News @ M-Media

Blog

  • ပြည်သူများ၏အသံကိုနားထောင်ရန် စစ်ကောင်စီကို အင်ဒိုနိုင်ငံခြားရေး၀န်ကြီး တိုက်တွန်း

    ပြည်သူများ၏အသံကိုနားထောင်ရန် စစ်ကောင်စီကို အင်ဒိုနိုင်ငံခြားရေး၀န်ကြီး တိုက်တွန်း

    ဖေဖော၀ါရီ ၂၅၊ ၂၀၂၁
    M-Media

    ဖေဖော်ဝါရီ ၂၄ ရက်နေ့က သုံးပွင့်ဆိုင် တွေ့ဆုံမှု


    -မြန်မာပြည်သူတွေ သာယာ၀ပြောရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ဖို့နဲ့ ပြည်သူ့အသံကို နားထောင်ဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်ကို တိုက်တွန်းခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး ရက်တနို မာဆူဒီက ဖွင့်ဟခဲ့ပါတယ်။

    မာဆူဒီနဲ့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးတို့ဟာ မနေ့က ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်မှာ ဦး၀ဏ္ဏမောင်လွင်နဲ့ မိနစ် ၂၀ ကြာ စကားပြောခဲ့တာပါ။

    “မြန်မာပြည်သူတွေရဲ့ လုံခြုံမှုနဲ့ သာယာ၀ပြောရေးကို ကာကွယ်ပေးရမှာဖြစ်သလို၊ သူတို့ရဲ့အသံကိုလည်း နားထောင်ပေးရပါမယ်” လို့ ဆွေးနွေးပွဲအပြီး ဂျကာတာကို ပြန်ရောက်ပြီးတဲ့နောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မာဆူဒီက ပြောပါတယ်။

    အာဆီယံသဘောတူညီချက်မှာ ပါ၀င်တဲ့ စည်းမျဥ်းစည်းကမ်းတွေကို အဖွဲ့၀င်နိုင်ငံအားလုံးက လေးစားလိုက်နာဖို့ အရေးကြီးတယ်ဆိုတဲ့အကြောင်း ထပ်လောင်းပြောကြားခဲ့တယ်လို့လည်း သူမက ဆိုပါတယ်။

    ဖမ်းဆီးခံထားရတဲ့ အရပ်အစိုးရနဲ့ နိုင်ငံရေးသမားတွေကို တွေ့ဆုံခွင့်ပေးဖို့၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးတာကို ခွင့်ပြုဖို့လည်း မာဆူဒီက အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုခဲ့ပါတယ်။

    ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ပံ့ပိုးကူညီပေးသွားမှာဖြစ်ပြီး၊ ပြည်သူတွေအကျိုးကို ရှေ့ရှုကာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့ မျှော်လင့်တယ်လို့ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံအရေး ဖြေရှင်းဖို့အတွက် အင်ဒိုနိုင်ငံခြားရေး၀န်ကြီး မာဆူဒီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်က နိုင်ငံခြားရေး၀န်ကြီးတွေအပြင် သြစတေးလျ၊ ဗြိတိန်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်တို့က တာ၀န်ရှိသူတွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။

    ဒီကနေ့မှာတော့ ဗြိတိန်နိုင်ငံခြားရေး၀န်ကြီး ဒိုမီနစ် ရာအဘ်၊ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်တိုနဲ့ တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။
    “ကိုဗစ်ကပ်ရောဂါကာလမှာ ဒီလို့ အပြန်အလှန် သံတမန်ရေးရာ ဆွေးနွေးမှုတွေဟာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ တစ်ချို့မူ၀ါဒတွေကို လေးစားလိုက်နာရမှာ ဖြစ်တဲ့အတွက် အင်ဒိုနီးရှားက မဖြစ်မနေ လုပ်ပေးနေတာပါ။ အင်ဒိုနီးရှားက နှုတ်ဆိတ်နေမှာ မဟုတ်ဘူး။ ဘာမှမလုပ်ဘဲနေတာက ပြဿနာဖြေရှင်းရေး နည်းလမ်းမဟုတ်ပါဘူး”


    Ref: Bangkok post

  • အာဏာသိမ်းစစ်ကောင်စီနှင့် သက်ဆိုင်သည့် စာမျက်နှာများ၊ အကောင့်များကို Facebook က ထပ်မံဖယ်ရှား

    အာဏာသိမ်းစစ်ကောင်စီနှင့် သက်ဆိုင်သည့် စာမျက်နှာများ၊ အကောင့်များကို Facebook က ထပ်မံဖယ်ရှား

    ဖေဖော်၀ါရီ ၂၅၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်တပ်၊ သူတို့နဲ့ ပတ်သက်ဆက်နွယ်တဲ့ အကောင့်တွေ စာမျက်နှာတွေကို မနေ့က ထပ်မံဖယ်ရှားလိုက်တယ်လို့ Facebook က ဒီနေ့ သတင်းထုတ်ပြန်ခဲ့ပြီး အာဏာသိမ်းပြီးနောက် စစ်တပ်က ပြည်သူတွေအပေါ် ဖိနှိပ်ညှင်းပမ်းနေရာမှာ သူတို့ရဲ့ ပလက်ဖောင်းကိုအသုံးပြုလာတဲ့အတွက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ စာမျက်နှာတွေ၊ ဒီအဖွဲ့တွေက ပြောရေးဆိုခွင့်ရှိသူတွေရဲ့ အကောင့်တွေ၊ အာဏာသိမ်းစစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ အခြားစာမျက်နှာတွေ၊ အကောင့်တွေနဲ့ စစ်တပ်ရဲ့ ကြော်ငြာတွေ ဖယ်ရှားခံလိုက်ရတာ ဖြစ်ပါတယ်။ Facebook ရဲ့ အခြားပလက်ဖောင်းတစ်ခုဖြစ်တဲ့ Instagram မှာလည်း ဒီဖယ်ရှားမှုက သက်ရောက်မှုရှိမှာပါ။

    “မြန်မာနိုင်ငံက အခြေအနေတွေကို အရေးပေါ်အခြေအနေအဖြစ် ကျွန်တော်တို့ ဆက်လက်သတ်မှတ်ထားပြီး ကျွန်တော်တို့ရဲ့ ပလက်ဖောင်းမှာ ဘေးကင်းဖို့၊ အထူးသဖြင့် မြန်မာပြည်သူတွေ ဘေးကင်းစေဖို့ အဓိကထား ဆောင်ရွက်နေပါတယ်။ အကြမ်းဖက်မှုတွေအပါအ၀င် ဖေဖော်၀ါရီ ၁ ရက်နေ့နောက်ပိုင်း ဖြစ်လာတဲ့ကိစ္စတွေကြောင့် ဒီလို ဖယ်ရှားတာမျိုး မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုအပ်လာတာပါ။ စစ်တပ်ကို Facebook နဲ့ Instagram မှာ ဆက်ထားရင် ဖြစ်လာမယ့်အန္တရာယ်က တော်တော်ကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ အာရှပစိဖိတ်ဒေသ Facebook ရဲ့ မူ၀ါဒဆိုင်ရာ အကြီးအကဲ ရာဖေးလ် ဖရန်ကဲလ်က ပြောကြားခဲ့ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီရဲ့ ၀ါဒဖြန့်အကောင့်တွေဖြစ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေး၊ MRTV နဲ့ MRTV Live စာမျက်နှာတွေကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ Facebook က ဖယ်ရှားခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ် ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးကို စစ်တပ်က ဆောင်ရွက်စဥ်ကလည်း တပ်မတော် ကာကယ်ရေးဦးစီးချုပ်ရဲ့ စာမျက်နှာအပါအ၀င် ဘာသာရေး၊ လူမျိုးရေး အမုန်းတရားတွေ ဖြန့်၀ေခဲ့တဲ့ စစ်တပ်ရဲ့ အကောင့်တွေ၊ စာမျက်နှာတွေ တော်တော်များများကို Facebook က ဖယ်ရှားခဲ့ပါတယ်။


    Ref: Washington Post

  • တရုတ်အစိုးရက ဝီဂါများကို မတရားဖမ်းဆီးထောင်ချမှု သိသိသာသာ မြင့်တက်လာ

    တရုတ်အစိုးရက ဝီဂါများကို မတရားဖမ်းဆီးထောင်ချမှု သိသိသာသာ မြင့်တက်လာ

    ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁
    M-Media

    ဝီဂါများအား အကျဉ်းချထားသည့် အကျဉ်းစခန်း

    -နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါနဲ့ အခြား လူနည်းစု အစ္စလာမ်ဘာသာဝင်တွေကို ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဖမ်းဆီး ထောင်ချမှု​တွေကို တရုတ်အစိုးရက ပိုလုပ်လာတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ပြောကြားလိုက်ပါတယ်။

    ဝီဂါတွေ မတရား ဖမ်းဆီးထောင်ချခံရမှုနဲ့ပတ်သက်ပြီး HRW က ဒီကနေ့မှာ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့တာပါ။

    ၂၀၁၆ ခုနှစ်ကတည်းက ရှင်ကျန်းပြည်နယ်မှာရှိတဲ့ ဝီဂါ စုစုပေါင်း ၂ သိန်း ၅ သောင်းကျော်လောက် ဒီလို ဖမ်းဆီးထောင်ချခံခဲ့ရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    “တရားဥပဒေအရလို့ ခေါင်းစဉ်တပ်ထားပေမယ့် ရှင်ကျန်းမှာ အကျဉ်းချခံရတဲ့ ဝီဂါတော်တော်များများဟာ သာမန်ပြည်သူတွေဖြစ်ပြီး သူတို့ရဲ့ နေ့စဉ်ဘ၀ အသက်ရှင်နေထိုင်မှုနဲ့ ဘာသာရေးကျင့်သုံးမှုတွေကြောင့် ပြင်ဒဏ်ချမှတ်ခံရတာ ဖြစ်ပါတယ်” လို့ HRW က သုတေသနပညာရှင် မာယာဝမ်က ပြောပါတယ်။

    အဲဒီလို မတရားထောင်ချမှုဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း သိသိသာသာကို မြင့်တက်လာခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာ လူ ၄ သောင်း အကျဉ်းချခံခဲ့ရပြီး၊ ၂၀၁၇ ခုနှစ် တစ်သိန်းနီးပါးအထိ မြင့်တက်လာပါတယ်။

    ဘယ်အစားအသောက်က စားလို့မရဘူး (ဟာရမ်ဖြစ်တယ်)၊ ဘယ်အစားအသောက်က စားလို့ရတယ် (ဟာလာလ်ဖြစ်တယ်) ဆိုတာမျိုး ပြောတာ၊ နိုင်ငံရပ်ခြားက ဆွေမျိုးအတွက် လက်ဆောင်ယူသွားတာ၊ အချင်းချင်း စကားများရန်ဖြစ်တာလို ကိစ္စတွေအတွက် ဖမ်းဆီးပြီး နှစ်ရှည် ထောင်ချတာမျိုးပါ။

    ရဲတပ်ဖွဲ့၊ ရှေ့နေတွေနဲ့ တရားရုံးတွေဟာ ‘အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး’ ခေါင်းစဉ်နဲ့ မြန်မြန်ဆန်ဆန် တရားစွဲဆိုထောင်ချပြီး တော်တော်များများကတော့ အမှန်တကယ် ရာဇဝတ်မှုကျူးလွန်မှု မရှိသူတွေဖြစ်တယ်လို့ HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    တရုတ်အစိုးရဟာ ရှင်ကျန်းပြည်နယ်က ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူနည်းစု တစ်သန်းလောက်ကို အကျဉ်းစခန်းထဲမှာ ထိန်းသိမ်းပြီး လူမျိုးနဲ့ ဘာသာပျောက်အောင် လုပ်ဆောင်တာ၊ အမျိုးသမီးတွေကို သားကြောဖြတ်တာ၊ အဓမ္မလုပ်အားခိုင်းစေတာ စတဲ့ ညှမ်းပမ်းမှုပေါင်းစုံ လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာ မီဒီယာတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဖော်ထုတ်ခဲ့ကြပါတယ်။

    ဒီလုပ်ရပ်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တယ်လို့ အမေရိကန်နဲ့ ကနေဒါ လွှတ်တော်တို့က သတ်မှတ်ထားပါတယ်။

    “ရှင်ကျန်းမှာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်နိုင်ရေး နိုင်ငံတကာက တရုတ်အစိုးရကို ဖိအားပိုပေးဖို့ လိုပါတယ်။ ​​ဒါဟာ မတရား ဖမ်းဆီးထောင်ချခံရတဲ့သူတွေ ပြန်လည်လွတ်မြောက်ဖို့ အကောင်းဆုံး မျှော်လင့်ချက် ဖြစ်ပါတယ်” လို့ မာယာဝမ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ဖြုတ်ချခံ မြန်မာအစိုးရနှင့်ပါ ဆက်သွယ်ဆောင်ရွက်နေဟု အင်ဒို နိုင်ငံခြားရေးဝန်ကြီး ထုတ်ပြော

    ဖြုတ်ချခံ မြန်မာအစိုးရနှင့်ပါ ဆက်သွယ်ဆောင်ရွက်နေဟု အင်ဒို နိုင်ငံခြားရေးဝန်ကြီး ထုတ်ပြော

    ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁
    M-Media

    (ဓာတ်ပုံ – နိုင်ငံတော်အတိုင်ပင်ခံနှင့် မာဆူဒီတို့ ယခင်က တွေ့ဆုံမှု)

    -မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်နဲ့ရော ဖြုတ်ချခံအစိုးရနဲ့ပါ ထဲထဲဝင်ဝင် ဆွေးနွေးနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ပြောကြားလိုက်ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ဒီကနေ့ညနေ ဘန်ကောက်မှာ ၃ ပွင့်ဆိုင် တွေ့ဆုံပြီးတဲ့နောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီလို ပြောလိုက်တာပါ။

    သွေးထွက်သံယိုမှုတွေမဖြစ်ဖို့၊ ထိန်းထိန်းသိမ်းသိမ်းနဲ့ဆောင်ရွက်ဖို့ ပါဝင်ပတ်သက်သူတွေအားလုံးကို တိုက်တွန်းထားတယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်း​ပြောဆိုသွားပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဖြုတ်ချခံအစိုးရက ဘယ်သူတွေနဲ့ ဘယ်လို ဆွေးနွေးခဲ့လဲဆိုတာကို မာဆူဒီက အသေးစိတ် မပြောခဲ့ပါဘူး။

    Ref: Reuters

  • အာဏာသိမ်းစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်ရင် နိုင်ငံတကာ အဖွဲ့အစည်းများက တောင်းဆို

    အာဏာသိမ်းစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်ရင် နိုင်ငံတကာ အဖွဲ့အစည်းများက တောင်းဆို

    ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ကို လက်နက်ရောက်ချမှု ပိတ်ပင်တာမျိုး ချက်ခြင်း​ဆောင်ရွက်ဖို့အတွက် နိုင်ငံပေါင်း ၃၁ နိုင်ငံက အစိုးရမဟုတ်တဲ့ အဖွဲ့နဲ့ လူ့အခွင့်အရေးအဖွဲ့ စုစုပေါင်း ၁၃၇ ခုက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို စာရေးသား တောင်းဆိုလိုက်ပါတယ်။

    မြန်မာနိုင်ကို လက်နက်ရောင်းချနေတဲ့ နိုင်ငံတွေထဲမှာ တရုတ်၊ အိန္ဒိယ၊ အစ္စရေး၊ မြောက်ကိုရီးယား၊ ဖိလစ်ပိုင် ရုရှားနဲ့ ယူကရိန်းတို့ ပါဝင်ပါတယ်။

    “ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ အများအပြား ကျူးလွန်မှု၊ ဆယ်စုနှစ်ချီ ရှိလာတဲ့ စစ်ရာဇဝတ်မှုတွေ၊ ရွေးကောက်ခံအစိုးရကို ဖြုတ်ချမှုတွေကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ အနည်းဆုံး မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်တာမျိုး လုပ်နိုင်ပါတယ်” လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch အဖွဲ့ရဲ့ အမှုဆောင်တာဝန်ရှိသူ ကန်နက်ရို့သ်က ပြောပါတယ်။

    မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့တာဟာ ပြည်သူတွေကို ပိုမိုဖိနှိပ်ဖို့ အားပေးတာမျိုးသာ ဖြစ်လိမ့်မယ်လို့လည်း ရို့သ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    နိုင်ငံတကာအဖွဲ့တွေရဲ့ ပေးပို့တဲ့ စာထဲမှာ လက်နက်ခဲယမ်း၊ စစ်သုံးယာဉ်တွေအပြင် အရပ်ဖက်-စစ်ဖက် နှစ်မျိုးသုံးနိုင်တဲ့ ကိရိယာတွေ၊ ယာဉ်တွေကို ရောင်းချမှု ပိတ်ပင်ရေး ဆုံးဖြတ်ချက်တစ်ခုကို လုံခြုံရေးကောင်စီက ရေးဆွဲအတည်ပြုပေးဖို့လည်း ပါဝင်ပါတယ်။ နိုင်ငံတွေက တိုက်ရိုက်မဟုတ်ဘဲ တစ်ဆင့်ခံ ပြန်လည်ရောင်းချတာတွေကိုပါ စောင့်ကြည့်ကြပ်မတ်ပေးဖို့လည်း အဖွဲ့တွေက တောင်းဆိုခဲ့ပါတယ်။

    “လက်နက်တွေ၊ စက်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ လေ့ကျင့်သင်ကြားပေးမှုတွေ မရအောင် တားဆီးပိတ်ပင်လိုက်တာဟာ သူ့တိုရဲ့ ရာဇဝတ်မှုတွေအတွက် နောက်ဆက်တွဲဆိုးကျိုးတွေ ရှိတယ်ဆိုတာကို မြန်မာစစ်တပ်နဲ့ အကျိုးအမြတ်ရနေတဲ့ သူတို့ရဲ့ အပေါင်းအပါတွေကို ပြောကြားလိုက်တာမျိုး ဖြစ်ပါတယ်” လို့ Human Rights Watch အဖွဲ့ရဲ့ တာဝန်ရှိသူ ကန်နသ်ရို့သ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ သူတို့ပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေ၊ ခရီးသွားလာခွင့် ပိတ်ပင်မှု၊ ပိုင်ဆိုင်မှုထိန်းချုပ်တာတွေ လုပ်ဆောင်သင့်တယ်လို့လည်း ဒီစာမှာ ရေးသားဖော်ပြထားပါတယ်။

    Ref: HRW.org