News @ M-Media
Blog
  • Grand Mosque တိုးချဲ့နေသည့် အတွက် တကမ္ဘာတဝှမ်းမှ မွတ်စလင်မ်များ ဟဂ်ျခရီးစဉ်အား ရွှေ့ဆိုင်းရန် ဆော်ဒီအာဏာပိုင်များ လိုလား
    ဇွန်- ၁၆၊၂၀၁၃
    Media
    မက္ကာမြို့ Grand Mosque ကို  တိုးချဲ့ပြုပြင်နေသည့်အတွက်  လူများပိတ်ဆို့ခြင်း နှင့် အလုယက်တိုးဝှေ့ခြင်း တို့ မဖြစ်ပေါ်စေရန်၊ ထို့အတူ လာရောက်သူများ ဘေးအန္တရာယ်ကင်းဝေးစေရန် ဆော်ဒီအာဏာပိုင်များက ယခုနှစ်အတွက် ပြည်တွင်း၊ ပြည်ပမှ လာရောက်သူများအနေနှင့် မိမိတို့၏ဟဂ်ျခရီးစဉ်အား ဖြစ်နိုင်ပါလျှင် ရွှေ့ဆိုင်းထားသင့်ကြောင်း တိုက်တွန်းလိုက်သည်။
    Postpone Haj
    ဆော်ဒီအစိုးရမှ ယခုနှစ်အတွက်  ပြည်ပမှလာရောက်သူဦးရေ ၂၀ ရာခိုင်နှုန်း နှင့် ပြည်တွင်းမှဦးရေ ၅၀ ရာခိုင်နှုန်း လျှော့ချရန် ဆုံးဖြတ်ထားသည်။ Grand Mosque မှ မုဖ်သီ ရှိင်းခ် အဘ်ဒုလ် အဇီးဇ် အလ်အတ်ရှိင်းခ် (Sheikh Abdul Aziz Al-Asheikh) မှ အစိုးရ၏ကန့်သတ်ချက်အားထောက်ခံခဲ့ပြီး၊ သူက ၄င်းဆုံးဖြတ်ချက်အား အများသိအောင် ကြေငြာရန်လိုကြောင်း ပြောကြားခဲ့သည်။
    မက္ကာမြို့မှထုတ်လွှင့်သော  Holdy Qur’an ရုပ်မြင်သံကြားလိုင်းမှတဆင့် အဆက်မပြတ်ကြေငြာရာတွင်  Grand Mosque တွင် ပိတ်ဆို့မှုလျှော့ချရေးအတွက် ယခုနှစ် ဟဂ်ျနှင့် အွမ္မရဟ်သို့လာရောက်မည့်သူများသည် မိမိတို့၏ခရီးစဉ်အား ရွှေ့ဆိုင်းပေးရန် ဆော်ဒီ အစိုးရမှအကြံပြုတိုက်တွန်းခဲ့သည်။
    “ ယခုလို ကြေငြာချက်ထုတ်ပြန်တာဟာ အစိုးရမှ ဟဂ်ျ လုံးဝ မလုပ်ဆောင်ရလို့တားမြစ်တာမဟုတ်ပါဘူး။ ပိတ်ဆို့မှုကိုရှောင်ရှားပြီး  ပထမဆုံးအကြိမ် ဟဂ်ျပြုလုပ်သူများအတွက် သူတို့ရဲ့တာဝန်ကို အခက်အခဲမရှိ ဆောင်ရွက်စေနိုင်ဖို့ (ကျန်သူများကို) ရွှေ့ဆိုင်းစေခြင်းသာ ဖြစ်ပါတယ်” ဟု ဟဂ်ျ နှင့် အွမ္မရဟ် ကော်မတီ အဖွဲ့ဝင် စအီးဒ် အလ် ကုရိုင်းရှီ (Saeed Al-Qurashi) မှ မက္ကာမြို့ ကုန်သွယ်ရေး နှင့် စက်မှုလုပ်ငန်းဌာန၌
    အာရဗ် သတင်းဌာနသို့ ပြောကြားခဲ့သည်။
    မတာ့ဖ် ဟုခေါ်သော ကအ်ဗအ် အိမ်တော်ပတ်လည်ရှိ လှည့်ပတ်ဖူးမျှော်ရသည့်ဧရိယာသည် တစ်နာရီတွင် လူ ၃၉,၀၀၀ သာဆန့်ကြောင်း၊ ဟဂ်ျလာရောက်သူများ အလွန်များပြားပါက ဗလီကျောင်းတော်အတွင်းတွင် ညှပ်ပိတ်မှုဖြစ်သွားနိုင်ကြောင်း သူက ပြောကြားသည်။
    “ မတာ့ဖ် နေရာ တိုးချဲ့ပြီးရင်တော့ တစ်နာရီအတွင်း ဟဂ်ျပြုသူပေါင်း ၁၃၀,၀၀၀ ကျော် လှည့်လည်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်  နောက်တစ်နှစ် သို့မဟုတ် နောက်နှစ်နှစ်ခန့်မှာ ကျွန်တော်တို့ရဲ့ညီနောင်အားလုံး သက်သာချောင်ချိစွာ ဆောင်ရွက်နိုင်ပါတော့မယ် ” ဟု သူက ရှင်းလင်းပြောပြခဲ့သည်။
    ဟဂ်ျရေးရာ ဒုဝန်ကြီး နှင့် ၀န်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ဟာသင်မ် ကာဒွီ (Hatem Qadi) မှ ယခုနှစ်အဖို့ ပြည်တွင်း၊ ပြည်ပမှ ဟဂ်ျလာရောက်သူ လူဦးရေအား လျှော့ချရန် လိုအပ်နေကြောင်း အလေးအနက်ထားဆိုခဲ့သည်။
    “ ဟဂ်ျလာရောက်သူဦးရေ လျှော့ချဖြတ်တောက်မှုကာလဟာ ၂ နှစ်ထက် ပိုကြာမှာ မဟုတ်ပါဘူး ” ဟု သူက ပြောသည်။ အထွဋ်အမြတ်ဝတ်ကျောင်းတော်ကြီးနှစ်ခုအား ဆက်လက်တိုးချဲ့မှုများသည် လာမည့်နှစ်များအတွက်  ဟဂ်ျပြုလုပ်သူများကို ပိုမိုလက်ခံပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။
    အစိုးရ၏ကြေငြာချက်အပေါ် မုဖ်သီချုပ်(ဓမ္မသတ်မှူးချုပ်)မှ ပြောဆိုရခြင်းမှာ မဖြစ်မနေလိုအပ်သောကြောင့် ဖြစ်သည်ဟု ကာဒွီက မုဖ်သီ၏စကားကို ဤသို့ ကောကနှုတ်တင်ပြသည် “ ဆက်လက်တိုးချဲ့နေမှုများက လာလတ္တံ့သော ဟဂ်ျပြုသူများရဲ့ ကောင်းကျိုးအတွက်သာဖြစ်တယ် ” ။
    အိန္ဒိယ၏ ဟဂ်ျရေးရာအတွင်းဝန် မုဟမ္မဒ် နူးရ် ရဟ်မာန် ရှိင်းခ် (Mohammed Noor Rahman Sheikh) မှ ၄င်းတို့နိုင်ငံသည် ယခုနှစ်အတွက် ဟဂ်ျခရီးသည် ၁၇၀,၀၀၀ ကျော်ပို့ဆောင်မည်ဖြစ်ကြောင်းပြောသည်။ “ဆော်ဒီအစိုးရက ပြည်ပဟဂ်ျခရီးသည်များကို ၂၀ ရာခိုင်နှုန်းလျှော့ချမယ်ဆိုတာ ကျွန်တော်တို့ကို အကြောင်းကြားပြီးဖြစ်ပါတယ်”  ဟု သူက အာရဗ် သတင်းဌာနသို့ပြောကြားခဲ့သည်။
    Ref: ArabNews
  • အလဲဗင်း၊ ဦးသန်းထွဋ်အောင်နှင့် မြန်မာ့ မီဒီယာရှေ့ရေး (အပိုင်း ၁)
    ဇွန်- ၁၆၊၂၀၁၃
    M-Media
    ဆောင်းပါးရှင် -ဒန်ငြာရှိန်း
    Than Htut Aungမကြာသေးမီက WAN-IFRA မှ ရွှေကလောင်ဆုချီးမြှင့်ခံခဲ့ရသည့် ဦးသန်းထွတ်အောင်ဦးဆောင်သော အလဲဗင်းမီဒီယာဂရုသည် မြန်မာပြည်ရှိ နိုင်ငံသား မွတ်စလင်မ်များအား တဘက်သတ်အမြင်စောင်းမှု ကြီးထွားလာနိုင်စေသော သတင်းခေါင်းစဉ်များဖြင့် မလေးရောက်မြန်မာများသတင်းကို ပုံကြီးချဲ့ကား ခဲ့ပါသည်။ (အပိုင်း ၂ တွင် အသေးစိတ် ဖော်ပြပါမည်။)
    ဦးသန်းထွတ်အောင်၏ အဆိုပါ ရွှေကလောင်ဆုနှင့် ပတ်သက်၍ ဟောင်ကောင် အခြေဆိုက် asiasentinel.com မှ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ၄င်းအနေဖြင့် မွတ်စလင်မ်များ အရေးတွင် ကမ္ဘာ့သက်တမ်းရင့် မီဒီယာကြီးများကိုပင် စွပ်စွဲဝေဖန်ရေးသားခဲ့ကြောင်း၊ မျက်မြင်သက်သေ ဓာတ်ပုံများဖြင့် တင်ပြသည့် မွတ်စလင်ဆန့်ကျင်အကြမ်းဖက် သတင်းများကို ၄င်းက ငြင်းဆန်ခဲ့ကြောင်း စသဖြင့် ရေးသားဖော်ပြထားပါသည်။
    ထို asiasentinel.com ပါသတင်းကို မြန်မာတိုင်းမ်စ် အင်္ဂလိပ်ပိုင်းမှလည်း ထပ်မံတင်ဆက်ခဲ့ပါသည်။ ယင်းသို့သော အငြင်းပွားဖွယ်ရာကောင်းလှသည့် ဦးသန်းထွတ်အောင်၏ အလဲဗင်း ဂရုမှာ မကြာသေးမီကလည်း ပြည်တွင်း ငြိမ်းချမ်းရေး အခမ်းအနားတစ်ခုတွင် မတူကွဲပြားခြင်းအား လက်သင့်ခံနိုင်ခြင်းမရှိဘဲ အရည်အချင်းမပြည့်မီသည့် သတင်းထောက်တဦး ကို စေလွှတ်ကာ သတင်းရယူခဲ့ပါသည်။ ထို့နောက် မြန်မာပြည်ရှိ နိုင်ငံသား မွတ်စလင်များအား အထင်အမြင်လွဲမှားသွားစေနိုင်သော အရေးအသားများ၊ သတင်းခေါင်းစဉ်များဖြင့် သတင်းကို ကျင့်ဝတ်စည်းကမ်းဖောက်ဖျက်ကာ ၄င်းတို့၏ နေ့စဉ်ထုတ်သတင်း စာ၌ ဖော်ပြခဲ့ပါသည်။
    ဦးသန်းထွတ်အောင်အတွက် မီဒီယာသည် ငွေလော
    တောင်ကုတ်အရေးမှ စတင်၍ မြန်မာနိုင်ငံသား မွတ်စလင်များအား နိုင်ငံနှင့်အ၀ှမ်း ဆက်တိုက်အကြမ်းဖက်ခဲ့ကြရာ၌ အလဲဗင်းမီဒီယာက မည်သို့သော သတင်းအသေးစိတ်ကိုမှ တင်ပြခဲ့ခြင်းမရှိပါ။ ထို့ပြင် မိတ္ထီလာ၊ ဥက္ကံ၊ လားရှိုးစသည့်မြို့များ၌ အကြမ်းဖက်ခံခဲ့ရသော အပြစ်မဲ့ နိုင်ငံသားမွတ်စလင်များအရေးကိုလည်း အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ခြင်းမျိုး မရှိခဲ့သလို ထင်ယောင်ထင်မှားဖြစ်စေမည့် သတင်းရေးသားမှုများကိုသာ ပြုလုပ်ခဲ့ပါသည်။
    အလဲဗင်းဘောလုံးဂျာနယ်သည် ယခင်ကတည်းက မြန်မာဘောလုံး အသင်း၏ စာရိတ္တပိုင်းနှင့် စည်းကမ်းပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများကို အမှန်အတိုင်း မထောက်ပြဘဲ မြန်မာပရိသတ် အများစု၏ သဘောဆန္ဒနှင့် လိုက်လျောညီထွေဖြစ်စေရန် သတင်းကို ထိန်ချန်ဖုံးကွယ်၍ တင်ပြခဲ့ခြင်းမျိုး ရှိခဲ့ဖူးပါသည်။
    ၂၀၀၄ တိုက်ဂါးဖလားဘောလုံးပြိုင်ပွဲဝင်မြန်မာအသင်းမှာ အလွန်ဆိုးဝါးသည့် စည်းကမ်းဖောက်ဖျက်ခြင်းမျိုးရှိခဲ့သော်လည်း အလဲဗင်းဂရုက မိမိတို့ဂျာနယ် ရောင်းကောင်းရေးကိုသာ ရှေးရှုပြီး ၀ါရင့်ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) ကို အသုံးချကာ အခြားအားကစားဂျာနယ်များ၏ အမှန်ထောက်ပြ ရေးသားခဲ့မှုများကို အတိုက်အခံပြု ရေးသားခြင်းမျိုး ရှိခဲ့ဖူးပါသည်။
    ထို့ကြောင့် မြန်မာပြည်သူအများစု၏ စိတ်သဘောထားကိုလိုက်၍ တင်ပြလေ့ရှိသည့် အလဲဗင်းဂရုမှာ ယခုမြန်မာနိုင်ငံသားမွတ်စလင်များ အရေးတွင်လည်း “ဘူး” တလုံးဆောင်ကာ နိုင်ငံတကာ မီဒီယာများကို မျက်နှာပြောင်တိုက် ရှုံ့ချခဲ့ခြင်း၏ အဖြေမှာ ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာပါတော့သည်။
    နိုင်ငံတကာနှင့် ကိုယ်တွေ့ဆက်ဆံရသည့် အခြေအနေမှ ဦးသန်းထွတ်အောင်
    ရခိုင်အရေးမှ စတင်ကာ မြန်မာပြည်တွင်း နိုင်ငံသားမွတ်စလင်များအား အများအမြင်တွင် သို့လောသို့လောအခြေအနေသို့ အဓိကတွန်းပို့ခဲ့သည့် အလဲဗင်းဥသျှောင် ဦးသန်းထွတ်အောင်နှင့် ၄င်း၏မီဒီယာသည် WAN-IFRA မှ ရွှေကလောင်ဆု မရရှိသေးမီ ကာလများအထိ မွတ်စလင်ဆန့်ကျင်အကြမ်းဖက်မှုများအား မည်သို့သောသုံးသပ်ချက်တစုံတရာကိုမှ ပရိသတ်အား ချပြခဲ့ခြင်းမျိုးမရှိခဲ့ပါ။
    သို့သော် WAN-IFRA မှ ဆုချီးမြှင့်ခြင်းမခံရမီ တစ်လခန့်အလိုတွင်မူ မြန်မာနိုင်ငံသား မွတ်စလင်များအား အံ့အားသင့်စေမည့် “ခေတ်သစ်ငရဲခွေးကြီးလွတ်နေသည်” ဆိုသည့် သတင်းဆောင်းပါးမျိုးကို စတင်ရေးသားခဲ့ပါသည်။ ထိုသို့ ရေးသားမှုမှာ နိုင်ငံတကာတွင် လူတောတိုးဖို့ အရံသင့်ပြင်ဆင်သည့် သဘောမျိုး သက်ရောက်နေပါသည်။
    ဘန်ကောက်တွင် ကျင်းပသည့် WAN-IFRA ၏ ဆုပေးပွဲတွင်မူ ဦးသန်းထွတ်အောင်က ၄င်းတို့အနေဖြင့် အခက်အခဲများအကြား၌ မီဒီယာ လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေရကြောင်းဖြင့် “ဒီမိုကရေစီ” ဟူသော စကားလုံးကို သုံးကာ နိုင်ငံတကာဂျာနယ်လစ်များ၊ အယ်ဒီတာများကို ရင်ဆိုင်သွားခဲ့ပါသည်။
    သို့သော် မီဒီယာသမားအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေသော ဦးသန်းထွတ်အောင်မှာ WAN-IFRA ရွှေကလောင်ဆုရရှိကြောင်း အကြောင်းကြားခြင်းမခံရခင် အထိ မြန်မာနာမည်ကြီး ဂါးဒီးယန်းဦးစိန်ဝင်း ဆွတ်ခူးခဲ့ဖူးသည့် WAN-IFRA ဆုအား မိမိ မသိရှိခဲ့ကြောင်းကိုမူ နိုင်ငံတကာပရိသတ်အားဝန်ခံခဲ့ရပါသည်။
    ခေတ်သစ်ငရဲခွေးကြီးလွတ်နေသည်ဆောင်းပါးကြောင့် ၄င်းတို့မီဒီယာဝက်ဘ်ဆိုက် အတိုက်ခိုက်ခံခဲ့ရသည်ဟူသော အလဲဗင်း၏ သတင်းတွင်မူ ယခင်မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ ၀က်ဘ်ဆိုက်များနှင့် အခြားအစ္စလာမ်ဘာသာဝင် အများဆုံးနေထိုင်သည့် နိုင်ငံများ၏ အစိုးရ၀က်ဘ်ဆိုက်များအား မင်းမဲ့စရိုက်ဆန်စွာ တိုက်ခိုက်ခဲ့ဖူးသည့် BHG ဟက်ကာ ဂရုအား ပြစ်တင်ဝေဖန်ခဲ့ပါသည်။
    ထို ဘလင့်ဟက်ကာဂရု (BHG) မှာ သက်တမ်းရင့် မင်းမဲ့စရိုက်ဆန်သော ဟက်ကာအဖွဲ့ အဖြစ် ရပ်တည်နေသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ဦးသန်းထွတ်အောင်၏ ၀က်ဘ်ဆိုက်ကို အတိုက်ခိုက်ခံရမှ ပြည်သူအတွက် သတင်းဖြစ်ခဲ့ရပါတော့သည်။
    ဘလင့်ဟက်ကာဂရု (BHG) က အလဲဗင်း အင်္ဂလိပ်ပိုင်းကို တိုက်ခိုက်ခဲ့သည့် သတင်းတွင် ဦးသန်းထွတ်အောင်က “ဘန်ကောက်မှာ ကျင်းပတဲ့ (၆၅)ကြိမ်မြောက် ကမ္ဘာ့သတင်းစာများ ညီလာခံမှာ နိုင်ငံတကာ မီဒီယာတွေကို မြန်မာနိုင်ငံက ပဋိပက္ခ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ အကြားက အမုန်းတရားကြောင့် မဟုတ်ဘဲ နောက်ကွယ်က ဖန်တီးလှုံ့ဆော် မှုတွေကြောင့်ဆိုတာ ရှင်းပြခဲ့ပါတယ်။ ” ဟု ထည့်သွင်းရေးသားထားပါသည်။
    ဤသို့သော စကားလုံးများမှာ WAN-IFRA ရွှေကလောင်ဆုအတွက် နိုင်ငံတကာအား ရင်ဆိုင်ဖို့ အရောင်ပြောင်းခဲ့သော အလဲဗင်းမီဒီယာဂရု၏ ကလောင် အကြမ်းဖက်မှု အရည်ခြုံ စကားလုံးများအဖြစ်သာ သုံးသပ်ကြရမည် ဖြစ်ပါသည်။
    အပိုင်း(၂) ဆက်လက်ဖော်ပြပါမည်။
  • မန်ဆူရှမ်းကျောင်း ဆရာတော်ကို အစ္စလာမ်ဘာသာဝင်များ ကျပ်သိန်းချီလှူ
    လားရှိုး ၊ ဇွန် ၁၅
    The Voice Weekly
    2
    အစ္စလာမ် ဘာသာဝင်များကို စောင့်ရှောက်ခဲ့သည့် သီရိမင်္ဂလာ မန်ဆူရှမ်း ကျောင်းတိုက်
    ရှမ်းပြည်နယ် လားရှိုးမြို့တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် အစ္စလာမ် ဘာသာဝင်များကို စောင့်ရှောက်ခဲ့သည့် သီရိမင်္ဂလာ မန်ဆူရှမ်း ကျောင်းတိုက် ဆရာတော်ကို ဗုဒ္ဓသာသနာတော်တွင် အသုံးပြုရန် အစ္စလာမ် ဘာသာဝင်များက ကျပ်ငွေ ရှစ်သိန်း ဇွန်လ ၁၅ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်း မွတ်ဆလင် ဘာသာရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်က ပြောကြားသည်။
    ပဋိပက္ခ ကာလအတွင်း အစ္စလာမ် ဘာသာဝင်များကို ဘာသာမခွဲ၊ လူမျိုးမခွဲဘဲ စောင့်ရှောက်ခဲ့၍ ဂုဏ်ပြုသော အနေနှင့် ဇွန်လ ၁၅ ရက်နေ့တွင် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူ ရှမ်းကျောင်းတိုက်တွင်
    ပြုလုပ်သော ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်ခြင်းနှင့် အလှူငွေ လှူဒါန်းသည့် အခမ်းအနားတွင် ၎င်းက ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။
    အဆိုပါ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပုညနန္ဒအား မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကျပ် ငါးသိန်း လှူဒါန်းခဲ့ပြီး အခြားအစ္စလာမ် ဘာသာဝင်တစ်ဦးဖြစ်သူ ရွှေမြင်းနှစ်ကောင် ဓာတ်ခဲစက်ရုံ ပိုင်ရှင် ဦးမောင်ဝင်းကလည်း အလှူငွေ ကျပ်သုံးသိန်း လှူဒါန်းခဲ့သည်။
    မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များက ဆရာတော် ဦးစီး လုပ်ဆောင်နေသော ပရဟိတလုပ်ငန်းများ၊ လူမှုရေး လုပ်ငန်းများတွင် မွတ်ဆလင် ဘာသာရေး အသင်းကိုလည်း ပူးပေါင်း ပါဝင်ဆောင်ရွက် ခွင့်ပြုပါရန်နှင့် တာဝန်များပေးပါရန် တောင်းဆိုခဲ့ကြောင်း အဆိုပါ အခမ်းအနား တက်ရောက်ခဲ့သူ တစ်ဦးက ပြောကြားသည်။
    ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရပ်ကွက်များတွင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အခမဲ့ ကျန်းမာရေး ဆေးစစ်မှု၊
    ဆေးကုသမှု၊ ရွေ့လျားဆေးခန်းများ ရပ်ကွက်၊ ကျေးရွာများအထိ ကွင်းဆင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်များတွင် မွတ်ဆလင် ဘာသာရေးအသင်းနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ဆရာတော်ဘဒ္ဒန္တပုညနန္ဒက မိန့်ကြားသည်။
    “ဘာသာနှစ်ခု အပြန်အလှန် မေတ္တာခံယူကြတဲ့ အခမ်းအနားပါ”ဟု ဆရာတော်က ထပ်မံမိန့်ကြားသည်။
    လားရှိုးမြို့တွင် အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့ရာမှ အစပြု၍ နှစ်ရက်ကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်တွင် အစ္စလာမ် ဘာသာဝင် အများစု ပါဝင်သည့် ဒုက္ခသည် အိမ်ထောင်စု ၂၇၅၊ လူဦးရေ ၁၄၀၆ ဦးကို မန်ဆူရှမ်းကျောင်းတိုက် ဆရာတော်က စောင့်ရှောက်ခဲ့သည်။
    ညနေမျိုးနွယ်
  • ငှက်အော်စမ်းလူငယ် သင်တန်းကျောင်းသို့ မလေးသံအမတ်ကြီး သွားရောက်လှူဒါန်း
    ဇွန်- ၁၆၊ ၂၀၁၃
    M-Media
    မောင်ပုည
    05
    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Dr. Ahmad Faisal Muhammad, နှင့် သံရုံးအဖွဲ့ဝင်များဟာ ယနေ့ ဇူလိုင်လ-၁၆ရက်နေ့မှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာရှိတဲ့ ဌက်အော်စမ်းလူငယ်သင်တန်းကျောင်း သို့ သွားရောက်ပြီး အလှူငွေနှင့် ပစ္စည်းများလှူဒါန်းပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
    အဆိုပါ လူငယ်သင်တန်းကျောင်းဟာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးလက်အောက်ခံဖြစ်ပြီး အသက်၅ နှစ် မှ ၁၈ နှစ်ကြားလူငယ် ၄၂၀ကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ၊သင်တန်းကျောင်းမှာ ယောကျာ်းလေး သီးသန့်ဖြစ်ပြီး လေ့လွင် ကလေးငယ်များနှင့် ပြစ်မှု ကျူးလွန်သဖြင့် ပြစ်ဒဏ်ကျခံရသည့် အသက်မပြည့်သေးသော ကလေးငယ်များကို အသက်မွေးဝမ်းကျောင်း ပညာရပ်များနှင့် အခြေခံပညာရပ်များကို သင်ကြားပေးနေသည့် သင်တန်းကျောင်းဖြစ်ပါသည်။
    More Photo
    08
  • မွတ်စလင်မ်နိုင်ငံများမှ မြန်မာနိုင်ငံအား စီးပွားရေးအရ သပိတ်မှောက်ရန် ကမ္ဘာကျော် အလ်အဇ်ဟရ်တက္ကသိုလ် အကြီးအကဲပြော
    ဇွန်-၁၆၊၂၀၁၃
    M-Media
    ကိုင်ရို ၊ အီဂျစ်။       ။ IINA ၏ တင်ပြချက်များအရ မြန်မာနိုင်ငံ မွတ်စ်လင်မ်များအပေါ် ထပ်မံကျူးလွန်သည့်ပြစ်မှုများကို ကာကွယ် တားဆီးရန်အတွက် လက်တွေ့ကျသော အဆင့်များ စတင်ပြုလုပ်သင့်ပြီဟု အလ်အဇ်ဟရ် တက္ကသိုလ် အကြီးအမှူးက ပြောဆိုလိုက်သည်။
    Ahmed Al-Tayyeb
    အလ်အဇ်ဟရ် အကြီးအမှူး ရှိုင်းခ် အဟ်မဒ် အလ်သွိုင်ယစ်ဗ် နှင့် အီဂျစ်သမ္မတ မော်စီ
    မြန်မာအစိုးရ၏ အုပ်ချုပ်ပုံအပေါ် ဖိအားပေးရမည့် တစ်ခုတည်းသော နည်းလမ်းမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ပင်ကန့်သတ်ခြင်းဖြစ်ကြောင်း၊ ဤသည်နှင့်စပ်လျဉ်း၍ ကမ္ဘာတစ်ဝှန်းမှ မွတ်စ်လင်မ်ပညာရှင်များ ညီညွတ်သွေးစည်းရန် လိုအပ်ကြောင်း၊ မွတ်စ်လင်မ်လူ့ဘောင်အဖွဲ့အစည်း၏ လွတ်မြောက်မှုမှာ ညီညွတ်မှု အရှိန်မြှင့်တင်ခြင်း နှင့် သဘောကွဲလွဲနေမှုများမှ ရှောင်ကြဉ်ခြင်း၌ တည်မှီနေကြောင်း အလေးအနက်ထား ပြောဆိုခဲ့သည်။
    အလ်သွိုင်ယစ်ဗ်ကိုယ်တိုင်လည်း  မြန်မာမွတ်စ်လင်မ်တို့၏အနေအထားကို လေ့လာအကဲဖြတ်ရန် မြန်မာနိုင်ငံသို့ များမကြာမီလာရောက်ဖို့ပြင်ဆင်ထားကြောင်း သတင်းများအရ သိရသည်။
    Ref:Ahlul Bayt News Agency