News @ M-Media

Blog

  • မွတ်စလင်မ်များအပေါ် အကြမ်းဖက်မှုများအား အိုဘားမားမှ သတိပေး

    သမ္မတ အိုဘားမားနဲ့ သမ္မတ ဦးသိန်းစိန်တို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှ မြန်မာနိုင်ငံမှ မွတ်စလင်မ်များ အရေး သမ္မတအိုဘားမား ပြောကြားချက်

    obama and thein sein

    မြန်မာနိုင်ငံထဲမှာရှိတဲ့ မွတ်စလင်မ် တွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်းနဲ့ ပတ်သက်လို့ ကျနော်တို့ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်း စိုးရိမ်မကင်းဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီးလည်း သမ္မတဦးသိန်းစိန်နဲ့ အမြင်ခြင်းဖလှယ် ခဲ့ပါတယ်။ ဒီအဓိကရုဏ်းကြောင့် လူတွေ အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်၊ မွတ်စလင်မ်တွေကို ဦးတည်တိုက်ခိုက်တဲ့ ဒီလိုမျိုးအဓိကရုဏ်းကို ရပ်ပစ်ဖို့လိုတယ်၊ မြန်မာအစိုးရနဲ့ တခြားသော နိုင်ငံတကာအသိုင်းအ၀ိုင်း နှစ်ခု ပူးပေါင်းပြီးတော့ ဒုက္ခရောက်နေသူတွေ အကူအညီရဖို့ သေချာတဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်ကြဖို့ရာ ကျနော်တို့ ပြင်ဆင်ထားပါတယ်၊ ဒါ့ပြင် အရေးကြီးတာကတော့ သူတို့ (မွတ်စလင်မ်များ) ရဲ့ ရပိုင်ခွင့်နဲ့ ဂုဏ်သိက္ခာကို တာရှည်ခံတဲ့ အသိအမှတ်ပြုခြင်းမျိုး ရှိရမယ်။(အိုဘားမား)

    (I also shared with President Sein our deep concern about communal violence that has been directed at Muslim communities inside of Myanmar. The displacement of people, the violence directed towards them needs to stop, and we are prepared to work in any ways that we can with both the government of Myanmar and the international community to assure that people are getting the help that they need but, more importantly, that their rights and their dignity is recognized over the long term. – President Obama)

    သတင်းစာရှင်းလင်းပွဲ အိမ်ဖြူတော်မှ ထုတ်ပြန်ချက်အပြည့်အစုံဖတ်ရန်။
    http://www.whitehouse.gov/the-press-office/2013/05/20/remarks-president-obama-and-president-thein-sein-myanmar-after-bilateral

  • ပြည်တွင်းမှ မွတ်စလင်များကို အကြမ်းဖက် တိုက်ခိုက်မှုများ အတွက် ဝါရှင်တန်တွင် သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ

    ပြည်တွင်းမှ မွတ်စလင်များကို အကြမ်းဖက် တိုက်ခိုက်မှုများ အတွက် ဝါရှင်တန်တွင် သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ

    မေ-၂၀၊၂၀၁၃

    M-Media

    မြန်မာနိုင်ငံရှိ ဗလီဝတ်ကျောင်းတော်များ နှင့် အစ္စလာမ် ဘာသာဝင်များကို အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီး သတ်ဖြတ်မှုများ အတွက် အမေရိကန် ၀ါရှင်တန်မြို့တော်ရောက် သမ္မတ ဦးသိန်းစိန် ကို အမေရိကန်ရောက် မြန်မာမွတ်စလင်များ/ ရိုဟင်ဂျာများ ဆန္ဒထုတ်ပေါ်ပြသခဲ့ကြသည်။

    ဗီဒီယို Credit =>NY Kogyi

    နောက်ထပ် ဗီဒီုယိုမှတ်တမ်းတခု

    https://www.facebook.com/photo.php?v=460326804041343

  • ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ၏ ဆွေးနွေးဟောပြောပွဲ

    မေလ-၂၀၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    “နိုင်ငံသားခေါင်းဆောင်မှုအရည်အသွေး” ခေါင်းစဉ်ဖြင့် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ၏ ဆွေးနွေးဟောပြောပွဲ ပြုလုပ်မည်။

    Dr Aung Htun Thet

    ရန်ကုန် ။ ။ ပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ ဟောပြောပွဲတစ်ရပ်အား ယခုလ ၂၄-ရက်နေ့ နေ့လည်(၃)နာရီတွင် ရန်ကုန်မြို့ YMCA ခန်းမ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    ပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ “နိုင်ငံသားခေါင်းဆောင်မှု အရည်အသွေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပွဲတစ်ရပ်ကို လာမယ့် ၂၄-ရက်နေ့တွင် ရန်ကုန်မြို့ YMCA ခန်းမ၌ နေ့လည် (၃)နာရီမှ (၆)နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး ယင်းဟောပြောပွဲ အစီအစဉ်အား Unity for Peace မှ စီစဉ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

    အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လိုသူများ အနေဖြင့် ဖိတ်စာ သွားရောက်ယူနိုင်ပြီး ဟောပြောပွဲသို့ ဖိတ်စာနှင့်တကွ တက်ရောက်နိုင်ကြောင်းလည်း သိရသည်

  • လူတိုင်းကို တန်းတူညီမျှ ထုတ်ဖော်ပြောကြားခွင့် ရရှိစေမည်ဟု ၀န်ကြီး ဦးအောင်ကြည် ပြော

    မေလ-၂၀၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    ရန်ကုန် ။      ။        မြန်မာနိုင်ငံတ၀ှမ်းမှ မီဒီယာနှင့်ဆက်နွယ်သူများ ပါဝင်သည့် မီဒီယာဖွံ့ဖြိုးရေးညီလာခံကို မေလ (၁၉၊ ၂၀)ရက်များတွင် ရန်ကုန်မြို့၌ ပြုလုပ်ကြောင်း သိရပါသည်။ ယင်းညီလာခံတွင်  ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ပြောကြားခဲ့သည့် မိန့်ခွန်းဖြစ်ပါတယ်။

    Aung Kyi U
    ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ဓါတ်ပုံ-VOA

    “ဒုတိယအကြိမ် မီဒီယာဖွံ့ဖြိုးရေးညီလာခံ”တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ပြောကြားသည့် မိန့်ခွန်း (၂၀.၅.၂၀၁၃)

    ဂုဏ်သရေရှိလူကြီးမင်းများ၊ ပြည်သူ့လွှတ်တော် ကော်မတီဝင်များ၊ ကမ္ဘာ့ကုလသမဂ္ဂအေဂျင်စီများ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများနဲ့ ပြည်တွင်းပြည်ပရှိ မီဒီယာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တော်ကြီးများ၊ အထူးဖိတ်ကြားထားသူများနဲ့ ဧည့်သည်တော်ကြီးများခင်ဗျား –

    မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ် မီဒီယာဖွံ့ဖြိုးရေးညီလာခံဖွင့်ပွဲအခမ်းအနားမှာ ယခုလို စုံစုံညီညီနဲ့ ပါဝင်တက်ရောက်လာကြတာကို တွေ့မြင်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဘက်စုံ ကဏ္ဍစုံကနေ ပါဝင်ဆွေးနွေးကြမယ့်သူတွေ များစွာပါဝင်ကြတာဖြစ်တဲ့အတွက်လည်း အထူးပဲ ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။

    မနှစ်က ပထမအကြိမ်ကျင်းပပြုလုပ်ပြီးစီးခဲ့တဲ့ မီဒီယာဖွံ့ဖြိုးရေးညီလာခံကို ကျွန်တော်တို့က များစွာအသိအမှတ်ပြု တန်ဖိုးထားပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ပြီးခဲ့တဲ့ ညီလာခံဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး မီဒီယာဆိုင်ရာ ညီလာခံတစ်ခုဖြစ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ သမိုင်းဝင် မီဒီယာကဏ္ဍအရွေ့ကို အားပေးကူညီခဲ့တာကြောင့် ယခုအချိန်မှာ ကျွန်တော်တို့အားလုံးဟာ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်မှာ အတူတကွ တက်လှမ်းနေနိုင်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကိုလည်း အဲဒီ ညီလာခံက အရှိန်အဟုန် မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ပြောကြားလိုပါတယ်။

    “မီဒီယာဗဟုဝါဒ” (ရွေးချယ်ပိုင်ခွင့်)သာ မရှိခဲ့လျှင် “လွတ်လပ်စွာထုတ်ဖော်ပြောကြားခြင်း” (ပြောဆိုပိုင်ခွင့်)နဲ့ “လွတ်လပ်စွာ သတင်းအချက်အလက်ရယူခြင်း” (သိရှိပိုင်ခွင့်)တို့ဟာလည်း မှန်မှန်ကန်ကန် ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ပါဘူး။ “မီဒီယာ ဗဟုဝါဒ”ဟာ နိုင်ငံရေးနဲ့ စီးပွားရေးသြဇာကင်းလွတ်တဲ့ မီဒီယာပြိုင်ဖက်များ ရှိနေမှသာလျှင် ဖြစ်ထွန်းပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အစိုးရရဲ့ အဓိကတာဝန်ရှိမှုကတော့ “မီဒီယာ ဗဟုဝါဒ”နဲ့ “လူမှုတာဝန်သိသော မီဒီယာပုံစံ”တို့အကြား ဆက်နွယ်နေမှုကို ချောမွေ့အဆင်ပြေစေရန်သာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်မီဒီယာ အခင်းအကျင်းဟာ ကျား/မ၊ အသက်အရွယ်၊ လူမျိုးစုများနဲ့ စွမ်းအားမတူညီကြသူများ အစရှိတဲ့ အမျိုးအစား ကွဲပြားခြားနားကြတဲ့ ပရိသတ်များအတွက် ရှေ့ရှုသော တင်ဆက်မှုအပိုင်းများသာမက ပိုင်ဆိုင်မှုအပိုင်းတွေမှာပါ ကွဲပြားခြားနားမှုများ ရှိနေလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

    ပြီးခဲ့တဲ့ ညီလာခံမှာ မူဝါဒ ဖော်ဆောင်မှုအပိုင်းနဲ့ပတ်သက်လို့ အဓိက လိုအပ်ချက်များနဲ့ တွေ့ကြုံရမယ့် ပြဿနာများအပြင် အနာဂတ်အလားအလာနဲ့ အကန့်အသတ်တို့ကိုလည်း ကျွန်တော်တို့ အသေးစိတ်ဆွေးနွေးခဲ့ကြပြီဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ မူဝါဒ ဖော်ဆောင်ရေးဆိုင်ရာ မဟာဗျူဟာများနဲ့ လုပ်ငန်းစီမံကိန်းများကို လွှတ်တော်ကော်မတီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။

    စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းခဲ့မှုနဲ့အတူ ပုံနှိပ်ထုတ်ဝေခွင့်ကို အွန်လိုင်းမှတဆင့် လွယ်ကူလျင်မြန်စွာ လုပ်နိုင်ကြခြင်းဟာ မီဒီယာပြုပြင်ပြောင်းလဲရေး ပထမအဆင့် ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။ လွတ်လပ်တဲ့ ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ပြန်လည် ပေါ်ထွက်လာမှုနဲ့အတူ တည်ဆဲတင်းကြပ်တဲ့ ပုံနှိပ်ဥပဒေများ ရုပ်သိမ်းရေးသည် မီဒီယာပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တည်ဆဲ ပုံနှိပ်ဥပဒေများ ရုပ်သိမ်းနိုင်ရေးနဲ့ပတ်သက်၍ စာနယ်ဇင်းကောင်စီနဲ့ ညှိနှိုင်းသဘောတူညီချက်အချို့ ရရှိခဲ့ကြပြီဖြစ်တဲ့အပြင် ဒီဥပဒေများကို ရုပ်သိမ်းနိုင်မယ့် ဥပဒေကိုလည်း မကြာမီကာလအတွင်း လွှတ်တော်မှာ ဆွေးနွေးသွားရန် ရှိနိုင်ပါကြောင်း တင်ပြလိုပါတယ်။

    ယခုအချိန်မှာတော့ မီဒီယာဗဟုဝါဒနဲ့ ကျွန်တော်တို့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်ဖို့အတွက် နိုင်ငံပိုင် မီဒီယာများကို အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ်သို့ ပြောင်းလဲနိုင်မယ့်ကိစ္စအပေါ် အာရုံစူးစိုက်လျက်ရှိနေကြပါတယ်။ နိုင်ငံရေးနှင့် စီးပွားရေးအကျိုးစီးပွားအတွက် မဟုတ်သော အများပြည်သူဝန်ဆောင်မှု မီဒီယာဟာ ကွဲပြားခြားနားတဲ့ အသံများ နားထောင်ပြီး လူတိုင်းကို တန်းတူညီမျှ ထုတ်ဖော်ပြောကြားခွင့်ရရှိစေမှာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေရဲ့ မီဒီယာအခင်းအကျင်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တိုတောင်းသော ကာလတစ်ခု အတွင်းမှာပဲ ယခုလို ခရီးပေါက်ခဲ့တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံဟာ အာရှတိုက်မှာ အောင်မြင်တဲ့ မီဒီယာပြုပြင်ပြောင်းလဲမှုများထဲက တစ်ခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

    နိဂုံးချုပ်အနေနဲ့ ပြောလိုတာကတော့ တစ်နှစ်ဆိုတဲ့ အချိန်အတိုင်းအတာလေး အတွင်းမှာ ကျွန်တော်တို့ရဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်လာမှုကို ကြည့်လိုက်မယ်ဆိုရင် ယူနက်စကို၊ နိုင်ငံတော်အစိုးရ၊ IMS၊ ယာယီစာနယ်ဇင်းကောင်စီ၊ ပြည်တွင်း မီဒီယာလုပ်ငန်းများနဲ့ အရပ်ဖက် အဖွဲ့အစည်းများရဲ့ ခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေးဟာ ဘယ်လောက် အထိ အရေးပါကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ မီဒီယာပြုပြင်ပြောင်းလဲရေးမှာ ခင်ဗျားတို့အားလုံးရဲ့ အခန်းကဏ္ဍတွေ မပါဝင်ဘဲ ဘက်စုံထောင့်စုံကနေ ပြည့်စုံအောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မီဒီယာပြောင်းလဲရေးမှာ ပါဝင်ခဲ့ကြတဲ့ သက်ဆိုင်သူများအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ် မီဒီယာ ပြုပြင်ပြောင်းလဲရေး ခရီးစဉ်တလျှောက်လုံးမှာလည်း ယခုကဲ့သို့ပဲ ဆက်လက်ပါဝင် ကူညီဆောင်ရွက်ပေးသွားနိုင်ကြမယ်လို့ မျှော်လင့်ကြောင်း ပြောကြားလိုပါတယ်။

    ယနေ့အခမ်းအနားကို တက်ရောက်ချီးမြှင့်ပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

  • တူရကီဝန်ကြီးချူပ် ဆီလီကွန်တောင်ကြားသို့ သွားရောက်လေ့လာ၊ တူရကီကျောင်းသားများ အတွက် tablet PC ၁၀ သန်းခွဲ ဝယ်ရန်ရှိ

    မေ-၂၀၊၂၀၁၃
    M-Media

    n_47138_4

    တူရကီဝန်ကြီးချုပ် Recep Tayyip Erdoğan သည် ဆန်ဖရန်စ္စကို ဆီလီကွန်တောင်ကြားရှိ နည်းပညာကုမ္ပဏီကြီးများသို့ မေလ ၁၈ ရက်နေ့က အလည်အပတ်သွားရောက်ခဲ့သည်။

    သူသည် မိုက်ကရိုဆော့ဖ် ကုမ္ပဏီသို့ ပထမဦးဆုံး သွားရောက်ခဲ့ရာ ကုမ္ပဏီ၏ စီအီးအို Steve Ballmer က ကြိုဆိုခဲ့သည်။ Ballmer မှာ တူရကီ ပညာရေးဝန်ကြီး ဌာနက ဆောင်ရွက်မည့် Fatih ပရောဂျက်ကို တာဝန်ယူထားရသူဖြစ်သည်။

    မိုက်ကရိုဆော့ဖ် ကုမ္ပဏီသို့ရောက်စဉ်တွင် လာမည့်သီတင်းပတ်၌ ကျင်းပမည့် Fatih ပရောဂျက်နှင့်ဆက်စပ်သည့် တင်ဒါရွေးချယ်ပွဲအကြာင်းကိုလည်း ပြောကြားသွားသည်။

    “ပရောဂျက် မစတင်ခင် ဒီ ဆီလီကွန်တောင်ကြားကို လာရောက်လည်ပတ်ပြီး သတင်းအချက်အလက်နည်းပညာနယ်ပယ်မှာရှိတဲ့ နောက်ဆုံးပေါ်ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျနော်တို့ ကြည့်ချင်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ အစ္စတန်ဘူမှာ ဒီလို ပုံစံမျိုးကိုဖော်ဆောင်ဖို့ ကျနော်တို့ အစီအစဉ်ရှိပါတယ်။ ကျနော်တို့ရဲ့ ပထမဦးဆုံးရည်ရွယ်ချက်က ပရောဂျက်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တက်ဘလက် ကွန်ပျူတာ ၁၀ သန်းကျော် ထုတ်လုပ်ဖို့ဖြစ်ပါတယ်။” ဟု သူကဆိုသည်။

    ထို့နောက်တွင် Erdoğan သည် Apple နှင့် Google ကုမ္ပဏီများသို့သွားရောက်ခဲ့ပြီး Google မှ ထုတ်လုပ်သည့် အလိုလျောက်မောင်းနှင်နိုင်သည့်ကားအား စမ်းသပ်မောင်းနှင်ခဲ့သည်။

    အမေရိကန်တွင် လူသိများသည့် တူရကီနိုင်ငံသား ဆရာဝန် Mehmet Öz ၏ ညီမဖြစ်သူ ဂူးဂဲလ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဒါရိုက်တာ Seval Öz က အလိုလျောက်မောင်းနှင်နိုင်သည့်ကား၊ နည်းပညာသုံး မျက်မှန်များနှင့် ပတ်သက်၍ ၀န်ကြီးချုပ် Erdoğan အား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

    အဆိုပါ Faith ပရောဂျက်၏ အစိတ်အပိုင်း တစ်ခုအဖြစ် စာသင်ကျောင်းများသို့ ဖြန့်ဝေရန်အတွက် တက်ဘလက် ကွန်ပျူတာ ၁၀ ဒဿမ ၆ သန်းကိုဝယ်ယူရန် တူရကီ ပညာရေးဝန်ကြီးဌာနမှ တင်ဒါခေါ်ယူမှုများကို စတင်နေပြီဖြစ်သည်။ တူရကီ စာသင်ကျောင်းများတွင် အသုံးပြုလျက်ရှိသော သာမန်ကျောက်သင်ပုံးများ၊ ပြဌာန်းစာအုပ်များကို အီလက်ထရစ် ဘုတ်များ တက်ဘလက် ကွန်ပျူတာများဖြင့် အစားထိုးရန် တူရကီအစိုးရက စီစဉ်နေပြီး တူရကီပညာရေးစနစ်ကို ဆန်းသစ်သော သတင်းအချက်အလက် နည်းပညာများဖြင့် အခြေခံကျကျ ပြင်ဆင်ပြောင်းလဲရန်ဖြစ်သည်။

    တင်ဒါရွေးချယ်မှုကို လာမည့် မေလ ၂၇ ရက်နေ့သို့ပြောင်းလဲထားပြီး ယခုအချိန်အထိ Apple၊ GM၊ Samsung နှင့် တူရကီကုမ္ပဏီနှစ်ခုဖြစ်သည့် Arçelik နှင့် Vestel တို့က စာရင်းပေးထားကြသည်။

    Ref:Anatolia News Agency