News @ M-Media

Blog

  • ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလ အတွင်းရေးမှူးချုပ်ပြောကြား

    ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလ အတွင်းရေးမှူးချုပ်ပြောကြား

    စက်တက်ဘာ၊ ၃၀၊၂၀၁၂

    Source: RFA

    မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခဟာ ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ထိခိုက်စေနိုင်တဲ့အပြင် တိုင်းပြည်နယ်နိမိတ်ကို ကျော်လွန်ပြီး တခြားနိုင်ငံတွေဆီအထိပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

    AFP
    ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မိန့်ခွန်းပြောကြားနေစဉ်။

    OIC ခေါ် အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံပါ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ မနေ့က တွေ့ဆုံခဲ့ရာမှာ အဲဒီလိုသတိပေး ပြောကြားခဲ့တာပါ။

    (၆၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံအပြီး သမ္မတ ဦးသိန်းစိန်နဲ့ မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံခဲ့ရာမှတော့ ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး ရပ်ရွာဒေသတွင်း ရှိနေကြသူ အချင်းချင်းသဟဇာတဖြစ်အောင် နေထိုင်နိုင်ရေး၊ ပြဿနာ ဖြစ်ပွားရတဲ့ အကြောင်းရင်း ဇာစ်မြစ်တွေကို ဖယ်ရှားရေး စတာတွေကို ရေတို ရေရှည် ရှုထောင့်တွေကနေ နည်းလမ်းရှာ ကိုင်တွယ်ဖြေရှင်းသွားဖို့ ဆွေးနွေးခဲ့ကြပြီး ရခိုင်အရေးကို ပြေလည်သည်အထိ ဖြေရှင်းသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ကတိက၀တ်ပြုခဲ့ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရသူ မာတင် နီဆာကီက ပြောဆိုပါတယ်။

    ဒါ့ပြင်ကချင်ပြည်နယ်က လူမျိုးစု လက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ အတွက်လည်း အားလုံးပါဝင်ပြီး လက်တွဲညီညီ ဆောင်ရွက်သွားဖို့လည်း ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။

  • Communication Skills သင်တန်း မန္တလေးတွင် ဖွင့်မည်

    Communication Skills သင်တန်း မန္တလေးတွင် ဖွင့်မည်

    စက်တင်ဘာ ၂၈၊ ၂၀၁၂
    M-Media
    သတင်း- ပြည့်ပြည့်

    မန္တလေး  ။           ။           စွမ်းရည်ရှေ့ဆောင် လူမှုရေးအသင်း (စီဘီအိုင်) မှ ဦးဆောင်ပြီး Communication Skills သင်တန်း ကို မန္တလေးမြို့ Eduzone Center တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

    စွမ်းရည်ရှေ့ဆောင် လူမှုရေးအသင်း (စီဘီအိုင်) မှ ဦးဆောင်ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ အထိ မန္တလေးတွင် ဖွင့်လှစ်မည့် Communication Skills သင်တန်းကို တက်ရောက်ရန်အတွက် ဖိတ်ကြားကြောင်း၊ ယခုဖွင့်လှစ်မည့် သင်တန်းသည် ပြည်တွင်း ဖွံ့ဖြိုးရေး အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသူ (LNGO, CBO, SHG Staff)များ သို့မဟုတ် ပါဝင်ဆောင်ရွက်နေသူများ အတွက်ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်း ဖြစ်ပြီး သင်တန်းဖြစ်ကြောင်းသိရသည်။
    အဆိုပါသင်တန်းအတွက် လျှောက်လွှာပိတ်မည့် ရက်မှာ (၅-၁၀-၂၀၁၂)ဖြစ်ပြီး ရွေးချယ်ခံရသူများကို ၁၁-၁၀-၂၀၁၂ တွင် တက်ရောက်ခွင့်ရရှိသည့် သင်တန်းသားများအား အတည်ပြု အကြောင်းပြန်ကြားပေးသွားမည်ဖြစ်ပြီး၊ သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများသည် မန္တလေးမြို့ရှိ 78-32 လမ်း၊ ချမ်းအေးသာဇံမြို့နယ်ရှိ Eduzone Center သင်တန်းခန်းမမှ ဦးကျော်ဆန်း (91000723,02-69321- Email: [email protected])ထံသို့လည်း သင်တန်းလျှောက်လွှာများ ပေးပို့နိုင်ကြောင်းသိရသည်။ ထိုသင်တန်းနှင့် ပတ်သက်၍ သင်တန်းခမှာ (အခမဲ့) ဖြစ်ပြီး စာရွက်စာတမ်းများနှင့် နေ့လည်စာ ထမင်း၊ ဟင်း နှင့် မုန့်များကိုလည်း စီဘီအိုင်မှ ပံ့ပိုးကူညီပေးသွားမည်ကြောင်း သိရပါသည်။

    သင်တန်းနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များနှင့် ဖြည့်စွက်လျှောက်ထားရမည့် လျှောက်လွှာပုံစံကို ဦးမြတ်သူထိုက် Service Admin Officer စီဘီအိုင် Ph: 01-501379, 09-450003042 Email: [email protected] သို့ဆက်သွယ် တောင်းယူနိုင်ကြောင်း သတင်းရရှိပါသည်။

  • ကျွန်တော် မရူးချင်ပါ! (ကမ္ဘာ့ခွေးရူးပြန်ရောဂါ ကာကွယ်ရေးနေ့ အထိမ်းအမှတ်)

    ကျွန်တော် မရူးချင်ပါ! (ကမ္ဘာ့ခွေးရူးပြန်ရောဂါ ကာကွယ်ရေးနေ့ အထိမ်းအမှတ်)

    စက်တင်ဘာ၊ ၂၈ ၊၂၀၁၂

    M-Media

    Dr-Raihana

     

    လမ်းမီးအလင်းရောင်မရှိသော လမ်းကလေးတွင် လရောင်၏ အားကိုးနှင့် ကောင်လေးတစ်ယောက် လမ်းလျှောက်လာနေသည်။ တစ်ချက်တစ်ချက် အမြန်လျှောက်လိုက်၊ တစုံတခုကို တွေးမိဟန်နှင့် ခြေလှမ်းတွေ နှေးသွားလိုက်နှင့်။

    ကောင်လေးက လမ်းလျှောက်နေရင်း ရုတ်တရက် ရပ်၍ လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်ပြီး အသားတွေ တဆတ်ဆတ်တုန်လာကာ တက်ခေါက်လိုက်ဟန်က သည်ကလေးအရွယ်လေးနှင့် ဘယ်လိုမှ မအပ်စပ်ချေ။

    သူရပ်လိုက်သည့်နေရာက လမ်းထိပ်အုတ်ခုံလေးရှိရာ ဖြစ်နေသည်။ လက်သီးဆုပ်တွေကို ဖြေလိုက်ပြီး ဟင်းခနဲ သက်ပြင်းရှည်ကြီး ချလိုက်သည့်အခါ စောစောက မာန်နှင့်တင်းထားပုံ ချက်ချင်းပျောက်ပြီး သူ့ကိုယ်လေးပင် ကျုံ့ဝင်သွားသယောင် ထင်ရသည်။ အုတ်ခုံလေးပေါ် ထိုင်ချလိုက်ပြီး သူ မရှိုက်ဘဲ မျက်ရည်တွေ ကျလာပါ၏။

    ****************************************************************************

    ကျွန်တော်အသက် ၁၀ နှစ် အရွယ်မှစ၍ အပြင်အလုပ်စလုပ်ရသည်မှာ အခုဆို နှစ်နှစ်ရှိပြီ။ ကျွန်တော် ကျောင်းမဆက်တက်တော့ပေမယ့် ညီမလေးကိုတော့ ပညာတတ်ဖြစ်စေချင်ပါသည်။ ထို့ကြောင့်လည်း ကျွန်တော် ကြိုးစား၍ ငွေရှာသည်။

    လွန်ခဲ့သည့်နှစ်နှစ်၊ အဖေဆုံးသည့်နှစ်တွင် ညီမလေး ကျောင်းစတက်ရသည်။ ကျောင်းသားနှစ်ယောက်၏ စရိတ်နှင့် အိမ်စရိတ်သည် မေမေ့လုပ်အား တစ်ခုတည်းနှင့် မမျှသောအခါ ကျွန်တော်ကျောင်းထွက်ပြီး အဖေလုပ်ခဲ့သော အိမ်ဆေးသုတ်သည့် အဖွဲ့တွင် ဝင်လုပ်သည်။ ဆေးအနံ့ရလျှင် ကျွန်တော် နှာချေတတ်သည်မှလွဲ၍ ထိုအလုပ်လုပ်ရသည်မှာ အဆင်ပြေပါသည်။

    ***************************************

    မေမေထည့်ပေးသော ထမင်းဗူးကို လွယ်အိတ်ထဲထည့်ကာ ကျွန်တော် အိမ်က ထွက်လာသည်။ မနေ့ညက အလုပ်မှအပြန် မိုးမိထား၍ ဒီနေ့ နှာရည်ယိုနေသည်။ လက်ရှိ ဆေးသုတ်ပေးနေရသော အိမ်မှာ တစ်မှတ်တိုင်ခန့်သာ ဝေး၍ လမ်းလျှောက်သွားလိုက်သည်။

    ဒီနေ့မှ ကျွှန်တော်တို့အဖွဲ့မှ ဦးလေးကြီးတစ်ယောက်က အလုပ်မလာပေ။ သူ့သားလေးခွေးကိုက်ခံရလို့ ဆေးရုံတင်ထားရသည်တဲ့။ “ခွေးကိုက်ခံရရင် ကာကွယ်ဆေးထိုးရတယ်ကွ၊ ထွန်းမြင့်က သူ့သားလေး ခွေးကိုက်ခံရလို့ ဆေးခန်းတော့ သွားပြတယ်၊ ခွေးရူးကာကွယ်ဆေးက လေး၊ ငါးလုံး ထိုးရမယ်၊ တစ်လုံးကို တစ်သောင်းကျော်တယ်ဆိုတော့ မလွယ်ဘူးပေါ့ကွာ” ဟု နောက်ဦးလေးတစ်ယောက်က ပြောသည်။ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်သွား၏။ ကျွန်တော်တို့ ရပ်ကွက်မှာလည်း ခွေးလေခွေးလွင့်တွေ ပေါသည်။
    တစ်နေကုန် အလုပ်လုပ်လိုက်တော့ ဆေးအနံ့တွေကြောင့် ကျွန်တော့်နှာခေါင်းက ပိုဆိုးလာပြီး ခေါင်းလည်းကိုက်၊ မျက်စိများပါ ဝေလာ၏။ အလုပ်သိမ်းတော့ လူက ဖျားချင်နေပြီ။
    ဦးလေးကြီးတို့ကို မစောင့်ဘဲ ကျွန်တော် တိုက်အောက်သို့ ဆင်းလာလိုက်၏။ လှေကား အောက်ဆုံးအထစ်သို့ အရောက်၊ တိုက်ရှေ့တွင် ရန်ဖြစ်နေကြသော ခွေးအုပ်ထဲမှ ခွေးတစ်ကောင်က ဂိန်ခနဲ အော်ပြီး လှေကားထဲ ပြေးဝင်လာ၏။ ကျွန်တော် ရှောင်ချိန်မရလိုက်။ ခြေသလုံးက ပူပြီး၊ ရင်ဘတ်ထဲတွင် ကျဉ်သွား၏။ ” ဟာ၊ ကောင်လေးကို ခွေးကိုက်သွားပြီဟေ့ “ ဟု အော်ကာ ဦးလေးကြီးတို့ ပြေးဆင်းလာကြသည်။

    ******************************************

    ဆေးခန်းရောက်တော့ ဆရာဝန်က အနာကို ဆေးပေးပြီး မေးခိုင်ကာကွယ်ဆေး ထိုးပေးသည်။ တစ်ဆက်တည်း ခွေးရူးကာကွယ်ဆေးထိုးရန် ရှင်းပြ၏။ လိုအပ်သော ငွေပမာဏကို ကျွန်တော် ဘယ်ကရမည်နည်း၊ တွေးရင်း ကျွန်တော် ခြောက်ခြားလာပါသည်။

    ******************************************

    အိမ်ရောက်တော့ ထမင်းမစားဘဲ အိပ်လိုက်သည်။

    ကျွန်တော့် အိပ်မက်ထဲတွင် ကျွန်တော် ဆောက်တည်ရာမရ ပြေးနေသည်၊ ညီမလေးက ကျွန်တော့်ကို ကြည့်ပြီး ‘ ကြောက်တယ်၊ ကြောက်တယ်၊ မလာနှင့်၊ မလာပါနှင့် ‘ ဟု အော်ကာ ပြေး၏၊ ညီမလေးကို ကြည့်ပြီး ကျွန်တော် သနားသွားသည်၊ ကိုယ့်ကိုကိုယ်လည်း ထိန်းချုပ်၍ မရ၊ ကျွန်တော် အိမ်အောက်ကို ဆင်းပြေးတော့ အိမ်ရှေ့တွင် ကစားနေသော ကလေးတွေက ‘ ခွေးရူးကြီး၊ ခွေးရူးကြီး ‘ ဟု အော်ကာ ကြောက်လန့်တကြား ပြေးကုန်၏၊ ကျွန်တော့်ပါးစပ်က သွားရည်များလည်း ကျနေ၏၊ ကလေးတွေ နောက်ကို ပြေးလိုက်ရင်း ကျွန်တော့် ခြေတွေ၊ လက်တွေ ကွေးကောက်ကုန်လေသည်၊ မြေပေါ်လဲကျကာ ပါးစပ်မှ အမြှုပ်တစီစီ ထွက်ပြီး တဆတ်ဆတ်တုန်နေသော ကျွန်တော့်ကို အိပ်မက်ထဲတွင် ကျွန်တော် ခြောက်ခြားစွာ မြင်နေခဲ့ရလေသည်။

    *******************************************

    သန်းခေါင်ယံတွင် ချွေးစေးတွေ ပြန်ကာ ကျွန်တော် လန့်နိုးလာ၏။ ကျွန်တော် ဘာလုပ်ရမည်နည်း။ ကျွန်တော်ချစ်သော မေမေနှင့် ညီမလေးကိုတော့ ကျွန်တော့်ကြောင့် ဒုက္ခမရောက်စေနိုင်ပါ။ ကျွန်တော့်ကြောင့် မေမေတို့ ထိခိုက်မည့်အစား ကျွန်တော် မရှိတော့သည်ကမှ ကောင်းပါဦးမည်။ ကျွန်တော် ဆုံးဖြတ်ပြီး ညီမလေးကာ ဖက်ပြီး အိပ်နေသော မေမေ့ကို သွားကြည့်သည်။ ဒါ ကျွန်တော် မေမေတို့ကို နောက်ဆုံးမြင်ခွင့်ရခြင်းလား။

    ငိုချင်စိတ်ကို ချိုးနှိမ်ပြီး ကျွန်တော် အိမ်က တိတ်တိတ်လေး ထွက်လာလိုက်သည်။
    ခပ်သုတ်သုတ်လျှောက်လာရင်း အိမ်နှင့် ဝေးလာတော့မှ ကျွန်တော်တွေးမိသည်။ ကျွန်တော့်ကိုယ်ကျွန်တော်? မည်ကဲ့သို့ အဆုံးသတ်ရမည်နည်း? ကြားဖူးနားဝ နည်းလမ်းတွေ စဉ်းစားကြည့်သော်လည်း တစ်ခုမှ မလုပ်ဝံ့။

    ” အဲဒီခွေးကိုက်လို့ သေချာပေါက် ခွေးရူးဖြစ်မယ်လို့တော့ မဟုတ်ဘူးပေါ့၊ အကယ်၍ ရောဂါရှိနေတဲ့ ခွေးဖြစ်နေရင် ရောဂါကူးစက်ခံရရင် ဖြေဆေးမရှိလို့သာ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးသင့်တာ” ဟု ဆရာဝန်ပြောခဲ့စကားကို ရုတ်တရက် သတိရလာတော့ ကျွန်တော် မျှော်လင့်ချက်ပြန်ရှိလာသည်။ ကျွန်တော့်ကို ကိုက်သောခွေးသည် ရောဂါမရှိသောခွေး ဖြစ်နိုင်သည်မဟုတ်လား။ အိမ်ပဲ ပြန်တော့မည်။ လရောင်အေးအေးအောက်တွင် ကျွန်တော် ခပ်မြန်မြန် လျှောက်လာလိုက်၏။ မတော်တဆ မေမေနိုးလာလို့ ကျွန်တော့်ကို မတွေ့လျှင် စိတ်ပူနေတော့မည်။
    ဦးလေး ဦးထွန်းမြင့်၏သား ဆေးရုံတက်ရတာကို တွေးမိတော့ ကျွန်တော် အိမ်ပြန်ရန် အားပျော့သွားပြန်သည်။ ခြေလှမ်းတွေ လေးကုန်၏။ ကျွန်တော်မရှိတော့လျှင် ကျွန်တော့်ကို ရှာနေမည့် မေမေ့ကို မြင်မိတော့ ကျွန်တော့် ခြေလှမ်းတွေ ပြန်သွက်လာပြန်၏။
    မကြာပါ၊ ကျွန်တော့်အိပ်မက်ထဲက မြေပြင်ပေါ်လဲကျနေသောပုံစံက ဗြုန်းဆို ကျွန်တော့်အာရုံမှာပေါ်လာတော့ ကျွန်တော် ဆက်မလျှောက်နိုင်ဘဲ ရပ်လိုက်ရသည်။ အသားတွေ တဆတ်ဆတ်တုန်လာပြီး လက်သီးကို အားကုန်ကျစ်ထားမိသည်။ ” တောက် !”
    ဖေဖေ့ကို သတိရတော့ ကျွန်တော် သိပ်ကို အားငယ်သွားပါသည်။ သက်ပြင်းရှည်တစ်ခု ချလိုက်သောအခါ တင်းထားသမျှတွေ ပြိုကျသွားသလို အားကုန်သွား၏။ ဘေးက အုတ်ခုံလေးပေါ် ထိုင်ချလိုက်ပြီး ကျွန်တော် မျက်ရည်တွေ ကျလာသည်။

    *************************************************************

    မှုန်ပျပျသာ လင်းနေသော လမ်းကလေးထက်ရှိ အုတ်ခုံပေါ်တွင် ကောင်လေး ထိုင်နေသည်။ ကောင်လေးက ကျလာသည့် မျက်ရည်တွေကိုလည်း သုတ်မပစ်။ တဖြည်းဖြည်းနှင့် ကောင်လေး၏ ရှိုက်ငိုသံက ပျံ့လာသည်။

    လမင်းကို တိမ်ဖုံးသည့်ခဏ လမ်းကလေးက မှောင်မိုက်သွားသည်။ ကောင်လေး၏ ငိုသံသဲ့သဲ့ကတော့ ပျောက်မသွား။ ကောင်လေးက ထိုင်နေဆဲ၊ ရှိုက်၍ ရှိုက်၍ ငိုနေဆဲ……။

    ***********************************************************************

  • ဦးတင်ထွန်း (ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ၁၉၅၄-၅၅)

    ဦးတင်ထွန်း (ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ၁၉၅၄-၅၅)

    စက်တင်ဘာ၊ ၂၇ ၊ ၂၀၁၂

    M-Media

    ဦးတင်ထွန်း (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ၁၉၅၄-၅၅)

     

    ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ တာဝန်ကို ၁၉၅၄-၅၅  တွင် ထမ်းဆောင်ခဲ့သူ ဦးတင်ထွန်းဖြစ်ပါသည်။

    ကိုတင်ထွန်းမှာ ရန်ကုန်တက္ကသိုလ် မွတ်စလင်မ်ကျောင်းသူ ကျောင်းသားများအသင်းတွင် အကြိမ်ကြိမ် အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး စစ်မဖြစ်မီနှင့် စစ်ပြီးခေတ် အသင်းအခြေနေကို သိရှိသူဖြစ်ရာ လိုအပ်သော အသင်း၏ရာဇ၀င်ကို ရှာဖွေ စုဆောင်းရေးသားပေးသောကြောင့် မှတ်တမ်းအဖြစ် ထည့်သွင်းဖော်ပြအပ်ပါကြောင်း။ –

    ပဲခူးခရိုင် ညောင်လေးပင်ဇာတိ ဦးတင်ထွန်းမှာ ၁၉၅၄-၅၅  တကသ ဥက္ကဋ္ဌဖြစ်ပါသည်။ –

    စာအုပ်ပြုစုသူ (ရန်ကုန်တက္ကသိုလ် မွတ်စလင်(မ်)မဂ္ဂဇင်းသမိုင်း၊ စာမျက်နှာ-၅၆)

  • အစ္စလာမ်ကို မုန်းတီးမှုများ အီဂျစ်သမ္မတမော်စီ UN မိန်းခွန်းတွင် ထည့်သွင်း ဝေဖန်

    အစ္စလာမ်ကို မုန်းတီးမှုများ အီဂျစ်သမ္မတမော်စီ UN မိန်းခွန်းတွင် ထည့်သွင်း ဝေဖန်

    စက်တင်ဘာ၊ ၂၇ ၊ ၂၀၁၂

    Source: BBC

    Photo http://www.washingtonpost.com

    မွတ်ဆလင် တွေကို ကြောက်စရာ ရွံ့စရာလို သဘောထား ထင်မြင်ချက်တွေ ကမ္ဘာ တဝှမ်း ကူးစက် ပျံ့နှံ နေတာကို လက်မခံနိုင်ဘူးလို့ အီဂျစ် သမ္မတသစ် မုဟမ္မဒ်မော်စီက ပြောကြား လိုက်ပါတယ်။

    ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အီဂျစ်ပြည်ရဲ့ ပထမဆုံး ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ ရတဲ့ သမ္မတ အဖြစ် ပွဲဦးထွက် မိန့်ခွန်း ပေးရာမှာ မစ္စတာ မော်စီက စံချိန် ၂ မျိုးနဲ့ ဆက်ဆံတာတွေ အဆုံးသတ်ဖို့ တိုက်တွန်း ခဲ့ပါတယ်။

    ဘာသာတိုင်း ယဉ်ကျေးမှု တိုင်းကို လေးစားရမယ်လို့လဲ သူက ဆိုပါတယ်။သမ္မတ မော်စီက အီဂျစ်နိုင်ငံက လွတ်လပ်စွာ ပြောဆိုခွင့်ကို ထောက်ခံ ပေမယ့် ဘာသာရေး အမုန်းပွားစေမယ့် ကိစ္စ မျိုးကိုတော့ လက်မခံ ကြောင်း၊ အစွန်းရောက် ဝါဒနဲ့ ဆူပူမှု တွေကို ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့် သာ ဖြစ်သင့်ပြီး မသိ နားမလည်မှု၊ သူတပါးကို မလေးမစား လုပ်တာတွေ အားပေးတဲ့ ပြောဆိုခွင့်မျိုး မဟုတ်သင့် ကြောင်း၊ ဒီလို စော်ကား ပုတ်ခတ် တာတွေကို ဆူပူ မှုနဲ့ ဖြေရှင်း တာကိုတော့ ပြင်းထန်စွာ ဆန့်ကျင်ကြောင်း မွတ်ဆလင် တွေကို ဒေါသ ထွက်စေတဲ့ အစ္စလာမ် ဆန့်ကျင်ရေး ဗီဒီယို ကို ရည်ညွှန်း ပြောကြား ခဲ့ပါတယ်။

    အစ္စလာမ် ဘာသာ ကြောက်ရွံ့မုန်းတီးမှုတွေကို ကုလ သမဂ္ဂ က ထုတ်ပြောရမယ် လို့ သူက ဆိုပါတယ်။