News @ M-Media

Blog

  • “မာလာလာ” ငြိမ်းချမ်းရေး နိုဗဲလ်ဆုအတွက် ပဏာမ စာရင်း၌ လျာထားခံရပြီ

    မတ်လ ၅ ၊ ၂၀၁၃
    M-Media
    Ref: Press TV

    ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလအတွင်း တာလီဘန်တို့တိုက်ခိုက်မှုကြောင့် ဦးခေါင်း၌ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သော အသက် ၁၅ နှစ်အရွယ်ရှိ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ပါကစ္စတန်မိန်းကလေး မာလာလာ ယူဆွဖ်ဇာအီအား  ဤနှစ်၏ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်အဖြစ် ပဏာမ ရွေးချယ်လိုက်ပြီဖြစ်သည်။

    malalala

    ဤနှစ်အတွက် ဆုစာရင်းတင်သွင်းမှုကို ၂၅၉ ဦးအထိ လက်ခံရရှိခဲ့ကြောင်း၊  မိမိတို့၏ ဆုံးဖြတ် အတည်ပြုချက်ကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေငြာ သွားမည်ဖြစ်ကြောင်း နော်ဝေနိုင်ငံမှ နိုဗဲလ်ဆု ရွေးချယ်ရေးကော်မတီမှ တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

    “ ဒီတစ်နှစ် ဆုစာရင်းအတွက် ကမ္ဘာတစ်ဝှမ်းမှာ ထင်ရှားကျော်ကြားကြတဲ့ ပုဂ္ဂိုလ်တွေ၊ သမ္မတနဲ့ဝန်ကြီးချုပ်တွေ အပြင် လူသိမများလွန်းလှတဲ့ လူသားချင်း စာနာထောက်ထားရေး လုပ်ငန်း ဆောင်ရွက်နေသူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေလည်း တင်သွင်းပေးပို့ချက်မှာ ပါဝင်နေပါတယ် ” ဟု ကော်မတီ၏ဒါရိုက်တာဖြစ်သူ Geir Lundestad မှ ကြေငြာပြောဆိုသည်။

    လက်ရှိနှစ်များအတွင်း နိုဗဲလ်ဆုအချို့ကတော့ အငြင်းပွားဖွယ်ရာ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ သို့သော်လည်း သူတို့ဟာ ဆုအတွက် စာရင်း တင်သွင်းခံရသူတွေပါ။ နိုဗဲလ်ဆုရွေးချယ်မှုနဲ့ပတ်သက်ပြီး အထူးသတိထား ဆောင်ရွက်မှာဖြစ်ပါတယ် ” ဟုလည်း ထပ်မံပြောကြားသည်။

    နိုဗဲလ်ငြိမ်းချမ်းရေးဆုကိုချီးမြှင့်ပေးအပ်သည့် လျှို့ဝှက်ကော်မတီသည် လျာထားစာရင်းတင်သွင်းခံရသူများကို ဖော်ပြလေ့ မရှိချေ။ သို့ရာတွင် အဆိုတင်သွင်းသူများသည် မိမိတို့၏ အခွင့်အရေးအရ မိမိတို့အနှစ်သက်ဆုံးသူများကိုမူ ထုတ်ဖော်တတ်ကြ၏။

    ယခုနှစ်တွင် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ကိုလံဘီယာသမ္မတ ဂျူယန် မင်နျူရယ် စန်းတို့စ် နှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့သည်လည်း တင်သွင်းခံရသူများ စာရင်း၌ ပါဝင်သည်။

    The Peace Research Institute Oslo ၏ ဒါရိုက်တာ Kristian Berg Harpviken က ၄င်းဆုနှင့်အထိုက်တန်ဆုံးသူမှာ မာလာလာ ယူဆွဖ်ဇာအီ ဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။

    ယူဆွဖ်ဇာအီသည် မိမိ၏ဇာတိဒေသ Khyber Pakhtunkhwa ပြည်နယ်၊  Swat Valley ရှိ အမျိုးသမီးကြီးငယ်တို့၏ ပညာမြှင့်တင်ရေး နှင့် အယူသည်းမှုများအကြောင်းကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၉ ရက်၊ မင်ဂိုရာမြို့၌ ဟောပြောနေစဉ်  Tehrik-i-Taliban Pakistan (TTP)- ပါကစ္စတန်ရှိ တာလီဘန် စစ်သွေးကြွများ၏ ပစ်ခတ် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

    ယင်းသို့ပစ်ခတ်ခံရပြီးနောက်တစ်နေ့တွင် ပက်ရှဝါရ်ရှိ ခွဲစိပ်ကုဆရာဝန်များက သူမ၏ဦးခေါင်းခွံထဲမှ ကျည်တစ်တောင့်ကို ဖယ်ရှားနိုင်ခဲ့သည်။ ၄င်းနောက် အတွင်းလူနာအဖြစ် ထပ်ဆင့်အထူးကုသမှု ပြုရန်အတွက် ရ၀ါလ်ပင်ဒီရှိ တပ်မတော်ဆေးရုံသို့ လွှဲပြောင်းပေးခဲ့သည်။

    ပါကစ္စတန်ဆရာဝန်များက သူမ၏ပျက်စီးသွားသော ဦးခေါင်းခွံနှင့် ဆိုးဆိုးဝါးဝါးအာရုံကြောချွတ်ယွင်းမှုအတွက် အမြန်ကုသရန်လိုအပ်သည်ဟု ပြောကြားလိုက်သည့်နောက် အင်္ဂလန်နိုင်ငံ၊ ဘာမင်ဟန်ရှိ အလစ်ဇဘက် ဘုရင်မဆေးရုံသို့ အထူးကုသမှုခံယူရန် အောက်တိုဘာ ၁၅ ရက်၌ လွှဲပြောင်းပေးပို့ခဲ့သည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထိုဆေးရုံ၌ သူမ၏ခေါင်းခွံနှင့် နားအစိတ်အပိုင်းအား ၅ နာရီကြာခွဲစိပ်ကုသမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။ ကျန်းမာရေးအခြေအနေ စိတ်ချရသော အနေအထားရောက်ပြီဟု ကုသမှုအဖွဲ့မှ ဆုံးဖြတ်ပြီးသည့်နောက် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဆေးရုံမှ ဆင်းလာသည်။ ယူဆွဖ်ဇာအီ၏ ဦးခေါင်းခွံကို တိုက်တေနီယံချပ်ပြား တစ်ခုနှင့်အစားထိုးခဲ့ပြီး၊ အကြား အာရုံပြန်လည်ရရှိရန် ၀ဲဖက်နားရွက်အတွင်း အာရုံခံကိရိယာ တစ်ခုကို ထည့်သွင်းတပ်ဆင်ခဲ့ရသည်ဟု ခွဲစိပ်ဆရာဝန်များက ဆိုသည်။

    ခွဲစိပ်ကုသမှုမခံယူမီ အင်တာဗျူးတစ်ခုတွင် ယင်းဆယ်ကျော်သက်မိန်းကလေးငယ်မှ အောက်ပါအတိုင်း ပြောဆိုခဲ့သည်။
    “  ဒီကနေ့ ကျွန်မအသက်ရှင်နေသေးတာကို ရှင်တို့ မြင်နေရပါတယ်။ ကျွန်မ စကားပြောဆိုနိုင်တယ်။ ရှင်တို့ကိုရော လူတိုင်းကိုပါ ကျွန်မ မြင်တွေ့နေတယ်။ ကျွန်မ တစ်နေ့တစ်ခြား သက်သာလာပါပြီ။ ဒါဟာ လူတွေရဲ့ ဆုမွန်ကောင်း တောင်းဆိုပေးမှုကြောင့်ပါဘဲ။ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေပါမကျန် လူသားအားလုံးက ကျွန်မအတွက် ဆုပန်ပေးကြလို့ပါဘဲ။ ဒီဆုပန်ပေးမှုကြောင့် ဘုရားသခင်က ကျွန်မကို ဒုတိယအသက်တစ်ချောင်းနဲ့ ဘ၀သစ်တစ်ခုကို ပေးတော်မူလိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်မမှာ လုပ်စရာတွေရှိသေးတယ်။ လူသားတွေအတွက် ကျွန်မ အကျိုးပြုလုပ်ငန်းတွေ လုပ်ချင်သေးတယ်။ မိန်းကလေးတိုင်း၊ ကလေးငယ်တိုင်းကို ပညာသင်ယူမှု ဖြစ်လာစေချင်တယ်။ ဒါ့အတွက် ကျွန်မတို့က မာလာလာ ရန်ပုံငွေ ထူထောင်ရေး လုပ်ထားကြပါတယ် ”။

    ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါကစ္စတန်နိုင်ငံနှင့် ယူနက်စ်ကိုတို့ပူးပေါင်း၍ “ မာလာလာ စီမံကိန်း ” အား ဖွင့်လှစ်စတင်ခဲ့သည်။ ထိုအစီအစဉ်ကြီးသည် ကမ္ဘာပေါ်ရှိ မိန်းကလေးငယ်များ အားလုံး ၂၀၁၅ ခုနှစ်မကျော်လွန်မီ ကျောင်းစာသင်ခန်း အတွင်းရောက်ရှိလာရေးကို ရည်ရွယ်ဦးတည်ထားပါသည်။

    ပဲရစ်မြို့၊ ယူနက်စ်ကို – The United Nations Educational, Scientific and Cultural Organization (UNESCO) ဌာနချုပ်မှ ဤအစီအစဉ်ကိုကြေငြာသည့် အခမ်းအနားတွင် ပါကစ္စတန် သမ္မတ အစစ်ဖ် အလီ ဗာဒါရီ နှင့်အတူ မာလာလာ၏ ဖခင် ဇိုင်အွတ်ဒီးန် ယူဆွဖ်ဇာအီလည်း တက်ရောက်ခဲ့သည်။

    ဆက်လက်၍ ကုလသမဂ္ဂအဖွဲ့ကြီး၏ ကမ္ဘာ့ပညာရေးဆိုင်ရာ အထူးအရာရှိဖြစ်သူ ဗြိတန်ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွင် ဘရောင်းမှ မာလာလာ၏ဖခင်ကို ကုလသမဂ္ဂ၏ ကမ္ဘာ့ပညာရေး ဆိုင်ရာ အထူးအကြံပေးအဖြစ် ခန့်အပ်လိုက်ပါသည်။

    GJH/HGL

  • ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား(မန်း) ကျင်းပရန် ခွင့်ပြုမိန့် မရသေး

    ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား(မန်း) ကျင်းပရန် ခွင့်ပြုမိန့် မရသေး

    မတ်လ ၅၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    မန္တလေး ။       ။       ဘာသာပေါင်းစုံမှ ပါဝင်သော ဘာသာပေါင်းစုံ ချစ်ကြည်ရေးအခမ်းအနားကို လာမယ့် ၂၀၁၃-ခု မတ်လ (၁၉)ရက်နေ့တွင် မန္တလေးမြို့ Oriental House ခန်းမ၌ ကျင်းပပြုလုပ်မည်ဟု သတင်းရရှိပါသည်။

    ယင်း အခမ်းအနားကျင်းပပြုလုပ်မည့်အကြောင်းအား ဘာသာပေါင်းစုံချစ်ကြည်ရေးအခမ်းအနားကျင်းပရေးတွင် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမောင်မောင်(ရွှေကရ၀ိတ်)ထံ ဆက်သွယ်စုံစမ်းရာ “ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားကို မန္တလေးမြို့ Oriental House ခန်းမမှာ ၂၀၁၃-ခု မတ်လ (၁၉)ရက်နေ့ မနက် (၈)နာရီကနေ နေ့လည် (၁၂)နာရီထိကျင်းပဖို့ စီစဉ်ထားပါတယ်။ Oriental House ခန်းမကလည်း အခမဲ့အသုံးပြုခွင့်ပေးထားပါတယ်။ ဒါပေမယ့် အခမ်းအနားကျင်းပတဲ့အခါ ခွင့်ပြုမိန့်တောင်းဖို့ လိုတာကြောင့် ပွဲကျင်းပမယ့်နေရာရဲ့ ရပ်ကွက်ဖြစ်တဲ့ ပြည်ကြီးမျက်မှန် ရပ်ကွက်ရဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပထမဆုံးအနေနဲ့ စာတင်ပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။ ခန်းမမှာ မဟုတ်ဘဲ ဘုန်းကြီးကျောင်းတို့ ဓမ္မာရုံတစ်ခုခုတို့မှာ ပြုလုပ်ဖို့ ပြောပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုရင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးလည်း ခွင့်ပြုပါမယ် ဆိုတာကြောင့် မနက်ဖြန်မှာ မြို့နယ်အဆင့်ကို သွားရောက်ရပါမယ်။

    ဒီအခမ်းအနားကို သံဃာတော်တွေလည်း တက်ရောက်မယ်၊ Peace Centre က ၀န်ကြီးဦးအောင်မင်းလည်း တက်ရောက်မယ်လို့ ဆိုတာကြောင့် ဘာသာပေါင်းစုံပါဝင်နိုင်အောင် အားလုံးအတွက် လုံခြုံရေးကိုလည်း ကျွန်တော်တို့ စီစဉ်ထားပါတယ်။

    ဒီအခမ်းအနားကို အစ္စလာမ်ဘာသာရေးအဖွဲ့(မန္တလေးတိုင်း၊ မန္တလေးမြို့)က လုပ်ငန်းကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ဦးဆောင်ပြုလုပ်တာပါ။

    ဟုတ်ကဲ့ ကျွန်တော်တို့သေချာစီစဉ်ပြီး ဖိတ်စာနဲ့တကွ ဖိတ်မှာပါ။ တက်ရောက်လာသူအားလုံးကိုလည်း ထိုင်ခုံနေရာကအစ သေချာစီစဉ်ပေးထားမှာပါ။

    ဟုတ်ပါတယ် ဘာသာပေါင်းစုံက ပါဝင်မှာပါ။ အစ္စလာမ်ကဆို ဗလီဂေါပကတွေ၊ ဘာသာရေးဆရာတွေလည်းပါမယ်၊ ဗုဒ္ဓဘာသာကလည်း ဘုန်းတော်ကြီးတွေ၊ လူမှုရေးလုပ်ငန်းလုပ်နေတဲ့ အဖွဲ့အစည်းတွေလည်းပါမယ်။ ခရစ်ယာန်ဘာသာကလည်း ဂိုဏ်းကွဲတွေအလိုက် ဆရာတော်တွေ ပါမယ်၊ ဟိန္ဒူဘာသာကလည်း ဂိုဏ်းဂဏအလိုက် ဆရာတော် တွေပါမယ်၊ နောက်ပြီးတော့ ကျွန်တော်တို့ ဘဟာအီ သာသနာကိုလည်း ဖိတ်ပါမယ်။ တရုတ်ဘုံကျောင်းတွေကိုလည်း ဖိတ်ပါမယ်။ အဓိကကတော့ ဘာသာပေါင်းစုံ အဖွဲ့ပေါင်းစုံ ပါဝင်အောင် ဖိတ်မှာပါ။

    ကျွန်တော်တစ်ခု အံ့သြတာက ဘုန်းကြီးဦးဝီရသူကတောင် ဒီလိုအခမ်းအနားကို ကြိုဆိုပါတယ်လို့ပြောထားတာကို အာဏာပိုင်လို့တော့ ကျွန်တော်မသုံးချင်လို့ တာဝန်ရှိသူလို့ပဲ ပြောချင်တယ်။ တာဝန်ရှိသူတွေက အခမ်းအနားဖြစ်မြောက်ဖို့ကို ဘာကြောင့် ပိတ်ပင်ချင်နေလဲဆိုတာကိုပါပဲ” လို့ M-Media ကို ပြောပြလာပါတယ်။

    ယမန်နှစ် ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် ဘာသာပေါင်းစုံညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် ၊ ၈၄လမ်း ၊ ၂၇လမ်းနှင့် ၂၈လမ်းကြားတွင် ပြုလုပ်ရန် စီစဉ်ထားခဲ့သော ပွဲပါမစ် အတုဟူသော အကြောင်းပြချက်ဖြင့် ကျင်းပခွင့် မရရှိခဲ့ပေ။

  • ညောင်ရွှေ က မွတ်စလင် အသိုင်းအ၀ိုင်း

    မတ်လ၊ ၅၊ ၂၀၁၃
    M-Media
    နေသစ်ထွန်း

    2013-01-19 09.48.56

     

    ခရီးသွားရာသီဖြစ်၍လည်း ညောင်ရွှေမြိုပေါ်မှာ နိုင်ငံခြားသားတွေ ဟိုတစ်စု ၊ဒီတစ်စုနဲ့ သွားလာနေကြပါတယ်။  ခေတ်လွန်ဟန်ပင် အ၀တ်အစားတွေနဲ့ တချို့က ဘီယာဆိုင်၊ တစ်ချို့က  အနှိပ်ခန်း ၊ နဲ့ အပျော်အပါးတွေ အနီး အနားမှာ တွေ့ရပါတယ်။

    ထိန်းသိမ်းထားဆဲ နာမ်ပိုင်းတန်ဖိုး

    အသွင်ကွဲအရောင်စုံလှတဲ့ မြိုကညောင်ရွှေမှာတော့ အစ္စလာမ်ဘာသာဝင် အသိုင်းအ၀ိုင်းက စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ အကြောင်းကတော့ သူတို့တတွေဟာ မဟာတမန်တော်မြတ်ရဲ့ သွန်သင်ချက်အောက်ကနေခြေ တစ်လှမ်းမျှ အပြင် မရောက် အောင် ကြိုးစားထိန်းသိမ်းနေကြလို့ပါပဲ။ “မဒ်ရဆာမှာ ကလေး ၆၀ လောက်က အစ္စလာမ့် ဘာသာရေး အခြေခံ အသိပညာတွေ သင်ယူနေကြပါတယ်။ စနေ ၊ တနင်္ဂနွေ မှာဆို မနက်ပိုင်း ဖွင့်ပါတယ်။ ကျောင်းဖွင့်ရက် တွေမှာ တော့ ညနေပိုင်း ဖွင့်ထားပေးပါတယ် ” ဟု ညောင်ရွှေ ဗလီရှေ့ဆောင် နူရ်းအစ္စလာမ်က ပြောပါတယ်။ ကမ္ဘာ့ လှည့်ခရီး သည်တွေ အကြိုက်  အင်းလေးကန်ကြိးကြောင့် လည်း ခရီးသွားလုပ်ငန်းက  ညောင်ရွှေရဲ့ အဓိက လုပ်ငန်းဖြစ် နေတယ်။ ဟိုတယ်ကြီးတွေ ၊ယမကာ ဆိုင်တွေ၊ အနှိပ်ခန်း ကာရာအိုကေတွေ စတဲ့  ခရီးသွားစီးပွားရေးတွေ  ဖြစ် ထွန်း အောင်မြင်နေပါတယ်။

    “ ခရီးသွားလုပ်ငန်းတွေက အရက်သေစာနဲ့ အခြားတားမြစ်ထားတဲ့ လုပ်ငန်းတွေ နဲ့ ဆက်စပ်နေတော့ မြို့ခံ မွတ်စလင် တွေ မလုပ်ကိုင်ကြဘူး။ ညောင်ရွှေ မြို့ပေါ်မှာက မွတ်စလင် အိမ်ခြေ ၁၂၀ ရှိပါတယ်။ မွတ်စလင်အများစုက လက်လုပ် လက်စား အခြေခံလူတန်းစာတွေ များပါတယ်” ဟု အီမာမ်ရှေ့ဆောင်က ပြောပြတယ်။

    2013-01-19 10.04.08
    ညောင်ရွှေမြို့ပေါ်မှာ ဗလီဝတ်ကျောင်းတော်
    2013-01-19 09.56.12
    ညောင်ရွှေမြို့မှ အစ္စလာမ်ဘာသာဝင် ကလေးငယ်များကို ဘာသာရေးစာသင်ကြားပေးရာ စာသင်ကျောင်းတခု

    အုတ်တစ်ချပ်သဲတစ်ပွင့်

    မတူကွဲပြားတဲ့ သက်မွေးဝမ်းကြောင်းမှုပုံစံကို ညောင်ရွှေမြို့မှာ တွေ့ရပေမယ့် တူညီကြတဲ့ အချက်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ပြီး မိမိရပ်ရွာ အကျိုးသယ်ပိုးတဲ့ စိတ်ဓါတ်ပါ။ ဘာသာမရွေး  လူမျိုးမခွဲပဲ လုပ်ပေးကြတဲ့ လူမှုရေး လုပ်ငန်းတွေမှာ ညောင်ရွှေက မွတ်စလင် အသိုင်းအ၀ိုင်းလည်း အုတ်တစ်ချပ် ၊ သဲတစ်ပွင့် ပါဝင်နေကြ ပါတယ်။ “ဗလီမှာတော့ သာရေးနာရေးအတွက် ကားတစ်စီး ရှိပါတယ်။ နာရေး ကိစ္စ ၊ သာရေး ကိစ္စတွေမှာ ဘာသာ မခွဲခြားပဲ လူငယ်တွေ က ဦးဆောင် ပြုလုပ်ပေးပါတယ်” လို့ အိမာမ်ရှေ့ဆောင် က ညောင်ရွှေ မွတ်စလင် အသိုင်းအ၀ိုင်း၏ လူမှုအကျိုးပြု လုပ်ငန်း လေးကို ပြောပြပါတယ်။

    အမေ့ခံလား

    အင်းလေးကန်လို့ ပြောလိုက်ရင် ကျွန်တော်တို့ မြန်မာမွတ်စလင်တွေ အရင်ဆုံးပြေးမြင်မိတာက ရေပြင်ကျယ် ကျယ်ကြီး ရယ်၊ ခြေတစ်ဖက် လှေတွေရတယ်။ ရေမျောကျွန်းတွေရယ်၊ အင်းလေးထွက် ရိုးရာ အထည်တွေရယ်။ အဲဒါတွေနဲ့ အတူ မြန်မာမွတ်စလင်တွေ အတွက် သွားလည်ရမယ့် နေရာလေး တစ်ခု ရှိနေပါတယ်။

    “ညောင်ရွှေမြို့နယ်မှာ မွတ်စလင် တွေအတွက် ထူးထူးခြားခြားနေရာ တစ်ခုရှိပါတယ်။ အင်းလေးက မိုင်းသောက်ရွာပါ။ အဲဒီရွာက ဗလီဆို ရှမ်းပြည်နယ်မှ ရှေးအကျဆုံး ဗလီလို့တောင်ပြောလို့ရတယ်။ ရှမ်းစော်ဘွားတွေ လက်ထက်က တည်း ရှိခဲ့တာ ဗလီ သက်တမ်းက နှစ်ပေါင်း၂၆၀လောက်ရှိပြီ။ မြန်မာမွတ်စလင်တွေ အင်းထဲရောက်ကြပေမယ့် ဒီလို ဗလီကို သွားလည်ကြတာ၊ အင်းထဲက မွတ်စလင်တွေ ဆီ သွားလည်တာ မရှိသလောက်ပါပဲ။ တကယ်ကိုသွားလည်သင့် ၊ သွား တွေ့သင့်တဲ့ နေရာပါ ” လို့ ဗလီအီမာမ်ရှေ့ဆောင်က အင်းလေးထဲက ရှေးဟောင်းဗလီ အကြောင်း လက်လှမ်း မီသလောက် ပြောပါတယ်။

    MineTauk2

    MineTauk3

    “ မိုင်းသောက်ရွာက မှာ အင်းသား မွတ်စလင်တွေလည်း နေထိုင်ကြ ပါတယ်။ မိုင်းသောက်အပြင် အင်းလေးထဲက နမ့်ပန် မှာ ဆို အင်းသားမွတ်စလင်အိမ်ခြေ ၁၅ အိမ်လောက်ရှိပါတယ်။ အားလုံးကတော့ သီးနှံစိုက်ပျိုး တာ၊ ငါးဖမ်းတာတွေ နဲ့ အသက်မွေးနေကြသူတွေပေါ့ ” ဟု အင်းသားမွတ်စလင်တွေရဲ့ အသက်မွေးဝမ်းကြောင်းဟန်ကို ညောင်ရွှေ ဗလီ ရှေ့ဆောင်က ပြောပြခဲ့ပါတယ်။

    2013-01-19 13.54.45

    2013-01-19 13.55.10

    NyaungShwe Mosque2
    ညောင်ရွှေမြို့မှ ဗလီဝတ်ကျောင်တော်တခု

  • စာရေးသူ ရဲရင့်သစ္စာ ရေးသားပြုစုသော “သမိုင်းဟူသည် ဤသို့တည်” စာအုပ် ထွက်ရှိ

    မတ်လ ၄ ၊ ၂၀၁၃
    M-Media
    အေးမောင်

    Thamine-Hu-the

    စာရေးသူ ရဲရင့်သစ္စာ ရေးသားပြုစုသော “သမိုင်းဟူသည် ဤသို့တည်” စာအုပ်အား ယနေ့ မတ်လ ၄ ရက်နေ့မှစ၍ ဖြန့်ချီနေပြီဖြစ်ကြောင်း သိရပါသည်။ အဆိုပါစာအုပ်မှာ ၂၀၁၂ ခုနှစ်တွင် ပြည်တွင်း၌ ရေးသားဖြန့်ဝေခဲ့သည့် “ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်” အမည်ရသည့် စာအုပ်၌ ပါရှိသော အစ္စလာမ် သာသနာနှင့် စပ်လျဉ်းသည့် သမိုင်းအမှားများကို ပြန်လည် ဖြေရှင်းရေးသားထားသည့် စာအုပ်ဖြစ်ကြောင်း သိရသည်။ “ဗုဒ္ဓဘာသာမြစ်ဖျားနှင့် သမိုင်းရှုထောင့်“ အမည်ရှိစာအုပ်ကို ဘဒ္ဒန္တ ကောသလ္လ (စံပြ ၊ ကမ္ဘာအေး) အမည်ရှိ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး မှရေးသားခဲ့ခြင်းဖြစ်ပြီး၊ မြန်မာ့သမိုင်းကော်မရှင် မှ သမိုင်းပညာရှင် ဆရာကြီးပါမောက္ခဦးထွန်းအောင်ချိန် အပါအဝင် ပညာရှင်ကြီး (၅) ဦးမှ ဖတ်ရှုတည်းဖြတ် ပေးခဲ့သည်ဟု သိရသည်။

    ရဲရင့်သစ္စာ ၏ “သမိုင်းဟူသည် ဤသို့တည်” မှာ တန်ဖိုး ၁၅၀၀ ကျပ် ဖြစ်ပြီး –
    အစ္စလာမ်သာသနာရေးရာကောင်စီဌာချူပ
    ရန်ကုန်တိုင်းဒေသကြီး၊
    အမှတ်-၁၈၃၊ ဗိုလ်ဆွန်ပက်လမ်း (အလယ်)
    ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်မြို့။
    ဖုန်း ၀၁-၂၅၂၆၀၈၊ ၃၈၉၇၈၆
    မှ ဖြန့်ချီနေကြောင်း သတင်းရရှိပါသည်။

    အွန်လိုင်းမှ ဖတ်ရှုလိုသူများ ဒီနေရာမှာ ဖတ်ရှု့ပါရန်။

  • အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ရ

    အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ရ

    မတ် ၄၊ ၂၀၁၃
    M-Media
    ဇာဏီ

    ၁နှစ်ကျော် လျှောက်ထားပြီးနောက် အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ရ

    ရန်ကုန် ။        ။          ၂၀၁၂-ခု ဖေဖော်ဝါရီလမှ စတင်၍ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သော ပသီအမျိုးသား ကွန်ဂရက်ပါတီအား ၂၀၁၃-ခု၊ ဖေဖော်ဝါရီလ ၂၈-ရက်နေ့တွင် အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ အမည်ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

    အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီအား ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်မှ ကြေညာချက်အမှတ်(၅/၂၀၀၃)၊ ပါတီမှတ်ပုံတင်အမှတ်(၆၂)ဖြင့် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်းသိရသည်။

    NPC

    ယင်း အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ၏ ရည်ရွယ်ချက်မှာ
    (က)  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်းသော မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား လူမျိုးနွယ်စုအား   ကိုယ်စားပြုသည့် အမျိုးသား အဖွဲ့အစည်းအဖြစ် ရပ်တည်သွားရန်၊
    (ခ) မြန်မာနိုင်ငံသူ၊ နိုင်ငံသား လူမျိုးနွယ်စု အားလုံး၏ စည်းလုံးညီညွတ်မှု ရှိစေရေးကို  ထိန်းသိမ်းဖော်ဆောင်သွားရန်၊
    (ဂ) မြန်မာနိုင်ငံသူ၊ နိုင်ငံသား လူမျိုးနွယ်စုများအား အဆင့်အတန်းခွဲခြားမှု မရှိပဲ၊တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊  လွတ်လပ်စွာ ဖော်ထုတ်ရေးသားပြောဆိုနိုင်ခွင့် ရရှိစေရေး၊ လွတ်လပ်စွာ စီပွားကုန်သွယ်လုပ်ပိုင်ခွင့် ရရှိစေရေး စသည့် အခြေခံ ရပိုင်ခွင့်များကို ရရှိခံစားစေပြီး စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ပေါ်ပေါက်လာစေရန် တို့ဖြစ်ပြီး

    ပါတီ၏ မူဝါဒ သဘောထားမှာ
    (က) မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း တန်းတူညီမျှရေး၊
    (ခ) မြန်မာနိုင်ငံအတွင်းရှိ လူမျိုးစုများအားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊
    (ဂ) ဒီမိုကရေစီ အခွင့်အရေး၊ အခြေခံလူ့အခွင့်အရေး ကျား/မဆိုင်ရာ တန်းတူညီမျှမှုရှိသော အချုပ်အခြာအာဏာပိုင်ခွင့်ရှိသော ပါတီစုံ ဒီမိုကရေစီ နိုင်ငံ ပေါ်ပေါက်ရေး၊
    (ဃ) စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်ရေး၊
    (င) ဥပဒေပြုမူ အာဏာ၊ အချုပ်အခြာ အာဏာ၊ တရားစီရင်မှု အာဏာ အားလုံးတို့သည် နိုင်ငံသားတို့ထံမှလာသည်ဟု ခံယူထားကြောင်း သိရသည်။

    ပါတီ၏လုပ်ငန်းစဉ်များအနေဖြင့် ပညာရေး ကျန်းမာရေး လူမှုရေးကိစ္စများအတွက် ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ရန်၊ ပုဂ္ဂိုလ်စွဲ ၀ါဒစွဲ ဂိုဏ်းဂဏအစွဲမထားရှိပဲ ရည်ရွယ်ချက်တူသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ပါတီများနှင့် လက်တွဲဆောင်ရွက်ရန်၊ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ခဲ့သည် ခေါင်းဆောင်ကြီးများ၏ လမ်းညွှန်ဆုံးဖြတ်ချက်များအတိုင်း လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအတွင်းရှိ လူမျိုးစုများ၏ သမိုင်းကို ပြုစုရန်အတွက် တိုင်းရင်းသား လူမျိုးစုများ၏ စာပေ ယဉ်ကျေးမှုများကို ဖော်ထုတ်အားပေးရန်ဖြစ်ပြီး အမျိုးသားညီညွတ်ရေး ကွန်ဂရက်၏ ဆောင်ပုဒ်မှာ “အမျိုးသားရေးဝါဒမှ သွေးစည်းရေးဝါဒသို့” ဖြစ်ကြောင်းလည်း သိရသည်။

    img057
    အမျိုးသားညီညွတ်ရေးကွန်ဂရက် အလံတော်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ – အနီရောင်သည် ရဲရင့်ခြင်း၊ သူရသတ္တိရှိခြင်း၊ နိုးကြားခြင်း သဘောကိုဆောင်ပြီး အဖြူရောင်သည် ဖြူစင်ခြင်း၊ ရိုးသားခြင်း၊ သစ္စာရှိခြင်း ဂုဏ်အင်္ဂါသဘောကိုဆောင်သည်။ ကြယ်သည် လူမျိုးအားလုံး စည်းလုံးညီညွတ်စွာစုပေါင်းနေထိုင်သော ပြည်ထောင်စု နိုင်ငံတော်ကို ရည်ညွှန်းကိုယ်စားပြုပြီး သံလွင်ခက်သည် ငြိမ်းချမ်းရေးနှင့် ညီညွတ်မှု၊ ကြီးပွားတိုးတက်ရေးနှင့် တန်းတူညီမျှရေးသဘောကို ဆောင်သည်ဟု သိရသည်။

    ပါတီဝင်များလိုက်နာရမည့် စည်းကမ်းများမှာ –

    (က) အသက် ၁၈-နှစ်ပြည့်သည့် ပါတီဝင်များ၊ မဲပေးနိုင်ခွင့်၊ ရွေးချယ်ခံပိုင်ခွင့်ရှိသည်။
    (ခ) ပါတီ၏ စည်းမျဉ်း စည်းကမ်း ညွှန်ကြားချက်များကို လိုက်နာရမည်။
    (ဂ) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား နိုင်ငံသားအားလုံး စည်းလုံးညီညွတ်ရေး၊ အချုပ်အခြာ တည်တံ့ခိုင်မြဲရေးတို့ကို အစဉ်အရေးထား လေးစားလိုက်နာရမည်။
    (ဃ) တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနှင့် ချစ်ခင်မှု၊ နားလည်မှုကို လွဲမှားစေမည့် အပြုအမူ၊ အပြောအဆိုများကို ရှောင်ရှားရမည်။
    (င) ပုဂ္ဂိုလ်စွဲ ၀ါဒစွဲ ဂုဏ်းဂဏအစွဲဖြင့် ပါတီပြိုကွဲစေသည့် အပြုအမူ၊ အပြောအဆိုများကို ရှောင်းရမည်။

    (စ) ဒီမိုကရေစီကျင့်စဉ်အရ အများ၏ ဆုံးဖြတ်ချက်များကို လေးစား လိုက်နာရမည်။

    အမျိုးသားညီညွတ်ရေးကွန်ဂရက် ပါတီဝင်ဖြစ်လိုပါက
    (က) နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတို့သည် သတ်မှတ်ထားသည့် ပုံစံဖြင့် ပါတီဝင်လျှောက်ထားပြီး
    (ခ) ပါတီစည်းမျဉ်း စည်းကမ်းနှင့် ကိုက်ညီသူများကို ပါတီဝင်အဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း သိရသည်။

    အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီသည် ၂၀၁၂-ခု ဖေဖော်ဝါရီလတွင် ပသီအမျိုးသား ကွန်ရက်အမည်ဖြင့် ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့သော်လည်း အကြောင်းမျိုးစုံပြကာ ပါတီ တည်ထောင်ခွင့် မရရှိခဲ့ပဲ ၂၀၁၂-ခု မေလ ၁၀-ရက်နေ့တွင် တွင် “ပါတီ၏ အမည်ကို အသစ်ပြန်လည်ရွေးချယ် တင်ပြရန် အကြောင်းကြားခြင်း” ဟူသည့် အကြောင်းအရာဖြင့် ပသီအမျိုးသားကွန်ဂရက် ပါတီ တည်ထောင်လိုသူများထံသို့ ပြန်ကြားစာပို့ခဲ့ကြောင်း ယင်းပြန်ကြားစာတွင် “နိုင်ငံတော်မှ  အသိအမှတ်ပြုထားသော လူမျိုးစာရင်းတွင် ‘ပသီလူမျိုး’ ပါဝင်ခြင်းမရှိသဖြင့် ပသီအမျိုးသား ကွန်ဂရက် ပါတီအမည်သည် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၈(က)နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄(က)တို့ရ ပြဋ္ဌာန်းချက်နှင့် သွယ်ဝိုက်ငြိစွန်းသည့် သဘော သက်ရောက်နေသဖြင့် ပါတီ တည်ထောင်လိုသူများအနေဖြင့် တည်ထောင်လိုသော ပါတီ၏ အမည်သစ်ကို ပြန်လည်ရွေးချယ်၍  ၃၁.၅.၂၀၁၂ ရက်နေ့ (ကြာသပတေးနေ့)အရောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပုံစံ(က)ဖြင့် တရားဝင်ပြန်လည်တင်ပြ လျှောက်ထားရန်နှင့် သတ်မှတ်ရက်ထက် ကျော်လွန်ပါက တင်ပြထားသော ပါတီ တည်ထောင်ခွင့် လျှောက်ထားခြင်းအား ပုဒ်မ ၄(ခ) အရ ငြင်းပယ်မည်ဖြစ်ကြောင်း”  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(နေပြည်တော်)မှ ပေးပို့လာသည့်အတွက်  ‘ပသီအမျိုးသား ကွန်ဂရက်ပါတီ’ တည်ထောင်လိုသူ အမှုဆောင်များ ညှိနှိုင်းဆုံးဖြတ်ပြီး ၂၀၁၂-ခုနှစ် မေလ(၂၈)ရက်နေ့တွင် ‘အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ’အမည်သစ်ဖြင့် ပါတီတည်ထောင်ခွင့်ကို မှတ်ပုံတင်အမှတ်စဉ် (၆၄)ဖြင့် ကော်မရှင်ရုံးသို့ လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့် မရသေးသဖြင့် စုံစမ်းရာ၊ မှ အကြောင်းအရာ မျိုးစုံ ထပ်မံပေးပြီးသည့်နောက် ၂၀၁၃-ခု ဖေဖော်ဝါရီလ (၁၀)ရက်နေ့အထိ ပါတီတည်ထောင်ခွင့် မကျရောက် လာသဖြင့် ၂၀၁၃-ခု ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်သို့ တင်ပြအစီရင်ခံပြီးသည့်နောက် ၂၀၁၃-ခု ဖေဖော်ဝါရီလ ၂၈-ရက်နေ့တွင်မှ ပါတီမှတ်ပုံတင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

    အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီနှင့် သက်ဆိုင်သော သတင်းများဖတ်ရန်
    –   http://www.m-mediagroup.com/news/5737
    –   http://www.m-mediagroup.com/news/10868