News @ M-Media

Blog

  • M.Y.R.S မှ အခြေခံစာနယ်ဇင်း သင်တန်း ဖွင့်မည်။

    M.Y.R.S မှ အခြေခံစာနယ်ဇင်း သင်တန်း ဖွင့်မည်။

    စက်တင်ဘာ၊ ၂၇၊ ၂၀၁၂

    M-Media

    ရန်ကုန်။           ။ ယနေ့ကမ္ဘာတွင် စာနယ်ဇင်းကဏ္ဍ ပိုမိုအရေးပါလာသည်နှင့်အမျှ မြန်မာလူငယ်များ စာနယ်ဇင်း သဘော သဘာဝကို ပိုမိုသဘောပေါက်လာစေရန်နှင့် စာနယ်ဇင်းလောကတွင် ကျွမ်းကျင်ပညာရှင်များအဖြစ် ရပ်တည် လာနိုင်စေရန် Myanmar Youth Resources Society မှ အခြေခံစာနယ်ဇင်းသင်တန်း ကို (၁၃ အောက်တိုဘာ ၂၀၁၂) ရက်နေ့မှ (၅ နိုဝင်ဘာ ၂၀၁၂) ရက်နေ့ထိ စနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

    အဆိုပါ သင်တန်းတွင် စာနယ်ဇင်းလောကအတွေ့အကြုံရှိသော ပုဂ္ဂိုလ်များမှ ပို့ချမည်ဖြစ်ပြီး စာသင်ခန်းတွင်းပို့ချမှုများ၊ လက်တွေ့လုပ်ငန်းခွင်လေ့လာရေးများ အပါအ၀င် အလုပ်ရုံဆွေးနွေးပွဲများဖြင့် ကျင်းပ ပို့ချပေးမယ်လို့လဲ သိရပါတယ်။

    “အရည်အချင်းပြည့်မီသော သင်တန်းသားများကို လက်ရှိဦးဆောင်နေသော ဂျာနယ်၊ မဂ္ဂဇင်းများတွင် အလုပ်သင်သတင်းထောက်များအဖြစ် ၀င်ရောက်လုပ်ကိုင်နိုင်ခွင့်ရရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ထူးချွန်သော သင်တန်းသား အနည်းဆုံး ၂ ဦးကို ပြည်ပအဆင့်မြင့်ရက်တို သင်တန်းအတွက် ရွေးချယ်ပို့ဆောင် ပေးမယ့် အစီအစဉ်များလဲရှိကြောင်း” M.Y.R.S မှ တာဝန်ခံ တစ်ဦးမှ M-Media သို့ ပြောပြပါတယ်။

    အခြေခံစာနယ်ဇင်းသင်တန်း  သို့ လျှောက်ထားလိုသူများအနေဖြင့် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

    –       အနည်းဆုံး ဘွဲ့တစ်ခုရရှိထားရမည်။ (၀ိဇ္ဇာဘွဲ့ရရှိထားသူများကို ဦးစားပေးမည်။)

    –       အင်္ဂလိပ်စာအသင့်အတင့် ကျွမ်းကျင်သူဖြစ်ရမည်။

    –       စာဖတ်ဝါသနာပါသူဖြစ်ပြီး ကိုယ်တိုင်စာရေးရန် ၀ါသနာရှိသူဖြစ်ရမည်။

    သင်တန်းတက်ရောက်လိုသူများအနေဖြင့် “အဘယ့်ကြောင့် စာနယ်ဇင်းသင်တန်း တက်ရောက်လိုသည်” ဆိုသည်ကို အနည်းဆုံး A4 တစ်မျက်နှာခန့်၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့် ဖြစ်စေ ရေးသားပြီး CV နှင့်အတူပူးတွဲ၍ လျှောက်ထားရမည်။ အခြားမိမိရေးသားထားသော စာစီစာကုံး၊ ကဗျာ၊ စကားပြေစသည်တို့ကိုလည်း ပူးတွဲပေးပို့နိုင်သည်။

    လျှောက်လွှာများကို (၁၀ အောက်တိုဘာ ၂၀၁၂) နေ့နောက်ဆုံးထား၍ [email protected] သို့ email ဖြင့်ဖြစ်စေ၊ အောက်ပါလိပ်စာသို့ လူကိုယ်တိုင်ဖြစ်စေ လာရောက်လျှောက်ထားနိုင်သည်။

    MYRS မှ ပထမဆုံးဖွင့်လှစ်သည့် သင်တန်းဖြစ်သည့်အတွက် သင်တန်းသားများကို သင်တန်းကြေး ကင်းလွတ်ခွင့်ပေးမည် ဖြစ်ပြီး မှတ်ပုံတင်ကြေး (၃၀၀၀) ကျပ်သာ ပေးသွင်းရမည်။

    သင်တန်းအချိန်စာရင်း – ၁၃ အောက်တိုဘာ ၂၀၁၂ ရက်နေ့မှ ၅ နိုဝင်ဘာ ၂၀၁၂ (စနေ၊ တနင်္ဂနွေနေ့များသာ)၊ နံနက် ၉း၃၀ မှ ညနေ ၄း၃၀ နာရီထိ။

    Myanmar Youth Resources Society

    အမှတ် ၁၂၈/၁၃၀၊ ပထမထပ် (ယာ)၊

    မဟာဗန္ဓုလလမ်းမ (ဗိုလ်တထောင်ဈေးလမ်းထိပ်)၊

    ပုဇွန်တောင်မြို့နယ်။

    ဖုန်း – (၀၁) ၂၀၂၁၉၀

    လက်ကိုင်ဖုန်း – ၀၉၅၁ ၇၁၅၃၀

  • (၅၁)နှစ်မြောက် ပသီအမျိုးသားနေ့ ကျင်းပမည်

    (၅၁)နှစ်မြောက် ပသီအမျိုးသားနေ့ ကျင်းပမည်

    စက်တင်ဘာ ၂၇၊ ၂၀၁၂
    M-Media
    သတင်း – ပြည့်ပြည့်

    မန္တလေး။           ။ နှစ်စဉ်ပြုလုပ်မြဲဖြစ်သော အောက်တိုဘာ ၁-ရက်နေ့တွင်ကျရောက်သော ပသီအမျိုးသားနေ့ကို မန္တလေးမြို့တွင်ပြုလုပ် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

    မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသား မြန်မာမွတ်စလင်မ် ပသီအမျိုးသားတို့၏ ဂုဏ်ရောင်ပြောင်မြောက်သော သမိုင်းဝင်အမျိုးသားနေ့ အခမ်းအနားကို ယခင်က နှစ်စဉ် ကျင်းပခဲ့သည့် အတိုင်း ယခုနှစ်တွင်လည်း (၅၁)နှစ်မြောက် အခမ်းအနားကို မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဘုန်းအိုးကျေးရွာတွင် ၂၀၁၂-ခု အောက်တိုဘာလ (၁)ရက်နေ့ နံနက်(၉)နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း၊ မြန်မာမွတ်စလင်မ်  ပသီအမျိုးသားများ အခမ်းအနားသို့ တက်ရောက်ကြရန်လည်း ဖိတ်ကြားကြောင်း သိရပါသည်။

  • မလေးရှားပြည်သူများမှ ရခိုင်ဒေသ ဒုက္ခသည်များအတွက် RM ၁၀ သန်းဖိုး ရိက္ခာသင်္ဘောပေးပို့

    မလေးရှားပြည်သူများမှ ရခိုင်ဒေသ ဒုက္ခသည်များအတွက် RM ၁၀ သန်းဖိုး ရိက္ခာသင်္ဘောပေးပို့

    စက်တင်ဘာ၊ ၂၆၊၂၀၁၂

    M-Media

    မလေးရှားနိုင်ငံ ဒုတိယ ဝန်ကြီးချူပ် Tan Sri Muhyiddin Yassin ဟာ တန်ချိန် (၅၀၀) ကျော် တင်ဆောင်ထားသော မလေးရှားရင်းဂစ် (၁၀)သန်းဖိုးပါဝင်သည့် Sinar Bima အမည်ရှိ ကုန်တင်သင်္ဘောကြီးအား မြန်မာနိုင်ငံသို့ ပို့ဆောင်စေလွှတ်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

    (Photo Mohammad Mustak Mohammad Arif)

    Putra 1 Malaysia club ၏ ဦးဆောင်စီစဉ်မှု့ဖြင့်  လူသားချင်းစာနာထောက်ထားမှု့ ဆိုင်ရာပံ့ပိုးကူညီမှု့များအတွက် တစ်လနီးပါး ပြင်ဆင်ဆောင်ရွက်ခဲ့တဲ့ ရိက္ခာ ထောက်ပံရေး သင်္ဘောကြီးသည် ပုတ်ကလန်းဆိပ်ကမ်း မြောက်ဘက် မှ မြန်မာနိုင်ငံသို့ မနေ့က ထွက်ခွာသွားနိုင်ခဲ့ပါတယ်။

    ကွန်တိန်နာ ၄၀ တင်ဆောင်ထားသော အဆိုပါသင်္ဘောသည် နောက် ငါးရက်အကြာတွင် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်ပါသည်။

    “မလေးရှားတစ်နိုင်ငံလုံးရဲ့ဆန္ဒကတော့ ဘာသာတရားတွေ၊ လူမျိုးတွေမခွဲခြားဘဲ ပဋိပက္ခဖြစ်ပွားရာ နိုင်ငံတွေမှာ ဒုက္ခရောက်နေသာ ပြည်သူများကို ကူညီဖို့ပဲဖြစ်ပါတယ် “လို့ ဒုတိယ ဝန်ကြီးချူပ် က ဆိုပါတယ်။

    “ဒါဟာ ဒီအဖွဲ့ရဲ့ ပထမအကြိမ်မဟုတ်ပါဘူး။ အစိုးရအဖွဲ့အစည်းတွေရော အစိုးရမဟုတ်သော အဖွဲ့အစည်းများအပါအ၀င် သီးခြားအဖွဲ့အစည်းများက ရန်ပုံငွေတွေစုဆောင်းပြီး ဒီလိုမျိုး အကူအညီလိုအပ်တဲ့နေရာတွေကို အစားအသောက်အပြင် အခြား သော ပစ္စည်းတွေပို့စမြဲပါ ” ဟု ဒုတိယ ဝန်ကြီးချူပ် က ဆက်လက်ပြောကြားခဲ့ပါတယ်။

    “ရခိုင်ပြည်နယ်ရှိ ဒုက္ခရောက်နေသော ပြည်သူများ၏ ငတ်မွတ်မှု့ကို အထောက်အကူဖြစ်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ဒုတိယဝန်ကြီးချူပ် က သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

    ” ဒုက္ခရောက်နေသော ပြည်သူများထံအမှန်တကယ်ရောက်ရှိဖို့ ကတိပေးတဲ့ မြန်မာအစိုးရအားလည်း ကျေးဇူးတင်ရှိပါတယ်” လို့ ဒုတိယဝန်ကြီးချူပ်က ဆိုခဲ့ပါတယ်။

    ဆက်လက်ပြီး ဒုတိယဝန်ကြီးချူပ်သည် လူသားချင်းကူညီထောက်ပံ့ရေးအဖွဲ့အစည်း Putra 1 Malaysia Club ၏ ဥက္ကဌဖြစ်သူ Datuk Abdul Azeez အား ပါဝင်လိုက်လံလုပ်အားပေးမည့် စေတနာဝန်ထမ်း များကိုလည်း တည်ငြိမ်မှု မရှိသေးသော ရခိုင်ဒေသအတွင်း မိမိတို့၏ လုံခြုံရေးကို ဂရုစိုက်ရန်လည်း အကြံပေးပြောကြားလိုက်ပါတယ်။

    “အမှန်တကယ်လိုအပ်တဲ့ပြည်သူတွေဆီ ပို့ဆောင်ဖို့ စေတနာ့ ၀န်ထမ်းတွေလည်း ပါသွားပါတယ်။ သူတို့ အဲဒီ့မှာ လုပ်အားပေးနေစဉ် ကာလအတွင်း အဖွဲ့တစ်ဖွဲ့လုံး လုံခြုံမှုရှိစေဖို့လည်း ကျွန်တော်တို့ ဆုတောင်းပေးရမယ်” ဟု ဒုတိယဝန်ကြီးချူပ်က ဆိုပါတယ်။

    (Photo Mohammad Mustak Mohammad Arif)

    “အမှန်တကယ်တော့ ကျွန်တော်တို့ စက်တင်ဘာလ (၁)ရက်နေ့မှာ  စထွက်ဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် စက်တင်ဘာ (၁၇) ရက်နေ့ မတိုင်ခင်အထိ မြန်မာအာဏာပိုင်များရဲ့ သဘောတူညီမှု့ ကို မရရှိခဲ့ပါဘူး။ ကျွန်တော်တို့က အဲ့ဒီ့ ဒေသမှာ ရှိတဲ့ပြည်သူတွေဆီကို အစားအသောက်ရယ်၊ အ၀တ်အစားရယ် ၊ ဆေးဝါးရယ် ပေးချင်တာပါ။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေရယ် ကလေးတွေရယ်နဲ့ အမျိုးသမီးတွေကိုပါ။” လို့  Abdul Azeez က မြန်မာနိုင်ငံအစိုးရ သင်္ဘောဆိုက်ရောက်ခွင့် ပြုလိုက်သဖြင့် စိတ်သက်သာရာ ရသွားကြောင်း ပြောကြားခဲ့ပါတယ်။

    Putra 1 Malaysia Club မန်ဘာများ ၊ ဆရာဝန်များ၊ စေတနာဝန်ထမ်း လုပ်အားပေးများနှင့် သတင်းထောက်များ အပါအ၀င် စုစုပေါင်း အဖွဲ့ဝင် (၅၀) ပါဝင်သော အဖွဲ့သည် (၁၁)ရက်ကြာ လုပ်အားပေးခရီးစဉ်အတွက် အောက်တိုဘာလ (၁)ရက်နေ့တွင် ရန်ကုန်သို့ ထွက်ခွာမည်ဖြစ်သည်။         ။

     

    Source: http://www.nst.com.my

     

     

  • ဆရာကြီး ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ ဈာပန

    ဆရာကြီး ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ ဈာပန

    စက်တင်ဘာ၊ ၂၄ ၊ ၂၀၁၂
    M-Media

    ဆရာကြီး ရဲ့ ဈာပနကို လိုက်လံပို့ဆောင်သူများ
    ဓါတ်ပုံ ( ဗမာမွတ်စလမ် လူငယ်များ ကွန်ယက်)

    ရန်ကုန်။     ။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းစဉ်က လေထီးတပ်သားတဦးအဖြစ် ပါဝင်ခဲ့သူ စာရေးဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် (၉၃) နှစ်သည် ၂၃ ရက်ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် သာကေတ နေအိမ်၌ ကွယ်လွန်သွားရာ အစ္စလာမ်ဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ၂၄ ရက် နေ့လည် ၃ နာရီတွင် သံလျင်မြို့ ဒါရ်ဂါ သူတော်စင်ဗိမ္မာန်တွင် သင်္ဂြိုလ်သည်။

    အဆိုပါ ဈာပနအခမ်းနားသို့ မြန်မာမွတ်စလင်မ်ကွန်ယက်မှ မြန်မာမွတ်စလင်မ် ခေါင်းဆောင်တဦး ဖြစ်သူ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) ၊ ရွှေဝါရောင် သံဃာအရေးလှုပ်ရှားမှု ဦးဆောင်ခဲ့သော သံဃာတော်များ၊ အမိမြေ ငြိမ်းချမ်းရေး မစ်ရှင်မှ ကိုမိုးသီးဇွန်နှင့် အဖွဲ့ဝင်များ၊ NLD ပါတီဝင်များ၊ နှင့်  ဆရာကြီး၏ သားတပည့်များ၊ အစ္စလာမ်ဘာသာဝင်များ၊ ဆရာကြီး၏ လုပ်ဖော်ကိုင်ဘက် နိုင်ငံရေးသားများ က ဆရာကြီး၏ နောက်ဆုံးခရီးကို လိုက်လံ နှုတ်ဆက်ပို့ဆောင်ခဲ့ကြပါသညည်။

    ဆရာကြိး ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ဈာပနာအခမ်းအနားသို့ လိုက်လံပို့ဆောင်ခဲ့ကျသည့် သံဃာတော်များ၊ ဧည့်ပရိတ်သတ်များ
    ဓါတ်ပုံ ( ဗမာမွတ်စလမ် လူငယ်များ ကွန်ယက်)

    ဆရာကြိးဝမ်းအိုဝမ်း ကျော်ဝင်းမောင်နှင့် ဂျပန်ခေတ် ဗိုလ်သင်တန်းကို အတူတူ တက်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေးစီ အဖွဲ့ချူပ် နာယက သူရ ဦးတင်ဦး ( ကာကွယ်ရေး ဦးစီးချူပ်ဟောင်း) မှ ယနေ့နံနက်တွင် ကျန်ရစ်သူ မိသားစုကို သွားရောက်အားပေးစကားပြော ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

    ဆရာကြိးဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင်သည် ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း၊ လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ဒုတိယအဆင့်)၊ သက်ကြီးကန်တော့ခံ စာပေပညာရှင် တစ်ယောက်ဖြစ်သည်။

     

     

    ဆရာကြိး ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ဈာပနာအခမ်းအနားတွင် ဒေါက်တာမြင့်သိန်း( မြန်မာမွတ်စလင်မ် ကွန်ယက်) မှ ဝမ်းနည်းကြောင်း ပြောကြားစဉ်
    ဓါတ်ပုံ ( ဗမာမွတ်စလမ် လူငယ်များ ကွန်ယက်)
  • ကျွန်တော်သာ မြန်မာနိုင်ငံ၏ သမ္မတဖြစ်မည်ဆိုလျှင် (၃)

    ကျွန်တော်သာ မြန်မာနိုင်ငံ၏ သမ္မတဖြစ်မည်ဆိုလျှင် (၃)

    စက်တင်ဘာ၊ ၂၅၊ ၂၀၁၂

    M-Media

    Dr.Aung Maw

     

    တချိန်က အာရှထိပ်တန်း တက္ကသိုလ်ဖြစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် (Photo – Google)

    ၁။ အရှေ့တောင်အာရှတွင် အစဉ်အလာရှိခဲ့သော ရန်ကုန်တက္ကသိုလ်

    မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား၊ တရုတ်နိုင်ငံ ယန်လင်းစိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ်က မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ကြိုးပမ်းအားထုတ်မှုများကြောင့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို စက်တင်ဘာလ ၁၉ ရက်နေ့က ပေးအပ်ခဲ့ကြောင်း ကြားသိရပါသည်။

    အကယ်၍ နိုင်ငံတကာ အလွှာအသီးသီးမှ ထူးချွန်ထက်မြက်သော ခေါင်းဆောင်အသီးသီးအား နိုင်ငံအချင်းချင်း၊ တက္ကသိုလ် အချင်းချင်း အပြန်အလှန် ရင်းနှီးမှုရစေရန်ကို ရှေ့ရှု၍ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ချီးမြှင့်ချင်ပါက မြန်မာနိုင်ငံတွင် သမိုင်းအစဉ်အလာရှိသော၊  ဂုဏ်သတင်းကြီးသော တက္ကသိုလ်များ မရှိပါသဖြင့် အစဉ်အလာနှင့် ဂုဏ်သတင်းကြီးမားခဲ့သော ရန်ကုန်တက္ကသိုလ်ကို ပြန်လည်စည်ကား အသက်ဝင်အောင် လုပ်ဆောင်မည့်အပြင် ပညာရေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်နှင့် ဆေးတက္ကသိုလ် အသီးသီးကိုလည်း နိုင်ငံတကာအဆင့် မှီအောင်ကြိုးပမ်းပါမည်။

    ကမ္ဘာ့ အဆင့်မှီ သင်ရိုးညွှန်းတမ်းများနှင့် Teaching Methodology များအတွက် တာဝန်ရှိမည် ဖြစ်သော ရန်ကုန်တက္ကသိုလ် အဓိပတိ (Chancellor) တစ်ဦးကို ဒီမိုကရေစီနည်းအရဖြစ်စေ၊ အမှန်တကယ် အရည်အချင်း ရှိသူကိုဖြစ်စေ  ရွေးချယ်နိုင်ရေးအတွက် လိုအပ်သော Rule & Regulation များကိုလည်း ရေးဆွဲပေးပါမည်။ Rector ကို Chancellor နှင့် အစားထိုးခြင်းဖြင့် တက္ကသိုလ် ပရဝုဏ်ရှိ အဓိပတိလမ်းမဟူသော အမည်သညာက ပို၍ အဓိပ္ပါယ်ရှိလာပါလိမ့်မည်။

    ရန်ကုန်တက္ကသိုလ် (ပင်မ)နှင့် များမကြာမီ ပြန်လည်တည်ဆောက်မည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံတို့၏ (Custodian) ထိန်းသိမ်းစောင့်ရှောက်သူများအဖြစ် ကျွန်ုပ် (သမ္မတ ရာထူး)နှင့် ဒေါ်အောင်ဆန်းစုကြည် (အဓိက အတိုက်အခံ ပါတီ ဥက္ကဌ ရာထူး) တို့ကတာဝန်ယူပြီး အဖက်ဖက်က ကမ္ဘာ့အဆင့်မှီယုံမက အစဉ်အလာရှိသော တက္ကသိုလ် တစ်ခုအဖြစ် ပြန်လည်ပေါ်ထွက်လာအောင် ဆောင်ရွက်ပါမည်။ အဆောက်အအုံကိုသာ ကျွန်ုပ်တို့ ထိန်းသိမ်းစောင့်ရှောက်ပြီး သမဂ္ဂ၏ လုပ်ငန်းများနှင့် ဆုံးဖြတ်ချက်များသည် လွတ်လပ်စေရပါမည်။

    Power Balance အတွက်သာ ကျွန်ုပ်ပါဝင်ခြင်းဖြစ်ပြီး Custody လုပ်ငန်းအများစုကို ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဦးဆောင်စေခြင်းဖြင့် ကမ္ဘာကလက်ခံသော တက္ကသိုလ်ကြီးတစ်ခု အမြန်ဆုံး ပေါ်ထွက်လာမည်ဟု ကျွန်ုပ်အနေဖြင့် ယုံကြည်ပါသည်။

    ၂။ ကျောင်းသားသမဂ္ဂကို ဒီမိုကရေစီ၏ ပဉ္စမ မဏ္ဍိုင်ဖြစ်စေမည့် ကမ္ဘာ့သမိုင်း စာမျက်နှာအသစ်ကို ကျွန်ုပ်ရေးပါမည်။

    ၈၈၈၈ အရေးအခင်းဟု နဝတ သတင်းစာများတွင်နှိမ့်ချသမုတ်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကြီးကိုဦးဆောင် ဦးရွက် ပြုခဲ့ကြတဲ့ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈ လေးလုံးကျောင်းသားခေါင်းဆောင်တွေကို နိုင်ငံတော် အဆင့် စုံစမ်းရေးကော်မရှင်မှာ ထဲ့သွင်းအသုံးချ  ပွဲထုတ်ပေးရတဲ့ အခြေအနေ၊ အဆင့်ကို ရောက်နေပါပြီ။

    သွားလေသူ မဆလ နောက်ဆုံး သမ္မတ ဒေါက်တာမောင်မောင်ကလည်း ဗိုလ်ချုပ်ကြီး နေဝင်းအစိုးရ ဖြိုချဖျက်ဆီးခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂကြီးကို ပြန်လည်တည်ဆောက်တဲ့အခါ ပျော်ပျော်ပါးပါး အုတ်မြစ်ချကြရအောင်လို့ နိုင်ငံအခြေပြ မိန့်ခွန်းမှာ ပြောခဲ့ဘူးပါတယ်။

    ၈ လေးလုံးကျောင်းသားတွေကိုတောင် အသိအမှတ်ပြုနေရမှတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းဝင်၊   အစဉ်အဆက်သော ကိုလိုနီခေတ် ကျောင်းသားခေါင်းဆောင်ကြီးများကို လေးစား ဂုဏ်ပြုသော အနေဖြင့် ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဆောက်အအုံကို မှုလနေရာတွင် ပြန်လည် တည်ဆောက်ပေးပြီး လွတ်လပ်သော၊ တက်ကြွသော၊ ခေတ်မှီသော ကျောင်းသားသမဂ္ဂတစ်ခုကို စနစ်တကျ ပြန်လည်ဖွဲ့စည်းပေးကာ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ ဂုဏ်ထူးဆောင် နာယကများအဖြစ် ၁၉၆၂ နှင့် ၁၉၈၈  ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော ဦးလှရွှေနှင့် ကိုမင်းကိုနိုင်ကိုဆောင်ရွက်စေပါမည်။

    ကမ္ဘာ့သမိုင်းစာမျက်နှာတွင် မြန်မာ့ဒီမိုကရေစီရေး တည်ငြိမ်စွာပြောင်းလဲမှုသည် သမိုင်းစာမျက်နှာ အသစ် ဖြစ်သွားသောကြောင့် ဂုဏ်ယူပါသည်။

    ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် သတင်းမီဒီယာဟူသော ဒီမိုကရေစီ၏ မဏ္ဍိုင် လေးခု အနက် စတုတမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာသည် ကျန်သုံးခုကို စောင့်ကြည့် တည့်မတ်ရန်ဟု ဆိုကြ၏။

    မြန်မာနိုင်ငံမှ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂသည် ပထမ မဏ္ဍိုင် ၄ ရပ်ကို စောင့်ကြည့်တည့်မတ်မည့် ဒီမိုကရေစီ၏ ပဉ္စမ မဏ္ဍိုင် ဖြစ်လာစေမည့် ကမ္ဘာ့သမိုင်းစာမျက်နှာအသစ် တစ်ခုကို ကျွန်ုပ် ထပ်မံ၍ ရေးပါဦးမည်။

    ဒီနေရာတွင် ကြုံ၍ ပြောချင်ပါသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂကို မူလ Blue Print အတိုင်းပြန်လည်တည်ဆောင်ရန်ကိစ္စကို ကျွန်ုပ် သဘောမတူပါ။ Lecture Theater with multimedia room, Assembly Hall with projector & screen, Meeting room, Library with internet connection, Offices for President, secretary & staffs of Student Union, Computers & copiers, Phone connection, Parlor rooms to accept international visitors, Snack bar and dining room, Toilets နှင့် ကျောင်းသားသမဂ္ဂ သမိုင်းဆိုင်ရာ ပြခန်းများ စသည်ဖြင့်အင်္ဂါစုံသော အထပ်မြင့် စွမ်းအင်ချွေတာသော၊ ပတ်ဝန်းကျင် ထိန်းသိမ်းသော ခေတ်မှီ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အအုံ အသစ်တစ်ခု ကို တည်ဆောက်ကာ အနာဂတ် နိုင်ငံခေါင်းဆောင်ကောင်းများပေါ်ထွက်လာစေရန် ကျောင်းစာသာမက လိုအပ်သော အဌာရသ များကိုလည်း လေ့ကျင့်ပေးပါမည်။ သမဂ္ဂအသုံးစားရိတ်အတွက် Chancellor ကချပေးသော Budgets ကိုသုံးဆွဲပြီး နိုင်ငံတော် စာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်ပါမည်။

    သို့မှသာအစဉ်အလာ ကြီးမားသော တက္ကသိုလ်ကြီးတစ်ခု မြန်မာနိုင်ငံတွင် အမြန်ဆုံး ပြန်လည် ပေါ်ထွက်လာမည် ဖြစ်ြပီး  ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂသည်လည်း ကမ္ဘာ့သမိုင်းနှင့် မြန်မာ့သမိုင်းစာမျက်နှာများတွင် ဒီမိုကရေစီ၏ ပဉ္စမ မဏ္ဍိုင်ဖြစ်လာပါလိမ့်မည်။

    Disclaimer

    နိုင်ငံရေး စာစီစာကုံးများကို ရေးသားနေသော ကျွန်ုပ်သည် တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ်ပင် ဆောင်ရွက်ပိုင်ခွင့် မရှိသော၊ မြန်မာစစ်စစ် မိခင်မှ မြန်မာ့မြေပေါ်တွင် မွေးဖွားသည့် မဲပေးခွင့် သာရပြီး ရွေးကောက်ခံပိုင်ခွင့် မရှိသော်လည်း မြန်မာနိုင်ငံ စစ်မှုထမ်းမှုဥပဒေအရ စစ်မှုထမ်းရန် တာဝန်ရှိသော မြန်မာနိုင်ငံသား တစ်ဦးသာ ဖြစ်ပါသည်။