News @ M-Media

Blog

  • မိထ္ထီလာတွင် ရွှေအတုလာ ရောင်းရာမှ အစပြုပြီး မွတ်စလင်မ် ရွှေဆိုင်နှင့် တခြားဆိုင်များ ဖျက်ဆီးခံရ

    မိထ္ထီလာတွင် ရွှေအတုလာ ရောင်းရာမှ အစပြုပြီး မွတ်စလင်မ် ရွှေဆိုင်နှင့် တခြားဆိုင်များ ဖျက်ဆီးခံရ

    မတ်လ ၂၀၊ ၂၀၁၃
    M-Media
    အေးမောင်

    မိတ္ထီလာ ။         ။   မိတ္ထီလာမြို့တွင် ဈေးကြီးအရှေ့ဘက်ရှိ ပန်းတိမ်တန်းတွင် မွတ်စလင်မ်ပိုင် ဆိုင်ခန်းများအား ၀ိုင်းဝန်းဖျက်ဆီးပြီး ဘာသာရေးအဓိကရုဏ်းဖြစ်စေရန် ၀ိုင်းဝန်းလုပ်ဆောင်နေကြောင်းသတင်းရရှိသည်။

    ဖြစ်စဉ်မှာ ယနေ့မနက်ပိုင်းတွင် မိတ္ထီလာမြို့ ဈေးကြီးအရှေ့ဘက်ရှိ ပန်းတိမ်တန်းတွင် မွတ်စလင်မ်ပိုင်သော ရွှေဆိုင် တစ်ခုတွင် ဈေးရောင်းသူနှင့် ဈေးဝယ်သူ စကားများရန်ဖြစ်ရာမှ စတင်ခဲ့ကြောင်းသိရသည်။

    မွတ်စလင်မ်ပိုင်သော ရွှေဆိုင်တွင် လာဝယ်သော အမျိုးသမီးတစ်ဦးနှင့် ရွှေဆိုင်ပိုင်ရှင်၏ တူမဖြစ်သူတို့ ဈေးရောင်း ဈေးဝယ် စကားများအငြင်းပွားမှုဖြစ်ခဲ့ကြောင်း၊ ယင်းအမျိုးသမီးသည် ရွှေအတုကို လိမ်လည်၍ လာရောက်ရောင်းချသောကြောင့် စကားများကြရာမှ အဆိုပါ အမျိုးသမီးသည် ပြန်သွားခဲ့ကြောင်း၊ ယင်းအမျိုးသမီးသည် ရွာမှတချို့ကို ခေါ်လာပြီး ဆက်လက် စကားများကြကြောင်း၊ ယင်းစကားသည့်ကိစ္စရပ်အား ဖြေရှင်းပြီးနောက် ယင်းအမျိုးသမီးသည်လည်း ရွာသို့ ပြန်သွားခဲ့ကြောင်း၊ ယင်းဈေးရောင်းဈေးဝယ် အချင်းများသည့်ကိစ္စရပ် ပြီးဆုံးသွားသော်လည်း လူစုလူဝေးဖြင့် ရောက်ရှိလာပြီး အဆိုပါ ဆိုင်အား ၀ိုင်းဝန်းဖျက်ဆီးခဲ့ကြောင်း၊ ၎င်းဆိုင်သာမက အနီးဝန်းကျင်ရှိ မွတ်စလင်မ်ပိုင် တခြားသော ဆိုင်များကိုလည်း ဖျက်ဆီးခဲ့ကြောင်း၊ ယခုအခါ လူစုအဝေးမှာ အင်အားကြီးမားလာသောကြောင့် ရဲ၊ ယာဉ်ထိန်းနှင့် မီးသတ်များပါ ၀ိုင်းဝန်းတားဆီး လူစုခွဲနေကြောင်း သိရသည်။

    “ရွှေဆိုင်က မွတ်စလင်မ်ပိုင်တာပါ။ ဈေးတိုက်တန်းမဟုတ်ပါဘူး။ ဈေးကြီးအရှေ့ဘက်မှာရှိတာပါ။ ပန်းတိမ်တန်းပေါ့။ ဟာဂျီမကြီးတစ်ဦးပိုင်တဲ့အိမ်ပါ။ အဲဒါကို သူတို့ ဆွေမျိုးတွေပဲ အောက်ထပ်မှာ တန်းလျားပုံစံမျိုးနဲ့ ဆိုင်ခန်းတွေ ဖွင့်ထားကြတာပါ။ ၁၀-ခန်းလောက် ရှိပါတယ်။ မွတ်စလင်မ်တွေပဲ ပိုင်တဲ့ဆိုင်တွေပါ။ တခြားဘာသာခြားဆိုင်ခန်းတွေ မရှိပါဘူး။ ဘာသာခြားဆိုင်တွေက အဲဒီ မွတ်စလင်မ်ဆိုင်တွေနဲ့ မျက်နှာချင်းဆိုင်မှာတော့ ရှိနေပါတယ်။ ကျွန်တော်တို့ အဲဒီနေရာကို သွားလို့ မရပါဘူး။ ကျွန်တော်က ဈေးကြီးအနောက်ဘက်ကပါ။ ကျွန်တော်လည်း ဆိုင်ပိတ်ပြီး အိမ်ပြန်လာခဲ့ရတာပါ”လို့ မွတ်စလင်မ် တစ်ဦးက ပြောပြလာပါတယ်။

    “သမီး အဖေပြန်မလာသေးဘူး။ သမီးက ကျောင်းက ပြန်လာတာ။ အဖေလည်း ဘယ်ရောက်နေလဲ မသိဘူး။ အခုပဲ အသိတွေ ဖုန်းဆက်လာတာ အဖေလမ်းမှာ ရိုက်ခံနေရတယ်လို့ပြောတယ်။ သမီးလည်း စိတ်ပူနေတယ်”လို့ မွတ်စလင်မ် တက္ကသိုလ်ကျောင်းသူ တစ်ဦးမှ သူမအဖေအကြောင်းကို ပြောပြလာပါတယ်။ ထပ်မံသိရှိရသည့် သတင်းများအရ သူမ၏အဖေမှာ ရိုက်ခံရ၍ ဦးခေါင်းတွင် ဒဏ်ရာအနည်းငယ် ရသွားကြောင်း သိရပါသည်။

    “သတင်းတွေက အစုံပဲ ကောလဟာလ ထွက်နေကြတာ။  ရွှေအတုလာရောင်းလို့ ပြဿနာဖြစ်တာပါ။ ကျွန်တော် သိပါတယ်။ ဘာသာရေးပြဿနာဖြစ်အောင် ဖန်တီးတာပါ။ ကျွန်တော်တို့ အဲလို ဖန်တီးမှုကို အား မပေးပါဘူး။ တရားဥပဒေအတိုင်းပဲ ဖြစ်စေချင်ပါတယ်”လို့ ယင်း ရွှေဆိုင်အနီးရှိ ဗုဒ္ဓဘာသာဆိုင်ရှင်တစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။
    ပြီးခဲ့သည့် လများမှ စတင်ပြီး ဆိုရှယ်မီဒီယာများတွင် ပြန့်နှံခဲ့သည့် ဘုန်းကြီး ဝီရသူ၏ မိတ္ထိလာ NLD ပါတီ နှင့် ပတ်သက်ပြီး ပြောကြားချက်များတွင် အစ္စလာမ်ဆန့်ကျင်ရေး တရားများ ထည့်သွင်းဟောကြားခဲ့သည့် ဗီဒီယို တရားခွေနှင့် ၉၆၉ အဖွဲ့နှင့် ပတ်သက်သည့် အွန်လိုင်းဆိုရှယ်မီဒီယာများတွင် မိထ္ထီလာမြို့ရှိ တူရကီစစ်သင်္ချိုင်းအကြောင်း မဟုတ်မမှန် လုပ်ကြံသတင်းထုတ်ပြီး အစ္စလာမ် ဆန့်ကျင်ရေးလုပ်ဆောင်မှုများ ပြန့်နှံ့ခဲ့ပြီးနောက် ယခုကဲ့သို့ ပြဿနာဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

  • (ANU) ၌ ကျင်းပခဲ့သော မြန်မာ့ဒီမိုကရေစီ အရေးဆွေးနွေးပွဲ မှ မြန်မာလူငယ်တစ်ဦး၏ မေးမြန်းချက် နှင့် ဆွေးနွေးချက်

    (ANU) ၌ ကျင်းပခဲ့သော မြန်မာ့ဒီမိုကရေစီ အရေးဆွေးနွေးပွဲ မှ မြန်မာလူငယ်တစ်ဦး၏ မေးမြန်းချက် နှင့် ဆွေးနွေးချက်

    မတ်လ ၁၆ ၊ ၂၀၁၃
    M-Media

    Australian National University (ANU) ၌ကျင်းပခဲ့သော မြန်မာ့ဒီမိုကရေစီ အရေးဆွေးနွေးပွဲမှ မြန်မာလူငယ် တစ်ဦး၏ မေးမြန်းချက် နှင့် ဆွေးနွေးချက်

    မြန်မာနိုင်ငံဒီမိုကရေစီအရေး ဒီဘိတ်ဆွေးနွေးပွဲတစ်ရပ်ကို Canberra က Australian National University (ANU) မှာ ၁၅.၃.၂၀၁၃ သောကြာနေ့၊ ၁၆.၃.၂၀၁၃ စနေနေ့ – နှစ်ရက်ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ မြန်မာလူငယ်တစ်ဦးဟာ သက်ဆိုင်ရာပုဂ္ဂိုလ်တစ်ချို့နဲ့ အပြန်အလှန်မေးမြန်းဖြေရှင်းဆွေးနွေးမှု – Debate လုပ်ခဲ့တာကို အများလေ့လာနိုင်အောင် တင်ဆက်လိုက်ပါတယ်။

    ၁၆.၂.၂၀၁၃ ၊ ဒုတိယနေ့အခမ်းအနား၊ ( ၉း၃၀ – ၁၁း၀၀ ) နာရီ အစီအစဉ်မှာ မြန်မာနိုင်ငံအမျိုးသား စီမံကိန်းနှင့် စီးပွားရေးရာ ဒုဝန်ကြီး ဦးဝင်စ်တန် ဆက်အောင် နဲ့ ရှောင်တာနယ် မင်းရဲပိုင်ဟိန်းတို့ နှစ်ဦးမှ ဦးဆောင် aဆွးနွေးပြောကြားပါတယ်။ တက်ရောက်လာတဲ့ ပရိသတ်များကတော့ ကမ္ဘာ့သုတေသီတွေ၊ ပညာရေးရာနဲ့သမိုင်းဆိုင်ရာ ပညာရှင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ မြန်မာ့အရေး စိတ်ဝင်စားကြတဲ့ အုပ်စုတွေ ဖြစ်ကြပါတယ်။ အဲ့ဒီနောက်မှာ  ဒုဝန်ကြီး ဦးဝင်စ်တန် ဆက်အောင် ကို “ ကိုသိန်းမိုးဝင်း ” မှ ဒီလိုမေးမြန်းဆွေးနွေးခဲ့ပါတယ်။

    “၀န်ကြီိး ဦိး Winston ဆက်အောင် ခင်ဗျား။  ကျွန်တော်ဟာ University of New South Wales က PhD ကျောင်းသား သိန်းမိုးဝင်း   ဖြစ်ပါတယ်။ မင်္ဂလာပါ လို့ နှုတ်ခွန်းဆက်ပါတယ် အန်ကယ်လ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မေးခွန်း တစ်ခုလောက် မေးပါရစေ။ မြန်မာပြည်မှာ လတ်တစ်လောဖြစ်ပျက်နေတဲ့ ပြဿနာတွေဟာ တိုင်းပြည်ရဲ့  ဒီိမိုကရေစီိ စီိးပွားရေးအသွင်ပြောင်းလဲမှုတွေကို အဟန့်အတားတွေ ဖြစ်စေပါတယ်။ တိုင်းပြည်ရဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှု အတွက် ပြောင်းရွှေ့အခြေချလာတဲ့ အရည်အသွေး ရှိသူတွေဟာ နိုင်ငံ့ ခွန်အားဖြစ်တယ်လို့  ၀န်ကြီိးမင်းက ပြောခဲ့ပါတယ်။  ပြည်သူတစ်ရပ်လုံးရဲ့  ခွန်အားဟာ တိုင်းပြည်တိုးတက်ပြောင်းလဲရေး အတွက် အဓိကမောင်းနှင်အား အခန်းကဏ္ဍတစ်ခုဖြစ်တာကြောင့် ၊ ပြည်သူတစ်ရပ်လုံး အတွက် ငြိမ်းချမ်း လုံခြုံမှုဟာလည်း ရှိကိုရှိရလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ခံယူပါတယ်။  ဒါပေမယ့် လူကြီးမင်း သိတော်မူတဲ့အတိုင်း အခုလက်ရှိအနေအထေားမှာ – ရခိုင်ပြည်က ပြဿနာ၊ ကချင်ပြဿနာ၊ လက်ပံတောင်းက တောင်သူလယ်သမားများရဲ့ အခက်အခဲနဲ့တောင်းဆိုနေမှု၊ မြန်မာမွတ်စ်လင်မ် မုန်းတီိးရေးကို    နိုင်ငံတစ်ဝှမ်း အရှိန်မြှင့် လုပ်ဆောင်နေမှုတွေ၊ ဆင်းရဲချမ်းသာ ကွာဟချက်ကြီးမားလာတာတွေ စသဖြင့် အများအပြားဖြစ်ပေါ်နေပါတယ်။ တိုင်းပြည်ရဲ့ စီိးပွားရေးပြုပြင်ပြောင်းလဲမှု အတွက် ပြည်သူတစ်ရပ်လုံး လုံခြုံငြိမ်းချမ်းစွာနေထိုင်နိုင်ခြင်းရှိမရှိ အပေါ်မှာ အထူးမူတည်နေတာကြောင့် –  အဲ့ဒီပြဿနာများကို နိုင်ငံတော်မှ ဘယ်လိုဖြေရှင်း ကိုင်တွယ်ဆောင်ရွက်နေပါသလဲ ဆိုတာ ကျေးဇူးပြုပြီးဖြေကြားပေးပါခင်ဗျာ ” ။

    “ ဟုတ်ကဲ့ ။ ကျွန်တော် အခုန ပြောခဲ့သလိုပဲ လူမှု စီးပွားတိုးတက်ဖွံ့ဖြိုးရေးအတွက် အခန်းကဏ္ဍတွေ အများကြီိး ပါဝင်တယ်။ ဒီလိုထောင့်ပေါင်းစုံက အခက်အခဲအများကြီိးတွေကို တစ်ခါတည်း ဖြေရှင်းနိုင်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ နိုင်ငံအသီိးသီိးတွေမှာလဲ ကိုယ်စီိပြဿနာတွေ ရှိနေကြတာပါပဲ။ …. ”

    လို့ဆိုပြီး ၀န်ကြီးဦးဆက်အောင်က တိုက်ရိုက်ဖြေကြားမှု မရှိဘဲ အခြားဖက်ကို လမ်းကြောင်းလွှဲသွားပါတယ်။ နိုင်ငံ့စီးပွားရေးပြန်လည်ပြုပြင်ဆောင်ရွက်ရာမှာ အစိုးရအနေနဲ့ ပြည်သူတွေ အတွက် ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးကို ဘယ်လိုနည်းလမ်းနဲ့တည်ဆောက်ပေးမလဲဆိုတဲ့အချက်ကို အဖြေမပေးဘဲ ရှောင်ထွက်သွားခဲ့ခြင်း ဖြစ်ပါတယ်။

    ဒီမေးမြန်းဖြေကြားချက်ကို  http://www.youtube.com/watch?v=lLKjlweWOWE  ဆိုတဲ့ Video Link မှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။

    ဆွေးနွေးမှုဒုတိယပိုင်း (11:30 AM to 1:00 PM) Session မှာ  Australian National University က သုတေသီ Nicholas Farrelly ၊ RNDP ပါတီက အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော၊ Seng Maw Lahpai တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြတယ်။ ပရိသတ်များကတော့ အထက်ဖော်ပြပါအတိုင်းပါဘဲ။

    အဲ့ဒီနောက် “ ကိုသိန်းမိုးဝင်း ” အနေနဲ့ ထပ်မံပါဝင်တင်ပြ အကြံပြုသွားပုံက သတိပြုမှတ်သားစရာလေး ဖြစ်ခဲ့ရပါတယ်။

    “ Niccholas Farrelly ရဲ့  မြန်မာပြည်ထဲက “ Ethnic Conflict ” – လူမျိုးရေးပဋိပက္ခ ကိစ္စ ဆွေးနွေးသွားခဲ့မှုနဲ့ ပက်သက်ပြီိး ကျွန်တော့်အနေနဲ့ Nick ကို တစ်ခုလောက် မေတ္တာရပ်ခံ လိုတာက –  မြန်မာပြည်မှာ ဘာသာရေး ပဋိပက္ခ ပြဿနာဖြစ်နေတာကိုလဲပဲ ကျေးဇူးပြုပြီိး ကြည့်မြင်ပေးဖို့လိုအပ်ပါတယ်။ မြန်မာပြည်မှာ လွန်ခဲ့တဲ့ နှစ် (၅၀) ကတည်းက  “ ခွဲခြား အုပ်ချုပ်ရေး မူဝါဒ ” နည်းလမ်းနဲ့ မြန်မာပြည်ကြီိးကို အုပ်ချူပ်ခဲ့ကြတယ်။ ကျွန်တော်တို့ဆီမှာ ဗုဒ္ဓဘာသာဝင်က လူများစု ဖြစ်ပြီး ခရစ်ယာန်၊ ဟိန္ဒူ နဲ့ မွတ်စ်လင်မ်တွေက လူနည်းစု ဖြစ်ကြတယ်။ လူနည်းစု လူများစု အခြေအနေအပေါ် ခွဲခြား- အုပ်ချူပ် -ဆက်ဆံခဲ့ကြတယ်။  ခရစ်ယာန် ဘာသာဝင်အလွန်များတဲ့ ကချင်ပြည်နယ်ထဲ လက်ရှိဖြစ်နေတဲ့ ပြဿနာဟာ ဒီအုပ်ချုပ်ရေး မူဝါဒရဲ့အကျိုးဆက်ပါဘဲ။

    ဒီိ  “ ခွဲခြား-အုပ်ချူပ်-ဆက်ဆံရေး ” မူဝါဒအရ – မိမိတို့ရဲ့ နိုင်ငံသားမှတ်ပုံတင် ကဒ်ပြားမှာ “ လူမျိုး နဲ့ ကိုးကွယ်တဲ့ဘာသာ ” ကို ဖော်ပြရပါတယ်။ တကယ်လို့ လူမျိုးက ဗမာ နဲ့ ဘာသာက ဗုဒ္ဓ ဖြစ်ခဲ့ရင် အဲ့ဒီလူဟာ လူများစု စာရင်းဝင်ဖြစ်တဲ့ အတွက် လုံခြုံမှုရှိပါတယ်။ တကယ်လို့များ ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်စ်လင်မ် ဆိုတဲ့ လူနည်းစုဝင်တွေဖြစ်နေမယ် ဆိုရင် နှိပ်ကွပ်ညှင်းပန်းမှု၊ ခွဲခြား ဆက်ဆံမှုတွေ ခံကြရပါတယ်။ လက်ရှိကာလအထိ ဒီပုံစံအတိုင်း ကျင့်သုံးနေကြပါတယ်။

    အလားတူစွာပဲ  မြန်မာမွတ်စ်လင်မ်များကို “ ကုလား ” လို့ ခေါ်ဝေါ်ကြတယ်။  ကုလားဆိုတဲ့ ဒီိစကားလုံးဟာ မြန်မာမွတ်စ်လင်မ်လူနည်းစုတွေကို  “မင်းတို့ဟာ ကူးပြောင်း လာရောက်နေထိုင်တဲ့ နိုင်ငံခြားသားတွေသာဖြစ်တယ်။ ဒီနိုင်ငံက ထွက်သွားကြ ” ဆိုတဲ့သဘောမျိုးနဲ့ နှိမ့်ချဖိနှိပ် သုံးနှုန်းတဲ့ဝေါဟာရ ဖြစ်တယ်။ လူကြီးမင်းပြောတဲ့ မြန်မာနိုင်ငံရဲ့ စီိးပွားရေး၊ နိုင်ငံရေး၊ ဒီိမိုကရေစီိအရေး တိုးတက်ပြုပြင်ပြောင်းလဲမှုများထဲမှာ မြန်မာမွတ်စ်လင်မ်တွေရဲ့အကျိုးပြုချက်အခန်းကဏ္ဍကို လျစ်လျူရှုထားလို့ မရစကောင်းပါ။ မြန်မာ မွတ်စ်လင်မ်တွေဟာ ရှေးယခင် မင်း အဆက်ဆက်ကတည်းက သာမက၊ လွတ်လပ်ရေး မရချိန်နဲ့ရရှိပြီးချိန် အပြင် ၊ ဒီနေ့ထက်တိုင် နိုင်ငံတော် တည်ဆောက်ရေးနဲ့တိုင်းကျိုးပြည်ပြု လုပ်ငန်း ကဏ္ဍတိုင်းမှာ ပါဝင်ခဲ့ကြပါတယ်။ ပေးဆပ်ခဲ့ကြတယ်။

    ဒါပေမယ့် အခုအချိန်ကျမှ နိုင်ငံတစ်ဝှမ်းမှာ မြန်မာမွတ်စ်လင်မ် မုန်းတီိး ဆန့်ကျင်ရေး လုပ်ရပ်တွေ အရှိန်မြင့်စွာ ပြုလုပ်လာကြတယ်။  “ အသင်တို့ဟာ နိုင်ငံသားမဟုတ်၊ တိုင်းတစ်ပါးသားတွေသာ ဖြစ်တယ် ” စသဖြင့် ဟစ်အော်ကြွေးကြော်နေကြတယ်။ အသိတရားနိမ့်ကျလွန်းတဲ့  အစွန်းရောက် အုပ်စုတစ်ချို့က “  ဒီ ၂၁ ရာစုမှာ မြန်မာပြည်ကို မွတ်စ်လင်မ်တွေက သိမ်းပိုက်မယ်ဆိုပြီး ဒီိကုလားတွေက ၇၈၆ လို့ သုံးနှုန်းနေကြတာ ၊ ဒါ့ကြောင့် ငါတို့က သူတို့ကို အပျောက်ရှင်းမှရမယ် ” ဆိုပြီး အမုန်းတရား သွတ်သွင်းလှုံ့ဆော်နေကြပါတယ်။ ဒါဟာ အခြေအမြစ် မရှိ အဓိပ္ပါယ်မဲ့ စွပ်စွဲချက် ဆိုတာ အလွယ်တကူ သိရှိနိုင်ပါတယ်။  တိုင်းပြည် မငြိမ်မသက်ဖြစ်လာအောင်  ဒီိလိုမျိုး ဖန်တီိးနေကြတာကြောင့်  (ဆင်းရဲ၊ ချမ်းသာမရွေး) သာမန်ပြည်သူ လူထုတွေဟာ နောက်တစ်နေ့ဘာဖြစ်လာတော့မလဲ ဆိုပြီး ကျီးလန့်စာစား ဘ၀ ရောက်နေကြရပါပြီ။ စိတ်ဖိစီးမှုတွေ  နေ့စဉ်နှင့်အမျှ ခံစားနေကြရပါပြီ။ ဒီလို ကိစ္စမျိုးတွေဟာ အတိတ် ကာလတုန်းကရော ယခုအချိန်မှာပါ တိုင်းသူပြည်သားအချင်းချင်းအကြား  လူများစု – လူနည်းစု ခွဲခြားအုပ်ချူပ် ဆက်ဆံရေး စံနစ်ရဲ့ ရလဒ် ရုပ်လုံးဖြစ်ပါတယ်။  ဒီိစံနစ်ကြီိး ပပျောက်သွားအောင် ( ပြည်သူတစ်ရပ်လုံး တစ်ပြေးညီအခွင့်အရေးရလာအောင် ) နိုင်ငံတော်အစိုးရက ထိထိရောက်ရောက် လုပ်ဆောင်ဖို့ အထူးပဲလိုအပ်ပါတယ်။ ဒီလိုပြုလုပ်မှသာ  ကျွန်တော်တို့  ပြောပြောနေကြတဲ့ မြန်မာနိုင်ငံရဲ့စီိးပွားရေး တိုးတက်ပြောင်းလဲရေး၊ စစ်မှန်တဲ့ ဒီိမိုကရေစီိစံနစ် ဖော်ဆောင်ရေး ဖြစ်ပေါ်လာနိုင်မယ့်အကြောင်း ပြောကြားရင်း နိဂုံးချူပ်အပ်ပါတယ် ခင်ဗျား ” ။

    တက်ရောက်လာကြတဲ့ပရိသတ်များအကြား လက်ခုပ်သံမစဲ လျှံထွက်သွားခဲ့ပါတယ်။

    ဒီတင်ပြဆွေးနွေးချက်ကို  http://www.youtube.com/watch?v=V4l_0pLse8M  ဆိုတဲ့ Video Link မှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။

  • ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဟောပြောပွဲ မန္တလေးမြို့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ

    မတ်လ ၁၉၊ ၂၀၁၃
    M-Media
    သတင်း- ပသီဆောင်းနှင်းမှုံ

    မန္တလေး ။       ။  ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဟောပြောပွဲ အခမ်းအနားကို  မတ်လ ၁၉-ရက်နေ့က မန္တလေးမြို့ Oriental House ခန်းမ၌ နံနက်(၈)နာရီတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
    Mdy Peace

        အဆိုပါအခမ်းအနားသို့  ဘာသာပေါင်းစုံ ကိုယ်စားပြု ဆရာတော်များ၊ ပညာရှင်များ၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ကျောက်ဆည်၊ စစ်ကိုင်း အစရှိသည့် အနယ်နယ် အရပ်ရပ်မှ ဧည်သည်တော်များတက်ရောက်ခဲ့ကြပြီး၊ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူ လည်း တက်ရောက်သူများတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

    အဆိုပါအခမ်းအနားတွင် တောင်ထီးလင်းတိုက် ဆရာတော်ဘုရားကြီး၊ မဟာမြိုင် ဆရာတော်ဘုရားကြီးနှင့် ရွှေကိန္နရီ ဆရာတော်ဘုရားကြီးမှ သြ၀ါဒ ကထာချီးမြှင့်ခြင်း၊ အလ်ဟာဂ်ျ ခလီဖွှာဟ် ဦးအေးလွင် – ကာဒရီယာ အာလီယာ (အစ္စလာမ်ဓမ္မဗိမာန်)မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အလ်ဟာဂ်ျ ခလီဖွှာဟ် ဦးသိန်းဝင်းအောင် (ဦးစီးရှေ့ဆောင် – KAFTG ဃရာနာ အစ္စလာမ်သာသနာ ပရမတ္ထ မိသားစု အဖွဲ့ကြီးမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ခရစ်ယာန်သာသနာ ဂိုဏ်းပေါင်းစုံ ဥက္ကဌ သိက္ခာတော်ရ ဆရာ ဦးကျော်ရွှေ မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ဘဟာအီ သာသနာမှ ဦးမြင့်ဆွေ မှ နှုတ်ခွန်းဆက်စကားပြောကြားကြပြီး သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းမှ ပေးပို့သော သ၀ဏ်လွှာကို Myanmar Peace Centre ဥက္ကဌ ဦးနေမျိုးမောင်မောင်မှ ဖတ်ကြားခဲ့ကြောင်း၊ မလေးရှား ၀န်ကြီးချုပ်ရုံးမှ ပေးပို့သော သ၀ဏ်လွှာကို Malaysian Relief Agency မှ မြန်မာပြည် ဌာနေကိုယ်စားလှယ် ဦးရှိုင်းဝင်းမှ ဖတ်ကြားခြင်း၊ အလ်ဟာဂ်ျ မွဖ်သီ ဒေါက်တာ ဦးမြင့်သိန်းမှ နှုတ်ခွန်းဆက် စကားပြောကြားပြီး၊ မြ၀တီ ဆရာတော်ဘုရားကြီးမှ သြ၀ါဒ ကထာချီးမြှင့်ပြီးနောက် အခမ်းအနား ပြီးဆုံးကြောင်း ကြေငြာခဲ့ကြောင်း သိရသည်။

    သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်မင်း ပေးပို့သော သ၀ဏ်လွှာကို Myanmar Peace Centre ဥက္ကဌ ဦးနေမျိုးမောင်မောင်မှ ဖတ်ကြားရာတွင် “လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ဖော်ဆောင်ခြင်းနှင့် တပြိုင်နက်ထဲမှာပဲ ဘာသာရေးကိုးကွယ်ယုံကြည်မှု နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တို့အကြား တည်ရှိနေတဲ့ နက်နဲသိမ်မွေ့တဲ့ ဆက်သွယ်ပတ်သက်မှုတွေကို အခွင့်ကောင်းယူပြီး  ယခုလို ထိလွယ် ရှလွယ် နုနယ်သေးတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလမှာ ဘာသာရေးကို လက်နက်တစ်ခုသဖွယ် နိုင်ငံရေးမှာ အသုံးချခြင်းကို ဘာသာပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံက အတူတကွ လက်တွဲကာ အထူးသတိပြုပြီး အစွန်းမရောက်စေဖို့ အားလုံးက ထိန်းသိမ်းကာကွယ်ရမှာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့ မြို့တိုင်း နယ်တိုင်းမှာ ဗုဒ္ဓဘာသာဝင်များရဲ့ ကျောင်းကန်၊ စေတီ၊ ပုထိုးတွေ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်းတွေနဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ ဗလီတွေ၊ သဟာအီသာသနာ့ရိပ်သာတွေ နှစ်ပေါင်းများစွာ အတူ ယှဉ်တွဲ တည်ရှိနေတာဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်ယူစရာ ၀ိသေသတစ်ခု ဖြစ်တဲ့အပြင် ဒီမိုကရေစီ စံနှုန်းတစ်ခုဖြစ်တဲ့ မတူညီမှုတွေကို နားလည် လက်ခံပြီး အတူယှဉ်တွဲ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်းကို သက်သေထူနိုင်တဲ့ ပြယုဂ် တစ်ခုလည်းဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း တစ်လျောက်ကို ပြန်ပြောင်းကြည့်မယ်ဆိုရင်လည်း အမျိုးသားရေးအတွက် အရေးကြီးတဲ့ အချိန်တိုင်းမှာ လူမျိုးစွဲ၊ ဘာသာစွဲတွေကို ကျော်လွန်ပြီး နိုင်ငံအကျိုး ပြည်သူလူထုအကျိုးကို ရှေ့တန်းတင်ပြီး လက်တွဲဆောင်ရွက်ခဲ့တဲ့ သာဓကတွေ အများအပြားရှိခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာလဲ သဘာဝဘေးအန္တရာယ်တွေ တွေ့ကြုံတဲ့အခါမှာ သာမက ကျန်းမာရေး၊ လူမျိုးရေး နှင့် ပညာရေး အဖွဲ့အစည်းတွေဟာ ဆင်းရဲဒုက္ခရောက်နေတဲ့၊ အကူအညီတွေ လိုအပ်နေတဲ့ ပြည်သူတွေကို စွမ်းစွမ်းတမံ ကူညီစောင့်ရှောက်ကြတာ ကျွန်တော်တို့ မျက်မြင် ကိုယ်တွေ့ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ငြိမ်းချမ်းရေး သ၀ဏ်လွှာအား ဖတ်ကြားခဲ့ပြီးနောက် ဘာသာပေါင်းစုံမှ အကြီးအကဲများမှ ညီညွှတ်ရေး ငြိမ်းချမ်းရေး တရားတော်များ ဟောကြားခြင်း၊အစ္စလာမ် ဘာသာမှ အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင်၊ ဒေါက်တာ ဦးမြင့်သိန်း၊ ဂရာနာ မိသားစုမှ ခလီဖွာ ဦးသိန်းဝင်းအောင်တို့မှ အစ္စလာမ်အပေါ် အမြင်စောင်းနေသော ဂျေဟာဒ် အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြ၀တီ မင်းကြီးကျောင်းတိုက်မှ ဆရာတော် ဘုရားကြီးမှလည်း တစ်ဘက်နဲ့ တစ်ဘက် အမြင်မှားနေသည့် ကိစ္စရပ်များအား ယခုလို ရှင်းလင်း ပြောကြားခဲ့ခြင်းအား ကြိုဆိုကြောင်း၊ အများ အမြင်မှားနေသည့် ဂျိဟာဒ် အကြောင်းကို သိရတဲ့အတွက် ၀မ်းသာကြောင်း မိန့်ကြားပြီးနောက်  အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

    မန္တလေးမှ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအခမ်းအနား ကျင်းပရေးတွင် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမောင်မောင်(ရွှေကရ၀ိတ်)ထံ ဆက်သွယ်စုံစမ်းရာ“အခမ်းအနားပြီးရင် ပထမ အစီအစဉ်က သံဃာတော်တွေကို ဗလီတွေကို လိုက်လံပြသဖို့ပါ။ဒါပေမယ့် ဆရာတော်ကြီးတွေလည်း  သွားစရာတွေ ရှိနေတာကြောင့်ရော၊ ဆရာတော်ဝီရသူ ကလည်း သွေးလှူပွဲရှိတာကြောင့် လိုက်မကြည့်ဖြစ်ကြတော့ဘူး။ ဆရာတော်ဝီရသူကိုတော့ ဆရာတော်အနေနဲ့ အချိန်မရွေး ဗလီထဲဝင်ကြည့်ချင်တယ်လို့မိန့်ကြားနိုင်ကြောင်း လိုက်လံပြသပေးမည်ဖြစ်ကြောင်း လျှောက်ထားလိုက်ပါတယ်။ အခြားသော သံဃာတော်တွေက မန္တလေးမှာဆရာတော်တွေနေတာ ဗလီထဲမှာ ဘာတွေရှိတယ်ဆိုတာကို အကုန်သိတယ် လိုက်ကြည့်နေစရာမလိုဘူးဟု ပြန်လည်မိန့်ကြားခဲ့ပါတယ်။ အခမ်းအနားကျင်းပနေတုန်းမှာ ၉၆၉ စတေကာကပ် သံဃာတော် ၃-ပါး ၄-ပါး ခန်းမထဲကိုဝင်ကြည့်တယ်။ ထိုသံဃာတော်တွေကို ကျွန်တော်တို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ် သူတို့ကိုစင်မြင့်ပေါ်မှာ အခြားဆရာတော်တွေနဲ့အတူ နေရာပေးတယ်။ ပြီးနောက် တက်ရောက်လာသော သံဃာတော်နှင့်အတူ ဆွမ်းစားပြီးပြန်သွားပါတယ်။ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ အနေနဲ့လည်း အခမ်းအနားကို ပြသနာ တစ်စုံတရာ မရှိ အောင်မြင်စွာ ကျင်းပနိုင်တဲ့အပေါ် သူတို့တွေကလည်း ကျွန်တော်တို့ကို ယုံကြည်သွားတယ်။ ရန်ကုန်ကနေ တက်ရောက်လာတဲ့ သူတွေကလည်း ကျွန်တော်တို့ မန္တလေးမှာ ရဟာန်းသံဃာတော်တွေနဲ့ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေနဲ့ ချစ်ချစ်ခင်ခင် နေထိုင်ကြတာကို အခုလိုပွဲမျိုး ကျင်းပနိုင်တာကို ၀မ်းသာကြောင်း” M-Media ကို ပြောပြလာပါတယ်။

    အဆိုပါအခမ်းအနားသို့ သံဃာတော် အပါး၄၀ ၊ လူအင်အား စုစုပေါင်း ၃၅၀ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

  • ဘာသာရေး၊ လူမျိုးရေး နှိပ်ကွက်မှုများ ဆွေးနွေးမည့် CHRO (ချင်း)အဖွဲ့၏ ပြည်ပခရီးစဉ်

    မတ်လ၊ ၁၈ ၊ ၂၀၁၃
    M-Media

    rpchro
    ယခုရက်သတ္တပတ်အတွင်း ချင်းအမျိုးသား လူ့အခွင့်အရေးအဖွဲ့ – The Chin Human Rights Organization (CHRO) သည် အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီမှ လွှတ်တော်အမတ်များ၊ ဥပဒေပြုအဖွဲ့ဝင်များ၊  အရာရှိများနှင့် ရက်ရှည်ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်သွားမည်။

    CHRO အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ၌ ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးတို့လက်ရှိ ရင်ဆိုင်နေရသော ဘာသာရေးပြဿနာများကို အထောက်အထားများနှင့် တစ်ကွ တင်သွင်းဆွေးနွေးမည် ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ ခရစ်ယာန်ဘာသာဝင် ချင်းတိုင်းရင်းသားတို့အပေါ် မတရား ဆက်ဆံခံရမှုများအကြောင်း မှတ်တမ်းတင်ထားသော “ ကျွန်ုပ်တို့ဌာနီမှ ခြိမ်းချောက်ခံရမှုများ ” အမည်ရှိ အစီရင်ခံစာ စာတမ်းဖြင့် အခြေပြုဆွေးနွေးကြမည်။

    ထို့ပြင် ယင်းရက်သတ္တပတ်ကြာ အမေရိကန်ခရီးစဉ် အတွင်း နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ဌာနအဖွဲ့ဝင်များနှင့် လည်းကောင်း၊ အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့အစည်းများနှင့် လည်းကောင်း တွေ့ဆုံရန် ရှိသည်။

    လွန်ခဲ့သောလက ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ နှင့် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ အခြား အာဏာပိုင်များထံ ချင်းပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်လက်ဖြစ်ပေါ်နေကြောင်း CHRO ကိုယ်စားလှယ်အဖွဲ့မှ တင်ပြခဲ့ကြသည်။

    CHRO မှ တင်ပြသည့်အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏လက်ရှိ အစိုးရသစ်လက်ထက်၌ ခရစ်ယာန်တို့အထွဋ်အမြတ်ထားရာ လက်ဝါးကပ်တိုင် သင်္ကေတကြီး လေးခုထက်မနည်း ဖျက်ဆီးခံရခြင်း၊ ချာ့ခ်ျနှင့်ဘာသာရေး အဆောက်အဦများ ဆောက်လုပ်ခွင့်ကို ပိတ်ပင်ကန့်သတ်ခြင်း၊ ဒေသတွင်းရှိ ပညာသင်ကျောင်း တစ်ခုမှ ချင်းကလေး သူငယ်များအား ဗုဒ္ဓဘာသာဝင် အဖြစ် အလိုမတူ အဓမ္မသွတ်သွင်းကြခြင်း အကြောင်းအရာတို့ ပါဝင်သည်။

    မြောက်အမေရိကသို့ထွက်ခွာမည့်ခရီးစဉ်နောက်ဆုံးအဆင့်တွင် CHRO အသင်းသည် အဖွဲ့ပေါင်းစုံမှ MP များနှင့်လည်းကောင်း၊ ရှေ့လာမည့် အပတ်တွင် ကနေဒါရှိ The Canadian International Development Agency မှ ကိုယ်စားလှယ်များနှင့်လည်းကောင်း တွေ့ဆုံရန် စီစဉ်ထားသည်။

    ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်အခြေစိုက် ချင်းအမျိုးသား ချာ့ခ်ျများ၊ ချင်းလူမျိုးလူ့အသိုင်းအ၀ိုင်းများကိုတွေ့ဆုံ၍ မြန်မာနိုင်ငံရှိ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့် နှင့် တွေ့ရှိချက်အကြောင်းအရာများအား အသိပေးတင်ပြသွားမည်ဖြစ်သည်။

    သို့သာမက ချင်းတိုင်းရင်းသားတို့အပေါ် ဘာသာရေး၊ လူမျိုးရေးအခြေခံ ရည်ရွယ်ချက်ရှိရှိခွဲခြားနှိမ့်ချဆက်ဆံမှုအကြောင်းကို မတ်လ ၁၉ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ လူ့အခွင့်အရေးဆိုင်ရာ ဥရောပပါလီမန်ဆပ်ကော်မတီထံသို့ ထွက်ဆိုတင်ပြသွားရန် CHRO မှ သီးသန့်ပြင်ဆင်ထားပါသည်။

    Ref: http://www.chinlandguardian.com

  • ကမ္ဘာ့ပထမဆုံး သိပ္ပံပညာရှင် – အိဗ်နု အလ် ဟိုင်သမ် (Alhazen)

    မတ်လ ၊ ၁၉ ၊ ၂၀၁၃
    M-Media
    စုစည်းတင်ပြသူ – ဂျူလိုင်ရဲရင့်

    ကမ္ဘာကျော် မွတ်စလင်များ ကဏ္ဍ

    ibn_al-haythamအတိတ်ခေတ်က မွတ်စ်လင်မ်သိပ္ပံပညာရှင်တွေအကြောင်းကို လေ့လာကြည့်လိုက်ပါ။ သူတို့ရဲ့ ထက်မြက်မှု၊ ကျွမ်းကျင်လိမ္မာစွာ အကောင်အထည်ဖော်မှု၊ ပညာမျှဝေပေးမှုတွေက ကမ္ဘာကြီးကို ခေတ်မှီသွားစေတာကို တအံ့တသြကြီး တွေ့ကြရပါလိမ့်မယ်။ သူတို့ တစ်ဦးချင်းစီဟာ ဒီနေ့ခေတ်ကာလ နဲ့ သူတို့ခေတ်ကာလကို ကမ္ဘာ့အပြောင်းအလဲဖြစ်သွားစေတဲ့ အမွေတစ်ရပ်စီ ထားရစ်ပေးခဲ့ကြတယ်။ ဒီလို သမိုင်းမှတ်တိုင်ထူခဲ့ကြတဲ့သူတွေထဲက သိပ္ပံပညာရှင်တစ်ဦးရှိတယ်။ သူကတော့ စူးစမ်းတီထွင်ပညာရှင်ကြီး အိဗ်နု အလ် ဟိုင်သမ် ( ၉၆၅ – ၁၀၄၀) ပါဘဲ။

    အဘ္ဘာစစ် ခလီဖာမင်းဆက်ကာလ၊ အီရတ်နိုင်ငံက ဘဆ်ွရာမြို့မှာ သူ့ကို မွေးဖွားခဲ့တယ်။ ဘဂ္ဂဒက်မြို့မှာ ပညာ့ဗိမာန် တည်ထောင်ပြီး နှစ်ပေါင်း ၁၀၀ နီးပါးမှာပေါ့။ သူ့ဘ၀အစောပိုင်းမှာ အဲ့ဒီအချိန်က မွတ်စ်လင်မ် ကမ္ဘာမှာရှိနေတဲ့ လေ့လာရေး၊ တိုးတက်ရေး ယဉ်ကျေးမှုတွေကို တော်တော် အထင်ကြီးခဲ့တယ်။ အစ္စလာမ့်ရေးရာပညာရပ်တွေသင်ကြားပြီး သိပ်မကြာခင် ဘဆ်ွရာရဲ့ မြို့တော်ဝန် ဖြစ်လာခဲ့တယ်။ မြို့တော်ဝန်ဘ၀မှာလဲ သူဟာ သိပ္ပံနဲ့အခြား လက်တွေ့ကျတဲ့ဒဿနိကဗေဒ ဘာသာရပ်တွေကို လေ့လာ မပျက်ခဲ့ပါဘူး။ ဒါပေမယ့် သူဟာ မွတ်စ်လင်မ်ဒေသ တစ်နေရာရောက်သွားပြီး ပြင်ပလောကနဲ့ခေတ္တ အဆက်ပြတ်သွားရာကနေ ကြီးကျယ်မှုတွေ ပွင့်ထွက်လာပါတော့တယ်။

    အီဂျစ်ပြည်ရောက် အိဗ်နု အလ် ဟိုင်သမ်

    သူ ဘဆ်ွရာမြို့တော်ဝန်ဖြစ်နေချိန် အီဂျစ်ပြည်မှာ ဖာသွိမိုဒ် ခလီဖာ က အလ် ဟကီးမ် ဖြစ်တယ်။ သူဟာ အီရတ်က စွန္နီမွတ်စ်လင်မ် အဘ္ဘာစစ်မင်းတွေရဲ့ ပြိုင်ဖက် အစ္စမာအီလီ ရှီအဟ် ခလီဖာခေါင်းဆောင် ဖြစ်တယ်။ အလ် ဟကီးမ်က အိဗ်နု အလ် ဟိုင်သမ်ဟာ နိုင်းလ်မြစ်ကို ပိတ်ဆို့နိုင်တဲ့ အကြံကောင်း ရှိနေတယ်လို့ ကြားရတယ်။ သူဟာ ရှေ့နောက်မညီ အငြင်းသန်လွန်းသူတစ်ဦး၊ ရှီအဟ်ဝါဒအစဉ်အလာကနေခွဲထွက်လာတဲ့ အစ္စမာအီလီဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်ပေမယ့် မိမိနယ်မြေအတွက် အကျိုးပြုသူမှန်သမျှကို လက်ကမ်းကြိုဆိုတတ်သူဖြစ်တယ်။ နိုင်းလ်မြစ်ကို ပိတ်မယ့်အတွေးအမြင်နဲ့ပတ်သက်ပြီး ချဉ်းကပ်ဖို့ အလ် ဟကီးမ်က အိဗ်နု အလ်ဟိုင်သမ်ကို အီဂျစ်လာဖို့ ဖိတ်ခေါ်ခဲ့တယ်။ အလ်ဟိုင်သမ်ဟာ နိုင်းလ်မြစ် တစ်လျှောက် လေ့လာပြီးတဲ့အခါ အဲ့ဒီခေတ်ကာလက နည်းပညာနဲ့ အထမြောက်အောင်ဆောင်ရွက်လို့မဖြစ်နိုင်ကြောင်း ရိပ်စားမိသွားတယ်။ ဒါက ပြဿနာ တက်ရပါပြီ။ အလ် ဟကီးမ်ဟာ အဆင်ခြင်မဲ့ ရက်စက်တတ်သူ ၊ စိတ်မမှန်ဘဲ ရူးသွပ်စွာပြုမူဆက်ဆံတတ်သူလို့ ကျော်ကြားတယ်။ ဒီတော့ သူ့အန္တရာယ်ကလွတ်အောင်
    အလ်ဟိုင်သမ်ဟာ အဲ့ဒီပုဂ္ဂိုလ်ထက် ပိုပြီး ရူးနှမ်းသူအဖြစ် ဟန်ဆောင်ပစ်လိုက်တယ်။ အဲ့ဒီလို ရဲရဲတောက် ရူးချင်ယောင်ဆောင်လိုက်တဲ့အခါ အသက်ဘေးက သီသီလေး လွတ်သွားရပေမယ့် ကိုင်ရိုမြို့မှာ အကျယ်ချုပ်အကျဉ်းစံဘ၀ ရောက်သွားခဲ့တယ်။ အဲ့ဒါ အလ်ဟိုင်သမ်ရဲ့ နောက်ဆုံး ဘ၀သက်တမ်း ၁၀ နှစ်ပါဘဲ။

    ထက်မြက်လှတဲ့ သိပ္ပံပညာရှင်ကြီးဟာ အဲ့ဒီ ၁၀ နှစ်တာကာလကို ဒုက္ခလို့ မမြင်ခဲ့ဘူး။ သူလုပ်ချင်နေတဲ့ သူ့ရဲ့သုတေသနအလုပ်တွေကို ငြိမ်းချမ်းစွာ တိတ်တဆိတ်လုပ်ခွင့် ရသွားလို့လေ။ အဲ့ဒီအတော အတွင်း အလင်းနဲ့ပတ်သက်ပြီး စူးစူးစိုက်စိုက် လေ့လာပါတော့တယ်။ အလင်း /အလင်းရောင်ဆိုတာ ဘာလဲ၊ ဘယ်လို လုပ်ဆောင်ချက်တွေရှိလဲ၊ အရာဝတ္ထုတွေကို လူသားတွေက ဘယ်ပုံဘယ်နည်းနဲ့မြင်တွေ့ရတာလဲ ဆိုပြီး သူ သိချင်ခဲ့တယ်။ သူ့ရဲ့လေ့လာမှုနဲ့ရှာဖွေတွေ့ရှိမှုတွေဟာ အပြောင်းအလဲတစ်ရပ်သာဖြစ်ပေမယ့် သူ သုတေသနပြုလိုက်တဲ့လမ်းကြောင်းဟာ အကြီးမားဆုံး အထောက်အကူပြုပညာရပ်ကြီးတစ်ရပ် ဖြစ်သွားခဲ့ပါတယ်။

    သိပ္ပံနည်းကျ ပညာရပ်

    ဘယ်အရာမဆို သက်သေပြချက်ရှိရမယ်ဆိုတဲ့အချက် ကနေ့သိပ္ပံပညာသင်ကြားသူတိုင်း နားလည်ထားပြီးသားပါ။ လက်တွေ့စမ်းသပ်ချက် မပါဘဲ ယူဆချက်သက်သက်ကိုသာ အခြေခံပြီး သိပ္ပံဆိုင်ရာ သီအိုရီများကို ဖော်ထုတ်တင်ပြလို့ မရနိုင်ပါဘူး။ အိဗ်နု အလ်ဟိုင်သမ်ရဲ့ အလျင်က ဒီအချက်ဟာ အရေးပါအရာရောက်မှု မရှိခဲ့ပါဘူး။ ရှေးခေတ် ဂရိတွေရဲ့ သိပ္ပံအတွေးအခေါ်တွေက အားကောင်းနေခဲ့တယ်။ ဂရိတွေဟာ သိပ္ပံ အချက်အလက်ကို ဆင်ခြင်တုံတရားအားဖြင့် ရှာဖွေနိုင်တယ် သို့တည်းမဟုတ် နတ်ဘုရားတွေရဲ့ ဆောင်ရွက်ပေးမှုလို့ယုံကြည်ခဲ့ကြတယ်။ ဒါကို အိဗ်နု အလ်ဟိုင်သမ် ကောင်းကောင်းနားလည်ထားပါတယ်။ ဒီကြားထဲကနေ အချက်အလက် အသစ်တစ်ရပ်အတွက် သက်သေပြချက်ပေးနိုင်ရမယ် ဆိုတဲ့ သိပ္ပံနည်းကျပညာရပ်အဆိုကို ချပြခဲ့တာကတော့ ရာဇ၀င်မှာ အိဗ်နု အလ်ဟိုင်သမ်က ပထမဆုံးသောသိပ္ပံပညာရှင် ဖြစ်ခဲ့တယ်။

    ဒီလို သိပ္ပံနည်းကျပညာရပ်သမိုင်းနဲ့ပတ်သက်လာယင် ကနေ့ခေတ် အနောက်တိုင်းသင်ရိုးစာအုပ်တွေထဲမှာ မဆိုစလောက်လေးသာဖော်ပြ တတ်ကြတယ်။ ရှေးဂရိ အတွေးအခေါ်တွေကိုသာ ပုံကြီးချဲ့ထားကြတယ်။ ခေတ်သစ်သိပ္ပံဟာ ရော်ဂျာဘေကဲန်၊ ဂလီလီယို ဂါလီလေး နဲ့ အိုင်းဇက် နျူတန် တို့ကြောင့် ဖြစ်လာသယောင်ယောင်နဲ့ပေါ့။ သူတို့မေ့လျော့နေတဲ့ အမှန်တရားတစ်ခုရှိတယ်။

    အဲ့ဒါကတော့ အဲ့ဒီ ဥရောပသားပညာရှင်တွေဟာ အိဗ်နု အလ်ဟိုင်သမ် (နဲ့အခြား မွတ်စ်လင်မ်သိပ္ပံပညာရှင်တွေ)ရဲ့ ပုခုံးပေါ်တက်ရပ်ခြင်းဆိုတဲ့ အကြောင်းပါ။ (တစ်နည်းဆိုရယင် စိန်နားကပ်ရောင်နဲ့ ပါးပြောင်ကြတာပါ)။ တကယ်လို့သာ သက်သေပြနိုင်မှသိပ္ပံသီအိုရီများ ဖြစ်တယ် ဆိုတဲ့ သူ့အိုင်ဒီယာ မရှိလာခဲ့ယင် – အခြေခံသိပ္ပံဆိုတာက ရမ်းတုပ်မှန်းဆမှုတွေ၊ အယူသည်းမှုတွေ၊ သက်သေပြမရတဲ့ဒဏ္ဍာရီတွေဖြစ်နေတဲ့ ခေတ်ဆွေးကြီးထဲ ကျွန်တော်တို့အားလုံး နေထိုင်နေကြရဦးမှာ မလွဲပါဘူး။

    စက္ခုဗေဒကျမ်း

    အိဗ်နု အလ်ဟိုင်သမ်ဟာ သူရဲ့သိပ္ပံဆိုင်ရာတော်လှန်ရေးအမြင်ကို အသုံးပြုပြီး စက္ခုဗေဒပညာရပ်နယ်ပယ်ထဲ တိုးတက်မှုနဲ့ အနားသတ်ပေးနိုင်ခဲ့တယ်။ အလင်းဟာ မျက်စေ့ထဲ ကထွက်ပြီး အရာဝတ္ထုတွေအပေါ်ခုန်ပေါက်ရောက်ရှိသွားတယ်၊ တစ်ခါ မျက်စေ့ထဲ ပြန်ဝင်လာတယ် ဆိုတဲ့ ရှေးဟောင်းဂရိအတွေးအခေါ်ကြီး မှားယွင်းနေကြောင်း သူက ပထမဆုံး သက်သေပြခဲ့သူပါ။ ဒါ့အပြင် မျက်စေ့ရဲ့လုပ်ငန်းစဉ်ကိုလည်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖော်ထုတ်ခဲ့တယ်။ တစ်ချိန်က ပညာရှင်တို့ရဲ့ဗဟုသုတနဲ့ခွဲခြမ်းစိပ်ဖြာမှုအတတ်ကို အသုံးပြုပြီး မျက်လုံးထဲ အလင်းရောင်ဝင်ရောက်ပုံ၊ အလင်းစုစည်းပုံ၊ မျက်လုံးနောက်ဖက်မှာ ပုံရိပ်ထွက်ပုံကို ပထမဆုံး ရှင်းပြနိုင်ခဲ့တယ်။

    pinhole-camera

    အလားတူစွာဘဲ သူက ကင်မရာရဲ့သဘောသဘာဝကို ပထမဆုံး လေ့လာတင်ပြခဲ့သူလည်း ဖြစ်ပြန်တယ်။ ကင်မရာရဲ့အယူအဆက ရှင်းရှင်းလေးပါ။ ဘူးခွံတစ်ဖက်မှာ အပေါက်သေးသေးလေးဖောက်ထားတယ်။ ဘူးခွံအတွင်းထဲကနေ အပြင်ဖက်အရာတွေကို ခြုံလွှမ်းမြင်တွေ့နိုင်ဖို့သာ ဖြစ်တယ်။ ဒါက ခုခေတ်ကင်မရာတွေရဲ့ အလုပ်လုပ်ဆောင်ပုံ အတိုင်းပါဘဲ။ ခုခေတ်မှာကတော့ မှန်ဘီလူးတွေ ထပ်ဖြည့်ထားတာပဲ ကွာခြားချက် ရှိတာပါ။ ကျွန်တော်တို့သိရှိထားတဲ့ ခေတ်မှီဓါတ်ပုံပညာရပ် မတိုင်မီ နှစ်ရာပေါင်းများစွာကတည်းက ဒီလိုပုံစံမျိုးကို အိဗ်နု အလ်ဟိုင်သမ်က တည်ဆောက်နိုင်ခဲ့ပြီးပါပြီ။

    ဒါတင်မကသေးပါဘူး။ ရေပြင် သို့မဟုတ် ဖန်သား စတဲ့ ကြားခံနယ်တစ်ခုခုထဲ အလင်းဖြတ်သန်းပုံစံနစ် (အလင်းယိုင်ခြင်း) ကိုလည်း လေ့လာဖော်ထုတ်ခဲ့သူပါ။ ဒီတင်ပြချက်ကနေတဆင့် ဆည်းဆာချိန်မှာ ဘာကြောင့်ကောင်းကင်အရောင်ပြောင်းသွားသလဲဆိုတာကို ရှင်းပြသွားနိုင်ခဲ့ပါတယ် ( နေရဲ့အလင်းတန်းက လေထုကို ထောင့်ချိုး တစ်ခုကနေ ထိခတ်တဲ့အခါ ရောင်ခြည်လမ်းလွဲမှု ဖြစ်သွားစေတယ်)။

    ဒီအချက်ကနေထပ်ဆင့်ပြီးတော့ ကမ္ဘာ့လေထုရဲ့ထုထည်ကို တွက်ပြနိုင်ခဲ့တယ်။ ဒါဟာ အာကာသယာဉ်နဲ့ လက်တွေ့မပြနိုင်ခင် နှစ်ပေါင်း ၁၀၀၀ လောက်က ဖြစ်ပါတယ်။ အဲ့ဒီ စက္ခုဗေဒကျမ်းကို ဘာသာပြန်လိုက်တဲ့ခါ ဥရောပတစ်ခွင် ဟိုးလေးတကျော် ဖြစ်သွားတယ်။ နောက်ပိုင်း ဥရောပသားပညာရှင်တွေက ဒီကျမ်းကို အခြေပြုလို့ အလင်းနဲ့စက္ခု အလုပ်လုပ်ဆောင်ချက်၊ သူတီထွင်ချပြခဲ့တဲ့ ကိရိယာများကို ပေါ်ထွက်လာအောင် လုပ်နိုင်ခဲ့ကြတာပါ။

    နောက်တစ်ဆင့်တက်ပြီး မျက်ကပ်မှန်တို့၊ မှန်ဘီလူးတို့၊ အဝေးကြည့်မှန်ပြောင်းတို့၊ ကင်မရာတို့ စသဖြင့် တိုးမြှင့်ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ အလင်း ၏ အလွန် အလင်းအကြောင်း နဲ့ အလင်းဆိုင်ရာပစ္စည်းပစ္စယတွေအကြောင်း နားမလည်ယင်၊ မသုံးယင် ၂၁ ရာစုမှာ ကျွန်တော်တို့ လူဖြစ်ရကျိုးမနပ်သလို ၊ မပြည့်စုံသလို ဖြစ်နေပါပြီ။ အလင်းဆိုင်ရာ အကြောင်းအရာတင် မကသေးဘူး – အိဗ်နု အလ်ဟိုင်သမ်ဟာ တခြားပညာရပ်နယ်ပယ်တွေမှာ စဦး လမ်းဖောက်သူလည်း ဖြစ်ခဲ့တယ်။

    သူဟာ ၁၀၂၀ နဲက ၁၀၃၀ ခုနှစ်များမှာ အာကာသလေ့လာရေးပညာ (Astronomy) ကျမ်းများစွာကိုလည်း ရေးသားခဲ့တယ်။ ကြယ်၊ ဂြိုလ်တွေ ရွေ့လျားမှု ဆိုင်ရာ တော်လမီရဲ့တွေးလုံးတွေ မှားယွင်းကြောင်း သူက ထောက်ပြခဲ့တယ်။ စကြ၀ဠာအလုပ်လုပ်ပုံစံနစ်ကို ယုတ္တိဆန်တဲ့ အမြင် တစ်ရပ်ကိုလည်း  ချပြနိုင်ခဲ့တယ်။  ကမ္ဘာဂြိုလ်ဟာ စကြ၀ဠာရဲ့ဗဟိုချက်မ ဆိုတဲ့ ဂရိအတွေးအခေါ်ကို ရိုက်ချိုးပစ်လိုက်တာပါ။

    GodfreyKneller-IsaacNewton-1689
    စင်စစ်မှာတော့ နျူတန်ပြောတဲ့ ကမ္ဘာ့ဆွဲအားအကြောင်းဟာ သစ်ပင်ပေါ်က ပြုတ်ကျလာတဲ့
    ပန်းသီးကြောင့် မဟုတ်ပါဘူး – အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကျမ်းဂန်တွေထဲက အချက်အလက်တွေသာဖြစ်ပါတယ်။

    နက္ခတ္တဗေဒ (Astrology) ဟာ သိပ္ပံပညာရပ် မဟုတ်ကြောင်း ပြတ်ပြတ်သားသား ချေပခဲ့တယ်။ သက်သေပြချက်လိုအပ်တယ်ဆိုတဲ့ သူ့ရဲ့ကိုယ်ပိုင် သိပ္ပံအတွေးအမြင်ကို မြဲမြံစွာ ဆုပ်ကိုင်လို့ နက္ခတ္တဗေဒဟာ မည်သည့်သိပ္ပံဘာသာရပ်နဲ့ ဆက်နွှယ်မှု မရှိကြောင်း၊နက္ခတ္တဗေဒသမားတွေရဲ့ ထင်လုံးနဲ့ခံစားချက်တွေသာဖြစ်ကြောင်း သုံးသပ်ပြခဲ့တယ်။ ဖန်ဆင်းရှင်သာလျှင် ခပ်သိမ်းသောအရာတွေရဲ့ အကြောင်းရင်းခံဖြစ်တယ် – ဂြိုလ်နက္ခတ်သွားလာလှည့်ပတ်မှုအပေါ် အရင်းမခံဘူး ဆိုတဲ့ အစ္စလာမ့်မဏ္ဍိုင် အယူဝါဒတစ်ခုနဲ့ ပြဿားတစ်လမ်းသံတစ်လမ်း ဖီလာဆန့်ကျင်နေကြောင်း နက္ခတ္တဗေဒပညာအပေါ် ဝေဖန်ခဲ့သူဖြစ်တယ်။

    အလ်ဟိုင်သမ်ရဲ့ကျမ်းတွေကို ဖတ်ထားတဲ့ အိုင်းဇက် နျူတန် ဟာ ဒီအတွေးအခေါ်တွေအပေါ် အတော်ဘဲ အားထားခဲ့တယ်။ နျူတန်ဟာ ကနေ့ အသုံးပြုနေတဲ့ အင်ဂျင်နီယာ ဖော်မြူလာနဲ့နည်းစံနစ်ကို ဦးဆောင်မှုပေးမယ့် Calculus သင်္ချာပညာအခြေခံကို လေ့လာခဲ့တယ်။အရာဝတ္ထုတို့ရဲ့ရွေ့လျားမှုနိယာမ ( နောက်ပိုင်း နျူတန်ရဲ့ တတိယနိယာမ လို့ ကျော်ကြားလာတယ်)၊ အရာဝတ္ထုအချင်းချင်းဆွဲငင်အား (ကမ္ဘာ့ဆွဲအား)ကိုလည်း ရေးထုတ်ခဲ့တယ်။ စင်စစ်မှာတော့ နျူတန်ပြောတဲ့ ကမ္ဘာ့ဆွဲအားအကြောင်းဟာ သစ်ပင်ပေါ်က ပြုတ်ကျလာတဲ့ ပန်းသီးကြောင့် မဟုတ်ပါဘူး – အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကျမ်းဂန်တွေထဲက အချက်အလက်တွေသာဖြစ်ပါတယ်။

    အလ်ဟိုင်သမ်ဟာ အစ္စလာမ့်ပညာရေးမှာလည်း ခေသူ မဟုတ်ခဲ့ဘူး။ တမန်တော်အတုအယောင်များကို ဖော်ထုတ်နည်း၊ မက္ကဟ်မြို့တော်ဖက် မျက်နှာမူဝတ်ပြုနိုင်အောင် လားရာတွက်ချက်မှု ပညာ စာအုပ်များကိုလည်း ကျမ်းပြုရေးသားနိုင်ခဲ့သူပါ။ ခေတ်သစ်စိတ်ပညာရပ်နဲ့ပတ်သက်လို့ လူနဲ့တိရစ္ဆာန်တွေ အပေါ် တေးဂီတအသုံးချ ကုထုံးအကြောင်းကို ရှေ့ပြေး သုတေသနပြုခဲ့သူလည်း ဖြစ်နေပြန်ပါတယ်။

    အမွေအနှစ်

    အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကြိုးပမ်းမှု နဲ့ တင်ပြမှုတွေဟာ ခရီးရှည်ကြီးကို ဖြတ်သန်းနေဆဲပါဘဲ။ သူပြုစုခဲ့တဲ့ကျမ်းဂန်များဟာ ၂၀၀ ကျော်အထိ ရှိခဲ့ပေမယ့် ယနေ့မှာတော့ ကျမ်းပေါင်း ၅၀ ၀န်းကျင်သာ ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေဟာ ယနေ့ကာလတိုင်အောင် ကျွန်တော်တို့ လက်လှမ်းမမီနိုင်လောက်တဲ့အထိ ရှိခဲ့မှာ အမှန်ပါဘဲ။ ကံမကောင်းအကြောင်း မလှစွာနဲ့ သူကွယ်လွန်ခဲ့ပြီးကတည်းက သူ့ရဲ့တင်ပြချက်တွေဟာ လျစ်လျူရှုခံလိုက်ရတယ်။ သူဟာ ပညာရှင်ကြီးတွေနဲ့တွဲလျက်ရှိတတ်တဲ့ ကျော်ကြားလိုမှု၊ သိက္ခာတင်မှုတွေကို လုံးဝ ဂရုမစိုက်ခဲ့သူ ဖြစ်လို့ပါဘဲ။ ဒါကြောင့်လဲ ယနေ့ကမ္ဘာမှာ သူ့ကျမ်းတွေနဲ့ပတ်သက်ပြီး သတိမထားမိကြတာပါ။ အီဗာရီယန်ကျွန်းဆွယ်က မွတ်စ်လင်မ်နယ်မြေတွေကို စပိန်တွေ ကြီးစိုးတော့ သူ့စာအုပ်တွေကို လက်တင်ဘာသာပြန်ဆိုခဲ့ကြတယ်။ ဒါပေမယ့် သူ့နာမည်ရင်းမဟုတ်ဘဲ Alhazen လို့ ဖော်ပြလိုက်ကြတယ်။ ဥရောပ ပညာနိုးကြားရေးခေတ်အတွင်း ထိပ်တန်းမွတ်စ်လင်မ်ပညာရှင်ကြီးတွေရဲ့ အမည်နာမများဟာ ဥရောပလေယူလေသိမ်းအသွင်နဲ့ ပြောင်းလဲလိုက်တဲ့အစဉ်အလာတစ်ရပ် ဖြစ်ခဲ့တယ်။ ဥရောပတိုက်က ခရစ်ယာန်တွေအကြား မွတ်စ်လင်မ်တွေကို ချိုးနှိမ်လိုတဲ့အတွက် -သူတို့ရဲ့တင်ပြချက်တွေကို ဖျောက်ဖျက်လိုတဲ့အတွက်ကြောင့်ပါဘဲ။

    သူ့ရဲ့ထက်မြက်တောက်ပြောင်လှတဲ့ အသိဥာဏ်စဉ်ကို မရေတွက်နိုင်တဲ့လူတွေက ခုတုံးလုပ်ခဲ့ကြပြီးပါပြီ။ သူ့ရဲ့သုတေသန သာ မရှိခဲ့ယင် ဒီကနေ့ ကျွန်တော်တို့ သိရှိကြတဲ့ ခေတ်သစ် သိပ္ပံပညာရပ် နယ်ပယ်ဆိုတာလည်း ဖြစ်ထွန်းလာစရာအကြောင်း ရှိတော့မှာ မဟုတ်တော့ပါဘူး လို့ဘဲ ဆိုချင်ပါတော့တယ်။

    Sources:
    Morgan, M. (2007). Lost History. Washington D.C. : National Geographic Society.
    Masood, E. (2006). Science and Islam. Icon Books.
    “Ibn al-Haytham.” The Columbia Encyclopedia, 6th ed.. 2012.
    Encyclopedia.com:http://www.encyclopedia.com/doc/1E1-IbnalHay.html
    Steffens, B. (2007). Ibn al-Haytham : first scientist. Greensboro, N.C. : Morgan Reynolds Pub.
    http://lostislamichistory.com/ibn-al-haytham-the-first-scientist/