News @ M-Media

Blog

  • မိတ္ထီလာ အစ္စလာမ့်စာသင်ကျောင်း ပိတ်ခံရသည့် ကိစ္စ သမ္မတ ထံ အသနားခံစာပို့ထား

    မိတ္ထီလာ အစ္စလာမ့်စာသင်ကျောင်း ပိတ်ခံရသည့် ကိစ္စ သမ္မတ ထံ အသနားခံစာပို့ထား

    နိုဝင်ဘာ ၆၊ ၂၀၁၂

    M-Media
    သတင်း – ထွန်းတောက်

    မနေ့က မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ့် ပရိယတ္တိစာသင်ကျောင်း ဆိုင်းဘုတ်ဖြုတ်ခိုင်းတာနဲ့ပတ်သက်ပြီး ဂေါပကအဖွဲ့ကို ခရိုင်ထွေအုပ်ရုံးက ဒီနေ့ ခေါ်ပါတယ်။  တွေ့တဲ့အချိန်မှာ ထွေအုပ်က “အခုအချိန်မှာ ခွင့်ပြုချက်မရတာကို မလုပ်ဖို့”ဆိုပြီး ပြောပါတယ်။

    တဆက်တည်းမှာပဲ “ရခိုင်မှာဖြစ်နေတာတွေသိတယ်မဟုတ်လား။ ဒုတိယ ရခိုင်ဖြစ်သွားမယ်”လို့ ခြိမ်းခြောက်ခဲ့ကြောင်းလည်း ကြားသိရပါတယ်။ အဆိုပါ ခေါ်ယူတွေ့ဆုံမှုသို့ ပရိယတ္တိစာသင်ကျောင်းမှ ဂေါပကအဖွဲ့ဝင် (၁၂)ယောက် သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

    မိတ္ထီလာမြို့ အစ္စလာမ့်  ပရိယတ္တိစာသင်ကျောင်း ဆိုင်းဘုတ်ကို ဂေါပကအဖွဲ့ဝင်များက ဖြုတ်ချပေးထားလိုက်တယ်လို့လည်း သိရပါတယ်။

    မိတ္တီလာမြို့ ပြည်သာယာရပ်ကွက်တွင်ရှိသော အစ္စလာမ့်ဝတ်ပြုဆောင်ရှိ အစ္စလာမ့် ပရိယတ္တိအခြေခံနှင့် ယဉ်ကျေးမှု သင်တန်းကျောင်းအား လွန်ခဲ့သော (၁၁)ရက်ခန့်က စည်ပင်သာယာနှင့် သာသနာရေး ဦးစီးဌာနတို့မှ အစ္စလာမ့်ဘာသာရေး သင်တန်းကျောင်း ဂေါပကအဖွဲ့သို့ စာတစ်စောင်စီပို့၍ ပိတ်သိမ်းခိုင်းခဲ့ခြင်းဖြစ်သည်။

    ယင်းကျောင်းတည်ရှိသည်မှာ အနှစ်(၂၀)ခန့်ရှိပြီး နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့ထဲသို့ ကျောင်းသားမိဘများမှ  အသနားခံစာ ပေးပို့ထားကြောင်းသိရပါသည်။

  • ဦးရာရှစ် တိုင်းပြည်ပေါ် သစ္စာရှိခြင်းမှာ အစ္စလာမ်ကြောင့်ဖြစ်သည်ဟု ဓမ္မကထိက ဦးအေးလွင် ပြော

    ဦးရာရှစ် တိုင်းပြည်ပေါ် သစ္စာရှိခြင်းမှာ အစ္စလာမ်ကြောင့်ဖြစ်သည်ဟု ဓမ္မကထိက ဦးအေးလွင် ပြော

    နိုဝင်ဘာ၊ ၅ ၊ ၂၀၁၂

    M-Media

    သတင်း- နေသစ်ထွန်း

    NLD နာယကကြီး ဦးဝင်းတင်၏ဘေးတွင် ထိုင်နေသူမှာ ဓမ္မကထိက ဦးအေးလွင် ဖြစ်ပါသည်။

    အစ္စလာမ် သွန်သင်ချက်များ လိုက်နာမှုကြောင့် သာ ဦးရာရှစ် တိုင်းပြည်အပေါ် သစ္စာစောင့်သိ ရခြင်း ဖြစ်သည် ဟု အစ္စလာမ် ဓမ္မဗိမာန် မှ ဦးဆောင်ဆော်သြရေးမှူး ဦးအေးလွင်က ဦးရာရှစ် ရာပြည့် အခမ်းအနားတွင် ပြောကြားသွားသည်။ ၄င်းက ကုရ်အာန်နှင့် ဟာဒီးဆ်များ အနက် သွန်သင်ချက် ၃ခုဖြင့် ဦးရာရှစ် ၏ အရည်အချင်းကို နှိုင်းယှဉ်တင်ပြသွားခဲ့သည်။

    ပထမ သွန်သင်ချက် ဖြစ်သည့်  ကိုယ်ကျင့်သိက္ခာနှင့် လူသားဝါဒ ကို ကုရ်အာန်က သွန်သင်ပုံကို ဤသို့ပြောကြားခဲ့သည်။

    “ ကျမ်းတော်မြတ်ကုရ်အာန်မှာ လူသားအားလုံးတို့သည် ၀ိဥာဏ်တစ်ခုတည်းမှ ဖြစ်လာ၏ ။ အဲဒီ လူသား ဘယ်သူ မြတ်သလဲ ဆိုတာ တိုင်းထွာဖို့အတွက် Human Value အတွက် Criteria စံသည်  တက္က၀ါ လို့ခေါ်တဲ့ သီလ သမာဓိ ပညာဆိုသော သိက္ခာတရား သာလျှင် ဖြစ်ပါတယ် သူခန္ဓာကိုယ်ထဲမှာ စီးနေသော သွေးတွေ သူရဲ့ မျိုးရိုး ဇာတိတွေ ၊ ဗီဇတွေ နဲ့ မပတ်သက်ပါဘူး။ လူသားရဲ့ တန်ဖိုးကို ဆုံးဖြတ်မှာက ကိုယ်ကျင့် သိက္ခာ သာလျှင်ဖြစ်ပါတယ်။ ဇာတိ ဂုဏ်မာနတွေ မောက်နေတဲ့ အာရဗ်တွေ ကို တိုက်ရိုက် ကိုယ်တော်မြတ်က မိန့်ပါတယ်။ ဟေ့ အာရဗ်တွေ မင်းတို့ထက် အာရဗ်မဟုတ်သူတွေ မနိမ့်ကျဘူးနော်၊ ဟေ့ လူဖြူတွေ လူမည်းတွေဟာ မင်းတို့ထက် မနိမ့်ကျဘူးနော်။ လူရဲ့ တန်ဖိုးကို ကိုယ်ကျင့်သိက္ခာနဲ့ သာလျှင် ဆုံးဖြတ်မှာက ကိုယ်ကျင့်သိက္ခာသာဖြစ်ပါတယ်။ လူသားဝါဒကို ဘယ်လို တင်ပြသွားလဲ ဆိုတော့ မင်းတို့ မှတ်ထားကြ။ လူသားအားလုံး ဟာ အိမ်ထောင်စု တစ်စုတည်း။ မင်းတို့ အဖေဟာ တစ်ယောက်တည်း၊ ဒါပေမယ့် မင်းတို့ အဖေဟာ ပထ၀ီ မြေရုပ်နဲ့ လုပ်ထားတယ် ဆိုတာ မင်းတို့ မမေ့ကြနဲ့ ။

    ဒုတိယ သွန်သင်ချက် ဖြစ်သည့် ဘာသာတရားများ ချစ်ကြည်ရေးနှင့် ပတ်သက်၍ အစ္စလာမ့်ယုံကြည်ချက် ကို ဦးအေးလွင်က ဤသို့ ပြောကြားသွားသည်။

    “ အစ္စလာမ်ဟာ ဘာသာပေါင်းစုံချစ်ကြည်ရေး ကို လောက၀တ်အရ လုပ်နေကြတာမဟုတ်ဘူး။ ပွင့်လေပြီးသမျှသော လာချင်းကောင်းတော်မူသော မဟာလူသား ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် အဆူဆူကိုလက်မခံရင်မွတ်စလင် မဟုတ်ပါဘူး။ ၂၅ ပါးသော ပုဂ္ဂိုလ်ကို ကုရ်အာန်က အမည် နာမနဲ့ ဖေါ်ထားပါတယ်။ ခေတ်တိုင်းခေတ်တိုင်းနေရာတိုင်းမှာ ဒီပုဂိုလ် တွေပွင့်ခဲ့တယ်။တစ်ပါးကိုမှ ချန်ပြီးမယုံကြည်ပဲထားရင် သာသနာအပကိုရောက်သွားမယ်။ တစ်ပါးကိုမျှ ချန်ထားလို့ မရဘူး။ ၂၅ပါးကို ကုရ်အာန်ထဲမှာပါတယ်။ ကျန်တဲ့
    ပုဂိုလ်များက ခေတ်တိုင်း လူမျိုးတိုင်းမှာ ပွင့်ခဲ့တဲ့ မဟာလူသား ပုဂိုလ်ထူးတိုင်းကို လက်ခံရမှာဖြစ်ပါတယ်။ ”

    တတိယ သွန်သင်ချက် ဖြစ်သည့် နိုင်ငံချစ်စိတ် နှင့် ပတ်သက်၍ ဦးရာရှစ် ရာပြည့်အခမ်းအနားတွင် ဤသို့ ပြောကြားခဲ့သည်။
    “မိမိ၏ တိုင်းပြည်ကို ချစ်ခြင်းသည် ယုံကြည်မှု သဒါ တရားရဲ့ ထက်ဝက်ဖြစ်၏ ။ ဒီလို မိန့်မှာ ထားပါတယ်။ ဦးရှာရှစ် ဟာ အိန္ဒိယနိုင်ငံသား အစ္စလာမ်ဘာသာကိုးကွယ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် အောင်ဆန်း က ပြော တယ်။ သွေးတူတာထက် စိတ်တူတာ ပိုအရေးကြီးတယ်တဲ့။ နှလုံးသားရဲ့ သဏ္ဍာန်မှာ မတူညီမှုတွေရှိနေရင် ဘယ်တော့မှ ပေါင်းစည်းလို့ရမှာ မဟုတ်ဘူး။ နှလုံးသားရဲ့ တူညီမှု ဟာ အေးအတူ ပူအမျှ လက်ရည်တပြင် တည်း ၊ နေထိုင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ဟာ ဒီနိုင်ငံသည် တို့နိုင်ငံ ၊ ဒီနိုင်ငံသည် တို့ရဲ့ ကျေးဇူးသစ္စာစောင့် သိရမယ့် အရပ်ဒေသလို့ ခံယူထားခဲ့တဲ့ ဦးရာရှစ်ဟာ ကျမ်းမြတ်ကုရ်အာန်ရဲ့ နောက်ထပ် အဆုံးအမတစ်ခုက   ကမ္ဘာမြေကို အလှဆင်မှ အလ္လဟ်ချစ်မယ် တဲ့ ။ ကမ္ဘာမြေမှာ အဖျက်အမှောက်လုပ်ငန်း တွေ ဘယ်တော့မှ မလုပ်စေနဲ့ ”

    နေသစ်ထွန်း

  • ရိုဟင်ဂျာ အက်သနစ် ဟုတ် မဟုတ်

    ရိုဟင်ဂျာ အက်သနစ် ဟုတ် မဟုတ်

    နိုဝင်ဘာ၊ ၆ ။ ၂၀၁၂

    ဧရာဝတီ မှကူးယူဖော်ပြပါသည်။

    စစ်တွေမြို့ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ မွတ်စလင် ဒုက္ခသည်များ (ဓာတ်ပုံ- Reuters)

    ရိုဟင်ဂျာ ဆိုတဲ့ ပြသနာရဲ့  အရင်းအမြစ်ဟာ အက်သနစ် (Ethnic) ကို တိုင်းရင်းသားလို့ ဘာသာပြန်ဆို (သို့မဟုတ်) နားလည်သဘောပေါက် တာက စတယ်လို့ မြင်ပါတယ်။ အက်သနစ် ကို မြန်မာလို တိုင်းရင်းသား လို့ ဘာသာပြန်ဆိုလိုက်တာနဲ့ အော်တိုမစ်တစ်  တွဲပါလာတာက မူရင်းဌာနေလူမျိုး ဆိုတဲ့ အဓိပ္ဗါယ် ပါပဲ။ မူရင်းဌာနေလူမျိုးဆိုတာကတော့ Native (or) Indigenous ပါပဲ။ အမှန်က အက်သနစ် နဲ့ မူရင်း ဌာနေလူမျိုးဆိုတာကွာပါတယ်။ ဒီ ၂ ခုကို ၁ ခုတည်း အနေနဲ့  တိုင်းရင်းသား ဆိုပြီး ပြန်ဆိုလိုက်တဲ့နေရာမှာ ရောထွေးပြီး ရိုဟင်ဂျာ အက် သနစ် ဟုတ်မဟုတ်ကနေ  မြန်မာပြည်ရဲ့  လူမျိုး ဟုတ်မဟုတ်၊ တိုင်းပြည်ရဲ့  အရင်း ဟုတ်မဟုတ်၊ ရိုဟင်ဂျာဆိုတဲ့ နာမည်ရှိမရှိ ဆိုတာတွေဖြစ်လာပါတယ်။

    ဒီ concepts တွေကို အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်

    (၁) အက်သနစ် ဆိုတာ လူစု (Cultural group) ပါပဲ။ လူတစုမှာ ဘာသာ၊ စကား၊ စသဖြင့် အုပ်စုတစ်ခု ရဲ့ သွင်ပြင်လက္ခာတွေရှိမယ်၊ လူအစုအဝေး အနေနဲ့ ပြစရာရှိမယ်ဆိုရင် သူဟာ အက်သနစ် (သို့ ) ကာချရာဂရုပါပဲ။ အက်သနစ် သွင်ပြင်လက္ခဏာဟာ တသက်လုံး တည်ငြိမ်မှုမ ရှိနိုင်ပါဘူး။ သူ့ သဘောသဘာဝအရ စီးပွားရေး၊ နိုင်ငံရေး၊ စသဖြင့် လိုအပ်ချက်ပေါ်မူတည်ပြီး အက်သနစ်သွင်ပြင်တွေ ကို ပြောင်း လဲခြင်း၊ ပြင်ခြင်းခြင်း၊ အသစ်သွင်းခြင်း၊ ထုတ်ပြစ်ခြင်း စသဖြင့်လုပ်လေ့ရှိပါတယ်။ မြန်မာပြည်က ကချင်လူမျိုးတွေ အကြောင်း လေ့လာတဲ့ Edmond Leach က ၁၉၅၀ လောက်ကတည်းက ဒီအချက်ကို ထောက်ပြထားပါတယ်။ ချင်းနဲ့  ကယားလူမျိုးတွေအကြောင်းလေ့လာတဲ့ Dr. FK Lehman (aka) Chit Hlaing ကလည်း ၁၉၇၀ လောက်ကတည်းက ဒီလိုပဲဆိုပါတယ်။ အက်သနစ်နဲ့ပတ်သက်ပြီး လေ့လာသူတိုင်း ဒီအချက်ကို နားလည်ပါတယ်။

    ဥပမာ အက်သနစ် နာမည်ဖြစ်တဲ့ ရှမ်း (သို့ ) သျှမ်း ဆိုတာ အရင်က မရှိခဲ့ပါဘူး။ ရှမ်းတွေက အခုထက်ထိ သူတို့ ကိုယ်သူတို့  တိုင်း (Tai) လို့ ခေါ်ပါတယ်။ ရှမ်းပြည်ကို မုံးတိုင်း လို့ ခေါ်ပါတယ်။ ကိုလိုနီ ခေတ်ပတ်ဝန်းကျင်တုန်းက ရှမ်းတွေနဲ့ လူမျိုချင်းနီးစပ်တဲ့ တိုင်းလူမျိုးတွေနေထိုင်တဲ့ စယမ် (Siam) – ယခု ထိုင်းနိုင်ငံ – ကို အခြေပြုပြီး စယမ် – စယမ် ဆိုရာကနေ တဖြည်းဖြည်းပြောင်းလဲလာပြီး Shan/သျှမ်း ဆိုတာဖြစ်လာတာပါ။ ပတ်ကညောကနေ ကရင်၊ ကယားလီကနေ ကယားကနေ အခု ကရင်နီ (Karenni)၊ ဂျိမ်းဖော်အုပ်စုတစုက အစချီပြီး ကချင် စတဲ့ နာမည်တွေ ဖြစ်လာပါတယ်။ ဘာသာစကားဆိုရင်လည်း အရင်က ကရင်နီစာပေမရှိခဲ့ပေမဲ့ အခု ကရင်နီဘာသာစာပေအသစ်ကို ဒီနှစ်ဆန်းပိုင်းက ကွယ်လွန်သွားတဲ့ ကရင်နီ ခေါင်းဆောင်ဟောင်း ထယ်ဗူးဖဲ က တီထွင်ခဲ့တာပါ (May his soul rest in peace)။

    (၂) အက်သနစ်ဆိုတာ မူရင်းဌာနေလူမျိုး နဲ့ ကွာပါတယ်။ ကနေဒါလိုနိုင်ငံမျိုးမှာ Red Indian (ကျနော်တို့ ငယ်ငယ်တုန်းကအ တန်း ကျောင်းတွေမှာ သင်ရတဲ့ အက်စကီးမိုး) တွေဟာ နေ့ တစ်ဖ် တွေဖြစ်ပါတယ်။ သူတို့ ဟာ နှစ်ထောင်ပေါင်းများစွာကတည်းက ကနေဒါမှာ နေနေတဲ့လူတွေဖြစ်တဲ့အတွက် အင်ဒီးဂျီးနက်စ် (သို့ ) နေ့တစ်ဖ် လို့ ခေါ်တဲ့ မူရင်းဌာနေလူမျိုးဖြစ်ပါတယ်။ နောက်မှ ၀င်ရောက်လာတဲ့ ဗီယက်နမ်တို့ ၊ မြန်မာတို့ ကို ကနေဒါမှာ အက်သနစ် တွေလို့ ခေါ်ပါတယ်။ ဒါကြောင့် Ethnic Communities of Canada ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အိုင်းရစ်တွေ၊ တရုတ်တွေ၊ ဗီယက်နမ်တွေ၊ မြန်မာတွေလည်း ပါတာပါ။ ဥပမာအနေနဲ့  ဒီကနေဒါအစိုးရ လင့်ခ်ကို ၀င်ကြည့်ပါ။ http://www.statcan.gc.ca/bsolc/olc-cel/olc-cel?catno=89-621-X&CHROPG=1&lang=eng

    ဒီလင့်ခ်မှာ ဖော်ပြထားတဲ့ ကိုးရီးယား၊ ဗီယက်နန် စတဲ့ လူစုတွေက မုရင်းဌာနေလူမျိုးတွေမဟုတ်၊ အက်သနစ်တွေဖြစ်ပြီး နိုင်ငံသားစည်း ကမ်းနဲ့ ညီရင် နိုင်ငံသားဖြစ်ခွင့်ရှိပြီး နိုင်ငံသားအခွင့် အရေး အပြည့်အ၀ရကြသလို နိုင်ငံအပေါ်ထားရှိရမဲ့ တာဝန်ဝတ္ထရားကို လည်း ကျေပွန်ရပါမယ်။

    ဒါကြောင့် အက်သနစ် သို့  ယဉ်ကျေးမှုအုပ်စု (Cultural group) လို့ ပြောတိုင်း အဲ့ဒီအုပ်စုတွေဟာ ကနေဒါမှာ နှစ်ပေါင်း ရာ ထောင်ချီကတည်းကရှိတဲ့ အင်တီးဂျီးနက်စ်တွေလို့ ယူဆစရာမလိုပါ။

    အချုပ်အားဖြင့်ပြောရရင်
    – အက်သနစ် (Ethnic) ဆိုတာ လူစုတစု (Cultural group) ပဲဖြစ်ပြီး မူရင်းဌာနေလူမျိုး (Native သို့ Indigenous) နဲ့ ကွာပါတယ်။
    – သျှမ်း၊ ကချင်၊ ကရင် စတဲ့ နာမည်တွေဟာ အသစ် အသစ်တွေချည်းဖြစ်ပါတယ်။ ဘာသာစကားနဲ့  သွင်ပြင်လက္ခဏာတချို့ တွေက လည်း ပြောင်းလဲ၊ တီထွင်၊ လျစ်လျူရှု စသဖြင့် ရှိတတ်ပါတယ်။

    ဒါကြောင့်
    – ရိုဟင်ဂျာဆိုတာ အက်သနစ်ဟုတ်ပါသလားဆိုရင် ဟုတ်ပါတယ်။ သွင်ပြင်လက္ခဏာ၊ လူစုလူဝေးရှိလို့ ။
    – ရိုဟင်ဂျာဆိုတဲ့ နာမည် ရှိလို့ ရပါ့မလားဆိုရင် ရှိနိုင် ရနိုင်ပါတယ်။ တခြား လူမျိုးနာမည်လည်း တီထွင်ပြောင်းလဲခဲ့ကြတာပါပဲ။
    – ရိုဟင်ဂျာတွေ နိုင်ငံသားနဲ့ နိုင်ငံသားအခွင့်အရေး ပေးသင့်သလားဆိုရင် စည်းကမ်းနဲ့ ညီရင် ပေးသင့်ပါတယ်။ တိုင်းပြည်အပေါ် သစ္စာလည်းရှိ၊ နိုင်ငံသားဝတ္ထရားလည်း ထမ်းဆောင်ဖို့ လိုပါတယ်။
    – ရိုဟင်ဂျာတွေဟာ မူရင်းဌာနေလူမျိုးတွေဟုတ်သလားဆိုရင်တော့ ဒီအချက်က ဆွေးနွေးစရာပါ။ အခု ဆွေးနွေးမယ် ဆိုရင်  ဆွေးနွေးရမှာက ရိုဟင်ဂျာ နာမည် ရှိမရှိမဟုတ်ပါ၊ ရိုဟင်ဂျာ အက်သနစ်ဟုတ်မဟုတ်ပါ။ မူရင်းဌာနေလူမျိုးဟုတ်မဟုတ် ဆိုတာပဲဖြစ်ပါတယ်။

    စာရေးသူသည် ကနေဒါနိုင်ငံ Simon Fraser တက္ကသိုလ်တွင် ပါရဂူဘွဲ့ယူစာတမ်း ပြုစုနေသူ ဖြစ်သည်။

  • စုံစမ်းရေးကော်မရှင် အစီရင်ခံစာတင်ချိန် ရွှေ့ဆိုင်း၊ မွတ်စလင် အဖွဲ့ဝင် ၂ ဦး ထုတ်ပယ်ခံရ

    စုံစမ်းရေးကော်မရှင် အစီရင်ခံစာတင်ချိန် ရွှေ့ဆိုင်း၊ မွတ်စလင် အဖွဲ့ဝင် ၂ ဦး ထုတ်ပယ်ခံရ

    နိုဝင်ဘာ၊ ၅ ၊ ၂၀၁၂

    ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းရရှိမှုများကို သမ္မတထံ အစီရင်ခံရန် နိုဝင်ဘာ ၁၆ ရက်နေ့ဟု သတ်မှတ်ထားခဲ့သော်လည်း ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်သို့ တိုးမြှင့်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း အဖွဲ့ဝင် တဦးဖြစ်သူ ဦးသူရ (ခေါ်) ဇာဂနာ က ပြော ဆို လိုက်သည်။

    ထို့ပြင် ကော်မတီဝင်နှစ်ဦးဖြစ်သည့် အစ္စလာမ်သာသနာရေးရာ ကောင်စီ ဌာနချုပ်မှ ဥက္ကဋ္ဌ ဟာဂျီ ဦးညွန့်မောင်သျှိန်နှင့် အတွင်းရေးမှူး ဟာဂျီ ဦးတင်မောင်သန်း တို့အားလည်း တာဝန်မှ ရပ်စဲလိုက်ကြောင်း သိရှိရသည်။

    နိုဝင်ဘာ ၅ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်း Peace Center တွင် ပြုလုပ်သော အစည်းဝေးအပြီး မီဒီယာ များကို ဦးသူရ က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

    “အခုက တခါမှ မဖြစ်သေးတဲ့ ကျောက်ဖြူလို နေရာမျိုးမှာလည်း ထပ်ဖြစ်တော့ အစီရင်ခံစာကို အနည်းငယ်
    နှောင့်နှေးရတာပါ” ဟု လေးလကျော်ကြာ အစီရင်ခံစာ နှောင်နှေးရမှုကို ဦးသူရ က ရှင်းပြသည်။

    သို့သော် ကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် သြဂုတ်လမှ နိုဝင်ဘာလ ၁၆ ရက်နေ့အတွင်း စုံစမ်းရရှိသမျှကိုမူ ကြားဖြတ် အစီရင်ခံအဖြစ် သမ္မတထံ တင်သွင်းနိုင်မည်ဟုလည်း သိရှိရသည်။

    အဖွဲ့ဝင်နှစ်ဦးဖြစ်သော အစ္စလာမ်သာသနာရေးရာ ကောင်စီ ဌာနချုပ်မှ ဟာဂျီ နှစ်ဦးတို့အား သမ္မတရုံး အမိန့်ဖြင့် အဖွဲ့ဝင်အဖြစ်မှ နိုဝင်ဘာလ ၁ ရက်နေ့က ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

    “ကျနော်တို့ ဒီအဖွဲ့ကိုယ်တိုင်က သမ္မတကြီးက ဖွဲ့စည်းပေးထားတဲ့အဖွဲ့ ဖြစ်တယ်။ ကျနော်တို့ တွေ ရဲ့ ကော် မရှင် တာဝန်က ရပ်စဲခြင်းက သမ္မတရုံးကနေ ကျနော်တို့ကို အကြောင်းကြားတာ။ ဘာ့ကြောင့် ဆိုတာ ကို ကျနော်တို့ ကိုယ်တိုင်လည်း မသိရသေးဘူး။ ကျနော်တို့လည်း သိချင်နေတယ်” ဟု ဦးသူရ က ပြောသည်။

    သို့သော် စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်ကမူ “အဓိကကတော့ ဘာကြောင့် ဘယ်လိုဆိုတာထက် သူတို့နှစ်ယောက်အနေနဲ့က ဒီကော်မရှင်ထဲမှာပါပေမယ့် သူတို့ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းနဲ့ သူတို့ လုပ်နေတာနဲ့က သိပ်ကိုက်ညီမှု မရှိတဲ့အတွက်ကြောင့်လို့ ကျနော်တို့လည်း အဲလောက်ပဲ သိထားတယ်” ဟု မီဒီယာများကို ပြောဆိုသွားသည်။

    ထိုသို့ သြဂုတ်လ ၁၇ ရက်နေ့ သမ္မတရုံး ထုတ်ပြန်ကြေညာချက်ဖြင့် ဖွဲ့စည်းပေးလိုက်သော အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်း စစ်ဆေးရေး ကော်မရှင်တွင် အစ္စလာမ်သာသနာရေး ဆိုင်ရာ ကောင်စီဌာနချုပ်မှ ကိုယ်စား လှယ်များ မပါဝင်တော့ဘဲ အခြားမူဆလင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အခြားကိုယ်စား လှယ် များ စုစုပေါင်း ၂၅ ဦးသာ ကျန်ရှိတော့သည်။

    ထိုသို့ ကော်မရှင်အဖွဲ့ဝင်နှစ်ဦးအား ရပ်စဲလိုက်ခြင်းနှင့်ပတ်သက်၍ သမ္မတရုံး ဝက်ဆိုက်နှင့် နိုင်ငံပိုင် သတင်း စာများ တွင် ယနေ့ချိန်ထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

    ရခိုင်ပြည်နယ်တွင် အောက်တိုဘာလ မကုန်မီက အကြမ်းဖက်မှုများ ဒုတိယအကြိမ် ဖြစ်ပွားမှုများအား သွားရောက် စုံစမ်းရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းထားသော်လည်း လုံခြုံရေး အခြေအနေအရ သွားရောက်ခွင့် မရသေးကြောင်း သိရှိရသည်။

    ထိုကော်မရှင်အနေနှင့် ရခိုင်ပြည်တွင် ရုံးဖွင့်အခြေစိုက် စုံစမ်းရန်လည်း စီစဉ်နေကြောင်း ဦးဇာဂနာ က ပြော ဆို ထား သည်။

    ယခုကဲ့သို့ ဟာဂျီ ဦးညွှန့်မောင်ရှိန်နှင့် ဟာဂျီ ဦးတင်မောင်သန်းး ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်ရခြင်းမှာ မြန်မာပို့စ်ဂလိုဘယ် သတင်းဂျာနယ် အမှတ် ၈၃ ပါ ဟာဂျီဦးတင်မောင်သန်း၏ အင်တာဗျူး ဖြေဆိုမှုကြောင့် ဖြစ်နိုင်ကြောင်းလည်း အများစုက ထင်ကြေးပေး သုံးသပ်ထားသည်။

    အင်တာဗျူးတွင် ဟာဂျီဦးတင်မောင်သန်း အင်တာဗျူးဖြေကြားချက် အပြည်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

     ရခိုင်ပြည်နယ်အရေးမှာ အစိုးရမှာ ကူညီစောင့်ရှောက်ပေးဖို့ လုံလောက်တဲ့ အင်အားမရှိဘူး။ အင်အားနည်းနေတယ်လို့ မဆိုနိုင်ပါဘူး။ လုံခြုံရေးအဖွဲ့တွေက လုံခြုံရေး တာဝန်တွေကို ပြည့်ပြည့်၀၀ ထမ်းဆောင်ခွင့်မရလို့ အခြေအနေတွေကို မအုပ်မိ မထိန်းမိတာလို့ပဲ ကျွန်တော်ကတော့ မြင်တယ်။ သမ္မတကြီးက စိတ်ကောင်းစေတနာကောင်းနဲ့ ဆောင်ရွက်ပေးနေတာတွေကို သိပါတယ်။ ဒါပေမယ့် လက်တွေ့မြေပြင်မှာ အကျိုးသက်ရောက်မှုမရှိဘူး။ အောက်ခြေမှာ တာဝန်ခံပြီး အကောင်အထည်ဖော်နေတဲ့ လူတွေက မှန်မှန်ကန်ကန်နဲ့ တရားဥပဒေ စိုးမိုးရေးကို ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ် ၀န်ထမ်းကျင့်ဝတ်သိက္ခာနဲ့ အလုပ်မလုပ်ကြဘူး။ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့လူတွေအားလုံးက အကြမ်းဖက်သမားတွေ မဟုတ်ကြပါဘူး။ ပြည်နယ်အစိုးရက အကြမ်းဖက်တဲ့လူတွေကို မထိန်းဘူး။ ၀န်ကြီးချုပ် ဦးလှမောင်တင်နဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း အပါအ၀င် ပြည်နယ်အစိုးရအဖွဲ့ကပါ အကြမ်းဖက် လူတစ်စုကို မလွန်ဆန်နိုင်တဲ့သဘော၊ အကြမ်းဖက် ကွန်ရက် အောက်ကို ရောက်ရှိနေတဲ့ သဘောရှိတယ်။ မထိန်းနိုင်ဘူးဆိုရင် နိုင်ငံတကာမှာ ကိစ္စတစ်ခုကို တာဝန်မယူနိုင်တဲ့ ပုဂ္ဂိုလ် အစိုးရများဟာ ကိုယ့်အသိစိတ်နဲ့ကိုယ် နှုတ်ထွက်ကြပါတယ်။ သူတို့လည်း ကိုယ့်အသိစိတ်နဲ့ကိုယ် နှုတ်ထွက်သင့်ပါတယ်။ အခု (၅)လ ကျော်ကြာတဲ့အထိ ဒီဒေသမှာ တရားဥပဒေစိုးမိုးရေးကို ဘာကြောင့်မလုပ်နိုင်တာလဲ။

    တကယ် ဒီကိစ္စမှာ ကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် ဥပဒေနဲ့အညီ အရေးယူလိုက်ရင် ဒီပြဿနာတွေ ပြေလည်သွားမယ်။ ဥပဒေနဲ့အညီ အရေးမယူဘဲ ပစ်ထားတဲ့အခါကျတော့ တိုင်းပြည်လည်း သိက္ခကျလှပါဘိ။ ရအောင်ထိန်းပါပဲလို့ ပြောချင်ပါတယ်။

    ဒီကိစ္စကို ဖြေရှင်းဖို့အတွက် တရားဥပဒေစိုးမိုးရေးကို လုံးဝတာဝန်ယူနိုင်မှုမရှိတဲ့ လက်ရှိပြည်နယ်အစိုးရထွက်၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး ပြည်နယ်အစိုးရသစ်ပြန်ဖွဲ့ပါ။ ဒါမှမဟုတ်ရင် ပြည်ထောင်စုအစိုးရကပဲ တိုက်ရိုက်အုပ်ချုပ်ပါလို့ အကြံပြုတိုက်တွန်းပါတယ်။

    မဇ္ဈိမ & M-Media
  • မန္တလေး “လေလာဝင်း” အတွင်း မွတ်စလင်များအား ဆဲဆိုရမ်းကားမှု့ ဖြစ်ပွား

    မန္တလေး “လေလာဝင်း” အတွင်း မွတ်စလင်များအား ဆဲဆိုရမ်းကားမှု့ ဖြစ်ပွား

    နိုဝင်ဘာ၊ ၅ ၊ ၂၀၁၂

    သတင်းပေးပို့သူ မန္တလေးမြို့ခံတစ်ဦး

    ယနေ့ ည ၁၀း၁၅ ၀န်းကျင်ခန့်တွင် မန္တလေးမြို့ ၈၂ လမ်း၊ ၂၆ – ၂၇ ကြား၊ “လေလာဝင်း” အတွင်းသို့ ကားနှစ်စီးဖြင့် လူပျိုပေါက် အရွယ် ၉ ဦးခန့် ၀င်ရောက်လာခဲ့ပြီး ကုလားအိမ်တွေ မီးရှို့ပစ်ရမယ်လို့ ပြောဆိုကာ မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုသဖြင့် လေလာဝင်းအတွင်း နေသူများမှ ၀ိုင်းဝန်း ဖမ်းဆီးခဲ့သည်ဟု သတင်းရရှိပါသည်။

    “လေလာဝင်း” အတွင်းမှ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ရန်ငြိုးဟူ၍ မရှိဘဲ သက်သက် ပြဿနာ ရှာခြင်းဖြစ်သူဟု လေလာဝင်း အတွင်းနေသူ တစ်ဦးကဆိုပါသည်။

    “၁၀း၁၅ လောက်က ဗျာ ၀င်းထဲကို ချာတိတ်တွေ ၉ ယောက်လောက်၊ ကားနှစ်စီးဖြင့် ၀င်လာပြီး မီးရှို့မယ် ဘာညာလုပ်ပြီး ဆဲဆိုလို့ ၀ိုင်းဖမ်းလိုက်တယ်၊ အခု ရဲတွေလည်း ရောက်နေပါပြီ၊ အဲဒီလာဆဲတဲ့ ချာတိတ်တွေကိုလည်း ဖမ်းပြီး ရဲတွေလက် အပ်ထားပါတယ် ။ အခု တော့ ကျနော်တို့ ၀င်းတံခါးတွေ ပိတ်ပြီး သတိနဲ့ နေနေပါတယ်၊ အလကား သက်သက်မဲ့ ပြဿနာ လာရှာတာပါဗျာ” ဟု မေးမြန်းချက်အား ပြောပါသည်။