News @ M-Media

Blog

  • MMSY၏ Android Project #5: ကုရ်အာန်ကျမ်းပါ တောင်းဆုတော် ၄၀ ကို အခမဲ့ ဖြန့်ချီ

    မေ-၂၀၊၂၀၁၃
    M-Media

    MMSY  မြန်မာမွတ်စလင် ကျောင်းသား လူငယ်များအဖွဲ့၏ Android Project #5: ကုရ်အာန်ကျမ်းတော်ပါ တောင်းဆုတော် ၄၀ (40 Rabbana Duas) ကို Google Play တွင် အခမဲ့ ဖြန့်ချီ

    40 Rabbana Duas

    96x96
    MMSY မြန်မာမွတ်စလင် ကျောင်းသားလူငယ်များအဖွဲ့မှ ဝါသနာရှင်များ ဖွဲ့စည်းထားသော MMSY Android Group ၏ ပဉ္ဖမမြောက် ပရောဂျက်အဖြစ် 40 Rabbana Duas (ကျမ်းတော်မြတ်လာ ရဗ္ဗနာ လေးဆယ်) Android application ကို Google Play မှာ ဖြန့်ချီ ကြောင်း သိရှိရပါတယ်။  MMSYမှ ယခင်ဖြန့်ချီခဲ့ပြီးဖြစ်တဲ့ app များအတိုင်း app အတွင်း မြန်မာဖောင့်ကို ထည့်သွင်းထားပြီး၊ ads-free ဖြစ်ပြီးတော့ Google Play ကနေ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

    ကျမ်းမြတ်ကုရ်အာန်တွင်းမှ တောင်းဆုဒိုအာ အပုဒ်လေးဆယ်ကို မူရင်း အာရဗီစာသား၊ အနီးစပ်ဆုံး မြန်မာ အသံထွက်၊ အဓိပ္ပါယ်၊ ရှင်းလင်းချက်၊ ကျမ်းကိုး နှင့်တကွ စုစည်း တင်ပြထားပါသည်။ တောင်းဆုတော်(ဒိုအာ) တိုင်းရဲ့ အာရဗီ အသံဖိုင်ကိုလည်း ထည့်သွင်းထားတဲ့အတွက် တစ်ပုဒ်ချင်းစီ နားဆင်နိုင်ပါကို တွေ့ရပါတယ်။

    ယခုဖြန့်ဝေလိုက်တဲ့  ကုရ်အာန်ကျမ်းတော်ပါ တောင်းဆုတော် ၄၀ (40 Rabbana Duas) ပ ရော ဂျက်အတွက် အသံဖိုင် များကို http://www.digitaldua.com/index.php/40-rabbana မှ ရယူ၍ ရှင်းလင်းချက်များကို မော်လဝီ ဟဗီဗွလ္လာဟ်ပြုစုသော “ကုရ်အာန် ကျမ်းတော်မြတ်၏ တောင်းဆုတော် အပုဒ် ၅၀” စာအုပ်မှ မှီငြမ်း ကိုးကားကြောင်းကို အဆိုပါ ပရောဂျက်ဦးဆောင်သူများမှ M-Media ရှင်းပြပါတယ်။

    တိုးတက်လာသော နည်းပညာခေတ်နှင့် အညီ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များရဲ့ နေ့စဉ် လူမှုဘဝတွင် လိုက်နာဆောင်ရွက် ရသော ဘာသာရေးကျင့်စဉ်များ အတွက် အလွယ်တကူ လေ့လာသိရှိ ကျင့်သုံးနိုင်အောင် ယခုလို Android App များကို ကြိုးစားပြီး ပြုလုပ်ကြတာဖြစ်ကြောင်းကို ပရောဂျက် ဦးဆောင်သူက ပြောပါတယ်။

    တောင်းဆု (ဒိုအာ)  ကုရ်အာန်မှ မူရင်းအာရဗစ်၏ မြန်မာအသံထွက်ကို အနီးစပ်ဆုံး တူအောင် ကြိုးစား ရေးသားထားကြောင်းနှင့် Android ဗားရှင်း ၄.၂ မှစ၍ ယူနီကုဒ်ဖောင့် အင်ဂျင် အား ပြောင်းလိုက်သဖြင့် ဇော်ဂျီဖောင့်သုံးသော မြန်မာစာလုံး အချို့ အထားအသို မမှန် ဖြစ်ကြောင်း ၄င်းပြဿနာကို အလွယ်ကူဆုံး ဖြေရှင်းရန် အချို့ မြန်မာစာလုံးများ ကြားတွင် မလိုအပ်ဘဲ ခြားခြား၍ ရေးရသည်ကို အသုံးပြုသူများ နားလည်ပေးကြဖို့ M-Media မှ တဆင့်ပြောကြားပေးဖို့ ပရောဂျက်ကို ဦးဆောင်ပြုလုပ်ခဲ့သူ IT ပညာရှင်တစ်ဦးက M-Media ကို ပြောကြားခဲ့ပါတယ်။

    40 Rabbana Duas ကို ဒေါင်းလုတ်လုပ်ရန် [5.3MB]
    Google Play မှ ဒေါင်းလုတ်လုပ်ရန်
    Mediafire မှ ဒေါင်းလုတ်လုပ်ရန်

    MMSY မှ အခြား ဖြန့်ချီပြီး apps များ

    Project #1: Asma Ul Husna Burmese (အလ္လာ့ဟ် ဂုဏ်တော် ၉၉ပါးနှင့် ထွတ်မြတ်မှုများ)

    Project #2: Ramadhan Handbook (ရမဿွန် လက်စွဲ)

    Project #3: Holy Quran Burmese (ကျမ်းမြတ်ကုရ်အာန် မြန်မာပြန်)

    Project #4: Daily Dua (နေ့စဉ် ဒိုအာများ)

  • လူမျိုး၊ ဘာသာ သာသနာ နဲ့ နိုင်ငံသား ပြဿနာ

    လူမျိုး၊ ဘာသာ သာသနာ နဲ့ နိုင်ငံသား ပြဿနာ

    မေ-၂၀၊၂၀၁၃
    M-Media
    ဆောင်းပါးရှင်- Dr နေလင်းအောင်

    မြန်မာနိုင်ငံသား အများစု (ပညာတတ်ဆိုသူများ အပါအဝင်)ရဲ့ လူမျိုး၊ ဘာသာ၊ နိုင်ငံသား ဆိုတာကို ခွဲခွဲခြားခြား မသိခြင်းသည် ယနေ့ မြန်မာနိုင်ငံမှာ နိုင်ငံသားများ အကြား စည်းလုံးညီညွတ်မူ ပြိုကွဲနေရတဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။ တို့မြန်မာ/ဗမာ က အိမ်ထောင်ဦးစီး၊ ကျန်တိုင်းရင်းသားတွေက အိမ်ထောင်စုဝင် အိမ်ရှင်၊ တရုတ် ကုလား တွေက ငါတို့သနားလို့ လက်ခံထားတဲ့ ဧည့်သည်တွေဆိုတဲ့ လူမျိုးကြီးဝါဒ၊ ဘာသာရေးအခြေခံ ဧည့်သည်အိမ်ရှင် ခွဲခြားတဲ့ဘာသာကြီးဝါဒ ကြီးဆိုးနေသမျှ ကျနော်တို့နိုင်ငံ တိုးတက်ဖို့လမ်းမမြင်ပါ။ နိုင်ငံသားအချင်းချင်း ရန်လိုတိုက်ခိုက်မှု တွေနဲ့ပဲ လုံးပါးပါးဖို့သာရှိပါတယ်။ နိုင်ငံသားတိုင်း ခွင့်တူညီမျှတဲ့ အချိန်ကာလရောက်မှ သာလျှင် နိုင်ငံသားအားလုံး စစ်မှန်တဲ့ နိုင်ငံသား စိတ်ဓာတ်နဲ့ တိုင်းပြည် တိုးတက်အောင် တက်ညီလက်ညီ ဆောင်ရွက်နိုင်မှာပါ။

    လူမျိုး

    ခေတ်သစ်သိပ္ပံပညာရှင်များကတော့ လူဆိုတာ Homo sapiens တစ်မျိုးဘဲရှိတယ်လို့ ဆိုကြပါတယ်။ ဘယ်ဒေသကဖြစ်ဖြစ်၊ ဘယ်မျိုးနွယ်ကဖြစ်ဖြစ်၊ လူမှန်ရင် မျိုးရိုးဗီဇ genetic material ၉၉.၉၉% တူညီနေလို့ဘဲဖြစ်ပါတယ်။ မနုဿဗေဒပညာရှင်များကတော့ အသားအရောင်၊ သွင်ပြင်လက္ခဏာ ပေါ်မူတည်ပြီး Caucasian, Mongoloid, Negroid ဆိုပြီး ပင်မလူမျိုး (၃) မျိုးရှိတယ် လို့ဆိုပါတယ်။ အချို့က Australoid ၁မျိုးကိုပါ ထည့်တွက်ပါတယ်။ ဒီပင်မလူမျိုးတွေကနေ ရေကြည်ရာ မြက်နုရာ နေထိုင်ကြရင်း သွေးနှော ကြရင်း ယခုလက်ရှိ ကမ္ဘာပေါ်မှာ လူမျိုး ၅၀၀၀ ကျော်ရှိနေတယ် လို့ သုတေသန စာစောင် တခုကဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကတော့ ” လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခအတူခံစားကြ၍ နီးနီးစပ်စပ်အကျိုးချင်းထပ် ပြီးလျှင် နှစ်ပရိစ္ဆေရဒ ရှည်လျားစွာ တစ်မျိုး တစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ ကိုတစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ် သည့်ဘာသာတရား၊ ပြောဆိုသည့် စကားတို့ကိုအရေးထားရမည်ဖြစ်သော် လည်းစင်စစ်မှာ အေးအတူ ပူအမျှ ကောင်းတူဆိုးဘက် ပူးပေါင်းနေလိုသော ဆန္ဒအပေါ်တွင် ၀ံသာနုရက္ခိတတရားသည် တည်နေပေ၏။” လို့ လူမျိုး၏ အဓိပ္ပာယ်ကို ဖွင့်ဆို ခဲ့ပါတယ်။ (၁၉၄၆ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့တွင် ကျင်းပသော အလယ်ပစ္စယံညီလာခံ) လူမျိုးကို သွေးနဲ့ သတ်မှတ်သည် ဆိုတာ မမှန်သော်လဲ မိဘ မျိုးရိုးအတိုင်းသာ ဆက်ခံရပါတယ်။ တနည်းအားဖြင့် မိမိကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် မရှိသော Identity ကိုယ်ပိုင် အမှတ်သညာ ဖြစ်ပါတယ်။ Unmodifiable factor ပြုပြင်ပြောင်းလဲလို့မရသော အရာလဲ ဖြစ်ပါတယ်။ ဥပမာ တရုတ်လူမျိုး မိဘ ၂ပါး က မွေးဖွားလာသူ တစ်ဦးဟာ မြန်မာ/ဗမာလူမျိုး တစ်ယောက် မဖြစ်နိုင်သလို မြန်မာ/ဗမာလူမျိုး မိဘ ၂ပါး က မွေးဖွားလာသူ တစ်ဦးဟာ ကိုးရီးယားလူမျိုး တစ်ယောက်ဘယ်တော့မှ မဖြစ်လာနိုင်ပါ။

    ဘာသာ သာသနာ

    ဘာသာတရားဟာ နှလုံးသား နဲ့ ဦးနှောက်က လက်ခံယုံကြည်ရတဲ့ ယုံကြည်မူပါ။ မိဘ လက်ခံယုံကြည်တဲ့ ဘာသာတရားကို လက်ခံယုံကြည်နိုင်သလို မိမိကြိုက်နှစ်သက်ရာ မည်သည့်ဘာသာကိုမဆို လက်ခံယုံကြည်နိုင်ပါတယ်။ တနည်းအားဖြင့် မိမိကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် ရှိတဲ့ Identity ကိုယ်ပိုင် အမှတ်သညာ ဖြစ်ပါတယ်။ လူမျိုးတစ်မျိုး နိုင်ငံတစ်ခုမှာ လူများစုကိုးကွယ်ရာ ဘာသာရှိနိုင်ပေမယ့် ဘာသာတရား ဟာ လူမျိုးနဲ့ မသက်ဆိုင်သလို နိုင်ငံ နဲ့လဲ မသက်ဆိုင်တဲ့ သီးခြားကိုယ်ပိုင် အမှတ်သညာပါ။ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ရွေးချယ်မူသာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ/ဗမာလူမျိုး အစ္စလာမ်ဘာသာဝင် (မွတ်ဆလင်) ရှိသလို ဘင်္ဂါလီလူမျိုး ဗုဒ္ဓဘာသာဝင် လဲရှိပါတယ်။ ပိုလန်နိုင်ငံသား ဟိန္ဒူဘာသာဝင်ရှိသလို အီရန်နိုင်ငံသား ခရစ်ယာန်ဘာသာဝင်လဲရှိပါတယ်။

    နိုင်ငံသား

    ဥပဒေဆိုင်ရာ သတ်မှတ်ချက်ဖြစ်ပါတယ်။ နိုင်ငံတစ်ခုနဲ့ တစ်ခု ဥပဒေ မတူညီပေမယ့် ဘာသာတရား အပေါ်မှာ မူတည်ပြီး နိုင်ငံသားသတ်မှတ်တဲ့ နိုင်ငံဆိုလို့ ယနေ့ကမ္ဘာပေါ်မှာ တစ်နိုင်ငံမှ မရှိပါ။ လက်ရှိ မြန်မာနိုင်ငံသား ဥပဒေသည်လဲ ဘာသာတရားအပေါ်မှာ လုံးဝ (လုံးဝ) အခြေမခံပါ။ လူမျိုးအပေါ်မှာအခြေခံသည်မှာတော့မှန်ပါတယ်။ သို့သော် တိုင်းရင်းသား မဟုတ်သူအချို့လဲ နိုင်ငံသားဖြစ်နိုင်ကြောင်း ခေတ်အဆက်ဆက်နိုင်ငံသားဥပဒေ တွေကိုလေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဒါကလဲ သဘာဝကျပါတယ်။ ကိုလိုနီခေတ်မှာ မြန်မာနဲ့ အိန္ဒိယ ဟာနိုင်ငံတခုထဲ အဖြစ်ရပ်တည်ခဲ့ပါတယ်။

    ဒါကြောင့် အိန္ဒိယလူမျိုးအချို့ လာရောက်အခြေချတာရှိသလို တရုတ်လူမျိုးအချို့လဲ နည်းအမျိုးမျိုးနဲ့ လာရောက်အခြေချတာရှိပါတယ်။ လွတ်လပ်ရေးရတဲ့အခါ မျိုးရိုးအစဉ် အဆက်နေခဲ့ကြတဲ့ ဒီလူမျိုးတွေကို အသိအမှတ်မပြုဘဲနေလို့ မရတဲ့အတွက် စည်းကမ်းအချို့နဲ့ နိုင်ငံသား သတ်မှတ်ပေးခဲ့ပါတယ်။ ဒါဟာ လုပ်ကိုလုပ်ပေးရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဥပမာအားဖြင့် ယခင် အစိုးရပြောပြောနေသလို (မပြောကောင်း မဆိုကောင်း) ပြည်ထောင်စုပြိုကွဲခဲ့မယ်ဆိုရင် ပေါ်ထွန်းလာမယ့် ရခိုင်နိုင်ငံတော် ရှမ်းနိုင်ငံတော်တွေမှာ မြန်မာနိုင်ငံတော်ရဲ့ အစိတ်အပိုင်း ရခိုင်ပြည်နယ် ရှမ်းပြည်နယ် ကာလတုန်းက ဘိုးစဉ်ဘောင်ဆက်နေခဲ့ကြတဲ့ မြန်မာ/ဗမာ အပါအဝင် အခြား လူမျိုးတွေကို မောင်းထုတ်မယ်၊ ဧည့်သည်အဖြစ် သတ်မှတ်မယ်လို့ မရစကောင်းသလိုဘဲဖြစ်ပါတယ်။

    ဒါကြောင့် မြန်မာနိုင်ငံသားတွေထဲမှာ တိုင်းရင်းသားတွေပါသလို၊ ဘိုးစဉ်ဘောင်ဆက်နေခဲ့ကြတဲ့ အခြားလူမျိုးတွေ၊ ကပြားတွေလဲပါဝင်ပါတယ်။ လူမျိုးအပေါ် အသားပေးရေးဆွဲထားတဲ့ မြန်မာနိုင်ငံသား ဥပဒေ ဟာလဲ တိုင်းပြည် တိုးတက်လာတာနဲ့ အမျှ လက်တွေ့ ကျင့်သုံးရာမှာ အခက်အခဲရှိလာနိုင်တာမလို့ မကြာတော့သော ကာလမှာ နိုင်ငံတကာ အဆင့်မီနိုင်ငံသား ဥပဒေအဖြစ် ပြောင်းလဲရတော့မှာဖြစ်ပါတယ်။ မြန်မာတိုင်းရင်းသားအဖြစ် တရားဝင် အသိအမှတ်ပြုထားတဲ့ လူမျိုးတွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ သန်းနဲ့ချီရှိနေတာဟာ လက်ရှိ မြန်မာနိုင်ငံသား ဥပဒေရဲ့ ပြဿနာ တွေထဲက ထင်ရှားတဲ့ ပြဿနာတရပ်ဖြစ်ပါတယ်။

    ခြုံပြောရယင် လူမျိုး၊ ဘာသာ၊ နိုင်ငံသားဟာ သီးခြားလွတ်လပ်တဲ့ Identity ကိုယ်ပိုင် အမှတ်သညာတွေဖြစ်ပါတယ်။ လူမျိုးတူပေမယ့် နေထိုင်ရာနိုင်ငံမတူ ကိုးကွယ်ရာ ဘာသာမတူသူ တွေ၊ ဘာသာတူပေမယ့် နိုင်ငံမတူ လူမျိုးမတူသူ တွေ နဲ့ နိုင်ငံတူပေမယ့် ဘာသာလူမျိုးကွဲပြားသူတွေ ရှိပါတယ်။ လူမျိုးတူသူတွေဟာ ကိုယ့်လူမျိုးအကျိုး၊ ဘာသာတူသူတွေဟာ ကိုယ့်ဘာသာအကျိုး စုပေါင်း ဆောင်ရွက်ကြရမှာဖြစ်သလို နိုင်ငံတူသူတွေဟာလဲ လူမျိုး ဘာသာ မခွဲခြားဘဲ ကိုယ့်နိုင်ငံအကျိုး ဆောင်ရွက်ကြမှသာလျှင် တိုင်းပြည် အမြန်ဖွံဖြိုးတိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ပြည့်အင်အား ပြည်တွင်းမှာသာရှိသည် ဆိုတဲ့ ဆိုရိုးတခုရှိပါတယ်။ ဒီနိုင်ငံ မင်းတို့နိုင်ငံမဟုတ်ဘူးဆိုတဲ့ ငြင်းဆန်မူ နဲ့ ဒီနိုင်ငံ ငါတို့နိုင်ငံမဟုတ်ဘူးဆိုတဲ့ တုံ့ပြန်မူ ထပ်တူကြသွားရင်တော့ အောက်တန်း နောက်တန်းကျနေတယ့် ဘဝကရုန်းထွက်ဖို့အား မရှိနိုင်တဲ့ အပြင် ပိုဆိုးတဲ့ အခြေအနေထဲ ဆုံးဆုံးမြုပ်ဖို့သာ ရှိကြောင်း ထင်မြင်မိပါတယ်။

  • အကြမ်းဖက်ခံ ဥက္ကံ ရွာများသို့ ဗိုလ်တထောင် NLD အဖွဲဝင်များနှင့် လူငယ်ကွန်ရက်များ သွားရောက်လှူဒါန်း

    မေလ ၁၉၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    P8160130

     

    ဗိုလ်တထောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ဘိုကလေးဈေး လူငယ်များ၊ မဇ္ဖျိမ လူငယ်ကွန်ရက်များမှ မေလ ၁၉ရက်နေ့ မနက် ၈နာရီတွင်  အကြမ်းဖက်သမားများ မီးရှို့ ဖျက်ဆီးခဲ့သည့် ဖြစ်ပွားခဲ့သော မြို့များ၊ ကျေးရွာများ အနက် ဥက္ကံမြို့ ကျွဲပုန်းလေး၊ ခြောက်တဲ၊ ပနီပင် ကုလားစု၊ မီးလောင်စခန်း  ကျေးရွာများသို့ ကားအစီးရေ (၆)စီးဖြင့် လှူဒါန်းပစ္စည်းများ သယ်ဆောင်ကာ သွားရောက်ပေးလှူခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ ကျေးရွာများသို့ ဆန်၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီ၊ ကုလားပဲ၊ ကြက်ဥ၊ ဆီ၊ အ၀တ်အထည်၊ အိပ်ယာခင်း၊ ကော်ဖီမစ်၊ ငါးသေတ္တာ၊ ရေသန့်၊ ငွေ အားလုံး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ် တစ်ဆယ့်ငါးသိန့်း (၁၅၀၀၀၀၀) ကျော်ခန့် အလှူရှင်များမှ ပေးအပ်ခဲ့ကြောင်း သိရသည်။

    မီးလောင်ပျက်စီးကာ ပြာကျခဲ့သော ကျေးရွာများ ဖြစ်သည့် ကျွဲပုန်းလေး အိမ်ခြေ (၄၉) အိမ်၊ ခြောက်တဲ (၁၆)အိမ်၊ ပနီပင် ကုလားစု (၆) အိမ်၊ မီးလောင်စခန်း (၁၀) အိမ် စုစုပေါင်း ၈၁ အိမ် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

    P8160223

    P8160122

    ဓါတ်ပုံများကြည့်ရန်။

  • အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ နာဇီ အကျဉ်းစခန်းသို့ သွားရောက်လေ့လာမည်

    မေ-၂၀၊၂၀၁၃

    M-Media

    auschwitz

    ပိုလန်နိုင်ငံ တောင်ပိုင်းတွင်ရှိသော နာဇီ အကျဉ်းစခန်း(Nazi Auschwitz) သို့ ဆော်ဒီမှ ဘာသာရေးဆရာ အပါအ၀င် အစ္စလာမ်ဘာသာရေး ဦးဆောင်သူ ၁၄ ယောက်သည် လာမည့်အပတ်တွင် သွားရောက်လေ့လာမည်ဖြစ်ကြောင်း၊ ထိုဒေသတွင် ဖြစ်ပျက်ခဲ့သော ဂျူးများအား အစုလိုက်အပြုံလိုက် သုတ်သင်ခံခဲ့ရခြင်းကို အသိတရားရရန် နှင့် လူမျိုးတုံးစစ်ဆင်ရေးမှဆန့်ကျင်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ခရီးစီစဉ်သူများမှ မနေ့က ပြောကြားခဲ့ကြောင်း သိရသည်။

    “ သက်ဆိုင်ရာဒေသတွင်းမှ သြဇာရှိ ဘာသာရေးခေါင်းဆောင်များအတွက် ဤအခွင့်အရေးသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို အသိတရားရရန် ၊   မည်သည့် အမုန်းတရားမျိုးက ဤကဲ့သို့ရက်စက်မှုမျိုးကို ဖြစ်ပေါ်လာစေကြောင်း သိမြင်ရန် ( နှင့် ) လူမှုအဖွဲ့အစည်းအတွင်း ထိုကဲ့သို့ ဖြစ်ရပ်ကို တားဆီးရန် နာဇီအကျဉ်းထောင်သို့သွားရောက်လေ့လာခြင်း ဖြစ်သည်” AFP သတင်းဌာနသို့ ပိုလန်နိုင်ငံ၏ ယဟူဒီတရားဟောဆရာ ခေါင်းဆောင် ဖြစ်သူ မိုက်ကယ် ရှောဒရိရှ်( Michael Schudrich) မှဟု ပြောကြားခဲ့သည်။

    နိုင်ငံတကာ ဘာသာရေး လွတ်လပ်စွာကိုးကွယ်မှု (International Religious Freedom) အမေရိကန် နိုင်ငံဌာနခွဲမှ ဂျွန် ဆီ တေလာ (John C.Taylor) မှ AFP သို့ပြောကြားခဲ့သည်မှာ အဖွဲ့စည်းတွင် ပါဝင်သော အခြား ဘာသာရေး ခေါင်းဆောင်များသည် ဘော့စနီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျော်ဒန်၊ မော်ရိုကို၊ နိုင်ဂျီးရီးယား၊ ပါလက်စ္စတိုင်း၊ တူရကီ နှင့် အမေရိကန် နိုင်ငံများမှဖြစ်ပြီး၊ အကျဉ်းထောင်အား မလေ့လာမှီတွင် ပိုလန်နိုင်ငံ၏ မြို့တော်၊ ၀ါဆောမြို့ရှိ အသစ်ဖွင့်လှစ်ထားသော ဂျူးများ၏ တစ်ချိန်ကဘ၀အားပြသထားသည့် ပြတိုက်သို့ အရင်ဆုံးသွားရောက်မည် ဖြစ်ကြောင်းသိရသည်။

    ခရစ်ယာန် ကက်သလစ်ဘာသာရေးခေါင်းဆောင်၊ အစ္စလာမ် ဘာသာရေးခေါင်းဆောင် နှင့် ဂျူးဘာသာရေးခေါင်းဆောင် များအားတွေ့ရန်လည်း စီစဉ်ထားကြောင်း၊ ရှော်ဒရိရှ် မှပြောကြားသည်မှာ “ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ကမ္ဘာကသိရင်  ဂျူးတွေအပေါ် လူမျိုးတုံးစစ်ဆင်ရေး လိုမျိုး တခြားလူမျိုးတွေအပေါ်မှာလည်း ဖြစ်ပေါ်ဖို့ မရှိနိုင်တော့ပါဘူး။ ဒီအကြောင်းအရာကို လူမှုအဖွဲ့အစည်းခေါင်းဆောင်များ သိအောင်လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့တာဝန်ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။

    မူစလင်ခေါင်းဆောင်များသည် ၂၀၁၁ ခုနှစ်က နာဇီအကျဉ်းထောင်သို့ နောက်ဆုံးရောက်ရှိခဲ့ပြီး၊ ၄င်း ဘာသာရေးညီညွတ်မှုအဖွဲ့အစည်းတွင် အရှေ့အလယ်ပိုင်း၊ အာဖရိက နှင့် ဥရောပမှ ဂျူးနှင့် ခရစ်ယာန် ခေါင်းဆောင်များလည်းပါဝင်ကြောင်း သိရသည်။

    Ref:Arab News

  • အမေရိကန်ရောက် သမ္မတဦးသိန်းစိန်နဲ့ အမေးအဖြေများမှ မုန်းတီးရေးလှုံဆော်မှုများကို အရေးယူမှု အခြေအနေ မေးခွန်း

    (VOA မြန်မာပိုင်း)
    6BEB2FE4-A2D7-4118-B098-DD79627C0F9B_w640_r1_s
    အမေရိကန်ပြည်ထောင်စုကို အလုပ်သဘော အလည်အပတ်ခရီးရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်ရောက် မြန်မာ အသိုင်းအ၀ိုင်း ကနေပြီးတော့၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူငယ်ရေးရာ ဘက်ပေါင်းစုံက အသိုင်းအ၀ိုင်း တွေ့ဆုံမေးမြန်းခန်းဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဗွီအိုအေမြန်မာပိုင်း ကနေပြီးတော့ မြန်မာနိုင်ငံကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

    ယခု ဗီဒီယို အပိုင်းက တော့ မေးခွန်းများမှ တခုကို ကောက်နှုတ်ပြီးဖော်ပြထားတာ ဖြစ်ပါတယ်။

    အစီအစဉ်အပြည့်အစုံကို http://www.youtube.com/watch?v=lZPko9fRfWo လင်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

    ဦးသန်းလွင်ထွန်း။ ။ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ကိစ္စတွေဟာ အင်မတန် အပြုသဘောဆောင်တဲ့ အကြောင်းအရာတွေအပေါ်ကို တစ်ခါ တစ်ခါ — တဲ့ အမည်းစက်တွေ ရှိပါတယ်။ ရုပ်ဆိုးအကျည်းတန်တဲ့ ကိစ္စရပ်တွေပေါ့နော်။ အထူးသဖြင့် ရခိုင်ပြည်မှာ ဖြစ်ခဲ့တဲ့ ကိစ္စလိုမျိုး၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ အဓိကရုဏ်းတွေပေါ့နော်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ တိုင်းပြည်တစ်ပြည်ရဲ့ အပြုသဘောဆောင်နေတဲ့ အခြေအနေတွေ ကြားထဲမှာ လက်ညှိုးထိုးပြစရာ အမြင်မျိုး ဖြစ်နေတယ်ဆိုတော့- ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာသာရေးအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ မေးမြန်းဖို့ ဆိုပြီးတော့ ဦးဝင်းအောင်ရှိနေပါတယ်။ ဦးဝင်းအောင်အနေနဲ့ ထပြီးတော့ မေးနိုင်ပါတယ်။ ဦးဝင်းအောင်ကတော့ အစောပိုင်းက ကျနော်တို့ ဗွီအိုအေရဲ့ ဌာန ဝန်ထမ်းဟောင်းပါပဲ။

    ဦးဝင်းအောင်။ ။ ကျနော် ဝင်းအောင်ပါ။ ကျနော်တို့ ညီအကိုမောင်နှမ ၁၂ ယောက်ရှိတယ်။ မြန်မာပြည်က ထွက်လာပြီးတဲ့နောက် အနှစ် ၂၀ ကြာတဲ့အခါမှာ တော်တော်များများ ကွယ်လွန်သွားတာ – အခု ပြုပြင်ပြောင်းလဲမှုအရ ကျနော် မြန်မာပြည်ကို ပြန်ရောက်ပြီးတော့ လည်ပတ်ခွင့်ရတဲ့အခါမှာ အသက်မသေ ရှင်ကျန်နေတဲ့ ညီအကို မောင်နှမတွေကို မသေခင်မှာ တွေ့ရတဲ့အတွက် သမ္မတကြီးကို ကျေးဇူးတင်ကြောင်း အရင် ပြောလိုပါတယ်။ ကျနော် ဗွီအိုအေမှာ ၁၅ နှစ်မလုပ်ခင် မြန်မာ့အသံမှာ အနှစ် ၂၀ လုပ်ခဲ့ပါတယ်။ ကျနော်ဟာ အင်္ဂလိပ် ကျွန်ခေတ်မှာ မွေးပါတယ်။ ဂျပန်ခေတ်ကိုလည်း ကြုံပါတယ်။ နောက် ပြည်တွင်းစစ် ဖြစ်တော့လည်းပဲ ကျနော်တို့ ကွန်မြူနစ် အုပ်စိုးတာတို့-ဘာတို့ ဖြစ်လာတော့ နောက် ကျနော် မြန်မာ့အသံမှာ အနှစ် ၂၀ လုပ်တဲ့အခါမှာ အိမ်စောင့်အစိုးရ- စသဖြင့် ခေတ်အဆက် ဆက် နောက်ဆုံး ခေတ်အဆက်ဆက်ကို ကျနော် ကြုံခဲ့ပါတယ်။ ကျနော်သတင်းစာဆရာပါ။ နှစ်ပေါင်း ၅၀ ကျော် ကလောင်ကိုင်ခဲ့တဲ့သူပါ။ အဲဒီတော့ကာ ဒီလို မြန်မာပြည်မှာပေါ့လေ- ပြုပြင်ပြောင်းလဲရေး ဖြစ်လာတဲ့ အတွက် အင်မတန်ကို ဝမ်းသာစရာ ဖြစ်ပါတယ်။ နောက် ကျနော်တို့ မြန်မာပြည်ကို ပြန်ကြည့်တဲ့အခါမှာ မြန်မာပြည်ကို ပြန်သွားချင်တဲ့ အခါမျိုးမှာ၊ အခုနက သမ္မတကြီး အမိန့်ရှိသလို ကျနော်တို့က အမြတ်ထုတ်ဖို့၊ Invest လုပ်ဖို့ မဟုတ်ပါဘူး။ ကျနော် အခုနက ပြောသလို ကျနော့် ညီအကို မောင်နှမအရင်းတွေ အဲဒီမှာ ရှိနေပါမယ်။ အဲဒီတော့ကာ မကြာသေးခင်က ဖြစ်နေတဲ့ ကိစ္စတွေ၊ အင်မတန် အကျည်းတန် အရုပ်ဆိုးတဲ့ ကိစ္စတွေ ဖြစ်နေတာက မြန်မာပြည်အတွင်းမှာ ဘယ်လောက်ထိ သိကြတယ်၊ မြင်ကြတယ်ဆိုတာကို မသိရပေမဲ့လို့ ပြည်ပမှာကတော့ သမ္မတကြီးလည်း သိတဲ့အတိုင်းပါပဲ။ ဒီကနေ့ ခေတ်ပေါ် တိုးတက်တဲ့ နည်းပညာတွေအရ သမ္မတကြီးအိမ်မှာ နေ့လည်စာ ဘာတို့စရာနဲ့၊ ဘာဟင်းနဲ့ စားလဲဆိုတာကိုတောင်မှ သိလို့ မြင်လို့ရတဲ့ အခြေအနေမျိုး ဖြစ်သွားပါပြီ။

    ဦးသန်းလွင်ထွန်း။ ။ ဦးဝင်းအောင်ခင်ဗျာ။ ဘာသာရေးနဲ့ ပတ်သက်တဲ့ ဦးဝင်းအောင် မေးစရာရှိတာကို မေးပေးပါ။

    ဦးဝင်းအောင်။ ။ ဒီလို ဘာသာရေး အကျည်းတန်၊ အရုပ်ဆိုးတဲ့ ဖြစ်ရပ်တွေကို ပြင်ပမှာ မြင်နေရတဲ့အတွက်က သမ္မတကြီး ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အင်မတန် အကျည်းတန် အရုပ်ဆိုးစေပါတယ်။ အထူးသဖြင့် ဒီ မုန်းတီးရေးကို ဖန်တီးနေတဲ့- ပြောင်ပြောင်တင်းတင်း လုပ်နေတာကို တရားဥပဒေစိုးမိုးရေးအရ ဘယ်လိုမှ ဘာကြောင့် အရေးမယူလဲဆိုတာ – ကျနော်ဟာ အစ္စလာမ်ဘာသာဝင် မူဆလင်တစ်ယောက်ပါ။ မွတ်ဆလင်တစ်ယောက် အနေနဲ့လည်း ကျနော် တော်တော် စိတ်မကောင်းဖြစ်ပါတယ်။ မြန်မာပြည် မှာ မွေးတဲ့ လူတစ်ယောက်အနေနဲ့လည်း ဝမ်းနည်းပါတယ်။ နောက် အနှစ် ၅၀ သတင်းသမားတစ်ယောက် အနေနဲ့လည်း ကျနော် အံ့သြမိပါတယ်။

    ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်၊ ဦးဝင်းအောင် ခင်ဗျ။ မေးချင်တဲ့သဘောတော့ ကျနော်နားလည်ပါတယ်။ ကျနော်နားလည်တာက လက်ရှိ မုန်းတီးရေးတွေ လှုံဆော်နေတာတွေကို ဘာကြောင့် အရေးမယူသလဲ၊ အရေးယူမှု ရှိသလားဆိုတာကို သိချင်တယ်။

    သမ္မတဦးသိန်းစိန်။ ။ ကျနော် ပြောရမယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေလုပ်တယ်။ တခါ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တယ်။ အဲတော့ အောင်မြင်မှုတွေလည်း ကျနော်တို့ အထိုက်အလျောက် ရပါတယ်။ အခက်အခဲတွေ စိန်ခေါ်မှုတွေ ဒါတွေလည်း ကျနော်တို့ တွေ့ရပါတယ်။ အဲတော့ ရခိုင်မှာဖြစ်တဲ့ ကိစ္စတွေက ဖြစ်ရိုးဖြစ်စဉ် ထပြီးတော့ ဖြစ်ကြတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ရာဇ၀တ်ပြစ်မှုအပေါ်မှာ မူတည်ပြီးတော့ လူအုပ်စုတစုနဲ့ တစု မီးရှိုကြ အကြမ်းဖက်ကြနဲ့မှ ကြီးထွားလာတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ဟိုဖက်က ဒေါက်တာ ပါပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဒေါက်တာ နဲနဲလေး ဖြေပေးလိုက်ပါ။

    ဒေါက်တာကျော်ရင်လှိုင်။ ။ အချိန်အရဆိုတော့ အများကြီးတော့ ကျနော် မပြောတော့ပါဘူး။ သို့သော် ခြုံပြီးပြောမယ်ဆိုရင် တဖက်နဲ့တဖက် ယုံကြည်မှုတွေ လျှော့ပါးနေတာတွေ၊ နောက်ပြီး မုန်းတီးမှုတွေ ရှိနေတာက မြန်မာပြည်မမှာရော ရခိုင်ပြည်နယ်မှာပါ အတော်ကြာကြာ ရှိနေပြီးသားပါ။ ပြုပြင်ပြောင်းလဲမှုတွေလုပ်လာတဲ့အခါ ပွင့်လာတဲ့အခါ မကျေနပ်မှုတွေကို ပိုပြီး ပြလာတဲ့ အခြေအနေမှာရှိတော့ ဖြစ်သွားတဲ့ ရာဇ၀တ်မှုပေါ် မူတည်ပြီးတဲ့အခါမှာ ရခိုင်ပြည်နယ်မှာ Community Level မှာပဲ အဓိက ဖြစ်ခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ Report ကိုလည်း လူပေါင်း နှစ်ထောင်ကျော်လောက်ကို အင်တာဗျူးပြီး ရေးခဲ့တာပါ။ ဒါနဲ့ ပတ်သက်လို့လည်း Online မှာ အင်္ဂလိပ်လိုရော မြန်မာလိုရော ရပါမယ်။ အဓိက ပြောချင်တာက မကျေနပ်မှုတွေ မုန်းတီးမှုတွေက အရမ်းများလာတဲ့အခါမှာ အခွင့်အရေးယူပြီး မြောက်ထိုးပင့်ကော်မှုတွေကလည်း အများကြီး ပါလာတယ်။ အဲဒီ ပါလာတဲ့ အပိုင်းတွေက အခြေအနေတွေကို ပိုပြီး ဆိုးသွားစေတာပါ။ နောက် အစိုးရအနေနဲ့ အရေးယူမှုမပြုဘူးဆိုတာ အဲဒါတော့ မဟုတ်ပါဘူးဗျ။ မိတ္တီလာမှာ ပြီးပြီးတဲ့အချိန်မှာလည်း အရေးယူမှုတွေ အများကြီးလုပ်ပါတယ်။ ရခိုင်မှာလည်း ကျနော်တို့က အရေးယူမှုတွေ အများကြီးလုပ်ပါတယ်။ ရခိုင်မှာလည်း အရေးယူမှုတွေနဲ့ပတ်သက်ပြီး ကျနော်တို့ ကော်မရှင်အနေနဲ့က အားလုံးကို ကြည့်ခွင့်ရတဲ့အတွက် အရေးယူမှုတွေက အများကြီးလုပ်ထားပါတယ်။ နောက်ဆုံး တခု ပြောချင်တာက ဒီအစိုးရအနေနဲ့ ဘာမှ လုပ်မထားဘူးဆိုတာနဲ့ပတ်သက်လို့ Interfaith Dialogue တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဖို့ လုပ်နေပါတယ်။ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်တည်ငြိမ်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေးတွေကနေ ဒါတွေကို လုပ်နေပါတယ်။ ရခိုင်ကော်မရှင်ကိစ္စ ပြီးသွားတော့ ဒီကိစ္စမှာ ပါဝင်ခဲ့တဲ့လူတွေနဲ့ ဆက်ပြီးလုပ်နေ ကျနော်တို့ အကြံပြုနေတယ် ၀င်ပြီး ကူညီနေတဲ့အချိန်မှာ ဒီ Interfaith Dialogue တွေကို ရန်ကုန်မှာလည်း လုပ်နေပါတယ်။ ရခိုင်မှာလည်း အဖွဲ့တွေက အစ္စလာမ်ဘာသာဝင်တွေ ဗုဒ္ဒဘာသာဝင်တွေ အတူတွဲသွားပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ ၀ိုင်းပြီးလုပ်နေကြပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

    ဦးရဲထွဋ် ဖြေကြားချက်များ
    =============
    သမ္မတဦးသိန်းစိန်နဲ့အတူ လိုက်ပါလာတဲ့ သမ္မတရဲ့ပြောရေးဆို ခွင့်ရှိသူ၊ ပြန်ကြားရေးဒုန၀န်ကြီး ဦးရဲထွဋ်ကလည်း ၀ါရှင်တန်မြို့တော် ဗွီအိုအေဌာနချုပ်မှာ ကျင်းပတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ နယ်ပယ်စုံက မြန်မာမိသားစုတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။