News @ M-Media

Blog

  • ၂၀၁၂ ဟဂ်ျခရီးစဉ်တွင် မြန်မာဟာဂျီအချို့ အခက်အခဲများကြုံတွေ့ခဲ့ရ

    ၂၀၁၂ ဟဂ်ျခရီးစဉ်တွင် မြန်မာဟာဂျီအချို့ အခက်အခဲများကြုံတွေ့ခဲ့ရ

    ဒီဇင်ဘာ ၂ ၊ ၂၀၁၂
    M-Media
    မောင်လျှောက်(မြယာမြေ)

    အစ္စလာမ်ဘာသာဝင်များအတွက် ဟဂ်ျဘုရားဖူး ခရီးစဉ်သည် ပဉ္စမမဏ္ဍိင် တာဝန်ဖြစ်သည့်အား လျော်စွာ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များသည် ကျမ်းမြတ် ကုရ်အာန် ပြဋ္ဌာန်းချက်များနှင့် အညီ ငွေကြေးတတ်နိုင်သူများမှာ တသက်တွင် တခေါက် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရှိ ကအ်ဗာ ဝတ်ကျောင်းတော်သို့  ဟဂ်ျပြုလုပ်ကြပါသညည်။

    ၂၀၁၂ ခုနှစ် ဟဂ်ျခရီးစဉ်တွင် မြန်မာမွတ်စလင် ဟာဂျီအဖွဲ့ နိုင်ငံတော် လွှင့်ထူထားလျက် သွားရောက်နေသည့် ဟဂ်ျခရီးစဉ်မှ နေရာတခု
    Photo (Peace Forall Faceboook)

    ယခုနှစ်တွင် ဆော်ဒီသံရုံးမှ ဟဂ်ျဗီဇာခွဲတမ်း (၅၀၀၀) ရရှိခဲ့ပြီး နိုင်ငံတော် အစိုးရမှ စေလွှတ်သော မြန်မာဟာဂျီ (၃၅၀) နှင့် ပြင်ပ ပုဂ္ဂလိက ဟဂ်ျဘုရားဖူး အေးဂျင့် ကုမ္ပဏီများနှင့် သွားလာသူများလည်းရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမှ အေးဂျင့် အချို့သည် မြန်မာဟာဂျီများကို မလိမ့်တပတ်လုပ်ကာ (၂၀၁၀) နှင့် (၂၀၁၁) ခုနှစ်တွင် မြန်မာဟာဂျီများ အခက်အခဲတွေ့ခဲ့ရကြောင်း၊ ယခုနှစ်ဟဂ်ျရာသီမှာတော့ ခရိုနီများ လွှမ်းမိုးမှု လျော့နည်းလာကာ ၀န်ဆောင်မှု တိုးတက်လာကြောင်း (၂၀၁၂) ခုနှစ်တွင် ဟဂ်ျဘုရားဖူး ခရီးစဉ်မှ ပြန်လာသော ဟာဂျီတစ်ဦးက ဆိုပါသည်။

    သို့သော်လည်း မြန်မာနိုင်ငံမှ ဟဂ်ျဘုရားဖူးသွားရာတွင် မတန်တဆဈေးပေးနေရခြင်း၊ ဗီဇာအတွက် အခက်အခဲရှိခြင်း၊ အေးဂျင့်အချို့သည် ရန်ကုန်တွင်တစ်မျိုးပြောပြီး ဟဂ်ျ ခရီးစဉ်ရောက်မှ အပြောနှင့်လက်တွေ့မကိုက်ညီခြင်း၊ အထုပ်အပိုးများအတွက် သေချာစီစဉ်မပေးခြင်း၊ တည်းခိုရန်နေရာ စီစဉ်မပေးခြင်း၊ အခက်အခဲဖြစ်ခြင်း၊ အချို့သည်မောက်မာစွာ ဆက်ဆံခြင်းများရှိကြောင်း သိရသည်။ ထို့ပြင် ဟဂ်ျဘုရားဖူး ခရီးစဉ်သွားရာတွင် အချို့သော ကုမ္ပဏီများ၏ မသမာမှုကြောင့် ဟဂ်ျဗီဇာ မရရှိခြင်း၊ လေကြောင်းခရီးစဉ် မစီစဉ်ပေးနိုင်ခြင်းတို့ကြောင့် (၂၀၁၁) ခုနှစ်တွင် ဟာဂျီလောင်း (၂၀၀၀)ဦးခန့် ဟဂ်ျသွားခွင့် မရရှိခဲ့ကြောင်း၊ ယခုနှစ်မှာတော့ အလားတူဖြစ်စဉ်များ မရှိကြောင်း သိရသည်။

    ယခင်က ဟဂ်ျဘုရားဖူးခရီးစဉ်သွားရာတွင် သာသနာရေး ၀န်ကြီးဌာနမှစေလွှတ်သော ဟာဂျီလောင်းများမှာ အဆင်ပြေမှုများရှိခဲ့ပြီး နိုင်ငံတော်အစိုးရက အစ္စလာမ်ဘာသာဝင် အများကြည်ညို လေးစားသည့် ပုဂ္ဂိုလ်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ စသည်ဖြင့် ပါဝင်သော ဟဂ်ျမစ်ရှင်၊ ဟဂ်ျကော်မတီ စသည်ဖြင့် ဖွဲ့စည်းစေလွှတ်ခဲ့ပါသည်။

    ၂၀၁၂ ခုနှစ် ဟဂ်ျခရီးစဉ်တွင် မြန်မာမွတ်စလင် ဟာဂျီအဖွဲ့ နိုင်ငံတော် လွှင့်ထူထားလျက် သွားရောက်နေသည့် ဟဂ်ျခရီးစဉ်မှ နေရာတခု
    Photo (Peace Forall Faceboook)

    ယခုနောက်ပိုင်းတွင် သာသာနာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး(၅)ဖွဲ့မှ ဦးဆောင်မှုတို့ဖြင့် ဟဂ်ျခရီးစဉ် အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့မှုများ ရှိသော်လည်း မလိုလားအပ်သော ပြသနာ အချို့ ပေါ်ပေါက်ခဲ့မှုများလည်း ရှိသည်။ တဖက်မှာလည်း ဟဂ်ျခရီးစဉ်ကူညီအရေး အဖွဲ့ချုပ်မှ နစ်နာခဲ့သော ဟာဂျီများအတွက် ကူညီဆောင်ရွက် ပေးနေကြောင်း သိရသည်။

    မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များကမူ အမိနိုင်ငံတော် အတွက်လည်း ဂုဏ်သိက္ခာရှိစေရန် ဟဂ်ျဘုရားဖူး သွားရာတွင် အဆင်ပြေစွာသွားနိုင်ရန် နိုင်ငံတော်အဆင့် ဟဂ်ျမစ်ရှင် အဖွဲ့ကြီး တစ်ဖွဲ့ပေါ်ပေါက်လာရန် ဆန္ဒရှိကြောင်း တင်ပြလိုက်ရပါသည်။

  • သဲချောင်းဒုက္ခသည် စခန်းတွင် လုံထိန်းများမှ အကြမ်းဖက်ပစ်ခတ်မှု့ ဆက်သွယ်မေးမြန်းချက်

    သဲချောင်းဒုက္ခသည် စခန်းတွင် လုံထိန်းများမှ အကြမ်းဖက်ပစ်ခတ်မှု့ ဆက်သွယ်မေးမြန်းချက်

    ဒီဇင်ဘာ ၁၊ ၂၀၁၂
    M-Media
    ထွန်းတောက်

    သဲချောင်း။      ။စစ်တွေ သဲချောင်းရွာမှ မွတ်စလင်မ်ဒုက္ခသည် စခန်းရှိ ဒုက္ခသည်တို့အား စစ်တပ်က ယနေ့ ဒီဇင်ဘာ ၁-ရက်နေ့တွင် အတင်းအဓမ္မရွှေ့ပြောင်းခိုင်းပြီး ညနေ ၅-နာရီ ၄၀-မိနစ်ဝန်းကျင်တွင် လုံထိန်းများမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။

    လုံထိန်းများမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မွတ်စလင်မ် ဒုက္ခသည် အမျိုးသား ၆-ယောက် သေနတ်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး၊ အမျိုးသမီး ၃-ယောက်လည်း သေနတ်ဖြင့် ရိုက်ခံရ၍ ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။ ယင်းဒဏ်ရာ ရရှိသူများအား သဲချောင်းမှတဆင့် သက္ကယ်ပြင်ရွာသို့ ခေါ်ဆောင်သွားပြီး သက္ကယ်ပြင် ကဗရ်စတာန်(သုဿာန်) ဗလီထဲမှာ ထားရှိပြီး ဆေးကုသ နေကြောင်းသိရသည်။

    ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သဲချောင်းဒုက္ခသည် စခန်းကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    မေး – သဲချောင်းက ဒုက္ခသည်တွေကို သေနတ်နဲ့ပစ်လို့ ဒဏ်ရာရသွားကြတယ်ဆိုတာ ဟုတ်ပါသလား။
    ဖြေ – ဟုတ်ပါတယ်။ ၆-ယောက် သေနတ်ဒဏ်ရာအပြင်းအထန်ရသွားတယ်။

    မေး – ဘယ်လိုဖြစ်လို့ ဒုက္ခသည်တွေကို သေနတ်နဲ့ပစ်ခတ်မှုဖြစ်ခဲ့တာလဲ။ ဘယ်သူတွေက ပစ်ခဲ့တာလဲ။
    ဖြေ – ဖြစ်တာကတော့ သူတို့က ဒုက္ခသည်တွေကို သဲချောင်ကနေ ဗောဒူဝရွာကို ပြောင်းခိုင်းတယ်။ ရွေှ့ခိုင်းမယ်လုပ်ထားတဲ့ ဒုက္ခသည်တွေကို မခေါ်ပဲ တစ်ခြားသူတွေကိုခေါ်တယ်။ သူတို့က မလာတော့ သေနတ်နဲ့ပစ်တယ်။ လူအုပ်ထဲကို ရမ်းပစ်တာ။ ၇-ချက်ပစ်တယ်။ ၆-ယောက်ကို မှန်သွားတယ်။ ပစ်တာက လုံထိန်းကပစ်တာ။ လုံထိန်းက (၂၅)ယောက်လောက်ရှိတယ်။ အဲလိုဖြစ်တော့ တစ်ခြားသူတွေ ၀ိုင်းအုံလာတာနဲ့ လုံထိန်းတွေ ထွက်ပြေးသွားကြတယ်။

    မေး – ရွေှ့ခိုင်းတဲ့ဒုက္ခသည်တွေကိုမခေါ်ပဲ တစ်ခြားသူတွေကို ခေါ်တယ်ဆိုတာ ဘယ်လိုကိုပြောတာလဲ ခင်ဗျ။ ဗောဒူဝရွာကရော ဘာရှိတာလဲ။
    ဖြေ – ဗောဒူဝကလည်း မွတ်စလင်မ်ရွာပဲ။ အဲဒီမှာ ဒုက္ခသည်စခန်းလုပ်ပြီး အဲဒီကို ရွှေ့ခိုင်းတာဗျ။ ဒီသဲချောင်းမှာ ဒုက္ခသည်တွေအတွက်ပေးထားတဲ့ တဲတွေရှိတယ်ဗျ။ အဲဒီတဲတွေက ဆော်ဒီကပေးထားတဲ့တဲတွေရယ်၊ UNHCR က ပေးထားတဲ့ တဲတွေရယ် ကွဲတယ်။ UNHCR က တဲတွေမှာ ပိုက်သည်နဲ့ မော်လိပ်က ဒုက္ခသည်တွေနေတယ်။ ဆော်ဒီကပေးတဲ့ တဲတွေမှာ နာဇီက ဒုက္ခသည်တွေနေတယ်။ အဲဒါ ဆော်ဒီက တဲမှာနေတဲ့သူတွေကို စစ်တပ်က သဲချောင်းကနေ ဗောဒူဝကို ပြောင်းခိုင်းတယ်။ ဒုက္ခသည်တွေကလည်း မပြောင်းချင်ကြတော့ဘူး။ အဲဒါနဲ့ စစ်တပ်က ဘာမှ မပြောတော့ပဲ ထိုင်နေတယ်။ လုံထိန်းတွေက ပြောင်းခိုင်းတာ။

    မေး – အဲလို မပြောင်းတာနဲ့ သေနတ်နဲ့ပစ်တာလား။
    ဖြေ – စစ်တပ်က ပြောင်းခိုင်တာက ဆော်ဒီတဲကလူတွေကို ပြောင်းခိုင်းတာ။ တကယ်တမ်း သူတို့ကခေါ်တော့ UNHCR တဲက လူတွေကိုခေါ်တယ်။ အဲဒီတော့ UNHCR တဲကလူတွေက မလာဘူးပေါ့ဗျာ။ မလာတာနဲ့ UNHCR တဲသမားတွေကို ပစ်တာ။ လူတွေကြားထဲပစ်တာ ၇-ချက်၊ ၆-ယောက် မှန်သွားတယ်။

    မေး – သူတို့က ဘာလို့ပြောင်းခိုင်းတာလဲ။
    ဖြေ – ကျွန်တော်ထင်တာတော့ အခုက စစ်တွေမှာ နိုင်ငံတကာကအဖွဲ့တွေ တစ်နေ့ကို ၁၀-ကြိမ်ထက်မနည်းလာနေကြတယ်။ ဒီလောက်ဒုက္ခသည်တွေများနေတော့ အစိုးရက သိက္ခာကျလာတယ်။ ဒါကြောင့် ဒုက္ခသည်တွေကို ခွဲထုတ်ဖို့လုပ်တာ။

    မေး – ခုနက သေနတ်မှန်တဲ့ ၆-ယောက် အခြေအနေက အခု ဘယ်လိုရှိလဲ။
    ဖြေ – သူတို့ ၆-ယောက်ကို အခုတော့ သက္ကယ်ပြင်ကိုခေါ်သွားပြီပြောတယ်။

    မေး – ဟုတ်ကဲ့။ ဒါဆို သက္ကယ်ပြင်ကို ဆက်သွယ်လိုက်ပါဦးမယ်။ ဘာများပြောဦးမလဲ ခင်ဗျ။
    ဖြေ – စစ်တွေမှာလည်း ပြဿနာပြန်ဖြစ်လာနိုင်တဲ့ အနေအထားတွေဖြစ်နေတယ်။ ဒုက္ခသည်စခန်းတွေထဲမှာလည်း ဒုက္ခသည်တွေကို ဒုက္ခတွေထပ်ပေးနေတယ်။ အဲဒါတွေကို ၀ိုင်းဝန်းတားဆီးပေးကြပါလို့ပြောချင်တယ်။

    သက္ကယ်ပြင်ရွာသို့လည်း ဆက်သွယ်မေးမြန်းခဲ့ရာ “ဟုတ်တယ်ခင်ဗျ။ သဲချောင်းမှာ ညနေက သေနတ်မှန်လို့ ဒဏ်ရာရတဲ့ အမျိုးသား ၆-ယောက် အခု သက္ကယ်ပြင်မှာရောက်နေတယ်။ ကဗရ်စတာန်(သုသာန်)ဗလီထဲမှာ ထားထားတယ်။ အခုပဲ အမျိုးသမီး ၃-ယောက် ထပ်ရောက်လာတယ်ဗျ။ သူတို့ကတော့ သေနတ်မှန်တာ မဟုတ်ပါဘူး။ သေနတ်နဲ့ရိုက်ခံရလို့ ဒဏ်ရာတွေ ရလာတာပါ။ အခုတော့ ဆေးကုပေးနေပါတယ်”လို့ သက္ကယ်ပြင်ရွာသားတစ်ဦးမှ ပြောပြခဲ့ပါတယ်။

     

    မှတ်ချက်။ ။ သတင်းပေးပို့လာသူရဲ့ ကင်မရာ Date Setting မှားယွင်းနေခြင်းကြောင့် နေစွဲ လွဲနေခြင်းဖြစ်ပါတယ်။

  • အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု့ တောင်အာရှ၌ သိရိလင်္ကာတွင် အများဆုံးဖြစ်

    အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု့ တောင်အာရှ၌ သိရိလင်္ကာတွင် အများဆုံးဖြစ်

    ဒီဇင်ဘာ ၁ ၊ ၂၀၁၂
    M-Media

    တောင်အာရှ ဒေသအတွင်းတွင် Sri Lanka သည်အထူးသဖြင့် အများသုံး ပို့ဆောင်ရေးယာဉ်များတွင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ  နှောက်ယှက်စော်ကားမှုများနှင့် ဆက်စပ်၍ လိင်ပိုင်းဆိုင်ရာ  နှောက်ယှက်မှု့ ဖြစ်စဉ်များ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည် ဟု Legal Aid Commission မှ မနေ့က ပြောကြားလိုက်ပါသည်။

    အများပြည်သူသုံး ယာဉ်များတွင် လိင်ပိုင်းဆိုင်ရာ  နှောက်ယှက်မှု့ တားဆီးရေးအတွက် Bastian Mawatha တွင် ရည်ရွယ်ပြုလုပ်သော အဖြူရောင် ဖဲကြိုး Campaign တွင် အမှာစကားပြောကြားစဉ် ကော်မရှင်ရုံး၏ ဥက္ကဌ ဖြစ်သူ S.S. Wijeratne က ဤအကြောင်းကိုထုတ်ပြန်ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

    မကြာသေးမီက ထုတ်ဝေခဲ့သော ဂျာနယ်တစ်ခု၏ report အရ Mr.Wijeratne က Sri Lanka အနေနှင့် ဤအရေးကိစ္စနှင့် ပတ်သက်၍အလေးအနက်ထား လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည် ဟုသိရပါသည်။ “အိန္ဒိယဟာ Sri Lankaနဲ့ ယှဉ်ရင် လူဦးရေများပေမဲ့ အများပြည်သူသုံး ယာဉ်တွေမှာ လိင်ပိုင်းဆိုင်ရာ  နှောက်ယှက်တဲ့  ဖြစ်ရပ်တွေ ဖြစ်ပွားမှုကတော့ ကျွန်တော်တို့ထက် အဆမတန် နည်းပါးနေတာကို တွေ့ရတယ်“ ဟုပြောခဲ့ပါသည်။ လူထုအသိပေး Campaignများ များစွာရှိနေသော်ငြားလည်း ယခုလိုအဖြစ်အပျက်များ ဖြစ်ပွားမှုမှာ မကြာမီကာလများအတွင်း အနည်းငယ်မျှသာ လျော့ကျခဲ့ကြောင်း သူကပြောခဲ့ပါသည်။

    နှောက်ယှက်ပြုခံရသော အမျိုးသမီးများအနေနှင့် ယာဉ်ပေါ်ရှိ ဆက်ဆံရေးဝန်ထမ်းများ၊ ယာဉ်မောင်းများနှင့် ရဲများကို ဤကိစ္စနှင့် ပတ်သက်၍ တိုင်တန်းခြင်း မပြုလိုကြောင်း၊ အမျိုးသမီးများသည် ဥပဒေ၏ အကူအညီကို ရှာဖွေရယူခြင်းမပြုဘဲ ဤမနှစ်မြို့ဖွယ်ရာ ခံစားချက်ဆိုးကို မြိုသိပ် သည်းခံလေ့ရှိကြောင်း Mr.Wijeratne က ပြောခဲ့ပါသည်။

    Legal Aid Commission အနေနှင့် အများသုံး ယာဉ်များပေါ်တွင် အနိုင်ကျင့်ခံရသူ အမျိုးသမီးများ ဘက်မှ ရပ်တည်ကာ ကူညီမှုပေးရန် အသင့်ရှိနေကြောင်း၊ ယခု လုပ်ဆောင်နေသာ စီမံကိန်းကို တိုင်းပြည်အတွင်း အမျိုးသမီးများအတွက် လုံခြုံသော ၀န်းကျင်တစ်ရပ်ဖန်တီး ပေးနိုင်သည်အထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ထပ်မံ ပြောကြားသွားပါသည်။

    ကိုးကား ၊  http://www.dailymirror.lk/

  • လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ပါဝင်ရန် ၈၈ ငြင်းဆို

    လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ပါဝင်ရန် ၈၈ ငြင်းဆို

    ဒီဇင်ဘာ ၁ ၊ ၂၀၁၂
    M-Media
    မောင်ပုည

    ဒေသခံများနှင့် သံဃာတော် များ၏ ကန့်ကွက် ဆန္ဒပြမှု နှင့် ရင်ဆိုင် ခဲ့ရသော လက်ပံတောင်းတောင် စီမံကိန်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန်  ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ်ကို သမ္မတဦးသိန်းစိန် လက်မှတ်ထိုးထားသော နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ်၊ ၉၂/ ၂၀၁၂  ဖြင့် ဖွဲစည်းကြောင်းကြေငြာခဲ့ပါသည်။ အဆိုပါ ကော်မရှင်တွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ကိုမင်းကိုနိုင်၊ဦးကိုကိုကြီးတို့မှာ အဖွဲဝင်အဖြစ် ထည့်သွင်းဖွဲစည်းခဲ့ခြင်းအပေါ် ပါဝင်ဆောင်ရွက်လိုခြင်းမရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၄င်းတို့၏ တရားဝင် Facebook စာမျက်နှာတွင် ကြေငြာချက်ထုတ်လိုက်ပါတယ်။ ကြေငြာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည။်

    လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာအပေါ် ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်

    စာအမှတ် – ၃၁/ ၂၀၁၂(၈၈)
    ရက်စွဲ – ၂၊ နိုဝင်ဘာ၊ ၂၀၁၂
    ၂၈၄(က)၊ ၁၆/၃ ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
    သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
    ဖုန်း – ၀၁- ၅၇၇ ၆၅၆
    Email – [email protected]

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉၂/၂၀၁၂ အရ ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာအပေါ် ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်။

    အထက်ပါကိစ္စနှင့်ပတ်သက်ပြီး လွတ်လပ်သည့် စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ကျွန်ုပ်တို့ အနေဖြင့် တောင်းဆိုခဲ့ပါသည်။

    သို့သော် ယခု ဖွဲ့စည်းလိုက်သည့် ကော်မရှင်တွင် ၈၈မျိုးဆက်ကျောင်းသားများ အနေဖြင့် ပါဝင်ဆောင်ရွက်လိုသည့်ဆန္ဒမရှိပါကြောင်း အသိပေးအပ်ပါသည်။

    ၈၈မျိုးဆက်ကျောင်းသားများ။

  • သဲချောင်း မွတ်စလင် ဒုက္ခသည် စခန်းကို အဓမ္မ ဖိအားရွှေခိုင်းရာ လက်မခံသဖြင့် ရဲများ အကြမ်းဖက်ပစ်ခတ်

    သဲချောင်း မွတ်စလင် ဒုက္ခသည် စခန်းကို အဓမ္မ ဖိအားရွှေခိုင်းရာ လက်မခံသဖြင့် ရဲများ အကြမ်းဖက်ပစ်ခတ်

    ဒီဇင်ဘာ ၁ ၊ ၂၀၁၂
    M-Media
    ထွန်းတောက်


    ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ ရက် ညနေ့(၅) နာရီတွင်  စစ်တွေ သဲချောင်းရှိ မွတ်စလင် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို ဝေးလံသည့် ဆေးသမားကျေးရွာသို့ အတင်းအဓမ္မ ပြောင်းရွှေခိုင်းရာ မွတ်စလင်မ် ဒုက္ခသည်များမှ မသွားလိုကြောင်း ပြောသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ရဲများ သေနတ်များဖြင့် ပစ်ခတ်မှု့ကြောင့် အနည်းဆုံး မွတ်စလင်မ် ဒုက္ခသည် (၅) ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားသည်။

    သဲချောင်းဒုက္ခသည်စခန်း မှ မွတ်စလင် ဒုက္ခသည်များမှာ စစ်တွေမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်ခဲ့ကြသူများဖြစ်ပြီး   ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်အကြမ်းဖက်သမားများ မှ ၄င်းတို့ အိမ်များအားမီးရှို့ခြင်း၊ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှု့များပြုလုပ်ခြင်း၊ နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးပြီးနေရပ်စွန့်ခွါအောင် လုပ်ဆောင်မှု့များကြောင့် အဆိုပါ ဒုက္ခသည် စခန်းများတွင် လာရောက် ခိုလှုံနေသူများဖြစ်ပါတယ်။ ယခုအခါ အဆိုပါ ဒုက္ခသည် စခန်းမှ ထပ်မံပြီး ဝေးလံခေါင်ဖျားတဲ့ ဆေးသမား ကျေးရွာကို ရွှေပြောင်းဖို့ အတွက် အာဏာပိုင်များမှ ဖိအားပေး လုပ်ဆောင်လာမှုကို မွတ်စလင် ဒုက္ခသည်များမှ မသွားလိုကြောင်းပြောကြားရာမှ လုံခြုံရေးတပ်ဖွဲဝင် ရဲများ အကြမ်းဖက် ပစ်ခတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
    ပစ်ခတ်မှုကြောင့် အနည်းဆုံး မွတ်စလင်မ် (၅) ဦး သေနတ်ဒဏ်ရာ ရရှိသွားကြောင်းသိရပါတယ်။ အခုချိန်ထိ စုံစမ်းသိရှိရတဲ့ ဒဏ်ရာသူများစာရင်းမှာ

    (၁)  ဦးရှော်ဘီရာမာန် (အဖအမည် – ဦးဟာလာမျှ)  ၂၈ နှစ်၊ နာဇီ (အကွက်၃)
    (၂)  ဦးဂျာဘူလ်လောက် (အဖအမည် – ဦးဟာမိတ်ဟူးဆောင်း) ၂၅ နှစ် ။ ( အကွက်၁)
    (၃)  မော်နူရာဘေဂါမ် (အဖအမည် – ဦးမိုဟာမာတ်ရော်ဖိတ်) ၂၃ နှစ် ။ (အကွက်၃)
    (၄)  စော်လိမ် (အဖအမည် – ဦးဘော်ဒီရာမ်) ၂၂ နှစ် ။ (အကွက်၎)
    (၅)  အနူရ်ဝါဘေဂါမ် (အဖအမည် – ဦးအမာတ်ဟူးဆောင်း) ၂၀ နှစ် ။ (အကွက်၁၁) တို့ ဖြစ်ပါသည်။


    ပြီးခဲ့တဲ့ ရက်ပိုင်းတွင် မုံရွာ မှာရှိတဲ့ လက်ပတောင်းကြေးနီ စီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြမှု့များတွင် အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များရဲ့ ဖြိုခွင်းမှုကြောင့် သံဃာနှင့် ပြည်သူအများ မီးလောင် ဒဏ်ရာများ ဆိုးရွားစွာရရှိပြီး တစ်ပြည်လုံးမှ ပြည်သူများ အပြစ်တင်ဝေဖန်မှု့များနှင့် ဦးသိန်းစိန်အစိုးရ ဖိအားပေးခံနေရချိန်မှာ ယခုလို မွတ်စလင်မ်များအား အကြမ်းဖက် ပစ်ခတ်မှုထပ်မံပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရအနေဖြင့် ၄င်းတို့ ရင်ဆိုင်နေရတဲ့ အထွေထွေ ဖိအားများကို တကျော့ပြန်မွတ်စလင်မ် ဆန့်ကျင်ရေး လမ်းကြောင်းဖြင့် အာရုံပြောင်းဖို့ ကြိုးစားလာတာဖြစ်နိုင်ကြောင့် သုံးသပ်မှုများပြောဆိုမှုများ ရှိနေပါတယ်။

    ဇွန်လ အကြမ်းဖက်မှုများကြောင့် မွတ်စလင်မ် ဒုက္ခသည် ၇၀၀၀၀ ကျော်နှင့် အောက်တိုဘာလ ဒုတိအကြိမ် အကြမ်းဖက်မှုများကြောင့် မွတ်စလင်မ် ဒုက္ခသည် ၃၃၀၀၀ ကျော် စုစုပေါင်း ၁၁၀၀၀၀ ခန့် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရပြီး ကမ္ဘာစားနပ်ရိက္ခာ အဖွဲ့နှင့် အလှူရှင်များရဲ့ ရိက္ခာများဖြင့် ကြပ်တည်းစွာ အသက်ဆက်နေကြရဖြစ်ပါတယ်။

     

    မှတ်ချက်။ ။ သတင်းပေးပို့လာသူရဲ့ ကင်မရာ Date Setting မှားယွင်းနေခြင်းကြောင့် နေစွဲ လွဲနေခြင်းဖြစ်ပါတယ်။