News @ M-Media
Blog
  • ကုလသမဂ္ဂ နျူကလီးယား အေဂျင်စီ၏ လျို့ဝှက် အချက်အလက်များ ဟက်ကာများခိုးယူ
    ကုလသမဂ္ဂ နျူကလီးယား အေဂျင်စီ၏ လျို့ဝှက် အချက်အလက်များ ဟက်ကာများခိုးယူ
    နိုဝင်ဘာ ၂၈၊ ၂၀၁၂
    M-Media
    မောင်မှန်
    ကုလသမဂ္ဂ နျူကလီးယား အေဂျင်စီ (IAEA) မှ ၄င်းတို့၏ Server များအတွင်း ဟက်ကာများဝင်ရောက်ခဲ့ခြင်း နှင့် ၄င်းတို့၏ သတင်းအချက်အလက်များ ပေါက်ကြားသွား ခဲ့ခြင်းရှိကြောင်းကို ဝန်ခံပြောကြားလိုက်သည်။ အဆိုပါ ဟက်ကာ များမှ အဓိက တောင်းဆိုသည်မှာ အစ္စရေးလ် နိုင်ငံ၏ နျူကလီးယား ကိုင်ဆောင်ထားမှုအား စနစ်တကျ စုံစမ်းပေးရန်နှင့် အခွင့်မရှိဘဲ ကိုင်ဆောင်ထားသော အစ္စရေးလ် နိုင်ငံ၏ နျူကလီးယား လက်နက်များအပေါ် တာဝန်ယူပေးရန် အချက်များဖြစ်သည်။
    အဆိုပါ ဟက်ကာများသည် ၄င်းတို့ဘာသာ လမ်းကြောင်းတခုပေါ်မှနေ၍ ကုလသမဂ္ဂ IAEA ဆာဗာ တစ်လုံးအတွင်း ဝင်ရောက်လာခြင်းဖြစ်သည်။ သတင်းအချက်အလက်များ ရယူ သိမ်းပိုက်ခဲ့ကြောင်းလဲ IAEA မှ ဝန်ခံ ပြောကြား ထားသည်ဟု ရိုက်တာ သတင်းတရပ်တွင် ဖော်ပြထားသည်။
    IAEA တာဝန်ရှိသူများနှင့် နည်းပညာရှင်များမှ ယခုဖြစ်ရပ်အတွက် လေ့လာ သုံးသပ်လျက်ရှိပြီး အခြားသော နည်းပညာ ဟာကွက်များ အားနည်းချက်များကို သုံးသပ်ကာ အနာဂတ်တွင် ထိုသို့မဖြစ်ရန် ဆောင်ရွက်သွားရန် ကြိုးပမ်းလျက်ရှိသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဂိလ်တူဒါ က ရိုက်တာသို့ အသိပေးပါသည်။ ယခုဖြစ်ရပ်တွင် IAEA မှ ဆာဗာများ ရပ်တန့်သွားသည် အထိ အဖျက်စွမ်းအား ရှိခဲ့ပြီး ထိပ်တန်း လျှို့ဝှက်ချက် အချို့ ပေါက်ကြား ခဲ့သည်ဟုလဲ ၄င်းက ပြောကြားသည်။
    မိမိတို့ကို မိမိတို့ Parastoo ဟု အမည် ကြေငြာလိုက်သော ဟက်ကာ များသည် IAEA မှ အရေးကြီး ထိပ်တန်း အီးမေးလ် လိပ်စာ (၁၀၀) ထက်မနည်း ရယူ သိမ်းပိုက်ခဲ့ပြီး အဆိုပါ အီးမေးလ်များသည် IAEA မှ Expert များပိုင်ဆိုင်သော လျှို့ဝှက် မေးလ်များဖြစ်သည်။
    ယခု ဖြစ်ရပ်အတွက် ဟက်ကာများမှ IAEA အား လုံးဝ လွတ်လပ်သော စုံစမ်းရေးအဖွဲ့အား Dimona စုံစမ်းမှု ပြုရန် တောင်းဆိုလိုက်ပြီး အစ္စရေးလ် ၏ လူသားမဆန်သော ဂါဇာ စစ်ပွဲ အတွက် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ကြေငြာလိုက်သည်။ Dimona သည် အစ္စရေးလ်က ဆောင်ရွက်လျက်ရှိသော နျူကလီးယား လက်နက် တပ်ဆင် စီမံကိန်း တရပ်ဖြစ်သော ဒေသတခုနာမည်ဖြစ်သည်။
    Anonymous ဟက်ကာ ဂရုပ်မှလည်း အစ္စရေးလ် ၏ ဂါဇာ ကျူးကျော်မှုကို ရပ်ဆိုင်းရန် ကမ်ပိန်း တခုပြုလုပ်ခဲ့ပြီး OpsIsrael ဟု အမည်ပေးထားပြီး အစ္စရေးလ် ၏ လူသတ်ပွဲများ ကျူးကျော်မှုများ ကိုနောက်ကွယ်မှ ထောက်ပံ့နေသော အဖွဲ့များ ပုဂ္ဂိုလ်များ (၁၀၀၀) ကျော် စာရင်းကို ထုတ်ပြန်ခဲ့သည်။ အစ္စရေးပိုင် Website (၆၀၀) ကျော်ကိုလဲ ဖျက်ဆီးခဲ့ပြီးဖြစ်သည်။
    Parastoo ကလဲ ၄င်းတို့သည် Anonymous များနှင့် ပါတ်သက်ခြင်း မရှိဟု ငြင်းဆိုခဲ့ခြင်း မရှိပေ။ ၄င်းတို့က ရရှိထားသော အချက်များကို အွန်လိုင်းမှနေ၍ ဖွင့်ချမည်ဟု ထပ်မံ ခြိမ်းခြောက်ထားကြောင်း ရိုက်တာ သတင်းကို ကိုးကားဖော်ပြလိုက်ရပါသည်။
  • ဗလီရှေ့ဆောင်ဆရာ၊  ဓမ္မသတ်မှူး  မွဖ်သီဂျာအ်ဖရ် နှင့် M-Media အင်တာဗျူး
    ဗလီရှေ့ဆောင်ဆရာ၊ ဓမ္မသတ်မှူး မွဖ်သီဂျာအ်ဖရ် နှင့် M-Media အင်တာဗျူး
    နိုဝင်ဘာ ၂၅ ၊ ၂၀၁၂
    M-Media
    နေသစ်ထွန်း
    လက်တလော ဖြစ်ပေါ်နေတယ် မြန်မာမွတ်စလင်တို့ရဲ့ အရေးကိစ္စ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ တိုင်းရင်းသားစည်းလုံးညီရေး၊ အစ္စလာမ်အပေါ် အမြင်မှားစေရန် မုန်းတီးရေးစာပေများ ပြန့်နှံနေမှု၊ မဒ်ရဆာဟ် ခေါ် အစ္စလာမ့်ဘာသာရေး စာသင့်ကျောင်းတွေမှာ ခေတ်ပညာများပါ သင်ကြားအရေး အတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ပုံ၊ အစွန်းရောက် အကြမ်းဖက်ဝါဒအပေါ် အမြင် စသည့် တို့ကို M-Media မှ ရန်ကုန်မြို့လယ် ဆူးလေးစေတီနှင့် မျက်နှာချင်းဆိုင်မှာရှိတဲ့ ဘင်္ဂါလီ စွန္နီဗလီဝတ် ကျောင်းတော်ကြီးရဲ့ ရှေ့ဆောင်ဆရာ ဖြစ်တဲ့ မွဖ်သီ ဂျာအ်ဖရ် နှင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
    M-Media – မကြာခင်က သမ္မတ ဦးသိန်းစိန် နဲ့ အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာမှ ပညာရှင် ဆရာတော်တွေ တွေ့ဆုံ ဆွေးနွေး ခဲ့တာ ရှိပါတယ်။ အဲဒီတွေ့ဆုံပွဲ မှာ သမ္မတဦးသိန်းစိန်ပြောသွားတဲ့ မိန့်ခွန်းအပေါ် ဘယ်လိုမြင်ပါ သလဲ ။
    မွဖ်သီဂျာအ်ဖရ် – သမ္မတကြီးပြောသွားတဲ့နောက်ဆုံး စကား ထဲမှာသို့ပါ၍ လူမျိုးစု နှစ်စုအကြားခွဲပြားခြားနားမှု အပေါ် အပြန်အလှန်နားလည်ရေး  ၊ သီးခြားတည်ရှိသော ရပိုင်ခွင့်များကို လေးစားမှု နှင့် ပဋိပက္ခအသွင်မဆောင်ရေး၊ သဟဇတ ဖြစ်သော လူမှု အသိုင်းအ၀ိုင်း ဖြစ်ထွန်းရေးတို့အတွက် အစိုးရနှ့င်အတူ ရဟန်းပြည်သူ တစ်ရပ်လုံးက လူမျိုးဘာသာ မခွဲခြား ပဲ တန်းတူရည်တူ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါရန် ဆိုတာပါတယ်။ ကျွန်တော်မြင်တာက သမ္မတဦးသိန်းစိန်ပြောတဲ့ စကားတကယ်မှန်တယ်။ ခဏခဏကို ပြောသင့်တယ်။ သူ့စကား က တစ်တိုင်းပြည်လုံးကို အကျိုးသက်ရောက်တယ်။ နားထောင်တဲ့သူ နားထောင်ပြီးတော့  အော် လူမျိုး   ဘာသာ မခွဲခြားပဲ တန်းတူညီတူ ငါတို့ဆက်ဆံရမှာပဲ ဆိုပြီးတော့ အတွေးထဲမှာဝင်လာပြီ ဆိုရင် ကျွန်တော်အကြားထဲမှာ ခွဲခြားမှု မရှိတော့ဘူး။
    ဒီလိုစကားမျိုးတွေကို ခေတ်တိုင်းခေတ်တိုင်းရဲ့ ခေါင်းဆောင်ကြီးတွေ ခဏခဏ ပြောခဲ့သင့်တယ်။ မပြောဘူး။ ဦးနေ၀င်းပြောသလားကြည့်  … မပြောဘူး။ ဦးစောမောင်ပြောသလားကြည့်… ဦးသန်းရွှေပြော သလား ကြည့် မပြောဘူး။ ခင်ညွှန့်ပြောသလားကြည့် မပြောဘူး။ ကျွန်တော်သတိထားပြီး အမြဲ နားထောင် ကြည့် တယ်။
    အရင်ခေါင်းဆောင်တွေ မပြောခဲ့တဲ့ အတွက်ပြည်သူတွေက ဘာထင်ခဲ့ထင်လဲ ဆိုတော့ မွတ်စလင်တွေက ဒုတိယ လူတန်းစား၊ တတိယ လူတန်းစား လူအများစုက ငါတို့ပဲ အဓိကဆိုပြီး အတွေးတွေ ၀င်နေတာ ။ အစိုးရလုပ်တဲ့သူက ဒါတွေ ကို ခဏခဏ ပြောရမယ်။ ဒါမှ သူတို့ဦးနှောက်ထဲကို ဒီစကားတွေဝင်တဲ့ အခါမှ သူတို့ ကျွန်တော်တို့ကို တန်းတူ ထားပြီး ဆက်ဆံလာမယ် ။
    ဒါမှမဟုတ်ရင် လူမျိုးကြီး ၊ ဘာသာကြီးဝါဒတွေ ခေါင်းထဲမှာ စွဲနေမယ်။ စွဲနေတဲ့ အခါကျတော့ အနိုင်ကျင့်တဲ့ စိတ်ဓာတ် တွေ ၀င်လာမယ်။ နည်းနည်းမှ အလျှော့မပေးချင်တာ ၊ တန်းတူရည်တူ မဆက်ဆံ ချင်တာ။ ဒါဟာ အကြီး အကဲတွေ အပေါ်မှာ တော်တော်လိုအပ်တယ်။ အကြီးအကဲဖြစ်သူက ခဏခဏ ဒီစကားပြောရင် ပြည်သူ တွေက သဘောပေါက်မယ်။ ငါ့တို့တွေဟာ အားလုံးညီအစ်ကိုတွေပဲ ။ ဒီထက်ပိုပြီး တိုင်းသူပြည်သား တွေဟာ ညီအစ်ကိုတွေပဲ ။ ဘာသာ မတူသော်ငြားလည်းပဲ ညီအစ်ကိုတွေပဲ ။ ဒီလို တစ်ယောက်ကို တစ်ယောက် ဖေးမရ မယ်။ ကူညီရမယ်။ ဒီလို ချစ်ခင်နိုင်တဲ့ စကားလုံးတွေ များများ သုံးပေးရင် ပြည်သူတွေထဲမှာ ဒါတွေဟာ တဖြေး ဖြေး စိမ့်ဝင်သွားမယ်။ ဒါကြောင့်သမ္မတကို ချစ်တော့ သူစကားနားထောင်မယ်။
    ဒီနေ့ ထိုင်းနိုင်ငံမှာ ထိုင်းဘုရင်ကို အားလုံး  ချစ် တယ်။ ဘုရားဖွင့်ပွဲလည်းသွားတယ် ။ ဗလီဖွင့်ပွဲ လည်းသွား တယ်။ သူမသွားနိုင်ရင်တောင် သူသမီး၊သူ့သားတွေသွားတယ်။ မွတ်စလင်အရေးတွေမှာလည်း ပါတယ်။ တခြား ဘာသာရေး တွေကိုလုပ်ပေးတယ်။ တိုင်းပြည်တစ်ပြည်လုံးက ကြည့်နေတယ်။ ငါတို့ ခေါင်းဆောင် ဘာလုပ် နေသလဲ ဆိုတာ။ ငါတို့ချစ်တဲ့ သူက ဒါကို လေးစားတာပဲ ၊လိုက်နာတာပဲ ၊ ဆောင်ရွက်ပေးတာပဲ ဆိုရင် သူတို့ လဲ ဒီဟာလေးကို သဘောပေါက်လာ မယ်။ ငါတို့လည်းချစ်ရမယ်။ ဆောင်ရွက်ပေးရမယ်ဆိုတာ သဘောပေါက် မယ်။
    ဒေပါဝါလီနေ့ အထိမ်းအမှတ် ဘာသာမခြား ငြိမ်းချမ်းရေးတရားနှင့် မေတ္တာဝေမျှပွဲ တွင် မွဖ်သီဂျာအ်ဖရ် (အလယ်) အား မေတ္တာကန်ပိန်း ရန်ကုန်တိုင်း နာယကဆရာတော် ဦးဣဿရိယ နှင့် အတူ တွေ့ရစဉ်
    M-Media – ဟုတ်ကဲ့ပါ။ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလမှာ နိုင်ငံတော် အစိုးရနဲ့ အစ္စလာမ်ဘာသာ ဆက်ဆံရေး အခြေအနေက ဘယ်လိုရှိပါသလဲ။  ဆရာသိသလောက် ပြောပြပေးပါ။  
    မွဖ်သီဂျာအ်ဖရ် – ကျွန်တော်ဆီမှာ ကမ္ဘာ့အလင်းစာစောင်တွေရှိတယ်။ ကျွန်တော်ငယ်ငယ်လေးကတည်းက ဖတ်တယ်။ အဲဒီ အထဲမှာ ဘာပါသလဲဆိုတော့  ဦးနုခေတ်တုန်းကပါ၊ ရန်ကုန်မြို့ ရဲ့  ၄၈ ဆွဒကီယဟ် ဟာဖိဇ် ကျောင်းကြီး ရှိ တယ်။ အဲဒီကျောင်းရဲ့ ဆုပေးအခမ်းအနား ကို ၀န်ကြီးချုပ်ဦးနု ကိုယ်တိုင်တက်တယ်။ ဦးဘဆွေတို့တက်တယ်။ တက်ပြီးတော့ ကုရ်အာန် လက်ဆောင်ပေးတယ်။ နောက်တစ်ခုက
    ဒါပဲ တိုင်းသူပြည်သားတွေနဲ့ ခေါင်းဆောင်ဖြစ်တဲ့သူက ဘာသာမခွဲခြားပဲ လူမျိုးမခွဲခြားပဲ  ဒီ အတိုင်းဆက်ဆံပေးရမယ်။ သူ့သားသမီးတွေ လေဗျာ။  ဒီလိုပုံစံသွားပေးရမယ် ။ ဒီလိုပုံစံ လုပ်ပေးမှသာလျှင် တိုင်းပြည်မှာရှိနေတဲ့ လူနည်းစု လူများစု အားလုံးရဲ့ချစ်ခင်မှုလဲရမယ်။ အား လုံးရဲ့ အချစ်ကိုလည်းသူရယူနိုင်မယ်။
    ခွဲခြားပြီးဆက်ဆံမယ် ဆိုရင် တခြားဘာသာတွေကို ဒီလို  လုပ်မပေးဘူးဆိုရင် ဘာသာအများစု ရှိတဲ့သူတွေက ငါတို့ခေါင်းဆောင်က သူတို့ဆီ မသွားဘူးဆိုပြီးတော့ အဲလိုအမြင်တွေနဲ့ လူနည်းစုကို ခွဲခြားဆက်ဆံလိမ့်မယ်။ အထင်အမြင်သေးလိမ့်မယ်။
    M-Media- အစ္စလာမ်က တခြားဘာသာတွေအပေါ်မှာ ရန်လိုတဲ့ သဘောထားရှိတယ်လို့ မီဒီယာတချို့ က ၀ါဒဖြန့် နေကြ တယ်။ မြန်မာနိုင်ငံမှာဆိုရင် လူအများစု ဗုဒ္ဓဘာသာဝင်တွေရှိပါတယ်။ နောက်ပြီး တခြား ဘာသာဝင် တွေလည်း ရှိ ပါ တယ်။ သူတို့အပေါ် ဘယ်လို ဆက်ဆံဖို့ အစ္စလာမ်က သွန်သင် ထားပါသလဲ။
    မွဖ်သီဂျာအ်ဖရ် – အစ္စလာမ် သာသနာဟာ လူကိုလူလိုပဲ သဘောထားတာ။ ဘာသာခွဲခြားတဲ့ သာသနာမဟုတ်ဘူး။ တမန် တော်မြတ် ကြီး ကိုယ်တိုင် မက္ကာနဲ့ မဒီနာမှာ သာသနာပြုခဲ့တဲ့ အချိန်မှာ ယဟူဒီ [ဂျူး] နဲ့ ခရစ်ယာန် အများစုရှိတာပဲ ။ တမန်တော် အဲဒီအကြားထဲမှာ အားလုံး နဲ့ ချစ်ချစ်ခင်ခင်ဆက်ဆံခဲ့တာပဲ။ တမန်တော်ဟာ မဒီနာမြို့မှာ ရှိနေတဲ့ အချိန် အဲဒီအချိန် မဒီနာမြို့ရှိ ခေါင်းဆောင်ဟာ တမန်တော်ဖြစ်သွားပြီး။ နဂျရန် မြို့နေရာကနေ ခရစ်ယာန်ဘုန်းတော်ကြီးတွေ တမန်တော်နဲ့  စကားပြောချင်လို့ ဆိုပြီးရောက်လာတယ်။ အုပ်စုလိုက် ရောက်လာတဲ့ အခါကျတော့ တမန်တော်ကို မေးခွန်းတွေ လာမေးတယ်။ တမန်တော်မြတ်က ဖြေတယ်။ ဖြေပြီးတဲ့ နောက်ပိုင်းမှာ ညနေလိုရောက်သွားတဲ့ အချိန်မှာ ပြန်ဖို့ အချိန်မရှိဘူး။ သူတို့ကပြောတယ် ။ ကျွန်တော်တို့ ဘုရားရှိခိုးချင်တယ်။ ဘယ်မှာ ရှိခိုးရမလဲတဲ့။ တမန်တော်က ကျွန်တော်ဗလီ ထဲဝင်ရှိခိုးတဲ့။ စဉ်းစားကြည့် ပါ။ ဘာသာတစ်ခုနဲ့ တစ်ခု ရန်သူဆိုရင် တမန်တော်က အဲဒီလိုလက်ခံမလား။ တမန်တော်မြတ်က သူတို့ကို ဗလီထဲဝင်ခိုင်းတယ်။ သူတို့ ဘာသာအရ သူတို့လို ရှိခိုးပါလို့ ခွင့်ပြုခဲ့တယ်။
    ကျွန်တော်တို့က ဘာမှ ခွဲခြားမှု မရှိဘူး။ ကျွန်တော်တို့က ဗလီသွားတယ်။ ဗုဒ္ဓဘာသာက ဘုရားသွားတယ်။ ဟိန္ဒူဘာသာ မန်ဒီရ်သွားတယ်။ ခရစ်ယာန် ဘာသာက ချာခ်ျသွားတယ်။ ဒါပဲကွာတာ။ ကျန်တာလူတွေပဲ။ စားနေတာ သောက်နေတာ၊ သွားနေတာ လာနေတာ၊ စကားပြေ တာ၊ ဆက်ဆံတာ၊ ကျန်းမာရေး လူမှုရေး အကုန်အတူတူပဲ။ ဘာမှ ခွဲခြားစရာအကြောင်းမရှိဘူး။ အစ္စလာမ် သာသနာက ကိုယ့်အိမ်နီး နားချင်းနဲ့ ပတ်သက် ပြီး မွတ်စလင်ပဲ ဖြစ်ဖြစ် ၊ ဘာသာခြားပဲဖြစ်ဖြစ် အိမ်နီးနားချင်းကို မေတ္တာထားရမယ်။ တမန်တော် ဘယ်လောက်ထိပြောသွားလဲဆိုရင် အိမ်နီးနားချင်းနဲ့ ပတ်သက်လို့ ဆက်ဆံရေးကို ဘယ်လောက်ထိ ပြောသွားလဲဆိုရင် တမန်တော်ရဲ့ သာဝ ကကြီး အဗူဘကရ် က သူစိတ်ထဲမှာ ဘယ်လိုတောင် မှတ်သွားလဲ ဆိုရင် ကိုယ်သေရင်တောင် အိမ်နီးနားချင်းကို အမွေတောင်ပေးရတော့မ လား လို့တောင် ထင်သွားတယ်။ အဲဒီ လောက် အလေးထားတာ။ အဲဒီတော့ အစ္စလာမ် သာသနာက ဘာသာခြားကို ဘယ်လိုမှ အမြင်ဆိုးမရှိ ဘူး။ အားလုံးကို မှန်မှန်ကန်ကန်ပဲ ဆက်ဆံတယ်။ အစ္စလာမ် သာသနာမှ အနိုင်ကျင့်တာလဲ မရှိဘူး။
    M-Media – အစ္စလာမ်ကို အဓမ္မသာသနာပြုတယ်ဆိုပြီး တချို့က အထင်လွဲနေကြတယ်။ ဒါနဲ့ပတ်သက်လို့ ရှင်းပြပေးပါ။
    မွဖ်သီဂျာအ်ဖရ် – တစ်ချို့ ကတွေက အထင်လွဲနေတာ။ အစ္စလာမ်နဲ့ ပတ်သက်လို့ မှန်ကန်တဲ့စာအုပ်ကိုမလေ့လာဘူး။ အစ္စလာမ်ကို အမြင် ဆိုးနဲ့ ရေးထားတဲ့တစ်ချို့ စာအုပ်တွေကို ဖတ်ပြီးတော့ သူတို့ပါမှားနေတာ။ မှန်ကန်တဲ့ သမိုင်းတွေကို လေ့လာမယ်ဆိုရင် ဒီနေ့ အာရဗ် အင်ပါ ယာတစ်ခုလုံး ယဟူဒီနဲ့ ခရစ်ယာန် သာသနာဟာ သန်းနဲ့ ချီပြီးရှိတယ်။ အာရပ်နိုင်ငံအားလုံးက အစ္စလာမ် နိုင်ငံတွေ၊ အစ္စရေးနိုင်ငံကလွဲလို့။ ယဟူဒီနဲ့ ခရစ်ယာန် အခုထိ သန်းနဲ့ ချီပြီးအခုအထိ ရှိသေးတယ်။ အစ္စလာမ်အဲဒီမှာ ရှိနေတာ နှစ်ပေါင်း တစ်ထောင်ကျော်သွားပြီး။ အကယ်၍ သာ အစ္စလာမ်က လူတွေအားလုံးကို မတရားသဖြင့် သူ့သာသနာထဲကို သွတ်သွင်းတယ်ဆိုရင် တစ်ယောက် တောင် ကျန်ဖို့ ရှိ လား။ ဒါတွေက ကျွန်တော်တို့အပေါ်မှာ အမြင်စောင်းပြီး အမှားတွေ ပြောနေတာ။ တစ်ချို့တစ်ချို့တွေက ဘာခေါ်မလဲဆိုတော့ အစ္စလာမ်နဲ့ ပတ်သက်ပြီးတော့ ထုတ်ခဲ့တဲ့ စာအုပ်တွေ ကျွန်တော်ဖတ်ရပါတယ်။ ဒါက လက်သိပ်ထိုးလုပ်ခဲ့တာ။ ကျွန်တော်အမြင်အရ စစ် အစိုးရလက်ထက်မှာ ဒါတွေဖြစ်ခဲ့တာ။ ဘာကြောင့်လဲဆိုတော့ ဦးနေ၀င်းလက်ထက်မှာလဲ ကျွန်တော်လေ့လာတယ်။ စာအုပ်စာပေတွေ ကျွန် တော် ကြည့် တယ်။ အဲဒီအချိန်က ဒီစာအုပ်တွေ ကျွန်တော်မတွေ့ခဲ့ဘူး။ န၀တခေတ်မှာတော်တော်များတယ်။ မျိုးပျောက်မှာ စိုးကြောက် စရာ စာအုပ်ကတော်တော်သက်ရောက်တယ်။ ဒီစာအုပ်ကို ကျွန်တော် အလွတ်လောက်ကိုရတယ်။ ကျွန်တော်အကြိမ်ကြိမ် ဖတ်လိုက်တာ။
    ဒီစာအုပ်ထဲမှာ ဘာရေးထားလဲ ဆိုတော့ အိန္ဒိယနိုင်ငံ အစ္စလာမ် တွေကြောင့် ဒုက္ခ ရောက်ပါတယ်။ အစ္စလာမ် တွေက မတရားအုပ်ချုပ်တယ်။ တစ်ဖက်စောင်းပြီးမတရား ရေးသွားတာ။ တကယ် ဆိုရင် အိန္ဒိယနိုင်ငံကို အစ္စလာမ် က နှစ်ပေါင်း ၈၀၀လောက်အုပ်ချုပ်ခဲ့တယ်။ နောက်ဆုံး အုပ်ချုပ် သွားတာ ဇဖရ်ရှား ဒီနေ့မြန်မာနိုင်ငံ မှာသူရဲ့ အုတ်ဂူရှိတယ်။ သူအုပ်ချုပ်သွားတဲ့ အထိ အိန္ဒိယနိုင်ငံ မှာ ဟိန္ဒူ အများဆုံးပဲ။ စဉ်းစားကြည့်ပါ။ အစ္စလာမ်က အဓ္ဓမနည်းနဲ့ အုပ်ချုပ်တယ် အတင်းအကျပ် လူတွေကို ဘာသာ ထဲသွတ်သွင်း တယ်ဆိုရင် အိန္ဒိယ နိုင်ငံမှာ ဒီနေ့ ဟိန္ဒူတစ်ယောက်မှ ကျန်မှာ မဟုတ်ဘူး။ နှစ်ပေါင်း ၈၀၀ အုပ်ချုပ် တာ တောင်မှ အိန္ဒိယ နိုင်ငံမှာ မွတ်စလင် အများစု မဖြစ်ခဲ့တာ။ ဟိန္ဒိုအများစု ရှိနေခဲ့တယ် နောက်ပြီး အက္ကဘရ် ဘုရင် အုပ်ချုပ်တယ် ဟိန္ဒိုကိုလည်းဦးစားပေးတယ်။ သူရဲ့ ၀န်ကြီး တောင်မှ ဟိန္ဒူကိုထားတာ။ မွတ်စလင်မထားထားဘူး။ အဲဒီဝန်ကြီးက သိပ်တော်တယ်။ ဘိရ်ဘတ်လို့ခေါ်တယ်။
    အစ္စလာမ်က မတရားလုပ်တဲ့ သာသနာမဟုတ်ဘူး။ ကိုယ့်သာသနာ ကိုယ့်အလုပ်ကိုယ်လုပ်တယ်။ ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့ ဘယ်ဘာသာနဲ့ မဆို ကောင်းကောင်းမွန်မွန်ဆက်ဆံခိုင်းတဲ့ သာသနာ ဖြစ်တယ်။ မြန်မာနိုင်ငံ မှာ တစ်ချို့သောပုဂ္ဂိုလ်များဟာ ဟောထားတဲ့ အခွေတွေ နား ထောင်တယ်။ လုံးဝ ဘာသာရေးနဲ့ မညီတဲ့ ဘာသာရေးအရအဆုံးအမ မရှိတဲ့ဟာတွေကို လုပ်ကြံပြီပြောထားတာတွေရှိတယ်။
    M-Media – ဒီလိုမျိုး သတင်းမှားတွေ  မြန်မာပြည်အနှံမှာ လိုက်ဖြန့်နေတာရှိတယ် ၊ မှားယွင်းနေတဲ့ အချက်အလက်တွေ ကို ကိုးကားပြီး အစ္စလာမ်ဆန့်ကျင်ရေးတရားပါ။ အစ္စလာမ့် အမှန်တရားသိအောင် ဘယ်လိုဆောင်ရွက်သင့်ပါသ လဲ။ 
    မွဖ်သီဂျာအ်ဖရ် – ဒီကိစ္စကို ကျွန်တော်တို့ မွတ်စလင်တွေက ဖြစ်နိုင်မယ်ဆိုရင် ပြန်ရှင်းပြရမယ်။ မီဒီယာကနေ ရှင်းပြတာတို့။ အင်တာနက် တွေ ၊ ဘက်စုံလူထုဆီ ရောက်နိုင်တဲ့ ပုံစံမျိုးတွေနဲ့ ရှင်းပြရမယ်။ ကျွန်တော်ကတော့ အတက်နိုင် ဆုံးရှင်းပြတယ်။ ဖြစ်စေချင်တာက ဗလီဆရာ တွေလဲ ပြောရမယ်။ ပုတ်ခတ်ပြီးပြောဖို့မဟုတ်ဘူး။ မသိလို့ နားမလည် လို့ ပြောကြတာ။ ကျွန်တော်တို့ ခွင့်လွတ်တယ်။ အပြစ်မယူဘူး။ ဒါပေ မယ့် အမှန်သိဖို့လိုတယ်။ ကျွန်တော်တို့ဘက်ကလည်း စာပေနဲ့လည်းသိအောင် ဒါတွေ ရှင်းပြဖို့လိုမယ်။ တစ်ချို့တွေက အစ္စလာမ်နဲ့ ပတ်သတ် လို့ မရှင်းလင်းဘူးဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာတွေနဲ့ ထပ်တိုက်တွေ့ပြီးမေးမြန်းသင့်တယ်။ အထူးသဖြင့် ကျွန်တော်တို့နဲ့လာတွေ့ ။ ဖိတ်ခေါ်တယ်။
    M-Media – အခု ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ပုံစံတွေက ပြောင်းလဲလာနေပါတယ်။ အဲဒီပြောင်း လဲမှုနဲ့ အတူ စိန်ခေါ်မှုတွေကလည်း ရှိလာပါတယ်။  ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ၊ ခေတ်စနစ်ကို သိရှိနားလည်ဖို့ မော်လဝီကျောင်း မဒ်ရဆာဟ်တွေ ဘာတွေ လုပ်သင့်ပါသလဲ။
    မွဖ်သီဂျာအ်ဖရ် – ကျွန်တော်တို့ ကျောင်းတွေမှာလဲ အထူးသဖြင့် အမြင်တွေကျယ် ဖို့လိုအပ်ပါပြီ။ အရင်တုန်းကဆိုရင် ကျွန်တော် တို့က ကိုယ့်ဘာသာရေးပဲ သီးသန့်သင်ခဲ့ကြတယ်။ ကျွန်တော်တို့လည်း ဒီအတိုင်းပဲ ဖတ်လာခဲ့တာ။ အခုအခါမှာ ကျောင်းအုပ်ချုပ်တဲ့သူတွေကတော့ ပိုပြီးတော့ အမြင်ကျယ်ဖို့လိုအပ်လာပြီ။ ကျွန်တော့်ကလေးတွေကို အင်္ဂလိပ်နဲ့ မြန်မာသင်ဖို့ပေးလိုတယ်။
    ဦးနေ၀င်းတက်လာတဲ့အချိန် မြန်မာစာ ကို မြန်မာကျောင်းကလွဲလို့ ကျန်တဲ့ ကျောင်း တွေ မသင်ရဘူးဆိုပြီး စနစ်ရှိ ခဲ့တယ်။ ဘယ်အာရဗီ ကျောင်းကမှ မြန်မာစာ မသင်ရဲဘူး။ သင်ရင် ဖမ်းမယ့် အနေ အထားရှိတယ်။ အဲဒါ ကြောင့် ဘက်စုံ ဘာသာရပ်တွေ မသင်ပေးဖြစ်ခဲ့တာလည်း ပါတယ်။ နောက်ပြီး အာရဗီကျောင်းက စာတွေကလည်း များတယ်။ ထပ်တိုးဘာသာရပ်တွေ မထည့်နိုင်ဘူးဖြစ်နေတယ်။ အခုတော့ ကျွန် တော်တို့ လုပ်လာပြီ။ ကျွန်တော်အုပ်ချုပ်တဲ့ကျောင်းဆို အင်္ဂလိပ်မြန်မာဘာသာရပ်တွေ ထည့်ထားတယ်။ ကျွန်တော်တို့လည်း ကိုယ်တိုင် ခံစား ရတယ်။ အင်္ဂလိပ်ရရင် ဘယ်လောက်အကျိုးရှိလဲဆိုတာ။ လေယာဉ်ပေါ်တက်ရင် ဖောင်ဖြည့် တာကစတယ်။ ကျွန်တော်တို့လည်းသဘော ပေါက်လာပါပြီး မော်လ၀ီကျောင်းတွေလည်း အင်္ဂလိပ်မြန်မာ ဘာသာရပ် တွေ သင်လာကြပါပြီ။
    M-Media – မြန်မာနိုင်ငံမှာ ဆို တိုင်းရင်းသားလူမျိုး၊ လူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံပါ။ နိုင်ငံတော်ကလည်း တိုင်းရင်း သားစည်းလုံးညီညွတ်ရေးတည်ဆောက်နေပါတယ်။ ဒီတော့ လူမျိုးအချင်းချင်း ညီညွတ်ချစ်ခင်ရေးကို အစ္စလာမ့် အမြင်က ဘယ်လို မြင်ပါသလဲ။
    မွဖ်သီဂျာအ်ဖရ် – လူသားအချင်းချင်း ချစ်ခင်ဖို့မေတ္တာရှိဖို့ဆိုတာက တမန်တော်ရဲ့(သြ၀ါဒ) ဟဒီဆ်တွေ မှာ ရှိပြီးသားပါ။ ကုရ်အာန် ကျမ်းမြတ်မှာ လည်းရှိပြီးသားပါ။ ငါအလ္လာဟ်အရှင်မြတ်က ယောကျာင်္တစ်ဦး မိန်းမတစ်ဦးကနေ ဖန်ဆင်းထား တယ်။ အုပ်စုအုပ်စုတွေ ခွဲပေးလိုက် တယ်။ လူမျိုးအချင်းချင်း ဘာကြောင့် ဖြစ်အောင် ဖန်တီးတာလဲ ဆိုရင် တစ်ယောက် နဲ့ တစ်ယောက် မှတ်မိကြဖို့ ။ ရန်ဖြစ်ကြဖို့ မဟုတ်ဘူး ။ အခုရန်ဖြစ်နေတာ။ အလ္လဟ်အရှင်မြတ်က လူသား တွေကို ဖန်ဆင်းတာ မှတ်မိဖို့ ၊ အုပ်စုတွေ ခွဲပေးတာ။ ဒါက တ၇ုတ်လူမျိုး၊ ဒါက အင်္ဂလိပ်လူမျိုး၊ ဒါက အိန္ဒိယ လူမျိုး၊ ဒါက မြန်မာလူမျိုး၊ ဒါက မှတ်မိပြိး ချစ်ခင်ဖို့ ၊ ရန်ဖြစ်ဖို့ မဟုတ်ဘူး။ ဟဒီဆ်မှာလည်း လူသား အချင်း ချင်း ချစ်ခင် ရမယ်။။ လူသား အချင်း ချင်း ကူညီရမယ်။ လူသားအချင်းချင်း လို့ ပြောတယ်။ မွတ်စလင် အချင်းချင်း လို့ မပြောဘူး။ ဘယ်သူဟာ မြေပြင် ပေါ်မှာရှိတဲ့ လူသားကို ကူညီမလဲ။ ထိုသူကို အလ္လာဟ် က ကူညီမယ် လို့ ပြေထားတယ်။ ဘယ်သူဟာ လူသား တစ်ဦး ကို သနားမလဲ ကြင်နာမလဲ၊ ထိုသူကို အလ္လာဟ်က ကြင်နာမယ်။ ဟာဒီဆ်တွေ တမန်တော် စကား တွေရှိ ခဲ့တယ်။ အစ္စလာမ်သာသနာဝင်တွေကို ဘာသာခြား တွေအားလုံးနဲ့ လူမှုရေးရာနေတာ ထိုင်တာ ပတ်ဝန်ကျင်နဲ့ ဘယ်လို နေထိုင်ရမလဲ ဆိုတာ အားလုံး တမန် တော်ပြ ခဲ့တယ်။
    M-Media – တစ်ချို့ မီဒီယာတွေက အစ္စလာမ် အစွန်းရောက် အုပ်စုတွေ သတ်ဖြတ်မှု တွေကိုဖေါ်ပြလာကြပါတယ်။ အစ္စလာမ် ကို အကြမ်းဖတ်ဝါဒနဲ့ ချိတ်ဆက်ပြီးဖော်ပြလာကြတယ်။ အပြစ်မဲ့ သူတွေကို အစ္စလာမ်အမည်သုံးပြီး သတ်ဖြတ် ကြတယ်။ အဲဒီအပေါ်ကို ဆရာ့တုန့်ပြန်မှုက ဘာပါလဲ။
    မွဖ်သီဂျာအ်ဖရ် – ဒီနေ့ ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ အစွန်းရောက်အုပ်စုဆိုတာ ဘယ်သူတွေလဲ ဆိုတာ ကျွန်တော်စဉ်းစားလို့မရဘူး။ မွတ်စလင်အချင်းချင်းကို သတ်နေတယ်။ ဘာမှ အပြစ်မရှိတဲ့သူတွေကိုသတ်နေတာ။ ဒါဟာအစ္စလာမ်သာသနာ နဲ့ ဘာမှ မဆိုင်ဘူး။ အစ္စလာမ် သာသနာက ညွန်ကြားပြသတဲ့ အထဲမှာလုံးဝ မပါဘူး။
    M-Media – အစ္စလာမ်မုန်းတီးရေးဖြန့်တဲ့သူတွေက ၇၈၆ ဟာ ၂၁ရာစုမှာ လွှမ်းမိုးမယ့် သင်္ကေတလို့ ၀ါဒဖြန့်နေတာရှိ တယ်။ ၇၈၆ ရဲ့ အမှန်အဓိပ္ပာယ်က ဘာလဲ။
    ၂၁ရာစုမှာ ဘာဖြစ်သွားမယ်။ ကျွန်တော်တို့ကိုစွပ်စွဲနေတာ။ ၇၈၆ အမျိုးပျောက်မှာ ဆိုးကြောက်စရာ မှာ ရေး ထားတယ်လေ။ ၇၈၆ ဆိုတာက ဂဏာန်းတွေ အများကြီးကို တွက်ပြီးရတာ။ ခုနှစ်ရာ ရှစ်ဆယ့်ခြောက် ဆိုပြီးရ တာ။ ခွန်ရှစ်ခြောက် မဟုတ်ဘူး။ အဲဒါနောက်ဆုံးနံပါတ်ပဲ။ အဲဒါကို ထပ်ပေါင်းလိုက်တယ်။ ၂၁ ပို့လိုက် တယ်။ ၂၁ရာစု မှ မြန်မာနိုင်ငံကို သိမ်းမယ်ဆိုပြီး စွပ်စွဲတယ်။ မဟုတ်မမှန်တာတွေ ပြောတာပါ။ ဒီ ခုနှစ်ရာ ရှစ်ဆယ် ခြောက် ဆိုတာကလည်း ဗစ်စမိလ္လဟ်ဟိရဟ်မာန်နရ်ရဟိမ်း ကျွန်တော်တို့ သာသနာမှာ အင်မတန်မှ မင်္ဂလာရှိ တယ်။ တခြားဘာသာတွေမှာလည်း ဒီလို အထိမ်းအမှတ် တွေရှိပါတယ်။ ဒါမျိုးကို နံပါတ်ထုတ်ပြီး ဘာသာပြန် ထားတာ။
    မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ လောက်ပဲ သုံးတာ။ တခြားအစ္စလာမ်နိုင်ငံတွေ မသုံးဘူး။ ဒီဘက်လူတွေ လုပ်ထားတာ။ ဘာလို့လဲ ဆိုတော့ ဒီဘက်လူတွေက အာရဗီစာမတက်ဘူး။ မရေးတက်ဘူး။ အလွယ်တကူ ခုနှစ်ရာ ရှစ်ဆယ့်ခြောက်ကို ရေးတာ အလ္လဟ်အရှင်မြတ် နာမနဲ့ စတယ်လို့ အဓိပ္ပါယ်ရတယ်။ အဲဒါကို ဘယ်သူက ဘယ်အကြောင့်ကြောင့် စွပ်စွဲမလဲ မသိပါဘူး။ သက်သက်မဲ့စွပ်စွဲလိုက်တာ။ မဖြစ်သင့်ပါဘူး။
    ဘာသာခြားစာပေတွေ ဖတ်တယ်။ ဗုဒဘာသာအကြောင်းဖတ်တယ်။ ခရစ်ယာန်ဘာသာအကြောင်းဖတ်တယ်။ ဟိန္ဒိုဘာသာအကြောင်း ဖတ်တယ်။ အမှန်အတိုင်းလေ့လာတယ်။ အမှားမလေ့လာဘူး။ သူတို့စာအုပ်ကို ကျွန်တော် တို့ ယူဖတ်တယ်။ အမှားမပြောဘူး။ အမှားပြောတာကလဲ အပြစ်တစ်ခုပဲ။ မတရားစွပ်စွဲပြီးပြောတာ။ ဒီကြောင့် မှားသွားတဲ့ အုပ်စု ဘယ်လောက်ရှိမလဲ ပြောတဲ့သူရဲ့ ခေါင်းပေါ်မှာ ရှိမယ် ။အယောက်၁၀၀ မှားမယ်၊ အယောက် တစ်ထောင် မှားမယ်။ အဲဒီတစ်ထောင်လုံးလုပ်ခဲ့တဲ့ အပြစ် စမှားပြောတဲ့ သူမှာ ရှိတယ်။ ဒီလို အပြစ် မျိုးကတော့ ဘာသာတိုင်းမှာ ရှိမယ်။
    ဘယ်ဘာသာ အကြောင်းကို ဘယ်သူပြောပြော။ အမှန်ကိုလေ့လာဖို့လိုမယ်။ ဒီနေ့ ဗုဒသာသာနဲ့ပတ်သက်လို့ တစ်ခွန်းမှ မကောင်းမပြောဘူး။ ကျွန်တော်တို့သာသနာက တားမြစ်လိုက်ပြီ  လကွန်ဒီးနုကွန်၊၀လိယာဒီန်း၊ သူ့ သာသနာ နဲ့ သူ ကိုယ့်သာသနာနဲ့ ကိုယ်။ အလ္လာဟ် ကဆုံးဖြတ်ပြီးပြီ။ မတိုက်ခိုက်ရဘူး။ ဒါကြောင့် အစ္စလာမ် သာသနာက မြန်မာနိုင်ငံမှာ ရှိနေတဲ့ အစ္စလာမ်သာသနာဝင်တွေမှာ သာသနာပြုအဖွဲ့ မရှိဘူး။ ဘာသာခြားကို သာသနာပြုတဲ့ အဖွဲ့ မရှိဘူး။
    ဘာသာခြားတွေကို ကျွန်တော်တို့ အစ္စလာမ်လုပ်နေပါတယ်လို့ ဘာကြောင့်စွပ်စွဲနေပါလဲ။ ဘာအထောက် အထားရှိလို့ စွပ်စွဲနေပါသလဲ။ လုံးဝအမှားတွေပါ။ တစ်ဖက်သတ် ကျွန်တော်တို့ကို နှိပ်ကွပ်နေတဲ့ သဘောဖြစ် နေပါတယ်။  တကယ်စဉ်းစားကြည့်ရင် ကျွန်တော်တို့မှာ ဘာမှ မရှိဘူး။ အပြင်လူ ဘယ်သူ့ကိုမှ မစည်းရုံးဘူး။
    M-Media – ဘာသာရေး ပဋိပက္ခတွေဖြစ်အောင် တစ်ချို့တွေကလည်း လှုံဆော်နေကြ ပေမယ့် နိုင်ငံတော်အစိုးရက ဘာ သာတရားအချင်းချင်း ချစ်ခင်မှုရအောင် ကြိုးစားနေတာတွေ ရှိနေပါတယ်။ အစ္စလာမ် ဘာသာနဲ့ ဗုဒ္ဓဘာ သာ ဆရာတော် တွေနဲ့ တွေ့ဆုံတာတို့ လုပ်ခဲ့ပါတယ်။  ဘယ်လို လူမျိုးများအကြား၊ ဘာသာ တရားများ အကြား အပြန်အလှန် သဟဇတဖြစ်ပြီး လေးစားချစ်ခင်မှုရအောင် ပြည်သူတွေဘက် ဘာတွေ ဆောင်ရွက်ဖို့လိုပါသလဲ။
    မွဖ်သီဂျာအ်ဖရ် – ကျွန်တော် တို့ လုပ်နေကြတာတွေပေါ့။ ဘာသာပေါင်းစုံနဲ့အားလုံးနဲ့  တွေဆုံတာတို့ ၊ ချစ်ကြည်မှုရအောင် ဘယ်လို ပုံစံနဲ့ ရမလဲ ။ မီဒီယာပဲဖြစ်ဖြစ်၊ တွေ့ဆုံပွဲတွေကပဲဖြစ်ဖြစ်  လူမှုရေးလုပ်ငန်းတွေပဲဖြစ်ဖြစ် လုပ်သွား ရပါမယ်။ အဓိက အစ္စလာမ်သာသနာနဲ့ ဆန့်ကျင်တဲ့ ရှရိက်မဖြစ်ရဘူး။ ဒုတိယက ဟရမ် မဖြစ်စေရဘူး ။ ဒီနှစ်ခု ရှောင်နိုင်ရင် အားလုံးအလုပ်လို့ရတယ်။
    ဒေပါဝါလီ ပွဲ တော် ကျွန်တော်တို့သွားတယ်။ ဗုဒ်ဓဘာသာ ဘုန်းတော်ကြီးတွေ လာတယ်။ ဟိန္ဒိုတွေလာတယ်။ ခရစ်ယာန် ဘုန်းကြီးတွေလည်းလာတယ်။ အားလုံး ချစ်ခင်မှု အတွက် စကားတွေပြောကြတယ်။ ဒီလို အခမ်း အနား မျိုးကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ရန် ပိုအဆင်ပြေမယ် လို့ ယူဆတယ်။ ကျွန်တော်လည်း ဗုဒ်ဓဘာသာ ဘုန်ကြီးနဲ့ တွဲပြီး ဓါတ်ပုံ ရိုက်ခဲ့သေးတယ်။ ဗုဒ်ဓဘာသာဘုန်းတော်ကြီးတွေ ပြောသွားတာ တွေ ကောင်းပါတယ်။ အင်မတန်မှ ကောင်းပါတယ်။ ၀မ်းသာပါတယ်။ ကျွန်တော်တို့ တွေဆုံပြီး ချစ်ချစ်ခင်ခင်နေထိုင် သွားဖို့ လုပ်မယ်ဆိုရင် အစ္စလာမ်ဘာသာဝင်တွေလည်းငြိမ်းချမ်းမယ်။ တခြားဘာသာဝင်တွေလည်း ငြိမ်းချမ်းမှာပဲ။ အားလုံးအတွက်ကောင်းပါတယ်။
    M-Media – ဒီနှစ်ပိုင်းတွင်းမှာ မြန်မာနိုင်ငံသား မွတ်စလင်တွေကို မေးလာကြတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် ဆိုတဲ့ အစ္စလာမ် နိုင်ငံ စစ်ဖြစ်ရင် ဘယ်ဘက်က ၀င်တိုက်မလဲတဲ့ ။ ဒီမေးခွန်းအတွက် ဆရာ့ အဖြေက ဘယ်လိုရှိပါ သလဲ။
    မွဖ်သီဂျာအ်ဖရ် – အစ္စလာမ် သာသနာက ဓမ္မသတ် ဘယ်လောက်တောင် ရှိလဲ ဆိုရင် ဒီနေ့ ဘင်္ဂလားဒေ့ရှ်က အစ္စလာမ်နိုင်ငံ။ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာစစ်ဖြစ်ခဲ့ရင် မြန်မာနိုင်ငံသား မွတ်စလင်တစ်ယောက်ဟာ မြန်မာဘက်ကနေ ခုခံ တိုက် ခိုက်ပေးရမယ် လို့ ပြထားတယ်။ အစ္စလာမ်က အဲဒီလောက်တောင်ပြထားတယ်။ အဲဒီတော့ ကျွန်တော် တို့အတွက်က  ကမ်းကုန် သွားပြီ။ ဒီနိုင်ငံသား ဒီနိုင်ငံမှာ နေပြီ၊ ဒီနိုင်ငံမှာ သစ္စာရှိဖို့၊ ဒီနိုင်ငံကို အကျိုးပြုဖို့ ၊ ဒီနိုင်ငံမှာ သေမှာဖြစ် တယ် ။ကျွန်တော်တို့သာသနာက ဒီနိုင်ငံကို ချစ်ဖို့ ပြထားတယ်။
    ကျွန်တော်တို့ဟာ ဒီနိုင်ငံမှာ ပဲ မွေးခဲ့တဲ့လူတွေဖြစ်တယ်။ ဒီနိုင်ငံမှာပဲ သေရမှာပဲ။ ဘယ်နိုင်ငံပဲသွားသွား ဒီဘ၀မှ အဲဒီနိုင်ငံသား မဖြစ်နိုင်တော့ဘူး။ ကျွန်တော်အိန္ဒိယမှာစာသင်တော့  ကျွန်တော်တို့ကို အားလုံးက ဂျအ်ဖရ် ဘရ်မီ ( ဗမာ ဂျာအ်ဖရ်) လို့ခေါ်တယ်။ဗမာလို့ခေါ်တယ်။ ဒါပေမယ့် ကျွန်တော် မြန်မာနိုင်ငံပြန်ရောက်လာတော့ ကုလားဖြစ်သွားတယ်။ ကျွန်တော်ဘယ်နိုင်ငံပဲ သွားသွား ကျွန်တော်ကို့ ဗမာလို့ ခေါ်မှာပဲ။ ဒီနိုင်ငံမှာပဲ မွေး တယ်။ ဒီနိုင်ငံမှာပဲ သေရမှာပဲ၊
    နောက် တမန်တော်မြတ် စကားတစ်ခုရှိ ပါတယ်။ ဟုဘွလ်ဝသနီမိနာလ် အီမာန်း ကို့ယ်ရဲ့မွေးရပ်ဇာတိကို ချစ်ခြင်းဟာ အီမာန်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ် တယ်တဲ့။ ဒီတော့ ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ ကျွန်တော်တို့နိုင်ငံ ကို ချစ်ကြဖို့ လိုတယ်။
    မွဖ်သီဂျာအ်ဖရ် ၏ ကိုယ်ရေးအကျဉ်း
    • မွဖ်သီ ဂျာအ်ဖရ် သည် ၁၉၆၉ခုနှစ် ဘားဂီးယား ဟာဖိဇ်ကျောင်းတွင် ကုရ်အာန်အာဂုံဆောင် ပြီးမြောက်ခဲ့သည်။
    • ၁၉၇၇- ခုနှစ်တွင် ဒါရွလ်အုလူးမ် တက္ကသိုလ်(တာမွေ) တွင် မော်လ၀ီ ဘွဲ့ရယူခဲ့ပါသည်။
    • ၁၉၉၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ စဟာရန်ပူရှိ မဇွာဟိရိအူလူမ်းတွင် မွဖ်သီနှင့် ကာရီဘွဲ့ရယူခဲ့သည်။
    • တာမွေမြို့နယ် မစီးဒီခန်း ဗလီ တွင် ရှေ့ဆောင်အီမာမ်အဖြစ် ၁၀နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
    • လက်ရှိ ပန်းပဲတန်းမြို့နယ်ဘင်္ဂါလီ ဗလီ တွင် ရှေ့ဆောင် အီမာမ်အဖြစ် တာဝန်ယူဆောင်ရွက်နေပါသည်။
    • ၁၉၉၇ ခုနှစ်မှ ယနေ့အထိ မြန်မာမွတ်စလင်အဖွဲ့ ချုပ် တွင် ဓမ္မသတ်မှူး တာဝန်အဖြစ် တာဝန်ထမ်းဆောင်နေပါသည်။
  • ရခိုင်အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်မှု့ ALP နှင့် အစိုးရ အပြန်အလှန်စွပ်စွဲ
    ရခိုင်အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်မှု့ ALP နှင့် အစိုးရ အပြန်အလှန်စွပ်စွဲ
    နိုဝင်ဘာ ၃၀၊ ၂၀၁၂
    M-Media
    မောင်ပုည
    ရခိုင်ပြည် လွှတ်မြောက်ရေးတပ် (ALP)
    အောက်တိုဘာလ အတွင်း ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြို့နယ် (၆) ခုတွင်  ဖြစ်ပွားခဲ့တဲ့ မွတ်စလင်မ် လူနည်းစုများအပေါ် အကြမ်းဖက် မီးရှို့သတ်ဖြတ်မှုခြင်း၊ နေရပ်အတင်းစွန့်ခွာအောင် လုပ်ဆောင်ခဲ့သည့်  ဒုတိယအကြိမ် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ပတ်သက်ကြောင်း  ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ (ALP) နှင့် အစိုးရအဖွဲ့တို့ အပြန်အလှန်စွပ်စွဲနေကြပါတယ်။
    ရခိုင်ပြည်နယ်အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ချက် ၂⁄ ၂၀၁၂ တွင် အပိုဒ်(၄) တွင်
    ” ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေးအဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက်အထား များကို တွေ့ရှိရပါသည်။” ဟုထည့်သွင်းထုတ်ပြန်ကြေငြာခဲ့ပါသည်။
    ငြိမ်းချမ်းရေး ယူထားသော တစ်ခုတည်းသော ရခိုင်တော်လှန်ရေး ပါတီ ALP ရည်ရွယ်ထားပုံ ရကြောင်း၊ ALP အတွင်းရေးမှူး ၂ ခိုင်သုခ၏ ပြောကြားချက်ကို ဘင်္ဂလားဒေရှ်အခြေစိုက်  နိရဉ္စရာ သတင်းဌာ၏ သတင်းတပုဒ်မှာအောက်ပါ အတိုင်းပြောကြားထားတာကို တွေ့ရပါတယ်။
    “ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက် အမှတ် ၂/၂၀၁၂ မှာ အောက်တိုဘာလအတွင်း တကျော့ပြန်ဖြစ်တဲ့ ရခိုင်ပြည် အကြမ်းဖက် ဆူပူမှုမှာ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး ရေးထားတဲ့အတွက် ကျွန်တော်တို့ကို ရည်ညွန်းပြီး ပြောဆို တာ ဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ထုတ်ပြန်ကြေငြာ ချက် မထုတ်ဘဲ စောင့်နေခဲ့တယ်။ နောက်ဆုံး နိုဝင်္ဘာ ၁၀ ရက်နေ့မှာ ကျွန်တော်တို့ဆီက လူကြီးတွေနဲ့ ဦးအောင်မင်း ထိုင်းနိုင်ငံ ချမ်းမိုင်မှာ တွေ့တဲ့အခါ ဦးအောင်မင်းကလည်း အဲဒီအတိုင်း စွပ်စွဲပြောဆိုလာတယ်။ ဒီလို ပြောဆိုလာတဲ့ အပေါ်မှာ ရှင်းရှင်းလင်းဖြစ်ဖို့ အတွက် ကျွန်တော်တို့ ဘက်က ကြေငြာချက်ထုတ်ပြီး တုန့်ပြန်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
    ဆက်လက်ပြီး ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေမှာ စစ်တပ် က ပါဝင်ပတ်သက်မှုရရှိကြောင်း ခိုင်သုခ စွပ်စွဲလိုက်ပါတယ်။
    “ စစ်တပ်ဖက်က ပါဝင်ပတ်သက်မှုရှိတဲ့ အထောက်အထားတွေ အများကြီးရထားတာရှိတယ်။ အဲဒါ ကိုလည်း ဦးအောင်မင်းကို တရားဝင် ပြောလိုက်တယ်။ အခုဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေမှာ ရခိုင်ပြည်လွတ် မြောက်ရေး ပါတီဖက်က လုံးဝ ပတ်သက်မှုမရှိဘူးဆိုတာကို ရှင်းပြလိုက်ပါတယ်” လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုတိယဥက္ကဌ ဦးအောင်မင်းနှင့် ချမ်းမိုင်တွင် တွေ့ဆုံစဉ်ပြောကြားခဲ့ ကြောင်း ခိုင်သုခ၏ ပြောကြားချက်ကို နိရဉ္စရာ ဖော်ပြထားပါတယ်။
    ရိုက်တာရဲ့ သတင်းတပုဒ်မှာတော့  RNDP ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး “ဦးလှစော”ကတော့ ဇွန်လနဲ့ အောက်တိုဘာလတွေမှာ ဖြစ်ပျက်ခဲ့တဲ့ မွတ်စလင်ဆန့်ကျင် သုတ်သင်ရေး အကြမ်းဖက်မှု တွေမှာသူတို့ပါတီက လုပ်တာမဟုတ်ဘူး၊ ကြိုးကိုင်တာမဟုတ်ဘူးရယ်လို့ ငြင်းဆိုပေမယ် နောက်ဆုံးတစ်ခေါက် ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးတဲ့အခါ အောက်ခြေကပါတီဝင်တွေ ပါဝင်နိုင်ပါတယ်လို့ ဝန်ခံဖြေဆိုသွားကြောင်းကို ဖော်ပြပါတယ်။
    အဓိကရုန်း အကြမ်းမှုတွေမှာ ပါဝင်ပတ်သတ်မှု ထင်ရှားစွာ အထောက်အထားတွေ့ရှိရင် RNDP ပါတီကို ဖျက်သိမ်းပစ်နိုင်တယ်လို့သမ္မတဦးသိန်းစိန်က သတိပေးထားကြောင်း ဒီသတင်းကို RNDP ဘက်၊ စစ်တပ်ဘက်နှစ်ဘက်စလုံးဆီမှ ရိုက်တာသတင်းဌာနက ရရှိထားတာ ဖြစ်ကြောင်း  ဖော်ပြခဲ့တာဖြစ်ပါတယ်။
် မြန်မာ- ဘင်္ဂလာနယ်စပ်တွင် မြန်မာတပ်မတော်မှ GE တပ်သား (၁) ဦး အသတ်ခံရပြီး (၃) ဦးဖမ်းဆီးသွားမှုမှာ ရခိုင်တော်လှန်ရေး ပါတီ ALP ရဲ့ လက်ချက်ဆိုပြီး ကုလားတန် သတင်းဌာနရဲ့ သတင်းတပုဒ်မှာဖော်ပြခဲ့ပါတယ်။
  • White Phosphorus(P4) သုံးတဲ့ ဗုံးအကြောင်း နှင့် နောက်ဆက်တွဲ ဆိုးကျိုးများ
    နိုဝင်ဘာ ၂၉၊ ၂၀၁၂
    M-Media
    ကျနော်တို့က ဒီပစ္စည်းကို မီးခိုးဗုံးအဖြစ်သုံးလိုက်တာပါတဲ့… အော်… ဟုတ်ကဲ့… စစ်တပ်မှာ မီးခိုးဗုံး ဘယ်နားလေးသုံးလဲ ပြန်မေးရမယ်…  သေနတ်ကိုမိုးပေါ်ထောင် မပစ်ဘူးဆိုတဲ့ နေဝင်းတောင် ဒါမျိုးတော့ မသုံးတတ်ဘူး…
    White phosphorus ဆိုတာက လေထဲမှာ သူ့ဘာသာသူမီးလောင်နိုင်တယ်… ရိုးရိုးလောင်ကျွမ်းရုံတင်မဟုတ်ပဲ ကိုယ်တိုင်မီးလောင်တဲ့အချိန်မှာ သူ့ဘာသာသူအရည်ပျော်ပြီး အောက်ကိုဆင်းတယ်… ကိုယ်ခန္ဓာကရေရှိတော့ ရေနဲ့ပါထပ်ပြီးဓာတ်ပြုတဲ့အခါ မီးလောင်လို့ဝင်ရောက်ဓာတ်ပြုတဲ့ အောက်ဆီဂျင်ရယ် ရေရယ် ဖော့စရပ်ရယ်ထပ်ပြီး ဓာတ်ပြုပြီး ဖော့စဖော့ရစ်အက်ဆစ်အပြင်းစားထပ်ထွက်ပြီး အက်ဆစ်စားတာပါထပ်ဖြစ်တယ်… ဒါဟာ white phosphorus အသုံးပြုရင် ဖြစ်တဲ့သဘာဝပါပဲ…
    စစ်သုံးမှာ မီးခိုးဗုံးအနေနဲ့သုံးတာမှန်တယ်… ဒါပေမဲ့ မီးခိုးဗုံးဆိုတာ မျက်ရည်ယိုဗုံးမဟုတ်ဘူး… သူက smoke တွေအများကြီးထွက်ပြီး ရန်သူကိုအနီးကပ်တိုက်ခိုက်တဲ့အခါ ရန်သူ့ပစ်အားကျအောင်သုံးရတာ… ဒါ့အပြင် ပုံမှန်မီးခိုးဗုံးမှာထည့်သုံးတဲ့ white phosphorus အချိုးအစားကအင်မတန်မှနည်းလွန်းတယ်… ဖော့စရပ်နည်းနည်းလေးနဲ့ အခြားမီးခိုးအများကြီးထွက်နိုင်တဲ့ Agent တွေထည့်သုံးရတာပါ… ကျနော်စဉ်းစားတာက လူစုခွဲဖို့သက်သက်ဆိုရင် မျက်ရေယိုဗုံးသုံးပေါ့… ဒါကကျနော်သူတို့ ဘက်လိုက်ပြီးတွေးပေးထားတာပဲ ရှိသေးတယ်… ဆန္ဒပြတဲ့လူ့အစုအဝေးကိုခွဲချင်ရင် မီးခိုးဗုံးဘာ့ကြောင့်သုံးသလဲ… ဘာလဲ မီးခိုးဗုံးသုံးပြီး ဝင်ရိုက်မလို့လား… ကဲအခုတော့သုံးပြီးပြီ… အဲ့ဒီအတွက် ဘယ်သူတာဝန်ယူဖြေရှင်းပေးမှာလဲ..
    အောက်က ယူကျူ့လင့်က White phosphorus ကိုလက်နက်အဖြစ်သုံးပြီးတိုက်ခိုက်ခံရတဲ့အခါ ဖြစ်တဲ့ဒါဏ်ရာပါ… သူ့ရဲ့ cycle ကဒီလိုပါ… white phosphorus ဟာရေနဲ့ဓာတ်မပြုပါဘူး… အပေါ်က ယူကျူ့လင့်ထဲမှာ သေသေချာချာပါပါတယ်… white phosphorus ပဲသီးသန့်ဆိုရင် လေထုထဲမှာ ကိုယ်တိုင်မီးလောင်ပါတယ်… ဒါ့အပြင် ပတ်ဝန်းကျင်မှာရှိတဲ့အောက်ဆီဂျင်နဲ့လည်းဓာတ်ပြုနေပါသေးတယ်… လူ့အရေပြားနဲ့ထိတဲ့အခါ မီးလောင်လို့ထွက်လာတဲ့ ခန္ဓာကိုယ်ထဲကရေနဲ့ white phosphorus နဲ့ပတ်ဝန်းကျင်အောက်ဆီဂျင် ဓာတ်ပြုရာကထွက်တဲ့ ဖော့စရပ်အောက်ဆိုက်တို့ဓာတ်ပြုပြီး ဖော့စပေါရစ်အက်စစ်ဖြစ်ပါတယ်… ဒါတင်မကပဲ မီးလောင်လို့ထွက်လာတဲ့အခြား ဓာတ်ငွေ့တစ်ခုဖြစ်တဲ့ ဖော့စပေါရစ်ပန်တောက်ဆိုက်ကလည်း ရေနဲ့ဓာတ်ပြုပြီး ဖော့စပေါရစ်အက်စစ်အပြင်းထွက်နေပါသေးတယ်… စဉ်းစားကြည့်ပေါ့ဗျာ
    အသားပေါ်မှာ မီးလောင်တယ် ဖြစ်တဲ့ဒါဏ်ရာကို အက်စစ်စားတယ် … ဒီတော့ white phosphorus ကိုလက်နက်အဖြစ်သုံးရင် ဖော့စရပ်အများကြီးနဲ့တိုက်ရိုက်ထိတွေ့သူမှာ အရိုးပဲကျန်သည်အထိ မီးလောင်အက်စစ်စားသွားပါတယ်… ဂါဇာမှာ စာသင်ကျောင်းပေါ်ကို white phosphorus တွေအစ္စရေးကဒုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရပြီး ဝင်ရှင်းတဲ့ဓာတ်ပုံတွေရှိပါသေးတယ်… အွန်လိုင်းမှာသာကိုယ့်ဘာသာကိုယ်ရှာကြည့်ပါ… အဲ့ဒီထဲမှာ အရိုးစုတွေအများကြီးတွေ့ရပါလိမ့်မယ်… Special operation game ကိုကစားဖူးရင် အဲ့ဒီထဲမှာလည်း white phosphorus နဲ့တိုက်ခိုက်ခံရပုံကို ပုံဖော်ထားတာတွေ ပါပါတယ်…
    white phosphorus သုံးတဲ့မီးခိုးဗုံးနဲ့အတိုက်ခံရတာဆိုပြီး စကားကိုကြွံသွားမှာစိုးလို့ သေသေချာချာရှင်းပြတာပါ… အခန့်မသင့်ရင် အစိုးရဘက်က အရေပြားလောင်ရုံတင်ဆိုပြီး ခံငြင်းပါလိမ့်မယ်… အဓိကမေးသင့်တာက white phosphorus အသုံးပြုလိုက်ရင် ဖြစ်လာမဲ့ဘေးထွက်ဆိုးကျိုးတွေကို မတွက်ဆပဲ ဘာ့ကြောင့်သုံးသလဲဆိုတာရယ် ဘာ့ကြောင့် မီးခိုးဗုံးနဲ့တိုက်ခိုက်တာလဲဆိုတာရယ်ပါ… တကယ်ဆိုရင် ဖော့စရပ်ပါတဲ့ မီးခိုးဗုံးပဲဖြစ်ဖြစ် ဖော့စရပ်မပါတဲ့မီးခိုးဗုံးပဲဖြစ်ဖြစ် မသုံးသင့်ပါဘူး…
    အခုဖြစ်သွားတာမှာဆိုရင် တစ်ဖက်ကဆန္ဒပြသူတွေဟာ အကြမ်းဖက်တိုက်ခိုက်နေသူတွေမှမဟုတ်တာ… အကြမ်းဖက်ဆန္ဒပြသူတွေမို့လို့ အကြမ်းဖက်နှိမ်နင်းတယ်ဆိုရင် တစ်မျိုးပေါ့… ဒီဖြစ်ရပ်မှာ တချို့က နိုင်ငံရေးအရောင်တွေပါသယောင်ယောင် ဟိုယောင်ယောင် ဒီယောင်ယောင်ပြောနေကြလို့ပါ… ကျနော်မြင်တာကျတော့ ဆန္ဒပြသူတွေဟာနိုင်ငံရေး အရောင်အသွေးတွေကြောင့် သွေးထိုးမြှောက်ပင့် သူတွေကြောင့်ပဲဆိုပါစေဦး ဒီလိုတိုက်ခိုက်မှုမျိုး လိုအပ်လို့လားဆိုတဲ့မေးခွန်းပါ… ထပ်ပြောချင်တာက နိုင်ငံရဲ့ဂုဏ်သိက္ခာကို ငဲ့ကွက်စေလိုတဲ့ပုံစံမျိုးတွေဘာတွေနဲ့ တရားရေအေးသွားရောက် တိုက်ကျွေးသူအနေနဲ့ ထိုင်းနိုင်ငံက ဘန်ကောက်မှာလမ်းပိတ် လေယဉ်ကွင်းပိတ်ပြီးဆန္ဒပြသွားတဲ့ဖြစ်ရပ်က နှစ်ပိုင်းပဲကြာပါသေးတယ်… ဒီလောက်မြို့တော်မှာ ရုပ်ပျက်ဆင်းပျက်နဲ့ စီးပွါးရေးပါထိခိုက်အောင် ဆန္ဒပြနေတဲ့ သူတွေကို ထိုင်းက ဖော့စရပ်ပါတဲ့ဗုံးနဲ့ဖြိုခွင်းတယ်လို့ မကြားလိုက်မိရိုးအမှန်ပါ… ပြောမယ်ဆိုလည်း ၂ဖက်စလုံးကို မျှမျှတတပြောပါ… ဒါပါပဲ…
    Source: သန့်စင်ဖြိုး FB
    ဖော့စဖိတ် ပါဝင်တဲ့ လက်ပစ်ဗုံး phosphorus genrade ဆိုတာက ဓာတုဗေဒ လက်နက် အမျိုးအစားမှာပါဝင်ပြီး ပေါက်ကွဲမှူအနီးအနားမှာရှိတဲ့ လူနဲ့ ရေဓာတ်ပါတဲ့ စိုစွတ်တဲ့ အရာတွေကို မီးလောင်ကျွမ်းစေနိုင်တာမျိုးပါ။ ဒီလက်နက်မျိုးကို ဒုကမ္ဘာစစ် အတွင်း ၁၉၄၅ ခုနှစ် မန္တလေး မြို့သိမ်းတိုက်ပွဲ မှာအင်္ဂလိပ်တပ်တွေက ဂျပန်တပ်တွေ ကို ပထမဆုံးနဲ့ နောက်ဆုံး မြန်မာ့မြေပေါ်မှာ စမ်းသပ်အသုံးပြုခဲ့ပါတယ်။ အင်မတန်မှ ရက်စက်လှပြီး ခံစားရသူကို သေရာပါ ဒါဏ်ရာဒါဏ်ချက်များ စွဲကပ်စေကာ နောက်ဆက်တွဲဝေဒနာများအဖြစ် အသည်းနဲ့ကျောက်ကပ် ရောဂါများပါ ရရှိနိုင်စေပါတယ်။မြန်မာမြေပေါ်မှာသာ အထူးအဆန်း အနေနဲ့ ဖြစ်နေပေမဲ့ တကယ်တော့ ဒီလက်နက်မျိုးဟာ ပါလက်စတိုင်းဒေသမှာ အစ္စရေးတပ်များက အသုံးပြုနေကြ သာမန်ရိုးကျ လက်နက် တခုတောင်ဖြစ်နေပါပြီ။ အမေရိကန်တပ်များကော၊ အစ္စရေးတပ်များပါ လက်ရှိဆင်နွှဲနေကြ စစ်ပွဲမျိုးမှာ လူမသိ သူမသိကော ပြောင်ပြောင်တင်းတင်းပါ အသုံးပြုနေကြတာမျိုးပါ။ လတ်တလော အနေအထားကြည့်ပြီး အသေအပျောက် စာရင်းမများလှလို့ သိပ်မပြင်းထန်ဘူးလို့ ထင်ရပေမဲ့လဲ နောက်ပိုင်း နာတာရှည် ရောဂါများရရှိပြီး လူညွန့်ပါတုံးစေနိုင်တဲ့အတွက် အဓိပ္ပါယ်ရှိရှိ ရက်စက်နိုင်တဲ့လက်နက်တမျိုးပါပဲ။ သို့ပေမဲ့လဲ ဒီလိုနိုင်ငံကြီးတွေတောင်မှ စစ်ပွဲတွေမှာပဲ သုံးကြပြီး ဒီလို သာမန် ဆန္ဒပြ ပြည်သူတွေကို ဘယ်တုန်းကမှ မသုံးခဲ့ပါ။ သုံးခွင့်လဲမရှိပါ။ဆရာထက် တပည့် လက်ဇောင်းထက်ဆိုသလို ကျောင်းသားတွေကို ရီကွိုင်ဂန်းနဲ့ပစ်ဖမ်းခဲ့တဲ့ ဗိုလ်နေဝင်းထက် လက်ရှိ ဦးသိန်းစိန်ဒီမိုကရေစီ အစိုးရက အပုံကြီးသာသွားပါပြီ။ ကောင်းပြီ၊ ကချင်စစ်ပွဲတွေကို မရပ်နိုင်ဘူး။ စစ်တပ်ကို စွပ်ဖက်လို့မရပါဘူးလို့ ငြင်းဆန်လို့ ရကောင်းရနိုင်ပေမဲ့ ဒီလို ပြည်တွင်းကဆန္ဒပြပွဲ တွေကိုတော့ သမ္မတကြီး တာဝန်မရှိပါဘူးလို့ ကိုယ်လွတ်ရုန်းလို့ မရလောက်ပါဘူးနော်။ မျက်ရည်ယို ဗုံးလောက်ပါဆိုပြီး ဗြောင်လိမ်ဖို့လဲ မကြိုးစားပါနဲ့တော့။ မျက်ရည်ယိုဗုံး ရဲ့ အရသာကို ကျွန်တော် အပါအဝင် ပြည်သူများ၊ သံဃာတော်အများအပြား ကပါ ၂၀၀၇ ရွှေဝါရောင်မှာတုန်းက ကောင်းကောင်းကြီးမြည်းစမ်းဖူးခဲ့ပြီးပါပြီ။ မျက်ရည်ယိုဗုံးနဲ့ မီးလောင်ဗုံးဟာ အတော်ကွာခြားမှန်း ကာယကံရှင် များရဲ့ သေရာပါ ဒဏ်ရာ များက သက်သေခံသွားပါပြီ။
    လက်ရှိ ဖေ့ဘုတ်ပေါ်ရထားတဲ့ ဗုံးရဲ့ ဓာတ်ပုံနဲ့ မူရင်း မီးလောင်ဗုံး အစစ်ပုံကို ယှဉ်တွဲပြသထားလိုက်ပါတယ်။
    အဆင့်ဆင့် ရှယ်နေကြတာက ယူလာတာဖြစ်ပြီး မူရင်း ဓာတ်ပုံဆရာကို မသိရှိနိုင်တဲ့အတွက် ခရက်ဒစ်မပေးနိုင်တာတော့ ခွင့်လွှတ်ပါခင်မျာ။
    Source: ဝါးလုံးရှည် အတီး FB
  • ကော့ကရိတ် ရေနံဆီကုန်း ဗလီ အား ဗုံးပစ်တိုက်ခိုက်ခဲ့သည့် တရားခံ ဖော်ထုတ်ရေး နှောင့်နှေး
    ကော့ကရိတ် ရေနံဆီကုန်း ဗလီ အား ဗုံးပစ်တိုက်ခိုက်ခဲ့သည့် တရားခံ ဖော်ထုတ်ရေး နှောင့်နှေး
    နိုဝင်ဘာ ၂၉ ၊ ၂၀၁၂
    M-Media
    နေသစ်ထွန်း
    အောက်တိုဘာ ၂၉ ရက်က ကော့ကရိတ်မြို့ရေနံဆီကုန်းဗလီ ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့မှု တစ်လပြည့်ပြီ ဖြစ်သော်လည်း လက်သည် တရားခံများကို ရှာဖွေဖော်ထုတ်ရေးတွင် နှောင့်နှေးလျက်ရှိ ကြောင်း သိရသည်။ ၄င်း ရေနံဆီကုန်း ဗလီအား ဗုံးပစ်သွင်း တိုက်ခိုက်မှုကို တွေ့ရှိ သော မျက်မြင်များ နှင့် ရေနံဆီ ကုန်း ဗလီ ဂေါပက အား မြို့နယ်အဆင့်၊ ခရိုင်အဆင့် အဖွဲ့စုံမှ  ခေါ်ယူ စစ်ဆေးမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။
    “ဗုံးပစ်ခံရပြီး နောက်တစ်ရက်ကျတော့ ရဲက ဂေါပက အဖွဲ့ကို ခေါ်စစ်ပါတယ်။ နောက် မျက်မြင်တွေ့တဲ့သူ တွေ ကို လည်း ခေါ်စစ်ပါတယ်။ သူတို့ကို အကြိမ်ကြိမ်ခေါ် စစ်ဆေးတာပါ။ နေလည် အချိန်က စစ်ရင် ည (၉) နာရီ အချိန်မှ ပြီးတယ်။ ဒါပေမယ့် အခုထိ တရားခံ ဖော်ထုတ်ရေးက မထူးခြားသေးပါဘူး” ဟု ကော့ကရိတ် ဒေသခံ တစ်ဦး က ပြောပါသည်။
    “အဲဒီ့ မျက်မြင်သက်သေတွေကို ခေါ်စစ်တာ ။ ၆ ခါ ၇ ခါ လောက်ကို ရှိတယ်။ ဒီလို ခေါ်စစ်တာအတွက် စိုးရိမ်စရာမရှိပါဘူး၊ တကယ်လည်း ဗလီက အတိုက်ခံတာကိုး။ ဒါပေမယ့် အခါခါ စစ်ဆေးနေတာတွေ၊ က ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေကပဲ ကိုယ့်ဗလီ ကိုယ် ဟန်ဆောင် ဗုံးခွဲတဲ့ ပုံစံ ဖြစ်အောင် တရားခံအဖြစ်  ဖန်တီးနေသလားလို့ ခံစားရတယ်”  ဟု ကော့ကရိတ် ဒေသခံ က ပြောပါသည်။
    ကော့ကရိတ်-ဘားအံအကြားကားလမ်းပေါ်ရှိ အစ္စလာမ် ဘာသာဝင်များနေထိုင်သော ထီဖို့ခင်၊ ပေါင်ရေကူ ၊ အပေါင် ၊ ပတ ၊ သရက်တော ကျေးရွာများတွင် မွတ်စလင် ဆန့်ကျင်ရေး စာရွက်များဖြန့်ဝေလျက်ရှိနေပြီး ၊ အာဏာပိုင် များက မည်သို့မျှ တားဆီးပိတ်ပင် ပေးခြင်း မရှိကြောင်းသိရသည်။
    ရေနံဆီကုန်းဗလီ ၊ အောက်ရွာစွန္နီဗလီ ၊ ၀င်းကြီးဗလီ ၊ ဈေးဗလီ ဟူ၍ ဗလီ (၄)လုံး ကော့ကရိတ်မြို့တွင် တည်ရှိ သည်။ ကော့ကရိတ်ဒေသခံ အစ္စလာမ် ဘာသာဝင်များသည် ကုန်သွယ်ရေး ၊ သယ်ယူပို့ဆောင်ရေး နှင့် လယ် ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြသည်။
    ကော့ကရိတ် ၊ ကျုံဒိုး၊မြ၀တီ မြို့များရှိ ဗလီများအား ဗုံးပစ်သွင်းတိုက်ခိုက်ခြင်း၊ မွတ်စ လင် ဆန့်ကျင်ရေး စာရွက်များ ဖြန့်ဝေခြင်း ၊ မွတ်စလင်နေအိမ်များကို ဖျက်ဆီးမည်ဟု သတင်းထုတ် လွင့်ခြင်း များ စသည့် တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေမည့် အခြေအနေများ ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ် လျက်ရှိ ကြောင်း သိရသည်။