News @ M-Media

Blog

  • အမေရိကန်၌ ကျောင်းသင်ခန်းစာများ အလွန်လွယ်နေဟုဆို

    အမေရိကန်၌ ကျောင်းသင်ခန်းစာများ အလွန်လွယ်နေဟုဆို

    Students return for their first day of classes at Barwell Road Elementary School in Raleigh, N.C., on Monday.

    အမေရိကန်နိုင်ငံမှာ နောက်ဆုံးစစ်တမ်းကောက်ယူမှုတစ်ခုအရ ကျောင်းသူကျောင်းသားငယ်များဟာ ကျောင်းတွေကို စိန်ခေါ်မှုမရှိ၊ လွယ်လွန်းနေတယ်လို့ သိရှိရခဲ့တဲ့အတွက် နိုင်ငံတဝှမ်း ပညာရှင်များအကြား အခြေအတင် ဆွေးနွေးစရာ ဖြစ်လာနိုင်တယ်လို့ USA TODAY သတင်းဌာနက ရေးသားတင်ပြပါတယ်။

    ဝါရှင်တန်မြို့(Washington) အခြေစိုက် ထိပ်တန်းပညာရှင်ကြီးများရဲ့ “အမေရိကန် တိုးတက်ရေး စင်တာ”(the Center for American Progress)က နှစ်စဉ်ကျင်းပတဲ့ နိုင်ငံအဆင့်စာစစ်ပွဲမှ မေးမြန်းကောက်ယူထားခဲ့တဲ့ သုံးနှစ်စာ အဖြေများကို စုစည်းသုံးသပ်ထားခြင်းပါ။

    ရှာဖွေတွေ့ရှိချက်အချို့မှာ –

    – စတုတ္ထတန်း ကျောင်းသူကျောင်းသား ၃၇-ရာခိုင်နှုန်းက သင်္ချာဘာသာရပ်ဟာ “မကြာခဏ” သို့မဟုတ် “အစဉ်အမြဲ” လွယ်လွန်းနေကြောင်း

    – အဌမတန်း ကျောင်းသူကျောင်းသား ၅၇-ရာခိုင်နှုန်းက သမိုင်းဘာသာရပ်ဟာ “မကြာခဏ” သို့မဟုတ် “အစဉ်အမြဲ” လွယ်လွန်းနေကြောင်းနဲ့

    – တစ်ဆယ့်နှစ်တန်း ကျောင်းသူကျောင်းသား ၃၉-ရာခိုင်နှုန်းက အတန်းတွင်း ဖတ်ရသမျှ သူတို့လိုက်ရေးလေ့ မရှိကြောင်းများ ဖြစ်ပါတယ်။

    မောင်လှငွေ
    ကိုးကား

    http://m.usatoday.com/article/news/56120106

  • အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ လက်ရှိ ကြွယ်ဝချမ်းသာမှု

    အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ လက်ရှိ ကြွယ်ဝချမ်းသာမှု

    မစ္စတာ ဘီလ်ကလင်တန်ဟာ သမ္မတအဖြစ်မှ အနားယူပြီး ၁၁-နှစ်တာကာလအတွင်း အခယူ ဟောပြောပွဲပေါင်း ၄၇၁-ခုကျင်းပပြုလုပ်ခဲ့ပြီး ယေဘူယျအားဖြင့် တစ်ခုကို အမေရိကန်ဒေါ်လာ ၁၈၉,၀၀၀ ခန့်ရရှိပါတယ်။

     

    အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် ၂၀၀၁-ခုနှစ် ရာထူးသက်တမ်းကုန်းဆုံး အိမ်ဖြူတော်မှ အနားယူပြီးနောက်ပိုင်း အမေရိကန်ဒေါ်လာ ၈၉-သန်း ဝင်ငွေရှိခဲ့တယ်လို့ CNN သတင်းဌာနက လေ့လာတင်ပြသွားပါတယ်။ ဇနီးသည် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီရဲ့ နိုင်ငံရေးသမားများ နှစ်စဉ်ကြေညာဖော်ပြရတဲ့ ဘဏ္ဍာရေးအစီရင်ခံစာအရ သိရှိရခြင်းဖြစ်ပါတယ်။

    ၂၀၁၁-ခုနှစ် တစ်နှစ်အတွင်းမှာပဲ အမေရိကန်ဒေါ်လာ ၁၃.၄-သန်း ရရှိခဲ့ပြီး ယခင် ဝင်ငွေစံချိန်ထက် ၂၅-ရာခိုင်နှုန်း မြင့်မားပါတယ်။ ဤဝင်ငွေဟာ သူ့ရဲ့  ကမ္ဘာလှည့်ဟောပြောပွဲများမှ ရရှိခြင်းဖြစ်ပါတယ်။၂၀၁၁-ခုနှစ်မှာ အခယူ ဟောပြောပွဲပေါင်း ၅၄-ခု ကျင်းပခဲ့ပြီး ၂၀၁၀-ခုနှစ်မှာလည်း အလားတူရှိခဲ့ပါတယ်။

    ၂၀၁၀-ခုနှစ်မှာ ဟောပြောပွဲ ၅၂-ခုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀.၇-သန်းရရှိ စံချိန်တင်ခဲ့ပြီး ၂၀၀၉-ခုနှစ်တုန်းကလည်း အမေရိကန်ဒေါ်လာ ၇.၅-သန်းထိ ရရှိခဲ့ပါတယ်။

    အခကြေး အမြင့်ဆုံးအနေဖြင့် နိုဝင်ဘာလ ဟောင်ကောင်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဆွီဒင်ဆက်သွယ်ရေးကုမ္ပဏီ အဲရစ်ဆင်ရဲ့ ပွဲဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇-သိန်းခွဲ ရရှိခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံ လာဂိုစ့်မြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာ ထုတ်ဝေရေး လုပ်ငန်းတစ်ခုရဲ့ ဟောပြောပွဲမှ အမေရိကန်ဒေါ်လာ ၇-သိန်းအပြင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ စီးပွါးရေး ဆွေးနွေးပွဲ ဖိုရမ်မှာ ဟောပြောခဲ့ရာမှာလည်း အမေရိကန် ဒေါ်လာ ၅-သိန်းခွဲ ရရှိခဲ့ပါတယ်။ ယူအေအီးနိုင်ငံ၊ ဩစတီးယားနိုင်ငံနှင့် ဟော်လန်နိုင်ငံရှိ ဟောပြောပွဲများမှလည်း သီးခြား အမေရိကန်ဒေါ်လာ ၅-သိန်းစီ ရရှိခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်က ကနေဒါနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံ ၁၁-ခုမှာပြုလုပ်ခဲ့တဲ့ ဟောပြောပွဲ ၁၆-ခုမှတင် အမေရိကန်ဒေါ်လာ ၆.၁-သန်းရရှိပြီး ကျန်ဝင်ငွေမှာ အမေရိကန်ပြည်တွင်း ကျင်းပတဲ့ ဟောပြောပွဲ ၃၈-ခုမှရရှိခဲ့တာပါ။

    မစ္စတာ ဘီလ်ကလင်တန်ဟာ သမ္မတအဖြစ်မှ အနားယူပြီး ၁၁-နှစ်တာကာလအတွင်း အခယူ ဟောပြောပွဲပေါင်း ၄၇၁-ခုကျင်းပပြုလုပ်ခဲ့ပြီး ယေဘူယျအားဖြင့် တစ်ခုကို အမေရိကန်ဒေါ်လာ ၁၈၉,၀၀၀ ခန့်ရရှိပါတယ်။ အမေရိကန်နိုင်ငံတွင်း ပြည်နယ်ပေါင်း ၂၇-ခုကို လှည့်ဟောပြောပွဲခဲ့ပြီး ပြည်ပနိုင်ငံပေါင်း ၅၂-နိုင်ငံကို ရောက်ရှိလှည့်ဟောပြောခဲ့ပါတယ်။

    ပြီးခဲ့တဲ့လက ဇနီးသည် ဟီလာရီဟာ အမေရိကန်အစိုးရ အရာရှိတစ်ဦးအဖြစ် နိုင်ငံပေါင်း ၁၀၀ ရောက်ရှိခဲ့ပြီး က ကမ္ဘာအလှည့်ဆုံး အမေရိကန်နိုင်ငံသား စုံတွဲ စာရင်းဝင်ဖြစ်သွားပါတယ်။

    ၂၀၀၄-ခုနှစ်မှာတော့ ကိုယ်ရေးအတ္ထုပ္ပတ္တိ ရေးသားနေမှုက တစ်ကြောင်း၊ နှလုံးခွဲစိတ်ကုသမှု ခံယူထားရခြင်းက တစ်ကြောင်း ဟောပြောပွဲ ၆-ခုသာ ပြုလုပ်နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၇၅,၀၀၀ သာရရှိခဲ့ပါတယ်။

    ဇနီးသည် ဟီလာရီရဲ့ မအောင်မြင်ခဲ့တဲ့ ၂၀၀၈-ခုနှစ် သမ္မတ ရွေးကောက်ပွဲကြောင့် ၂၀၁၁-ခုနှစ်မှာ ပိုင်ဆိုင်မှု ၁၃.၄-သန်းမှ ၅.၇-သန်း လျော့သွားခဲ့ဖူးပါတယ်။ ဟီလာရီကတော့ လင်မယား နစ်ယောက်ပိုင်ငွေထဲက ၁၃.၂-သန်း ချေးငှါးသုံးစွဲခဲ့တယ် ဆိုငြားလည်း ပြန်ဆပ်နိုင်ခြင်းမရှိခဲ့ပါဘူး။ သို့သော်လည်း အဲဒီနှစ် ဇွန်လ ၇-ရက်မှာပဲ ဇနီးသည် ဟီလာရီ ရွေးကောက်ပွဲ နှုတ်ထွက်လိုက်ပြီး နောက်ပိုင်းမှာတော့ ဝင်ငွေ ၃-ဆတိုင်တိုင် တိုးသွားပါတယ်။

    မစ္စတာ ဘီလ်ကလင်တန်ဟာ ၁၉၇၇ မှ ၂၀၀၁-ခုနှစ်ထိတိုင် အစိုးရအမှုထမ်းခဲ့သူပါ။ ၂၀၁၀-ခုနှစ် တောင်အာဖရိကနိုင်ငံ ကေ့ပ်တောင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဖိုရမ်တစ်ခုမှာ သမ္မတသက်တမ်းပြီးဆုံးသွားချိန်အထိ သူ့မှာ ပိုင်ဆိုင်မှု ဘာမျှမရှိခဲ့ကြောင်းနဲ့ နောက်ပိုင်းမှာ အတော်အသင့် အဆင်ပြေလာခြင်း ဖြစ်ကြောင်း ပြောသွားဖူးပါတယ်။

    မောင်လှငွေ

    ကိုးကား

    http://edition.cnn.com/2012/07/03/politics/clinton-speaking-fees/index.html

     

     

  • စင်္ကာပူ ဂျမီအဟ် ကလေးများဂေဟာ အဆောက်အဦးသစ် ပြောင်းရွှေ့

    စင်္ကာပူ ဂျမီအဟ် ကလေးများဂေဟာ အဆောက်အဦးသစ် ပြောင်းရွှေ့

    ဇွန်လ ၈-ရက် ၂၀၁၂

    စင်္ကာပူနိုင်ငံ၌ ‘ဂျမီအဟ် ကလေးများဂေဟာ’ အား အဆောက်အဦးသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ပွဲ အခမ်းအနားသို့ လူ့စွမ်းအား အရင်းအမြစ်နှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး မစ္စတာ တန်ချူအန်ကျင်း တက်ရောက် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

    ‘ဂျမီအဟ် ကလေးများဂေဟာ’ စတင် တည်ထောင် လည်ပတ်နေသည်မှာ ၁၀-နှစ်ကြာရှိခဲ့ပြီဖြစ်၍ ယခု အစိုးရထောက်ပံ့ငွေ ၉၀-ရာခိုင်နှုန်း (စင်္ကာပူဒေါ်လာ ၃.၅ သန်း)ဖြင့် နေရာပိုမို ကျယ်ဝန်းပြီး အထောက်အကူ ပစ္စည်း ကိရိယာ ပိုမိုစုံလင်သော ‘ဂူလီမာဒ့်လမ်း’သို့ ပြောင်းရွှေ့ ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

    ၁၉၉၃-ခုနှစ်တွင် ‘ဘာတလေလမ်း’၌ စတင်တည်ထောင်ခဲ့ပြီး ‘ဒါရူလ် မာအဝါ’ အမည်ဖြင့် လူသိများထင်ရှားသည်။ ယခု အဆောက်အဦးသစ်၌ ဝတ်ပြုဆောင်၊ ကျယ်ဝန်းသော နားနေဆောင်အပြင် ကွန်ပြူတာ စက်ခန်းလည်း ပါရှိကြောင်း သိရသည်။

    မောင်လှငွေ

    ကိုးကား

    http://www.channelnewsasia.com/stories/singaporelocalnews/view/1212354/1/.html

    http://www.todayonline.com/Singapore/EDC120708-0000046/Jamiyah-Childrens-Home-moves-to-new-home

  • စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာ တင်စိုး ကွယ်လွန်

    ဇူလိုင်၊၁၀ ၊၂၀၁၂

    Source: Voice Weekly

    မြန်မာ့စီးပွားရေး ပညာရပ်များကို လက်ဆင့်ကမ်း သင်ကြားပေးခဲ့သည့် ပါမောက္ခ တစ်ဦးဖြစ်သည့် အပြင် မြန်မာ့ စီးပွားရေး အလားအလာများကို သုံးသပ် ဝေဖန် ထောက်ပြခဲ့သော စီးပွားရေး ပညာရှင် ဒေါက်တာ တင်စိုး(၆၉နှစ်)သည် ဇူလိုင် ၉ ရက်နေ့ ည ၇နာရီ ၄၅ မိနစ်တွင် ကွယ်လွန်သွားကြောင်း ၄င်း၏ မိသားစုများထံမှ သိရသည်။

    ပါမောက္ခဒေါက်တာ တင်စိုးသည် လွန်ခဲ့သည့် နှစ်နှစ်ခန့်က စင်္ကာပူနိုင်ငံသို့ သွားရောက် စာတမ်း ဖတ်ကြားစဉ် အာရုံကြော ချွတ်ယွင်းမှုကြောင့် လအတော်ကြာ ဆေးကုသ ခံယူခဲ့ရပြီး လမ်းမလျှောက် သည်အထိ ဖြစ်ခဲ့ရကြောင်း ယခု ထပ်မံ၍ ဆေးဝါး ကုသနေသည်မှာ ၄လခန့်ရှိပြီ ဖြစ်ပြီး ဇူလိုင်လ ၉ရက်နေ့ညတွင် ဆုံးပါးသွားခြင်း ဖြစ်သည်။

    • ဒေါက်တာတင်စိုးသည် ၁၉၆၇ ခုနှစ်မှ ၁၉၈၀ ခုနှစ် အတွင်း ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့်ပြင်ဦးလွင် စစ်တက္ကသိုလ် တို့တွင် နည်းပြအဖြစ် လည်းကောင်း၊
    • ၁၉၈၀ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ လက်ထောက်ကထိက (ရန်ကုန် စီးပွားရေး တက္ကသိုလ်)၊
    • ၁၉၈၆ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ကထိက(ရန်ကုန် စီးပွားရေး တက္ကသိုလ်နှင့် ဆစ်ဒနီ တက္ကသိုလ်)၊
    • ၁၉၉၃ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ တွဲဖက် ပါမောက္ခ(ရန်ကုန် စီးပွားရေး တက္ကသိုလ်)၊
    • ၁၉၉၄ ခုနှစ်မှ ၁၉၉၈ခုနှစ်အထိ ပါမောက္ခ( ဌာနမှူး )( ရန်ကုန်စီးပွားရေး တက္ကသိုလ်)၊
    • ၁၉၉၈ ခုနှစ်မှ ၂၀ဝ၀အထိ ပါမောက္ခ( ဌာနမှူး )( မန္တလေး အဝေးသင် တက္ကသိုလ်)၊
    • ၂၀ဝ၀ မှစ၍ ပါမောက္ခ(ဌာနမှူး) (ရန်ကုန် အဝေးသင် တက္ကသိုလ်)တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

    ပါမောက္ခ ဒေါက်တာတင်စိုးကို ယနေ့ နေ့လည် ၁နာရီတွင် ရေဝေး အစ္စလာမ် သုသာန်တွင် သဂြိုလ်ခဲ့သည်။

  • အမေရိကန်မှ ပထမဆုံး လူမည်းမွတ်စလင် မြို့တော်ဝန်

    အမေရိကန်မှ ပထမဆုံး လူမည်းမွတ်စလင် မြို့တော်ဝန်

    C. Jack Ellis
    Facebook – https://www.facebook.com/cjackellisformayor

    Clearance Jack Ellis ကို ၁၉၄၆-ခုနှစ် ဇန်နဝါရီလ ၆-ရက်မှာ မွေးဖွားခဲ့ပြီး သူဟာ ဒီမိုကရက်တစ်ပါတီဝင် နိုင်ငံရေးသမားတစ်ဦးဖြစ်၍ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် မေကွန်မြို့ရဲ့ မြို့တော်ဝန်အရာရှိဟောင်းပါ။ အမေရိကန် လေထီးခုန်တပ်မှာ နှစ်ပေါင်း-၂၀ အမှုထမ်းခဲ့ပြီး ဗီယက်နမ်စစ်ပွဲမှာလည်း ၂-နှစ်ကြာ တိုက်ပွဲဝင်ခဲ့သူပါ။ ၁၉၉၉-ခုနှစ်မှာ မြို့တော်ဝန်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ ပထမဆုံး လူမည်း မြို့တော်ဝန်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၀၃-ခုနှစ်မှာ နောက်တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ဘက်များအပေါ် အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။

    ၂၀၀၇-ခုနှစ် အာဖရိကတိုက် ဆီနီဂေါနိုင်ငံသို့ ခရီးရောက်စဉ် အစ္စလာမ်သာသနာ့ဘောင်အတွင်းဝင်ရောက်ခဲ့ပြီး မွတ်စလင်ဘွဲ့အမည် Hakim Mansour အဖြစ် ခံယူခဲ့ပါတယ်။ Hakim Mansour Ellis အဖြစ် တရားဝင်အမည်ပြောင်းလဲဖို့လဲ အစိုးရထံလျှောက်ထားကြိုးပမ်းခဲ့ပါတယ်။ မွတ်စလင်မဖြစ်ခင် နှစ်ပေါင်းများစွာကတည်းက ‘ကျမ်းတော်မြတ်ကုရ်အာန်’ ကို လေ့လာနေခဲ့ကြောင်းနဲ့ သူ့ဘိုးဘွားဘီဘင်များဟာ အာဖရိကမြောက်ပိုင်းမှ အမေရိကသို့ အစေခံကျွန်များအဖြစ် မရောက်ရှိခင်က ‘အစ္စလာမ်ဘာသာဝင်များ’ ဖြစ်ကြကြောင်း သူကပြောပါတယ်။

    လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုရှိတဲ့ အမေရိကန်မှာ နိုင်ငံသားဖြစ်ရတာ ဂုဏ်ယူမဆုံးကြောင်း၊ မည်သူမဆို ‘ အစ္စလာမ်သာသနာ’အကြောင်း လေ့လာသိရှိလိုပါက ပညာရှင်ဆန်စွာ ဆွေးနွေးတင်ပြမှာဖြစ်ကြောင်းနဲ့ သူ့ရဲ့ ရှာဖွေတွေ့ရှိနားလည်မှုအရ မိမိတို့အားလုံးဟာ ဘာသာသာသနာရေးရာမှာ အသိနည်းသူများသာဖြစ်ကြကြောင်း အစသဖြင့် သူကတင်ပြပါတယ်။

    ၂၀၀၇-ခုနှစ် ဇန်နဝါရီလမှာပဲ အခြားတစ်ဦးဖြစ်တဲ့ Keith Ellison ဟာ ပထမဦးဆုံး လူမည်းမွတ်စလင် အထက်လွှတ်တော်အမတ်အဖြစ် (the U.S. Congress) ရွေးချယ်ခံရပါတယ်။ သူကတော့ မီချီဂန်ဒေသကဖြစ်ပြီး ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးပါပဲ။ ဒက်ထရိုက်ပြည်နယ်မှာမွေးဖွားခဲ့ပြီး ကောလိပ်တက်နေစဉ် အစ္စလာမ် သာသနာ့ဘောင်အတွင်းဝင်ရောက်ခဲ့တာပါ။ အထက်လွှတ်တော်အမတ်ရာထူးလက်ခံပွဲမှာ  ဝေဖန်ကန့်ကွက်သူများရှိသော်လည်း  ‘ကျမ်းတော်မြတ်ကုရ်အာန်’ ကိုင်ပြီး သစ္စာဆိုခဲ့တာဟာဖြင့် ဂုဏ်ယူစရာပါပဲ။

    အမေရိကန်နိုင်ငံ အစ္စလာမ်သမိုင်းကိုလေ့လာကြည့်တော့ ၁၈-ရာစုကတည်းက မွတ်စလင်များ အခြေချနေထိုင်ခဲ့ကြတဲ့ အထောက်အထားတွေတွေ့ရပါတယ်။ နှစ်ပေါင်း-၁၀၀ အတွင်း မွတ်စလင်ဦးရေ တိုးတက်များပြားလာခြင်းဟာ ရွှေ့ပြောင်းလာသူများ (Muslim immigrants) တိုးပွါးလာယုံမျှသာမက  အစ္စလာမ်သာသနာ့ဘောင်အတွင်းဝင်ရောက်လာသူများလည်း အမြောက်အများရှိနေတာ အထင်အရှားပါ။ စစ်တမ်းများအရ အမေရိကန်မွတ်စလင်ဦးရေ ၃-ပုံ ၁-ပုံဟာ လူမည်းမွတ်စလင်များဖြစ်ကြပြီး နှစ်ပေါင်း-၇၀ အတွင်း အစ္စလာမ်သာသနာ့ဘောင်အတွင်းဝင်ရောက်လာသူများဖြစ်ပါတယ်။

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    References:

    http://en.wikipedia.org/wiki/C._Jack_Ellis

    http://wechooseislam.wordpress.com