News @ M-Media

Blog

  • ထိုင်း၊ အင်ဒို နိုင်ငံခြားရေးဝန်ကြီးများနှင့် ဦး၀ဏ္ဏမောင်လွင်တို့ ၃ ပွင့်ဆိုင်ဆွေးနွေးမည်

    ထိုင်း၊ အင်ဒို နိုင်ငံခြားရေးဝန်ကြီးများနှင့် ဦး၀ဏ္ဏမောင်လွင်တို့ ၃ ပွင့်ဆိုင်ဆွေးနွေးမည်

    ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁
    M-Media

    -ဘန်ကောက်ကိုရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်နဲ့ ထိုင်း၊ အင်ဒိုနီရှား နိုင်ငံခြားရေးဝန်ကြီးတို့ ဒီနေ့ညနေပိုင်းမှာ ၃ ပွင့်ဆိုင် တွေ့ဆုံဖို့ရှိကြောင်း ဘန်ကောက်ပို့စ်က ရေးသားဖော်ပြပါတယ်။

    ဦး၀ဏ္ဏမောင်လွင်ဟာ ဒီနေ့မနက်ပိုင်းက စစ်လေယာဉ်နဲ့ ဘန်ကောက်ကို ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမုဒ်ဝီနိုင်၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီတို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တာနီ ဆန်ဂရက်က ဘန်ကောက်ပို့စ်ကို အတည်ပြုထားပါတယ်။

    အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မြန်မာနိုင်ငံကို လာမယ်လို့ သတင်းတွေ ထွက်ခဲ့ပြီး၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီသတင်းကို ငြင်းပါတယ်။

    Ref: Bangkok Post

  • အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့လာရန် အစီအစဉ်ရှိနေဆဲ

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့လာရန် အစီအစဉ်ရှိနေဆဲ

    ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁
    M-Media

    အင်ဒိုနီးရှားသံရုံးရှေ့တွင် ဆန္ဒပြနေသည့် အစ္စလာမ်ဘာသာဝင်များ (Photo credit – 7Days News)

    -နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒါရဲ့ မနက်ဖြန်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပေမယ့် မြန်မာနိုင်ငံကိုလာရောက်ဖို့ အစီအစဉ်ရှိနေဆဲလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တူကူ ဖိုက်ဇာယာဟ်က ပြောပါတယ်။

    အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကတိ မပျက်အောင် ဖိအားပေးမယ့် အစီအစဉ်တစ်ခု ဖော်ဆောင်ဖို့ အင်ဒိုနီးရှားက အာဆီယံနိုင်ငံတွေကို စည်းရုံးနေတယ်ဆိုတဲ့သတင်း ထွက်လာပြီးတဲ့နောက် မြန်မာပြည်သူတွေက အင်ဒိုနီးရှားကို ရှုတ်ချခဲ့ကြပါတယ်။

    ဖေဖော်ဝါရီ ၂၅ ရက်နေ့ မြန်မာနိုင်ငံကို မာဆူဒါ လာရောက်မယ့် အစီအစဉ်ကိုလည်း ဆန္ဒပြမှုတွေကြောင့် ဖျက်ခဲ့ပါတယ်။

    “အခုအချိန်က မြန်မာနိုင်ငံကို သွားရောက်ဖို့ အချိန်အခါကောင်း မဟုတ်သေးပါဘူး။ မြန်မာနိုင်ငံက သက်ဆိုင်သူတွေအားလုံးနဲ့ ဆက်သွယ်ပြီး ဒီကိစ္စကို ကူညီဆောင်ရွက်ပေးဖို့ အင်ဒိုနီးရှားက စိတ်ပိုင်းဖြတ်ထားပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ ဖိုက်ဇာယာဟ်က ဆိုပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး မာဆူဒါဟာ မြန်မာနိုင်ငံကိစ္စ အဖြေထွက်ဖို့ အာဆီယံက ဆောင်ရွက်ပေးနိုင်ရေးအတွက် နောက်ပိုင်းမှာ လာရောက်ဖို့ လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

    မြန်မာနိုင်ငံအရေးမှာ နိုင်ငံသားတွေရဲ့ သဘောထားအတိုင်း ဆောင်ရွက်ဖို့ရှိတယ်လို့ မာဆူဒါတစ်ယောက် မနေ့က ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • ဩစ​တေးလျစစ်တပ် ဒုတိယအကြီးအကဲနှင့် ဆွေးနွေးမှုကို စစ်ကောင်စီက ထိန်ချန်ဖော်ပြ

    ဩစ​တေးလျစစ်တပ် ဒုတိယအကြီးအကဲနှင့် ဆွေးနွေးမှုကို စစ်ကောင်စီက ထိန်ချန်ဖော်ပြ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁
    M-Media

    -မိမိတို့ရဲ့ ဒုတိယအကြီးအကဲ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး ဒေးဗစ်ဂျွန်စတန် အာဏာသိမ်းစစ်ကောင်စီက ဒုတိယကြီးအကဲနဲ့ တနင်္လာနေ့ ဆွေးနွေးမှုအတွင်း ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးနဲ့ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေး တိုက်တွန်းခဲ့တဲ့လို့ ဩစတေးလျစစ်တပ်က သတင်းထုန်ပြန်ပါတယ်။

    ဂျွန်စတန်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ဟာ ဖုန်းနဲ့ ဆွေးနွေးခဲ့တာပါ။ ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဩစတေးလျက ပထမဆုံး ဆက်သွယ်မှု ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအတွက် အလွန်အမင်း စိုးရိမ်မိကြောင်း ဗိုလ်ချုပ်ကြီး ဂျွန်စတန်က ပြောကြားခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ စီးပွားရေးအကြံပေး ဩစတေးလျနိုင်ငံသား ရှောင်တာနဲလ်ကို အမြန်ဆုံးပြန်လွှတ်ပေးရေး တောင်းဆိုခဲ့တယ်လို့ ဩစတေးလျစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    ရှောင်တာနဲလ်ကို အာဏာသိမ်းပြီးနောက် သိပ်မကြာခင်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

    ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် အသက်သေစေလောက်တဲ့ အင်အားသုံးမှုတွေဟာ လက်ခံနိုင်စရာမဟုတ်ဘူးလို့ ဩဇီစစ်တပ် ဒုတိယအကြီးအကဲက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အရပ်သားတွေအပေါ် အကြမ်းဖက်တာမျိုးကို ရှောင်ရှားဖို့၊ ဒီမိုကရေစီကို အမြန်ဆုံး ပြန်လည် ဖော်ဆောင်ဖို့၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းထားတဲ့ အရပ်သားခေါင်းဆောင်တွေကို ချက်ခြင်းလွှတ်ပေးဖို့ ဗိုလ်ချုပ်က မြန်မာနိုင်ငံကို တိုက်တွန်းခဲ့တယ်” လို့ ဩဇီစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဗိုလ်ချုပ် ဂျွန်စတန်နဲ့ ဆွေးနွေးမှုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေက​ ပြန်လည်ဖော်ပြရာမှာ ဒီမိုကရေစီဖော်ဆောင်ဖို့နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းမှုတွေ မပါပါဘူး။

    ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မိမိတို့စစ်တပ်ဟာ ဩစတေးလျစစ်တပ်လို ဒီမိုကရေစီစစ်တပ်မျိုး၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို အလေးထားတဲ့၊ ပြင်းပြင်းထန်ထန် နှိမ်နှင်းမှုကို ရှောင်ရှားတဲ့ စစ်တပ်မျိုးဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်းကိုသာ အစိုးရမီဒီယာတွေက ဖော်ပြပါတယ်။

    မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးမိတ်ဖက်အဖြစ် သဘောထားပြီး ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး အကူအညီတွေ ဆက်လက်ပေးသွားမယ်လို့ ဗိုလ်ချုပ်ကြီး ဂျွန်စတန်က ပြောခဲ့ကြောင်းလည်း စစ်ကောင်စီက ဆိုပါတယ်။

    ဂျွန်စတန်ရဲ့ ဒီဆွေးနွေးမှုဟာ တရားမဝင် အာဏာသိမ်းစစ်တပ်ကို တရားဝင်အောင် လုပ်ပေးသလို ဖြစ်သွားနိုင်တယ်လို့ ပညာရှင်တစ်ချို့က ဝေဖန်ခဲ့ပါတယ်။

    Ref : ABC

  • ဝေဖန်မှုများမှုကြောင့် မြန်မာ့အရေး အင်ဒိုနီးရှား လေသံပြောင်း

    ဝေဖန်မှုများမှုကြောင့် မြန်မာ့အရေး အင်ဒိုနီးရှား လေသံပြောင်း

    ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁
    M-Media

    အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာဆူဒီ

    -မြန်မာနိုင်ငံက လက်ရှိပြဿနာတွေကို ဖြေရှင်းရေးမှာ ပြည်သူ့ဆန္ဒအတိုင်းပဲ ဆောင်ရွက်သင့်တယ်လို့ အင်ဒိုနီးရှာေနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ ကတိကဝတ်ကို အာဏာသိမ်းစစ်ကောင်စီက မဖောက်ဖျက်အောင် ဖိအားပေးမယ့် အစီအစဉ်တစ်ခု အာဆီယံက လုပ်ဆောင်ဖို့ အင်ဒိုနီးရှားက စည်းရုံးနေတယ်ဆိုတဲ့သတင်း မနေ့က ထွက်လာခဲ့ပြီး မြန်မာပြည်သူတွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပါတယ်။

    ဒီနေ့မနက်ပိုင်းက ရန်ကုန် အင်ဒိုနီးရှားသံရုံးရှေ့​မှာ ဆန္ဒပြမှုတွေ ရှိခဲ့လို သံရုံးတာဝန်ရှိသူတစ်ဦးက ထွက်ရှင်းခဲ့ပါတယ်။

    ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီးတဲ့နောက် နိုင်ငံခြားရေးဝန်ကြီး မာဆူဒီလည်း လေသံပြောင်းသွားခဲ့ပါတယ်။

    “ပြည့်စုံတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို မြန်မာပြည်သူတွေရဲ့ ဆန္ဒအတိုင်းသာ ဆောင်ရွက်သင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကိုအဆုံးသတ်ဖို့ ရှေ့ဆက်သွားရပါမယ်။ မြန်မာနိုင်ငံက အခြေအနေအတွက် အင်ဒိုနီးရှားက အရမ်းစိုးရိမ်သလို မြန်မာပြည်သူတွေကိုလည်း ထောက်ခံပါတယ်။ မြန်မာပြည်သူတွေ သာယာ၀ပြောရေး၊ လုံခြုံမှုရှိရေးက နံပါတ်တစ်ဦးစားပေး ဖြစ်ပါတယ်” လို့ ရိုက်တာသတင်းဌာနကို မာဆူဒီက ဖြေကြားခဲ့ပါတယ်။

    သွေးထွက်သံယိုမှုတွေမဖြစ်အောင် ပါဝင်ပတ်သက်သူတွေအားလုံးက အဆုံးစွန်ဆုံး ထိန်းသိမ်းဆောင်ရွက်ဖို့လည်း မာဆူဒီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကိစ္စကို အာဆီယံအဖွဲ့က ကြားဝင်စေ့စပ်ဖြေရှင်းပေးနိုင်ရေး အင်ဒိုနီးရှားက ဦးဆောင်စည်းရုံးနေတာ ဖြစ်ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး မာဆူဒီနဲ့အဖွဲ့ဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

    Ref: Reuters

  • ဝီဂါများအပေါ် တရုတ်၏ညှင်းပမ်းမှု လူမျိုးတုန်းသတ်ဖြတ်မှုမြောက်ကြောင်း ကနေဒါ ဆုံးဖြတ်

    ဝီဂါများအပေါ် တရုတ်၏ညှင်းပမ်းမှု လူမျိုးတုန်းသတ်ဖြတ်မှုမြောက်ကြောင်း ကနေဒါ ဆုံးဖြတ်

    ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁
    M-Media

    ရှင်ကျန်းရှိ ဝီဂါများအား ထိန်းသိမ်းထားသော အကျဉ်းစခန်းတစ်ခု၏ ဂိတ်ပေါက်

    -ဝီဂါမွတ်စလင်တွေအပေါ် တရုတ်အစိုးရရဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တယ်လို့ ကနေဒါလွှတ်တော်က ဒီကနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

    လွှတ်တော်ထဲက အာဏာရပါတီနဲ့ အတိုက်အခံပါတီ အမတ်တွေအားလုံးရဲ့ ထောက်ခံမှုနဲ့ ဒီဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့တာပါ။ ဝီဂါကိစ္စကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် လွှတ်တော်က သတ်မှတ်တာဟာ အမေရိကန်ပြီးရင် ကနေဒါက ဒုတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။

    ဝီဂါတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေကို တရုတ်အစိုးရက ဆက်လက်ဆောင်ရွက်နေမယ်ဆိုရင် ၂၀၂၂ ခုနှစ် ဘေဂျင်းမှာကျင်းပ​ဖို့ ပြုလုပ်ထားတဲ့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို တစ်ခြားနိုင်ငံရွှေ့ရေး အိုလံပစ်ကော်မတီကို တိုက်တွန်းမယ့် ဆုံးဖြတ်ချက်တစ်ခုကိုလည်း ကနေဒါလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

    တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါနဲ့ အခြား လူနည်းစုအစ္စလာမ်ဘာသာ၀င်တွေဟာ တရုတ်အစိုးရရဲ့ ဖိနှိပ်ညှင်းပမ်းမှုကို ခံနေရတာ ဖြစ်ပါတယ်။

    အနည်းဆုံး လူ ၁ သန်းလောက်ကို အကျဉ်းစခန်းတွေထဲ ထည့်ထားပြီး လူမျိုးရေးနဲ့ ဘာသာရေး ဓလေ့ထုံးတမ်းတွေ ပပျောက်အောင် လုပ်ဆောင်တာ၊ ကလေးမမွေးနိုင်အောင်လုပ်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းများစွာကို တရုတ်အစိုးရက ဆောင်ရွက်နေတယ်လို့ နိုင်ငံတကာမီဒီယာတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက လေ့လာဖော်ထုတ်ခဲ့ပါတယ်။

    တရုတ်အစိုးရကတော့ ဒီသတင်းတွေကို ငြင်းထားပါတယ်။

    ကနေဒါရဲ့ ဒီကနေ့ဆောင်ရွက်ချက်ကို တရုတ်က ရှုတ်ချခဲ့ပြီး သံတမန်ကြောင်းအရ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    ကနေဒါလွှတ်တော်ရဲ့ ဒီဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ် ထရူဒူဦးဆောင်တဲ့ ကနေဒါအစိုးရက ထောက်ခံတာမျိုးမလုပ်ဘဲ ကြားနေပါတယ်။

    အတိုက်အခံပါတီခေါင်းဆောင် အီရင် အိုတိုလီက စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတစ်ချို့ကို စတေးရနိုင်ပေမယ့် လူ့အခွင့်အရေးနဲ့ လူသားဂုဏ်သိက္ခာအတွက် ရပ်တည်ရမယ်ဆိုတဲ့ ခိုင်မာရှင်းလင်းတဲ့ သတင်းစကားမျိုး ပေးဖို့ ဒီဆုံးဖြတ်ချက်က လိုအပ်တယ်လို့ လွှတ်တော်မှာ မဲမခွဲခွင် ပြောကြားခဲ့ပါတယ်။

    Ref: BBC