News @ M-Media
Blog
  • ဘယ်ခေတ်မှ မရှိဘူးသည့် ပုံစံမျိုးဖြင့် ကရင်ပြည်သူများ နိုင်ငံသား အခွင့်အရေး ချိုးဖောက်ခံနေရ
    ဇန်နဝါရီ ၁၂၊ ၂၀၁၃
    M-Media
    နေသစ်ထွန်း
    ဒီမိုကရေစီစနစ်သစ်သို့ တက်လှမ်းနေသော မြန်မာနိုင်ငံတွင်  နိုင်ငံသားအခွင့်အရေး  လူ့အခွင့်အရေး ယခင်က ထက် ပိုမို ရရှိလာသည့် အချိန်ကာလဖြစ်သော်လည်း ကရင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များသည် ခေတ်အဆက် ဆက်ကပင် မရှိခဲ့သည့် ပုံစံမျိုးဖြင့် နိုင်ငံသားအခွင့်အရေး ၊ လူ့အခွင့်အရေး တို့ ချိုးဖောက်ခံနေ ရသည့်အပြင် ဈေးကွက်စီးပွားရေး စနစ် နှင့်အညီ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားခွင့်မရှိ ပိတ်ပင်ခံရသည်။
    ဘာသာ၊ သာသနာကိုကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် ဘုန်းကြီးတစ်ချို့သည် ကရင်လူမျိုး ဗုဒ္ဓဘာသာဝင်များ၏ နိုင်ငံသားအခွင့်အရေး၊ ကိုချိုးဖောက် လာကြသလို နိုင်ငံတော်မှ ကျင့်သုံးနေသော ဈေးကွက် စီးပွားရေးစနစ်ကိုပင် ကျင့်သုံးခွင့်မရှိအောင် လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားမှုကို တားမြစ် လာကြသည်။
    pahan
    ဘာသာမ တူသူများနှင့် စီးပွားရေး၊ လူမှုရေး အရ ဆက်ဆံခြင်းမပြုရန် ၊ အိမ်ခြေရောင်းဝယ်ခြင်းမပြုရန် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာ တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ၁၀.၉.၂၀၁၂ နေ့တွင် စည်းကမ်းချက် လေးချက်ပါသော ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီး အမှတ်(၈၁) ဂလိုဘယ်ပို့စ် ဂျာနယ်မှ ယင်းသတင်းကို အောက်တိုဘာ (၁၉)ရက်နေ့၊ ၂၀၁၂ နေ့တွင် မျက်နှာ ဖုံး သတင်းအဖြစ် ဖေါ်ပြခဲ့သည်။
    ဘားအံမြို့ မဲဘောင် ကျောင်း တိုက်တွင် ၁.၁၂.၂၀၁၂ ပြုလုပ်သော ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က အစည်း အဝေးမှ  ခွင့်ပြုလာလ ကုန်ဆုံး ပြီး ပြစ်ဒဏ်ပေးမည့် ကာလ ရောက်ရှိလာ၍ ဗုဒ္ဓဘာသာဝင်များထံ သတိပေးနှိုးဆော်လွှာ ထုတ်ပြန်ခဲ့သည်။ ယင်းသတိပေးနှိုးဆော်လွှာတွင် ဘာသာခြားဆိုင်များသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀  ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည် ဟု ဖော်ပြထားသည်။
    Pa Aan_ Kayin_State
    ဘာသာခြားဆိုင်မျာသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀ ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည်
    မဲဘောင်ကျောင်းတိုက်၏ ထုတ်ပြန်ချက်ကြောင့် ကရင်လူမျိုး ဗုဒ္ဓဘာသာများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁) နိုင်ငံတော်အခြေခံမူများ အပိုဒ် (၃၅) တွင်ပြဌာန်းထားသော ဈေးကွက် စီးပွားရေးစနစ်ကို လွတ်လပ်စွာ ကျင့်သုံးနိုင်ရန် အခက်အခဲဖြစ်လာခဲ့သည်။
    “ ဘာသာခြားတွေနဲ့ စီးပွားရေး မလုပ်ဖို့ တခါမှ တားမြစ်တာ မကြုံဖူးဘူး။  ဒီလိုကြေညာလိုက်တော့ မွတ်စလင် တွေကို လည်းဈေးမရောင်းရဲ ၊ မွတ်စလင်တွေဆီကလည်း ဈေးမ၀ယ်ရဲ ဘူး။ ဒဏ်ရိုက်ခံထိမှာ စိုးတယ် ” ဟု ဘားအံမြို့ရှိ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါသည်။
    ယင်းသို့ ထုတ်ပြန်ချက်ကြောင့် ဘားအံမြို့၊ လှိုင်းဘွဲ့ ၊ ကော့ကရိတ်၊ ကျုံဒိုး မြို့များတွင် အရောင်းအ၀ယ် သိသိသာသာ ကျဆင်းခဲ့ရပြီး ကျေးလက်နေ ကရင်လူမျိုးများ မြို့တက်ဈေးဝယ်မှု နည်းပါးခဲ့ရသည်။
    “မြ၀တီလမ်းမှာ အဖမ်းအဆီးရှိတာရော၊ မွတ်စလင်နဲ့ ဈေးရောင်းဝယ်လုပ်ရင် ဒဏ်ရိုက်မယ်လို့ ကြေငြာလိုက်တာရော ၊အဲဒါတွေကြောင့် ဈေးရောင်းဝယ်မကောင်းဘူး” ဟု ကျုံဒိုးမြို့ရှိ ဈေးသည် တစ်ဦး က ပြောပါ သည်။
    နိုင်ငံတော် အစိုးရသည် ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု ၊ စီးပွားရေး လုပ်ကိုင်မှု များနှင့် ပတ်သက်၍ ဘာသာ၊ လူမျိုးမခွဲခြားပဲ နိုင်ငံသားတိုင်း တူညီသော အခွင့်အရေးရရှိစေရမည် ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) အပိုဒ် ၃၄၉ အပိုဒ်ခွဲ (ဂ)နှင့် (ဃ) တွင် ပြဌာန်းထားသော်လည်း ကရင်လူမျိုး ဗုဒ္ဓ ဘာသာဝင် အချို့ သည် မိမိလိုအပ်သော ပစ္စည်းများကို ဘာသာခြားထံမှ ၀ယ်ယူရန် ကြောက်ရွံ့ နေကြသည်။
    “ဘာသာခြားဆီက ဈေးဝယ်ရင် ဒဏ်ငွေရိုက်မယ်ဆိုတော့ ရဲကပဲရိုက်မလား၊ ဘုန်းကြီးကပဲရိုက်မလား တော့ အသေအချာမ သိဘူး။ ဒါပေမယ့် ဘာသာခြားဆီမှာတော့ ဈေးမ၀ယ်ရဲဘူး” ဟု နဘူးရွာမှာ ကရင်အမျိုးသမီး ကြီးက ပြောပါသည်။
    ဤသို့သော ဘာသာရေးပဋိပက္ခဖြစ်ပွားစေရန် လှုံဆော်မှုများကြောင့် ကရင်ပြည်နယ် ငြိမ်းချမ်းရေး ထိခိုက်လာ မည်ကို ကရင်ပြည်သူများ အထူးစိုးရိမ်နေကြသည်။
    “ကျွန်တော်တို့ ကရင်ပြည်နယ် ဟာ လွတ်လပ်ရေး နောက်ပိုင်း ကတည်းက မငြိမ်းချမ်းခဲ့တာ ဆယ်စုနှစ်နဲ့ ချီကြာခဲ့ပါပြီ။ အခု ကေအန်ယူနဲ့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့လို့ အရင်ကနဲ့ မတူပဲ ငြိမ်းချမ်းလာ ခဲ့ပါတယ်။ ကျွန်တော် တို့တတွေ ၀မ်းသာနေခဲ့ကြပါတယ်။ ဒါပေမယ့် ဒီငြိမ်းချမ်းရေးရရုံရှိသေး ဘာသာ၊ သာသနာ ကာ ကွယ်ရေးလို့ ဆိုပြီး တည်ငြိမ်မှု ပျက်ပြားအောင် အစ္စလာမ် ဘာသာကို တိုက်ခိုက် တဲ့ စာရွက်တွေ၊ ဒီဗွီဒီ အခွေ တွေ ပျံ့နှံလာခဲ့ပါတယ်။ ဘာသာရေး မှိုင်းတိုက်တာတွေ များပြားလာခဲ့ပါတယ်။ ဒီကနေ ဘာသာဝင်တွေ အ ချင်းချင်း နားလည်မှု လွဲပြီး ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာမှာ စိုးပါတယ်” ရန်ကုန်မြို့သို့ ရောက်ရှိနေသူ ကရင်လူငယ် ကျောင်းသားတစ်ဦးက ပြောပါသည်။
    ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကျင့်သုံးနေသော ဈေးကွက်စီးပွားရေးစနစ် ကိုလည်းကောင်း၊ နိုင်ငံသား အခွင့် အရေး ကို လည်းကောင်း ကို မြန်မာနိုင်ငံအနှံ အပြားက လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံတို့  ယခင် ကထက် ရရှိခံစားနေကြ သော်လည်း ဘာသာရေး မုန်းတီးမှု ဖြန့်ချီနေကြသော ဘုန်းကြီးအချို့၏ ထုတ်ပြန် ချက်ကြောင့် ကရင်ပြည်နယ်ရှိ ဗုဒ္ဓ ဘာသာဝင်များ သည် ယင်းအခွင့်အရေးကို လက်လွတ် ဆုံးရှုံးနေပါသည်။
  • ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်၏ (၉၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် ကျင်းပ
    ဇန်နဝါရီ ၁၀၊ ၂၀၁၃
    M-Media
    ဆောင်းနှင်းမှုံ
    ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင်ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်၏ (၉၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို ဇန်န၀ါရီလ ၁၀ရက်နေ့ ရန်ကုန်မြို့ ၊ရွှေဂုံတိုင်တော်ဝင် နှင်းဆီခန်းမ၌ နေ့လယ် ၃နာရီတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
    အခမ်းအနားသို့ တက်ရောက်လာကြသူများ
    အခမ်းအနားသို့ တက်ရောက်လာကြသူများ
    ယင်းအခမ်းအနားသို့ နိုင်ငံရေးနယ်ပယ်မှ ခေါင်းဆောင်ကြီးများ၊ ဘာသာပေါင်းစုံမှ ဆရာတော်ကြီးများ၊ သမိုင်းပညာရှင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ရွှေမင်းသားဖေါင်ဒေးရှင်းမှ ဥက္ကဌ အပါအ၀င် ဖိတ်ကြားထားသော ဂုဏ်သရေရှိ ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
    အဆိုပါ အခမ်းအနားကို ဖွင့်လှစ်ကြောင်းကြေညာပြီးနောက် နိုင်ငံတော်အလံ အားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အားအလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဒီမိုကရေစီ တိုက်ပွဲတွင် ကျဆုံးခဲ့သော ရဟန်း ပြည်သူ ကျောင်းသားလူငယ် အပေါင်းတို့ အား တစ်မိနစ် ညိမ်သက်၍ ဂုဏ်ပြုခြင်း၊ အခမ်းအနား ကျင်းပရေး ကော်မတီမှ သဘာပတိ ဒေါက်တာလှမြင့် မှအမှတ်တရ စကားပြောကြားခြင်း၊ ကျင်းပရေးကော်မတီမှ ရှေ့ နေဦးခင်မောင်ချိုမှ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခြင်း၊ သမိုင်းပညာရှင် ဒေါက်တာ ခင်မောင်ညွန့်မှ အမှာစကားပြောကြားခြင်း၊ ဗုဒ္ဓဘာသာမှ ဆရာတော်ကြီးနှစ်ပါး မှ  အမှတ်တရ အမှာစကား ချီးမြှင့်ခြင်း၊ နိုင်ငံရေးနယ်ပယ်မှ ခေါင်းဆောင်ကြီးများဖြစ်သော သူရဦးတင်ဦး (NLD အဖွဲ့ချုပ် နာယက) ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ အစ္စလာမ်ဘာသာမှ ဆရာဦးအေးလွင်၊ ဒေါက်တာမြင့်သိန်း တို့ မှအမှာစကားပြောကြားခြင်း၊ ခရစ်ယန်ဘာသာမှ ဖါသာဂျော့ရှ် (ရွှေထွန်း)၊ ဟိန္ဒူဘာသာမှ ဆရာတော် ဦးမောင်မြင့် (မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူ ဘုန်းတော်ကြီးများ အဖွဲ့ ချုပ် ဥက္ကဌ)၊ ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဌ တို့မှ ဂုဏ်ပြုစကား ချီးမြင့်ခြင်း၊ တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးမှ ဂုဏ်ပြုစကားပြောကြားခြင်း၊ ကျင်းပရေးကော်မတီ ကိုယ်စား ဦးတင်ဦး (ကဗျာဆရာ တင်ငြိမ်းဦး) မှ ကျေးဇူးတင်စကားပြောကြားပြီးနောက် အခမ်းအနားကို ည ၇ နာရီကျော်တွင် အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာခဲ့သည်။ အခမ်းအနားသို့ ၆၀၀ ကျော် တက်ရောက်ခဲ့သည်။
    မြ၀တီမင်းကြီး ကျောင်းတိုက် ဆရာတော် ဦးအရိယ၀ံသာဘိဝံသမှ “ဗိုလ်မှူးဘရှင်ရဲ့ အကြောင်းကို အရင်က နာမည်မျှသာကြားဖူးရုံကနေ အခုလေ့လာကြည့်တဲ့အခါမှာ ဗိုလ်မှူးဘရှင်ဟာ အရမ်းတော်ကြောင်းကိုတွေ့ရတယ်။ ကိုယ့်မြန်မာ့သမိုင်းကိုလည်း ဆရာကြီးဟာ အပတ်တကုတ် ကြိုးစားခဲ့တယ်။ ကိုယ့်အမျိုးသား နိုင်ငံကို ချစ်မြတ်နိုးသူ ဖြစ်တယ်။ မြန်မာနိုင်ငံအတွက် သမိုင်းစာပေတွေကို ရေးသားဖြန့်ချီခဲ့တယ်။ သူများနိုင်ငံက ဘာကြောင့် တိုးတက်လဲဆိုတာကို စိတ်ဝင်တစားလိုက်စားပြီး သူဟာစာအုပ်အဖြစ်ရအောင် လုပ်ခဲ့တယ်။ ဒါဟာသူ့နိုင်ငံ အပေါ်မှာ ဘယ်လောက်ချစ်လဲဆိုတာကို ဘုန်းကြီးအနေနဲ့ မြင်တွေ့ ရပါတယ်။ သူဟာတိုင်းပြည်အပေါ်မှာ ဘာသာလူမျိုးမခွဲခြားပဲ သူချစ်တယ်။ ဆရာကြီးဟာ တကယ့်သမိုင်းပညာရှင်ပါ” ဟုဆိုသည်။
    ဆရာတော်ဦးက္ကုဿရိယ (ဘုန်းဘုန်းဂျောင်းဂျောင်း) မှ “ဗိုလ်မှူးဘရှင်ဟာ သမိုင်းပညာရှင်ပါ ၊ သမိုင်းကို သိမှသာ ဘုန်းဘုန်းတို့တွေဟာ သမိုင်းထဲက သင်ခန်းစာတွေကို ရယူနိုင်မှာဖြစ်တယ်၊ ဆရာကြီးဟာ ဦးဇင်းရဲ့ သူရဲကောင်းတစ်ယောက်ပဲ နောက်ပြီး ဒီပွဲစီစဉ်တဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ အစ္စလာမ်ဘာသာထဲက နာမည်ကြီးတဲ့ ကမ္ဘာကသိတဲ့ တစ်ယောက်ပဲဆိုပြီး ကိုယ့်ဘာကိုယ် တိတ်တိတ်ပုန်းမလုပ်ခဲ့ဘူး ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ၊ ပညာရှင်တွေပါ ပါဝင်နိုင်အောင် လုပ်ပေးထားတာကို တွေ့ရပါတယ် နောက်ထက်ပြီး ဘုန်းဘုန်းအနေနဲ့ ပြောချင်တာတစ်ခုကတော့ ဘာသာပေါင်းစုံ တိုင်းရင်းသားပေါင်းစုံ အားလုံးဒီအချိန်မှာ ညီညီညွတ်ညွတ် ရှိနေမှသာ နောက်ကြောင်း ပြန်လည့်ခြင်းကို မခံရမှာပါ။ ဒါကြောင့်အားလုံး ညီညီညွတ်ညွတ် စုစုဝေးဝေး ချစ်ခင်မှုတွေ ယုံကြည်မှုတွေ နဲ့ နေကြပါလို့ ဦးဇင်းအနေနဲ့ နောက်ဆုံးမှာချင်ပါတယ်” ဟု M-Media သို့ ပြောကြားခဲ့သည်။
    P1101298
    အခမ်းအနားသို့ တက်ရောက်လာသော NLD ပါတီ၏ နာယကကြီး ဦးတင်ဦးမှ ဗိုလ်မှူးကြိးဘရှင်မွေးနေ့ အခမ်းအနား အမှတ်တရ စာအုပ်တွင်လက်မှတ်ရေးထိုးနေစဉ်
    P1101320
    အခမ်းအနားသို့ တက်ရောက်လာသော NLD ပါတီ၏ နာယကကြီး ဟံသာဝတီ ဦးဝင်းတင်မှ ဗိုလ်မှူးကြီး ဘရှင်မွေးနေ့ အခမ်းအနား အမှတ်တရ စာအုပ်တွင်လက်မှတ်ရေးထိုးနေစဉ်
    မြ၀တီမင်းကြီး ကျောင်းတိုက် ဆရာတော် ဦးအရိယ၀ံသာဘိဝံသ
    မြ၀တီမင်းကြီး ကျောင်းတိုက် ဆရာတော် ဦးအရိယ၀ံသာဘိဝံသ
    မြန်မာ မွတ်စလင်မ် ခေါင်းဆောင် တစ်ဦးဖြစ်သော ဒေါက်တာမြင့်သိန်း မှ ဂုဏ်ပြုစကားပြောကြားနေပုံ
    မြန်မာ မွတ်စလင်မ် ခေါင်းဆောင် တစ်ဦးဖြစ်သော ဒေါက်တာမြင့်သိန်း မှ ဂုဏ်ပြုစကားပြောကြားနေပုံ
    P1101374
    မြန်မာမွတ်စလင်မ်ခေါင်းဆောင် တစ်ဦးဖြစ်သော ဓမ္မကထိက ဦးအေးလွင်မှ ဂုဏ်ပြုစကားပြောကြားနေပုံ
    More Photo
  • M-Media NewsLetter Vol-1 No-4
    ဇန်နဝါရီ ၁၂ ၊၂၀၁၃
    M-Media
    M-Mediaအင်တာနက် အသုံးမပြုနိုင်သော M-Media စာဖတ်ပရိတ်သတ်အတွက် M-Media ရဲ့ အပတ်စဉ် NewsLetter ဖြစ်ပါတယ်။
    ဒီစာစောင်ငယ်တွင် M-Media မှာ တင်ဆက်ပေးသွားတဲ့ သတင်းနှင့် ဆောင်းပါးအချို့ကို စုစည်းတင်ဆက်ပေးထားပါတယ်။
    DownLink =>DropBox
    M-Media NewsLetter Vol.1 No.4 by
    M-Media ရဲ့ ခွင့်ပြုချက် မရှိဘဲ အခကြေးငွေ တစုံတရာဖြင့်  ဖြန့်ဝေရောင်းချခြင်း ခွင့်မပြုပါ။
  • ဆော်ဒီတွင် ဒုက္ခရောက်နေသည့် မြန်မာအလုပ်သမား ၂၆ ယောက်၏ သတင်းအမှန်
    ဇန်နဝါရီ ၁၀၊၂၀၁၃
    Truth of 26 Burmese worker in Saudi Arabia
    ဆော်ဒီအာရေးဗီးနိုင်ငံတွင် အလုပ်လုပ်ရန် ရောက်ရှိနေကြသော မြန်မာနိုင်ငံသာ ၂၆ ဦး (ဗုဒ္ဓဘာသာဝင် ၁၂ ဦး ပါဝင်) အဆင်မပြေဖြစ်ပြီး ဒုက္ခရောက်နေလျက်ရှိကြပါသည်။ ၄င်းတို့တွင် မြန်မာမွတ်စလင်မ်များနှင့် ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာဝင် များပါဝင်ကြပြီး စားရေးသောက်ရေးပင် အခက်အခဲကြုံနေကြကြောင်းနှင့် ဆော်ဒီနိုင်ငံသို့ အလုပ်လုပ်ရန် ရောက်ရှိနေကြသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများက ၄င်းတို့အား အကူညီပေးကြကြောင်းကို အင်တာဗျူးတွင်ဖြေကြားခဲ့သည်
    via RohingyaVision
  • ရိုဟင်ဂျာများအတွက် ရေရှည်ထောက်ပံ့မှု လိုအပ်ကြောင်း အင်ဒိုနီးရှားပြော
    ဇန်နဝါရီ ၉ ၊ ၂၀၁၃
    Marty Natalegawa, Thein Htay
    အင်ဒိုနိုင်ငံခြားဝန်ကြီး ရခိုင်ပြည်နယ် မောင်တောမြို့ ရောက်ရှိစဉ် (AP Photo/Khin Maung Win)
    မကြာမီကဖြစ်ပွားခဲ့သည့် အစွန်းရောက်တိုက်ခိုက်မှုများကို ခံခဲ့ရသည့်မြန်မာနိုင်ငံအနောက်ပိုင်းရှိ လူနည်းစု ရိုဟင်ဂျာများအတွက် ရေရှည်ထောက်ပံ့မှု လိုအပ်လျက်ရှိကြောင်း ထိုဒေသသို့ သွားရောက်ခဲ့သည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ပြောလိုက်သည်။
    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက မိမိတို့သည် အရေးပေါ်အကူအညီများထက် ကျော်လွန်သော အကူအညီများ မြန်မြန် ဆန်ဆန်ပေးရမည်ဖြစ်ကြောင်း၊ ပြသနာဖြစ်ပွားခဲ့သော နေရာတွင် ရှိနေကြသည့် ပြည်သူများသည် မူလအခြေအနေသို့ပြန်ရောက်ရန် မျှော်လင့်နေကြကြောင်း၊ သူတို့ ၏လိုအပ်ချက်မှာ စိုက်ပျိုးရန် မျိုးစေ့များ လိုအပ်လျက်ရှိနေကြောင်း ပြောသည်။
    နိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါသည် ပြီးခဲ့သော တနင်္လာနေ့က မြန်မာနိုင်ငံ ရခိုင်ဒေသရှိ လူများစု ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု ရိုဟင်ဂျာများအကြား ယမန်နှစ်က ပဋိပက္ခ ဖြစ်ပွားခဲ့ကြသည့် နေရာများသို့ သွားရောက်ခဲ့သည်။ မျက်မြင်တွေ့ခဲ့သော အခြေအနေကို နာတာလီဂါဝါက သုံးသပ်ရာတွင် အသိုင်းအ၀ိုင်း နှစ်ခုကြားတွင် ယုံကြည်မှု ပျက်ပြားနေဆဲဖြစ်ကြောင်း ပြောသည်။
    အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် မွတ်စလင် လူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး လူသားချင်းစာနာထောက်ထား သော အားဖြင့် ရိုဟင်ဂျာတို့အား ဒေါ်လာ တစ်သန်းထောက်ပံ့ရန် ကတိပြုခဲ့သည်။ အင်ဒိုနီးရှားသည် မြန်မာအား ကူညီရန် အဆင်သင့်ရှိကြောင်း၊ လူမျိုးစုပဋိပက္ခများကို ဖြေရှင်းခဲ့သည့် အတွေ့အကြုံ များကိုလည်း မျှဝေရန်အသင့်ရှိကြောင်း ၀န်ကြီးကပြောသည်။ မြန်မာအာဏာပိုင်များသည် မိမိတို့အား ဖိတ်ခေါ်ကာ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ ကြည့်စေခြင်းဖြင့် အခြားတိုင်းပြည်များ၏ ရရှိခဲ့ပြီးသော သင်ခန်းစာများမှ အကျိုးအမြတ်များကို ရယူခံစား လိုကြောင်း ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း နာတာလီဂါဝါကပြောသည်။
    Source. DPA