News @ M-Media
Blog
  • ဆိုရှယ်မီဒီယာတွင် လူမျိုးရေး ခွဲခြားသော မှတ်ချက်များ ရေးသူ ၃ ဦး ဗြိတိန်တွင် ဖမ်းဆီး
    မေ-၂၆၊၂၀၁၃
    M-Media
    saberimoghaddam20130525153706160
    လက်ယာအစွန်းရောက် EDL ပါတီအား လူမျိုးေ၇းခွဲခြားမှု ဆန့်ကျင်သူများ ဖေဖော်ဝါရီလက ဆန္ဒပြနေစဉ်
    ဗြိတိန် စစ်သားတစ်ဦးဖြစ်သူ လီရစ်ဘီ(Lee Rigby) အား လူနှစ်ယောက်မှ အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ထိုကိစ္စနှင့်ပက်သက်၍ အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် လူမျိုးရေးခွဲခြားသော မှတ်ချက်များရေးသားခဲ့သည့် လူသုံးဦးကို ဗြိတိန်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
    အဆိုပါလူသုံးဦးအနက် နှစ်ဦးမှာ Gateshead မှဖြစ်ပြီး အခြားတစ်ဦးမှာ Stockton မှဖြစ်ကာ လက်ယာစွန်းရောက် အုပ်စုဖြစ်သည့် English Defence League (EDL)မှ စနေနေ့တွင် နယူးကာဆယ်မြို့၌ ပြုလုပ်ရန် စီစဉ်ထားသည့် ဆန္ဒပြပွဲမတိုင်မီ ဖမ်းဆီး ထိန်းသိမ်းလိုက်သည်ဟု နော်သမ်ဘရီယာ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
    ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လန်ဒန်တောင်ဘက် ၀ူးလ်ဝစ်ခ်ျမြို့တွင် ဗြိတိန်စစ်သားတစ်ဦးဖြစ်သူ လီရစ်ဘီ အသတ်ခံရမှုနှင့် ပက်သက်ပြီး ဖေ့စ်ဘုတ်နှင့် တွစ်တာ စာမျက်နှာများပေါ်တွင် လူမျိုးရေးအရ စော်ကားပုတ်ခတ်သည့် မှတ်ချက်များရေးသားခဲ့သည်ဟု သင်္ကာမကင်းဖြစ်သူ အဆိုပါလူသုံးဦးအား တရားစွဲဆိုထားသည်။
    အကြမ်းဖက်တိုက်ခိုက်သူ အဒီဘိုလာဂျိုမှာ ဗြိတိန်တွင် မွေးဖွားသည့် နိုက်ဂျီးရီးယားနွယ်ဖွား တစ်ဦးဖြစ်ပြီး အစွန်းရောက်အမြင်များကို ဖြန့်ဝေမှုကြောင့် ပိတ်ပင်ခံထားရသည့် အဖွဲ့အစည်းတစ်ခုနှင့် အဆက်အသွယ်ရှိသူဟု သိရသည်။
    နယူးကာဆယ်ရှိ ဖက်ဆစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများက လက်ယာစွန်းရောက်ပါတီတစ်ခုဖြစ်သည့် EDL ပါတီအား တန်ပြန်ဆန္ဒပြရန် စီစဉ်ထားကြသည်ဟု သိရသည်။
    ဗြိတိန်ရှိ ဗလီဝတ်ကျောင်းတော်များမှလည်း ၎င်းတို့ဘာသာတရား နာမည်ဖြင့် ကျူးလွန်ခဲ့သည့်ပြစ်မှုကြောင့် တုန်လှုပ် ခြောက်ခြားခဲ့ရပါသည်ဟု ထုတ်ပြန်ခဲ့သည်။
    SSM/HE
  • လူငယ်တွေကြားက စိတ်ဒါဏ်ရာတွေ
    မေ-၂၆၊၂၀၁၃
    M-Media
    ရေးသူ-ဖိုးသောကြာ
    no jutice no peace
    ဒီနေ့သူငယ်ချင်းတစ်ယောက်နဲ့ စကားအတော်ကြာပြောမိရင်း ပြီးသွားတဲ့ ၂နှစ် ၃နှစ်စာလောက်ကိုပြန်လှန်မိတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်တုန်းက ကျွန်တော်တို့ မွတ်ဆလင်လူငယ်တွေထဲမှာ လူမျိုးမရွေး ဘာသာမရွေးပဲ လူမှုရေးတွေလုပ်မယ် မြန်မာပြည်က မွတ်ဆလင်လူထုအတွက် ပညာရေးအဆင့်မြှင့်တင်မှုတွေ ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့ အသိအမြင်ကျယ်မှုတွေဖြစ်လာဖို့ ဘယ်လိုကြိုးစားကြမယ် Minority နဲ့ Majority ကြားမှာကွာဟမှုကျဉ်းမြောင်းပြီး အတူယှဉ်တွဲနေထိုင်ရေး အတွက် ပြောကြမယ် ဆိုကြမယ်ဟေ့ဆိုရင် အသိအမြင်တင်ပြနိုင်တဲ့ လူငယ်တွေ အမြင်ကျယ်ပြီး လက်တွေ့ပြင်ပလောကအထိ ဆောင်ရွက်နိုင်တဲ့/ဆောင်ရွက်ချင်တဲ့ မွတ်ဆလင်လူငယ်တွေ မများဘူးဆိုရင်တောင် မနည်းလှတဲ့အရေအတွက်ကိုရနိုင်ခဲ့တယ်။
    လွန်ခဲ့တဲ့ ၁နှစ်ကျော်ကဆိုရင် မွတ်ဆလင်လူငယ်တွေဟာ ဘာသာလူမျိုး မခွဲခြားတဲ့ လူမှုရေးအသင်းတွေအထိ ပူးပေါင်းဆောင်ရွက်နိုင်မှု အတိုင်းအတာတစ်ရပ် အထိရှိနေခဲ့တယ်။ ပြောရရင်တော့ အရင့်အရင်အစိုးရ လက်ထက်များက ဖိနှိပ်မှုမျိုး အတန်ငယ်ပြေလျော့လာသယောင် အနေအထားမှာ မွတ်ဆလင်လူငယ်တွေဟာ ပြောင်းလဲလာတဲ့ နိုင်ငံရဲ့အခန်းကဏ္ဍတွေမှာ ပါဝင်ဖို့ Ideology/သဘောတရားရေးရာမှာ အဖုအထစ်တော်တော်လေးကင်းစင်နေပြီး လက်တွေ့ပြင်ပလောကမှာလည်း ပူးပေါင်းဆောင်ရွက်မှုအချို့နဲ့ လူမှုရေး/ကျန်းမာရေးစတာတွေအထိ ဆောင်ရွက်နိုင်မည့်/ဆောင်ရွက်နေတဲ့ ခြေလှမ်းတစ်ချို့အထိရောက်ရှိနေခဲ့တယ်။
    လွန်ခဲ့တဲ့ ၁နှစ်ကျော်ကျော်လောက်ကစပြီး အဲ့ဒီလိုဖူးသစ်စရောင်ခြည်ဟာ တိမ်မီးခိုးတို့ဖုံးလွှမ်းသွားပြီး ဘောင်တွေကျဉ်းလာလိုက် ဖယ်ကျဉ်မှုတွေ မသိမသာရော သိသိသာသာပါ ဖြစ်ထွန်းလာလိုက်တာ ၁နှစ်ဆိုတဲ့ကာလအတွင်းမှာ အလုံးစုံပျက်ဆီးသွားပြီလို့မပြောနိုင်သေးရင်တောင် အဲ့ဒီအနေအထားမျိုးပြန်ရောက်ဖို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံလိုက်ရပြီ။
    လက်ရှိ လူငယ် လူရွယ် လူလတ် လူကြီးပိုင်းအထိ အဲ့ဒီ impact ဒါဏ်ဟာ နက်ရှိုင်းစွာရိုက်ခတ်သွားခဲ့ပြီးပြီ။ အဆုံးသတ်မဲ့ ရောင်နီလည်းမမြင်သေးဘူး။  ဒါဟာ ဒီမျိုးဆက်အတွင်းမှာ အပြန်အလှန်နားလည်မှုကို ခက်ခက်ခဲခဲတည်ဆောက်ဖို့ အကျိုးဆက်ကလွဲလို့ ဘာမှအမြတ်မကျန်ခဲ့မည့်အနေအထားအစစ်အမှန်ပဲ။၂၀၀၈ နာဂစ်အပြီးကတည်းက မွတ်ဆလင်လူငယ်တွေဟာ ဘာသာလူမျိုးမခွဲခြားဘဲ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ မထင်မှတ်လောက်အောင်ပဲ အားတက်သရောပူးပေါင်းပါဝင်ရင်း အတိုင်းအတာ တစ်ရပ်အထိ ထူထောင်ထားတဲ့ လူငယ်အချင်းချင်း အပြန်အလှန်နားလည်မှု ကွန်ယက်ဟာ အလုံးစုံနီးပါးပြိုပျက်သွားပြီ။
    ဒါတွေအတွက် အစိုးရမှာ တာဝန်အရှိဆုံး အုပ်ချုပ်မှုအာဏာပိုင်များမှာ တာဝန်အရှိဆုံးနဲ့ တရားစီရင်ရေးအပိုင်းက ဒုတိယတာဝန်အရှိဆုံးလို့ သတ်မှတ်လို့ရနိုင်သလို အခြေအမြစ်မရှိတဲ့အနေအထားတွေမှာ အလုံးစုံပုံယုံကြည်လိုက်ပြီး ယုန်ထင်ကြောင်ထင်နဲ့ Knowledge ပိုင်းနဲ့ Globalization ပိုင်းမှာ Upgrade မလုပ်ခဲ့တဲ့ တစ်ချိန်က တွဲလက်ညီခဲ့သော တစ်ဖက်က လူငယ်ထုနဲ့ လူထုတစ်ရပ်လုံးဟာ တတိယတာဝန်အရှိဆုံးပါပဲ။  နိုင်ငံရေးပွင့်လင်းလာမှုနဲ့ နည်းပညာပိုင်းဆိုင်ရာပေါက်ကွဲမှုနောက်ကွယ်မှာ ဒီလောက်ပြင်းထန်တဲ့ ရိုက်ခတ်မှု ကြီးကြီးမားမားမျိုးနဲ့ လူငယ်တွေကြားက ဘာသာလူမျိုးမခွဲခြားတဲ့  အချင်းချင်းနားလည်ယုံကြည်မှုတွေဟာ အလျှားလိုက် ခွဲခံလိုက်ရတဲ့ ဝါးလုံးလိုမျိုး ထက်ခြမ်းသက်သက် ကွဲပြားသွားလိမ့်မယ်လို့ ၂၀၁၀နှစ်ကုန်ပိုင်းလောက်မှာ ကျွန်တော့ကို တစ်ယောက်ယောက်က လာပြောရင် အရူးလို့လက်ညှိုးထိုးပြီးပြန်လည် ဟားတိုက်လိုက်မိမှာ ဖြစ်ပေမဲ့ မျက်ဝါးထင်ထင်မြင် တွေ့လိုက်ရမှု အပေါ်မှာတော့ အံ့ဩမင်သက်ခြင်းနဲ့အတူ ဘယ်အရာကများ ဒီအတိုင်းအတာအထိ တွန်းအားပေးသွားသလဲဆိုတာ အဖြေရှာရင်တော့ ယုံလွယ်မှု အသိပညာ ဗဟုသုတနည်းပါးမှု မလိုအပ်တဲ့နေရာမှာ မာနတံခွန်ထောင်လွှားမှု ဖြစ်ရပ်တိုင်းမှာ အဓိကရင်းအမြစ်ကိုအပြန်အလှန်သုံးသပ်ခြင်းအားနည်းမှု ကမ္ဘာလုံးဆိုင်ရာအမြင်ကျယ်ခြင်းအားနည်းမှုတွေဟာလုံးထွေးရစ်ပါတ်ပြီး တစ်နွယ်ငင်တံစဉ်ပါဖြစ်နေတာလို့ပဲ သုံးသပ်မိတယ်။
    ရှေ့လျှောက် တိုးတက် ပွင့်လင်းလာမဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံရေး အခြေအနေတွေ အရတော့ ဒီပုံစံ ဒီစံနှုန်းများအတိုင်း ဆက်သွားကြမယ်ဆိုရင် တကယ်တမ်း အထိနာမှာကတော့ လူငယ်ထုဆိုတဲ့ တိုင်းပြည်ရဲ့ အနာဂါတ်ကို ပုခုံးထမ်းတင်ပေးရမဲ့ လူတန်းစားကြီးပဲဖြစ်လိမ့်မယ်။  ညီညွတ်ရေး တရားမျှတရေး ဆိုတဲ့ အခြေခံပူးပေါင်း ဆောင်ရွက်မှုတွေအတွက် အဘက်ဘက်က ခေါင်းဆောင်များအနေနဲ့ ဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ရတာ ခက်ခဲနေပြန်တော့ ထိရောက်ဖို့ဆိုတဲ့ အနေအထားရောက်ဖို့တောင် ဝေးလွန်းလှတယ်။
    ဒါ့ကြောင့် တစ်ခါကရေးဖူးသလိုပဲ ဘာသာတရားများကြားက ညီညွတ်စွာနဲ့အပြန်အလှန်လေးစားပြီး အတူယှဉ်တွဲနေထိုင်ရေး အတွက် ဆောင်ရွက်မှုတွေက ခြေဗလာနဲ့ဖိနပ် လိုက်ရှာနေတုန်းမှာ အမုန်းမီးနဲ့အပေါ်ယံရာသီစာ တရားသဘင်များကတော့ တိုင်းပြည်အနှံ့ ယာဉ်ပေါင်းစုံစီးပြီး ခရီးထွက်ကာ လမ်းဆုံတိုင်းမှာ မဏ္ဍပ်တွေထိုးပြီး တရားတွေဟောနေကြလေရဲ့။ တရားမျှတမှုကို အားလည်းမပေး/တောင်းဆိုခြင်းလည်းမပြုဘဲ ဆိတ်ဆိတ်နေသောအခါ တရားမျှတမှု၏ အရသာကို ဘယ်သောအခါမှ မြည်းစမ်းခွင့်ပင်ရမည် မဟုတ်ပါ။
    ဒီလိုပဲ ကျွန်တော်တို့ဘက်မှာလည်း မမျှတစွာ ဆက်ဆံခံနေရမှုကို မြင်တွေ့နေရမှု အကြမ်းဖက် တိုက်ခိုက်ခြင်းဒါဏ်မှ ကာကွယ်ပေးခြင်း မခံရမှုတွေကြောင့် ရရှိလာခဲ့တဲ့ လူငယ်တွေကြားက စိတ်ဒါဏ်ရာတွေကိုပဲ ဘယ်လိုဘယ်နည်းဖြေဖျောက်ပေးရမယ်ဆိုတာ ကြီးမားတဲ့ အရေးကိစ္စ တစ်ခုအဖြစ် ဝန်ပိစေပြန်ပါတယ်။
    ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာပြုစုစောင့်ရှောက်မှုတွေ အခြေခံလူမှုနေထိုင်ရေး အဆင့်မြှင့်တင်ရေး အပိုင်းမှာ အသုံးပြုရမဲ့ Train ပေးရမဲ့အင်အားတွေဟာလည်း မိမိအိမ်ရာကိုစွန့်ခွါပြီး လမ်းပေါ်မှာ ရွက်ဖျင်တဲထဲရောက်သွားကြတဲ့ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ဓါးစာခံလူသားတွေအတွက် အခြေခံ စားသောက်ရေးကိုပင် ပြည့်မှီအောင်ကြိုးပမ်းရရင်း အရင်းအမြစ်တွေ ကုန်ဆုံးလှပါတယ်။ဒီလိုဘယ်သူ့အတွက်မှ မကောင်းနိုင်တဲ့ အခြေအနေဆိုးကြီးကို တိုင်းသူပြည်သားတွေကလည်း စိတ်ပါလက်ပါ ပြင်ဆင်ပြောင်းလဲခြင်း မပြုချင် အုပ်ချုပ်သူ အစိုးရကလည်းထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်ပေးခြင်းမရှိ တရားစီရင်ရေးအပိုင်းကလည်း မျှတစွာကိုင်တွယ် ဖြေရှင်းမှုမရှိဘဲ ဘယ်လို အခြေအနေရောက်သည်အထိ သယ်သွားကြမှာလဲလို့သာ မေးခွင့်ရရင် မေးချင်ပါသည်။ တစ်ဦးတစ်ယောက်ခြင်းစီ မိမိရဲ့ နှလုံးသားကိုပဲပြန်မေးကြဖို့တိုက်တွန်းပါရစေ။
  • အကြမ်းဖက်မှုများ၊ ရန်မူတိုက်ခိုက်ခြင်းများနှင့် ပတ်သက်၍ အစ္စလာမ့် ရပ်တည်ချက် (Dr ယူစွဖ်အလ်ကဒွာဝီ)
    အကြမ်းဖက်မှုများ၊ ရန်မူတိုက်ခိုက်ခြင်းများနှင့် ပတ်သက်၍ အစ္စလာမ့် ရပ်တည်ချက် (Dr ယူစွဖ်အလ်ကဒွာဝီ)
    မေ-၂၃၊၂၀၁၃
    M-Media
    Woolwich တိုက်ခိုက်မှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ မွတ်စလင်ပညာရှင်များ သမဂ္ဂ(IUMS)၏ ဥက္ကဌ ကမ္ဘာကျော် အစ္စလာမ့် ဓမ္မသတ်ပညာရှင်ကြီး ဒေါက်တာ ယူစွဖ်အလ် ကဒွာဝီ ၏ ဓမ္မသတ် ဆုံးဖြတ်ချက်
    Qaradawi
    ကမ္ဘာကျော် အစ္စလာမ့် ဓမ္မသတ်ပညာရှင်ကြီး ဒေါက်တာ ယူစွဖ်အလ် ကဒွာဝီ
    အကြမ်းဖက်မှုများ၊ ရန်မူတိုက်ခိုက်ခြင်းများနှင့် ပတ်သက်၍ အစ္စလာမ့် ရပ်တည်ချက်
    သံသယဝင်စရာ အကြောင်းကို မရှိပါဘူး။ အပြစ်မဲ့သူတွေကို ရန်မူခြင်းဟာ အလိုဆိုးဝါးတဲ့ အပြစ်ဖြစ်ပြီး စက်ဆုတ် ရွံရှာဖွယ် ဒုစရိုက်မှုပါပဲ။ ကျူးလွန်ခံရသူတွေဟာ မည်သည့် ဘာသာဝင်ဖြစ်ပါစေ၊ မည်သည့်နိုင်ငံသားဖြစ်ပါစေ၊ ဒါမှမဟုတ် မည်သည့် လူမျိုးတွေပဲ ဖြစ်နေပါစေ။ မည်သူ့ကိုမှ ဒီလိုပြစ်မှုကျူးလွန်ဖို့ ခွင့်မပြုထားပါဘူး။ အမြင့်မြတ်ဆုံးဖြစ်တော်မူသော အလ္လာဟ်ရှင်မြတ်က ဒီရန်မူတိုက်ခိုက်ခြင်းတွေကို မုန်းတီးတော်မူပါတယ်။ ဂျူးဝါဒမှာလိုမျိုး လူအခွင့်အရေးများကို ကာကွယ်ဖို့အတွက် စံနှုန်းနှစ်ခွ ပေါ်လစီမျိုး အစ္စလာမ်က စွဲကိုင် မထားပါဘူး။
    ဆက်လက်ပြီး ကျွန်တော့်အနေနဲ့ ကုရ်အာန်ကျမ်းတော်မြတ်နဲ့ မုဟမ္မဒ်သခင်ရဲ့ ကျင့်သုံးပြသမှုတွေကို အခြေခံတဲ့ သင့်လျော်တဲ့ အစ္စလာမ့် သင်ကြားမှုများကို အဓိကထား ပြောသွားပါမယ်။
    (၁) အစ္စလာမ်သည် အပြစ်မဲ့သူများအား ရန်မူတိုက်ခိုက်ခြင်းကို တားမြစ်သည်။
    အစ္စလာမ်ဟာ အပြစ်မဲ့သူများကို ရန်မူတိုက်ခိုက်ခြင်းကို ခွင့်မပြုပါ။ အပြစ်မဲ့သူတို့ရဲ့ အသက်ကိုဖြစ်စေ ပိုင်ဆိုင်မှု ဥစ္စာပစ္စည်း သို့မဟုတ် ဂုဏ်သိက္ခာကိုပင် ဖြစ်စေ ရန်မူခြင်းကို လုံးဝခွင့်မပြုပါ။ ဒီစည်းကမ်းဟာ ရာထူး၊ အဆင့်အတန်းနဲ့ သြဇာကျော်ဇော်ခြင်းအပေါ်တွင် မမူတည်ပဲ လူတိုင်းအပေါ်မှာ သက်ရောက်ပါတယ်။ အစ္စလာမ်မှာ နိုင်ငံအုပ်ချုပ်ရေး နယ်ပယ်တွင်ပင် သတ်မှတ်ထားသော သွန်သင်ချက်များရှိရာ နိုင်ငံအုပ်ချုပ်သူ သို့မဟုတ် သမ္မတသည်ပင်လျှင် ပြည်သူတို့၏ အခွင့်အရေးများ၊ ဘဝနှင့် အသက်များ၊ ဂုဏ်သိက္ခာနှင့် ပိုင်ဆိုင်မှုစသည်တို့ကို မတရားလွန်ကျူးခွင့် မရှိပေ။
    နောက်ဆုံးဟဂ်ျဘုရားဖူးတွင် တမန်တော်မြတ် (ကိုယ့်တော့်အပေါ်သို့ ငြိမ်းချမ်းမှုကျရောက်ပါစေ) မှ တရားစီရင်ဆုံးဖြတ်တော်မူမည့် နောက်ဆုံးနေ့တော်ကြီးတိုင်အောင် လူသားတို့၏ အသက်၊ အိုးအိမ်စည်းစိမ်နှင့် ဂုဏ်သိက္ခာတို့ကို အန္တရာယ် မပြုရန် စည်းကမ်းကို ကြေငြာတော်မူခဲ့တယ်။ ဒီစည်းကမ်းဟာ မွတ်စလင်တွေအတွက်ပဲ သီးသန့် ကန့်သတ်ထားတာ မဟုတ်ဘူး။ မွတ်စလင်တွေကို ရန်ပြုတိုက်ခိုက်ခြင်း မရှိတဲ့ မွတ်စလင်မဟုတ်သူများအတွက်လည်းပဲ အကြုံးဝင်ပါတယ်။ စစ်ပွဲအတွင်းမှာတောင် အစ္စလာမ်က စစ်တိုက်ခိုက်မှုထဲမှာ မပါတဲ့ အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဝတ်ပြုကိုးကွယ်မှုတွေအတွက်သာသီးသန့် မိမိတို့ဘဝတွေကို နှစ်မြုပ်ထားတဲ့ ဘာသာခြား ရဟန်း ဘုန်းတော်ကြီးတွေလိုမျိုး သူတွေကို တိုက်ခိုက်သတ်ဖြတ်တာမျိုး လုံးဝခွင့်မပြုပါဘူး။
    ဒီသွန်သင်ချက်ဟာ အံ့သြစရာမကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစ္စလာမ်ဟာ တိရိစ္ဆာန်တွေကို ရန်ပြုခြင်းမျိုးကိုတောင် တားမြစ်ထားတဲ့ ဘာသာတရားဖြစ်လို့ပါပဲ။ တမန်တော်မြတ်ရဲ့ တပည့်သာဝကကြီး တစ်ဦးဖြစ်သူ အစ်ဗနေ့ အုမရ်(အရှင်မြတ်မှ ကျေနပ်တော်မူပါစေ)က တမန်တော်မြတ်(ကိုယ့်တော့်အပေါ်သို့ ငြိမ်းချမ်းမှုကျရောက်ပါစေ)ရဲ့ ဆုံးမစကားကို အခုလိုဆင့်ပြန်ခဲ့ပါတယ်။
    “အမျိုးသမီးတစ်ဦးဟာ ကြောင်လေးတစ်ကောင်ကို အစာလည်းမကြွေး သူ့ဖာသာ အစာရှာစားလို့ရအောင်လည်း လွှတ်မပေးဘဲ ဖမ်းချည်ထားတာကြောင့် ငရဲလားခဲ့ရတယ်” ( တမန်တော်မြတ် သြဝါဒတော် ဗုခါရီကျမ်း)
    တိရိစ္ဆာန်တွေကို ညှင်းပန်းခြင်းနှင့်ပတ်သက်လို့ အစ္စလာမ့်စည်းမျဉ်းက ဒါမျိုးဖြစ်သောကြောင့် ရန်ပြုခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းနှင့် အကြမ်းဖက်ခြင်း ခံရသူဟာ လူသားဖြစ်ခဲ့မယ်ဆိုရင် အပြစ်ဒဏ်က ပိုပြီးပြင်းထန်မယ်ဆိုတာ ဆင်ခြင်သိနိုင်ပါတယ်။
    (၂) တစ်ဦးချင်းစီ၏ တာဝန်
    အစ္စလာမ်မှာ လူတိုင်းဟာ သူရဲ့ ကိုယ်ပိုင် ပြုမူဆောင်ရွက်ချက်တွေအတွက်ပဲ တာဝန်ရှိပါတယ်။ အခြားသူရဲ့ ဆောင်ရွက်ချက်ဟာ သူအပေါ်တာဝန်မရှိပါဘူး။ ဘယ်သူမှ အခြားသူတွေရဲ့ အမှားတွေကြောင့်ဖြစ်ပေါ်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ခံစရာမလိုပါဘူး။ အဲ့ဒီသူတွေဟာ သူရဲ့ ဆွေမျိုးရင်းချာကြီးတွေဖြစ်နေစေကာမူ မဆိုင်ပါဘူး။ ဒါဟာ ကျမ်းတော်မြတ် ကုရ်အာန်မှာ ရှင်းရှင်းလင်းလင်း ပြဆိုထားတဲ့ တရားမျှတမှုရဲ့ ပကတိပုံစံပါပဲ။ အလ္လာဟ်အရှင်မြတ်က မိန့်တော်မူထားသည်မှာ-
    (၎င်းသည် ‘မူစာ’၏ ကျမ်းများ၌ လာရှိသည်ကိုလည်းကောင်း၊(အမိန့်တော်များကို) ကျေပွန်စွာဆောင်ရွက်ခဲ့သော ‘အီဗ်ရာဟီမ်’၏ကျမ်းတော်များ၌ လာရှိသည်ကိုလည်းကောင်း၊ သတင်းပေးခြင်း မခံခဲ့ရလေသလော။ ဧကန်စင်စစ် မည်သည့်သယ်ပိုးသူ တစ်ဦး တစ်ယောက်မျှပင် သူတစ်ပါး၏၀န်ထုပ်ကို သယ်ပိုး ရွက်ဆောင်မည် မဟုတ်ဟူ၍လည်းကောင်း။) ( ကြယ်တာရာများကဏ္ဍ ၅၃၊ ပါဒတော် ၃၆-၃၈)
    ဒါကြောင့် အချို့ အမည်ခံမွတ်စလင်တွေကို မြင်ရတာ စိတ်ပျက်စရာ အလွန်ကောင်းလှပါတယ်။ သူတို့တွေက နိုင်ငံအာဏာပိုင်တွေနဲ့ ရှိတဲ့ သူတို့ရဲ့ မကြေလည်မှုတွေအတွက် အပြစ်မဲ့သူတွေကို ဓါးစာခံအဖြစ်လုပ်တာ၊ ရန်မူတိုက်ခိုက်တာတွေကို ကျူးလွန်နေကြတယ်!! အဲ့ဒီနောက် သာမန်သူတွေရဲ့ ပြစ်မှုတွေကရော?! လူသတ်ခြင်းဟာ အစ္စလာမ်က လုံးဝကို တားမြစ်ထားတဲ့ စက်စုပ်ရွံရှာဖွယ် ပြစ်မှုကြီးတွေထဲက တစ်ခုပါပဲ။ ဘယ်လောက်အတိုင်းအတာအထိ အပြစ်ကြီးလည်းဆိုလျှင် အချို့ မွတ်စလင်ပညာရှင်တွေက လူသတ်သမားရဲ့ ဝန်ချတောင်းပန်မှုကို အလ္လာဟ်အရှင်မြတ်က လက်ခံလိမ့်မှ မဟုတ်ဘူးလို့ကို လက်ခံထားကြပါတယ်။ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ သွန်သင်ချက်ပါဒတော်ကို ကြည့်ကြရအောင်
    (မည်သူမဆို အကြင်သူတစ်ဦးတစ်ယောက်အား အသက်တစ်ချောင်း၏ အစားလည်းမဟုတ်ဘဲ၊တိုင်းပြည်၌ ဆူပူသောင်းကျန်း (မှုကို ပြုလုပ်)ခြင်းကြောင့်လည်း မဟုတ်ဘဲ (မတရားသက်သက်) သတ်ဖြတ်ခဲ့ပါလျှင်၊ ထိုသူသည်လူခပ်သိမ်းတို့ကို သတ်ဖြတ်ဘိသကဲ့သို့ပင်ဖြစ်၏။) (ခဲဘွယ်ဘောဇဉ် ကဏ္ဍ ၅၊ ပါဒတော် ၃၂)
    (၃) အဆုံးသတ်ရလဒ်များသည် နည်းလမ်းများကို ဖြောင့်မှန် မသွားစေနိုင်ပါ။
    အစ္စလာမ်မှာ အဆုံးသတ်ရလဒ်များသည် နည်းလမ်းများကို ဖြောင့်မှန်သွားစေသည်ဆိုတဲ့ အယူအဆအတွက် နေရာလုံးဝကို မရှိပါဘူး။ မကောင်းတဲ့ နည်းလမ်းတွေနဲ့ ရည်ရွယ်ချက်ကောင်းတွေ အောင်မြင်အောင်လုပ်တာမျိုးကို ခွင့်မပြုထားပါဘူး။ ဒါကြောင့်လည်း မတရားတဲ့ နည်းတွေနဲ့ ကောက်ယူထားတဲ့ အလှူတွေဟာ ဟလာလ် မဟုတ်ပါဘူး(တရားတော်နဲ့မညီပါဘူး)။ ဒါနဲ့ပတ်သက်ပြီးတော့ တမန်တော်မြတ်က မိန့်ကြားတော်မူခဲ့သည်မှာ “မုချ အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်တော် မူပြီး ကောင်းမြတ်ခြင်းမှ လွဲ၍ ဘယ်သောအခါမှ လက်ခံတော်မမူပေ” ။
    ဒါကြောင့် အစ္စလာမ့် ရှရီအဟ်တရားတော်နဲ့ တရားတော်၏ ရင်းမြစ်များဖြစ်ကြတဲ့ ကုရ်အာန်ကျမ်းတော်မြတ်၊ မုဟမ္မဒ်သခင်၏ သွန်သင်ကျင့်သုံးပြမှုနှင့် မွတ်စလင်ဥပဒေ ပညာရှင်များ အားလုံး၏ တညီတညွတ်တည်း သဘော တူညီမှုများတွင် အပြစ်မဲ့သူများအား ရန်မူ တိုက်ခိုက်ခြင်းနှင့် လူအခွင့်အရေး ချိုးဖောက်ခြင်းများကို လုံးဝ တားမြစ်ထားပါတယ်။
    ဒါ့အပြင် တွေဝေရှုပ်ထွေးနေသော လူအများအား ဖြောင့်မတ်မှန်ကန်လာရန်နှင့် လမ်းမှန်ကို လမ်းညွှန်ရန်မှာ မွတ်စလင်ပညာရှင်များ အဆုံးစွန်ဆုံး ဆောင်ရွက်ရမည့် တာဝန် ဝတ္တရားဖြစ်ပါတယ်။
    Ref: “Woolwich Attack: Justified in Islam?” from OnIslam.net/english/ask-the-scholar/international-relations-and-jihad
  • Woolwich လူသတ်မှုလုပ်ရပ်ကို ရှုတ်ချကြောင်း ဗြိတိန် မွတ်စလင်တို့ ဆိုရှယ် မီဒီယာများတွင် ရေးသားကြ
    မေ-၂၅၊၂၀၁၃
    M-Media
    Facebook Reflects UK Muslims Sorrow, Angerကိုင်ရို။ ။ လန်ဒန်တောင်ပိုင်း ၀ူးလ်ဝစ်ခ်ျမြို့တွင် ဗြိတိသျှ စစ်သားတစ်ဦးအား အကြမ်းဖက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ဗြိတိန်မွတ်စလင်များသည် ၎င်းတို့၏ ထိုလုပ်ရပ်အပေါ် ရှုတ်ချမှုကြောင်၊ သေဆုံးသွားသူ အတွက် ၀မ်းနည်းကြောင်းကို အွန်လိုင်း လူမှုကွန်ယက် စာမျက်နှာများတွင် ရေးသားဖော်ပြခဲ့ကြသည်။
    “၀ူးလ်ဝစ်ခ်ျမှာ ဖြစ်ခဲ့တဲ့ ကြောက်မက်ဖွယ်တိုက်ခိုက်သတ်ဖြတ်မှုဟာ အစ္စလာမ်နဲ့ ဘာမှ မဆိုင်ပါဘူး။ အစ္စလာမ်ရဲ့အမည်ကို အသုံးချပြီး လုပ်သွားတဲ့ အဲဒီ လူ့ဗာလတွေနဲ့ပဲ ဆိုင်ပါတယ်။” ဟု အင်မရန်းခန်း အမည်ဖြင့် ဖေ့စ်ဘုတ် အသုံးပြုသူတစ်ဦးက The Independent သတင်းစာ၏ အင်တာနက်စာမျက်နှာတွင် မှတ်ချက်ပေးခဲ့သည်။
    တမီနာဟူစိန်(Tameena Hussain) အမည်ရှိသူက “ဘာသာပေါင်းစုံ ချစ်ကြည်ရေးလုပ်ငန်းတွေကို ကြိုးစားပမ်းစား လုပ်နေကြတဲ့ ငါတို့လို မွတ်စလင်တွေကို မင်းတို့လိုလူစုက နာမည်ဆိုးတပ်ပေးလိုက်တယ်။ မင်းတို့ဟာ အစ္စလာမ်ကို သိက္ခာချတဲ့သူတွေပဲ” ဟု ရေးသားထားသည်။
    လန်ဒန်မြို့တောင်ဘက် ၀ူးလ်ဝစ်ခ်ျ(Woolwich) ဒေသရှိ စစ်တန်းလျားအနီးတွင် ဗိုလ်လောင်းတစ်ဦးအား တောခုတ်ဓား ကိုင်ဆောင်ထားသည့် လူနှစ်ဦးမှ တိုက်ခိုက် သတ်ဖြတ်မှုတစ်ခု ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည်။
    ထိုသူနှစ်ဦးစလုံးမှာ နိုက်ဂျီးရီးယားနိုင်ငံမှ ရွှေ့ပြောင်း အခြေချသူများဖြစ်ပြီး ခရစ်ယာန်ဘာသာမှ အစ္စလာမ်ဘာသာသို့ ပြောင်းထားကြသူများဖြစ်သည်ဟု မီဒီယာများကဆိုသည်။
    ဒေသတွင်း မီဒီယာကလည်း ၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ အသက် ၂၈ နှစ်အရွယ်ရှိ မိုက်ကယ် အဒီဘိုလာဂျို(Michael Adebolajo)ဆိုသူဖြစ်ပြီး လန်ဒန်အရှေ့ပိုင်း လင်ကွန်းမြို့ရှိ ၎င်း၏ မိသားစုနေထိုင်သည့်အိမ်ကို ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက် စီးနင်းခဲ့သည်ဟု ဆိုသည်။
    “၀ူးလ်ဝစ်ခ်ျ စစ်သား ကောင်းရာမွန်ရာရောက်ပါစေ။ မွတ်စလင်တွေလည်း သင့်အတွက် ၀မ်းနည်းကြေကွဲရပါတယ။်” ဟု အမည်ရသည့် အင်တာနက်စာမျက်နှာတစ်ခုတွင် အစ္စလာမ် ဘာသာဝင်မြောက်များစွာက အဆိုပါတိုက်ခိုက်မှုကို ရှုတ်ချပြီး သေဆုံးသွားသူအား ကောင်းရာမွန်ရာရောက်ပါစေကြာင်း ဆုတောင်းပေးခဲ့ကြသည်။
    လူတစ်စုမှပြုလုပ်သော အကြမ်းဖက်လုပ်ရပ်များဖြစ်ပေါ်လာပြီးနောက် မွတ်စလင်လူ့အဖွဲ့အစည်းပေါ် ဦးတည်ပြောဆိုမှုများအတွက် မကျေနပ်သည့် မှတ်ချက်များကိုလည်း တွေ့ရသည်။
    “ကျနော်မကျူးလွန်တဲ့ ကိစ္စအတွက် ကျနော်တောင်းပန်ပြီးသွားပါပြီး။ မွတ်စလင်လို့ အမည်ခံထားတဲ့ သွေးအေးလူသတ်သမား တစ်ယောက်ကျူးလွန်တဲ့ ပြစ်မှုတစ်ခုဟာ အစ္စလာမ်နဲ့ မပတ်သက်ပါဘူးဗျာ။” ဟု နဒါ(Nader) အမည်ရှိသူက ရေးသားထားသည်။
    ထိုအကြမ်းဖက်လုပ်ရပ်အပေါ် မွတ်စလင်အဖွဲ့အစည်းများကလည်း ဆန့်ကျင်ရှုတ်ချခဲ့သည်။ ယူကေရှိ အဓိက မွတ်စလင်အဖွဲ့တစ်ခုဖြစ်သည့် ဗြိတိသျှ မွတ်စလင်ကောင်စီ (BMC)ကလည်း အစ္စလာမ်၏ သင်ကြားမှုများနှင့် ဆန့်ကျင်သည်ဟုပြောကြားခဲ့ပြီး ထိုတိုက်ခိုက်မှုအား ဆန့်ကျင် ရှုတ်ချခဲ့သည်။
    “ဒါဟာ အစ္စလာမ်ကမသွန်သင်တဲ့ တကယ့်ကို ရိုင်းစိုင်းတဲ့လုပ်ရပ်ပါ။ ဒီလုပ်ရပ်ကို ကျနော်တို့ လုံးလုံးလျားလျား ဆန့်ကျင်ရှုတ်ချပါတယ်။ ကွယ်လွန်သွားသူ၊ သူရဲ့မိသားစုနဲ့ အတူတကွ ကျနော်တို့ ရှိနေပါတယ်။” ဟု BMC ၏ ထုန်ပြန်မှုတွင် ဖော်ပြထားသည်။
    ဗြိတိန်အစ္စလာမ်ဘာသာရေးအဖွဲ့ကလည်း “ဒီသတ်ဖြတ်မှုကို ဘာသာတရားတစ်ခု ဒါမှမဟုတ် အယူဝါဒတစ်ခုရဲ့ နာမည်တပ်ပြီးပြောဆိုတာတွေဟာ မှားယွင်းပါတယ်။ ဗြိတိန် အစ္စလာမ်ဘာသာရေးအဖွဲ့၊ ကုန်အာန်ကျမ်းစာ၊ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းနဲ့ အမှန်တရား ဒါတွေအားလုံးက ဒီလုပ်ရပ်မျိုးကိုဆန့်ကျင်ပယ်ချပါတယ်။” ဟု ထုတ်ပြန်ခဲ့သည်။
    ဗြိတိန်ရှိ အခြားသော မွတ်စလင်လူမှုရေးအသင်းအဖွဲ့များကလည်း အဆိုပါတိုက်ခိုက်မှုကို ဆန့်ကျင်သည့် မှတ်ချက်များပေးခဲ့သည်။
    “လန်ဒန်နဲ့ ကျတော်တို့တစ်နိုင်ငံလုံးဟာ စုစည်းလာမှာဖြစ်ပြီး ဘယ်တော့မှ ကွဲသွားမှာမဟုတ်ပါဘူး။ အကြမ်းဖက်သမားတွေ ဘယ်တော့မှ မနိုင်စေရဘူး။” ဟု ရမ္မသွာန်ဖောင်ဒေးရှင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မိုဟာမက် ရှဖီက်(Mohammed Shafiq) က ဆိုသည်။
    Faith Matters ဟုအမည်ရသည့် အကူအညီလိုအပ်သူများအား လှူဒါန်းသည့်အဖွဲ့တစ်ခု၏ ဒါရိုက်တာဖြစ်သူ ဖီယက်ဇ် မဂ်ဟလ်(Fiyaz Mughal) က “သွေးအေးလူသတ်သမားတစ်ယောက်ရဲ့ ဗြိတိသျှ စစ်သားတစ်ဦးကို သတ်ဖြတ်မှုဟာ ယူကေ က လူ့အဖွဲ့အစည်းတိုင်းမှာရှိတဲ့ လူတစ်ယောက်ချင်းစီကို နာကျင်စေတဲ့ ရာဇ၀တ်မှုတစ်ခုပါ။ ဒီအစွန်းရောက် ၀ါဒနဲ့ အကြမ်းဖက်မှုတွေကို လက်ခံရမယ်လို့ ယုံကြနေတဲ့လူတွေကနေ ခွဲထွက်ပြီး ကျနော်တို့ စည်းလုံးရမယ်။ ပြီးတော့ သူတို့တွေကို ဥပဒေရဲ့ဖိအားအပြည့်အ၀ထိတွေ့အောင် ကျနော်တို့ သေသေချချာ လုပ်ရမယ်။ နေ့စဉ်လုပ်စရာရှိတာကိုလုပ်နေတဲ့ စစ်သားတစ်ယောက်ကို တိုက်ခိုက် သတ်ဖြတ်တာမျိုးဟာ ပြတ်ပြတ်သားသား ဆန့်ကျင်ရှုတ်ချရမယ့် ကိစ္စတစ်ခုဖြစ်တယ်ဆိုတာ မည်သူ့ကိုမဆို ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောဆိုအသိပေးရမယ်။ ” ဟု ပြောဆိုခဲ့သည်။
    ဗြိတိန်မွတ်စလင်အစည်းအရုံးမှ ပေါလ် ရှလာဟွတ်ဒီန် အမ်းစတရောင်း(Paul Salahuddin Armstrong) က အစ္စလာမ်သာသနာတွင် အကြမ်းဖက်ဝါဒကို အားပေးမှုမရှိသောကြောင့် အကြမ်းဖက်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် သူနှစ်ယောက်မှာ အစ္စလာမ်သာသနာ၏ ပြင်ပသို့ရောက်ရှိသွားပြီ ဟု ပြောကြားခဲ့ပြီး တံတားဆောက်လုပ်ရေး လုပ်သားတစ်ဦးဖြစ်သည့် အာကဗာ ခန်း(Akbar Khan) ကလည်း အပြစ်မဲ့သူတစ်ဦးအားသတ်ဖြတ်ခြင်းနှင့် နေရာအနှံ့အပြားတွင်ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုပုံစံအားလုံးကို ရှုတ်ချပြောဆိုခဲ့သည်။
  • အမေရိကန် မွတ်စလင် အဖွဲ့များမှ တော်နေဒိုး မုန်တိုင်းခံ ဒုက္ခသည် များအားကူညီ
    မေ-၂၅၊၂၀၁၃
    M-Media
    Resident Taylor Tennyson sits in the front yard as family members salvage the remains from their home which was left devastated by a tornado in Moore, Oklahoma အိုကလာဟိုးမား(Oklahoma) ပြည်နယ်တွင် တိုက်ခိုက်ခဲ့သော အိမ်ရာ အမြောက်အများအား ပျက်ဆီးခဲ့ပြီး၊ လူအမြောက် အမြားအား သေစေခဲ့သော တော်နေဒိုး လေဆင်နှာမောင်း ဒဏ်ခံခဲ့ ရသူများအား အမေရိကန် မွတ်စလင်မ် အဖွဲ့အစည်းများမှ အကူညီပေးလျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံ မွတ်စလင်မ် အဖွဲ့အစည်းခေါင်းဆောင်များမှ အခြားသော အဖွဲ့ငယ်များအားလည်း အတူပူပေါင်းပါဝင်ရန် တောင်းဆိုလျက်ရှိကြောင်း သိရပါသည်။
    OnIslam.net သို့ မြောက်အမေရိကန်တိုက် အစ္စလာမ်အဖွဲ့စည်း(Islamic Society of North America(ISNA)) မှ ဥက္ကဋ္ဌ အီမန် မိုဟာမဒ် မဂျစ်(Imam Mohamed Magid) က ပြောကြားသည်မှာ “လေဆင်နှာမောင်းဒဏ်ခံခဲ့ရသော မိသားစုများနှင့် ထပ်တူခံစားရကြောင်း၊ အထူးသဖြင့် သဘာဝဘေး အန္တရာယ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသော ကလေးငယ်များ၏ မိဘများအတွက် ပို၍ ၀မ်းနည်းခံစားမိကြောင်း” ပြောကြားခဲ့ပါသည်။
    “မိုး(Moore) မြို့၏ ပြည်သူများနှင့် အတူတကွ ဘ၀များကို ပြန်လည်တည်ဆောက်ပေးချင်ပါသည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    အိုကလားဟိုးမား ပြည်နယ်၏ မိုးမြို့ ဆင်ခြေဖုံးများအားတိုက်ခတ်ခဲ့သော လေဆင်နှာမောင်းသည် အတော်ပြင်းထန်ကာ လူ ၂၄ ယောက်ထပ်မနည်း သေဆုံးခဲ့သည်။
    လူများသည် အဆောက်အဦး အပြိုအပျက်များကြားထဲတွင် ပိတ်မိနေပြီး၊ လေဆင်နှာမောင်းကြောင့် အိမ်ခြေ နှင့် စီးပွားရေးလုပ်ငန်းများ ရာကျော်အားဖျက်စီးခဲ့ပြီး၊ ကျောင်းနှစ်ကျောင်း၊ ဆေးရုံတစ်ရုံ နှင့် ကလေးငယ် အမြောက်အများအပါဝင် လူ ၂၃၇ ယောက်အား ဒဏ်ရာရစေ ခဲ့ပါသည်။
    ကယ်ဆယ်ရေးသမားများသည် လူ ၁၀၀ ကျော်အား အိမ်၊ ကျောင်း နှင့် ဆေးရုံ အဆောက်အဦး အပျက်ဆီးပုံများကြားမှ ကယ်ဆယ်ခဲ့ရသည်။
    ISNA မှ အမေရိကန်ရှိပြည်သူများအား အရေးပေါ်အကူညီလိုနေသူများအား အကူညီပေးရန် နှင့် အကူညီလိုနေသူများအတွက် ပြည်နယ်တွင်းရှိ ကယ်ဆယ်အဖွဲ့များမှတစ်ဆင့် အလှူငွေများ နှင့် ပစ္စည်းပေးအပ်ရန် တောင်းခံ ခဲ့ပါသည်။
    အဂါင်္နေ့တွင် ပြုလုပ်ခဲ့သော ပြည်နယ်မိုးလေ၀သ ဌာန၏ ခန့်မှန်းချက်အရ လေဆင်နှာမောင်းသည် ရှားပါးသော EF-5 ဖြစ်ပြီး၊ Enhanced Fujita Scale အရ အင်အား ပြင်းထန်ပြီး၊ တစ်နာရီကို မိုင် ၂၀၀ ကျော်နိုင်သည် ဟု ခန့်မှန်းခဲ့သည်။
    အမေရိကန် သမ္မတ ဘာရက် အိုဘားမား(Barack Obama) သည် အိုကလာဟိုးမား ပြည်နယ် အတွင်း ဘေးအန္တရာယ်ကြုံတွေ့နေသော နေရာအဖြစ်သတ်မှတ်ထားပြီး၊ ပြည်နယ်သို့ ကယ်ဆယ်ရေး ပစ္စည်းများပေးပို့ရန်နှင့် မိုးမြို့အတွင်း လုပ်အားပေးကူညီဆောင်ရွက်ရန် အမိန့် ထုတ်ပြန် ထားကြောင်း သိရသည်။
    အမေရိကန်နိုင်ငံတွင် တစ်နှစ်ကို လေဆင်နှာမောင်း ၁၀၀၀ ကျော် တိုက်ခတ်လေ့ရှိကြောင်း၊ သို့ပေမယ့် ၁ ရာခိုင်နှုန်းလောက်သာ EF-5 အင်အားသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
    မွတ်စလင်မ် များကူညီမှု
    အိုကလာဟိုးမား ပြည်နယ်တွင်း လေဆင်နှာမောင်း ဒဏ်ခံခဲ့ရသူများအတွက် မွတ်စလင်မ် ကယ်ဆယ်ရေး အဖွဲ့စည်းများက သဘာဝဘေးအန္တာရာယ် ကယ်ဆယ်ရေး အဖွဲ့များ ဖွဲ့ကာ ကူညီရေးများ ပြုလုပ်လျက် ရှိသည်။
    အစ္စလာမစ် သဘာဝ ဘေးအန္တရာယ် ခုခံကာကွယ်ရေး အဖွဲ့စည်း(Islamic Relief’s Disaster Assistance Response Team(DART))မှ ၀မ်းနည်းဖွယ်ရာအဖြစ်ပျက်အား ကြုံတွေ့ခဲ့ရသူများအတွက် ယခုတွင် ကူညီမှုများပေးနေပြီဖြစ်ကြောင်း သိရသည်။
    DART အဖွဲ့သည် အမေရိကန် ကြက်ခြေနီအသင်း နှင့် ပြည်နယ်တွင်းရှိ အာဏာရှိ သူများ ပါ အတူတကွ  ကယ်ဆယ်ရေးများအား အချိန်နှင့်အလျဉ်းမှီ ကယ်ဆယ်မှုများပေးရန် လုပ်ဆောင်နေကြောင်း။
    မြောက်အမေရိကန် အစ္စလာမ်မစ် အစည်းရုံး (Islamic Circle of North America(ICNA)) ၏ ကယ်ဆယ်ရေး မှ သူ၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့အား ဒေသသို့ ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် ပို့ဆောင်ထားကြောင်း သိရသည်။
    ICNA ခေါင်းဆောင်ဖြစ်သူ နာအီးမ် ဗိုက်ခ်(Naeem Baig) မှ “လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် ဆုံးရှုံးခဲ့ရသော အသက်များ အထူးသဖြင့် ကလေးသူငယ်များ၏ အသက်များအတွက် များစွာဝမ်းနည်းမိကြောင်း”
    “အိုကလာဟုန်းမားပြည်နယ်တွင် ချစ်ခင်သူများအားဆုံးရှုံးခဲ့ရသော မိသားစုများထံတွင် ကျွန်တော်တို့၏ ခံစားချက်များနှင့် ဆုတောင်းများက သူတို့တွင်ရှိနေမည်”
    အမေရိကန်-အစ္စလာမ် ကောင်စီ(Council on American-Islamic Relations(CAIR)) ပြည်နယ်၏ အကြီးဆုံး မူစလင် ပြည်သူများအခွင့်အရေးနှင့် တရားစီရင်ရေး အသင်းဖွဲ့ မှ မူစလင်များနှင့် တစ်ခြားဘာသာဝင် အမေရိကန် နိုင်ငံသားများအား သူတို့ယုံကြည်ရာကို ကိုးကွယ်၍ ဒုက္ခသည်များ နှင့် ၄င်းတို့ချစ်ခင်သူများအပေါ် ဆုမွန်ကောင်း တောင်းပေးကြရန် လှုံဆော်ခဲ့ကြောင်း သိရသည်။
    CAIR ပြည်နယ်တွင်း ဆုံးဖြတ်ခွင့်အာဏာရှိသူ ညွန်ကြားရေးမှူး နီဟဒ် အာဝဒ်(Nihad Awad) က “အိုကလာဟိုးမား ပြည်နယ်တွင်းမှ မွတ်စလင်မ် များနှင့် အမေရိကန်နိုင်ငံရှိ မွတ်စလင်မ် များအား တောင်းဆိုချင်ပါသည်၊ ဘေးအန္တာရာယ်ကို ရင်ဆိုင်ရသူများအတွက် ဆုတောင်းပေးရန် နှင့် ကိုယ်တိုင်ကိုယ်ကျ အကူညီပေးခြင်းတို့ လုပ်ဆောင်ပေးကြရန် တောင်းဆိုပါသည်”
    “ယခုအချိန်တွင် တနိုင်ငံလုံး အနေနဲ့ စည်းလုံးစွာ လိုအပ်သူများအား အကူညီပေးကြရန် အချိန်ရောက်နေပြီဖြစ်တယ်” ဟုထည့်သွင်းပြောကြားခဲ့သည်။
    CAIR ၏ အဖွဲ့ခွဲသည် တူလ်စာ အစ္စလာမ် ပြည်သူ့အဖွဲ့စည်း(Islamic Society of Tulsa) နှင့် အိုကလာဟိုးမားပြည်နယ် ပြည်သူ့အဖွဲ့စည်း အတူတကွ အန္တာရာယ်ကျရောက်နေသူများအတွက် ပစ္စည်းများအားစုဆောင်း၍ ကယ်ဆယ်ရေးပစ္စည်း အထုတ်အပိုးများ ပြင်ဆင်နေသည် ဟုသိရသည်။
    အာဝဒ်က ပြောကြားခဲ့သည်မှာ CAIR အိုကလာဟိုးမား ပြည်နယ် အဖွဲ့ခွဲမှ ဥက္ကဋ္ဌ အဖွဲ့ဝင် စအဒ် မုဟမ္မဒ် (Saad Mohammed) ၏ အိမ်သည် လေဆင်နှာမောင်းကြောင့် ပျက်ဆီးခဲ့ရပြီး၊ မိသားစုသည် ဗီဒိုအတွင်းတွင် ၀င်ကာ လေပြင်းတိုက်နေစဉ် ရှောင်ပုန်းနေခဲ့ရသည်။ သို့သော်လည်း မိသားစုအတွင်း မည်သူမှ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိ ဟုသိရသည်။
    အဖွဲ့ခွဲ၏ ဆုံးဖြတ်ခွင့် အာဏာရှိသူ ညွန်ကြားရေးမှူး အာဒမ် စိုလ်တာနီ(Adam Soltani) မှ “CAIR-Oklahoma သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့အစည်း ခေါင်းဆောင်များနှင့် အတူ ပြန်လည်တည်ထောင်ရေး လုပ်ငန်းတွင် မွတ်စလင်မ် အဖွဲ့စည်းတစ်ခုဖြင့် ပါဝင်ချင်ကြောင်း” ပြောကြားခဲ့သည်။
    Ref:OnIslam