News @ M-Media
Blog
  • ဖဆပလအစိုးရလက်ထက် အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးခင်မောင်လတ်
    ဖဆပလ အစိုးရလက်ထက် (၁၉၅၂-၅၅) ဝန်ကြီးချုပ်ဦးနု နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ
    (ဝန်ကြီး ဦးရာရှစ် – ဒုတိယတန်း ဝဲမှယာ ဆဌမမြောက် ဝန်ကြီး ဦးခင်မောင်လတ် – နောက်ဆုံးအတန်း ဝဲမှယာ တတိယမြောက်)
    အထက်ပါ ဓါတ်ပုံမှတ်တမ်းအရ  ၁၉၅၂ တွင် စတင်ဖွဲ့စည်းခဲ့သည့် ဝန်ကြီးချုပ် ဦးနု၏ ဖဆပလ အစိုးရ လက်ထက် အစိုးရအဖွဲ့တွင်ဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မြန်မာမွတ်စလင်မ် ဝန်ကြီးနှစ်ဦး ရှိခဲ့ပြီး ၄င်းတို့မှာ ဦးရာရှစ်နှင့် ဦးခင်မောင်လတ် တို့ဖြစ်သည်။ ယခု ဝန်ကြီး ဦးခင်မောင်လတ်အကြောင်းကို ဖတ်မိသလောက် ပြန်လည်ဝေမျှချင်ပါသည်။
    (စကားချပ်။ ။ ပ-ထ-စ(ပြည်ထောင်စု) အစိုးရ လက်ထက် [၁၉၆၀-၁၉၆၂] တွင် တာဝန်ထမ်းဆောင်ခဲ့သော မြန်မာမွတ်စလင်မ် ဝန်ကြီး နောက်တစ်ဦး ရှိပါသေးသည်။ ၁၉၆၁ တွင် ကျန်းမာရေး ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသော Sultan Mahmood ဖြစ်ပါသည်။)
    ကိုယ်ရေးအကျဉ်း
    အလ်ဟာဂ်ျဦးခင်မောင်လတ် (ခ) Abdul Latif Khan [၁၉၁၃-၁၉၇၇] ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာ ဘီအေဘီအယ်လ် (B.A., B.L.) ဘွဲ့ရရှိခဲ့သည်။ ဆရာကြီး ဦးရာဇာတ် လုပ်ကြံမခံရမီ အချိန်ထိ ဆရာကြီး၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် တက်တက်ကြွကြွ လှုပ်ရှားခဲ့ပြီး သမိုင်းဝင် ၁၉၃၆ ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။
    ၁၉၄၇ ခုနှစ် ၊ ဧပြီလ ၉ တွင်ကျင်းပသော တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲတွင် (မြောင်းမြခရိုင် ကျေးလက်တောင်ပိုင်း) မှ ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြီး လွှတ်တော်အမတ်အဖြစ် အရွေးခံခဲ့ရသည်။ ဝန်ကြီးချုပ်ဦးနု၏ ဖဆပလ အစိုးရလက်ထက်တွင် ကက်ဘိနက် အဖွဲ့ဝင် ဝန်ကြီးတစ်ဦးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီး တရားရေးဝန်ကြီး၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာန ဝန်ကြီး အဖြစ် တိုင်းပြည် တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ၁၉၅၈တွင် သန့်ရှင်းဖဆပလနှင့် တည်မြဲဖဆပလ ဟူ၍ နှစ်ခြမ်းကွဲသွားသောအခါ ဦးခင်မောင်လတ်သည် တည်မြဲဖဆပလ အဖွဲ့တွင် ပါဝင်ခဲ့သည်။ (ထိုအချိန်တွင် ဦးရာရှစ်သည် ဦးနုနှင့်အတူ သန့်ရှင်းဖဆပလတွင် ရပ်တည်ခဲ့သည်။)
    ဦးခင်မောင်လတ်သည် နိုင်ငံတစ်ဝှမ်းရှိ မွတ်စလင်မ်လူထုကို မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုအတွက် ဖဆပလ အဖွဲ့ကြီးတွင် တပ်ပေါင်းစုအဖြစ် ပါဝင်ရန် (ဆရာကြီး ဦးရာဇာတ်နှင့်အတူ) အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သူဖြစ်သည်။ ဤသို့ဖြင့် ဗ-မ-က (ဗမာမွတ်စလင်မ် ကွန်ဂရက်) အဖွဲ့ကြီးသည် (၁၉၄၆)ခုနှစ် ဇန်န၀ါရီလတွင် ရွှေတိဂုံ အလယ်ပစ္စယတွင် ကျင်းပသည့် (ဖ-ဆ-ပ-လ) ညီလာခံ၌စတင်ကာ လူမျိုးရေး အဖွဲ့အစည်းတစ်ရပ် အဖြစ် (ဖ-ဆ-ပ-လ) အဖွဲ့ကြီးတွင် ထပ်ပေါင်းစုပါဝင်၍ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
    ဦးခင်မောင်လတ် သည် ၁၉၄၁ တွင် ဖွဲ့စည်းခဲ့သော ဗ-မ-က အဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူး အဖြစ် လည်းကောင်း (၁၉၅၄)ခုနစ်ဒီဇင်ဘာလ (၅) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော အမူဆောင် အဖွဲ့ ၁၁၊ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်၏ ဥက္ကဌ အဖြစ်လည်ကောင်း သာသနာရေးရာ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။
    ၁၉၇၇ တွင် အလ္လာအရှင်မြတ် အမိန့်တော် ခံယူသွားခဲ့သည်။
    ထမ်းဆောင်ခဲ့သော တိုင်းပြည်တာဝန်များ
    ၁။ ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြုပြည်ပြုလွှတ်တော်တွင် မြောင်းမြခရိုင် (ကျေးလက်တောင်ပိုင်း) ကိုယ်စားပြု လွှတ်တော်အမတ်
    ၂။ ဝန်ကြီးချုပ်ဦးနု၏ ဖဆပလ အစိုးရလက်ထက် အစိုးရအဖွဲ့တွင် တရားရေးဝန်ကြီး ၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာန ဝန်ကြီး
    သာသနာရေးရာ တာဝန်များ
    ၁။ ၁၉၄၁ တွင် ဖွဲ့စည်းခဲ့သော ဗ-မ-က (ဗမာမွတ်စလင်မ် ကွန်ဂရက်) အဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူး
    ၂။ (၁၉၅၄)ခုနစ်ဒီဇင်ဘာလ (၅) ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သော အမူဆောင်အဖွဲ့ ၁၁ ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချုပ်၏ ဥက္ကဌ
    လွှတ်တော်အမတ်နှင့် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ဓါတ်ပုံမှတ်တမ်းများ
    ဂျပန်ဝန်ကြီးချုပ် မစ္စတာ ကီရှီအား မြန်မာဝန်ကြီးချုပ် ဦးနုမှ လွှတ်တော် အမတ်များနှင့် မိတ်ဆက်ပေးနေစဉ် (၁၉၅၇)
    ဗီယက်နမ် သမ္မတ ဟိုချီမင်းအား ပြည်သူ့လွှတ်တော်တွင် ကြိုဆိုဧည့်ခံစဉ်
    အီရတ်နိုင်ငံ၏ မင်းသား ဟာစန်အား ကြိုဆိုနှုတ်ဆက်စဉ် (သခင် သာခင် နှင့်အတူ)
    (အပေါ်ပုံ) ဖိလစ်ပိုင် သမ္မတ Raymond Magsaysay အား အမှတ်တရ လက်ဆောင် ပေးအပ်စဉ်
    (အောက်ပုံ) အိန္ဒိယနိုင်ငံ သမ္မတ ဒေါက်တာ Rajendra Prasard နှင့် တွေ့ဆုံနှုတ်ဆက်စဉ်
    ဆော်ဒီအာရေဗျနိုင်ငံ ရေနံနှင့် သတ္တုတွင်းထွက်ဌာန ဝန်ကြီး Sheikh Yamani နှင့် စကားလက်ဆုံ
    အီဂျစ်လေတပ်အရာရှိ Hosni Mubarak (နောင် အီဂျစ်သမ္မတ) နှင့်အတူ ကိုင်ရိုတွင် (၁၉၅၅)
    ပါကစ္စတန်နိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် Liaquat Ali Khan ၏ ကရာချီမြို့ရှိ ဂူသချို င်္င်းသို့ ဇေယာရတ်လုပ်စဉ် (၁၉၅၃)
    ထိုင်းနိုင်ငံ နိုင်ငံခြားရေးရုံးတွင် ထိုင်းတပ်မတော် ဗိုလ်ချုပ်ကြီး Darwee Chulasapaya နှင့်အတူ
    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အထွေအထွေ ညွှန်ကြားရေးမှူး အား တည်ခင်းဧည့်ခံသော ညစာစားပွဲတွင် မိန့်ခွန်းပြောကြားနေစဉ်
    တာမွေကဗရ်စတာန်ရှိ ဝန်ကြီး ဦးခင်မောင်လတ်၏ ကဗရ်
    ကိုးကား။ ။
    1. List of Burmese Muslims (Wikipedia entry)
    2. အစ္စလာမ်သာသနာရေးရာကောင်စီပေါ်ပေါက်လာပုံ (IRAC Myanmar’s facebook notes)
    3. မြန်မာနိုင်ငံနှင့်အစ္စလာမ်သာသနာ (တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်သာသ…
    4. တာမွေကဗရ်စတာန်ရှိ ဝန်ကြီး ဦးခင်မောင်လတ်၏ ကဗရ်ပုံ (uploaded by Ko Kyaw Moe Aung)
    မှတ်ချက်။ ။
    ဝန်ကြီး ဦးခင်မောင်လတ်၏ အတ္ထုပတ္တိကို အင်တာနက်ပေါ်တွင် အပြည့်အစုံ ရှာမတွေ့ပါ၍ အထက်ပါ စာညွှန်းသုံးပုဒ် နှင့် ဓါတ်ပုံ တစ်ပုံကိုသာ ကိုးကားရေးသားထားခြင်း ဖြစ်ပါသည်။ သမိုင်းအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ပေးစေလိုပြီး ပိုမိုပြည့်စုံသော အတ္ထုပတ္တိရှာတွေ့လျှင် ဖြည့်စွက်ပေးစေလိုပါသည်။ အချိန်နှင့်အမျှ ပြင်ဆင်ဖြည့်စွက်သွားပါမည်။
    Najma
  • ကမန်လူမျိုးစုများထဲမှ နိုင်ငံနှင့် အမျိုးသားရေးအတွက် ကြိုးပမ်းတာဝန်ထမ်းဆောင်ခဲ့ကြသူများ
    ရခိုင်ပြည်နယ်အတွင်း နေထိုင်လာခဲ့ကြသော ကမန်အမျိုးသားများထဲမှ ကိုလိုနီခေတ် တက္ကသိုလ်ကျောင်းသား သပိတ်ခေါင်းဆောင်များ၊ အမျိုးသားကျောင်းအုပ်ဆရာကြီးနှင့် အမျိုးသားကျောင်းဆရာများ ပေါ်ထွန်းခဲ့သလို လက်ရှိတွင်လည်း တက္ကသိုလ်၊ကောလိပ်နှင့် အဆင့်မြင့်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းဆရာ/ ဆရာမများ၊ ကျောင်းအုပ်ဆရာကြီးများစွာ ပေါ်ထွန်း၍ အင်ဂျင်နီယာ ဗိသုကာပညာရှင်များ၊ လက်မှုအတတ်ပညာရှင်များ၊ ဥပဒေပညာရှင်များ၊ နိုင်ငံနှင့်လူမျိုးအတွက် တော်လှန်ရေးအဆက်ဆက်တွင် တိုက်ပွဲဝင်ခဲ့ကြသော မြို.နယ်ခေါင်းဆောင်များ၊ ပြည်သူ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အရာရှိ အရာခံများ၊ ပြည်သူ့ဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေကြသော ပြည်သူ့ ရဲအရာထမ်းများ၊ ဆေးပညာရှင်ဆရာဝန်များ၊ ဌာနဆိုင်ရာနှင့် ကော်ပိုရေးရှင်း အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော အရာရှိများ စသည်ဖြင့် ယနေ့ မျက်မှောက်အချိန်တိုင်အောင် တာဝန်ထမ်းဆောင်လျက်ရှိနေကြပါသည်။
    ဥပမာ တင်ပြရလျှင် ၁၉၂၀ ပြည့်နှစ် ပထမအကြိမ် ရန်ကုန် တက္ကသိုလ်ကျောင်းသားသပိတ်တွင် သပိတ်မှောက်
    ကျောင်းသားခေါင်းဆောင်တစ်ဆယ့်တစ်ဦးတွင် သံတွဲမြို.မှ ကိုဘဦးနှင့် ကိုဘရှင်ဆိုသူတို့ အထင်ကရ ပါဝင်ခဲ့သည်။ ကိုဘရှင်မှာ ကမန်လူမျိုးစုတစ်ဦးဖြစ်ပြီး စည်းရုံးလှုံ့ဆော်မှု အလွန်ထက်မြက်သဖြင့် ”ရဲရဲတောက် ဘရှင်” ဟု ထင်ရှားသူဖြစ်သည်။ ၎င်းတို့သည် ဇာတိချက်ကြွေ ရခိုင်ပြည်နယ်ဘက်သို့လည်း ကွင်းဆင်းရောက်ရှိ ခဲ့၍ ရခိုင်ပြည်နယ်အနှံ့ အမျိုးသားကျောင်းများ အများအပြားကို ပေါ်ထွန်းစေခဲ့သည်။ ထို့အပြင် ၁၉၃၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်သမဂ္ဂ ၏ ပထမဆုံးဥက္ကဌ ဦးထွန်းစိန်၊ လွတ်လပ်ရေးမော်ကွန်းဝင် သခင်သန်းမောင်၊ သခင် ယဲ့သက်အောင်နှင့် သခင်မောင်ညွန့်၊ သီရိပျံချီဦးဘစိန်၊ ၎င်း၏သမီး ဒေါက်တာရီရီ၊ တရားရေးဝန်ကြီးဌာန အတွင်းဝန် ဦးအုန်းခင်၊ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန အငြိမ်းစား ပါမောက္ခ ဦးအောင်ခင် စသူတို့မှာ သံတွဲဇာတိ ကမန်လူမျိုးစု အကျော်အမော်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
    ဂျပန်တော်လှန်ရေးကာလအတွင်း စစ်တွေကျေးလက် သက်ကယ်ပြင်ရွာမှ ဦးလူဖြူ၊ ဦးထွန်းစိန်၊ ဦးမဲတုတ်နှင့် သာယာကုန်း ကမန်ရွာမှ ဦးကျော်လှအောင် ဆိုသူတို့မှာ ရခိုင်မျိုးချစ်တော်လှန်ရေး ခေါင်းဆောင် ဆရာတော် ဦးပညာသီဟ၊ ဗိုလ်ကြာလှအောင်တို့နှင့် နှီးနွယ်၍ ဖက်ဆစ်တို့အား တွန်းလှန်ခဲ့ကြ၏။ ယင်းကို သတင်းစာ ဆရာကြီး ဦးလှထွန်းဖြူကလည်း သူ၏ ”ရခိုင်ပြည်နယ် တိုင်းရင်းသားလူမျိုးစုများ” စာအုပ်၌ အတိအလင်း ဖော်ပြ ထားလေသည်။
    ရခိုင်ပြည်နယ် စစ်တွေမြို.၌ အမျိုးသားကျောင်းများကို စတင်တည်ထောင်ခဲ့သူများမှာ ကမန်လူမျိုးစု ဆရာကြီး ဦးဇော်နိုင်ဒင်၊ ဆရာကြီးဦးညိုဘူး၊ ဗုဒ္ဒဘာသာဝင် ရခိုင်မျိုးချစ်ထဲမှ ဆရာကြီး ဦးဘိုးမြစိန် စသူတို့ဖြစ်ကြောင်း သတင်းစာဆရာဦးလှထွန်းဖြူက သူ၏ ”ရခိုင်ပြည်နယ် တိုင်းရင်းသားလူမျိုးစုများ” စာအုပ်တွင် အတိအလင်း ဖော်ပြ ထားသည်ကို တွေ့ရ၏။ တစ်ဆက်တည်းတွင် ရမ်းဗြဲမြို.နယ်အတွင်း ရွှေတုံးရပ်မှ စက်ရှင်တရားသူကြီး (ငြိမ်း) အဘိုးဦးပွင့်ကို နာယကထားလျက် ကမန်အမျိုးသားများ ဖြစ်ကြသည့် ဆရာကြီး ဦးရှိန်း၊ ဆရာကြီးဦးအေး စသူတို့ကလည်း အမျိုးသားကျောင်းများကို အသီးသီးဖွင့်လှစ်ပြီး မြို.နယ်လူထု သားသမီးများအား လူမျိုးမရွေး၊ ဘာသာမရွေး၊ ပညာရင်နို. တိုက်ကျွေးပြုစုပျိုးထောင်ပေးခဲ့ကြောင်း လေ့လာတွေ့ရှိရပေသည်။
    အထက်အဆိုပါ ကမန်အမျိုးသားကျောင်းဆရာကြီး ဦးညိုဘူး ဆိုသူမှာ စစ်တွေကျေးလက် သက္ကယ်ပြင်ရွာမ ဇာတိ ဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ လျှပ်စစ်ဓါတ်အားပေးရေး လုပ်ငန်းဌာနတွင် ဒုတိယ အင်ဂျင်နီယာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထို့အပြင် သူ၏ အစ်ကိုအရင်းဖြစ်သော ကမန်အမျိုးသား ဦးစီဘူးမှာလည်း မြန်မာနိုင်ငံတရားရေးကောင်စီဝင် ဟိုက်ကုတ်တရားသူကြီး အကျော်အမော် ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကျြီးများအား လုပ်ကြံခဲ့သော နိုင်ငံတော်လုပ်ကြံမှုကြီးကို စစ်ဆေးစီရင်ခဲ့ရသော နိုင်ငံတော်၏ အဆင့်မြင့်တရားရေးခုံအဖွဲ့တွင် ပါဝင်ခဲ့သည်။ ထိုတရားရေးခုံအဖွဲ့တွင် ဦးကျော်မြင့်၊ ဦးစီဘူးနှင့် ဦးအောင်သာကျော်တို့ ပါဝင်ကြပြီး ထိုအဖွဲ့မှ ပြစ်မှုကျူးလွန်သူ နယ်ချဲ.လက်ပါးစေ ဂဋ္ဌုန်ဦးစောနှင့် အပေါင်းပါ တို့အား ထိရောက်သော ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း သိရှိရသည်။ ဦးစီဘူး၊ ဦးညိုဘူးတို့၏ သားချင်းထဲမှ သူရနှစ်ထပ်ကွမ်း ဗိုလ်မှူးကြီး ခင်မောင်စော (လေ)၊ ဆေးဘက်ဆိုင်ရာဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးကျော်ခင် တို့မှာလည်း မြန်မာနိုင်ငံ ဝန်ထမ်းလောကတွင် ထင်ရှားသူများဖြစ်ကြသည်။
    ထို့အတူ ရခိုင်ပြည်နယ် ရမ်းဗြဲဒေသမှ ထင်ရှားသည့် ကမန်လူမျိုးစု နိုင်ငံဝန်ထမ်းပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့ရာ အတွင်းဝန်ဟောင်း အိုင်စီအက်(စ်) ဦးကျော်သိန်၊ အငြိမ်းစာ တပ်မတော် ဒုတိယ စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်မှူးကြီးဝင်းဖေ၊ အငြိမ်းစား တပ်မတော် ဒုလက်ထောက်စစ်ရေးချုပ် ဗိုလ်မှူးထွန်းမြိုင်၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးသာညွန့်၊ ပါလီမန် အမတ်များဖြစ်ကြသော ရှေ.နေကြီး ဦးဖိုခိုင်နှင့် သူ၏သမီး ဒေါ်အေးညွန့်၊ ရမ်းဗြဲမြို.နယ်မှ တိုင်းပညာဝန် ဆရာကြီး ဦးမောင်တင်၊ နိုတြီပါဗလစ်ဗဟိုတရားရုံးရှေ.နေကြီးဦးထွန်း၊ တပ်မတော် (ရေ) မှ အငြိမ်းစား ဗိုလ်မှူးဘိုးဖြူ စသည့် အထက်ဖော်ပြပါ ပုဂ္ဂိုလ်များမှာ နိုင်ငံဝန်ထမ်းကောင်းများအဖြစ် အမှုထမ်းခဲ့သူများဖြစ်သည်။
    တစ်ဖန် ကမန်လူမျိုးစုအတွက် လူမှုရေးဆောင်ရွက်ခဲ့ကြသော စစ်တွေမြို. ကမန်အမျိုးသာများ ပညာမြှင့်တင်ရေးအသင်း ဥက္ကဌဦးနီကျား၊ ရန်ကုန်မြို. ကမန်လူမျိုးစု သာရေးနာရေးအသင်းဥက္ကဌ ဦးဘသောင်းနှင့် အဖွဲ့က ကမန်လူမျိုးစု သာရေးနာရေးကိစ္စရပ်များကို စုစည်းဆောင်ရွက်ခဲ့ကြပြီး လူမျိုးစုမိတ်ဆုံစားပွဲကို ဇပါရှားဒရ်ဂါဗလီတွင် ၁၉၈၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ၃ နှစ်တိုင်တိုင် ကျင်းပခဲပခသည်။ ကမန်အမျိုးသားတစ်ရပ်လုံး၏ သာရေး၊ နာရေး၊ လူမှုရေး ကိစ္စရပ်များတွင် ဦးဆောင်ဦးရွက်ပြုခဲ့သူ စခန်းမှူးဦးထွန်းရီ (အငြိမ်းစား) စသူတို့မှာ လူမျိုးစု ဂုဏ်ဆောင်ပုဂ္ဂိုလ်များ ဖြစ်ကြလေသည်။ ကမန်အမျိုးသားများသည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းစဉ်များတွင်လည်း အဓိက အခန်းဏ္ဍမှ ပါဝင်တိုက်ပွဲဝင်ခဲ့ကြသည်။
    [ အဆိုပါ စာအုပ်၏ အခန်း၅၊ အပိုဒ် ၃ – ဘာသာရေးနှင့် ကိုးကွယ်ယုံကြည်မှု]
    ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိကြသော ကမန်များအနက် (ဘာသာကူးပြောင်းကိုးကွယ်သူအချို.မှ လွဲ၍) ကျန် ကမန်လူမျိုးစုများသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပါသည်။ ကမန်လူမျိုးစု အများစုမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပါသည်။
    ၁။ မောင်ဆန္ဒ (လယ်ဝေး) ရေးသားခဲ့သော ၂၀၀၅ခုနှစ် ဒီဇင်ဘာလ ထုတ်၊ စာမူခွင့်ပြုချက်အမှတ် ၃၁၀၁၀၄၀၅၁၁ ”ကမန်မျိုးနွယ်စုသမိုင်း” စာအုပ်၏ အခန်း ၇ ၊ စာမျက်နှာ ၇၉ မှ ၈၃ ကို စာရိုက်ကူးယူဖော်ပြပေးသည်။
    ကိုမင်းမင်း
  • အကြမ်းဖက်မှုဖြစ်ရခြင်း အကြောင်းအရင်းအမြစ်များ ရပ်တန့်ပေးပါ။
    လာမည့် တနင်္ဂနွေနေ့ -၂၀၁၁၊ စက်တင်ဘာ ၁၁ ရက် မှာ ကမ္ဘာမှာ လူထောင်နဲ့ချီသေခဲ့ရတဲ့ အမွှာညီနောင်မျှော်စဉ်ရဲ. ၁၀ နှစ်ပြည့်အတွက် အမှတ်ရကြဦးလိမ့်မယ်။ ဒီလို မနှစ်သက်၊ မလိုလားဖွယ် သေကြေ၊တိုက်ခိုက်ခံရမှုကနေ သမ္မတ ဂျော့ဘွတ်ရှ်နဲ့ အပေါင်းအပါများကို အကြမ်းဖက်မှုတွေအတွက်ဆင်နွှဲစစ်ပွဲ- war on terror လို့ နာမည်ပေးထားတဲ့ စစ်ကို စတင်ပြင်ဆင်ဖို့ ပုံစံတကျစုစည်းမှုဖြစ်စေခဲ့ပါတယ်။
    ပထမ သူတို့ရဲ. စာရင်းအရကတော့ အာဖဂန်ရဲ. တာလီဘန် (အမေရိကန်နဲ့အပေါင်းအပါများ-သူတို့ကိုယ်တိုင် တာလီဘန်ဖွဲ့စည်းဖြစ်တည်နိုင်ရန်ကူညီခဲ့) တွေကို မောင်းထုတ်ရှင်းဖို့ပါ။ နှစ်ကာလက ၂၀၀၁ ခုနှစ်။ ဒီနောက် သူတို့ အီရတ်ကို ရောက်သွားခဲ့ပြီး ဆဒ္ဒတ်ဟူစိန် (အမေရိကန်နဲ့အပေါင်းအပါများ-သူတို့ပဲ အစောပိုင်းက အာဏာနဲ့လက်နက်တပ်ဆင်ပေးပြီး အီရန်ကို စစ်ပွဲဆင်ခိုင်းခဲ့) ကို ဖယ်ထုတ်ရှင်းလင်းဖို့ လုပ်ခဲ့ကြပါတယ်။ သူတို့က ဆဒ္ဒတ်ဟူစိန်ဟာ အဖျက်လက်နတ်ကြီးတွေကို ထုထည်လိုက် ဆောက်တည်နေတယ်ဆိုတဲ့ စွတ်စွဲချက်တင်ခဲ့တာပါ။
    ဒါဟာလည်း နောက်ပိုင်းမှာ တကယ့် လိမ်လည်မှုများ ထိပ်ခေါင်အဖြစ် ပြောင်းခဲ့၊ ပေါ်လွင်ခဲ့ပါတယ်။ ဆဒ္ဒတ်ဟူစိန်ဟာ သူ့လူတွေအပေါ်မှာ အနိုင်ကျင့်ခဲ့တဲ့ပြစ်မှုများကျူးလွန်ခဲ့မှု၊ အထင်ကြီးဂုဏ်မောက်မှု၊ မတရားအာဏာရူးကာ ကူဝိတ်နိုင်ငံအားနယ်ချဲ.ခဲ့မှုတို့ရှိသော်လည်း သူတို့-အမေရိကန်၊ အင်္ဂလန်နဲ့ အပေါင်းအပါနိုင်ငံများစွတ်စွဲသလို လက်နတ်တွေ ထုတ်လုပ်နိုင်မှုအရည်အချင်း အတိုင်းအတာ လုံးဝမရှိတာ အများသိ ပေါ်လွင်ထင်ရှားခဲ့ပါတယ်။ သူတို့ စွတ်စွဲသလို သက်သေမပြနိုင်ပဲ ရန်လိုရဲတင်းစော်ကား သိမ်းပိုက်အနိုင်ရလိုမှုနဲ့သာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ နှစ်ရှည်လကြာစွာ ဘတ်ဂရတ်မြို.ကြီးဟာ အပိုင်စီးဝင်ဖျက်ခံခဲ့ရတာပါ။ ကတ်ဒ်သူပုန်များအရေး ဦးတည်မထားပဲ ရှီအာနဲ့ စွန္နီ မွတ်စလင်မ် အုပ်စု ၂ ခုကြား သဘောတူညီမှု မရကြတဲ့ ဆူပူထကြွဖျက်ဆီးမှုတွေသာ နောက်ဆက်တွဲ ဆက်ဖြစ်နေခဲ့ရပါတယ်။
    ၂၀၀၃ ခုနှစ် မေလ ၁ ရက်နေ့မှာ ဘွတ်ရှ်က သူတို့ စစ်ဆင်ရေးပြီးမြောက်တယ်လို့ ကြေငြာလေရဲ.။ နေ့စဉ် အီရတ်ပြည်သူတွေ များစွာ သေနေကြရတယ်။ အမေရိကန်စစ်သားတွေလည်း သူတို့က စစ်ပွဲပြီးပြီ ကြေငြာနေတဲ့ နေရာတွေမှာပဲ သေဆုံးနေရတယ်။ ဒီ စိတ်ပျက်စရာ၊ ဆိုးရွားလှတဲ့ အဖြစ်အပျက်တွေ အီရတ်နဲ့အာဖဂန်မှာ ဖြစ်နေစဉ် သူတို့ အမေရိကန်ရဲ. အိမ်တွင်းရှေ.တန်းမျက်နှာများဖြစ်တဲ့ အမေရိကန်လွှတ်တော်၊ ကာကွယ်ရေးအဖွဲ့တွေ၊ အမေရိကန်ပြည်နယ်ဌာန၊ ရဲ နဲ့ တခြားအစိုးရပတ်သတ်ရာ အဖွဲ့တွေကို အသုံးချပြီး သူ (ဂျော့ဘွတ်ရှ်)က သူ့ရဲ. အကြမ်းဖက်မှုအပေါ်ဆင်နွှဲစစ်အကြောင်း အကျယ်ချဲ.ပြပါတယ်။ သူက လွှတ်တော်မှာ နိုင်ငံရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေကို ကန့်သတ်တဲ့ မျိုးချစ်ဥပဒေ ၁ နဲ့ ၂ ( Patriot Act I & II) ကိုထုတ်ပြန်ဖို့ ကြိုးစားခဲ့ပါတယ်။ နောက် သူက အမြင့်ဆုံးဖြစ်တဲ့ တရားစီရင်ရေးကိုလည်း တလွဲအသုံးချကာ အခြေခံဥပဒေ မဟုတ်တာကို အခြေခံဥပဒေအဖြစ် ပြောင်းလဲ ဆုံးဖြတ်စေခဲ့ပါတယ်။
    တဖက်မှာလည်း သူတို့ရဲ.အောင်ပွဲလို့ အရေးမဆိုပင်မဲ့ အကြမ်းဖက်သမားတွေဟာ ဆက်လက်ရှိနေခဲ့ပါတယ်။ ၂၀၀၄ မတ်လ ၁ရက်နေ့မှာ စပိန်မှာ ဖျက်ဆီးတိုက်ခိုက်ခံခဲ့ရတယ်။ ၂၀၀၅ ဇူလိုင် ၇ ရက်နေ့ အင်္ဂလန်မှာ ပျက်စီးထိခိုက်မှုတွေဖြစ်ခဲ့တယ်။ စာရင်းထဲ အသေးစိတ်မဖော်ပြထားတာတွေက ပါကစ္စတန်ကို ဗုံးတွေကျဲ၊ ချေမှုန်းနေတာတွေ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ သြစတြေးလျနဲ့ နောက်ဆုံးကတော့ အိန္ဒိယမှာ ပေါက်ကွဲမှုတွေ လောင်ကျွမ်းပျက်စီးမှုတွေကြောင့် အပြစ်မဲ့ အရပ်သားတွေ သေကြေဒဏ်ရာရကြတာအများကြီးပါ။ လက်တလော နော်ဝေမှာ အပြစ်မဲ့ ကျောင်းသားအရွယ်လူငယ်တွေ သေဆုံးခဲ့ရတာလည်း ထည့်စဉ်းစားကြရပါမယ်။
    ဒီဖြစ်ပျက်မှုတွေကြားက ကျွန်တော်တို့တွေ ဘာကို သင်ခန်းစာအဖြစ်ကောက်ချက်ဆွဲလို့ရမလဲ။
    ဒီနေရာမှာ ကျွန်တော် စောဒကတက်လိုတာက အကြမ်းဖက်မှုဖြစ်ရပ်တွေကို သြဇာကြီး အာဏာရှိ နိုင်ငံကြီးတစ်ခု ဦးဆောင်တဲ့ အနိုင်ကျင့်ချိုးနှိမ်မှုတွေနဲ့သော်လည်းကောင်း၊  ကိုလိုနီဆန်စွာ ဝင်ရောက်ကျူးကျော်သိမ်းပိုက် လုယက်ပြီး စီစဉ်မှုသော်လည်းကောင်း၊ ပိုမိုအင်အားကြီးတဲ့ ဖိအားဖြင့် သော်လည်းကောင်း ဘယ်လိုမှ မဖြေရှင်း၊ မရပ်တန့်နိုင်ပါဘူး ဆိုတာပါ။ ဒါကိုလည်း သမိုင်းက သက်သေတည်နေပါတယ်။
    အမေရိကန်၊ အင်္ဂလန်နဲ့ အပေါင်းအပါနိုင်ငံများလည်း အကြမ်းဖက် ဆူပူသောင်းကျန်းမှု လုပ်ခဲ့ကြတဲ့ အပြစ်ရှိသူတွေပါ။ သူတို့က တရားမျှတမှုအတွက်ဟု ဘယ်လိုပဲ ကြွေးကြော်သော်ငြား အပြစ်ကျူးလွန်သူတွေနဲ့ လုံးဝမခြားပါ။ အကြမ်းဖက်ဆူပူသောင်းကျန်းမှုတွေပဲဖြစ်စေတဲ့ ပုံစံတူ ကျူးလွန်နေတဲ့ သူတို့ကိုယ်တိုင် အကြမ်းဖက်သမားများ၊ အပြစ်ရှိသူများဖြစ်နေကြပါတယ်။
    အမေရိကန်က အကြမ်းဖက်သမားလို့ပြောတဲ့ သူတွေအပေါ် လူ့အခွင့်အရေးအတွက် မလေးစားပါ။ အဘူဂါရစ်ဗ် အကျဉ်းထောင်တွင်း သူတို့ရဲ. သားရဲတိရစ္ဆာန်ဆန်ဆန်၊ လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်နည်းမျိုးဖြင့် အပြစ်ပေးခံခဲ့ရတာ လူထောင်နဲ့ချီရှိခဲ့ပါတယ်။ တကယ်အမှားအမှန် မဝေခွဲနိုင်ပဲ ပါလာခဲ့တဲ့ ဆဒ္ဒတ်ဟူစိန် သစ္စာခံတွေ၊ အလ်ကေဒါးအဖွဲ.အား အားပေးသူတွေအဖြစ် အများကြီး ဖမ်းဆီးထားခဲ့ပါတယ်။
    အမေရိကန်က အကြမ်းဖက်သမားတွေလို့ပြောတဲ့ သူတွေအပေါ်မှာ ဥပဒေနဲ့ နိုင်ငံတကာအဆုံးအဖြတ်တွေ အပေါ်မှာ မလေးစားပဲ ပြုမူခဲ့ပါတယ်။ ဒါဟာ အမှန်ပါ။ သူတို့ အီရတ်ကို စစ်ဆင်နွှဲခဲ့တာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလိုနဲ့ ဆန့်ကျင်ပြီး ဆောင်ရွက်ခဲ့တာပါ။ သူတို့လုပ်ခဲ့တာက ကုလသမဂ္ဂဆုံးဖြတ်ချက် အမှတ် ၁၄၄၁ ကို အတိအလင်းချိုးဖောက်ပုံကန်ခဲ့ခြင်းပါ။
    ကျွန်တော် ဆက်ပြီး ဆက်ပြီးတင်ပြနိုင်ပါတယ်။ သို့သော် အဓိက ကျွန်တော်ဖော်ထုတ်ပေးချင်တာက မှားပါတယ် သက်သေမပြနိုင်တဲ့ အမှန်ဆိုတဲ့ အချက်တွေကို ထုချေပြဖို့ပါ။ ကမ္ဘာတစ်ခုလုံးက ဒီအပြစ်ရှိသူ ၁၉ ယောက်လို့ သူတို့ကို အမွှာညီနောင်တိုက်ခိုက်ခံရမှုအတွက် ရှုံ.ချကြရမယ်။ သူတို့ဟာအကြမ်းဖက်သမားတွေပါ။
    ဒီလိုပဲ ကမ္ဘာတစ်ခုလုံးက အမေရိကန်၊ အင်္ဂလန်နဲ့ အပေါင်းနိုင်ငံများကိုလည်း သူတို့ လူ့အခွင့်အရေး ချိုးဖောက်ပြီး နိုင်ငံတကာနဲ့ချီပါဝင်စေခဲ့တဲ့အထိ အာဖဂန်၊ အီရတ်၊ ပါကစ္စတန် ပြည်သူတွေရပိုင်ခွင့်ကို ဆန့်ကျင် ကျူးလွန်ခဲ့မှုတွေအတွက် ရှုံ.ချ အပြစ်တင်ရပါမယ်။ သူတို့ဟာ သူတို့ကိုယ်တိုင် အကြမ်းဖက်သမားများပါ။
    တာလီဘန်နဲ့ အမေရိကန်တပ်သားတွေဟာ တစ်မျိုးတည်းပဲ၊ အတူတူတွေပါ။ သူတို့အချင်းချင်း လူအထင်ကြီးအောင် ပစ်ခတ်ဗုံးကြဲမိုင်းထောင်သတ်ပြနေကြခြင်းမှာ အပြစ်မဲ့ အရပ်သားပြည်သူတွေ ဒုက္ခကြီးစွာ ဝေဒနာမျိုးစုံရရှိခံစားကြပြီး အဆုံးမှာ သေကျေပျက်စီး နိဂုံးမလှဖြစ်ကြရတာသာ စိတ်မကောင်းစရာအဖြစ် ကျန်ခဲ့ရပါတယ်။
    ကမ္ဘာတစ်ခုလုံးက ပါကစ္စတန်လို နိုင်ငံမျိုးကိုလည်း အပြစ်တင်ရှုံ.ချရပါမယ်။ သူတို့က တစ်ချိန်တည်းမှာ စစ်အခြေစိုက်စခန်းအဖြစ် အနောက်နိုင်ငံတွေကို အခွင့်အရေးပေးသလို၊ တာလီဘန်နဲ့ အလ်ကေးဒါးတွေ အတွက်လည်း အခြေစိုက် ခိုလှုံပုန်းအောင်နေစရာဖန်တီးဖို့ အခွင့်အရေးပေးထားတာဟာ သူတို့ရဲ. ကြီးစွာသော အားနည်းချက်အမှားဖြစ်နေပါတယ်။
    နောက်ဆုံးအနေနဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေဟာ တာလီဘန်၊ အလ်ကေးဒါးနဲ့ ဘယ်လိုနာမည်တပ်တပ်၊ ဘယ်လိုပုံစံနဲ့ပြပြ၊ နိုင်ငံရေးအရမှန်ပါတယ်ကြေငြာပြီးအလားတူအပြစ်မဲ့အရပ်သားပြည်သူတွေကို သတ်ဖြတ်ပြုမူနေတဲ့ အကြမ်းဖက်သမားအားလုံးကို ရှုံ.ချအပြစ်တင်ကြရပါမယ်။
    ၉/၁၁ စက်တင်ဘာအကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်ရပ် အမွေအနေနဲ့ ကမ္ဘာကြီးတစ်ခုလုံးအတွက် သတိရစရာပါ။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ စဉ်းစားကြည့်ကြပါ။(ဘယ်သူတွေကြောင့်ဆိုတာ ကိုယ်တိုင်ရှာဖွေ အဖြေသိနိုင်ကြပါတယ်) မိုက်မဲခေါင်းမာတဲ့အကြံနဲ့ပြုမူမှုတွေ၊ ဘာသာရေး၊နိုင်ငံရေးအယူသည်းမှုတွေ၊ မုန်းတီးနာကျည်မှုတွေ၊ ခံယူချက်တယူသန်မှုတွေ၊ လူမျိုးရေးအစွန်းရောက်မှုတွေ၊ တခြားယဉ်ကျေးမှုအတွက် ဂရုတစိုက်မရှိမှုတွေနဲ့ ဒီလိုလူမျိုးတွေရဲ.နောက်လိုက်ဖြစ်သူတွေကြောင့် ကမ္ဘာမှာ ဒီလိုအဖြစ်ဆိုးတွေ ဖြစ်ပွားနေရတာပါ။
    ကမ္ဘာကြီးက အနောက်နိုင်ငံများအင်အားနဲ့ အကြမ်းဖက်ခြင်းအတွက်ဆင်နွှဲသောစစ်ပွဲများ ဖြစ်ပေါ်မှု (လက္ခံ) ဖြစ်ခဲ့ရတဲ့ ထောင်ချောက်မျိုးအောက် နောက် ထပ် မရောက်ဖို့ လုပ်ကြရမယ်။ သူတို့ရဲ. လွတ်မြောက်မှုနဲ့ လွတ်လပ်မှုအယူအဆအမှားတွေကြောင့် ပိုမိုဆိုးရွားတဲ့ အပျက်အစီးကြီးမျိုး ထပ်မဖြစ်စေဖို့လိုပါတယ်။
    ကမ္ဘာကြီးတစ်ခုလုံးက အကြမ်းဖက်မှုဖြစ်စဉ်အကြောင်းအရင်းအမြစ်ကို လေ့လာ၊ ရှာဖွေ၊ ဖယ်ရှားရပ်တည်စေရ ပါမယ်။ ဒါတွေကတော့ ဆင်းရဲမွဲတေမှု၊ စီးပွားရေးကျွန်ခံရမှု၊ လျစ်လျူရှုခံရမှု၊  စိတ်ဓါတ်ခံစားတက်ကြွခြင်းမရှိမှု၊ ဘာသာရေးအခြေခံဝါဒ အယူသီးပြင်းထန်မှု၊ ကိုယ့်ကိုမကြိုက်သူတွေ အန္တရာယ်ပေးလာမှာတွေးကြောက်မှုနဲ့ ယဉ်ကျေးမှုအသာစီးရလိုမှုတွေပေါ့။
    တကယ်လို့ ကျွန်တော်တို့ဟာ နိုင်ငံတကာလူ့အဖွဲ.အစည်းဝင် လူသားများအဖြစ် ဒီလို ကမ္ဘာလုံးဆိုင်ရာ အရေးအရာများ၊ စင်္ကြာဝဌာဆိုင်ရာ ပြဿနာများအရေးကိစ္စ မလုပ်ဆောင်ဘူးဆိုဘူးဆိုပါက ကျွန်တော်တို့ရဲ. အခွင့်အရေးက အကြမ်းဖက်သမားအုပ်စု ၂ မျိုးကြားကို ရွေးချယ်ဖို့ ဖြစ်ပါလိမ့်မယ်။ (ဒါဟာ နောက်ထပ်ရွေးချယ်စရာ မရှိတော့တာမျိုးဖြစ်သွားနိုင်ပါတယ်။)
    ကျွန်တော်တို့အားလုံး အကြမ်းဖက်မှုမျိုးစုံကို လူသားဆန်မှုဖြင့်လည်းကောင်း၊
    ဆူပူထကြွ သောင်းကျန်းမှုတွေကို ကြောင်းကျိုးဆင်ခြင်နိုင်မှုတွေဖြင့်လည်းကောင်း၊ မုန်းတီးရန်လိုမှုတွေကို ချစ်ခြင်းမေတ္တာဖြင့်လည်းကောင်း၊
ိဲတိရစ္ဆာန်ဆန်စွာ အနိုင်ကျင့်နှိပ်စက်မှုတွေကို လူသားပီပီ ကိုယ်ချင်းစာနာမှု သနားဂရုဏာ တို့ဖြင့် လည်းကောင်း တော်လှန်ခုခံတိုက်ထုတ်ခြင်းဖြင့် ပြောင်းပြန်လှန်ကြရပါလိမ့်မယ်။
ါတွေအတွက် ရွေးချယ်မှုကတော့ ကျွန်တော်တို့ ကိုယ်တိုင်သာပဲဖြစ်ပါတော့တယ်။
    (အကြမ်းဖက်မှုဖြစ်ရခြင်း အကြောင်းအရင်းအမြစ်များ ရပ်တန့်ပေးပါ။ ကဲ- မိတ်ဆွေ၊ ဘာလုပ်မလဲ။ သင်မှာ အဖြေရှိပါတယ်။)
    ဘာသာပြန်။ မြတ်ဇေယျာ
    News@MMSY
    မှတ်ချက်။  ၉ ရက်၊ စက်တင်ဘာ ၂၀၁၁ မလေးရှားနိုင်ငံထုတ်  The Sun  သတင်းစာ၏ စာမျက်နှာ ၁၆ မှတ်ချက်ခေါင်းစဉ်အားဆီလျော်သလိုမြန်မာပြန်ဆိုပေးခြင်းဖြစ်ပါတယ်။ Jose Mario Dolor De Vega စာရေးသူမှာ   Nilai University College – Department of Social Science, School of Humanities and Social Science မှ ကထိက တစ်ဦးဖြစ်ပါသည်။
  • တရားခံ < ဓားစာခံ
    ၁၀နှစ် တိုင်ခဲ့ပြီ…။
    လွန်ခဲ့သောဆယ်နှစ် ၂၀၀၁ခုနှစ် စက်တင်ဘာလ ၉ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ မျှော်စင်ညီနောင် World Trade Center Twin Tower အဆောက်အဦကြီးကို လေယာဉ်ဖြင့် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည်။ အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးခဲ့ရသည်။ လူတကာတို့၏ အသည်းကို ကိုင်လှုပ်စေခဲ့သည့် လူမဆန်လွန်းသော အောက်တန်းကြလှသည့် ရက်စက်ကြမ်ကြုတ်မှုကြီး။ သမိုင်းတစ်ကွေ့ပြောင်းရွှေ့စေခဲ့သည့် သွေးစွန်းသည့် နေ့ရက်တစ်ရက် ဒီနေ့ ၁၀နှစ်ပြည့်ပြီ။
    ဘယ်လိုသူက ကျူးလွန်သည်ဖြစ်စေ ဤသို့သော လူမဆန်သည့်လုပ်ရပ်မျိုးကို လူသားမှန်လျင် ဆန့်ကျင်ကြရပေမည်။ “ဤ ၉/၁၁ ၏လက်သည် တရားခံ အစစ်အမှန် ဘယ်သူလဲ” ဟူသည့် မေးခွန်နှင့်စပ်လျဉ်း၍ နိုင်ငံတကာမှာပင် လက်ရှိအချိန်ထိ အငြင်းပွားလျက်ရှိသည်။ သတင်းမီဒီယာ အများစု ဖော်ပြကြသည်ကတော့ မကြာသေးခင်ကမှ အသေဖမ်းဆီးရရှိသွားခဲ့ပြီဆိုသည့် အိုစာမာဘင်လာဒင် ဆိုသူနှင့် အလ်ကိုင်ဒါ အမည်ရှိ အစ္စလာမ်အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု။ [စဉ်းစားကြည့်လျင် အတော် အံ့အားသင့်ဖွယ်ရာ အသုံးအနှုန်းဖြစ်သည်။ အာရဗ်အကြမ်းဖက်အဖွဲ့မဟုတ်၊ ပါလက်စတိုင်း အကြမ်းဖက်အဖွဲ့မဟုတ်၊ ဘာသာတရားတစ်ခု၏ အမည်နှင့် တွဲဖက်ခံထားရသောအမည်အစ္စလာမ်အကြမ်းဖက်အဖွဲ့တဲ့။ ဟိရိုရှီးမားကို အမေရိကန်က ဗုံးခွဲခဲ့ခြင်းအတွက် ခရစ်ယာန်အကြမ်းဖက်အဖွဲ့ဟုမသမုတ်၊ အစ္စရေးနိုင်ငံပေါ်ပေါက်ရေးအတွက် အစွမ်းကုန် ထိုးစစ်ဆင်ခဲ့ကြသောသူတို့အားလည်း ဂျုးအကြမ်းဖက်အဖွဲ့ဟု မသတ်မှတ်၊ တကယ်တမ်းတော့ လူမဆန်သည့် အကြမ်းဖက်မှု ကျုးလွန်သူ လူမျိုးတိုင်းဘာသာဝင်တိုင်းမှာ အနည်းနှင့်အများ ရှိကြသည်သာ။ သို့သော် ခရစ်ယာန်အကြမ်းဖက်အဖွဲ့၊ ဂျုးအကြမ်းဖက်အဖွဲ့၊ ဟိန္ဒူ အကြမ်းဖက်အဖွဲ့၊ ဗုဒ္ဒဘာသာအကြမ်းဖက်အဖွဲ့ စသည့်အခေါ်အဝေါ်တော့ ဘယ်တုန်းကမှ မသုံးကြ။ထူးတော့ထူးဆန်းသည်။(မှတ်ချက်… အခြားဘာသာဝင်များအပေါ် ဘာသာရေးစော်ကားမှု လုံးဝ လုံးဝ မဟုတ်ပါ။ အခေါ်အဝေါ် ခွဲခြားခံရမှုကို တင်ပြခြင်းမျှသာ ဖြစ်ပါသည်။)]  နောက်တစ်ဖက်ကလည်း ဤတိုက်ခိုက်မှုကို အခြား လျှို့ဝှက်အဖွဲ့အစည်းတစ်ခုမှ ကျုးလွန်ခဲ့ပြီး အစ္စလာမ်အကြမ်းဖက်အဖွဲ့မှ ကျူးလွန်သည်ဟုယူမှတ်ကြစေရန် အကွက်ကျကျ လုပ်ကြံခဲ့ခြင်းဟု အထောက်အထားများစွာဖြင့် တင်ပြကြသည်။ ထွေထွေထူးထူး လိုက်ရှာနေစရာမလို youtube တွင် 9/11 နှင့်ပတ်သက်ပြီး ရှာကြည့်လျင်ပင် ဤ ရှုထောင့်နှစ်ခုစလုံးမှ တင်ပြထားသော video file များစွာ တွေ့ရလိမ့်မည်။ အများစုကတော့ ထိုဒုတိယအယူအဆကို ကြားပင် ကြားဖူးလိမ့်မည်မထင်။
    ကျွန်တော် ပိုစိတ်ဝင်စားသည်က ဤ ၉/၁၁ ၏ တရားခံဘယ်သူလဲ ဆိုသည်ထက် ဤ ၉/၁၁ ၏ဓားစာခံများအကြောင်း ဖြစ်သည်။  တိုက်ခိုက်ခံရစဉ် ကွယ်လွန်သေဆုံးသွားကြသူများအား ဓားစာခံများအဖြစ် မြင်ကြရပါမည်။မှန်ပါသည်။ သို့သော် သူတို့သာမက ကျွန်တော်တို့လည်း ဓားစာခံများဖြစ်လျက် ကျန်နေခဲ့ရသည်ဆိုပါက လက်ခံပါမည်လား။
    နီးစပ်ရာဖြစ်ရပ် တစ်ခုအား ဥပမာအနေနှင့် တင်ပြလိုပါသည်။ ၂၀၀၉ခုနှစ် အောက်တိုဘာ (သို့) နိုဝင်ဘာလက မန္တလေးမြို့ ဗထူးအားကစားကွင်းတွင် ရတနာပုံအသင်းနှင့် ရန်ကုန်အသင်းတို့ ဘောလုံးကစားကြသည်။ ကျွန်တော် သွားမကြည့်ပါ။ ညဖက်တွင် သူငယ်ချင်းများနှင့်ဆုံရာ သူတို့က ဒိုင်ဘက်မှ တရားမျှတမှုမရှိသော၊ ဘက်လိုက်သောပွဲ၊ တစ်ဖက်စောင်းနင်းဆန်သောပွဲဟု ဆိုကြသည်။ ပွဲပြီးသွားတော့ ဆူပူရုန်းရင်းဆန်ခတ်မှု အနည်းငယ် ဖြစ်သွားကြောင်းလည်း ကြားရသည်။ ဒီအထိလည်း ထိုဘောလုံးပွဲနှင့် ကျွန်တော် တစ်စုံတစ်ရာ မသက်ဆိုင်သေး။
    နောက်ရက်များတွင် ထွက်ပေါ်လာသည့် ဂျာနယ် အချို့ပါ သတင်းတွေတွင် ကျွန်တော်တို့နှင့် လုံးဝမဆိုင်ဟု မဆိုနိုင်တော့သည့် ကိစ္စရပ်များ ပါလာပါပြီ။ ရန်ကုန်အသင်းမှဘောလုံးသမားများ အပြန်လမ်းတွင် ခဲနှင့် လိုက်ထုသည့် သတင်း။ ဒါကလည်း အမှန်တကယ် ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်။ မဟုတ်ကြောင်း သူတို့ဖက်မှ တစ်စုံတစ်ရာ ကာကွယ်ပြောဆိုရန် မလိုအပ်သည့်ကိစ္စ။ ကိုယ့်စိတ်ကိုကိုယ် မထိမ်းနိုင်သည့် ဆိုးသွမ်းလူငယ်တစ်စု၏ ပုဂ္ဂိုလ်ရေး အာဂါတကို အခြေခံသည့် မိုက်မဲမှုသက်သက်။ ပွဲစဉ်တစ်လျောက် မသမာမှု ရှိခဲ့သည် ဆိုစေဦး လူ့ဘောင်အဖွဲ့အစည်းက လက်သင့်မခံနိုင်သည့်၊ လျော်ကန်သည့် တုန့်ပြန်ဖြေရှင်းနည်း မဟုတ်သည်ကတော့အမှန်ပင်။
    သို့သော် ထိုရက်ပိုင်းဂျာနယ်များပါ မှတ်ချက်များကတော့ ကျွန်တော့်အတွက် အတော် စိတ်စနိုးစနောင့်ဖြစ်စေခဲ့သည်။ မန္တလေးသားများ ဤကဲ့သို့ ရိုင်းစိုင်းကြပါက မန္တလေးတွင် ဘောလုံးပွဲ ဆက်လက်ကျင်းပသင့်မကျင်းပသင့် စဉ်းစားကြရဦးမည် ဆိုသည်အထိ မန္တလေးသားမှန်သမျှကို သိမ်းကြုံးရေးသားသည့် သတင်းများ မဖတ်ချင်မှအဆုံးပင်။ သေချာစဉ်းစားကြည့်ပါလေ။ ထိုသို့ ခဲနှင့်ထုခဲ့သည့် လူငယ်တစ်ချို့သည် ကျွန်တော်တို့ မန္တလေးသားမန္တလေးသူ မည်မျှကို ကိုယ်စားပြုခဲ့ပါသလဲ။ မည်သည့် မန္တလေးသားမန္တလေးသူကကော ဒီဖြစ်ရပ်အတွက် ထောက်ခံခဲ့ကြပါသလဲ။ မည်သည့် မန္တလေးသားမန္တလေးသူကကော ဒီဖြစ်ရပ်အတွက် နောက်ကွယ်မှ ကူညီ ပံ့ပိုးခဲ့ကြပါသလဲ။ အများစုနှင့် တစ်စုံတစ်ရာ မသက်ဆိုင်သည့် ကိစ္စရပ်တွင် မဆီမဆိုင် ရောရောင်ကာ ၀ါးလုံးသိမ်းရေးသားခံရသည့်အတွက် ကျွန်တော်တို့ မန္တလေးသားမန္တလေးသူတွေ ထိခိုက်ရသည်ကတော့ အမှန်ပင်။
    ထိုနည်းတူစွာပါပင်။ အစ္စလာမ့်ဆုံးမ သြ၀ါဒအရ မည်သည့် သက်ရှိတစ်ဦးကိုမျှ အကြောင်းမဲ့သတ်ခွင့်မရှိကြောင်း၊ စစ်မြေပြင်မှာပင်လျင် စစ်ပွဲနှင့်မသက်ဆိုင်သည့် မိန်းမ၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် အရပ်သားများ ထိခိုက်မှု မရှိစေရန် ကာကွယ်ပေးရမည်ဖြစ်ကြောင်း၊ သက်ရှိတစ်ဦးအား အကြောင်းမဲ့သေကြေစေခြင်းသည် လူသားထုတစ်ရပ်လုံးအား သတ်ဖြတ်ခြင်းနှင့် တူညီကြောင်း ရှင်းလင်းပြတ်သားစွာ သွန်သင်ထားပြီးဖြစ်သည်။ ဤအကြမ်းဖက်တိုက်ခိုက်မှုသည် အစ္စလာမ့်ဆုံးမ သြ၀ါဒနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သည့် လုပ်ရပ်ဖြစ်သည့်အတွက် ကမ္ဘာ့ မွတ်စလင်မ်အဖွဲ့အစည်းကြီးများအပါအ၀င် အများစုသော မွတ်စလင်မ်ထုကြီးက တစ်ခဲနက် ရှုတ်ချ ဆန့်ကျင်ခဲ့သည်။ အစ္စလာမ်ဘာသာဝင်တစ်ချို့က ကျူးလွန်ခဲ့သည် ဖြစ်ပါစေဦး၊ အစ္စလာမ်ဘာသာနှင့် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ် အများစုကို လုံးဝ ကိုယ်စားပြုခြင်း မရှိပါ။ ၂၁ရာစု ခေတ်သစ် တူရကီနိုင်ငံ၏ ဘာသာရေးခေါင်းဆောင် M. Fathullah Gullen ဆိုခဲ့သည့်အတိုင်း A Muslim cannot be a terrorist, and a terrorist cannot be a Muslim မွတ်စလင်မ် မှန်လျင်  အကြမ်းဖက်သမား မဟုတ်၊ အကြမ်းဖက်ဆိုလျင်လည်း မွတ်စလင်မ် မဟုတ်ပါ။ သို့သော် ကျွန်တော်တို့၏ အဓိက အားနည်းချက်က မီဒီယာစာနယ်ဇင်း ကျောထောက်နောက်ခံ ခိုင်မာမှု မရှိခြင်းပင်။ ကျွန်တော်တို့၏ သတင်းမှန်၊ ခံယူချက်မှန်၊ အခြေအနေမှန်ကို အများသိအောင် စနစ်တစ်ကျ ကဏ္ဍပေါင်းစုံမှ မတင်ပြနိုင်ခဲ့ကြ။ ဤအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် တစ်ခုလုံးသည် ဒင်္ဂါးပြားတစ်ပြား ဆိုပါက ခေါင်းအခြမ်းကိုသာ မြင်ခွင့်ရထားသည့် ကမ္ဘာသူကမ္ဘာသားတို့အား ကျန် ပန်းအခြမ်းကိုလည်း မြင်သာအောင် မပြနိုင်ခဲ့ကြ။
    ဒီအတွက် နောက်ဆက်တွဲကို ကျွန်တော်တို့ ယခု ရင်ဆိုင်နေကြရပါပြီ။ ဘယ်သွားသွား၊ ဘာလုပ်လုပ် သံသယမျက်စိဖြင့် အကြည့်ခံနေကြရသည်။ မွတ်စလင်မ် ဖြစ်ရသည်ကပင် ပြစ်မှု ကျူးလွန် နေဘိသကဲ့သို့ ဖြစ်နေရသည်။ နိုင်ငံရေးအလို့ငှါ အသုံးချလိုသူတို့ စက်ကွင်းအတွင်းသက်ဆင်းရကာ သားကောင် ဖြစ်နေကြရသည်။ ( Shoot on Sight, My Name is Khan စသည့် ရုပ်ရှင်ကားများ လက်လှမ်းမီက ကြည့်ကြည့်ပါ။) The most misunderstood religion in the world is Islam. အစ္စလာမ်သည် ကမ္ဘာပေါ်တွင် အထင်အမြင်လွဲမှားမှု အခံရဆုံးသာသနာဖြစ်နေသည်။ မွတ်စလင်မ်ဟူသောအမည်ကြားရသည်နှင့် သတိနှင့်ဆက်ဆံစရာ သတ္တ၀ါအဖြစ် ရှုမြင်ခံနေကြရသည်။
    အင်္ဂလန်နိုင်ငံမှ Cat Stevens အမည်ဖြင့် တစ်ခေတ်တစ်ချိန်ကဂီတလောက၏ ဘုရင်တစ်ဆူဖြစ်ခဲ့ပြီး နောင်တွင် အစ္စလာမ့် အေးရိပ်ဆာယာအောက်သို့ဝင်ရောက်လာကာ Yusuf Islam ဟု အမည်ပြောင်းခဲ့သူ ပြောခဲ့ဖူးသည့် ဥပမာကလည်း ထိရောက်ပေါ်လွင်လှသည်။ လူတစ်ယောက် ကားတက်မောင်းရာမှ ယာဉ်တိုက်မှုဖြစ်လျင် ကားဆိုတာ မကောင်းပါဘူးဟု ဆိုရမည်လော၊ ကားမောင်းတဲ့သူတွေ မကောင်းပါဘူးဟု ဆိုရမည်လော၊ မမောင်းတတ်ဘဲ စည်းမရှိကမ်းမရှိ ကြမ်းကြမ်းတမ်းတမ်းမောင်းသည့် သက်ဆိုင်သူ ယာဉ်မောင်းပိုသာ ခွဲ၍ အပြစ်တင်မည်လော။
    မည်သို့သော အကြမ်းဖက်တိုက်ခိုက်မှုကိုမဆို ပြင်းထန်စွာ ဆန့်ကျင်ပါသည်။ တစ်ချိန်တည်းမှာပင် အကြမ်းဖက်တိုက်ခိုက်မှုကို တန်ပြန်တိုက်စစ်ဆင်ခြင်း war on terror (သို့)  anti-terrorist movement အမည်ခံ အကြမ်းဖက်မှုပုံစံနောက်တစ်မျိုးကိုလည်း ပြင်းထန်စွာ ရှုတ်ချပါသည်။ သို့သော် တစ်ဖက်မှစဉ်းစားကြည့်ကြစေချင်သည်က အကြမ်းဖက်တိုက်ခိုက်မှုများ၏ နောက်ကွယ်အကြောင်းအရင်း ရင်းမြစ်များကို သိနားလည်ရန် ကြိုးစားကြည့်ကြရန် လိုအပ်မှုရှိမရှိကို ဖြစ်သည်။ အထက်တွင် ပြောခဲ့သော ဘောလုံးပွဲဥပမာကိုပင် ဆက်ပြောပါဦးမည်။ ထိုလူငယ်တစ်ချို့ ခဲနှင့် လိုက်ပေါက်ခဲ့သည့်အကြောင်းရင်းက ဘာကြောင့်လဲ။ ငြင်းမရသည့် အချက်က ထိုပွဲစဉ်တွင် အကဲဖြတ်ဒိုင်အနေဖြင့် (ရိုးသားစွာမှားယွင်းခဲ့ခြင်းလား၊ မတော်တစ်ဆသက်သက်လားတော့ သေချာ မဆိုနိုင်သော်လည်း) တစ်ဖက်စောင်းနင်းဆန်သည့် ဘက်လိုက်မှုကြောင့် တရားမျှတသော ကစားပွဲ မဖြစ်ခဲ့သည်ကတော့ အမှန်။ ဒီအတွက် ပွဲအပြီးတွင် ထိုကွင်းလယ် ဒိုင်လူကြီး ဒဏ်ငွေနှင့် နောက်ကျင်းပသည့်ပွဲတွင်ပါဝင်ခွင့်ပိတ်ပင်သည့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။
    ထိုနည်းတူစွာပင် အကြမ်းဖက်တိုက်ခိုက်မှုများ၏ နောက်ကွယ်အကြောင်းအရင်း ရင်းမြစ်များကို လေ့လာကြည့်လျင် ဆင်းရဲမွဲတေမှု၊ စီးပွားရေးကျွန်ခံရမှု၊ လျစ်လျူရှုခံရမှု၊ တရားမျှတခြင်းမရှိမှု၊ ပညာရေးနိမ့်ပါးမှု၊ ဖိနှိပ်ချုပ်ချယ်ခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု၊ တစ်ဖက်စောင်းနင်း အနိုင်ကျင့်ခံနေရမှု၊ မုန်းတီးနာကျည်းမှု၊ ခံယူချက်တယူသန်မှု၊ လူမျိုးရေးအစွန်းရောက်မှု၊ ၀ါဒမှိုင်း တိုက်သွင်းခံရမှု၊ ဘာသာရေး၊နိုင်ငံရေးအယူသည်းမှု…… စသည့် အကြောင်းရင်း များစွာ ရှိနေသေးသည် ဆိုပါက အကြမ်းဖက်တိုက်ခိုက်မှုများကို အမြစ်ပြတ် ချေမှုန်းနိုင်မည်မဟုတ်။ အကြမ်းဖက်တိုက်ခိုက်မှုများအား ရှုတ်ချပြောဆိုနေရုံသက်သက်မျှနှင့်လည်း ပပြောက်သွားလိမ့်မည်မဟုတ်။
    ကျွန်တော်တို့အားလုံး အကြမ်းဖက်မှုမျိုးစုံအား လူသားဆန်မှုဖြင့်လည်းကောင်း၊ဆူပူထကြွ သောင်းကျန်းမှုများအား ကြောင်းကျိုးဆင်ခြင်နိုင်မှုတွေဖြင့်လည်းကောင်း၊ မုန်းတီးရန်လိုမှုများအား ချစ်ခြင်းမေတ္တာဖြင့်လည်းကောင်း၊တိရစ္ဆာန်ဆန်စွာ အနိုင်ကျင့်နှိပ်စက်မှု များအား လူသားပီပီ ကိုယ်ချင်းစာနာမှု သနားကရုဏာ တို့ဖြင့် လည်းကောင်း တော်လှန်ခုခံတိုက်ထုတ်ခြင်းဖြင့် ပြောင်းပြန်လှန်ကြရပါလိမ့်မည်။ သက်ဆိုင်ရာ ဘာသာတရားတို့၏ အဆုံးအမတို့ကိုလည်း ချေချေမြစ်မြစ်သိနားလည်ကာ မျက်ကန်းတစ္ဆေ အပေါ်ယံအယူသီးကြသူများ မဖြစ်စေရန် ကြိုးစားကြရပါမည်။
    တရားမျှတမှုရှိကာ လူသားချင်း စာနာထောက်ထားကြလျက် ဘာသာပေါင်းစုံ အပြောမဟုတ်လက်တွေ့ ချစ်ကြည်ရင်းနှီးသော လူ့ဘောင်တစ်ခု မြင်လိုလှပါသည်။ ကျွန်တော်တို့အားလုံးတွင် တာဝန်ရှိပါသည်။ Yusuf Islam ၏ Peace Train အမည်ရှိ သီချင်းထဲမှ စာသား Why must we go on hating? Why can’t we live in BLISS? အတိုင်းပါပင်။ ကျွန်တော်တို့လူသားတစ်တွေ ဘာကိစ္စ ရှေ့ဆက် အမုန်းပွားနေကြရဦးမှာလဲ။ ဘာလို့များ ပျော်ရွှင်ချစ်ခင်ဖွယ်လူ့ဘောင်အဖြစ် မနေနိုင်ကြရမှာလဲ။
    (၉/၁၁ ဆယ်နှစ်ပြည့် ၀မ်းနည်းခြင်းအမှတ်တရ)
    ရေးသူ- ကိုကျော်မိုးအောင်
    News@MMSY
  • ဦးညီညီ (ဗမာမွတ်စလင်မ် နိုးကြားရေးအဖွဲ့)
    (ဖဆပလအစိုးရလက်ထက် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံးဟောင်း)တွင် ဗမာမွတ်စလင်မ် နိုးကြားရေးအဖွဲ့ အတွင်းရေးမှူး ဦးညီညီ တိုင်းရင်းသားလူနည်းစုဆိုင်ရာ အဆိုနှင့်စပ်လျဉ်း၍ဆွေးနွေးစဉ်)
    မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၇ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းအတွင်း၊ ဖခင် ဦးအလီ၊ မိခင်ဒေါ်ခန့်တို့မှ အဗ္ဗဒုလ်ဟမီးဒ် (ခေါ်) ဆရာဦးညီညီအား ၁၉၂၁-ခု၊ ဖေဖော်ဝါရီလ (၈) ရက်၊ အင်္ဂါနေ့တွင် ဖွားမြင်သည်။ မွေးချင်း နှစ်ဦးဖြစ်၍ ကိုကို၊ ညီညီဟု ငယ်မည်ခေါ်တွင်ရာ ကိုကို (ခေါ်) ဆရာဦးကို (M.A) ပါဠိကထိကသည် သားကြီးဖြစ်၍ ဆရာဦးညီညီမှာ သားငယ်ဖြစ်သည်။
    ဆရာဦးညီညီသည် ၀က်စလီ အထက်တန်းကျောင်း (ယခု အ.ထ.က-၁၆) တွင် တက္ကသိုလ်ဝင်တန်းအထိ တက်ရောက်ခဲ့သည်။ ၁၉၄၃-ခုတွင် ဈေးချိုတော်၊ အိုင်ရုံ၊ ပိုးကုန်သည် ဒေါ်အေးကြည်နှင့် လက်ထပ်သည်။ အထက်တန်းကျောင်းများတွင် အထက်တန်းကျောင်းသားများကို အင်္ဂလိပ်စာပြခဲ့သည်။ တိုင်းချစ်အထက်တန်းကျောင်း နေ့ကျောင်းနှင့် တိုင်းချစ် လူငယ့်ရေးရာ ညကျောင်း၌ အနှစ် (၂၀) ခန့် စာပြခဲ့သည်။ တရုတ်အမျိုးသားများ (Oversea) အိုဗာစီး ကျောင်းတွင်လည်း စာပြခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး (ဟာဂျီမကြီး) ဒေါ်ခင်ရီစိုး လက်ထက် အမှတ်(၂၁) အ.ထ.က တွင် နောက်ဆုံး စာသင်ပြပြီးနောက် အငြိမ်းစား ယူခဲ့သည်။
    ဆရာသည် အာဇာနည် ဆရာကြီး ဦးရာဇတ်၏ ညာလက်ရုံး တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အဆိုပြုစဉ်က ဆရာကြီးကိုယ်တိုင် ရွေးချယ်စေလွှတ်ခံရသူဖြစ်သည်။ ၁၉၄၆-ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်တွင် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ ကျင်းပသောနိုင်ငံလုံးဆိုင်ရာညီလာခံကြီးတွင် လုံးဝလွတ်လပ်ရေးအဆိုကို ဦးဖေခင်က အဆိုတင်သွင်းပြီးဆရာက ထောက်ခံခဲ့သည်။ ထိုစဉ်က အထက်မြန်မာပြည် မွတ်စလင်ထုကိုယ်စားနှင့် (ဗ.မ.က) ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့ပြီး ယင်းအဆိုမှာလည်းအောင်မြင်ခဲ့သည်။ အချိန်ပိုသွား၍ အခမ်းအနားမှူးက သတိပေးသော်လည်း ဗိုလ်ချုပ်အောင်ဆန်းက ဆရာ အင်္ဂလိပ်လိုပြောကြားသည့် မိန့်ခွန်းကိုနှစ်သက်၍ ဆက်လက်ပြောကြားစေခဲ့ကြောင်း သိရသည်။ ယင်းညီလာခံကြီး၏ မှတ်တမ်းသည်လည်း “၀ရမ်းပြေးဘိုးသိန်း” ရုပ်ရှင်ဇာတ်ကားတွင် မှတ်တမ်းအဖြစ်ပါဝင်ခဲ့သည်။
    ဆရာသည် “မြန်မာမွတ်စလင်မ်များ နိုးကြားရေး” အဖွဲ့တွင် အတွင်းရေးမှူးတာဝန် ထမ်းရွက်ခဲ့၍ “နိုးကြားရေး ဦးညီညီ” ဟု လူသိများခဲ့သည်။ ဆရာ၏လုပ်ဖော်ကိုင်ဘက်များမှာ သံအမတ်ကြီးဟောင်း ဦးဖေခင်၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ရ ဆရာဦးဘိုးချယ်၊ ဗိုလ်ဗကို၊ သခင်ချန်ထွန်း၊ ဦးသာထွန်းနှင့် ဦး A.စလင်းမ် စသူတို့ ဖြစ်၏။ ဆရာသည် ဂျွန်းဗလီဂေါပကတွင် ပါဝင်ခဲ့ပြီး ဂျွန်းဗလီ စည်းမျဉ်းရေးဆွဲရာတွင်လည်းပါဝင်ခဲ့သည်။ ကာစေ့မီယာဟ်ကျောင်း အုပ်ချုပ်ရေးအဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။
    ဆရာသည် မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ ဗဟိုကော်မတီတွင် (၄၁)ကြိမ်မှစ၍ သာသနာ့စာပေပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်၊ (၄၅)ကြိမ်တွင် နာယကကြီး၊ (၄၆)ကြိမ်တွင် ဒု-ဥက္ကဌ၊ (၄၈) ကြိမ်တွင် ဘဏ္ဍာရေးကော်မတီတို့၌ ပါဝင်ဆောင်ရွက်ခဲ့သော သာသနာရေးနှင့် အမျိုးသားရေး ခေါင်းဆောင်တစ်ဦးအနေဖြင့် ဗဟိုကော်မတီမှ ဂုဏ်ပြုဖော်ပြအပ်ပါသည်။
    ၂၀၀၁-ခု၊ နိုဝင်ဘာလ (၂၈) ရက်တွင် အရှင်မြတ်အမိန့်တော်ခံယူခဲ့သည်။ သားသမီး (၇) ဦးကျန်ရစ်ပြီး ရတနာပုံအိုးဘိုဗလီဝင်းတွင် မိသားစုနေထိုင်လျက်ရှိသည်။
    (မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း ကကူးယူဖော်ပြပါသည်။)
    အထက်ပါ အကြောင်းအရာကို  http://www.myanmarmuslim.net မှ ပြန်လည် ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။ အချို့သော အချက်အလက်များ (ဥပမာ ဦးဖေခင်၏ အဆိုတင်သွင်းချက်ကို ဆရာက ထောက်ခံခဲ့သည် ဟူသည့်အချက်)ကို အခြားနေရာများတွင် ခိုင်လုံသော အထောက်အထားမတွေ့ရပါ။ မှားယွင်းမှတ်တမ်းတင်မိခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
    တကယ်တော့ ဦးညီညီက ကျွန်တော့် အဖိုးလေးတော်စပ်ပါသည်။ ကျွန်တော့်အဖိုး ဦးကိုကို http://www.mmsy.org/profiles/blogs/m-a ၏ ညီအရင်းတော်စပ်သူ။ ဦးကိုကိုက ကျွန်တော်ငယ်သေးစဉ် ၁၉၈၇ခုနှစ်ကတည်းက အလ္လာဟ်အရှင်မြတ် အမိန့်တော် ခံယူခဲ့သဖြင့် သူ့အကြောင်း သိပ်မမှတ်မိသော်လည်း ဦးညီညီနှင့်ကတော့ သူ၏ နောက်ဆုံးအချိန်များတွင် ကျွန်တော်က အရွယ်ရောက်နေပြီဖြစ်သည့်အတွက် သိချင်တာများ မေးခွင့်ရခဲ့ပါသည်။  ပုဂ္ဂိုလ်ရေးဆန်သော ရေးသားမှုဖြင့် သမိုင်းမှတ်တမ်းမတင်လိုပါ။ သို့သော်လည်း စာမတင်သေးသည့်သမိုင်းဝင်ပုံရိပ်တစ်ချို့ မသိကြသေးသူတွေလည်းသိစေရန် ရည်ရွယ်လျက် ကျွန်တော်မှတ်မိသော ဦးညီညီအကြောင်းကိုပါ ထပ်မံဖော်ပြလိုက်ပါသည်။
    ၂၀၀၀ခုနှစ်ဝန်းကျင် တစ်ရက် သူ့အိမ်ကို ကျွန်တော်သွားတော့ မန္တလေးတက္ကသိုလ် စိတ်ပညာဋ္ဌာန ပါမောက္ခ ဆရာ ဦးခင်မောင်သန်း [စာရေးဆရာ ခင်မောင်သန်း(စိတ်ပညာ)] ရောက်နေသည်။ ဆရာက သူ၏ဆရာတစ်ဦးဖြစ်ခဲ့ဖူးသော ဦးညီညီထံသိလိုသည့် အချက်တစ်ချို့မေးရင်း  လာရောက် နှုတ်ဆက် ခြင်းဖြစ်သည်။ ဦးညီညီက တစ်ဖက်ကသိလိုသည်ကို ဖြေကြားပေးပြီး ဖြစ်သော်လည်း အားမရသေးဘဲ ကျောင်းဆရာဟောင်းပီပီ ရသည့်အခွင့်အရေး အပြည့်အ၀ အသုံးချကာ စာအုပ်တစ်အုပ်ဆွဲလျက် အသက်၆၀တန်းဝင် မိမိတပည့်ဟောင်းများအား ဇွတ်ပင် စာသင်ပေးလိုက်သေးသည်။ ဆရာ ဦးခင်မောင်သန်းက “ သူတို့အနေဖြင့် ဦးညီညီအား Human Encyclopedia (သက်ရှိ လူသား အဘိဓာန်) ဟု ခေါ်ကြကြောင်း၊ ယခုချိန်တိုင်သိလိုသည်ကို မေးကြရစဲဖြစ်ကြောင်း” ပြောပြသည်။ တစ်ခေတ်တစ်ချိန်က အထက်တန်းအဆင့်အထိသာ ပညာဆည်းပူးဖူးသူ တစ်ဦး၏ ပညာ အမှန်တကယ်တတ်မြောက်မှုကို ပိုမိုသတိပြုမိသွားစေခဲ့ပါသည်။
    ထိုရက်ပိုင်းတွေအတွင်းက ဦးညီညီ ကျွန်တော်တို့အိမ်မှာ လေးငါးရက် လာနေသွားသည်။ တစ်ချိန်က သူ ထဲထဲဝင်ဝင် လှုပ်ရှားခဲ့သော ဗမာမွတ်စလင်မ် နိုးကြားရေးအဖွဲ့အကြောင်း မေးကြည့်မိသည်။
    “မျိုးကားဗမာ၊ ဘာသာမွတ်စလင်မ်
    ဖြစ်တုံအင်လည်း၊ တို့မျိုးတို့ဆွေ
    တို့တစ်တွေသည်၊ တို့ပြည်(ပြေ)တို့ရွာ
    တို့ဋ္ဌာနာမှာ၊ တို့ဟာထင်ရှား
    မရှိအားကြောင့်၊ တို့များကုလားဒိန်
    အများနှိမ်သည်၊ သို့ပါသော်ငြား
    တို့မျိုးသားကား၊ နိုးကြားမရှိ
    ဦးညီညီသည် ဆရာကြီး ဦးရာဇတ်၏ အမျိုးသားကျောင်းဆင်း ဆရာကြီး၏ တပည့်ရင်းချာတစ်ဦး မဟုတ်ခဲ့သော်လည်း ဆရာကြီး ဦးရာဇတ်မြို့မိမြို့ဖအဖြစ် တာဝန်ယူခဲ့သည့် မြို့ရွာအကျိုးပြု အဖွဲ့အစည်းများတွင် လက်တွဲလုပ်ကိုင်ခဲ့ရသည့်အတွက် ဆရာကြီးထံမှ အဆုံးအမများ၊ အင်္ဂလိပ်ဘာသာစာပေလေ့လာနည်း လမ်းညွှန်များ အနီးကပ် ရခဲ့ကြောင်းလည်း သိခဲ့ရသည်။
    ထိုအကြောင်းများ ပြောပြပြီးနောက် သူ့မျက်နှာ အမူအယာ ပြောင်းသွားသည်။ ကျော်မိုးအောင်ရေ…ဒါဒါလေး (သူ့ကိုယ်သူ ခေါ်ဝေါ်သည့် အသုံးအနှုန်းတစ်ခု – အဘိုးလေးဟု အဓိပ္ပ္ပါယ်ရသည်)က ကုလားကြီးပါကွ ဟုပြောသည်။ တော်ပြီကွာ..ဒီအကြောင်းတွေ ဆက်မပြောချင်တော့ဘူးဟု ဆိုကာ သူသိပ်ကြိုက်သော The Ten Commandments ရုပ်ရှင်ဖွင့်ပြခိုင်းသည်။ ခံစားချက် ကြီးကြီး ရှိခဲ့ရဖူးဟန်တူသည်။
    နောက်ပိုင်းရက်များတွင် သတိက သိပ် မကောင်းချင်တော့။ စကားတွေက ရှေ့ရောက်နောက်ရောက် ဖြစ်နေသောကြောင့် ထိုဗမာမွတ်စလင်သမိုင်းအကြောင်း ထပ်မေးခွင့် မရတော့။ ကျွန်တော့်ထံမှ စာရွက်နှင့် ခဲတံတောင်းကာ စာတစ်ကြောင်းကို ၃နာရီမျှကြာအောင် ကြိုးစားပမ်းစားရေးကာ ကျွန်တော့်အား ပေးသွားသည်။ ရေးထားသည်က “အသေးအဖွဲများသည် ပြည့်စုံခြင်းကို ဖြစ်စေ၏၊ ပြည့်စုံခြင်းသည် အသေးအဖွဲမဟုတ်” တဲ့။ ဘာကိုဆိုလိုသည်ကို သူပင် အသိဆုံးဖြစ်ပါလိမ့်မည်။
    ရေးသူ- ကိုကျော်မိုးအောင်
    News@MMSY