News @ M-Media

Blog

  • မွတ်စလင်များကို အကြမ်းဖက်ရန်ကြံစည်သည့် နိုင်ငံသားတစ်ဦးကို စင်ကာပူ ဖမ်းဆီး

    မွတ်စလင်များကို အကြမ်းဖက်ရန်ကြံစည်သည့် နိုင်ငံသားတစ်ဦးကို စင်ကာပူ ဖမ်းဆီး

    ဇန်နဝါရီ ၂၇၊ ၂၀၂၀
    M-Media

    အကြမ်းဖက်တိုက်ခိုက်ရန် ရွေးထားသည့် ဗလီနှစ်လုံး

    -အထင်ကရ ဗလီနှစ်လုံးမှာ မွတ်စလင်တွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်နေတဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးထားတယ်လို့ စင်ကာပူက ဒီနေ့ ထုတ်ပြန်ပါတယ်။

    အိန္ဒိယလူမျို ပရိုတက်စတင့် ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့ အဲဒီလူငယ်ဟာ နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီနှစ်လုံး တိုက်ခိုက်ခံရတဲ့ နှစ်ပတ်လည် မတ်လ ၁၅ ရက်နေ့ စင်ကာပူက Assyafaah ဗလီနဲ့ Yusof Ishak ဗလီတွေမှာ မွတ်စလင်တွေကို ဓားကောက်နဲ့ လိုက်ခုတ်ဖို့ စီစဉ်ထားတာပါ။

    ကျောင်းသားတစ်ဦးဖြစ်တဲ့ ဒီလူငယ်ကို ဒီဇင်ဘာလမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ စင်ကာပူ ပြည်တွင်းလုံခြုံရေးဌာန (ISD) ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ စင်ကာပူမှာ လက်ယာအစွန်းရောက် အယူဝါဒကြောင့် ပထမဆုံး ဖမ်းဆီးထိန်းသိမ်းမှု ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ လူငယ်ရဲ့အမည်ကို ISD က ထုတ်မပြောပါဘူး။

    ၂၀၁၉ ခုနှစ်က လူ ၅၀ သေဆုံးခဲ့တဲ့ ခရိုက်ချက်ဗလီ အကြမ်းဖက်မှုကို ဒီလူငယ်က အလွန်အားကျခဲ့တယ်လို့လည်း ISD က ဆိုပါတယ်။

    “အစ္စလာမ်ကို မုန်းတီးမှု၊ တိုက်ခိုက်သတ်ဖြတ်မှုကို ပျော်မွေ့တဲ့စိတ်တွေကြောင့် အစွန်းရောက်သွားတာပါ။ ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့ နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က အကြမ်းဖက်တိုက်ခိုက်မှု တိုက်ရိုက်လွှင့်တဲ့ ဗီဒီယိုကို သူကြည့်ခဲ့တယ်။ အကြမ်းဖက်သမား ဘရန်ဒန် တားရန့်ရဲ့ ကြေငြာချက်ကိုလည်း သူက ဖတ်ရှုခဲ့ပါတယ်။ IS အကြမ်းဖက်အဖွဲ့ရဲ့ ဝါဒဖြန့်ဗီဒီယိုကို ဒီလူငယ်က ကြည့်ခဲ့ပြီး အစ္စလာမ်က ဘာသာမတူသူတွေကို သတ်ခိုင်းလို့ IS က လိုက်သတ်နေတာလို့ သူက မှားယွင်းစွာ ကောက်ချက်ချခဲ့ပါတယ်”

    ဗလီနှစ်လုံးမှာ တိုက်ခိုက်မှုလုပ်ဖို့ အသေးစိတ်အစီအစဉ်ကိုလည်း ဒီလူငယ်က ရေးဆွဲထားပြီး တားရန့်ရဲ့လုပ်ရပ်နဲ့ ခံဝန်ချက်တွေက သူ့အပေါ် လွှမ်းမိုးတယ်ဆိုတာ ထင်ရှားတယ်လို့ ISD က ဆိုပါတယ်။

    Assyafaah ဗလီနဲ့ Yusof Ishak ဗလီတို့ကို ရွေးချယ်တာဟာ သူ့ရဲ့အိမ်နဲ့ နီးလို့ဖြစ်ပြီး တိုက်ခိုက်ဖို့အတွက် ဗလီအနေအအထားနဲ့ လမ်းကြောင်းကို Google Map အသုံးပြုကာ လေ့လာခဲ့ကြောင်း၊ အရင်က An-Nur ဗလီကို ရွေးခဲ့ပေမယ့် နောက်ပိုင်း Yusof Ishak ဗလီကို ပြောင်းလဲရွေးချယ်ခဲ့ကြောင်း၊ ဘယ်လိုသွားရမလဲ၊ အထဲကို ဘယ်လိုဝင်ရမလဲဆိုတာနဲ့၊ ကားဘယ်နေရာမှာ ရပ်ရမလဲဆိုတဲ့ အစီအစဉ်တွေကိုပါ ရေးဆွဲထားပြီးဖြစ်ကြောင်း ISD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အကြမ်းဖက်တိုက်ခိုက်ဖို့စီစဉ်ထားတဲ့ လူငယ်ဟာ မွတ်စလင်တွေရဲ့ ရင်ဘတ်နဲ့ လည်ပင်းကို ဓားနဲ့လှီးနိုင်ဖို့ YouTube က ဗီဒီယိုတွေကို ကြည့်ရှုလေ့လာခဲ့သလို၊ လက်နက်အတွက် စင်ကာပူဒေါ်လာ ၁၉၀ တန် Smith & Wesson တံဆိပ် ဓားကောက်ကို ဝယ်ဖို့ ရွေးထားပြီး ပိုက်ဆံဆုနေကာ တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ ရက်မတိုင်ခင် ဝယ်ယူနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။

    တိုက်ခိုက်မယ့်အစီအစဉ်

    ဝယ်ယူရန် စီစဉ်ထားသည့် ဓားကောက်

    ဖခင်ဖြစ်သူရဲ့ အကြွေးဝယ်ကဒ်ကို ခိုးယူပြီး ကားအငှားဝန်ဆောင်မှုတစ်ခုဆီကနေ BlueSG ကားငှားဖို့ သူက စီစဉ်ထားသလို လိုင်စင်မရှိပေမယ့် လုပ်နိုင်မယ်လို့ သူက ယုံကြည်နေကြောင်း၊ တိုက်ခိုက်မှုကို မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့အတွက် ဗလီနှစ်လုံးအလယ်မှာ ကားရပ်နိုင်မယ့်နေရာကို ရွေးထားကြောင်း ISD က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    နယူးဇီလန်က လူဖြူအစွန်းရောက် ဘရန်ဒန်တားရန့် အသုံးပြုတဲ့ ချေမှုန်းရေးရိုင်ဖယ်သုံးဖို့ ဒီလူငယ်က အစပိုင်းမှာ စီစဉ်ခဲ့တာပါ။ Telegram မှာ သေနတ်ရောင်းသူတစ်ဦးနဲ့ အဆက်အသွယ်ရပေမယ့် Bitcoin နဲ့ ငွေလွှဲခိုင်းတာကြောင့် လိမ်ရောင်းတာလို့ သံသယရှိတဲ့အတွက် သေနတ်မဝယ်ဖြစ်ခဲ့ပါဘူး။

    လက်နက်ကိုင်ဆောင်ခွင့်လိုင်စင် သတ်မှတ်ချက်တွေကို သူက​ လေ့လာခဲ့သလို စင်ကာပူ ရိုင်ဖယ်အသင်းကို ဝင်ရောက်ဖို့လည်း စီစဉ်ခဲ့ပါတယ်။

    အွန်လိုင်းမှာ သေနတ်တွေရှာခဲ့ပေမယ့် စက်ကာပူရဲ့ တင်းကြပ်တဲ့ သေနတ်ကိုင်ဆောင်ခွင့်ဥပ​ဒေကြောင့် လူငယ်က ဒီအစီအစဉ်ကို စွန့်လွှတ်ခဲ့တယ်လို့ ISD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    TATP ဗုံးလုပ်နည်းကို သူက အွန်လိုင်းမှာ ရှာဖွေခဲ့သလို၊ ဗလီတွေကို ဓာတ်ဆီဗုံးနဲ့ မီးရှို့ဖို့လည်း ဒီလူငယ်က စဉ်းစားခဲ့ပါတယ်။ ဒါဟာ တားရန့်ရဲ့ အကြံဉာဏ်တစ်ခုပါ။ ဗုံးရဖို့ခက်ခဲတာ၊ မိမိအန္တရာယ်ကင်းရေး စိုးရိမ်တာတွေကြောင့် ဒီအစီအစဉ်ကို စွန့်လွှတ်ခဲ့တယ်လို့ ISD က ပြောပါတယ်။

    လူဖြူအစွန်းရောက်တွေရဲ့စတိုင်ကို ပုံတူကူးနိုင်ဖို့အတွက် တိုက်ခိုက်ရေးဝတ်စုံတစ်ခုကို နိုဝင်ဘာလတုန်းက ဝယ်ခဲ့ပြီး တိုက်ခိုက်မှုကို တိုက်ရိုက် Live လွှင့်နိုင်ရေး ဖုန်းတပ်လို့ရအောင် ဝတ်စုံကို ပြင်ဆင်ခဲ့ပါသေးတယ်။

    အစွန်းရောက်အယူအဆ ပြန့်နှံစေချင်

    ဝယ်ထားသည့် တိုက်ခိုက်ရေးဝတ်စုံ

    တိုက်ခိုက်မှုမလုပ်ခင် အွန်လိုင်းမှာလွှင့်တင်ဖို့အတွက် စာရွက်နှစ်ရွက်ကို ဒီလူငယ်က ပြင်ဆင်ခဲ့တယ်လို ISD က ပြောပါတယ်။

    တစ်ရွက်က ပြင်သစ်ပြည်သူတွေကို ရည်ညွှန်းတဲ့စာဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာလ နိုက်စ်မြို့မှာ ခရစ်ယာန်တစ်ချို့ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း ရေးခဲ့တာပါ။ ပြင်သစ်ပြည်သူတွေအနေနဲ့ ‘ကိုယ်မှန်တယ်ထင်တဲ့ဖက်မှာ ရပ်တည်ကြဖို့’ နဲ့ ‘သူတို့ (မွတ်စလင်တွေ) ပုန်းအောင်းပြီး အချိန်ကောင်းစောင့် တိုက်ခိုက်တာမျိုးကို ခွင့်ပြုထားလို့ မရတော့ဘူး’ လို့ ဒီစာမှာ ရေးသားထားပါတယ်။

    ဖမ်းဆီးခဲ့ချိန်မှာ ဒုတိယစာကို ရေးနေဆဲဖြစ်ပြီး အဲဒီစာထဲမှာ အစ္စလာမ်ကို ဘယ်လောက်မုန်းတီးကြောင်းရေးသားထားကာ၊ နယူးဇီလန်က လူဖြူအစွန်းရောက် တားရန့်ကို ‘သူတော်စဉ်’ လို့ ရည်ညွှန်းထားကြောင်း၊ ဒါဟာ တားရန့်ရဲ့ ကြေငြာချက် လွှမ်းမိုးနေတယ်ဆိုတာ သိသာကြောင်း ISD က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “ဒီအစီအစဉ်အတွက် ရလဒ်နှစ်ခုဖြစ်လာမယ်ဆိုတာကို သူက တွက်ဆထားကြောင်း စစ်ကြောရေးမှာ သူက ဝန်ခံပါတယ်။ တစ်ခုက တိုက်ခိုက်မှုမလုပ်ခင် ဖမ်းဆီးခံရနိုင်တာနဲ့ နောက်တစ်ခုက တိုက်ခိုက်မှုလုပ်ပြီးတဲ့နောက် ရဲတပ်ဖွဲ့ရဲ့ အသေပစ်ခံဖမ်းဆီးမှုကို ခံရနိုင်တာပါ”

    စင်ကာပူပြည်ထဲရေးဝန်ကြီး ကေရှန်မူဂမ်က ဒီလူငယ်ရဲ့ ထွက်ဆိုချက်တွေဟာ ‘သိပ်ကို တုန်လှုပ်စရာကောင်းတယ်’ လို့ ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုကို သူတစ်ယောက်တည်းက ဆောင်ရွက်မှာဖြစ်ပြီး ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ လွှမ်းမိုးခိုင်းစေမှုမှ မပါဝင်ဘူးဆိုတာကို စုံစမ်းစစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ်။

    “တိုက်ခိုက်ဖို့ စီစဉ်ထားမှုနဲ့ အစ္စလာမ်အပေါ် သူ့ရဲ့ မုန်းတီးမှုတွေကို သူ့ရဲ့မိသားစုနဲ့ ပတ်ဝန်းကျင်ကလူတွေ ဘယ်သူမှ သတိမထားမိပါဘူး” လို့ ISD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    စင်ကာပူမှာ မွတ်စလင်တွေကို တိုက်ခိုက်ဖို့ အရင်က ကြံစည်ခဲ့သူတစ်ယောက်ထံကနေ ဒီလူငယ်ရဲ့သတင်းကို စင်ကပူရဲတပ်ဖွဲ့က ရရှိခဲ့ပြီး နိုဝင်ဘာ ၂၆ နေ့က ဖမ်းဆီးကာ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ တရားစွဲခဲ့ပါတယ်။

    “သူ့ကို လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် ကျွန်တော်တို့က ရှုမြင်ပါတယ်” လို့ ISD က ဆိုပါတယ်။

    ပြည်ထဲရေးဝန်ကြီး ရှမ်မူဂမ်က ၂၀၁၅ ခုနှစ်နောက်ပိုင်း အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးခဲ့ရတဲ့ အသက် ၂၀ အောက်လူငယ် ၇ ဦးရှိပြီး အခုလူငယ်မတိုင်ခင် IS ကို ထောက်ခံမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်က အငယ်ဆုံးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • ကိုဗစ်ကာကွယ်ဆေး တစ်နှစ်တစ်ကြိမ် ထိုးရဖွယ်ရှိနေဟု ယူအေအီး ကျန်းမာရေးတာဝန်ရှိသူပြော

    ကိုဗစ်ကာကွယ်ဆေး တစ်နှစ်တစ်ကြိမ် ထိုးရဖွယ်ရှိနေဟု ယူအေအီး ကျန်းမာရေးတာဝန်ရှိသူပြော

    ဇန်နဝါရီ ၂၇၊ ၂၀၂၁
    M-Media

    ယူအေအီး ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဖရီဒါ အလ် ဟိုစနီ

    -ကိုဗစ်ဗိုင်းရပ်စ်ရဲ့ ပုံပြောင်းတတ်တဲ့ သဘာ၀ကြောင့် ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် ထိုးရတာမျိုး ဖြစ်နိုင်တယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဖရီဒါ အလ် ဟိုစနီက ပြောပါတယ်။

    လူထုအခြေပြု အကူအညီပေးရေးအဖွဲ့ MBAF နဲ့ ယူအေအီး ပြည်သူ့ကျန်းမာရေးစင်တာ (ADPHC) တို့ရဲ့ မနေ့က အလွန်လိုင်းဆွေးနွေးပွဲတစ်ခုမှာ ဖရီဒါက အခုလို ပြောလိုက်တာပါ။

    ကိုဗစ်ရောဂါ စတင်ပြန့်နှံ့ကတည်းက ဗိုင်းရပ်စ်ပုံပြောင်းမှု အကြိမ်ရေထောင်ချီ ဖြစ်ခဲ့ပြီး လက်ရှိ ယူ​ကေ၊ တောင်အာဖရိကနဲ့ အခြားနိုင်ငံတစ်ချို့မှာ ကူးစက်မှု ၇၀ ရာခိုင်နှုန်း ပိုမြန်တဲ့ ပုံပြောင်းကိုဗစ်တစ်မျိုး ပြန့်နှံ့နေပါတယ်။

    ဖရီဒါက ဒီလိုပုံပြောင်းမှုတွေ ဆက်ဖြစ်နေရင် ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ်လောက် ထိုးရတာမျိုး ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ ယူအေအီးမှာ အသက် ၁၆ နှစ်​အရွယ် လူငယ်တွေကို ထိုးပေးနိုင်မယ့် ကာကွယ်ဆေး အနည်းဆုံး ၃ မျိုးလောက်ကို စမ်းသပ်နေတယ်လို့ သူမက ဆိုပါတယ်။

    ကိုဗစ်ကူးစက်သူ ၄၀ ကနေ ၅၀ ရာခိုင်နှုန်းလောက် ရောဂါလက္ခဏာ မပြတာကို သူမက ထောက်ပြခဲ့ပါတယ်။

    “ဒါ့ကြောင့် လူကြီးတွေကို ဦးစားပေးထိုးပေးဖို့ ကျွန်မတို့ အဓိက လုပ်နေတယ်။ လူကြီးတွေ၊​ တစ်ခြားရောဂါရှိတဲ့သူတွေမှာ ကိုဗစ်ကူးစက်တာကို ကြိုသိလေလေ၊ ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ အခွင့်အရေး များလေလေပါပဲ”

    ယူအေအီးဟာ တရုတ်ထုတ် Sinopharm၊ အမေရိကန်ထုတ် Pfizer နဲ့ ရုရှားထုတ် Sputnik ကိုဗစ်ကာကွယ်ဆေးတွေကို အသုံးပြုခွင့်ပြုထားပြီး ၂၀၂၁ ခုနှစ် ပထမ ၃ လအတွင်း နိုင်ငံလူဦးရေရဲ့ ထက်ဝက်လောက်ကို ထိုးပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

    Ref: Khaleej Times

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၂၇၊ ၂၀၂၁
    M-Media

    ချယ်ဆီးနည်းပြသစ် တူချယ်

    ချယ်ဆီးနည်းပြသစ် တူချယ် ထိပ်တန်းကစားသမားများကို ခေါ်ယူမည်

    ကစားသမားတွေကို တွေ့ခွင့်ရပြီး ကမ္ဘာ့စိတ်လှုပ်ရှားစရာအကောင်းဆုံးလိဂ်ကို ကြုံတွေ့ခွင့်ရဖို့ မစောင့်နို်ငတော့ဘူးလို့ ချန်ဆီးနည်းပြသစ် သောမတ်စ် တူချယ်က ပြောပါတယ်။

    ချယ်ဆီးဟာ တနင်္လာနေ့က လမ်းပတ်ကို ထုတ်ပယ်ခဲ့ပြီးနောက် တူချယ်ကို မနေ့က ခန့်အပ်ခဲ့တာပါ။ တူချယ်ဟာ ချယ်ဆီးကို ကိုင်တွယ်တဲ့ ပထမဆုံး ဂျာမန်နိုင်ငံသားဖြစ်လာပြီး မနက်ဖြန် ဝုလ်ဗ်နဲ့ပွဲကို စကိုင်ရမှာပါ။

    ချယ်ဆီးက မိမိအပေါ် ယုံကြည်မှုရှိတဲ့အတွက် အံ့ဩရတယ်လို့ တူချယ်က ပြောကြားခဲ့ပြီး လမ်းပတ်ရဲ့ စွမ်းဆောင်မှုတွေ၊ သူထားခဲ့တဲ့ အမွေအနှစ်တွေကို အလေးထားတယ်လို့လည်း ဆိုပါတယ်။

    လမ်းပတ်မြေတောင်မြှောက်ပေးခဲ့တဲ့ လူငယ်တွေကို ဆက်သုံးမှာဖြစ်ပေမယ့် လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ဒေါ့မွန်က ဟာလန်းလို ထိပ်တန်းကစားသမားအချို့ ခေါ်ယူဖို့လည်း တူချယ်က စီစဉ်နေပါတယ်။

    ကစားသမားများ လစာ မတရားတောင်းသည်ဆိုသည့်သတင်းကို ကိုးမန်းငြင်း

    အသင်းအဆင်မပြေ ဖြစ်နေတဲ့အချိန် ကစားသမားတွေက လစာတိုးတောင်းနေကြတယ်ဆိုတဲ့သတင်းကို ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ငြင်းဆိုလိုက်ပါတယ်။

    ပွဲတွေရွှေ့ဆိုင်းရတာ ကွင်းအတွင်း ပရိသတ်ဝင်ရောက်ကြည့်ရှုခွင့် မရသေးတာလို ကိုဗစ်နောက်ဆက်တွဲ ပြဿနာတွေကြောင့် ဘောလုံးလောကမှာ ဝင်ငွေ အကြီးအကျယ် ထိခိုက်မှု ရှိနေတာ ဖြစ်ပါတယ်။

    ဘာစီလိုနာအသင်းလည်း အခြားအသင်းတွေနည်းတူ ဝင်ငွေကျဆင်းတာ ပေးရမယ့်အကြွေး နင့်လာတာမျိုးကို ရင်ဆိုင်နေရပါတယ်။ စာချုပ်ထပ်တိုးတဲ့ ကစားသမားတွေ လစာတိုးတောင်းတယ်ဆိုတဲ့ သတင်းမျိုးလည်း ထွက်နေပြီး ကိုးမန်းက ဒါဟာ မဟုတ်ကြောင်း၊ အသင်းရဲ့ လက်ရှိအခြေအနေကို ကစားသမားတွေ နားလည်ပြီး လစာလျှော့ကာ စာချုပ်ချုပ်တဲ့ ကစားသမားတွေသာ ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အချိန်ပေးခဲ့သည့် ဘုတ်အဖွဲ့ကို ဆိုးလ်ရှား ကျေးဇူးတင်

    လမ်းပတ်လိုကံကြမ္မာမျိုး မကြုံတဲ့အတွက် အသင်းဘုတ်အဖွဲ့ကို ကျေးဇူးတင်တယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ပြောပါတယ်။

    ပြီးခဲ့တဲ့ ၈ ပွဲမှာ ခြောက်ပွဲရှုံးပြီး စွမ်းဆောင်ရည်ကျဆင်းလာတဲ့အတွက် နည်းပြလမ်းပတ်ကို ချယ်ဆီးက တနင်္လာနေ့မှာ ထုတ်ပယ်ခဲ့တာပါ။ ရာသီအစပိုင်းမှာ မန်ယူလည်း ဒီလိုအခြေအနေဆိုးမျိုး ကြုံတွေ့ခဲ့ရပြီး အသင်းအုပ်ချုပ်ရေးပိုင်းက ဖြေး​ဖြေးမှန်မှန်သွားဖို့ သူ့ကို ထောက်ခံပေးခဲ့တယ်လို့ ဆိုလ်ရှားက ဆိုပါတယ်။

    အသင်းကို နည်းပြတာဟာ ရေရှည်သွားရတဲ့အလုပ်မျိုးဖြစ်ပြီး ချယ်ဆီးဘုတ်အဖွဲ့က လမ်းပတ်အပေါ် အချိန်မပေးတာကို အံ့ဩမိကြောင်း၊ ဒီအတွက် မှတ်ချက်မပေးလိုဘဲ ချယ်ဆီးကို ဇယားထိပ်ရောက်အောင် ပို့ပေးနိုင်ခဲ့တဲ့ လမ်းပတ်ဟာ နည်းပြဘ၀မှာ တစ်ကျော့ပြန်အောင်မြင်လာမယ်လို့ ယုံကြည်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    ဇန်နဝါရီ ၂၆၊ ၂၀၂၁
    M-Media

    ကိုဗစ်ကာကွယ်ဆေးစင်တာများ Google Map တွင် ကြည့်နိုင်တော့မည်

    မိမိအနားမှာရှိနေတဲ့ ​ကိုဗစ်ကာကွယ်ဆေးစင်တာကို ကြည့်ရှုရှာဖွေနိုင်မယ့် ဝန်ဆောင်မှုတစ်ခုကို Google Map က အမေရိကန်ပြည်ထောင်စုမှာ အခုတစ်ပတ်အတွင်း မိတ်ဆက်မှာ ဖြစ်ပါတယ်။

    အခုနှစ်အစပိုင်းကစပြီး ‘vaccines near me’ (ငါ့အနားမှာရှိတဲ့ ကာကွယ်ဆေး) ဆိုတဲ့ ရှာဖွေမှု ၅ ဆ မြင့်တက်လာတာကို တွေ့ရတဲ့အတွက် ဒီဝန်ဆောင်မှု ဖန်တီးပေးတာဖြစ်တယ်လို့ ဂူးဂဲလ်က ပြောပါတယ်။

    ကာကွယ်ဆေးအတွက် အပွိုင့်မန့်ယူဖို့လိုလား၊ ဘယ်သူတွေကို ဦးစားပေးထိုးပေးလဲ၊ သွားရင် ဘယ်လောက်ကြာနိုင်လဲ စတဲ့ အသေးစိတ်အချက်အလက်တွေကိုပါ Google Map က ပြပေးမှာပါ။ ဒီအချက်အလက်တွေအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဂူးဂဲလ်က ဆိုပါတယ်။

    Space X ကုမ္ပဏီက အာကာသသမိုင်းတွင် မှတ်တမ်းသစ်ရေးထိုး

    အာကာသကုမ္ပဏီ SpaceX ဟာ သူတို့ရဲ့ Falcon9 ဒုံးပျံနဲ့ ဂြိုဟ်တု ၁၄၃ လုံးကို တနင်္ဂနွေနေ့က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး အာကသသမိုင်းတစ်လျှောက် တစ်ကြိမ်တည်းနဲ့ ဂြိုဟ်တုအများဆုံးလွှတ်နိုင်တဲ့ မှတ်တမ်းသစ်တစ်ခုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

    အရင်က ဒီမှတ်တမ်းကို အိန္ဒိယက တစ်ကြိမ်တည်း ၁၀၄ လုံးလွှတ်ပြီး ရထားတာဖြစ်ပါတယ်။ အခုလွှတ်တင်တဲ့ Transporter-1 အစီအစဉ်ကို Space X က ၂၀၁၉ ခုနှစ် စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ဂြိုဟ်တုအကြီးတွေထက်၊ အသေးစားဂြိုတုလေးတွေကိုပဲ များများစားစား လွှတ်တင်ပေးသွားမယ်လို့ ပြောထားပါတယ်။

    ပြီးခဲ့တဲ့နှစ်​တွေအတွင်း အာကာသနယ်ပယ်မှာ ဖုန်းအရွယ်လောက်ကနေ၊ ရေခဲသေတ္တာအသေး အရွယ်လောက်အထိသာရှိတဲ့ နည်းပညာမြင့် ဂြိုဟ်တုငယ်တွေ လွှတ်တင်မှု များပြားလာပြီး ဆက်သွယ်ရေး၊ လမ်းကြောင်းရှာဖွေရေး၊ ထောက်လှမ်းရေး စတဲ့ နယ်ပယ်အသီးသီးမှာ အသုံးပြုလာကြတာ ဖြစ်ပါတယ်။

    အွန်လိုင်းငွေကြေးလိမ်လည်မှု ကပ်ရောဂါသဖွယ်ဖြစ်နေ

    ယူကေမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုဟာ ကပ်ရောဂါသဖွယ်ဖြစ်လာပြီး နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လာတယ်လို့ တတ်သိပညာရှင်များအဖွဲ့ RUSI က ပြောပါတယ်။

    အကြွေးဝယ်ကဒ်လိမ်လည်မှု၊ ဆိုက်ဘာလိမ်လည်မှု စတာတွေကြောင့် ယူကေဟာ တစ်နှစ်ကို ဒေါ်လာ ဘီလီယံ ၁၉၀ လောက် ဆုံးရှုံးနေတာပါ။ လိမ်လည်မှုတွေဟာ ပုဂ္ဂလိကလုပ်ငန်းတွေကို ပစ်မှတ်ပိုထားပြီး ယူကေထောက်လှမ်းရေး၊ ရဲတပ်ဖွဲ့တို့အနေနဲ့ ဒါတွေကို တိတိကျကျ မကိုင်တွယ်နိုင်ဘူးဆိုရင် ယူကေဟာ စီးပွားရေးလုပ်လို့ကောင်းတဲ့ နိုင်ငံမျိုးဆိုတဲ့ ဂုဏ်ပုဒ်ကို ထိခိုက်စေလိမ့်မယ်လို့ RUSI က သတိပေးခဲ့ပါတယ်။

    ဒါ့အပြင် အစိုးရအေဂျင်စီတွေ ဆိုက်ဘာ လိမ်လည်မှုခံရတာကြောင့် ပြည်သူတွေ အစိုးရအပေါ် ယုံကြည်မှု ပျက်ယွင်းလာကြလိမ့်မယ်လို့လည် RUSI က ဆိုပါတယ်။

    Ref: CNN, BBC

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၂၆၊ ၂၀၂၁
    M-Media

    ပီအက်စ်ဂျီနည်းပြဟောင်း တူချယ် ချယ်ဆီးနည်းပြဖြစ်လာရန် ရေပန်းစား

    ချယ်ဆီးအသင်းဟာ နည်းပြ ဖရန့်လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ပီအက်စ်ဂျီနည်းပြဟောင်း သောမတ်စ်တူချယ် နည်းပြသစ်ဖြစ်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

    အသက် ၄၂ နှစ်အရွယ် လမ်းပတ်ရဲ့ နည်းပြသက်တမ်းဟာ ၁၈ လသာ ကြာမြင့်ခဲ့တာပါ။ ပထမနှစ်မှာ ပရီးမီးယားလိဂ် အဆင့် ၄ နေရာ၊ FA ဖလားဖိုင်နယ်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အခုရာသီအစပိုင်းမှာလည်း ဇယားထိပ်ရောက်တဲ့အထိ ချယ်ဆီးက ခြေစွမ်းထက်ခဲ့ပါတယ်။

    ဒါပေမယ့် နောက်ဆုံး ၈ ပွဲမှာ ၅ ပွဲအထိ ရှုံးခဲ့ပြီး အဆင့် ၉ နေရာကို ကျဆင်းသွားပါတယ်။ လမ်းပတ်က အသင်းရှေ့ရောက်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက် စိတ်ပျက်မိကြောင်း၊ အကယ်ဒမီကစားသမားတွေကို အသင်းကြီးမှာ နေရာရအောင် စွမ်းဆောင်ပေးနိုင်တာ၊ အသင်းကို အောင်မြင်တစ်ချို့ရအောင် စွမ်းဆောင်ပေးနိုင်တာတွေအတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။

    ဥရောပဘောလုံးလောက စတာလင်ပေါင် သန်း ၁၇၀၀ ကျော် အရှုံးပေါ်မည်

    ကိုဗစ်ကပ်ရောဂါကြောင့် ဥရောပက အချမ်းသာဆုံး ကလပ်အသင်း ၂၀ လောက်ဟာ စတာလင်ပေါင်း ၁.၇ ဘီလီယံလောက် ဆုံးရှုံးလိမ့်မယ်လို့ ဘောလုံး လေ့လာဆန်းစစ်ရေးအဖွဲ့ Deloitte Football Money က ပြောပါတယ်။

    ကိုဗစ်ဖြစ်နေတဲ့အတွက် မနှစ်က ဘောလုံးပြိုင်ပွဲတွေ ၄ လ​လောက် နားလိုက်ရသလို အခုအချိန်အထိလည်း ပရိတ်သတ်တွေ မရှိဘဲ ကစားနေရတာကြောင့် အသင်းတွေရဲ့ အကျိုးအမြတ်တွေက သိသိသာသာ ကျဆင်းနေပါတယ်။

    လက်ရှိ ဥရောပအသင်းကြီး ၂၀ ရဲ့ ဆုံးရှုံးမှုဟာ ပေါင်း ၉၇၆ သန်းရှိပြီး အခုဘောလုံးရာသီပြီးဆုံးရင် ဆုံးရှုံးမှုက ၁.၇ ဘီလီယံ ရှိလာမှာပါ။ ကိုဗစ်ကာလမှာ ငွေအရှာနိုင်ဆုံးက ဘာစီလိုနာအသင်းဖြစ်ပေမယ့် ဆုံးရှုံးမှုuလည်း ဒုတိယနေရာမှာ ရှိနေပါတယ်။

    အသင်းတွေ ဝင်ငွေပြန်ကောင်းဖို့ဆိုရင် ပရိတ်သတ်တွေ ကွင်းထဲဝင်ကြည့်ခွင့်ရဖို့က အဓိကကျနေပြီး နောက်ဆက်တွဲအဖြစ် ရုပ်သံလွှင့်ခွင့်ရတဲ့ ဝင်ငွေတွေပါတက်လာမှာဖြစ်ကြောင်း၊ ဘောလုံးလောကဟာ ဒီအကြပ်အတည်းကို ကျော်လွှားလွတ်မြောက်နိုင်မှာဖြစ်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။

    Ref: BBC