News @ M-Media
Blog
  • ယခုရက်ပိုင်းအတွင်း သာသနာရေးဝန်ကြီး အသစ်ခန့်အပ်ဖွယ်ရှိ
    ဇန်နဝါရီ ၂၇ ၊ ၂၀၁၃
    M-Media
    မောင်လျောက် (မြန်မာမြေ)
     လက်ရှိ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့် (ဓါတ်ပုံ DVB)
    လက်ရှိ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့် (ဓါတ်ပုံ DVB)
    ယခုလက်ရှိကျင်းပနေသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး အသစ်ကို ခန့်အပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။
    ယင်းသို့ခန့်အပ်ရာတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ  ဦးဆန်းဆင့်ကို  နိုင်ငံတော်သမ္မတက အဆိုပြုထားကြောင်း ဇန်န၀ါရီလ ၂၂ရက်နေ့ကပြည်ထောင်စု လွှတ်တော်သို့ပေးပို့သော သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
    သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက် အစိုးရသက်တမ်း ဒုတိယနှစ်အတွင်း မကြာခဏဆိုသလို ၀န်ကြီးနေရာများ အပြောင်းအလဲပြုခဲ့ပြီးနောက် မကြာခင်ကတာဝန်မှ အနားယူသွားသော လစ်လပ် ၀န်ကြီးများနေရာတွင် ယခုလို အစားထိုးခန့်အပ်ရန် စီစဉ်ခြင်းဖြစ်ပါသည်။
    လစ်လပ် လျက်ရှိသော  ၀န်ကြီးများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၃၂ ပုဒ်မခွဲ (ဂ) နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (ခ) တို့အရ ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုရယူရမည်ဖြစ်ပြီး သရေစည်သူ ဦးဆန်းဆင့်အနေဖြင့် သာသနာရေးဝန်ကြီး ဖြစ်လာဖွယ်ရှိသည်။
    နုတ်ထွက်လွှာတင်ပြီး အနားယူသွားသော ယခင် သာသနာရေးဝန်ကြီး  သူရဦးမြင့်မောင် မှ အရင် နအဖ စစ် အစိုးရလက်ထက် ကတည်းက တာဝန်ယူခဲ့သူဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့တွင်လည်း ဆက်လက် တာဝန်ယူခဲ့သည်။
    သူရဦးမြင့်မောင်သည် ပြီးခဲ့သည့် ရက်ပိုင်းက ယခင် ဆက်သွယ်ရေးဝန်ကြီး တစ်ဦးနှင့်အတူ တာဝန်မှ အနားယူခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဦးဆန်းဆင့် အားအစားထိုးခန့်အပ်ခြင်းရန် လွှတ်တော်သို့ အတည်ပြုချက်ယူခြင်းဖြစ်သည်။
    မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် များအနေဖြင့် လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို အထူးတလည်လိုလားပြီး အသစ် ခန့်အပ်ခြင်းခံရသည့်  ပြည်ထောင်စုဝန်ကြီး အနေနှင့်လည်း နိုင်ငံတွင်းရှိ ဘာသာရေးနှင့် ပတ်သက်သည့် ကိစ္စများကို အဓိက ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။
    ထိုပြင်မြန်မာနိုင်ငံတွင်းရှိ ဘာသာအသီးသီးမှ ဘာသာဝင်များကလည်း ဘာသာပေါင်းစုံ ချစ်ကြည်ရေးကိုတောင့်တလျက်ရှိပြီး အသစ်ခန့်အပ်ခြင်းခံရသည့်  ပြည်ထောင်စုဝန်ကြီး အနေနှင့်လည်း ဘာသာပေါင်းစုံ ချစ်ကြည်ရေး ကို အထူးအရေးပေး ဆောင်ရွက်ပေးစေလိုကြောင်းသိရသည်။
    နိုင်ငံတော်သမ္မတမှ သာသနာရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ရန်အဆိုပြုထားသော ဦးဆန်းဆင့်မှာလက်ရှိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသူဖြစ်ပြိး ယခင် နအဖ အစိုးရလက်ထက်တွင် စစ်ရာထူးခန့်ချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကျဉ်းပချိန်တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် အငြိမ်းစားယူခဲ့သူဖြစ်သည်။
  • ၂၆ ကြိမ်မြောက် အစ္စလာမ့်မစ် ပေါင်းစည်းမှု ညီလာခံကို အီရန်နိုင်ငံ တီဟီရန်မြို့တွင် ကျင်းပ
    ဇန်နဝါရီ ၂၇ ၊ ၂၀၁၃
    M-Media
    myriam20130127084604410
    ၂၆ ကြိမ်မြောက် အစ္စလာမ့်မစ် ပေါင်းစည်းမှု ညီလာခံကို အီရန်နိုင်ငံ တီဟီရန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အီရန်သမ္မတ မာမွတ် အမာဒီနီဂျက်( Mahmoud Ahmadinejad) လည်း တက်ရောက်ခဲ့သည်။
    နှစ်ရက်တာ ကြာမြင့်သော အဆိုပါ အစည်းအဝေးတွင် နိုင်ငံပေါင်း ၁၂၀ မှ စွန္နီနှင့် ရှီအာ တွေးခေါ်သူများစုပေါင်း၍ အစ္စလာမ့် လူ့အဖွဲ့အစည်းအကြား ပေါင်းစည်းညီညွတ်မှု၊ မွတ်စလင် ကမ္ဘာတွင် ရှိနေသော ပြဿနာများနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်သည်။
    “အဲဒီညီလာခံကို တက်ရောက်သူတွေမှာ အလ်-အဇ်ဟာရ် တက္ကသိုလ်က တွေးခေါ်သူတွေ၊ တူနီးရှား၊ ဆီးရီးယား၊ ဆူဒန် စတဲ့နိုင်ငံက မွဖ်သီ ကြီးတွေ၊ ပါကစ္စတန်၊ ပါရှန်း ပင်လယ်ကွေ့နိုင်ငံတွေက တွေးခေါ်ပညာရှင်တွေ အပါအ၀င် အီရန်က တွေးခေါ်ပညာရှင် ၁၀၀၀၊ မွတ်စလင်ကမ္ဘာရဲ့ ထင်ရှားတဲ့ သိပ္ပံပညာရှင်တွေ၊ နိုင်ငံရေး ပညာရှင်တွေနဲ့၊ ယဉ်ကျေးမှု ပညာရှင် ၃၀၀ စသဖြင့် ပါဝင်ကြမှာပါ။” ဟု World Forum for Proximity of Islamic Schools of Thought ၏ အတွင်းရေးမှူးဖြစ်သူ Ayatollah Mohsen Araki က ဆိုသည်။
    ၂၅ ကြိမ်မြောက် အစ္စလာမ့်မစ် ပေါင်းစည်းမှု ညီလာခံကိုလည်း ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တီဟီရန်၌ပင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ညီလာခံတွင် အစ္စလာမ့်မစ် နိုးထမှု၊ အာရပ်ကမ္ဘာရဲ့ လူကြိုက်များတဲ့ လူထုလှုပ်ရှားမှုများနှင့် ပက်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြသည်။
    The World Forum for Proximity မှာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အီရန်နိုင်ငံမှ ဖွဲ့စည်းထားခြင်းဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိသည့် မွတ်စလင်များအကြားတွင် စည်းလုံးညီညွတ်မှုကို ပိုမိုဖန်တီးပေးရန်ဖြစ်သည်။
    အဆိုပါ အစ္စလာမ့်မစ် ပေါင်းစည်းမှု ညီလာခံမှာ မွတ်စလင်ပညာရှင်များအတွက် အတွေးအမြင်များကို မျှဝေရန်၊ မွတ်စလင်များ ရင်ဆိုင်နေရသည့် ပြဿနာများကို အဖြေရှာ သုံးသပ်ရန် စသည့် အခွင့်အရေးများကို ဖြစ်ပေါ်စေသည်။
    MYA/MP/MA
    Ref: Press TV
  • MMSY Foundation မှ Scholarship Seminar (ပညာရေး ဆွေးနွေးပွဲ) ပြုလုပ်မည်
    ဇန်န၀ါရီ ၂၇၊ ၂၀၁၃
    M-Media
    သတင်း – အမ်တူးအေ
    IDOL
    ရန်ကုန်  ။      ။     MMSY Foundation ၏ Scholarship Project နှင့် IDOL Training Provider တို့ ပူးပေါင်း၍ Education Seminar တစ်ရပ်ကို ၂၀၁၃-ခု ဖေဖော်ဝါရီလ ၂-ရက် (စနေနေ့)တွင် ရန်ကုန်မြို့ IDOL Training Provider ၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
    MMSY မိသားစုဝင်များအတွက် Seminar နှစ်ခုပြုလုပ်မည်ဖြစ်ပြီး Program (1) အနေဖြင့် Accounting, Finance & Management နှင့် Program (2) အနေဖြင့် An Introduction to Networking စသည့် Seminar (ပညာရေးဆွေးနွေးပွဲ)ကို ကျင်းပပြုလုပ်မည်ဖြစ်၍ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်းနှင့် MMSY အဖွဲ့ဝင် မဟုတ်သော်လည်း စိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ကြောင်းသိရသည်။
    Seminar ပြုလုပ်မည့် အစီအစဉ်မှာ 2.2.2013 (စနေနေ့)၊ Seminar (1) : Accounting, Finance & Management — (10:00 – 11:00 am), Seminar (2) : An Introduction to Networking — (2:00 – 4:00 pm) ဖြစ်ပြီး ပြုလုပ်မည့်နေရာမှာ IDOL Training Provider, No.(256/266), Room(8-B), Seikkanthar Street (Upper Block), Kyauktadar Township, Yangon ဖြစ်ကြောင်း သိရပါသည်။
    Seminar တက်ရောက်မည့်သူများသည် Form ဖြည့်သွင်းရမည်ဖြစ်သောကြောင့်  Seminar (1) အတွက် နံနက် (9:30)နာရီ , Seminar (2) အတွက် နေ့လည် (1:30)နာရီ အချိန်အရောက်လာပေးပါရန်လိုအပ်ကြောင်းနှင့် တက်ရောက်လိုသူများအနေနှင့် ကြိုတင် စာရင်းပေးသွင်းပေးရန်နှင့် ၃၁.၁.၂၀၁၃ ရက်နေ့ နောက်ဆုံးထား၍ ဖုန်းနံပါတ် 09-401540820 , 09-73209966 သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါကြောင်း ထပ်မံ သိရှိရပါသည်။
    “ဒီပညာရေးဆွေးနွေးပွဲက တစ်ဆင့် IT, Accounting တို့နဲ့ သက်ဆိုင်တဲ့ Advanced Level တန်းတွေကို တက်ရောက်နိုင်မယ့် အခြားပညာရေး စကောလားရှစ် အခွင့်အလမ်းများလည်း ရရှိနိုင်အောင် စီစဉ်ထားပါတယ်”လို့ MMSY Foundation ၏ Seminar ဖြစ်မြောက်အောင် စီစဉ်သူတစ်ဦးမှ ပြောပြပါတယ်။
  • အစ္စရေးအား နိုင်ငံတကာ ရာဇ၀တ် ခုံရုံးတွင် တရားစွဲရန် ပါလက်စတိုင်း စီစဉ်နေ
    ဇန်နဝါရီ ၂၇ ၊ ၂၀၁၃
    M-Media
    israel-palestine-map
    ၁၉၆၇ ခုနှစ်တွင် အစ္စရေးနိုင်ငံမှ သိမ်းယူခဲ့သည့်နေရာဒေသများနှင့် အထူးသဖြင့် E-1 ဟုခေါ်သည့် ဂျေရုစလင်မြို့ဆင်ခြေဖုံးရှိ အငြင်းပွားနေသော နေရာ၌ ဆောက်လုပ်နေသော အစ္စရေး၏ တည်ဆောက်ရေးလုပ်ငန်းများကို ရပ်တန့်ရန် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး(ICC)တွင် တရားစွဲရန် စီစဉ်လုပ်ဆောင်သွားမည်ဟု ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး Riad Malki က ဆိုသည်။
    “အကယ်၍ အစ္စရေးဘက်က E-1 လုပ်ငန်းနဲ့ ဂျေရုစလင် တ၀ိုက်မှာလုပ်နေတဲ့ အစီအစဉ်တွေကို ပြီးစီးအောင် ဆက်လက်ဆောင်ရွက်နေမယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တိုင်ကြားသွားမှာပါ။ ကျနော်တို့မှာရွေးချယ်စရာမရှိပါဘူး။ အစ္စရေးရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်ပါတယ်။”ဟု သူက ဆိုသည်။
    ထိုကိစ္စနှင့် ပက်သက်၍ အစ္စရေး တာဝန်ရှိသူများကလည်း လျင်မြန်စွာပင် ပြန်လည်တုံ့ပြန်ခဲ့သည်။
    “ဘယ်လို ကြိုတင်သတ်မှတ်ချက်မျိုးမှ မပါဘဲနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းမှုတွေကို ပြန်လုပ်ဖို့ အစ္စရေးက ဆက်လက်ဆောင်ရွက်သွားပါမယ်။ အကယ်၍ ပါလက်စတိုင်းက တစ်ဖက်သက် ရန်လိုတဲ့ လမ်းကြောင်းကို ရွေးချယ်မယ်ဆိုရင်တော့ သူတို့အနေနဲ့ ရှေ့ဆက်ရမယ့် ဘယ်လိုအခွင့်လမ်းမျိုးကို မဆို အခြေပျက်စေဖို့ ဆောက်ရွက်နေတာမျိုးသာ ဖြစ်မှာပါ။” ဟု အစ္စအရေးစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mark Regev က ပြောကြားခဲ့သည်။
    နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ တိုင်ကြားရန်မှာ နိုဝင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ကုလအဖွဲ့ဝင် မဟုတ်သည့် လေ့လာသူနိုင်ငံအဖြစ် ပါလက်စတိုင်းကို အဆင့်မြှင့်တင်ပေးပြီး နောက်ပိုင်းတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ အစ္စရေးဘက်ကလည်း လက်တုန့်ပြန်သည့် အနေဖြင့် E-1 ရှိ ဆောက်လုပ်ရေး လုပ်ငန်းများ အပါအ၀င် အရှေ့ဂျေရုစလင်နှင့် Ma’ale Adumim မြို့အကြားရှိ တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ပြန်လည် ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
    ပါလက်စတိုင်းနိုင်ငံနှင့် ထိစပ်နေသည့် အဆောက်အဦးများဆောက်လုပ်ခြင်းမှာ လုံးဝ မဖြစ်နိုင်ဟုဆိုပြီး မြောက်ဘက်ရှိ ရာမာလာဒေသမှ တောင်ဘက်ရှိ ဘက်သလင်ဟန်သို့ သွားလာလှုပ်ရှားမှုကို ဟန့်တားထားသည်ဟု ပါလက်စတိုင်းက ဆိုသည်။ အစ္စရေးကပြုလုပ်နေသော ဆောက်လုပ်ရေး လုပ်ငန်းများကို နိုင်ငံတကာ အသိုင်းအ၀ိုင်းမှလည်း ထင်ထင်ပေါ်ပေါ် ဝေဖန်ပြောဆိုထားသည်။
    နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) တွင် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအား တရားစီရင်လေ့ရှိသည်။ ပါလက်စတိုင်းအနေဖြင့် ပထမဦးစွာ ခုံရုံးနှင့် ဆက်သွယ်ရန် လျှောက်ထားရမည်ဖြစ်ပြီး ခုံရုံးက လက်ခံပါက အစ္စရေးနိုင်ငံအား တရားစွဲရမည်ဖြစ်သည်။
    အနောက်ဘက် ကမ်းခြေတစ်လျှောက်ရှိ အစ္စရေးမှ ဆောက်လုပ်လျက်ရှိသော တံတိုင်းကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး(ICC) က တရားမ၀င်ဟု သတ်မှတ်ထားပြီးဖြစ်သည်။ ထိုတံတိုင်းကို အစ္စရေးက security barrier (လုံခြုံရေး အဆီးအတား) ဟု ခေါ်ပြီး ပါလက်စတိုင်းက wall (နံရံ) ဟု ခေါ်သည်။ အဆိုပါ တံတိုင်း တည်ဆောက်ရန် ပါလက်စတိုင်းနယ်မြေကို အစ္စရေးက သိမ်းပိုက်ထားကာ ပါလက်စတိုင်း၏ လွတ်လပ်စွာလှုပ်ရှားမှုကို ဟန့်တားထားသည်ဟုလည်း ICC က ဆိုသည်။
    အစ္စရေးနိုင်ငံကမူ နိုင်ငံတကာရာဇ၀တ်ခုံရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာမှုမရှိဘဲ တည်ဆောက်ရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
    “အဲဒီတံတိုင်း ဒါမှမဟုတ် E-1 နဲ့ ပက်သက်တဲ့ (ICC က) ဆုံးဖြတ်ချက်တောင်မှ သက်ရောက်မှုမရှိပါဘူး။ ဒါဟာ ထင်ရှားတဲ့ သာဓကပါပဲ” ဟု Birzeit တက္ကသိုလ်မှ ပါလက်စတိုင်း သမိုင်းပညာရှင် Saleh Abd Al-Jawad က ဆိုသည်။
    “အဲဒါ(ICC တွင်တရားစွဲဆိုခြင်း) ဟာစိတ်ကူးကောင်း တစ်ခုလို့ ကျနော်ထင်ပါတယ်။ စိတ်ကူးယဉ် အိပ်မက်တစ်ခု ဖြစ်တယ်ဆိုရင်တောင်မှ တခုခုတော့ ပြောင်းလဲမှာပါ” ဟု အနောက်ဘက်ကမ်းခြေရှိ အစ္စရေး၏ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကုလသမ္မဂ္ဂလုံခြုံရေးကောင်စီမှ အထူးအစည်းအဝေး ကျင်းပပြီးနောက် Malki က ပြောဆိုခဲ့သည်။ အဆိုပါအစည်းအဝေးမှာ ကုလသမ္မဂ္ဂမှ ပါလက်စတိုင်းအား အဆင့်မြှင့်တင်ပေးပြီးနောက် ပထမဦးဆုံးကျင်းပသည့် အစည်းအဝေးဖြစ်သည်။
    Ref:http://www.arabnews.com/
  • မြန်မာပြည်ကို ရည်စူး၍ “၀” သူပုန်များအား တရုတ် လျှို့ဝှက်စွာ ထောက်ပံ့
    M-Media
    ဇန်န၀ါရီ ၂၇၊ ၂၀၁၃
    Ref: www.voanews.com မှ ဆောင်းပါးကို M-Media မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
    986C542B-BC23-4391-8E3A-9209CB1322BB_w640_r1_s_cx0_cy1_cw0
    ရှမ်းပြည်နယ်မှ အရှေ့တောင်အာရှတွင် မူးယစ်ဆေးဝါးအမှုများနဲ့ ပတ်သတ်မှုအများဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “၀” လက်နက်ကိုင် တပ်မတော်
    မြန်မာမြောက်ပိုင်းက တရုတ်ဘော်ဒါ တလျောက်မှာ မြန်မာစစ်တပ်က ကချင် လက်နက်ကိုင်တပ်တွေကို တိုက်ခိုက်နေစဉ် ဘေဂျင်းကတော့ တရုတ်ဘော်ဒါမှာပဲ အခြေစိုက်တဲ့ “၀” တပ်မတော်ကို အဆင့်မြင့်လက်နက် ကိရိယာတွေ တိတ်တဆိတ်ရောင်းချနေတယ်လို့ လုံခြုံရေးလေ့လာ သုံးသပ်သူတွေ က ပြောဆို လိုက်ပါတယ်။ “၀”တပ်မတော် ကတော့ မြန်မာပြည်ထဲက လက်နက်ကိုင် တပ်တွေထဲမှာ အကြီးမားဆုံးလည်းဖြစ်သလို အရှေ့တောင်အာရှ မှာတော့ မူးယစ်ဆေးဝါးမှုတွေနဲ့လည်း အကြီးကျယ်ဆုံး ပတ်သက်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေထဲမှာ မြန်မာစစ်တပ်က ကချင်သူပုန်တွေကို လေကြောင်းကနေ တနည်း၊ မော်တာတွေပစ်ပြီးတော့ တဖုံ စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့တာကြောင့် မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်း လှုပ်ရှားမှုတွေ နဲ့ ပတ်သတ်ပြီး နိုင်ငံတကာက အာရုံစိုက်လာကြပါတယ်။
    ကချင်လက်နက်ကိုင် တပ်မတော် ကေအိုင်အေနဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး တည်ဆောက်ထားနိုင်ခဲ့ပေမယ့် ၂၀၁၁ မှာတော့ ပျက်ပြယ်ခဲ့ပါတယ်။ အဲဒီလို ငြိမ်းချမ်းရေး ပျက်ပြယ်ခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ ယခုတကြိမ် မြောက်ပိုင်း စစ်ဆင်ရေးကတော့ အကြီးကျယ်ဆုံး စစ်ဆင်ရေးလည်း ဖြစ်ပါတယ်။
    ကချင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်ဖို့ တရုတ်ကနှိုးဆော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘေဂျင်းကတော့ မြန်မာပြည်က အခြားသော လက်နက်ကိုင် အဖွဲ့ ယူနိုက်တက် “၀” တပ်မတော်ကို တိတ်တဆိတ် လက်နက် တွေ ရောင်းနေတာပါလို့ လုံခြုံရေးလေ့လာသူတွေက ပြောကြားပါတယ်။
    ဗြိတိသျှအခြေစိုက် IHS Jane’s Intelligence Review လို့ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို စုံစမ်းထောက်လှမ်းပြီး စိစစ်လေ့လာကာ အစီရင်ခံ တင်ပြလေ့ရှိတဲ့ Jane’s Information Group ရဲ့ ဒီဇင်ဘာလ အစီရင်ခံစာမှာတော့ တရုတ်က ပြီးခဲ့တဲ့နှစ်အတွင်း ကာကွယ်ရေး စနစ်တွေ တည်ဆောက်ဖို့အတွက် “၀” တပ်မတော်ကို အဆင့်မြင့် လက်နက်တွေ ရောင်းချခဲ့တယ်လို့ ဖော်ပြလိုက်ပါတယ်။ အဲဒီထဲ မှာတော့ လေယဉ်ပစ် အမြောက်တွေ၊ တင့်ကားဖျက်လက်နက်တွေ တပ်ဆင်ထားတဲ့ မော်တော်ယာဉ် အစင်းပေါင်း အနည်းဆုံး ၁၂ စင်းထိ ပါရှိကြောင်း အစီရင်ခံစာက ဆိုပါတယ်။ တင့်ကားဖျက် လက်နက်တွေ တပ်ဆင်ထားတဲ့ မော်တော်ယဉ်ပုံစံမျိုးကို ပထမဆုံး အကြိမ်ရောင်းချခြင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
    ထိုင်းနိုင်ငံအခြေစိုက် လုံခြုံရေးလေ့လာ သုံးသပ်သူနဲ့ IHS Jane’s Intelligence Review ကို ရေးသားသူ အန်တိုနီ ဒေးဗစ္စကတော့ “ဘေဂျင်းက ၀တွေနဲ့ ဆက်ဆံလာတဲ့ သမိုင်းဝင်၊ ယုံယုံကြည်ကြည် ဆက်ဆံမှု အခြေအနေကို ချိန်ခွင်လျှာညီမျှဖို့ ကြိုးစားနေသလို၊ မြန်မာအာဏာပိုင်တွေနဲ့ အဆက်အဆံကိုလည်း အဲဒီလို ညီမျှဖို့ ကြိုးစားနေတယ်” လို့ ဆိုပါတယ်။
    “တရုတ်က သူတို့နယ်နိမိတ်စည်းပေါ်က တိုင်းရင်းသား လက်နက်ကိုင်တွေကို လစ်လျူရှုလို့ မဖြစ်နိုင်သလို၊ တချိန်တည်းမှာပဲ မြန်မာပြည်က ဗဟိုအစိုးရ ကိုလည်း လျစ်လျူရှုဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် တရုတ်က လက်နက်ပစ္စည်းတွေကို တိုက်ရိုက်ထောက်ပံ့နေတယ်လို့ ဆိုနိုင်ပြီလား ? မဆိုနိုင်ပါဘူး။ ဒီလိုမျိုး လက်နက်ပစ္စည်းတွေ ထောက်ပံ့နေတဲ့သူဟာ အစိုးရထဲက စီနီယာကြီးတွေ အထိ ဖြစ်နေနိုင်တယ်ဆိုတာ သိသာပေမယ့်၊ သူတို့ ဟာ ငွေရေးကြေးရေးမှာတော့ တိုက်ရိုက် ပါဝင်နေတယ်လို့တော့ ပြောလို့မရဘူး။ ဒီနေရာမှာ သူတို့အနေနဲ့ (စွပ်စွဲလာရင်) ငြင်းနိုင်ဖို့ (ထွက်ပေါက်) အခွင့် အလမ်းလေးတွေလည်း ထားရမယ်လေ။” ဟု အန်တိုနီ ဒေးဗစ္စက ဆိုပါတယ်။
    တရုတ်နိုင်ငံခြားရေးဌာနကတော့ IHS Jane’s Intelligence Review နဲ့ပတ်သတ်ပြီး တစုံတရာမှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
    “၀” လက်နက်ကိုင်အဖွဲ့ကတော့ မြန်မာပြည်မှာ အကြီးဆုံး လက်နက်ကိုင် အဖွဲ့ဖြစ်ပါတယ်။ “၀” တပ်မှာ တပ်သားပေါင်း ၃ သောင်းထိ ရှိနေသလို အချိန်ပိုင်း တပ်သားတွေလည်း ပါဝင်နေပါတယ်။ တရုတ်ကတော့ သူရဲ့ ၀င်ရောက် မစွက်ဖက်ရေးပေါ်လစီကြီး ရှိနေပေမယ့် ၀တွေကို အကြီးမားဆုံး၊ တရားမ၀င် လက်နက်ထောက်ပံ့ပေး နေတယ်လို့ စစ်ရေးလေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။
    ယေးလ်တက္ကသိုလ်ရဲ့ ပီအိပ်ခ်ျဒီ စာတမ်းပြုစုနေသူ ဂျော့ရှ် ဂေါ်ဒန်ကတော့ တရုတ်နဲ့ ၀တွေ အနီးကပ် အဆက်အဆံရှိနေတယ်လို့ ဆိုပါတယ်။ သူက “၀တွေသည် တရုတ် စကားပြောသူတွေဖြစ်တယ်၊ ၀တွေက အနည်းနဲ့ အများဆိုသလို တရုတ်ရဲ့ ကိုယ်စားလှယ်တွေဖြစ်ပါတယ်” လို့ ဆိုပါတယ်။
    ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ မြန်မာအစိုးရနဲ့ ၀တွေအကြား အပစ်အခတ်ရပ်ဆဲဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြတယ်။ အဲဒီကနေတဆင့် ၀တွေဟာ ရှမ်းပြည် အရှေ့မြောက်ပိုင်းက သူတို့နေတဲ့ဒေသကို သူတို့ကိုယ်တိုင် အုပ်ချုပ်ခွင့်ရခဲ့တယ်။ သူတို့ဟာ အဲဒီဒေသကြီးကို အာရှရဲ့ အကြီး ဆုံးသော မီသာဖီတာမင်း ထုတ်လုပ်တဲ့ ဒေသကြီးအဖြစ် အသွင်ပြောင်းပစ်လိုက်တယ်။ အဲဒီဒေသကို မူးယစ်ဆေးဝါးမှုနဲ့ ပတ်သတ်တဲ့ အကြီးဆုံးဒေသ ကြီးလို့လည်း စဉ်းစားနိုင်တယ်။
    အမေရိကန်ရဲ့ U.S. Drug Enforcement Agency ကတော့ ၂၀၁၁ ခုနှစ်မှာတော့ ထိုင်းနိုင်ငံထုတ် မှုခင်းသတင်းတွေထဲမှာ ၀လက်နက် ကိုင်ခေါင်းဆောင် Wei Hsueh Kang ကို အလိုချင်ဆုံး သူပုန်(most wanted) အဖြစ် ဓာတ်ပုံထည့်သွင်းဖော်ပြခဲ့ပါတယ်
    “မြန်မာမြောက်ပိုင်းမှာတော့ တရုတ်က မီးစထိုးပေးတဲ့သူ မဟုတ်ပါဘူး။ “၀” တွေကို အင်အားဖြည့်တင်းပေးတာက (တရုတ်အနေနဲ့) စစ်ရေးဆိုင်ရာ အကာအကွယ်ကို အင်အားဖြည့်တင်းလိုက်တာပါပဲ။ ခင်ဗျားက အဲဒါကို ကြိုက်မယ်ဆိုရင်၊ (ဒီလိုမျိုးလည်း တွေးနိုင်ပါတယ်။) အဲဒီဒေသမှာ နှစ်ပေါင်း ၂၀ လောက် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်နေတာကို ဆက်လက်ပြီးတည်တံ့ဖို့ တရုတ်က လုပ်ဆောင်လိုက်ခြင်းဖြစ်သလို အဲဒီလို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်နေတာ ကလည်း တရုတ်အတွက် အကောင်းဘက်ဆောင်ပါတယ်။” ဟု ဒေးဗစ္စက ဆိုပါတယ်။
    စစ်တပ်က ဆယ်စုနှစ်များစွာ အုပ်ချုပ်နေတဲ့ကာလမှာ အနောက်နိုင်ငံတွေက မြန်မာကို ပိတ်ဆို့ထားပါတယ်၊ အဲဒီအချိန်မှာ တရုတ်က မြန်မာပြည်ရဲ့ အရင်းအမြစ် သယံဇာတတွေအပေါ် အင်အားကြီးစွာ လွှမ်းမိုးခဲ့ပါတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပိတ်ဆို့မှုတွေ ပြေလျော့ခဲ့တယ်၊ တရုတ်ရဲ့ လွှမ်းမိုးမှုကိုလည်း ယိမ်းယိုင်စေခဲ့ပါတယ်။
    ဒေးဗစ္စကတော့ ၀တွေကို လက်နက်ထောက်ပံ့ခြင်းဟာ တရုတ်အနေနဲ့ သူရဲ့ နိုင်ငံရေးဆိုင်ရာ အလှည့်အပြောင်းတစ်ခုအဖြစ် တုန့်ပြန် လိုက်ခြင်းဖြစ် တယ်လို့ ဆိုပါတယ်။
    မြန်မာသမ္မတရုံးက ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွတ် ကတော့ IHS Jane’s Intelligence Review နဲ့ပတ်သတ်ပြီး မှတ်ချက်ပေးဖို့ ပယ်ချခဲ့ပါတယ်။
    သူက “ကျနော်တို့မှာ ဒါနဲ့ပတ်သက်ပြီး ဘာသတင်းမှမရှိဘူး၊ ဒါပေမယ့် အချိန်တိုင်းဆိုသလို တရုတ်အစိုးရက ကျနော်တို့ရဲ့ ပြည်တွင်းရေးကို ၀င်ရောက်မစွက် ဖက်ဘူးဆိုတာ ကတိပြုပါတယ်။ ဒီတော့ ကျနော်တို့က သူတို့ရဲ့ ကတိက၀တ်ကို လက်ခံပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။
    ကချင်အရေးသာမက နယ်နိမိတ်အရေး ကိစ္စတွေပါ ဆွေးနွေးဖို့အတွက် တရုတ်က ယခုလအတွင်း အဆင့်မြင့်ကိုယ်စားလှယ်တွေကို မြန်မာဘက် ကို စေလွှတ်ခဲ့ပါတယ်။ မြန်မာ အစိုးရထုတ် မြန်မာ့အလင်းသတင်းစာက တရုတ်အနေနဲ့ မြန်မာပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ဖို့ သဘောတူကြောင်း ဖော်ပြခဲ့ပါတယ်။