့က ဘန်ကောက်ကို သွားရောက်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့တာပါ။

    ဝန်ကြီးချုပ်ပရာယွတ်က တွေ့ဆုံမှုမှာ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို နားထောင်ခဲ့ခြင်းသာ ဖြစ်တယ်လို့ ဒီကနေ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ မြန်မာ့အရေး ကြားဝင်ဖြေရှင်းပေးဖို့ အင်ဒိုနီးရှားနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းတွေကိုလည်း ပရာယွတ်က ငြင်းပါတယ်။

    “သူတို့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာက သူတို့ကိစ္စပါ။ ဒီမိုကရေစီလမ်းကြောင်းကို အမြန်ဆုံးပြန်လျှောက်ဖို့ပဲ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ တွေ့ဆုံမှုဟာ တစ်ခုခုကို အသိအမှတ်ပြုတာမျိုး မဟုတ်ပါဘူး။ အသိအမှတ်ပြုဖို့လည်း သူ(ဦး၀ဏ္ဏမောင်လွင်) က မပြောပါဘူး။ သူပြောတာကိုပဲ ကျွန်တော် နားထောင်ခဲ့တာပါ။ ဒါပါပဲ”

    ပရာယွတ်ဟာ အရင်က ထိုင်းစစ်တပ်အကြီးအကဲ ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီးတဲ့နောက် ၂၀၁၉ ခုနှစ်မှာ ရွေးကောက်ပဲကျင်းပကာ ယူနီဖောင်းလဲ ဝန်ကြီးချုပ် ဖြစ်လာသူ ဖြစ်ပါတယ်။

    Ref: Reuters

  • အာဏာသိမ်းစစ်ကောင်စီမှ အကြီးအကဲ ၆ ဦးကို ဗြိတိန်က ပိတ်ဆို့မှုထပ်လုပ်ပြီး သတိပေး

    အာဏာသိမ်းစစ်ကောင်စီမှ အကြီးအကဲ ၆ ဦးကို ဗြိတိန်က ပိတ်ဆို့မှုထပ်လုပ်ပြီး သတိပေး

    ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းပြီးနောက်ပိုင်း လူထုအပေါ် ပြုလုပ်ခဲ့တဲ့ ဖိနှိပ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အာဏာသိမ်းစစ်ကောင်စီက စစ်ခေါင်းဆောင် ၆ ဦးကို ပိတ်ဆို့မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒီမိုနီ ရာအဘ်က ဒီကနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ဗြိတိန်ဟာ ပြီးခဲ့တဲ့တစ်ပတ်က မြန်မာစစ်ခေါင်းဆောင် ၃ ဦးကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပြီး အာဏာသိမ်းစဉ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က ကျူးလွန်းခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေ ဖြစ်ပါတယ်။

    ဒီနေ့ ပိတ်ဆို့မှုကတော့ အာဏာသိမ်းစစ်ကောင်စီက စစ်ခေါင်းဆောင် ၆ ဦးကို ပစ်မှတ်ထားတာပါ။ စစ်ကောင်စီ ဥက္ကဌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဘက်အတွင်းရေးမှူးဖြစ်တဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဗိုလ်ချုပ် တင်အောင်ဆန်း၊ ဗိုလ်ချုပ် မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ ဖြစ်ပါတယ်။

    ပိတ်ဆို့မှုက ယူကေကို လာရောက်ခွင့်ပိတ်တာ၊ သူတို့နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းအားလုံးမှာ ယူ​ကေကုမ္ပဏီတွေ ဆက်သွယ်လုပ်ဆောင်မှုကို တားမြစ်တာ ဖြစ်ပါတယ်။

    “လူ့အခွင့်အရေးချိုးဖောက်သူတွေ သူတို့လုပ်ရပ်အတွက် အရေးယူခံရမယ်ဆိုတာ ဒီကနေ့ အရေးယူမှုကတစ်ဆင့် မြန်မာနိုင်ငံက စစ်အာဏာရှင်တွေကို ရှင်းရှင်းလင်းလင်း သတင်းစကား ပေးလိုက်တာ ဖြစ်ပါတယ်။ အာဏာရှင်တွေအနေနဲ့ မြန်မာပြည်သူတွေက ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရကို အာဏာ ပြန်ပေးကိုပေးရပါမယ်” လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ် ရာအဘ်က ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ယူကေက ပိတ်ဆို့အရေးယူထားတဲ့ စစ်ခေါင်းဆောင်အရေအတွက်ဟာ ၁၉ ဦးအထိ ရှိလာပြီဖြစ်ပြီး စစ်ကောင်စီက စစ်ခေါင်းဆောင်အားလုံး ပါဝင်နေပါတယ်။

    မြန်မာပြည်သူတွေအတွက် ယူကေက ရပ်တည်ပေးနေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ခင်ဗျားတို့ရဲ့ ဒီမိုကရေစီရပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တွေကို အားပေးထောက်ပံ့နိုင်ဖို့ နိုင်ငံတကာက မိတ်ဖက်နိုင်ငံတွေနဲ အနီးကပ်ပူးပေါင်းပြီး ဆောင်ရွက်ပေးနေတယ်ဆိုတာ မြန်မာပြည်သူတွေကို သတင်းစကား ပါးချင်ပါတယ်”

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးတဲ့နောက် ယူကေဟာ မြန်မာနိုင်ငံနဲ့လုပ်ဆောင်နေတဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေအားလုံးကို ပြန်လည်သုံးသပ်နေပါတယ်။

    Ref: Gov.Uk

  • ကက်ရှ်မီးယားတွင် အပစ်ရပ်ရန် အိန္ဒိယနှင့် ပါကစ္စတန်တို့ သဘောတူ

    ကက်ရှ်မီးယားတွင် အပစ်ရပ်ရန် အိန္ဒိယနှင့် ပါကစ္စတန်တို့ သဘောတူ

    ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁
    M-Media

    -ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ မလုပ်ဖို့အတွက် အိန္ဒိယနဲ့ ပါကစ္စတန်တို့ ဒီကနေ့မှာ သဘောတူခဲ့ကြပါတယ်။

    ကက်ရှ်မီးယားပိုင်ဆိုင်မှုအတွက် အိန္ဒိယနဲ့ ပါကစ္စတန်တို့ နှစ်ကြိမ်တိုင်တိုင် စစ်ဖြစ်ဖူးပြီး ဒီဒေသကို နှစ်နိုင်ငံစလုံးက တစ်ခြမ်းစီ ထိန်းချုပ်ထားပါတယ်။

    နယ်ခြားမှာ Line of Control (LOC) သတ်မှတ်ထားကာ ၂၀၀၃ ခုနှစ်ကတည်းက အပစ်ရပ်ရေး လက်မှတ်ထိုးထားပေမယ့် LOC ကျော်ပြီး ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီး နှစ်ဖက် စစ်သားတွေ၊ အရပ်သားတွေ သေဆုံးမှုလည်း ရှိခဲ့ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်​စစ်တပ်က စစ်ဆင်ရေးဆိုင်ရာ အကြီးအကဲတွေရဲ့ ဒီနေ့မနက် ဖုန်းနဲ့ဆွေးနွေးမှုမှာ အပစ်ရပ်ရေးနဲ့ အခြားသဘောတူညီချက်တွေ အားလုံးကို တိတိကျကျ လိုက်နာဖို့အတွက် ထပ်မံသဘောတူညီခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ဟာ ကြာသာပတေးနေ့ည သန်းခေါင်ယံအချိန်မှာ စတင်သက်ရောက်မှာပါ။

    ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ နှစ်ဖက်စစ်တပ်ဟာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

    Ref: Aljazeera