News @ M-Media

Blog

  • မသွားဖြစ်တော့မယ့် ပွဲဈေးတန်းရယ် လွမ်းမိပါတယ်ကွယ်

    မသွားဖြစ်တော့မယ့် ပွဲဈေးတန်းရယ် လွမ်းမိပါတယ်ကွယ်

    နိုဝင်ဘာ၊ ၇  ၊ ၂၁၀၂
    M-Media
    ဇေယျာသူ

    ကျွန်မတို့ မြန်မာနိုင်ငံဟာ တစ်နှစ်ပတ်လုံး ၁၂-လရာသီ ပွဲတော်များနဲ့ ပြည့်နေတဲ့ တိုင်းပြည်တစ်ခုပါ။ အဲလို ပွဲတော်တွေရှိတဲ့အနက် ဘုရားပွဲတော်လို့ နာမည်တပ်တဲ့ ပွဲတော်တွေက ပိုလို့တောင်များနေပါတယ်။ ကျွန်မသိမြင်ရသလောက် ဘုရားပွဲတော်ရှိလာပြီဆိုရင် ဇာတ်ပွဲတွေ၊ အငြိမ့်တွေ၊ စားသောက်ဖွယ်ရာဆိုင်တွေ အများအပြားပါဝင်တယ်။

    ပွဲဈေးတန်း တခု ( Photo HotNews Journal )

    ဘုရားပွဲတော်ရှိပြီဆိုရင် တစ်ခြားသူတွေတော့ ဘယ်လိုကြောင့် ပျော်ရွှင်ကြလဲ ကျွန်မ မသိဘူး။ ကျွန်မကတော့ ပွဲဈေးတန်းသွားပြီး မုန့်တွေစားရတာ အလွန်သဘောကျတယ်။ ပွဲဈေးတန်းသွားတယ်။ စားစရာတွေဝယ်တယ်။ ကောက်ညင်းကျည်ထောက် (တချို့ဒေသတွေက ခဲတံချောင်းလို့လည်းခေါ်တယ်လို့ပြောတယ်။)၊ မုန့်မောင်နှမ (မုန့်လင်မယားလို့လည်း ခေါ်ကြသေးတယ်။)၊ မုန့်ရေပါး၊ မုန့်သိုင်းချုံ၊ မုန့်လုံးကြီး အဲဒါတွေကို ကျွန်မ အလွန်ကြိုက်တယ်။ ပြီးတော့ မုန့်လေပွေလို့ခေါ်သလား ဘယ်လိုခေါ်သလဲမသိဘူး။ မီးကင်လိုက်ရင် မုန့်က အကြီးကြီးဖြစ်သွားပြီး စားလို့သိပ်ကောင်းတာပဲ အဲဒါကိုလည်းကြိုက်တယ်။

    ပွဲဈေးတန်းထဲ လျှောက်ရင်း မုန့်တွေဝယ်ရင်း ဗိုက်ဆာလာတဲ့အခါဖြစ်ဖြစ် ကြာဇံချက် သောက်ချင်လာတဲ့ အခါမှာဖြစ်ဖြစ် ကြာဇံချက်ရောင်းတဲ့ မွတ်စလင်မ် ဆိုင်ကို အပြေးအလွှားရှာဖွေပြီး ၀င်သောက်တာပေါ့။ ဘာဖြစ်လို့ မွတ်စလင်မ်ဆိုင်က ကြာဇံချက်မှ သောက်ရသလဲဆိုရင်တော့ ကျွန်မက မွတ်စလင်မ် တစ်ယောက်ဖြစ်နေတဲ့ အတွက် တခြားဘာသာတွေ ရောင်းတဲ့ဆိုင်က ကြာဇံချက်ကို ကျွန်မတို့ စားလို့မရလို့ပါ။ ကြာဇံချက်က အများအားဖြင့် ကြက်သားနဲ့ချက်ကြတယ်။ မွတ်စလင်မ်ရောင်းတဲ့ဆိုင်ကသာ ဟလာလ်ကြက်သားဖြစ်လို့ ကျွန်မတို့အနေနဲ့ စိတ်သန့်သန့်နဲ့ စားလို့ ပိုဝင်တာကြောင့် မွတ်စလင်မ်ရောင်းတဲ့ဆိုင်ကို ရှာပြီး စားရတာပေါ့။

    အခုရက်ပိုင်း ပွဲဈေးတချို့ကို ရောက်တော့ တစ်ခြားမုန့်တွေ စားရပေမယ့် ကြာဇံချက်သောက်ချင်လို့ ဆိုင်လိုက်ရှာရင် မွတ်စလင်မ်ဆိုင် မတွေ့ရဘူး။ ဒါနဲ့ ကျွန်မစိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်။ ပွဲဈေးတစ်ခု တစ်လေဆို ကျွန်မသတိထားမိမှာ မဟုတ်ပါဘူး။ တော်တော်များများမှာ အဲလိုဖြစ်နေတာတွေ့ရတော့ ဘယ်လိုဖြစ်လို့လဲဆိုတာ ကျွန်မသိချင်လာတယ်။ ဒါနဲ့ပဲ ကျွန်မစုံစမ်းကြည့်မိတော့ ပွဲတော်ဈေးတန်းတွေမှာ မွတ်စလင်မ်တွေကို ဈေးရောင်းချခွင့် မပေးဘူးလို့ သိလာရတယ်။ ကျွန်မတော်တော်အံ့သြသွားတယ်။

    တစ်နေ့ကတော့ ကျွန်မသူငယ်ချင်း တစ်ယောက်ရဲ့ စကားစပ်မိရင်း သူတို့မြို့က နာမည်ကြီး ဘုရားပွဲတစ်ခုကျင်းပမယ့်ရက် ရောက်တော့မယ့်အကြောင်းပြောဖြစ်ကြရင်း သူက ပြောပြလာတယ်။ ဒီနှစ်မှာ ပြုလုပ်မယ့် ရမည်းသင်းမြို့ ရန်အောင်မြင်ဘုရားပွဲ (ကထိန်ပွဲ)မှာ နှစ်စဉ်နှစ်တိုင်း မွတ်စလင်မ်တွေလည်း ဆိုင်ခန်းငှားပြီး ဈေးဆိုင်တွေဖွင့်ကြတယ်။ ဒီနှစ်တော့ မွတ်စလင်မ်တွေကို ဆိုင်ခန်းငှားရမ်းခွင့်ရော ဈေးရောင်းချခွင့်ပါ မပေးဘူးလို့ ဘုန်းကြီးတွေနဲ့ ဂေါပကအဖွဲ့က ပြောတယ်။ ရှေ့နေဦးအောင်စိုးဆိုတဲ့
    ဂေါပကအဖွဲ့ဝင်က ဒါမျိုးမလုပ်သင့်ဘူး မဖြစ်သင့်ဘူးလို ပြောကြရင်း ဂေါပက အဖွဲ့ကနေ သူနှုတ်ထွက်သွားတယ်။ အခုမှ သိလာရတာက ပွဲဈေးတန်းမှာ ရဲက လုံခြုံရေးတာဝန်မယူလို့ ဂေါပက မွတ်စလင်မ် ဈေးရောင်းသူတွေကို ခွင့်မပြုဘူးလို့ပြောတယ်တဲ့။ ကျွန်မ အဲဒါကို ကြားလိုက်ရတော့ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မငယ်ငယ်ကတည်းက ဒီလို ပွဲဈေးတွေမှာ ဘာသာပေါင်းစုံ ပါဝင်နေကြတာ။ အခုမှ ဒီလို ခွဲခြားမှုတွေလုပ်လာတာ စိတ်မကောင်းဖြစ်မိတယ်။

    ဒီလိုလုပ်ခြင်းအားဖြင့် အခု လတ်တလောမှာ ဘယ်သူတွေ အခက်အခဲသွားဖြစ်ပြီး နောင်ရေရှည်မှာ ဘယ်သူတွေမှာ ပိုမိုထိခိုက်နစ်သွားမလဲဆိုတာလည်း မြင်ယောင်မိလာတယ်။

    ပွဲဈေးတွေမှာ မွတ်စလင်မ်ဈေးသည်များ ဈေးရောင်းခွင့် ပိတ်ပင်ခံရတာဟာ ဘာသာရေးဖိနှိပ်ခွဲခြားမှု မဟုတ်ဘူးလား။

    မသွားဖြစ်တော့မယ့် ပွဲဈေးတန်းရယ် လွမ်းမိပါတယ်ကွယ်။

  • ပေါက်တောမြို့နယ်ရှိ မွတ်စလင်ရွာများသို့ လ.၀.ကမှ စာရင်းကောက်

    ပေါက်တောမြို့နယ်ရှိ မွတ်စလင်ရွာများသို့ လ.၀.ကမှ စာရင်းကောက်

    နိုဝင်ဘာ ၇၊ ၂၀၁၂
    M-Media
    သတင်း – ထွန်းတောက်

    ပေါက်တောမြို့ မွတ်စလင်မ်ကျေး၇ွာများ မိးလောင်နေစဉ်

    ပေါက်တောမြို့နယ်ရှိ နတ်ချောင်း၊ မေယုကျွန်း၊ အနောက်ရွေ့၊ ကြိမ်နီရွာနှင့် ဆင်တမှော်စသည့် မွတ်စလင်မ်ရွာများသို့ ၇.၁၁.၂၀၁၂  လ၀ကမှ လာရောက်၍ စာရင်းကောက်ယူမှုများ ပြုလုပ်ကြောင်း သတင်းရရှိပါသည်။

    ပေါက်တောမြို့နယ်ရှိ နတ်ချောင်း၊ မေယုကျွန်း၊ အနောက်ရွေ့၊ ကြိမ်နီရွာနှင့် ဆင်တမှော်ရွာများသို့ ဒီနေ့ (၇.၁၁.၂၀၁၂)နေ့မှာ လ.၀.ကမှ လာရောက်ခဲ့ကြောင်း၊ လ.၀.ကနှင့်အတူ န.စ.က၊ ရဲနှင့် စစ်တပ်တို့ အတူပါဝင်ပြီး ရွာများ၏ မွတ်စလင်များကို အိမ်တိုင်းစေ့ တစ်ယောက်ချင်းစီ ဖြည့်ရန်စာရွက်များနှင့် စစ်ရင်းကောက်ယူကြောင်း၊ ယင်းစာရွက်တွင် မိဘ၊ မွေးသက္ကရာဇ်၊ ယခင် နေထိုင်သည့်နေရာ၊ ယခုနေထိုင်သည့်နေရာ၊ လူမျိုး၊ လက်မှတ်နှင့် မှုခင်းဆိုင်ရာ ထွက်ဆိုချက် စသည့်အချက်များပါဝင်ပြီး စစ်ဆေးသူလက်မှတ်၊ စစ်ဆေးခံသူလက်မှတ်နှင့် သက်သေ ၂-ယောက် လက်မှတ်ထိုးရန်ပါရှိကြောင်း၊ လူမျိုးဆိုသည့်နေရာတွင် ဒေသခံများက ရိုဟင်ဂျာဟုထည့်သော်လည်း ရိုဟင်ဂျာဟုထည့်လျှင် ဖမ်းမည်ဟုပြောဆိုခြိမ်းခြောက်ပြီး လ.၀.က မှ ဘင်္ဂါလီဟု ဇွတ် အတင်းထည့်နေကြောင်း၊ ထို့အတွက် ရိုဟင်ဂျာများမှ စိတ်ဒုက္ခများ ကြုံတွေ့ခံစားနေရကြောင်း၊ ယင်းကိစ္စများအား စစ်တွေခရိုင် လ.၀.က ဦးစီးမှူး ဦးအေးသန်းကိုယ်တိုင် လိုက်ပါပြီး လုပ်ဆောင်နေကြောင်း သိရသည်။

    ယခု စာရင်းကောက်ယူနေသည်မှာ ရခိုင်တွင် တကျော့ပြန်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာရသော မွတ်စလင်မ် ဒုက္ခသည်များအား စာရင်းကောက်ယူသည် မဟုတ်ဘဲ ယခင်ကတည်းက နေထိုင်ခဲ့သူများကိုသာ စာရင်းကောက်ယူခြင်း ဖြစ်ကြောင်းလည်း သိရပါသည်။

    ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း နိုင်ငံသားဟုတ်မဟုတ်ကို ခွဲခြားနိုင်ဖို့ ယခုလို ပေါက်တောမြို့ရှိ ကျေးရွာ(၅) ခုကို စတင်စစ်ဆေးနေတာဖြစ်ကြောင်းသိရပါတယ်။

    ရခိုင်ပြည်နယ် နေရာအနှံအပြားတွင် မွတ်စလင်အများစုနေထိုင်ရာ ကျေးရွာများမှာ အကြမ်းဖက်မိးရှို့ဖျက်ဆီးခံခဲ့ရပြီး အသက်မသေဘဲ ကျန်ရစ်တဲ့ မွတ်စလင်မ်အများစုမှာ အဝတ်တစ်ထည် ကိုယ်တခုဖြင့် ဒုက္ခသည် စခန်းများသို့ အသက်လု ထွက်ပြေးလာခဲ့ကြသူများဖြစ်ပါသည်။

  • ကန် ရွေးကောက်ပွဲ အိုဘားမား အောင်ပွဲခံ – ယခုလ ၁၉ ရက်တွင် မြန်မာပြည်လာမည်

    M-Media

    နိုဝင်ဘာ ၇ ၊ ၂၀၁၂

    AFP

    နောက်လေးနှစ်သက်တမ်းအတွက် အရွေးချယ်ခံရသည့် အမေရိကန်သမ္မတ ဘာရက် ဟူစိန် အိုဘာမားသည် ယခုလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု မြန်မာအစိုးရ တာဝန်ရှိသူတစ်ဦး က အေအက်ဖ်ပီ သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

    သို့သော် အိမ်ဖြူတော်ကမူ တစ်စုံတစ်ရာ အတည်ပြုခြင်းမရှိသေးပေ။ အတိုက်အခံပါတီ အန်အဲလ်ဒီမှ ဦးအုန်းကြိုင်ကမူ အိုဘားမားလာရောက်မည့်သတင်းကို ကြိုဆိုပါကြောင်း၊ ရွေးကောက်ပွဲတွင်ထပ်မံအနိုင်ရ ရှိခြင်းအတွက်လည်း ၀မ်းမြောက်ကြောင်း အေအက်ဖ်ပီသို့ပြောကြားသည်။

    “နှစ် ၅၀ ကျော်အတွင်း ဘယ်အမေရိကန်သမ္မတမှ မြန်မာနိုင်ငံကိုမလာဖူးဘူး ” ဟု ဦးအုန်းကြိုင် က ပြောကြားသည်။

    သမ္မတ အိုဘားမား၏ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံကို အလ်ဂျဇီးယားသတင်းမှ အောက်ပါအတိုင်း တင်ဆက်ထားပါသည်။

    http://www.youtube.com/watch?feature=player_embedded&v=ICqp4DYo9bY

  • ရမည်းသင်း၌ မွတ်စလင်မ်ပိုင် လ္ဘက်ရည်ဆိုင်များတွင် ရမ်းကားမှုဖြစ်ပွား

    ရမည်းသင်း၌ မွတ်စလင်မ်ပိုင် လ္ဘက်ရည်ဆိုင်များတွင် ရမ်းကားမှုဖြစ်ပွား

    နိုဝင်ဘာ ၇၊ ၂၀၁၂
    M-Media
    ဇာနည်

    ရမည်းသင်း၊။      ။နိုဝင်ဘာလာ ၇-ရက်နေ့ မနက်အစောကြီး ၂း၁၅-နာရီအချိန်ခန့်တွင် ရမည်းသင်းမြို့ပေါ်ရှိ မွတ်စလင်မ်ပိုင်လ္ဘက်ရည်ဆိုင်များတွင် ၀င်ရောက်စော်ကား ရမ်းကားမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ရမည်းသင်းမြို့ ရွှေစည်းခုံ ရပ်ကွက်ရှိ ရွှေဇီးပင် လ္ဘက်ရည်ဆိုင် နှင့် လက်ဆည်ကန်ရပ်ရှိ မီးအိမ်ရှင် လ္ဘက်ရည်ဆိုင်တို့ရှိ မီးချောင်းများကို ရိုက်ခွဲသွားကြောင်းသိရသည်။ ၀င်ရောက် ရမ်းကားသူများမှာ

    • ချစ်စမ်းမောင်
    • ကယားမောင်
    •  အငယ်ကောင် နှင့်
    • စောထွန်းအောင် တို့ဖြစ်ပြီး၊

    ထိုဖြစ်စဉ်အား ရဲစခန်းကို အကြောင်းကြားလိုက်သောကြောင့် သူတို့အား ရဲစခန်းမှဖမ်းဆီးထားပြီး တရားစွဲဆို သွားမည်ဖြစ်ကြောင်းသိရသည်။

    ရမည်းသင်းမြို့တွင် ပြီးခဲ့သည့် အောင်တိုဘာ လလယ်က ဘောလုံးပွဲတပွဲတွင်ဖြစ်ပွားသော ရန်ပွဲကို အကြောင်းပြုပြိး မွတ်စလင်အိမ်အချို့ ဖျက်ဆီးခြင်းခံခဲ့ရသည်။

  • နယ်စည်းမခြား ဆရာဝန်များ ရခိုင်တွင် ခြိမ်းခြောက်မှု့ခံနေရ

    နယ်စည်းမခြား ဆရာဝန်များ ရခိုင်တွင် ခြိမ်းခြောက်မှု့ခံနေရ

    နိုဝင်ဘာ၊ ၅ ၊ ၂၀၁၂

    M-Media

    Source: http://www.trust.org

    ဘန်ကောက် (AletNet) – ကျန်းမာရေး လူမှုဝန်ထမ်းအဖွဲ့ဖြစ်သည့် နယ်စည်းမခြား ဆေးပညာရှင်များအဖွဲ့ (MSF) က လူမျိုးရေး အစွန်းရောက်များသည် ၎င်းတို့၏ ဝန်ထမ်းများအား ခြိမ်းခြောက်ခြင်း၊ မြန်မာနိုင်ငံ အနောက်ပိုင်းတွင် နောက်ဆုံးဖြစ်ပွားခဲ့သည့် လူ ၈၉ သေပြီး (၃၅ ၀၀၀) အိုးမဲ့အိမ်မဲ့ဖြစ်စေသော အဓိကရုဏ်း၏ ဒုက္ခသည်များဆီသို့ မရောက်နိုင်အောင် တားဆီးခဲ့ကြသည် ဟုဆိုသည်။

    ဟော်လန် နိုင်ငံ အခြေစိုက် INGO တစ်ခုဖြစ်သော နယ်စည်းမခြား ဆရာဝန်များအဖွဲ့
    (AZG)က ရခိုင်ပြည်နယ် စစ်တွေမြို့ မိဇံရပ်ကွက်တွင် အသစ်ဖွင့်လှစ်မည့် ရှုခင်း သာ ဆေးခန်းကို ရခိုင်လူမျိုးများ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၉နာရီတွင် ကန့်ကွက်နေစဉ်။ (ဓါတ်ပုံ The Voice)

    ယခုတချိန် ထွက်ပြေးခဲ့ရသူများသည် ပြီးခဲ့တဲ့ ဇွန်လက ဖြစ်ပွားခဲ့သော ရခိုင် ဗုဒ္ဓဘာသာနှင့် မွတ်စလင်မ် ရိုဟင်ဂျာများ၏  နောက်ဆက်တွဲအဖြစ် ၎င်းတို့၏ အိမ်များကို စွန့်ခွာခဲ့ကြသော (၇၅ ၀၀၀) သော ဒုက္ခသည်များနှင့် အတူ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိကြသည်။

    ယခု ရခိုင်ဒေသရှိ ထွက်ပြေးခဲ့ရသူများ၏ အများစုမှာ မြန်မာနိုင်ငံမှ နိုင်ငံသားအဖြစ် အသိအမှတ်မပြုနိုင်ဟု ငြင်းပယ်ခြင်း ခံထားရသော ရိုဟင်ဂျာများ ဖြစ်သည်ဟု ကုလသမဂ္ဂ ကဆိုသည်။

    “လိုအပ်နေသူတွေဆီ ကျန်းမာရေးအကူအညီတွေ သွားတာကို တားဆီးတယ်၊ ခြိမ်းခြောက်တယ်ဆိုတာ တော်တော် အံ့သြဖို့ကောင်းတယ်။ အခုလူသောင်းပေါင်းများစွာဟာ သူတို့အရေးတကြီးလိုနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို မရဘဲ ဖြစ်နေတယ်” ဟု MSF ၏ Operations Manager ဂျိုးဗယ်လီဗျူး (Joe Belliveau) က ဆိုသည်။

    ရိုဟင်ဂျာများရော ရခိုင်များပါ ဒဏ်ရာအနာတရများ၊ အာဟာရချို့တဲ့မှုများ၊ ဝမ်းပျက်ဝမ်းလျောနှင့် ဖျားနာခြင်းများ အပါအဝင် အရေးတကြီး ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု Belliveau က ဆက်ပြောသည်။ ငှက်ဖျားရောဂါ၏ အဖြစ်အများဆုံး ရာသီသည်လည်း နီးကပ်လာပြီဖြစ်ကြောင်း သူက သတိလည်းပေးခဲ့သည်။

    Belliveau က ဒုက္ခသည်များဆီသို့ ရောက်ရှိရန် အခက်အခဲများနှင့် အာဏာပိုင်များထံမှ ခွင့်ပြုမိန့်များရရန် ခက်ခဲမှုများ ရှိခဲ့သော်လည်း ယခုအခါ အခြေအနေမှာ တိုးတက်လာပြီ ဖြစ်ကြောင်းလည်း ပြောခဲ့သည်။

    “ကျွန်တော်တို့ရဲ့ ပိုကြီးတဲ့ပြဿနာက တစ်ချို့နေရာတွေမှာ ခြိမ်းခြောက်တာတွေနဲ့ ရန်လိုတာတွေပါ။ ‘မင်းတို့ တခြားဖက်ကလူတွေကို ကုပေးလို့မရဘူး၊ ငါတို့ရန်သူကို ပေးမကုဘူး၊ ငါတို့ ဒီလိုလုပ်တာကို ခွင့်မပြုဘူး၊ ဒါဟာ မမှန်ဘူး’ လို့ တစ်ချို့တွေပြောကြတယ်” ဟု AlertNet နှင့် ဖုန်းအင်တာဗျူး တစ်ခုတွင် သူကပြောသည်။

    Belliveau ၏ အဆိုအရ နိုင်ငံတကာ ကျန်းမာရေး ကျင့်ဝတ်များအရ လုပ်ဆောင်ရသော MSF ဒေါက်တာများနှင့် သူနာပြုများသည် ကြောက်ရွံ့မှုကြောင့် အလုပ်လုပ်ချင်စိတ် မရှိတော့ကြောင်းလည်း သိရှိရသည်။

    သူက ခြိမ်းခြောက်ရန်လိုမှုတွေဟာ ရခိုင်များဘက်မှ အဓိကလာခြင်းဖြစ်ပြီး ပုံစံမျိုးစုံ ခြိမ်းခြောက်ရန်လိုမှုများဖြစ်သည် ဟုဆိုသည်။

    “ကျွန်တော်တို့ဟာ ရိုဟင်ဂျာတွေကို ပိုပြီးထောက်ခံအားပေးနေတယ်ဆိုပြီး စွပ်စွဲခြင်းခံနေရတယ်။ တကယ်တော့ ကျွန်တော်တို့လုပ်တာက လိုအပ်ချက် အရှိဆုံးနေရာတွေကို ဒီတိုင်းသွားတာပဲ” ဟု Belliveau ကဆိုသည်။

    MSF က လုပ်ငန်းတွေထဲက ကမ္ဘာပေါ်မှာ အကြီးဆုံးထဲက တစ်ခုဖြစ်တဲ့ ရခိုင်ဒေသမှ လုပ်ငန်းဆောင်တာတွေမှာ လူမျိုးပေါင်းစုံ၊ ဘာသာအားလုံးသော လူနာတွေကို ကုသပေးခဲ့ကြောင်း MSF က ပြောပါတယ်။

    “ပြီးခဲ့တဲ့ ၁၈ နှစ်တာ ကာလမှာ ထောင်ပေါင်းများစွာသော ရခိုင်က လူမျိုးပေါင်းစုံကို ကျွန်တော်တို့ကုသပေးခဲ့တယ်။ အထူးသဖြင့် ငှက်ဖျားနဲ့ HIV/AIDS ရောဂါတွေကို ကုသပေးခဲ့တယ်။ အဲလိုကုသပေးတာ တောင်မှ ကျွန်တော်တို့ အုပ်စု တစ်ခုကို ပိုပြီးတော့ မျက်နှာသာပေးတယ်လို့ စွပ်စွဲနေတာတွေ ရှိနေတယ်” လို့ Belliveau က ထပ်ပြောသည်။

    သူက MSF ဟာ မြန်မာနိုင်ငံ အစိုးရရဲ့ ပြန့်ကျဲနေတဲ့ ဆေးခန်းတွေကို ထောက်ပံ့ဖို့ အများကြီးလုပ်နိုင်ပါတယ် ဒါပေမယ့် “ ပိုသည်းခံဖို့နဲ့ ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ဖို့ လိုပါတယ်” လို့ ဆိုပါတယ်။

    ရေရှည် စောင့်ရှောက်မှု လုပ်ငန်းတွေလည်း ထိခိုက်ခဲ့

    အာရှရဲ့ လူမျိုးကွဲ အများဆုံးရှိတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာအများစု အစိုးရဟာ စုစည်းညီညွတ်ခြင်းအား ကတိကဝတ်ပြုထားပေမယ့် ခန့်မှန်း ၈၀၀ ၀၀၀ လောက်ရှိသော နိုင်ငံတွင်းရှိ ရိုဟင်ဂျာများအား အိမ်နီးနားချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ တရားမဝင် ခိုးဝင်လာသူများအဖြစ် သတ်မှတ်ထားပါသည်။

    ဘင်္ဂလားနိုင်ငံကလည်း သူတို့ကို အသိအမှတ်မပြုပါ။ ၎င်းတို့ဟာ တရားဝင် နိုင်ငံမဲ့များဖြစ်ပြီး ကုလသမဂ္ဂက “အဖော်မဲ့သူများ” ဟု ခိုင်းနှိုင်းသုံးနှုန်းသည်။

    တီဗွီနှင့် မွေးရာပါ ရောဂါများအား ရခိုင်ဒေသတွင်း ကုသပေးနေသော MSF သည် လူ ၈၀ သေဆုံးခဲ့သော ဇွန်လ အဓိကရုဏ်းအပြီး ပိတ်ပင်ထားသည့် ရခိုင်မြောက်ပိုင်းဒေသ၏ ရေရှည် ကျန်းမာရေး အစီအစဉ်များကိုလည်း စိတ်ဝင်စားမှုရှိကြောင်း ဆိုသည်။

    Belliveau ၏အဆိုအရ ထွက်ပြေးခဲ့ရသူများ မဟုတ်သော်လည်း အဓိကရုဏ်းကြောင့် သွားလာခွင့်ပိတ်ပင်ခြင်း ခံထားရသူ ရာကျော် (သို့) ထောင်ကျော်ဟာလည်း ကျန်းမာရေးစောင့်ရှောက်မှုများကို လနှင့်ချီပြီး မရကြောင်းလည်း သိရသည်။

    ကုလသမဂ္ဂ၏ အောက်တိုဘာ ၂၈ ရက်နေ့ထုတ် အခြေအနေ အစီအရင်ခံစာမှာ ကုလသမဂ္ဂနှင့် လူမှုရေးအသင်း အဖွဲ့များအား ဆန်ကျင်မုန်းတီးရေး များအား ရခိုင်ဒေသတွင်းရှိ အချို့သူတွေက အားပေးအားမြှောက်ပြုနေကြတယ် ဟုဖော်ပြထားသည်။

    “လမ်းကမ်းစာစောင်များ ဝေပြီး လူသားချင်းစာနာသော အဖွဲ့အစည်းတစ်ခုလုံးအား ဆန့်ကျင်မုန်းတီးရေး ဝါဒဖြန့်နေကြသည်”  ဟု အစီအရင်ခံစာက ဆိုပြီး တစ်ချို့သော အဖွဲ့အစည်းတွေအား ၎င်းတို့၏ လုပ်ငန်းဆောင်တာတွေဟာ ဘက်လိုက်တယ်လို့ ပြောခြင်းခံနေပါသည် ဟုလည်း ဆက်လက်ဖော်ပြထားသည်။

    “ရလဒ်အားဖြင့် အချို့အခြေအနေလေ့လာရေး အဖွဲ့များအား ထွက်ပြေးခဲ့ရသူများရှိနေရာသို့ မရောက်နိုင်ရန်တားဆီးခြင်း၊ ဒုက္ခသည်ထောက်ပံ့ရေးများအား ငြင်းပယ်ခြင်းများကို အစိုးရဝန်ထမ်းများအပါအဝင် ပြုလုပ်ခဲ့ကြသည်” ဟု အစီအရင်ခံစာက ဆိုသည်။

    ပြီးခဲ့သော အပတ်က ဆန္ဒပြမှုတွေကြောင့် MSF ၏ ရခိုင်ပြည်နယ်မြို့တော်ဖြစ်တဲ့ စစ်တွေ၌ ဆေးခန်းသစ် ဖွင့်လှစ်ခြင်း အစီအစဉ်အား ရွေ့ဆိုင်းခဲ့ရသည်။

    “လူနည်းစု တစ်အုပ်စုက MSF ကဲ့သို့သော အဖွဲ့အစည်းတွေဟာ ရိုဟင်ဂျာတွေကို အထောက်အပံ့ တော်တော်များများ ပေးပြီးတော့ သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို တနည်းနည်းနဲ့ ဖြည့်ဆည်းပေးနေတယ်လို့ အခိုင်အမာပြောဆိုနေကြတယ်” လို့ Belliveau က ပြောသည်။

    “ပြဿနာက ကျွန်တော်တို့ရဲ့ ရှေ့ပြေးဝန်ထမ်းတွေဟာ တစ်ခါတစ်လေ တိုက်ရိုက် ခြိမ်းခြောက် ရန်လိုမှုတွေနဲ့ တွေ့ကြုံနေရပြီး တော်တော်လေး ကြောက်လန့် တုန်လှုပ်နေကြပါတယ်” လို့ ဆိုပါသည်။

    http://www.trust.org/alertnet/news/msf-says-staff-threatened-in-western-myanmar/ မှာ သတင်း ကို M-Media မှ ဆီလျော်အောင် မြန်မာလိုဘာသာပြန်ပါသည်။