News @ M-Media
Blog
  • အွန်လိုင်းတွင် လူမျိုးရေးခွဲခြားမှု မှတ်ချက်ကြောင့် လူငယ်နှစ်ဦးကို ဖမ်းဆီး
    အွန်လိုင်းတွင် လူမျိုးရေးခွဲခြားမှု မှတ်ချက်ကြောင့် လူငယ်နှစ်ဦးကို ဖမ်းဆီး
    စင်ကာပူ၊ ဇူလိုင် ၁၊ ၂၀၁၂
    source: http://www.channelnewsasia.com/stories/singaporelocalnews/view/1211003/1/.html
    Photo-AFP
    အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက် ၂ဦးကို စင်ကာပူရဲများက အွန်လိုင်းပေါ်တွင် လူမျိုးရေးခွဲခြားမှုမှတ်ချက်ကြောင့် တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်ကြောင်း စီအင်အေသတင်းက ဖော်ပြသည်။
    စင်ကာပူရဲဌာန၏ အစီရင်ခံစာတွင် အွန်လိုင်းပေါ့်၌ ၄င်းတို့နှစ်ဦးရေးသားထားသော မှတ်ချက်မှာ စင်ကာပူရှိ အမျိုးမျိုးအပြားပြားကွဲပြားနေသည့် လူမျိုးများအကြား မိတ်ဆွေအရင်းအခြာဖြစ်ခြင်းကို ထိခိုက်စေနိုင်ပြီး ရန်သူများသဖွယ်ဖြစ်လာနိုင်စေကြောင်း သိရသည်။
    သံသယဖြစ်ဖွယ် တရားခံနှစ်ဦးကို စီရင်ချက်မချမီ နောက်ထပ် ၂ရက် ထိန်းချုပ်ထားခဲ့သည်။
    စင်ကာပူနိုင်ငံဥပဒေ Sedition Act အရ ထိုကဲ့သို့ လူမျိုးရေးခွဲခြားမှုပြစ်ဒဏ်မှာ ဒဏ်ငွေ ဒေါ်လာ ၅ ထောင်နှင့် ထောင်ဒဏ် ၃ နှစ်အထိဖြစ်ကြောင်း သိရသည်။
    စင်ကာပူရဲများကမူ လွတ်လပ်စွာပြောဆိုပိုင်ခွင့်နယ်ပယ်တွင် လူမျိုးရေးနှင့် သာသနာရေး ပဋိပက္ခများဖြစ်ပွားစေနိုင်သည့် မှတ်ချက်များ မပါဝင်ကြောင်း ပြောဆိုသည်။
    စင်ကာပူနေ ပြည်သူများအနေဖြင့် အခြေအနေပိုမိုဆိုးရွားမလာစေရန် ယင်းကိစ္စနှင့် ပတ်သတ်ပြီး ပြန်လည်တင်ပြပြောဆိုခြင်းနှင့် မှတ်ချက်တစုံတရာ ပေးခြင်းများမှ ရှောင်းရှားသင့်ကြောင်း စီအင်အေက ဖော်ပြသည်။
    ဘီဒွတ်ရဲဌာနမှူးနှင့် ဒုတိယ ရဲမင်းကြီးဖြစ်သူ ဟောင်းကွမ်ဟွီးကမူ “အင်တာနက်က တစုံတယောက်ရဲ့အမြင်ကို ဖော်ပြဖို့ လွယ်ကူတဲ့နေရာတစ်ခုပါ။ ဒါပေမယ့် သူတို့ရဲ့အွန်လိုင်းပေါ်မှာ ပြုလုပ်လိုက်တဲ့ အပြုအမူတွေအတွက် တာဝန်ယူပေးရမယ်ဆိုတာ လူထုဘက်က သဘောပေါက်ထားရပါမယ်။ ရဲများဘက်ကတော့ သဟာဇာတရှိနေတဲ့ စင်ကာပူ လူနေမှုအသိုင်းအ၀န်းကို ခြိမ်းခြောက်နိုင်တဲ့ ခက်ထန်တဲ့ ဘယ်အပြုအမူကိုမဆို ကိုင်တွယ်သွားမှာပါ” ဟု ပြောကြားသည်။
    စီအင်အေ
  • ကိုရီးယားနိုင်ငံသို့ အစ္စလာမ်သာသနာ ဘယ်လိုရောက်ရှိခဲ့ပါသလဲ?
    ကိုရီးယားနိုင်ငံသို့ အစ္စလာမ်သာသနာ ဘယ်လိုရောက်ရှိခဲ့ပါသလဲ?
    တောင်ကိုရီးယားနိုင်ငံတော်အလံ Photo-google
    ၁၉၅၀-ခုနှစ် ဇွန်လ ကိုရီးယားစစ်ပွဲအပြီး ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပါဝင်ရောက်ရှိလာတဲ့ တူရကီတပ်မတော်မှ ညီနောင်များမှ စတင်သာသနာပြုခဲ့တာပါ။ ၁၉၅၅-ခုနှစ် စက်တင်ဘာလမှာ  တပ်သားနှစ်ဦးဖြစ်တဲ့ ‘ဇူဘာကောခ်ျ’ (Zubercoch) နဲ့ ‘အဗ္ဗဒူ ရာမန်’ (Abdul Rahman) တို့က ယာယီတဲတစ်ခု စတင်ဆောက်လုပ်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်အဖြစ်အသုံးပြုကာ အစ္စလာမ်သာသနာကိုသင်ကြားပြသခဲ့ပါတယ်။ တူရကီတပ်မတော်က ဒုက္ခသည်စခန်းရွာတွေမှာ ယာယီတဲ ဗလီဝတ်ကျောင်းတော်များဖြင့် သာသနာပြုခဲ့ပါတယ်။ ပထမအဆင့်အနေဖြင့် ၁၉၅-ခုနှစ် အောက်တိုဘာလမှာ အစ္စလာမ်ဘာသာဝင်ညီနောင်များက အစောပိုင်းမှာ Korea Muslim Committee ကို စတင်အကောင်အထည်ဖော်ပါတယ်။
    ၁၉၆၁-ခုနှစ် စက်တင်ဘာလမှာ မလေးရှားနိုင်ငံမှ လွှတ်တော်အမတ် ‘အိုဗိုင်ဒူလာ’ ဦးဆောင်တဲ့ ၁၄-ဦးအဖွဲ့ ၁၃-ရက် သာသနာပြုခရီးရောက်ရှိခဲ့ပါတယ်။ အချို့ ကိုရီးယားမွတ်စလင်များကို မလေးရှားနိုင်ငံ မွတ်စလင်ကောလိပ်သို့ စေလွှတ်ပြီး ပညာသင်ကြားပေးတယ်။ ၁၉၆၂-ခုနှစ် ဩဂုပ်လမှာ ဒုဝန်ကြီး Tunku Abdul Rahman ဦးဆောင်တဲ့ သံတမန်အဖွဲ့ဟာလည်း သွားရောက်လေ့လာခဲ့ပြီး မလေးရှားအစိုးရမှ ‘ဆိုးလ်မြို့’၌ ဗလီဝတ်ကျောင်းတော်တည်ဆောက်ရန် Korea Muslim Community သို့ ဒေါ်လာ ၃၃၀၀၀ လှူဒန်းခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနဲ့ အခြားအခက်အခဲများကြောင့် အပြီးမသတ်နိုင်ခဲ့ပါ။ ၁၉၆၃-ခုနှစ် အောက်တိုဘာလမှာ မလေးရှားအစိုးရအရာရှိတစ်ဦးဖြစ်တဲ့ Haji Muhammad Nur ကလည်း သာသနာပြုလုပ်ငန်းများ သေချာစွာလုပ်ကိုင်နိုင်ဖို့ မလေးရှားအစိုးရကို တိုက်တွန်းကြိုးပမ်းခဲ့ပါတယ်။
    ၁၉၆၇-ခုနှစ် မတ်လ ၃-ရက်နေ့မှာ အစိုးရခွင့်ပြုချက်နဲ့ Korean Islamic Foundation ကို စတင် မှတ်ပုံတင်တည်ထောင်နိုင်ခဲ့ပြီး သာသနာပြုလုပ်ငန်းအား အရှိန်အဟုန်ဖြင့် လွတ်လပ်ပွင့်လင်းစွာလုပ်ကိုင်နိုင်ခဲ့ကြပါတယ်။
    ၁၉၆၀-ခုနှစ်မှာ ‘Subri Seo Jung Gil ‘ ဦးဆောင်ပြီး  ပထမဆုံးအကြိမ် ‘ဟဂ်ျ’ပြုနိုင်ခဲ့တယ်။ ၁၉၇၈-ခုနှစ် အောက်တိုဘာလမှာ မွတ်စလင်ဦးရေ ၁၃၂-ဦး ‘ဟဂ်ျ’ပြုနိုင်ခဲ့ပြီး ၁၉၇၉-ခုနှစ်မှာ ၁၀၄-ဦး ‘ဟဂ်ျ’ပြုနိုင်ခဲ့တာဟာလည်း  ကိုရီးယားမွတ်စလင် သာသနာပြု လုပ်ငန်းအား ပိုမိုအားတက်အရှိန်ရစေခဲ့ပါတယ်။ ၁၉၇၄-၁၉၈၀ ခုနှစ်ကာလ အရှေ့အလယ်ပိုင်းဒေသ တိုးတက်ကြီးပွါးထင်ရှားလာမှု (Boom of Middle East) ဟာလည်း  ကိုရီးယားမွတ်စလင် သာသနာပြုလုပ်ငန်းအား အာရုံစိုက်မှုရရှိစေခဲ့ပါတယ်။
    ၁၉၇၄-ခုနှစ် ဒီဇင်ဘာလမှာ သမ္မတကြီး Park Jung Hee  ကဦးစီး၍ ဗလီဝတ်ကျောင်းတော်တည်ဆောက်ရန် စကွဲမီတာ ၁၅၀၀ ရှိ မြေကွက်အား လှုဒါန်းခဲ့ပါတယ်။
    ဆိုးလ်မြို့ရှိ ဗဟိုဗလီ Photo- http://en.wikipedia.org
    ၁၉၇၆-ခုနှစ် မေလမှာ ‘ဆိုးလ်မြို့’၌ ‘ဗဟို ဗလီဝတ်ကျောင်းတော်’ (Central Masjid) ကိုတည်ဆောက်ပြီးစီးနိုင်ခဲ့ပြီး Islamic Center ကိုလည်း ဖွင့်လှစ်နိုင်ခဲ့တာဟာ ကိုရီးယားမွတ်စလင်တို့အတွက် ကြီးမားသောအောင်မြင်ပြောင်းလဲမှုကြီးဖြစ်ခဲ့ပါတယ်။ သာသနာဝင်အရေအတွက်လည်း တိုးတက်များပြားလာခဲ့ပါတယ်။
    ပထမဆုံး ဗလီဝတ်ကျောင်းတော်ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံရပ်ခြားဂုဏ်သရေရှိပုဂ္ဂိုလ်များအပြင် ဝန်ကြီးချုပ် ‘Choi Gyu Hwa’ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့အတွက်  အစ္စလာမ်သာသနာအပေါ်စိတ်ဝင်စားမှုဟာလည်း တိုးတက်များပြားလာပါတယ်။
    ၁၉၇၆-ခုနှစ် ဒီဇင်ဘာလမှာ ဘူဆန်မြို့မှာ ဗလီဝတ်ကျောင်းတော် တည်ဆောက်ခဲ့ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာလည်း ကိုရီးယားအစ္စလာမစ်ယဉ်ကျေးမှုဌာန ဖွင့်လှစ်ထားရှိနိုင်ခဲ့ပါတယ်။ ၁၉၇၈-ခုနှစ် ဧပြီလမှာ အခြားမြို့တစ်ခုမှာလည်း ဗလီဝတ်ကျောင်းတော်တည်ဆောက်ခဲ့ပါတယ်။
    ၁၉၈၀-ခုနှစ် မေလ နှစ်နိုင်ငံထိပ်သီးအစည်းအဝေး၌ ဝန်ကြီးချုပ် ‘Choi Gyu Hwa’ က ဆော်ဒီဘုရင် ‘ခါလစ်ဒ်’ အား ‘ကိုရီးယား အစ္စလာမစ် ကောလိပ်’ ဖွင့်လှစ်နိုင်ရန် မြေကွက်လှုဒါန်းဖို့ ကတိပြုခဲ့ပါတယ်။ ၁၉၈၀-ခုနှစ် စက်တင်ဘာလမှာ ‘ဘူဆန် အလ်ဖာတာ ဗလီဝတ်ကျောင်းတော်’ နဲ့ ၁၉၈၁-ခုနှစ် ဇွန်လမှာ ‘ဂွမ်ဂျု ဗလီဝတ်ကျောင်းတော်’များ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၆-ခုနှစ် ဧပြီလမှာ ‘အန်ယန် ရာဘီတာ အလ်အလမ် ဗလီဝတ်ကျောင်းတော်’ နဲ့ စက်တင်ဘာလမှာ ‘ကျွံဂျု အဘူဗကရ်ဆီဒက် ဗလီဝတ်ကျောင်းတော်’ များ ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။
    ၁၉၉၀-ခုနှစ်မှာ ‘စူလ်တန်ဘင် အဗ္ဗဒူအဇစ်’ အခြေခံစာသင်ကျောင်း (Madrasah) ကိုတည်ထောင်ခဲ့ပြီး ၂၀၀၉-ခုနှစ် မေလမှာ ပထမဆုံး အစ္စလာမစ်မူလတန်းကျောင်း (Elementary School)ကို ဖွင့်လှစ်ခဲ့ပါတယ်။ နောင်အခါ အထက်တန်းကျောင်း၊ တက္ကသိုလ်တို့အပြင် ယဉ်ကျေးမှုဌာနများလည်း ဖွင့်လှစ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။ ဆော်ဒီအာရေဗျ သံအမတ်ကြီး ‘အဗ္ဗဒူလာ အလ်အိုင်ဖန်’ ဆော်ဒီအာရေဗျအစိုးရကိုယ်စား Korea Islamic Foundation သို့ ဒေါ်လာ ၅-သိန်း ပေးအပ်လှုဒါန်းခဲ့ပါတယ်။
    အီရတ်စစ်မြေပြင်သို့ တာဝန်ထမ်းဆောင်ရင်း အစ္စလာမ်သာသာကို ကူးပြောင်းသက်ဝင်ယုံကြည်လာသူ ကိုးရီယားစစ်သား ၃၇ ယောက် More News-
    ၂၀၀၇-ခုနှစ် စာရင်းဇယားများနဲ့ Korea Islam Institute ဥက္ကဌ Lee Hee Soo ရဲ့ပြောကြားချက်အရ တောင်ကိုရီးယားနိုင်ငံမှာ မွတ်စလင်ဦးရေ ၄၀၀၀၀-ကျော်ရှိနေ ပါပြီ။
    (စကားချပ်။     ။ တောင်ကိုရီးယားမိတ်ဆွေတစ်ဦးရဲ့ မကြာသေးမီက ပြောပြချက်အရ အစ္စလာမ်သာသနာဟာ အလျင်အမြန်ပြန့်နှံ့နေကြောင်း ဝမ်းသာအားရ သိရှိရပါတယ်။)
    လင်းယုန်နက် (ခြင်္သေ့မြို့တော်) ရှာဖွေစုဆောင်းတင်ပြသည်။
    References:
    http://www.islamkorea.com
    http://en.wikipedia.org/wiki/Islam_in_Korea
  • ဆရာထက် လက်စောင်းထက်သည့် တပည့်ကျော်
    ဆရာထက် လက်စောင်းထက်သည့် တပည့်ကျော်
    ဂျူလိုင်ရဲရင့်
    Photo-Google
    ဂျပန်နိုင်ငံသည် ၁၉၅၀ မှ ၁၉၇၀ ခုနှစ်အတွင်း အဆင့်မြင့်စက်မှု ကုန်ထုတ်နည်းပညာများကို အနောက်တိုင်းမှ နှစ်ပေါင်း ၂၀ နီးပါး သွင်းကုန်ပြုလုပ်ခဲ့ရသည်။ လက်ငင်းအပြတ် ၀ယ်ယူခြင်းမျိုးရှိသလို အများအားဖြင့် အငှါးသုံးခြင်း သို့မဟုတ် အကြွေးစံနစ်ဖြင့် ရယူခဲ့သည်။ ယနေ့သော် အဖြေထွက်လာသည်မှာကား ဂျပန်သည် စီးပွားရေးအရ ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်တည်နိုင်လာလေပြီ။ မိမိ၏ကုန်ပစ္စည်းများသားမကသေး၊ နည်းပညာ လမ်းကြောင်းပေးမှုကိုပင် အခြားနိုင်ငံများထံသို့ ပို့ကုန်ပြုနိုင်သည့်အဆင့်အထိ ရောက်သွားပါ၏။
    ဂျပန်တို့သည် သံနှင့်သံမဏိထုတ်လုပ်ခြင်းကို အမေရိကန်တို့ထံမှ သင်ယူခဲ့ကြသည်။ယခုအချိန်တွင်မူ ၄င်းတို့၏ နည်းနာများကို အမေရိကန်သို့ ပြန်လည်တင်သွင်းနိုင်သည်အထိ ကျယ်ပြန့်စွာတိုးတက်ဖွံ့ဖြိုးလာပေသည်။ တစ်ခါတုန်းက တပည့်လက်သား ဂျပန်သည် အီလက်ထရွန်းနစ် နှင့် ဆက်သွယ်ရေးကဲ့သို့ နယ်ပယ်များစွာ၌ ထိုးဖောက်လာနိုင်သည်သာမက အမေရိကသည် မိမ၏အရေးပါသော စစ်ရေးကဏ္ဍများစွာတွင် ဂျပန်၏နည်းပညာပံ့ပိုးမှုကို ရယူနေရပေ၏။ ဆရာထက် တပည့်ကျောက် လက်စောင်းထက်နေလေပြီ။ ရေစီးကြောင်း ပြောင်းပြန်ဖြစ်သွားပြီ ဟု သတင်းစာတစ်စောင်က ဖော်ပြထား၏ ( The Hindustan Times , June 11 , 1981 )
    ဂျပန်သည် စက်မှုထုတ်ကုန်လမ်းကြောင်း၌ နှစ်ပေါင်း၂၀ စိတ်ရောကိုယ်ပါ မြုပ်နှံခဲ့ကြသည်။ ရလဒ်သည်ကား စက်မှုကုန်ထုတ်လုပ်ငန်းများတွင် ပိုင်ပိုင်နိုင်နိုင်ခြယ်လှယ်စိုးမိုးနိုင်သည့် အဆင့်အတန်းသို့ ရောက်ရှိသွား၏။ အကယ်၍သာ အခြားတိုင်းနိုင်ငံများ၏ တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ အဓိကအချက်ကို လက်မခံဘဲ – အကူအညီ မရယူဘဲ မာန်မာနထောင်လွှားခဲ့ပါလျှင် ဂျပန်သည် ဤမျှခမ်းနားသည့် အောင်မြင်မှုအား ဘယ်သောအခါမျှ ရနိုင်မည်မဟုတ်တော့ချေ။
    ကျွန်ုပ်တို့အားလုံးသည်လည်း အောင်မြင်မှုရရန် ရှုံးနိမ့်ရလေ့ရှိပါသည်။ ကျွန်ုပ်တို့သည် စိတ်တိုင်းကျအဆင့်ထက် ကျော်လွန်သည်အထိ မိမိဖာသာ မစွမ်းဆောင်နိုင်သေးသရွေ့ မိမိ၏နိမ့်ကျသော အနေအထားကို လက်ခံနိုင်ရပါမည်။ မိမိ၏နိမ့်ကျသည့်အခြေအနေကိုလက်မခံဘဲ သို့မဟုတ် မိမိ၏အရှုံးကိုတစ်ပါးသူတို့အပေါ် ဇွတ်ပေပြစ်တင်လျက် ထိပ်တန်းသို့တက်လှမ်းနိုင်လိမ့်မည်ဟု အမျှော်ကြီးမျှော်လင့်နေသူများထက် – – – ဤသည် ဘ၀၏လိုအပ်ချက်တစ်ရပ်အဖြစ် သိမှတ်လက်ခံထားသူများမှာ ——- – – – – ဤလောကီ၌ အောင်မြင်ဖွယ်အခွင့်အလမ်းတစ်ရပ် လက်ဝယ်ရှိနေပေသည်။ နှိမ့်ချမှုမှ ပေါက်ဖွားလာသော စိတ်ရှည်သည်းခံခြင်း၊ ဇွဲသတ္တိ၊ အရည်အသွေးကို ခိုအောင်း ရယူခြင်းတို့သည် ကျွန်ုပ်တို့အား အောင်မြင်မှုထံ ဖြတ်သန်းရောက်ရှိစေနိုင်သည့် သီလတရားများပင် ဖြစ်ပါတော့သည်။
    M.W.Khn  ၏  Teachig the Teacher  ကို ပြန်ဆိုသည်။
  • သူတော်စင်ရွှေဘိုသခင်ကြီး(၄)ပါး (အလောင်းမင်းတရားလက်ထက်)
    သူတော်စင်ရွှေဘိုသခင်ကြီး(၄)ပါး (အလောင်းမင်းတရားလက်ထက်)
    ဆရာကြီးလေးပါးမှာ ပြည်ရွှေဘိုတွင် စုပေါင်းနေထိုင်ခဲ့သူများမဟုတ်ပဲ ဒေသခွဲများတွင် နေထိုင်သူများဖြစ်ကြပါသည်။ ဘုရင်မင်းမြတ် အမျက်တော်ရှ၍ ဆင့်ခေါ်တော်မူချိန်မှသာ ရွှေဘိုမင်းနေပြည်တော်သို့ စုရုံးရောက်ရှိခဲ့ကြပြီး ပြစ်ဒဏ်သင့်ခံခဲ့ရသော သူတော်စင် အစ္စလာမ်သာသနာဝင်ကြီးများဖြစ်ကြပါသည်။
    ဦးအောင်ဇေယျသည် ၁၇၅၉-ခုတွင် ယိုးဒယားသို့ စစ်မထွက်မီ တိုတောင်းလှသောကာလ၌ သာသနာ့ဂိုဏ်းကွဲများ ပေါ်ပေါက်သည်ကို ဖြေရှင်းခဲ့သည်။
    ဂေါဝိန္ဒပုဏ္ဏားစကားနှင့် ညီညွတ်သည်ဟု မင်းတရားကြီးထင်မှတ်တော်မူပြီး ဆရာကြီး(၄)ပါးအား အယူလွဲမှားနေသည်။ တရားဒေသနာတော် ဟောကြားပြုပြင်ရန် အချုပ်အာဏာသားတို့လက်သို့ လွှဲအပ် ခဲ့သည်။ မလိုက်နာငြင်းဆန်က စီရင်ရန် အမိန့်ချမှတ်တော်မူခဲ့သည်။ ဆရာကြီး(၄)ပါးတို့မှာ နောက်သားမြေးတို့အရေးမြော်တွေးပြီး ယုံကြည်ချက်အတွက် အသက်ပေးဆက်ခဲ့ကြသည်။ ဆရာကြီး(၄)ပါးကို ခေါင်းဖြတ်သတ်လိုက်သည်။ ထိုအချိန်တွင် ဥပ္ပါပျံ၊ တော်လဲ၊ ငလျင်လှုပ်၊ မှောင်ကြီးကျပြီး ကုန်းဘောင် ရွှေပြည်တွင် မိုးကြိုး(၁၃)ချက် တစ်ပြိုင်တည်းပစ်ခတ်သည်။ ဤနမိတ်အား ဘုရင်မင်းမြတ်မှ နက္ခတ်ဗေဒင်ပညာကျော် များအား ခေါ်ယူမေးမြန်းတော်မူရာ လူမျိုးတစ်ရာ့တစ်ပါးတို့တွင် မည်သည့်လူမျိုးဘာသာ ယုံကြည်မှုကိုမှ ညှဉ်းပန်းနှိပ်စက်၊ မပယ်ဖျက်သင့်ကြောင်း၊ ယခုအဖြစ်အပျက်မှာ တစ်ရာ့တစ်ပါးသော လူမျိုးမှ သူတော်စင်တို့ သွေးမြေကျ၍ ဤသို့ အတိတ်နမိတ်ကြီးများပြပါသည်။ (၃)နှစ်မိုးခေါင်ရန် ကိန်းရှိပါကြောင်း ပညာရှိများမှ လျှောက်တင်ကြသည်။
    ဘုရင်မင်းမြတ်မှ ဆရာကြီး(၄)ပါး အခြေအနေ၊ ကျွန်ယုံတော်များအားမေးတော်မူရာ ဆရာကြီးတို့ မချေမငံပြု၍ လက်လွန်သွားကြောင်း သံတော်ဦးတင်ရာ အသင်တို့ မိုက်မဲလေစွတကားဟု အပြစ်တော် တင်ကာ မလိုတမာကုန်းချောသည့် လက်သုံးတော် ၀င်္ကပုဏ္ဏားအား ထောင်သွင်း၍ အကျဉ်းထားစေ အမိန့်တော်သတ်မှတ်ပြီး ဆရာကြီး(၄)ပါး ခန္ဓာဝန်ချရာနေရာသို့ သွားရောက်ကြည့်ရှုရာ ခြတောင်ပို့(၄)လုံး ဖြစ်နေသည်ကိုမြင်တော်မူလျှင် အမှန်ပင်သူတော်စင်များပါတကားဟု ယူကျုံးမရဖြစ်ကာ ၎င်းနေရာကို မင်းမှုထမ်းများအား သဲဖြူခင်း၊ ရာဇမတ်ကာပြီး ရွှေထီး(၄)လက်မိုး၍ အစောင့်ထားရန် အမိန့်တော် သတ်မှတ်ခဲ့သည်။ နန်းတော်သို့ပြန်ပြီး ၀င်္ကပုဏ္ဏားမိုက်အား သတ်စေရန် အမိန့်ချကာ သုံးထောင်ခုနှစ်ရာ ဆရာကြီးမျိုးနွယ်များကို ဆင့်ခေါ်ပြီး မလိုတမာကုန်းချောစကားကြောင့် ယူကျုံးမရဖြစ်ရကြောင်း ဆရာကြီး(၄)ပါးကိုရည်စူး၍ ၀တ်ကျောင်းတော်လေးဆောင်လှူဒါန်းတည်ဆောက်ပေးမည့်အကြောင်း မိန့်ကြားတော်မူသည်။ မြေဒူးမြို့တွင် မှန်စီရွှေချဗလီကြီး(၄)လုံး တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များ အား ချီးမြှောက်ခဲ့သည်။
    ရှကျရတွလ်အီမံကျမ်းလာ သခင်ကြီး(၄)ပါးအကြောင်း
    မြန်မာဘုရင်ကို တင်သွင်းလွှာ (၁၂၄၅-ခုနှစ်၊ တော်သလင်းလ)
    ဘုရားကျွန်တော် မြေဒူးမြို့နေ သင်္ဘောဘလီဝင်၊ တကာကြီးငယ်တို့နှင့် ပသီကျောင်းထိုင် ဆရာမို့ဟရစ်ဒင် ရွှေဘ၀ါးတော်အောက် ရှိခိုးသံတော်ဦးတင်ပါသည်ဘုရား ။
    အင်းဝမင်းဆက် စနေမင်းလက်ထက် မြန်မာသက္ကရာဇ် (၉၀၀)ကျော်က မွတ်စ်လင်မ်လူပေါင်း သုံးထောင်ခွန်နှစ်ရာတို့သည် ကာသီရွှေဝါ၊ ကာသီရွှေဒုံး၊ ကာသီပန်းဝါ၊ ကာသီမြတ်ကြာ မင်နာနုရပ်၊ မင်းန၀ါဟရပ်၊ မင်းသီဟရပ်၊ မင်းနေမျိုးဂုဏ္ဏရတ်တို့နှင့် ၀င်စားလာရောက်ရာ စားမြဲ နေမြဲ ပေးချသနားတော်မူပြီးလျှင် ရွှေချမှန်စီ ပလီ(၄)လုံး မြေဒူးမြို့အတွင်း တည်လုပ်သနားတော်မြတ်ခံရ၍ ကျမ်းဂန်နှင့်အညီ ကျင့်ဆောင်နေထိုင်ကြသည်နောက် ယခု ဘုရင်မင်းမြတ်ဘေးတော် အလောင်းမင်းတရားကြီးလက်ထက် မွတ်စ်လင်မ်လူမျိုးတို့ကို မမြင်ဘူးသည်နှင့် အပါးတော်တွင် ကျွန်ယုံ ပုဏ္ဏား ဂေါဝိန္ဒကိ မေးတော်မူရာ ဂေါဝိန္ဒပုဏ္ဏားက ၎င်းလူမျိုးတို့သည် ကြက်ငှက်ကျွဲနွားတို့ကို အရှင်လတ်လတ် လှီးဖြတ်သစား၊ အယူမှားသောသူ လူမျိုးဖြစ်ပါသောကြောင့် ဟင်ဒွတ်စတံဒလင်လိ (ဒေလီ)ဗာရာဏသီမြို့များက နှင်ထုတ်လိုက်သောသူများဖြစ်ပါကြောင်း ရှိခိုးသံတော်ဦးတင်၍ ကျွန်တော်မျိုးဘေး၊ ဆရာကြီး မုဟမ္မဒ်ရှောင်ရှန်၊ ဆရာကြီး မိုဟစ်ဗွလ္လာ၊ ဆရာကြီးရှမ္မဒါရ်၊ ဆရာကြီးအွတ်သမံ တို့ကို အရတောင်းတော်မူပြီးလျှင် အစ္စလာမ်ဘာသာကိုလွှတ်၍ ၀က်သားကိုစားရ မည်။ ရုပ်ပွားဆင်းတုတို့ကို ရှိခိုးပူဇော်ရမည်။
    ရာဇမာန်ပွား၍ ထောင်မှာ အကျဉ်းချထား၊ ညှဉ်းပန်းနှိပ်စက်၊ အသက်ကို အသေသတ်မည်၊ ထုတ်ယူသွားရာ ၎င်းဆရာကြီး(၄)ပါးတို့သည် သုသာန်ဝမှာ ၀ိုဇူသန့်စင်၍ ဒိုရကအတ် နမာတ်ဖတ်ရွတ် ဒိုအာဆုတောင်းပြီးလျှင် ဦးချစစ်ဂျဒါတွင်းမှာ အသေခံသောကြောင့် ကောင်းကင်က အတိတ်ကြီးနမိတ်ကြီးပြသည်။ ငလျင်လှုပ်သည်။ ဥပ္ပါတ်ပျံသည်၊ တော်လဲသည်။ နန်းတော်ကန်တော့တိုင်ကို မိုးကြိုးပစ်သည်။ မှောင်ကျသည်။ နေမထွက် ကြယ်ပေါ်သည်။ နေ့ကိုညဥ့်အတိ ဖြစ်နေသည်။ နေ့ည၌မကွဲရှိနေသောကြောင့်
    ဂေါဝိန္ဒပုဏ္ဏားကို ထောင်မှာ အကျဉ်းထား သင့်၊ မသင့်ကို ချင့်ချိန်၍ အဆုံးစီရင်မည်။ ကြယ်သွားနေသွား အတိတ်ကိန်းခန်းကို နားလည်သူပညာရှိ တို့ကို ခေါ်၊ အမိန့်တော်နှင့်ခေါ်ပြီးလျှင် မေးတော်မူပြန်ရာ ၎င်းပညာရှိတို့က လူမျိုးတစ်ရာ့တစ်ပါးတွင် တစ်ပါးလူမျိုးကို မပယ်သင့်၊ ဦးခေါင်းကသွေးသည် မြေတွင်စွန်းငြိပါသောကြောင့် အစားအစာ မွတ်သိပ်ရန်၊ မိုးသုံးနှစ်မခြိမ်းမရွာရှိမည်။ မိုးမှောင်လည်း ခုနှစ်ရက်လည်မှ လင်းမည်၊ ထင်မြင်ပါကြောင်း ရှိခိုးသံတော်ဦးတင်ကြ၍ သူတော်စင် မှန်မမှန်ကို သုဿာန်ဝမှာ အစောင့်နှင့်ထား၊ မိန့်တော်မူပြီးလျှင် ၎င်း ဆရာကြီးလေးပါးအလောင်းသည် မဖူးမရောင်၊ မသိုးမပုတ်၊ ကျီးငှက်တို့အချဉ်း မှောင်လင်းသည့်နောက် ခုနှစ်ရက်ရှိလျှင် ခြတောင်ပို့လေးလုံး အထူးအဆန်းသည်ကို ရွှေနားတော်မြတ် ကြားသိတော်မူ၍ ရာဇမတ်ကာရန် ရွှေထီးလေးစင်းအုပ်ထားရှိသည့်နောက် မိုးသုံးနှစ်မခြိမ်းမရွာရှိသည်နှင့် မြေဒူးမြို့သို့ ထွက်စံတော်မူ၍ မူးမြစ်တူးဖောက်၊ ရွှေဘိုကန်တော်သို့ ရေသွင်းတော်မူပါ ဆရာကြီး(၄)ပါးတို့ အဆက်အနွယ်ကိုခေါ်၍ ရှေးအစဉ်အလာ ဘာသာထုံးစံကျမ်းဂန်ထွက်ရှိသည့်အတိုင်း ကျင့်ဆောင် ကိုးကွယ် စားသောက်နေထိုင်မြဲ ငြိမ်ဝပ်စွာနေထိုင်ရမည်။ အထက်ကနည်း ရွှေချမှန်စီ ဗလီလေးလုံး မြေဒူးမြို့အတွင်း တည်လုပ်သနားတော်မူပြန်၍ ငါးနှစ်မြန်မာနှင့် ရောနှောရှိနေသည်ကို ၎င်းမင်းတရားကြီး လက်ထက်ကစ၍ မြန်မာနိုင်ငံတွင် မွတ်စ်လင်မ်လူမျိုးတို့ ထင်ပေါ် စည်ပင်ရှိကြပါသည်။
    ၎င်းရွှေချမှန်စီ တည်လုပ်တော်မူခဲ့သည်။ သင်္ဘောဗလီသည် ပတိမ်းစားအရေးတွင် သူပုန်လူဆိုးတို့ ဖျက်ဆီးပျက်စီး၊ အမှုထမ်း ဆင်းရဲသားတို့ မတည်မလုပ်နိုင် ယခုတိုင် ဗလီဝင်လူတစ်ရာကျော်တို့သည် ၀တ်ဝါရိုဇာ နမာဇ် စောင့်ထိန်းရန် မရှိသည်ဖြစ်ပါသောကြောင့် ဘုရားကိုယ်စားတော်စားတည်လုပ် မစတော်မူလျှင် ကမ္ဘာထက်ဆုံးတိုင် ကုသိုလ်တော်သည် အခေါင်အဖူးထူးမြတ်လှသည်။ သိမ်ဗလီဖြစ်ပါ၍ တည်လုပ်မစ သနားတော်မြတ်ခံရပါမည့်အကြောင်းကို ရွှေဖ၀ါးတော်အောက် ရှိခိုးသံတော်ဦးတင်ပါသည်။
    (မြေဒူးရှိုက်မိုဟ်ယစ်ဒီန် (ခ) ဦးရွှေတောင်ရေး ရှဂျရတွလ်အီမံကျမ်းနှင့် ဖွသာအေ့အလွတ်ရှဟူရ်ကျမ်း၊ ၂-ကျမ်းတွဲ စာ ၁၆၇-၁၆၉)
  • မြန်မာပြည် သွားပြီလား
    မြန်မာပြည် သွားပြီလား
    အောင်တင်
    ဇွန်လ(၂၈) ၂၀၁၂
    Photo: United Nations
    ကျနော့အမြင်မှာတော့ မြန်မာပြည်ဟာ မြောင်းထဲကို အရှိန်နှင့် ဒလဟော ထိုးကျနေပြီလို့ ထင်တယ်။ ပိုဆိုးတာက မိုက်မိုက်မဲမဲ မြောင်းထဲတွန်းချသူတွေကို မတားဆီး၊ မကန့်ကွက်တဲ့အပြင် မသိကျိုးကျင်ပြုနေတဲ့သူတွေက ထုနှင့် ထည်နှင့် ရှိနေရုံတင်မက မသိမသာဖြစ်ဖြစ်၊ သိသိသာသာဖြစ်ဖြစ်၊ တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်၍ဖြစ်ဖြစ် အားပေးအားမြှောက်နေသူတွေနှင့် မြန်မာ့နိုင်ငံရေးလောက တစ်ခုလုံးမှာ ပြန့်နှံ့နေတယ်လို့တောင် ထင်မှတ်စရာဖြစ်နေပါပြီ။ နိုင်ငံရေးအရ မှန် မမှန်(Political Correctness)ကို အမြဲထောက်ပြနေတတ်တဲ့ နိုင်ငံရေး ပဏ္ဍိတ်တွေကလည်း အံ့သြစရာကောင်းလောက်အောင် ဆွံ့အနှုတ်ပိတ်နေကြတယ်။ ဒါက ကောင်းတဲ့ အလားအလာ၊ ကောင်းတဲ့ နိမိတ်(omen)တွေ မဟုတ်ဘူးဆိုတာ သေချာလွန်းပါတယ်။
    တောင်အာဖရိကမှာ နာမည်ဆိုးနှင့် ကျော်ကြားခဲ့တဲ့ Apartheid ဆိုတာကို ကျနော်တို့အားလုံး သိကြပါတယ်။ လူတွေကို မျိုးနွယ်အရ သီးခြားစီ ခွဲခြားထားခြင်း(Segregation)ဖြစ်ပါတယ်။ ဘယ်လူမျိုးတွေ ဘယ်နေရာကို မလာရ၊ ဘယ်နေရာမှာ မနေရ၊ ဘယ်ကားကို မစီးရ၊ ဘယ်စားသောက်ဆိုင်မှာ မစားရ၊ ဘယ်ကျောင်းကို မတက်ရ၊ ဘယ်နေရာမှာ ဘယ်အလုပ်ကို မလုပ်ရဆိုတဲ့ လူမျိုးချင်း ခွဲခြားဆက်ဆံမှု ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်း၊ မြို့ရွာ၊ ပြည်နယ်၊ နိုင်ငံအကျိုးအတွက် အဖွဲ့အစည်းတွေမှာ မတူညီသော လူအုပ်စုနှစ်စုက အကျိုးတူ ပူးပေါင်းလုပ်ဆောင်ဖို့ဆိုတာကတော့ စဉ်းစားစရာပင် မလိုတော့ပါ။ အင်မတန် ရွံရှာစရာကောင်း၊ ကြောက်စရာကောင်းတဲ့ အယူအဆဆိုးဖြစ်တာမို့ ယဉ်ကျေးတဲ့ ယနေ့လူ့ကမ္ဘာမှာ ဘယ်လိုလူသားဆန်တဲ့ လူသားမျိုးကမှ ကျင့်သုံးဖို့ တောင်းဆိုတာ၊ လှုံ့ဆော်တာ မပြောနှင့် ဒီအယူအမြင်ကို လက်ခံပါတယ်လို့တောင် မပြောရဲတဲ့ အင်မတန် ဆိုးယုတ်သိမ်ဖျဉ်းတဲ့ အယူဝါဒဖြစ်ပါတယ်။
    ပုံအကြီးချဲ့ ရန် ပုံကိုနှိပ်ပါ
    သို့သော် ကျနော်တို့ အမိမြန်မာပြည်မှာ ဒီဝါဒဆိုး segregationကို အတိအလင်း ကြေငြာချက်ထုတ်ပြန် တောင်းဆိုရဲတဲ့ နိုင်ငံရေးပါတီ ရှိနေပါပြီ။ ဘယ်နိုင်ငံရေးခေါင်းဆောင်၊ ဘယ်တိုင်းရင်းသား ခေါင်းဆောင်၊ ဘယ်ဘာသာရေးခေါင်းဆောင်၊ ဘယ်လူ့အခွင့်အရေးခေါင်းဆောင်၊ ဘယ်အစိုးရဝန်ကြီး၊ ဘယ်နိုင်ငံရေး၊ လူမှုရေးစတဲ့ အဖွဲ့အစည်းကများ ကန့်ကွက်သံ ကြားရလေမလားလို့ နှစ်ရက်ကြာအောင် စောင့်ဆိုင်းခဲ့ပါတယ်။ ရှက်စရာ ကြောက်စရာကို မရှက်မကြောက် လုပ်သူက လုပ်တယ်။ ဘယ်သူကမှ မလုပ်သင့်ဘူးလို့ တစ်ခွန်းဆိုသံ မကြားရသဖြင့် မြန်မာပြည် သွားပြီလားလို့ မေးခွန်းထုတ်ရခြင်းဖြစ်ပါတယ်။ (RNDP၏ ဤကြေငြာချက်ကို မသိရှိသေးသူများအား မဆိုလိုပါ။)
    RNDP (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)က ၂၀၁၂ခု ဇွန်လ (၂၆)ရက်နေ့စွဲနှင့် ထုတ်ပြန်သော ကြေငြာချက်အမှတ် ၀၄/၂၀၁၂မှာပါတဲ့ တရားမဝင် ခိုးဝင်လာသူများကို အရေးယူတာ၊ မူရင်းနိုင်ငံကို ပြန်စေတာတွေကိုတော့ လုံးဝ သဘောတူပါတယ်။ အငြင်းပွါးစရာ မရှိပါ။ သို့သော် ကြေငြာချက်ရဲ့ အမှတ်စဉ် ၆(ခ)မှာ၊ တရားဥပဒေချိုးဖေါက်သူတွေ၊ ရာဇဝတ်မှုကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူစေပြီး နိုင်ငံသားအချင်းချင်း သင့်မြတ်ရေး၊ အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးကို မဖြစ်ဖြစ်အောင် ဦးဆောင်ပေးရမည့်အစား
    ရခိုင်ပြည်နယ်အတွင်းရှိ မြို့ရွာများ၌ ရခိုင်လူမျိုးများနှင့် ဘင်္ဂလီလူမျိုးများ နီးကပ်စွာရောနှောနေထိုင်မှု မရှိရအောင် ဘင်္ဂလီလူမျိုးများအား သင့်တော်ရာ၌ ယာယီ သီးခြားနေရာချထားရန်
    လို့တောင်းဆိုထားပါတယ်။ ဒါကို Apartheid (Segregation) မခေါ်ရင် ဘာလို့ခေါ်မလဲဆိုတကို မြန်မာ့နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ လူမှုရေး၊ ဘာသာရေး၊ စီးပွါးရေး ခေါင်းဆောင်ကြီးများ ဖြေကြပါ။ ဒီလောက် ဆိုးသွမ်းဖေါက်ပြန်တဲ့ ကြေငြာချက်ကို ကြားသိလျှက်နှင့် နှုတ်ဆိတ်နေခြင်း၊ လူသိရှင်ကြား မကန့်ကွက် မရှုံ့ချခြင်းသည် သဘောတူ(Consent)သည်ဟု ဆိုနိုင်သဖြင့် ယနေ့ မြန်မာ့ခေါင်းဆောင်ကြီးများပေါ်တွင် သမိုင်းကြွေးတင်သွားပါပြီ။ နောင် မြန်မာပြည်ရဲ့ အခြားနေရာတွေမှာ အလားတူဖြစ်ရပ်တွေ ဖြစ်လာရင်၊ ဖြစ်လာအောင် လှုံ့ဆော်ပြီး ဘာသာမတူ၊ လူမျိုးမတူသူတွေရဲ့ အိုးအိမ်တွေကို မတရားသိမ်းပိုက်လိုလျှင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်ကြီးများ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ။
    အကြီးချဲ့ ရန် ပုံကိုနှိပ်ပါ
    ဒီလိုတောင်းဆိုသူတွေဟာ မိမိကိုယ်တိုင်က လိုလားပါတယ်ဆိုတဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုတာကို နားမလည် တန်ဖိုးမထားရုံတင်မက ကျင့်သုံးလိုဟန်ပင် မရှိကြောင်းကို အတိအလင်း ပြဆိုခြင်းဖြစ်တယ်။ ၁၉၄၈ခုနှစ်မှာ မြန်မာနိုင်ငံ ဖြစ်တည်လာပုံ၊ နိုင်ငံ စတင်တည်ထောင်စ ကတည်းက နှစ်နိုင်ငံ နယ်စပ်တွေမှာ လူမျိုးပေါင်းစုံတွေ ပြန့်နှံ့နေထိုင်ပုံ၊ တိုင်းပြည်နယ်နိမိတ် ခွဲခြားသတ်မှတ်မှုနှင့်အတူ ပါဝင်လာတဲ့ လူမျိုးတွေကို တရုပ်၊ ထိုင်း၊ အိန္ဒိယ၊ မြန်မာစသဖြင့် နိုင်ငံသစ်တွေက လက်ခံပေးရပုံ (ခိုးဝင်သူတွေကို လက္ခံပေးဖို့ မပြောပါ။) စသည့် သမိုင်းဖြစ်ရပ်တွေကို အခြေခံလောက်မှ နားမလည်ခြင်းကို ပြပါတယ်။ ပိုဆိုးတာက (၂၁)ရာစုမှာ လူသားအခြေခံပြီး လူသားချစ်စိတ်နှင့် တိုင်းပြည်ကို လက်တွေ့ကျကျ တည်ဆောက်ရမည့်အစား စိတ်ဝမ်းကွဲပြားမှုတွေနှင့် မညီမညွတ်ဖြစ်စေကာ တိုင်းပြည်ကို ချောက်ထဲထိုးချမည့် အမြင်ကျဉ်းမြောင်းသော ငါ့ဘာသာ၊ ငါ့သာသနာ၊ ငါ့လူမျိုးဆိုတဲ့ မျက်ကန်းမျိုးချစ်စိတ်ကို တာဝန်မဲ့ လှုံ့ဆော်ခြင်းဖြစ်တယ်။
    ကိုယ့်ပြည်သူတွေကို အကျိုးဖြစ်အောင် အသိဥာဏ်ဖွင့်ပေးရမည့်အစား အကျိုးယုတ် အသိကန်းအောင် အဆိပ်ခပ်ခြင်းဖြစ်တယ်။ (ရှေးခေတ်က ဟစ်အော်လာကြခဲ့တဲ့ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ စကားမျိုးကို လက်သုံးပြုလို့ မလုံလောက်တော့ဘူး။ မြန်မာပြည်မှာ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ နတ်ကိုးမှုစသည်ကို စွဲပြီး လူမျိုးရေးတရားလုပ်လို့မရဘူး။ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ပြီး တိုင်းရေးပြည်ရေးမှာ ညီညီညွတ်ညွတ် စုပေါင်းလုပ်ကြဖို့ ဖေဖေါ်ဝါရီလ(၁၁)ရက် ပင်လုံညီလာခံမှာ လက်မှတ်မရေးထိုးမီ ဗိုလ်ချုပ်အောင်ဆန်းက ကတိပြု ပြောကြားခဲ့ပါတယ်။ သံဃာတော်များက အမျိုး၊ ဘာသာ၊ သာသနာဟု ဆိုခြင်းကို နားလည်ပေးနိုင်သော်လည်း လူမျိုးပေါင်းစုံ၊ သာသနာ ပေါင်းစုံကို ကိုယ်စားပြုရမည့် နိုင်ငံရေး ခေါင်းဆောင်များက အမျိုး၊ ဘာသာ၊ သာသနာဟု ပြောလာမည်ဆိုလျှင် မိမိစီးသောမြင်းကို အထီးမှန်း အမမှန်း မသိသူများ ဖြစ်ရာ၏။ လွန်ခဲ့သော (၆၆)နှစ်ကပင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ထောင်စုနိုင်ငံ တည်ထောင်ရေးအတွက် လက်တွေ့မကျဟုဆိုကာ ပယ်ချခဲ့သော အယူမှား၊ အမြင်မှားဖြစ်သည်ကို သတိချပ်သင့်လှ၏။)
    ခေါင်းဆောင်ကြီးများအနေနှင့် ဘော့စနီးယား၊ ရဝမ်ဒါစတဲ့ နိုင်ငံတွေက လူမျိုးရေး အထိကရုဏ်းတွေကို ပြန်စဉ်းစားပြီး သင်္ခန်းစာယူကြပါ။ အခြေအနေတွေ ပိုမဆိုးလာအောင် အချိန်မီ တားဆီးကြပါ။ တိုင်းပြည်ကို လမ်းကြောင်းမှန်ကို ပြန်တင်ပေးကြပါ။ ပြန်လည်ခေါင်းထောင်ဖို့ အထင်အရှား ကြိုးစားနေတဲ့ ဒီမိုကရေစီအရေခြုံ စစ်အာဏာရှင်စနစ်ကို တစ်နိုင်ငံလုံးက တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထု၏ နည်းမှန်လမ်းမှန်ဖြစ်သော စည်းလုံးညီညွတ်မှုဖြင့် အနိုင်တိုက်ယူပါ။
    အနှစ်ငါးဆယ်မှာ ရတောင့်ရခဲဖြစ်တဲ့ အခုလိုအခွင့်အခါမျိုးကို မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့လိုတယ်လို့ ဒေါ်စုက ယနေ့တင်ဘဲ ပြင်သစ်မှာ ပြောလိုက်ပါပြီ။ မှန်မှန်ကန်ကန် အသုံးမချနိုင်ရင်တော့ မြန်မာပြည် နောက်တစ်ချီ သွားပြီ ဖြစ်ပါတယ်။
    နောက်ထပ် အနှစ် ငါးဆယ်လေးလောက်ပါ။
    (ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်ဖြစ်ပါသည်။)